Showing posts with label 7th July Special. Show all posts
Showing posts with label 7th July Special. Show all posts

15 July 2009

Myue Sha Yi - To Ko Thet Win Aung

သက်ဝင်းအောင် သို့

မြူးသျှရီ

ဇူလိုင် ၁၆၊ ၂၀၀၉

၆၂ - ဆဲဗင်းဇူလိုင်က အစရှိခဲ့တဲ့ ကျွန်ုပ်တို့၏ ကြယ်တာရာများ သို့ - မြန်မာဘလော့ဂါ ညီအကို မောင်နှမများ ရဲ့ အမှတ်တရ ဦးညွတ်ခြင်း။ (မိုးမခက ပြန်လည် တင်ဆက်ပါတယ်)

ဒီနေ့ (၇) လ (၇) ရက်နေ့ …

ဒီနေ့ဟာ ချစ်တဲ့ အမိမြေမှာ မိုးတွေ ဖွဲဖွဲ ရွာနေနိုင်တယ်။ ဒါမှမဟုတ် မိုးတွေ သဲသဲမဲမဲ လဲ ရွာနေနိုင်တယ်။ အပြင်ကို ရောက်နေတဲ့ လူတစ်ယောက်အတွက် လွမ်းမောစရာပါ။ ဒီလိုပဲ လွန်ခဲ့တဲ့ (၁၉၆၂) ခုနှစ် ဒီလို ဇူလိုင်လ (၇) ရက်နေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ အပြစ်မဲ့ တက္ကသိုလ် ကျောင်းသားတွေကို စစ်အစိုးရက လက်နက်ကိုင် နှိမ်နင်းခဲ့ပြီး ဒဏ်ရာရ ကျောင်းသားတွေ ခိုအောင်းနေတဲ့ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲခဲ့တာကြောင့် မိုးရေတွေကြား စီးမျောခဲ့ရတဲ့ သွေးချောင်းများက လူမသိ သူမသိခဲ့ကြပေမယ့်၊ သိတဲ့သူတွေရဲ့ ရင်ထဲမှာ - သွေးပင်လယ်ဟာ အိုင်ထွန်းလို့ ဖြစ်တည်နေခဲ့ပါတယ်။ ဒါကြောင့် ရင်ထဲမှာ မခံမရပ်နိုင်ဘဲ မျက်ရည်မိုးတွေနဲ့အတူ စီးမျောရင်း အသက်၊ သွေး၊ ချွေးနဲ့ ပေးဆပ်ခဲ့တဲ့၊ သွေးနဲ့ရေးခဲ့ကြတဲ့ ဒီလ၊ ဒီရက်၊ ဒီနေ့လေးကိုတော့ ဘယ်တော့မှ မမေ့ကြပါနဲ့။

ဝမ်းနည်းကြေကွဲစွာ ကျလာတဲ့ မျက်ရည်တွေကို မိုးစက်တွေနဲ့ သက်သေပြုလို့ ဇူလိုင်လ(၇) ရက်နေ့ နဲ့ ကျောင်းသားအရေးအခင်းမှာ အသက်ပေးသွားကြတဲ့ ရဲဘော်ရဲဘက် ကျောင်းသားများစွာကို ဒီနေရာကနေ ဂါဝရတရားနဲ့ လေးစားစွာ အလေးပြုလိုက်ပါတယ်။

ခေတ်အဆက်ဆက် အသက်၊ သွေး၊ ချွေး စတေးပြီး တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတွေထဲမှာ ဒီနေ့ ဒီချိန်ထိ ပြည်သူတွေရဲ့ ရင်ထဲမှာ လေးစားအားကျလို့ အမြဲတမ်း နှမြော တမ်းတ လွမ်းဆွတ်နေသူတွေ ထဲမှာ ကိုသက်ဝင်းအောင်လည်း တစ်ဦးအပါအဝင်ပါပဲ။

စစ်အစိုးရရဲ့ မတရား ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရပြီး၊ အကျဉ်းထောင်မှာပဲ အနာဂတ် တိုင်းပြည်ကြီးအတွက် အသက်ကိုစတေးပြီး သေဆုံးသွားခဲ့ရသူ ဖြစ်တဲ့အတွက် အင်မတန်မှ ဝမ်းည်စရာကောင်းလှပါတယ်။ အဖြူရောင်ဝိညာဉ်လို့ တင်စားလောက်တဲ့ အာဇာနည် ကိုသက်ဝင်းအောင်ကို ဒီနေ့မှာ ကျဆုံးလေပြီးသော ရဲဘော်ရဲဘက်များနဲ့အတူ အလေးပြုရင် ကဗျာလေးတစ်ပုစ်နဲ့ ဂုဏ်ပြုလိုက်ပါတယ်။

Ko Thet Win Aung

(27 August 1971 - 16 October 2006)

အဖြူရောင်ငြိမ်းချမ်းရေးဝိညာဉ်သို့ 

အဖြူရောင်ဝိညာဉ် သို့

အာဇာနည်ဆိုတာ…
ငါ့မြေ ငါ့ရေ

ငါ့နိုင်ငံအတွက်
ဘယ်ခရီး ရောက်ရောက်

ဘယ်နည်း ပေါက်ပေါက်

ငါ သေချင်သေ

ငါ မွဲချင်မွဲပါစေတော့

ရင်ထဲက အပူကို တွေးပူကာ မလွမ်း

ငါ့နိုင်ငံ ငါ့လူမျိုးအတွက်

ငါပြေးလေရာ လမ်းခရီးမှာ

အသိဗလာမဟုတ်
ငါပြုတဲ့ကံ ငါခံလို့

ဒီခရီး နီးအောင်

ဘဝကိုနှစ် (အချစ်ကိုပစ်ပြီး)

မျက်ရည်များကို လည်စင်းခံ

သေမယ့်ရက်ကို လက်ရေချိုးလို့

ရှေ့ဆောင်လမ်းပြ

ဘဝမလှပဲ ကြွေလွင့်ကြရသော်ငြား

လူသာသေသည် နာမည်မသေပါ …

အာဇာနည်မျိုး သေရိုး ထုံးစံ မရှိပါ။

အဖြူလွလွ ကောင်းကင်ပေါ်က

ငြိမ်းချမ်းရေးရဲ့ ဝိညာဉ်

နှဖူးပြင် ခပ်တင်းတင်းနဲ့

ဘဝကို ဖက်နဲ့ထုပ်

ဗျာပါဒကို ခဝါချ

ဟေ့ ဒါ ငါတို့နိုင်ငံ အတွက်ကွ လို့

မိဘကို မငဲ့

မောင်နှမ ကိုမညှာ

သာမည ဘဝနဲ့ နံရံလေးဖက်ကြား

(၂၀၀၆) အောက်တိုဘာမှာ

ဆို့… နစ်… ကြေကွဲစွာ…

ဘဝကို စတေးသွား။

သံသရာမှာ…
ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရမလား

ဒီနေ့ ဒီကံ နင် ပြတ်စေ

ဒီနေ့ ဒီကံ နင်သွားစေ

မတရားသမှု နင်တို့ပြုလို့

ပန်းခြွေတဲ့ လူသတ်လက်တွေမှာ

ကျောင်းသားခေါင်းဆောင်
ကိုသက်ဝင်းအောင်
ထောင်ဒဏ်က ၅၉

အသက်တွင် ၃၄

လူသားချင်း စာနာစိတ်မမွေး

တိမ်းရက် စိမ်းရက်

သတ်ရက်ကြတယ်
ဘယ်အရာ ဘယ်အတွက်

ဘယ်အညှိုးနဲ့ များ

ပြိုပျက် လို့ ရက်စက်စေခဲ့သလဲကွယ်။

အကြွေစောတဲ့ ကြယ်တစ်ပွင့်

ရင် နင့် စို့ လို့

နှမြောမိပေမယ့်
ပေးဆပ်ခဲ့တဲ့ သူ့အသွေးအသား

အဖြူရောင် သစ္စာစကားများနဲ့

အာဇာနည် စိတ်ထား

လူပင် သေသော်ငြား

နာမည်က မသေသွား။

ဒါ “ငြိမ်းချမ်းရေး ဝိညာဉ်”အတွက် အား …

ဒါ…. ငါ တို့ရဲ့ အား …

ဒီကဗျာလေးကို မြူး အရမ်းခင်မင်လေးစားရတဲ့ ကိုကြီးတယောက် က မေတ္တာလက်ဆောင် ရေးပေးခဲ့တာပါ။ ကိုကြီးကိုလဲ ဒီနေရာကနေ ကျေးဇူးအထူးတင်ကြောင်း ပြောချင်ပါတယ်။

http://mueshari.blogspot.com/2009/07/blog-post_05.html

13 July 2009

Ma Suu Mon - Nay Myo Kyaw

ကျွန်မသိသော နေမျိုးကျော်

မဆုမွန်

ဇူလိုင် ၁၄၊ ၂၀၀၉

၆၂ - ဆဲဗင်းဇူလိုင်က အစရှိခဲ့တဲ့ ကျွန်ုပ်တို့၏ ကြယ်တာရာများ သို့ - မြန်မာဘလော့ဂါ ညီအကို မောင်နှမများ ရဲ့ အမှတ်တရ ဦးညွတ်ခြင်း။ (မိုးမခက ပြန်လည် တင်ဆက်ပါတယ်)

သူ့ကို ကျွန်မ သတိထား မိတဲ့အချိန်မှာ သူ့မျက်နှာက ဟန်ဆောင် ဖုံးကွယ်မူ ကင်းပြီး ဘာ အရိပ် အယောင် မျက်နှာဖုံး ကိုမှ တပ်ထားတာ မရှိပဲ အရမ်းရှင်းသန့် ကြည် လင်တယ်။ မျက်ခုံး ကောင်းကောင်း နှာတံပေါ်ပေါ် တိကျ ပြတ် သားတဲ့ နုတ်ခမ်းအစုံနဲ့ ယောက်ျား ကောင်း ပီသတဲ့ ရုပ် တော်တော် လေး သန့်တဲ့ ပညာတတ် လူငယ်လေး တစ် ယောက် လို့ မြင်မိတယ်။ နောက် အထူးခြား ဆုံးက သူ ပြုံး လိုက်တဲ့ အခါမှာတော့ တကယ်ပီဘီ ကလေးငယ် တစ် ယောက် လို အပြစ် ကင်းစင် လွန်းတာကို သတိထား မိတယ်။သူ့ နံမည် နေမျိုးကျော် တဲ့။ သင်္ဃန်း ကျွန်းက အဖွဲ့ချူပ် အဖွဲ့ဝင် လူငယ် တစ်ယောက် ဖြစ်တယ်။

နောက် သူက စက်မူတက္ကသိုလ် ကျောင်းသား တစ်ယောက် ဖြစ်တယ် ဆိုတာပါ သိရလို့ အဖွဲ့ချူပ် လူငယ် တွေထဲမှာ တက္ကသိုလ် ကျောင်း သား ချင်း ချင်း ဖြစ်လို့ ကျောင်းကိစ္စ တွေ ဆွေးနွေး ကြတယ် နောက် ကိုယ် ၀ါသနာ ပါရာ စာပေ အနုပညာ အကြောင်း တွေ ဆွေးနွေး ကြတဲ့အခါ နေမျိုး ကျော်နဲ့ ကျွန်မတို့ဟာ ဘာသာ စကား တူတဲ့ မိတ်ဆွေဖြစ် လာကြတယ်။ အထိမ်းအမှတ် အခမ်းအနား ပွဲတွေ စာပေ ဟောပြော ပွဲတွေနဲ့ စာဖတ်ဝိုင်း တွေလောက်ပဲ သူ ရံဖန်ရံခါ လာတာ တွေ့ရတယ်။

ဒေါ် အောင် ဆန်း စုကြည် နေအိမ် ခြံတွင်း လုံခြုံရေးတွေ ကျတဲ့အခါ ကျွန်မ အရမ်း ရင်းနှီး တဲ့ သူငယ်ချင်း တွေနဲ့အတူ လိုက်ပါ တာဝန် ယူတာရှိတယ်။ သူတို့ ပြန်ပြော ချက် တွေအရ နေမျိုးကျော်ဟာ ပုံမှန် အရ စကား အင်မတန် နည်းပြီး သူ့ဘာသာ အေးအေး ဆေးဆေး နေတတ်ပေမယ့် စာပေ အကြောင်း ဆွေးနွေးတဲ့ နေရာမှာတော့ အမြဲတမ်း ဦးဆောင် သူ ဖြစ်တယ် ဆိုတာ သိရတယ်။

နေမျိုးကျော်နဲ့ ကျွန်မတို့ အနီးကပ်ဆုံး နေခွင့်ရလိုက်တဲ့ အချိန်ကတော့ ၂၀၀၃ခုနှစ် မေလ ကာလအတွင်း မှာပါပဲ။ နောက်ဆုံး လူချင်း ဆုံစည်း ခဲ့ကြတာလို့လဲ ပြောလို့ရပါတယ်။ အဲ့ဒီ့အချိန်က ကျွန်မတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မြန်မာနိုင်ငံ တ၀ှမ်းလုံးကို ခရီးစဉ် လှည့်လည် နေတဲ့ အချိန် ဖြစ်ပါတယ်။ မေ ၃၀ ဒီပဲရင်း မတိုင်ခင် အန်တီ့ရဲ့ နောက်ဆုံး ခရီးစဉ် တစ်ခု လည်း ဖြစ်ပါတယ်။

မေလ ၂၇ရက်နေ့ ရွေးကောက်ပွဲ အထိမ်းအမှတ် အဖြစ်နဲ့ အဖွဲ့ချူပ် ခေါင်းဆောင်တွေ ရဲ့ တာဝန်ပေးချက်အရ လူငယ် လုပ်ငန်း အဖွဲ့ လူငယ် တာဝန်ခံတွေ ဦးဆောင်ပြီး တကယ့် ပါတီ တစ်ခုရဲ့ လုပ်ငန်းစဉ်တွေ အတိုင်း အချိန်ယူ ငွေကုန် ခံပြီး ရွေးကောက်ပွဲ သရုပ်ဖော် တင်ဆက်မူ လုပ်ရမယ် ဆိုတဲ့ တာဝန် တစ်ရပ် ကျလာပါတယ်။

အဲ့ဒီ့မှာ လူငယ်လုပ်ငန်းအဖွဲ့ ဖွဲ့စည်း ပြီးသား မြို့နယ်တွေက လူငယ် တာဝန်ခံတွေ အားလုံး ရောနှော လိုက်ပြီး နောက်မှာ အစုလိုက် အသုတ် လိုက် လူစုခွဲပြီး ပါတီအုပ်စု သုံးစု လုပ်ရပါတယ်။ ကျွန်မတို့ လူငယ် အုပ်စုထဲမှာ နေမျိုးကျော် ပါဝင်ပါတယ်။ သူ ပါလာတဲ့ အတွက်လည်း ပါတီရဲ့ ရပ်တည်ချက် ရည်ရွယ်ချက် စည်းမျဉ်း ဥပဒေ တွေကို ကျွန်မတို့ စိတ်ကူး စိတ်သန်း ကောင်းကောင်း နဲ့ ဖော်ဆောင် နိုင်မယ်လို့ ယုံကြည်ခဲ့ ပါတယ်။ ယုံကြည် ခဲ့ကြတဲ့ အတိုင်း ကျွန်မတို့အောင်မြင်အောင် လုပ်နိုင်ခဲ့ကြပါတယ်။

ပါတီထောင်ရမယ်ဆိုတော့ အဖွဲ့ချူပ်က ရံပုံငွေ ထုတ်ပေးပါတယ်။ ကျွန်မတို့တွေ ရလာတဲ့ ရံပုံငွေကို ဘယ်လိုနေရာမှ အသုံးချမလဲဆိုတာ စဉ်းစားခဲ့ကြပါတယ်။ပထမဆုံး ပါတီနံမည် စဉ်းစားရပါတယ်။ နောက် ပါတီအလံ ကို ဘယ်လို ဒီဇိုင်းလုပ်မလဲလို့ စဉ်းစားတဲ့အခါ..နေမျိုးကျော်ဟာ အပြာရောင်ကို မဲပေးပါတယ်။

ကျွန်မတို့ ပါတီရဲ့ နံမည်က ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အဖွဲ့ချူပ်လို့ ပေးခဲ့ပါတယ်။ ကျွန်မတို့ ပါတီရဲ့ အလံရော ဆိုင်းဘုတ်ရောက နေမျိုးကျော် ဆွဲတဲ့ ဒီဇိုင်းပါ။ အလံက အနီရောင်ရယ် အဖြူရောင်ရယ် အပြာရောင်ရယ် မှာ အပြာရောင်တြိဂံပုံလေးထဲမှာ ချိုးဖြူဌက်လေးတစ်ကောင်ရယ် ကြယ်လေးတစ်ပွင့်ရယ်ပါ။

အဖွဲ့ချူပ် ဆိုင်းဘုတ်ကို တော့ အနီရောင်ရယ် အ၀ါရောင်ရယ် အဖြူရောင်ရယ် ကန့်လန့်စင်းပေါ်မှာ တြိဂံပုံ အပြာရောင် လွင်လွင် နောက်ခံပြင်ပေါ်မှာ အဖြူဖွေးဖွေး ငြိမ်းချမ်းရေး ချိုးဖြူဌက်လေးက ငြိမ်းချမ်းရေးသင်္ကေတ သံလွင် ခက်လေးကို ကိုက်ချီနေတဲ့ ပုံပြီး ထိပ်တည့်တည့်မှာ ကြယ်ဖြူလေး ပါတာကို ကျွန်မတို့ နှစ်သက်စွာနဲ့ ရွေးချယ်ခဲ့ ပါတယ်။

ကျွန်မတို့တွေ နောက်ဆုံး ရွေးချယ် ခဲ့တာတော့ တူညီ ၀တ်စုံ လေးတွေပါ။ နည်းနည်း ရယ်စရာ ကောင်းပါတယ်။ ကျွန်မ တို့တွေ အားလုံး အပြာရောင် လွင်လွင် ယောလုံခြည် လေးတွေနဲ့ အကျီ အဖြူ လေးတွေ ၀တ်ဆင်ဖို့ ဆုံးဖြတ် ခဲ့ကြ ပါတယ်။ သူများ ပါတီတွေနဲ့ မတူညီတဲ့ အချက်ပါ။ သူများတွေက ယိမ်းက ကြဖို့လားလို့ စကြ နောက်ကြ ပါတယ်။

ပါတီရဲ့ ဆိုင်းဘုတ် တွေ ကြေငြာဘုတ်တွေကို အပြာရောင် ဆေးရောင်နဲ့ စာလုံး အကြီးကြီး တွေ ရေးချယ်ပြီး နေကြပါပြီ။ ကျွန်မတို့ပါတီရဲ့ လုပ်ဆောင် ချက်တွေ အကုန်လုံးက အများ သဘောတူချက်နဲ့ လုပ်ကြတာ ဖြစ်ပေမယ့် ငြိမ်းချမ်းရေး ပါတီ တစ်ခု ဖြစ်တဲ့ အတွက် ကန့်ကွက် ရှုံ့ချမူ အချေအတင် ဆွေးနွေးမူ ပြသနာ တစ်စုံ တစ်ရာ မရှိပါဘူး။ နေမျိုး ကျော်က သူ့ ထုံးစံ အတိုင်း ပြုံးပြီး ငါတို့တွေ ဒီလိုသာ ရန်မဖြစ်ကြပဲ ငြိမ်းငြိမ်းချမ်းချမ်း နိုင်ငံရေး ဆွေးနွေး ပွဲတွေ လုပ်ခွင့် ရကြရင် သိပ်ကောင်းမှာပဲလို့ အရွှမ်းဖောက်ပါတယ်။

သူများပါတီတွေကတော့ အခြေ အတင် ဆွေးနွေး အော်ဟစ် ငြင်းဆန် လူပ်ရှား နေကြတဲ့ အချိန်မှာ ကျွန်မတို့ ကတော့ ငြိမ်းငြိမ်း ချမ်းချမ်း ငြိမ် သက်ပြီး အလုပ် ကိုယ်စီ လုပ်နေပါတယ်။ တစ်ဘက်နဲ့တစ်ဘက်လဲ သူ ဘာလုပ်တယ် ငါဘာလုပ် တယ် ဆိုတာ တစေ့ တစောင်း အကဲခတ်ကြ နောက် စပ်စုကြပေါ့ ကျွန်မကတော့ တစ်ဘက်ပါတီက အနား ကပ်လာ ထောက် လှမ်းလာ ရင် အော် ထုတ်တဲ့ တာဝန် ယူပါတယ်။

မှတ်မှတ်ရရ လွတ်မြောက်နယ်မြေကို ရောက်ရှိလာတဲ့ လူငယ်ရှေ့နေ စောကျော်ကျော်မင်းက ကျွန်မကို ပြောလာ ပါသေးတယ် အစ်မကို မှတ်မိသေးတယ် ပါတီတွေ ထောင်တုန်းက အရမ်းစွာတာပဲတဲ့၊ စ တာပဲဖြစ်ဖြစ် ဝေဖန်တာပဲ ဖြစ်ဖြစ် စိတ်ဆိုးပြီး လိုက်လုပ်လို့တဲ့လေ။ သူကလဲ အဲ့တုန်းက ပါတီထောင်တဲ့ သူတစ်ယောက် အပါအ၀င် ဖြစ်ခဲ့ပါတယ်။ အခုလွတ်မြောက်နယ်မြေကို ရောက်နေတဲ့ ကျွန်မရဲ့ချစ်စွာသော သူငယ်ချင်း အောင်ထွန်း ကတော့ ပါတီဥက္ကဌ ဖြစ်ပါတယ်။

လက်အုပ်လေးချီ နမောတသနဲ့ အစချီပြီးမှ ပုံတိုပတ်စတွေ ဥပမာ ဥပမေယတွေနဲ့ မှင်မောင်းကောင်းကောင်း စည်းရုံးဟောပြောလို့ သူက လူကြိုက်အများဆုံး ကမ်ပိန်နာ တစ်ယောက် ဖြစ်ခဲ့ပါတယ်။

နေမျိုးကျော် ကတော့ သူကျောပိုးအိတ်လေးထဲမှာ ဆေးရောင်စုံဗူးလေးတွေ ဆေးချယ်တဲ့ စုတ်တံတွေ ပန်းချီ ဆွဲတဲ့ ခဲတံတွေ အစုံ အလင်နဲ့ အမြဲလိုလို ရုံးကို စောစော ရောက်နေပြီး တကုတ်ကုတ် လုပ်နေလေ့ ရှိပါတယ်။ သူနဲ့အတူတူ အမြဲအဖော် အဖြစ် တွဲလေ့ရှိတဲ့ ကျွန်မ အရမ်းခင်တဲ့ သူငယ်ချင်းစံသာကလဲ အကြံညဏ်ပေး ဒီဇိုင်း လေးတွေ ပုံဖော်ပြီး ပျော်ပျော် ရွှင်ရွှင်နဲ့ လုပ်ကိုင် နေကြတာ တစ်ရုံးလုံးကလဲ ၀ိုင်းအုံကြည့်ပြီး တကယ့်ကို ရွေးကောက်ပွဲ မတိုင်ခင်က ပါတီတွေ လူပ်ရှားမူနဲ့ တစ်ပုံစံတည်းပဲ ၉၀ ရွေးကောက်ပွဲကာလကို သတိရ မိတယ်လို့ အဖွဲ့ချူပ်က ၀ါရင့် ပါတီ နိုင်ငံရေး သမားကြီး တွေက ပြောကြပါတယ်။

ကျွန်မတို့ပါတီတွေ စည်းရုံးကမ်ပိမ်းဆင်းကြပါပြီ။ တက်ရောက်လာတဲ့ ဆန္ဒမဲပေးမယ့် အဖွဲ့ချူပ်အဖွဲ့ဝင်တွေကို ပါတီတွေ အလှည့်ကျ စည်းရုံးရေး ဆင်းရပါတယ်။ သူတို့ မဲပေး ချင် လာအောင် ကျွန်မတို့ပါတီတွေ ရဲ့ ရပ်တည် ချက် ပြည်သူ့အပေါ် လုပ်ပေးနိုင်မယ့် အာမခံ ချက်တွေ ဥပဒေတွေ စသဖြင့် စည်းရုံး ဟောပြော ကြပါတယ်။

ပါတီ တိုင်းရဲ့ စည်းရုံး လူံ့ဆော်မူတွေက တကယ့်ကို သရုပ်ပါပြီး လက်သီး လက်မောင်းတွေ တန်းပြီး ဟော ပြောကြ တာ အရမ်းကို အားရ စရာကောင်းပါတယ်။ လူငယ်တွေရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေ ရပ်တည်ချက် ယုံကြည် ချက် တွေဟာ အရမ်းလည်း နားထောင် ကောင်းပါတယ်။ နေမျိုးကျော်က မဲဆန္ဒရှင်တွေကို လေ အေးအေး လေးနဲ့ စည်းရုံးသလို တစ်ဘက် ပါတီတွေက မေးလာတဲ့ စိန်ခေါ်တဲ့ ချောင်ပိတ် မေးခွန်းတွေကို ပြတ်ပြတ် သားသား ဖြေဆိုနိုင်ခဲ့လို့ ပရိတ်သတ်ရဲ့ လက်ခုတ်သံ တဖြောင်းဖြောင်း ရခဲ့ပါတယ်။

ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးပါတီရဲ့ အတွင်းရေးမူး နေမျိုးကျော် မဲဆန္ဒပေးမယ့် အဖွဲ့ချူပ် အဖွဲ့ဝင် လူငယ် တွေကို လေသံအေးအေးလေးနဲ့ စည်းရုံးဟောပြောနေတာပါ။ နောက်က ထိုင်နေတဲ့ ပါတီစီအီးစီတွေ ထဲက မျက်မှန်ကြီးနဲ့ ခရေပန်းလေး ပန်ထားတာ မဆုမွန်ပါ။

ပါတီ ကမ်ပိန်း နောက်ဆုံး နေ့မှာ တော့ ကျွန်မတို့ ပါတီကို လူတော်တော် များများ စိတ် ပါ ၀င်စားမူ အပြည့် ရခဲ့ပါတယ်။ ရွေးကောက်ပွဲ ၀င်ဖို့အတွက် ပါတီတွေ အတွက် ဆန္ဒမဲ ပေးတဲ့နေ့ မတိုင်ခင်မှာတော့ မဲပေးပုံ ပေးနည်း အမှန်ခြစ် အမှားခြစ်တွေအတွက် ဆန္ဒမဲပေးမယ့် လူငယ်တွေကို တာဝန်ရှိအဖွဲ့ချူပ် လူကြီးတွေက ရှင်းလင်း ပြပါတယ်။ မဲပေးကြတဲ့ အခါမှာတော့ အဖွဲ့ချူပ် ရုံးဝင်းကို ကန့်လန့်ကာ ကာလိုက်ပြီး မဲပုံးထဲကို ဆန္ဒမဲတွေ တစ်ယောက်ချင်း တန်းစီပြီး ထည့်ရပါတယ်။

အဲ့ဒီ့နေ့ကတော့ မေလ ၂၈ရက်နေ့ပါ။ ရလာတဲ့ ဆန္ဒမဲတွေကို မဲရုံလူကြီးတွေရဲ့ရှေ့မှာ မဲခွဲတဲ့အခါမှာတော့ ကျွန်မတို့ ပါတီက ဆန္ဒမဲအများဆုံး ဒုတိယနေရာကို ရခဲ့ကြပါတယ်။ ဒုတိယရရတဲ့အကြောင်းကတော့ ကျွန်မတို့ ပါတီကို မဲပေး ကြ ပေမယ့် ပုံစံ မမှန်ကန် တဲ့ ပယ်မဲအရေအတွက် များလို့ပါပဲ။

ဘာပဲဖြစ်ဖြစ် အဲ့ဒီ့နေ့က မဲအောင်နိုင်ပွဲ အဖြစ် ငြိမ်းချမ်းရေးသင်္ကေတ အထိမ်းအမှတ် အပြာရောင် ဆင်တူ ၀တ်စုံ လေးတွေနဲ့ ငြိမ်းချမ်းရေး နှင့် လူ့အခွင့်အရေးပါတီအဖွဲ့ဝင် ကျွန်မတို့ လက်ချင်းချိတ်ပြီး ပျော်ရွှင်မြူးတူး အော်ဟစ် ကခုန်ခဲ့ကြ ပါတယ်။ ကျွန်မတို့ခေါင်းဆောင် အန်တီကလဲ တစ်တိုင်းပြည်လုံး အတိုင်းအတာအနေနဲ့ ခရီးစဉ် လှည့်လည် နေပြီး ပြည်သူတွေ သိန်းနဲ့ချီပြီး လမ်းပေါ်ထွက် အားပေး နေကြတဲ့အချိန်ဖြစ်ပါတယ်။

များမကြာမှီ ရက်မှာပဲ မြန်မာသမိုင်းမှာ ဆိုးဝါးလွန်းတဲ့ ဒီမိုကရေစီရေး လိုလားသူ ပြည်သူတွေနဲ့ တသားတည်းဖြစ်နေတဲ့ အန်တီစုနဲ့ဘဘဦးတင်ဦးနဲ့တကွ အဖွဲ့ချူပ်အဖွဲ့ဝင်တွေကို ဒီပဲရင်း ကျည်ရွာနားမှာ အစုလိုက် အပြုံလိုက် ညအမှောင်မှာ သစ်ပင်တွေက မီးမောင်းထိုးပြီး ချောင်ပိတ် ပြီး တုတ်နဲ့ရိုက် လှံနဲ့ထိုး သေနတ်နဲ့ပါ ပစ်ပြီး အသေသတ်တဲ့ ဒီပဲရင်း လူသတ်ပွဲကြီး ဖြစ်လာတော့မယ်ဆိုတာ မသိကြ သေးချိန်ဖြစ်ပါတယ်။

၂၀၀၃ခုနှစ်မှာ နေမျိုးကျော်ဆိုတဲ့ သူငယ်ချင်းနဲ့ နောက်ဆုံး လူချင်း ဆုံခဲ့တဲ့ရက်တွေ ဖြစ်ပါတယ်။ နောက်ပိုင်း သူရော ကိုယ်ပါ ကျောင်းကိစ္စ အလုပ်ကိစ္စတွေနဲ့ ရူပ်ထွေးနေပြီး အဖွဲ့ချူပ်ကို မရောက်ဖြစ်တော့ပဲ တစ်စစ ကင်းကွာစ ပြုသွားချိန်တွေလဲ ဖြစ်ပါတယ်။

သံလွင်အိမ်မက်ဆိုတဲ့ လင့်လေးကို ပေးလာတဲ့သူ့ကို ပြန်တွေ့တဲ့ အချိန်မှာတော့ သူက ဘလော့ခ်ဂါ နေဘုန်းလတ်ဖြစ်နေပါပြီ။ သူ့ရဲ့ အတွေးအခေါ်တွေ သုံးသပ်ချက်တွေ က လူငယ်တွေကြားထဲမှာ အားကျအတုယူစရာ လေးစားစရာဖြစ်နေတာကို ဂုဏ်ယူစွာနဲ့ သိရပါတယ်။

ဒါပေမယ့်...သူ့ကို ကျွန်မတို့သိတဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကို မြတ်နိုးတဲ့ နေမျိုးကျော်ဆိုတဲ့ နေဘုန်းလတ်ကို ၂၀၀၈ခုနှစ် ဇန်န၀ါရီလ (၂၉) ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

တစ်နှစ်နီးပါး ချူပ်နှောင် စစ်ဆေးပြီး နောက်မှာမှ စာရေး ဆရာ တဦး လည်း ဖြစ် ၊မြန်မာ ပြည် တွင် ပထမ ဦး ဆုံး အဖမ်းခံ ဘလော့  ဂါ တဦးဖြစ် သူ နေဘုန်းလတ် ( ခ ) နေ မျိုးကျော် ကို ၂၀၀၈ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ အင်းစိန် မြို့  နယ် အင်းစိန်ထောင်တွင်း အနောက်ပိုင်းခရိုင် တရားရုံးမှာ တရားသူကြီး ဒေါ် စိုးဥာဏ်က ထောင် ဒါဏ် အနှစ် နှစ်ဆယ် နှင့်  ခြောက် လ ကျခံ စေ လို့ မတရား သဖြင့် အမိန့်ချလိုက်ပါတယ်။

တရား စွဲ ဆို ထားသော ပုဒ်မ ၅၀၅ ( ခ ) နှင့်  ထောင် ဒါဏ် ( ၂ ) နှစ် ၊ ပုဒ်မ ၃၂ ( ခ ) / ၃၆ နှင့်  ထောင် ဒါဏ် ( ၃ ) နှစ် ခြောက် လ နှင့်  အီလတ်ထရောနစ် ပုဒ်မ နှင့်  ထောင်ဒါဏ် ( ၁၅ ) နှစ် စုစုပေါင်းထောင် ဒါဏ် အနှစ် ( ၂၀ ) နှင့်  ခြောက် လ ကျခံ စေ ရန် တရား ရုံးကနေ မတရားသဖြင့် နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်တယ်လို့ ကိုနေမျိုးကျော်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်..နေမျိုးကျော်ကို အမိန့်မချခင်ကပဲ ကိုနေမျိုးကျော်ရဲ့ ချစ်စွာသော အဘိုးဖြစ်သူ ကွယ်လွန်ခဲ့ပါတယ်။

တရားမျတမူတွေ မရှိ မတရားမူချည်း သပ်သပ်သာ ကြီးစိုးနေပြီး တရားစောင့် လောကပါလ နတ်မင်းတွေ မျက်ကွယ်ပြုနေတာ ကြာပြီ ဖြစ်တဲ့နေရာတစ်ခုမှာ နေမျိုးကျော်တစ်ယောက် ကျန်းမာပါစေ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းရင်းနဲ့ နေမျိုးကျော်လိုမျိုး စစ်အာဏာရှင်လက်အောက်မှာ အချူပ်အနှောင်မိနေရတဲ့ စိတ်ပင်ပမ်းချင်း ကိုယ်ပင်ပမ်းချင်း ကြီးစွာနဲ့ အသက်ရှင် ရုန်းကန်လူပ်ရှားနေရတဲ့ ပြည်သူတွေ လည်း ညှင်းပမ်း နှိပ်စက်ခြင်း ဘေးမှ အမြန်ဆုံး ကင်းဝေးနိုင်ကြပါစေ...

ပထမကျောင်းသားသပိတ်အတွက် သပိတ်တိုက်ပွဲဝင်ကျောင်းသားများ ဆုံရပ် သမိုင်းဝင်ကျောက်တိုင်မှာ သူငယ်ချင်းများနှင့် အမှတ်တရ

အစ်ကို ကိုလူထွေးက ဆဲဗင်းဂျူလိုင်အတွက် ပို့စ်လေးတွေ ရေးကြရအောင်ဆိုတဲ့ တောင်းဆိုချက်အတွက် ကျွန်မ သိသော နေမျိုးကျော်အကြောင်းကို 7 July အထိမ်းအမှတ်ပို့စ်အဖြစ် သူငယ်ချင်း နေမျိုးကျော်ကို ဦးညွတ် ဂုဏ်ပြု ရေးသား လိုက်ပါတယ်။

ကျွန်မသိတာ နေမျိုးကျော်ဆိုတဲ့ NLD လူငယ် လေး တစ်ယောက် အကြောင်း ပါပဲ။ နေမျိုးကျော် ဆိုတဲ့ စက်မူ တက္ကသိုလ် ကျောင်းသား လေး တစ်ယောက် အကြောင်းပါပဲ။ နေဘုန်းလတ် ဆိုတာတော့ သူ ဘလော့ခ်ဂါ တစ်ယောက် အနေနဲ့ ပိုပြီး ထင်ရှား ကျော်ကြားတဲ့ လုပ်ဆောင်မူတွေရှိပါမယ်။ ဒါပေမယ့် ဘလော့ခ်ဂါ တစ်ယောက်အနေနဲ့တော့ သူ့ကို ကျွန်မ သိပ်မသိခဲ့ဘူးရှင်။ ဒီပို့စ်လေးကတော့ နေမျိုးကျော်ရဲ့ ရပ်တည်ချက်နဲ့ ယုံကြည်မူ နောက် ငြိမ်းချမ်းရေးကို သူသိပ်လိုလားတယ်ဆိုတာ ပြောပြနိုင်မယ် ထင်ပါတယ်။

http://masumon.blogspot.com/2009/07/blog-post_07.html

08 July 2009

Kay Thwe - Remewmbering Ko Thein Swe

လှိုင်း မကြောက်သူများ

ကေသွယ်

ဇူလိုင် ၉၊ ၂၀၀၉

၆၂ - ဆဲဗင်းဇူလိုင်က အစရှိခဲ့တဲ့ ကျွန်ုပ်တို့၏ ကြယ်တာရာများ သို့ - မြန်မာဘလော့ဂါ ညီအကို မောင်နှမများ ရဲ့ အမှတ်တရ ဦးညွတ်ခြင်း။ (မိုးမခက ပြန်လည် တင်ဆက်ပါတယ်)

“ ညီမလေးကဒီ ခွပ်ဒေါင်း ရင်ထိုးလေးကို ဘာလို့ ထိုးထားတာလဲ …”

စူးရှရှ မျက်လုံးတွေ နဲ့ ပြုံးဟဟ မေးလာတဲ့မေးခွန်းကြောင့်အကျီ င်္ ကော်လာ လေးကို မသိမသာ ဖိကိုင်ရင်း အနည်းငယ် လန့်သွားမိတာတော့ဝန်ခံပါတယ်။

အဲဒီနေ့က လှိုင် တက္ကသိုလ် ရဲ့ ကျောင်းဖွင့်စ ရက်တရက်။

အရေးတော်ပုံကြီး ပြီးခါစလှိုင်းလုံးကြီးတွေ ငြိမ်သက်ပြီးလှိုင်းပုတ်သံ သဲ့သဲ့သာ ကျန်ခဲ့တဲ့ မုန်တိုင်းစဲခါစ ကမ်းခြေသောင်ပြင်တခုလို နေရာမကျသေးတဲ့ ရင် အနာတွေ နဲ့ တက္ကသိုလ်ကြီးတွေ ပြန်လည် သက်ဝင် လှုပ်ရှား လာတဲ့ ၁၉၉၁ ရဲ့ နွေနှောင်း ရက်တရက်။

+++++

ကိုယ်တွေ အတွက်တော့ ပထမဆုံးသော မ၀ံ့မရဲ တက္ကသိုလ် ခြေလှမ်းများ။ မိန်းကလေး အယောက် ၂၀ လောက်သာ ရှိတဲ့ စာသင်ခန်းလေး ထဲကကိုယ့်ဘေးက ခုံမှာ လာ ထိုင်တဲ့ မျက်လုံး ၀ိုင်းဝိုင်း နဲ့ ကောင်မလေး ကို ပထမဆုံး မိတ်ဖွဲ့ ဖြစ်ခဲ့တာ။ နယ်ပုံစံ လေးချင်း မို့ ၂ ယောက်သား ဘေးချင်းကပ် ပြီး ညနေစောင်း အတန်းပြီး တဲ့ အထိ … ကုပ်ကုပ်လေး အတူ ရှိနေခဲ့ကြတာ။

အခုသူ့ကို လာကြိုတဲ့အကို ဖြစ်ဟန်တူတဲ့လူတယောက်ကကိုယ့် အကျီင်္ ကော်လာက ငွေရောင် ခွပ်ဒေါင်း ရင်ထိုး - တကယ့် သေးသေး မျှင်မျှင်လေးကိုမှ . ဘယ်လို မြင်လို့ … ဘယ်လို သဘော နဲ့ မေးလေ သနည်း။

သတ္တိတွေ တချက်လောက် ရှိုက်သွင်းလိုက်ရင်း

“ ခွပ်ဒေါင်း ရင်ထိုး ထိုးတာခွပ်ဒေါင်းတွေ အတွက် ဂုဏ်ပြုလို့ပေါ့” လို့ခပ်မာမာ ပြန်ဖြေလိုက်တယ်။

သူကညီညာတဲ့ သွားတွေ ပေါ်အောင် ဟက်ဟက်ပက်ပက် ရီ လိုက်ရင်း …

“ အကိုက သဘောကျလို့ ချီးကျူးမလို့မေးတာပါကွ” လို့ ပြောလိုက်တဲ့သူ့မျက်နှာပေါ်မှာအလင်းတခု ကို အသေအချာ တွေ့လိုက်ရ သည်။ အဲဒီ အလင်းမျိုးကိုလည်း အဲဒီ အလင်းအကြောင်း ကောင်းကောင်းသိ တဲ့သူ ချင်း မှသာနားလည် နိုင်တာမို့သူ့ရင်ထဲကသံသယ နဲ့ ကြောက်စိတ် တွေချက်ချင်းပဲကြက်ပျေက် ငှက်ပျေက် လွင့်စင်သွားတော့တယ်။

အဲဒီလို နဲ့ တက္ကသိုလ် ရောက်ခါစ သူ့ညီမလေးကို ညနေ တိုင်း လာလာ ကြိုတတ်တဲ့ အကိုကြီးကိုသိန်းဆွေ နဲ့သူတို့ တသိုက် ရင်းနှီး သွားကြ တော့ တယ်။သူတို့အားလုံး သူ့ညီမလေး ခေါ်သလို

“ အကိုကြီး ” လို့ပဲ ခေါ်ကြတယ်။ သူ ကလည်းသူ့ညီမ ကို ခေါ်သလို “ ညီမကြီး တို့” လို့ သုံး နှုံး လေ့ ရှိတယ်။


++++

အဲဒီတုန်းက အကိုကြီးကတတိယ နှစ်ကျောင်းသား။ မောင်နှမ တသိုက်ဖျာပုံကနေ ရန်ကုန်မှာ တက္ကသိုလ် လာတတ်ကြတာ ။ နောက်တော့ သူငယ်ချင်း နဲ့အင်းလျားမှာ တခန်းတည်းနေ တစားပွဲတည်းစား တကုတင်တည်းအိပ် စာတအုပ်ထဲအတူ ကျက်ရင်း ဘ၀ချင်းတွေပါ နားလည် ရင်းနှီးခဲ့ ကြတာ။ သူ့ ညီမလေးလည်းကိုယ့် ညီမ။ ကိုယ့် အစ်မ ကို လည်းသူက မမ ခေါ် ။ သူ့ အကိုကြီးလည်း ကိုယ့် အကိုဖြစ်။ မောင်နှမတွေပွားများ လာခဲ့လိုက်တာ။

လကုန် ရက်တွေ ဆိုဖျာပုံကနေရန်ကုန်ကို တက်လာတတ်တဲ့ အရပ် ရှည်ရှည် မျက်လုံး ပြူးပြူးနဲ့ သူငယ်ချင်းတို့ အဖေ၊ အလွတ်သင် ကျောင်းဆရာကြီးက ဖျာပုံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမတ် ဆိုတာ သိ လိုက်ရတော့ သူငယ်ချင်းချင်း ပိုစည်းလုံး မိကြ မိသားစုခြင်း ပိုရင်းနှီးခဲ့ကြ။

သားသမီးတွေကိုအရမ်း ဂရုစိုက်ပြီးအရိပ်တကြည့်ကြည့် နဲ့ အကုန် လိုက်လုပ် ပေးတတ်တဲ့ အဖေကြီးတယောက် လကုန်လို့ အဆောင်ရှေ့ကို ငါးပိကြော် ပုလင်းတွေ၊ ဖျာပုံ ပုဇွန်ခြောက်ကြော် ထုပ်တွေ နဲ့ ရောက်လာပြီ ဆိုသူတို့ တအုပ်လုံး အဖေကြီး တို့ အကိုကြီး တို့ နဲ့ တူတူ ပျော်လို့။

မိသားစု မောင်နှမ သားချင်းကို ချစ်ခင် ဂရုစိုက်တဲ့ နေရာမှာအကိုကြီးကလည်း အဖေတူ သားပါပေ။ ဒါတင်မက တိုင်းပြည်အရေးမှာလည်း မဖင့်နှေးခဲ့ဘဲ အရေးတော်ပုံကာလက အကိုကြီး ထောင်ကျခဲ့သေးတယ် ဆိုတာ သိလိုက်ရတော့ သူတို့တသိုက်လုံး အကိုကြီးကို သူရဲကောင်းကြီး တယောက်လို မျက်လုံးအ၀ိုင်းသားနဲ့ ငေးခဲ့ ကြ ရပြန်ရော။

တကယ်တော့အဲဒီလို ခြေရာတထပ်တည်း လျှောက်နေကြတဲ့ သားအဖနှစ်ယောက်ကို စိတ်ဓါတ် ခိုင်ခိုင် နဲ့ ပံ့ပိုးပေးနေခဲ့တဲ့သူငယ်ချင်းရဲ့ မေမေကိုလည်း သူတို့ စိတ်ဝင်တစား ချစ်ခင် နေခဲ့ ကြတာပါ။ အကိုကြီး ဒုတိယအကြိမ် အဖမ်းခံရပြန်တော့ ဖျာပုံ ဆိပ်ကမ်းကနေသဘောင်္ကြီးနဲ့ ခေါ်သွားတာကို အဖေကြီးကကြည့်ပြီး မျက်ရည် ကျနေခဲ့တဲ့ အချိန်မှာ အမေ က အံကို တင်းတင်း ကြိတ်ရင်းမျက်ရည် တစက် မကျခဲ့ ဘူးတဲ့။


(၀ဲမှယာ) ကိုဂျင်မီ၊ ကိုသိန်းဆွေ၊ ကိုမာကီး၊ ကိုမြအေး၊ ကိုဇေယျ (အားလုံး ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ)။ ဓါတ်ပုံကို ဒီနေရာမှ ယူပါသည်။

ကျောင်းတွေလည်းဖွင့်လိုက် ပိတ်လိုက်။ သူတို့ချင်းတွေလည်း နီးလိုက်၊ ဝေးလိုက်နဲ့ပဲ ဘွဲ့တွေ အသီးသီး ရသွားကြပြန်တယ်။ လုပ်ငန်းခွင်အသီးသီး ရည်မှန်းချက်အသီးသီးနဲ့ ဘ၀တွေအသီးသီး တည်ဆောက်ကြပြန်တယ်။ ၂၀၀၀ ပြည့်နှစ်က တခါ သူငယ်ချင်းနဲ့ ပြန်ဆုံကြပြန်တော့ အကိုကြီးကပြန်လွတ်လာပြီး အဖေကြီးက အထဲကို ပြန်ရောက်နေပြန်တယ် တဲ့။

အထဲကထွက်လာတာ မကြာသေး ပေမဲ့အကိုကြီး ကတော့သူလုပ်စရာ ရှိတဲ့ ပါဝင်စရာ ရှိတဲ့ကိစ္စတွေ မှာ ပုံမှန် ပါဝင်ရင်း မိသားစု စီးပွားရေးကို ကျားကန် ပေးနေ ရှာ တယ်တဲ့။ နောက်တော့ လှုပ်ရှားမူ သတင်း ဓါတ်ပုံ တချို့မှာအကိုကြီးကိုမထင်မရှား ပြန် တွေ့လာရတတ်တယ်။ နိုင်ငံရေး ဒီလှိုင်း အရှိန်နဲ့အတူ.အကိုကြီး သတင်း အပိုင်းအစ လေးတွေအင်တာနက် သတင်းတွေ မှာ ဆက်တိုက် ဆိုသလိုဖတ်လာရ တယ်။ အဲဒီ အချိန်တွေ တလျှောက်လုံး သူငယ်ချင်းတို့ မိသားစု နိုင်ငံရေးလှိုင်းလုံးတွေကို နည်းအမျိုးမျိုးနဲ့ကြံ့ကြံ့ ခံ နေခဲ့တာတွေကိုလည်း ကြားနေ ခဲ့ ရတယ်။

အကိုကြီးတို့အတွက်ကတော့ လှိုင်းဆိုတာ ကြောက်စရာ မဟုတ်တော့ပါ။ ဘယ်လိုလှိုင်းမျိုးပဲ လာပါစေ လှိုင်းမြင့်လို့လည်း ဆင့်တက်ပြေးမည်မဟုတ်။ လှိုင်းဝေးလို့လည်း သွေးအေးနေမှာ မဟုတ်။ ဟောဒီ လှိုင်းတက် လှိုင်းကြမ်း ပြင်းထန်လှတဲ့ကမ်းခြေမှာပဲ သူတို့လုပ်စရာ ရှိတဲ့ အလုပ်တွေကို တည်တည်ငြိမ်ငြိမ် ဆောင်ရွက်နေမည့်သူများပါပေ။

အခုတော့ တခါလှိုင်းတကွေ့ကို ရဲရဲတိုးရင်း နှစ်ရှည်ထောင်ဒဏ်တွေနဲ့ အကိုကြီးက စစ်တွေ ထောင်မှာ။ အဖေ ကြီးနဲ့ ကျန်သူတွေက မိသားစုစီးပွားရေးကို ကျားကန်လို့။ သူတို့လုပ်စရာ ရှိတာတွေကို တည်တည်ငြိမ်ငြိမ် ဆက်လက်ဆောင်ရွက်လို့။ ဘယ်ကိုမှ မရွေ့။ မုန်တိုင်းတွေ ထန် တတ်တဲ့ ဟောဒီကမ်းခြေမှာပဲ မြဲမြဲ မြံမြံ။

ပြည်သူ ပြည်သားတွေအားလုံးရဲ့ ဘ၀တွေနဲ့ ကျားကန်ထားရတဲ့ တိုင်းပြည်ကြီးက တော့သူ့အတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်နေကြတဲ့၊ ဆောင်ရွက်ပြီးမြောက် သွားခဲ့ကြတဲ့၊ လှိုင်းမကြောက်သူတွေကို တနေ့မှာ လွတ်မြောက်ခြင်းနဲ့ ရွှင်လန်းခြင်းတွေကို ပြန်လည်ပေးဆပ် ဂုဏ်ပြုဦးမှာပါ။ အဲဒီ တနေ့ကိုလည်း အမြန်ဆုံးရောက်ပါစေ လို့သာပဲ။

(သမိုင်းမတင်ရသေးသော ၄၇ နှစ်မြောက် ဆဲဗင်းဇူလိုင် အား ရည်စူး ဂုဏ်ပြုလျက်ရေးသားပါသည်)

http://kthwe.blogspot.com/2009/07/blog-post_07.html