Showing posts with label For the Record. Show all posts
Showing posts with label For the Record. Show all posts

12 September 2010

Rony Nyein - 25

၁၉၈၈ အာဏာသိမ်းဖြစ်စဉ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့၏ အာဏာ လွန်ဆွဲပွဲများ
ရော်နီညိမ်း
စက်တင်ဘာ ၁၃၊ ၂၀၁၀ (VOA အင်တာနက် စာမျက်နှာရှိ တပ်မှူးတပ်သား ပြောစကား အမှတ်စဉ် - ၀၂၅ ကို ကူးယူ ဖော်ပြသည်။)

လာမယ့် စက်တင်ဘာ ၁၈ ရက်နေ့ဟာ၊ မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့တဲ့ ၂၂ နှစ် မြောက်နေ့ ဖြစ်ပါတယ်။ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့က အာဏာရ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ (မဆလ) အစိုးရရဲ့ ခေါင်းဆောင်ပိုင်းကနေ တပ်မတော်ကို အာဏာ သိမ်းခိုင်းခဲ့ပုံနဲ့၊ အာဏာ သိမ်းပြီး န၀တ အချိန်အခါမှာ အာဏာသိမ်း စစ်ခေါင်းဆောင် သုံးဦးကြားက အာဏာ လွန်ဆွဲမှုတွေ အကြောင်းကို ဒီ သီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က သုံးသပ် တင်ပြထားပြီး၊ ဦးရော်နီညိမ်း က တင်ဆက်ထားတာကို ထုတ်လွှင့်ပေးလိုက်ပါတယ်။

ဦးရော်နီညိမ်း။ ။ “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့” ရယ်လို့ ပေါ်ပေါက်လာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ၊ အဲဒီ န၀တ ထိပ်သီး ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ အဲဒီအချိန်က အတွင်းရေးမှူး ၁ ဗိုလ်မှူးချုပ် ခင်ညွှန့်တို့ ကြားမှာ ဖြစ်ပေါ် ခဲ့တဲ့ အတွင်းရေး ပြဿနာတွေကို မပြောပြခင်မှာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်အာဏာ သိမ်းခဲ့ပုံကို စပြီး ပြောပြပေးပါ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကနေမှ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (NDC- National Defence College) အပတ်စဉ် ၁ သင်တန်း မှာ lecture ပေးတာရှိပါတယ် ခင်ဗျ။ (၁၉၈၈ နောက်ပိုင်း၊ ဗိုလ်မှူးချုပ်အဆင့်သို့ တိုးပေးရန် လျာထားခြင်းခံရသူ တက္ကသိုလ်ဘွဲ့ရ ဗိုလ်မှူးကြီးနှင့် အထက် အဆင့်ရှိသူများသာ တက်ရောက်ခွင့် ရှိပြီး၊ သင်တန်းကာလ ၁ နှစ် အပါအ၀င် ၂ နှစ်အတွင်း သက်ဆိုင်ရာ စာတမ်း ပြုစုတင်သွင်းစေသည့် မဟာဝိဇ္ဇာဘွဲ့ ပေးအပ်သော တပ်မတော်အတွင်း အဆင့် အမြင့်ဆုံး စစ်သင်တန်းကျောင်းကို ဆိုလိုသည်)

အပတ်စဉ် ၁ ဆိုတာ ဗိုလ်ချုပ်ကြီး ရွှေမန်းတို့၊ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးတို့ တက်ခဲ့တဲ့ သင်တန်းပါ။ သူတို့ သင်တန်းတက်တဲ့ အချိန်အခါမှာ ကျနော်တို့လည်း နားထောင်ရပါတယ်။ အဲဒီ lecture မှာ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က ပြောတာပါပဲ ခင်ဗျ။ စက်တင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်း မှာ အေဒီလမ်း ဦးနေ၀င်းအိမ်မှာပဲ အစည်းအဝေး လုပ်တယ်။ အဲဒီ အချိန်တုန်းက မဆလ လူကြီးတွေ ဖြစ်ခဲ့တဲ့ ဦးစန်းယု ပါတယ်။ ဗိုလ်ချုပ်ကြီး ကျော်ထင်၊ ဦးအေးကို၊ ဒေါက်တာ မောင်မောင်တို့ အပါအ၀င် ကျန်တဲ့ မဆလခေါင်းဆောင်တွေ ရှိပါတယ်ခင်ဗျ။ အဲဒီအချိန်အခါမှာ ဗိုလ်ချုပ်ကြီးစောမောင် နဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့် ကနေမှ ဦးနေ၀င်း အပါအ၀င် ဒီအဖွဲ့တွေ အားလုံးကို မြန်မာနိုင်ငံရဲ့ နောက်ဆုံး ဖြစ်နေတဲ့ အခြေအနေ နဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းခဲ့ရပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ စစ်အာဏာသိမ်းမှု ဘယ်လို ဖြစ်လာလဲ၊ ဘယ်သူ့ အစီအမံနဲ့ ဘယ်သူက တကယ်တမ်း စစ်အာဏာ သိမ်းဖို့ လိုအပ်ပြီ လို့ ဆုံးဖြတ်ချက် ချပြီးတော့ လုပ်ခဲ့ပါသလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အာဏာသိမ်းဖို့ကတော့ အဲဒီနေ့ အစည်းအဝေးမှာ ဦးနေ၀င်းက နေပြီးတော့မှ “စောမောင်တို့ ခင်ညွှန့်တို့ကို မင်းတို့ လွှဲပေးလိုက်တော့” ဆိုပြီးတော့မှ အာဏာ လွှဲခိုင်းလိုက်ပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီမှာ အဲဒီအချိန်တုန်းက ဆက်သွယ်ရေး (တပ်မတော် ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး - ကကဆက်) ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးမျိုးသန့် (နောင် ပြန်ကြားရေးဝန် ကြီး ဖြစ်ခဲ့သူ)၊ တပ်မတော် ထောက်လှမ်းရေး ဒုတိယညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီးသန်းထွန်း (နောင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်သန်းထွန်း) ပေါ့လေ။ ဒီနှစ်ယောက်က နေပြီးတော့မှ ဒေါက်တာမောင်မောင်က ရေးပေးတဲ့ လက်ရေးမူ၊ type နဲ့ ရိုက်တာတောင် မဟုတ်ဘူး၊ လက်ရေးမူကို ကိုင်ပြီးတော့ မြန်မာ့အသံကို သွားပါတယ်။ မြန်မာ့အသံမှာ အဲ့ဒီ အချိန်တုန်းက တပ်ကပဲ ဗိုလ်ကြီးဘိုနီရဲ့ မိန်းမ ဒေါ်ခင်မလေးက ဖတ်ပါတယ်ခင်ဗျ၊ စက်တင်ဘာ ၁၈ ရက်နေ့မှာ အဲ့ဒီ ကြေညာချက်ကို ဖတ်ပါတယ်။ အဲဒီ ကြေညာချက်ကို ဖတ်ပြီး တပ်မတော်က အာဏာသိမ်းလိုက်တဲ့ သဘောမျိုး သူတို့ လုပ်လိုက်ပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကြေညာချက် မထုတ်ခင် ဗိုလ်ချုပ်ကြီးနေ၀င်း မှာတာကတော့ “စောမောင်၊ မင်းက ဥက္ကဋ္ဌ လုပ်၊ ခင်ညွှန့် အတွင်းရေးမှူး လုပ်ပေါ့ကွာ” တဲ့၊ “ကျန်တဲ့ မင်းတို့ Colonel G.S (စစ်ဦးစီးဗိုလ်မှူးကြီး - ကြည်း) တို့၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်တို့၊ စစ်ထောက်ချုပ်တို့၊ စစ်ရေးချုပ်တို့ ကတော့ အဖွဲ့ဝင် လုပ်ပေါ့ကွာ၊ ကျန်တဲ့ တိုင်းမှူးတွေ ထည့်ပြီး ဖွဲ့ပြီးတော့မှ အစိုးရအဖွဲ့ SLORC (State Law & Order Restoration Council) န၀တ အဖွဲ့ကို ဖွဲ့ပြီး လုပ်” ဆိုပြီးတော့မှ လမ်းညွှန်ချက် ပေးပါတယ်။ NDC က lecture မှာ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ကိုယ်တိုင်ပြောတာကို ကျနော်တို့ နားထောင်ခဲ့ရတာပါ။ တဆင့် စကား မဟုတ်ပါဘူး။ ဒီဖြစ်စဉ်တွေက အမှန်ပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ အပိုင်း ပါလာပြီပေါ့နော်၊ တပ်မတော်က ၁၉၈၈ စက်တင်ဘာ ၁၈ ရက်မှာ စစ်အာဏာ သိမ်းတုန်းကတော့ သူဟာ အဖွဲ့ဝင်ပဲ။ အဖွဲ့ဝင် ဆိုတော့ ကျန်တဲ့ စစ်တိုင်းမှူးတွေနဲ့ အတူတူပဲ။ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ ကစထ ၁၊ ၂ (စစ်တိုင်းများနှင့် တိုင်းမှူးများအား ကွပ်ကဲသည့် “ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့”) အဲဒီ ကစထမှူးတွေနဲ့လည်း သူက အတူတူပဲ ဆိုတဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီတော့ ဘယ်လောက်ထိ သူ လုပ်နိုင်သလဲ ခင်ဗျ။ ဒီအဖွဲ့ထဲမှာ ကျန်တဲ့ စစ်တိုင်းမှူးတွေထက်ကော သူ ပိုပြီးတော့ သြဇာရှိသလား၊ နောက် အတွင်းရေးမှူး ၁၊ ၂ အဖြစ် ထားတဲ့ ဗိုလ်မှူးကြီး ခင်ညွှန့်၊ ဗိုလ်မှူးကြီး တင်ဦး (စစ်အာဏာသိမ်းစဉ်က အဆင့်များ) တို့ထက်ကော ပိုပြီး သူ့မှာ လုပ်ပိုင်ခွင့် ပိုရှိသလား။ ပြောနိုင်ဆိုနိုင် လက်အောက်ကို ညွှန်ကြားနိုင်တဲ့ အနေအထားရှိသလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီး သန်းရွှေ အပိုင်း ပြောရရင် ဒီဘက် နောက်ပိုင်း တိုင်းမှူး ဖြစ်တယ်၊ နောက် ဒုချုပ် (ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် - ကြည်း) ဖြစ်တဲ့ အချိန်အခါမှာ၊ ဒီလူကြီးကတော့ လူရိုးကြီးပဲ၊ အညာသားကြီးပဲ၊ ဘာမှ အစွယ် မရှိဘူးပေါ့လေ၊ အဲဒီလိုမျိုး အဲဒီအချိန် အဲဒီအခါက ကျနော်တို့ တွက်ခဲ့ကြတယ်။ နောက်ပိုင်း ဗိုလ်ချုပ်ခင်ညွှန့်က သူ ဂျူနီယာ ဖြစ်တာလည်း ပါတယ်။ နောက် စစ်ရေးစစ်ရာမှာလည်း သူက စွမ်းစွမ်းတမံ တိုက်ခဲ့ ခိုက်ခဲ့တဲ့လူ မဟုတ်ဘူး။ တောက်လျှောက် သူဟာ P.A လုပ်လိုက် Staff Officer လုပ်လိုက် အနေအထားမျိုး ရှိတဲ့အခါကျတော၊့ တကယ့် fighter လို့ ပြောလို့ရတဲ့ ဗိုလ်ချုပ်ကြီးမြင့်အောင် (အနောက်တောင်တိုင်း) တို့ ဗိုလ်ချုပ်ကြီးထွန်းကြည် (အနောက်မြောက်တိုင်း၊ နောင် အလယ်ပိုင်းတိုင်း) တို့ ဗိုလ်ချုပ်ကျော်ဘ (မြောက်ပိုင်းတိုင်း) (၁၉၈၈ စစ်အာဏာသိမ်းချိန်က န၀တအဖွဲ့ဝင် စစ်တိုင်းမှူးများ) တို့နဲ့ ယှဉ်တဲ့အခါမှာ စစ်ရေးစစ်ရာအပိုင်းမှာ သူ့ကို ကျန်တဲ့လူတွေက အထင်မကြီးတာလည်း ပါတယ်။ နံပတ် One နံပါတ် Two ပေးတယ် ဆိုပေမယ့်၊ သူ့မှာ ကြားထဲက ဒုချုပ်လုပ်တဲ့သူက အဖွဲ့ဝင် ဖြစ်နေတော့ ကိုးလိုးကန့်လန့် ဖြစ်ပါတယ်။ political role မှာကျတော့ န၀တ အဖွဲ့ဝင် အနေနဲ့ပဲ ဗိုလ်ချုပ်ကြီး သန်းရွှေက ပါတယ်။ အတွင်းရေးမှူး ၁၊ အတွင်းရေးမှူး၂ တွေက ပိုပြီး powerful ဖြစ်ပါတယ်။ တပ်ပိုင်းဆိုင်ရာမှာ ကျတော့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် နဲ့ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဆိုတာ အများကြီး ကွာသွားပြန်ရော ဗျ၊ အဲဒီတော့ ကျနော်တို့ သိသလောက်ကတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့်က အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီး စောမောင်ကို ၁၉၈၈ ပြီးတော့ ၁၉၈၉၊ ၁၉၉၀ လောက်ကျတော့ ဒုတိယ ဥက္ကဋ္ဌ ဆိုပြီးတော့မှ ထားဖို့ တင်ပြတာရှိပါတယ်။ ကျနော့် အယူအဆကတော့ နိုင်ငံရေးအကွက်လို့ပဲ ပြောရမယ် ခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ဗိုလ်ချုပ်ကြီးစောမောင်ဟာ အဲဒီအချိန်အခါမှာ တပ်ထဲမှာတော့ အားလုံး သိကြပါတယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေ ကို “အထူးစီမံကိန်းကြီးများရဲ့ဥက္ကဋ္ဌ” (ယနေ့အထိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆုပ်ကိုင်ထားသော ရာထူး) ဆိုတဲ့ ရာထူး ပေးပြီးတော့မှ ဆည်နဲ့၊ တံတားနဲ့ကို သူ့ကို တာဝန်ပေးတာပဲ ရှိပါတယ်။ ရှင်းရှင်း ပြောရရင်တော့ ဗျာ၊ “မင်း political role တို့ ဘာတို့ မလုပ်နဲ့ ။ ဆည်ဆောက်၊ တံတားဆောက် မင်းလုပ်” ဆိုပြီးတော့မှ ကျန်တဲ့ နိုင်ငံခြားရေးကိစ္စတွေ ကျန်တဲ့ကိစ္စတွေမှာ သူ ဘာမှ ၀င်ရောက် စွက်ဖက်ခွင့် မရှိဘူး။

ဦးရော်နီညိမ်း။ ။ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ စဉ်းစားပုံ စဉ်းစားနည်းကို အခု ကျနော်တို့ ပြန်ပြီးတော့ သုံးသပ်ကြည့်တဲ့အခါမှာ နံပါတ် ၂ နေရာမှာ ရှိတဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေ ရှိနေသော်ငြားလည်းပဲ၊ ဗိုလ်မှူးကြီးခင်ညွန့် ကျတော့ ဒါဟာ ဦးနေ၀င်းရဲ့ ကိုယ်ပွား ဦးနေ၀င်းက နေပြီးတော့မှ သူ့ ကိုယ်စား ထားထားတာ ဆိုတဲ့ အနေအထားမျိုး သူ့ခေါင်းထဲမှာ ၀င်ပြီးတော့၊ ငါပြီးရင် နံပါတ် ၂ ဟာ ဗိုလ်မှူးကြီး ခင်ညွန့်ပဲလို့ တွက်ပြီးတော့ အလုပ် လုပ်နေတဲ့ အပေါ်မှာ၊ သူနဲ့ ဗိုလ်ချုပ်ကြီး သန်းရွှေ တို့ရဲ့ ဆက်ဆံရေး အဲဒီအချိန်မှာ ဘယ်လိုများ ရှိပါသလဲ ခင်ဗျ။ သူတို့ ဒီ တပ်ရေးတပ်ရာတွေမှာ ရော၊ နိုင်ငံရေးအရ ရောပေါ့။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ကြီး စောမောင် အပိုင်းမှာ ကျနော် သတိထားမိသလောက် နီးနီးစပ်စပ်နဲ့ ရင်းရင်းနှီးနှီး ခင်တဲ့ မင်တဲ့ မိတ်ဆွေတွေတော့ မဟုတ်ကြဘူး ခင်ဗျ၊ တယောက်နဲ့ တယောက် သဘော သဘာဝအရတော့ ရင်းနှီးမှုမရှိတာ ကျနော် သွားပြီးတော့ မြင်တယ်။ တပ်မတော်မှာတော့ ရာထူးကြီးတဲ့လူကို ရာထူး ရှိနေတဲ့ အချိန်မှာတော့ အားလုံးက respect ပေးကြရတာပါပဲ။ ဗိုလ်ချုပ်ကြီးစောမောင် ပြုတ်တော့မှသာ ဗိုလ်ချုပ်ကြီးသန်းရွှေက ဗိုလ်ချုပ်စောမောင် တရုတ်ပြည်က US$ 2 billions ဘိုး လက်နက်တွေ ၀ယ်တာ အလကားပဲ ဆိုပြီး အပုပ်ချတာတွေ အများကြီး ရှိတယ်။ ဦးနေ၀င်းကိုလည်း ဒီလိုပဲ သူ အပုပ်ချတာ ရှိတယ်။ ဦးနေ၀င်း လုပ်သွားလို့ တိုင်းပြည်ပျက်တယ် ဆိုတာမျိုးဟာ သူ စပြီးတော့ အာဏာ ယူခါစမှာ ပြောတာတွေ ရှိတယ်။ အဲဒီကျမှ ကျနော်တို့က ဗိုလ်ချုပ် သန်းရွှေဟာ ဒီလိုလူမျိုးပါလား ဆိုတာ……။

ဦးရော်နီညိမ်း။ ။ ခုနက ဒုဥက္ကဋ္ဌ ဆိုတဲ့နေရာကို၊ န၀တခေါင်းဆောင်တွေ အချင်းချင်း ကြားထဲမှာပဲ ညှိနှိုင်း ပြီးတော့ ဘယ်သူက initiate (စတင် ဆော်သြမှု) လုပ်တာလဲ ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ကျနော်သိတာက ဗိုလ်ချုပ်ကြီးသန်းရွှေကို ဒုတိယဥက္ကဋ္ဌ ပေးဖို့နဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့် ကိုယ်တိုင် နှစ်ခါ ပေါ့ဗျာ၊ ပထမတခါ ဗိုလ်ချုပ်ကြီးစောမောင်ကို တင်ပြတယ်၊ ဘာမှ အဖြေထွက် မလာဘူး၊ ဒုတိယ တခါ တင်ပြတယ်၊ တတိယ တခါလောက်မှ သဘော တူလိုက်တဲ့ အနေအထားမျိုး ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဒီကိစ္စအတွက် ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ ဗိုလ်မှူးကြီး ခင်ညွှန့်တို့ တိုင်ပင် ဆွေးနွေးမှု ရှိပါသလား၊ ဒါမှမဟုတ် ဗိုလ်မှူးကြီး ခင်ညွှန့် ကိုယ်တိုင်ပဲ သူ့မှာ လုပ်ငန်းကိုင်ငန်း အခက်အခဲတွေ ရှိနေတဲ့အတွက် သူနဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင် ကြားမှာ တယောက်တော့ ရှိဖို့ သင့်တယ် ဆိုတဲ့ အနေ အထားမျိုးနဲ့၊ ဘယ်သူ့မှ မတိုင်ပင်ပဲ သွားပြီး ပြောတာလား ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဒါကတော့ နိုင်ငံရေးအကွက်လို့ ကျနော်ထင်တယ်။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို အတွင်းရေးမှူး ၁ ပေးပြီးတဲ့ နောက်ပိုင်းမှာ၊ တပ်မတော်(လေ)က ဗိုလ်မှူးကြီးသိန်းဝင်း [နောင် ကာကွယ်ရေး ဦးစီးချုပ်(လေ) နှင့် ပို့ဆောင်ရေး ၀န်ကြီး ဖြစ်ခဲ့ပြီး ၁၉၉၇ တွင် ဖြုတ်ချခံရသူ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဝင်း] ပေါ့ ဗျာ။ အလားတူပဲ ရေတပ်က ဗိုလ်မှူးကြီး သန်းညွှန့် [နောင် ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ကျန်းမာရေးဝန်ကြီး ဖြစ်ခဲ့ပြီး ၁၉၉၇ခုနှစ်တွင် ဖြုတ်ချခံရသူ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းညွန့်] သူတို့ကို စစ်ဦးစီး ဗိုလ်မှူးကြီး(ရေ၊ လေ)၊ နောက် စစ်ဦးစီး ဗိုလ်မှူးချုပ် (ရေ၊ လေ)၊ နောင်မှာ ဦးစီးချုပ် အထိကို ဖြစ်အောင် ဗိုလ်ချုပ်ကြီး ခင်ညွှန့် ဆွဲတင်လိုက်တာ ပါပါတယ်။

ဦးရော်နီညိမ်း။ ။ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နဲ့ (လေ) ပေါ့။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နဲ့ (လေ)က ပြောရရင်တော့ဗျာ ဗိုလ်ချုပ်ကြီးခင်ညွှန့်ရဲ့ ထောက်ခံမှုနဲ့ ဗိုလ်ချုပ်ကြီးစောမောင်က ပေးထားတဲ့ သဘော ရှိပါတယ်။ အဲဒီတော့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) အပိုင်းမှာ ကျတော့ ရှိပြီးသား ဗိုလ်ချုပ်ကြီးသန်းရွှေကို လဲဖို့ ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ နောက်တခုက အဲဒီအချိန် အဲဒီကာလမှာ ဗိုလ်ချုပ်ကြီးမြင့်အောင်တို့၊ ဗိုလ်ချုပ်ကြီးထွန်းကြည်တို့၊ ဗိုလ်ချုပ်ကြီးကျော်ဘ တို့က တန်ခိုး ထွားတဲ့အချိန် ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးမြင့်အောင် နဲ့ ဗိုလ်ချုပ်ကြီးထွန်းကြည် နှစ်ယောက်လုံးက ဗိုလ်ချုပ်ကြီး သန်းရွှေရဲ့ (တပ်မ ၈၈) ဒုတပ်မမှူးတွေ ဖြစ်ခဲ့ဖူးတဲ့ လူတွေပါ။ ဗိုလ်ချုပ်ကြီးကျော်ဘ တို့ဆိုလည်း တော်တော်လေး နီးနီးစပ်စပ် လုပ်ခဲ့တဲ့ လူတွေပါ။ ဘယ်လောက်ထိ နီးစပ်သလဲ ဆို သူတို့အချင်းချင်း ခေါ်ရင်တောင် “ကိုသန်းရွှေ” ပဲ ခေါ်တာပါ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီအနေအထားမှာ အဲလို အခင်းအကျင်းထဲမှာ ဗိုလ်မှူးကြီးခင်ညွှန့်ရဲ့ အနေအထားဟာ ဘယ်လိုဖြစ်နေသလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကက(ကြည်း) [ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံး] အပိုင်းကို ဗိုလ်ချုပ်ကြီးခင် ညွှန့်အနေနဲ့ တိုးဖို့ဆိုတာ နဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေကို ဒုတိယဥက္ကဋ္ဌ ပေးဖို့အတွက်ကို အကြောင်းဖန်လာပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့်ကလည်း ဗိုလ်ချုပ်တွေနဲ့ သင့်တင့် လျောက်ပတ်အောင်ရယ် ဗိုလ်ချုပ်တွေကို သြဇာ လွှမ်းမိုးနိုင်ဖို့ အတွက်က ဗိုလ်ချုပ်သန်းရွှေကို ချဉ်းကပ်မှ။ ဗိုလ်ချုပ် သန်းရွှေက နေပြီးတော့မှ ပြောရင် နားထောင်မယ် ဆိုတဲ့ အနေအထားမျိုးကို ဗိုလ်ချုပ်ခင်ညွှန့် တွက်ပါတယ်။ ကျနော် ဆိုလိုချင်တာကတော့ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ကိုယ်တိုင် ဗိုလ်ချုပ်ကြီး သန်းရွှေကို ရှင်းရှင်း ပြောရရင်တော့ အိတ်ထဲထည့်တဲ့ သဘောပါပဲ။ ဗိုလ်ချုပ်ကြီး သန်းရွှေက ဒုတိယဥက္ကဋ္ဌ တောင်းဆိုချင်မှ တောင်းဆိုမယ်၊ စိတ်ထဲကတော့ တောင်းဆိုမှာပေါ့ဗျာ။ စိတ်ထဲကတော့ သူ မကျေနပ်ပါဘူး၊ ကျနော်သိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကို ဆည်မြောင်းတွေ လမ်းတံတား တည်ဆောက်ရေးတွေရဲ့ ဥက္ကဋ္ဌပဲ ထားတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဒါဆိုရင် အခု ကျနော်တို့ ပြန်ကြည့်တဲ့ အခါကျတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့်ရဲ့ အကွက်တွေပေါ့။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က သူ့ရဲ့ နိုင်ငံရေး တက်လမ်းအတွက် ဗိုလ်ချုပ်ကြီးသန်းရွှေကို အသုံးချမယ်၊ ဗိုလ်ချုပ်မှူးကြီး စောမောင်နဲ့ ဆက်ဆံရေးကိစ္စမှာ ကြားမှာ ဗိုလ်ချုပ်ကြီးသန်းရွှေကို သူ လိုတယ်။ တခြား တိုင်းမှူးတွေနဲ့လည်း ဆက်ဆံတဲ့အခါမှာ ပြေပြစ်အောင်လို့ ကြားထဲမှာ buffer ပေါ့ဗျာ။ buffer အနေနဲ့ သူ ရှာတာပေါ့။ သူ့အတွက် သူ့ ရှေ့တက်လမ်း အတွက် လုပ်တာလို့ မြင်ကြည့်လို့ မရဘူးလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အကွက်ကတော့ ဒီတိုင်းပါပဲ။ သူ တခုပဲရှိတယ်၊ သူ့ကို နံပါတ် two လို့ ထားပေမယ့် ဗိုလ်ချုပ်ကြီးသန်းရွှေကို သူ မကျော်ချင်ဘူး။ သူက ဗိုလ်ချုပ်စောမောင် ပြီးရင် ဗိုလ်ချုပ်သန်းရွှေ၊ ပြီးရင် သူပေါ့ဗျာ၊ ဒါကို သူ့ခေါင်းထဲမှာ ထားတဲ့ အနေအထားမျိုးပါ။

ဦးရော်နီညိမ်း။ ။ ဒါက ကျနော်တို့ ပြန်တွက်ကြည့်တော့ on paper ပေါ့၊ on paper မှာရော လက်တွေ့မှာရော ဗိုလ်ချုပ်မှူးကြီးစောမောင်ကတော့ နံပါတ် One ပဲ။ စာရွက်ပေါ်မှာတော့ ဗိုလ်ချုပ်ကြီးသန်းရွှေက နံပါတ်နှစ် ပေါ။့ ဒါပေမယ့် တကယ်တမ်းမှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်က သူ နံပါတ်နှစ် ဖြစ်နေတယ် ဆိုတာ သူ့ဘာသာ သူ သိပြီးသားပဲ၊ အဲဒီအချိန်မှာပေါ့ နော်။ သူက ဒါကြောင့်မို့လို့ နံပါတ်သုံး နေရာမှာပဲ နေပြီး နံပါတ်နှစ်ကို သူ ရုပ်သေးလို ထားလို့ရမယ်လို့ ထင်တဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေကို သူပဲ initiate လုပ်တာပေါ့၊ နဂိုကတည်းက ဒု ဥက္ကဋ္ဌ မထားတဲ့ဟာကို ထားပေးအောင်လို့ ၀င်ပြောရတာဟာ၊ ဒါ ဗိုလ်ချုပ်ကြီးခင်ညွှန့်က သူ့အတွက် ထွင်တဲ့ နိုင်ငံရေးအရ အကွက်ပဲလို့ သေချာ ပြောလို့ ရပါသလား ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ၊ နိုင်ငံရေးအရ အကွက်ပါပဲ။ အဲဒီအကွက်က ကျနော် ဘယ်အချိန်ကျမှ သွားသိလဲ ဆို တဲ့အခါကျတော့ ဗိုလ်ချုပ်ကြီး စောမောင် ပြုတ်သွားပြီးတော့ ဗိုလ်ချုပ်ကြီးသန်းရွှေ တက်လာတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့် ကိုယ်တိုင် ဒုတိယပေါ့ ဗျာ၊ သူ့ကို second man အနေနဲ့ ပေးလိမ့်မယ်၊ ထားလိမ့်မယ်လို့ သူ လုံးဝ မျှော်လင့်ပါတယ်။ ဒါပေမယ့် တကယ် ဖြစ်မလာတဲ့အခါကျတော့ သူကိုယ်တိုင် feeling ဖြစ်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဘာဖြစ်လို့ အဲဒါကို ကျနော် ပြောနိုင်သလဲဆိုရင် အဲဒီ အချိန်တုန်းက ကျနော် စစ်ရုံးကို ရောက်ပြီ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကျနော်တို့ ဟိုနေရာလေး ပြန်ကြည့်ရအောင်။ ခုနက ဗိုလ်ချုပ်ကြီးသန်းရွှေ န၀တ ဒုတိယဥက္ကဋ္ဌ ပိုင်ပိုင် နိုင်နိုင် ဖြစ်သွားတဲ့ အနေအထားလေးကို ပြောပြပေးပါဦး ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ပြန်တမ်း ထွက်ပါတယ်။ ပြီးတော့မှ သတင်းစာတွေထဲမှာ ဒုတိယဥက္ကဋ္ဌ ဆိုတာကို စပြီးတော့မှ ကြေညာတာက ၁၉၈၉ပေါ့လေ၊ ၁၉၈၉ အကုန်ပိုင်းလောက်မှာ စ ကြေညာတာ ဖြစ်ပါတယ်။ အစည်းအဝေးတွေမှာ ထိုင်ကြတဲ့အခါ စစ်ရုံးမှာ “၀ါစဉ်” ရှိပါတယ်။ နိုင်ငံရေးပိုင်းအရ လုပ်တဲ့ အစည်းအဝေးတွေမှာ ဆိုရင် ဗိုလ်ချုပ်ကြီးစောမောင်၊ ဘယ် နဲ့ ညာက အတွင်းရေးမှူး ၁၊ ၂။ ပြီးမှ ကျန်တဲ့ member (န၀တ အဖွဲ့ဝင်) တွေက တန်းစီပြီးတော့မှ ထိုင်ရပါတယ်။ ဒါ “၀ါစဉ်” ပါပဲ။ စစ်ရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေး ဆိုရင် ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ပြီးရင် ကျန်တဲ့ ဗိုလ်ချုပ်ကြီးတွေ။ ပြီးတော့မှ ဗိုလ်ချုပ်ခင်ညွှန့်က ထောက်လှမ်းရေးညွှန်ကြားရေးမှူးအနေ နဲ့ အဝေးကြီးမှာ ထိုင်ရပါတယ်။ လေးလပတ် အစည်းအဝေးတို့၊ စစ်တပ် အစည်းအဝေးတို့ ဆိုရင်၊ ဗိုလ်ချုပ်ခင်ညွှန့်ခုံက အဝေးကြီး ရောက်သွားပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးသန်းရွှေ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ သူ တရားဝင် န၀တ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာပြီ။ အဲဒီအခါကျတော့ကော ဒုတိယဥက္ကဋ္ဌနဲ့ ဥက္ကဋ္ဌနဲ့ ဆက်ဆံရေး ပိုပြီးတော့ တိုးတက်မှု ရှိလာပါသလား ခင်ဗျ။ ဆက်ဆံရေး ပြန်ကောင်းသွားလား ခင်ဗျ။ ပို တိုးတက်လာသလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ သိပ်တော့ ထူးခြားမှု မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဗိုလ်ချုပ်ကြီး စောမောင် အနေနဲ့က ဗိုလ်ချုပ်ကြီး သန်းရွှေကို အဲဒီအချိန်မှာ ခုန ကျနော်ပြောခဲ့တဲ့ ဆည်မြောင်း၊ တာတမံတွေက လွဲလို့ ကျန်တဲ့ တာဝန် ပေးတာ မရှိပါဘူး ခင်ဗျ။ ဗိုလ်ချုပ်ကြီး သန်းရွှေမှာ power မရှိပါဘူး။

ဦးရော်နီညိမ်း။ ။ အဲဒီဟာတွေ ဖြစ်နေတာကို ဦးနေ၀င်းက ဘာမှ ၀င်ရောက် စွက်ဖက်ခြင်း မရှိဘူးလား ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ အဲဒီအချိန် နောက်ပိုင်းမှာတော့ ဦးနေ၀င်းရဲ့ အခန်းကဏ္ဍက လူပုဂ္ဂိုလ် နေရာချထားမှုနဲ့ ပတ်သက်ပြီးတော့မှ သူ့အနေနဲ့ ၀င်ရောက် စွက်ဖက်တာ မရှိတော့ပါဘူး။

ဦးရော်နီညိမ်း။ ။ နောက်တခု ကျနော်တို့ ပြန်တွက်ကြည့်လို့ မရဘူးလားခင်ဗျ၊ ဒီလိုလေ။ ဦးနေ၀င်းသည် အောက်က တပည့်တွေ မတည့်အောင် လုပ်ထားပြီးတော့မှ သူ့ အာဏာမြဲအောင် တသက်လုံး လုပ်လာတာဆိုတော့၊ အဲဒီအချိန်မှာ ဗိုလ်ချုပ်မှူးကြီး စောမောင် နဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေတို့ ဒီလိုမျိုး အဆင်မပြေ ဖြစ်နေတာ သူ့အတွက် ပိုပြီးတော့ balance မဖြစ်ဘူးလားခင်ဗျ၊ သူ အကယ်၍ နောက်မှာ ရှိနေတယ် ဆိုလို့ရှိရင် ဒီသဘောမျိုးကော ရှိနေပါသလားခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ အဆင်မပြေ ဖြစ်နေတယ်လို့တော့ အဲဒီအချိန်အခါက ပြောလို့ မရဘူးခင်ဗျ။ ဘာလို့ ပြောလို့မရလဲ ဆိုတော့ ဗိုလ်ချုပ်ကြီးသန်းရွှေ အနေနဲ့ မကျေနပ်ဘူးဆိုတဲ့ အမူအရာ လုံးဝ မပြခဲ့ပါဘူး။ တကယ့်တကယ် သူ အာဏာရလာတဲ့ အချိန်ကျတော့မှ၊ ဗိုလ်ချုပ်စောမောင်ရဲ့ အသုဘတောင် မသွားရဘူး ဆိုပြီး ပိတ်တဲ့ သဘောမျိုးတွေ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ နောက် သီတင်းပတ် တနင်္ဂနွေနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ “တပ်မှူးတပ်သား ပြော စကား” အပတ်စဉ်ကဏ္ဍမှာတော့ ဗိုလ်မှူး အောင်လင်းထွဋ်ပြောပြတဲ့ အပိုင်းတွေထဲက နောက်ဆုံး အပိုင်း ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖြုတ်ချခဲ့ပုံတွေ တင်ပြသွားမှာ ဖြစ်ပါတယ်။ စောင့်မျှော် နားဆင်ကြပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

02 June 2010

Between two worlds: a story about Yadana Nat Mè

ကမ္ဘာနှစ်ခု ကြားက ရတနာနတ်မယ်
ကေသွယ်
ဇွန် ၂၊ ၂ဝ၁ဝ

ကနောင်မင်းရဲ့ မြစ်တော် ရတနာနတ်မယ် (LIFE မဂ္ဂဇင်းက ၁၉၅ဝ တွင် ရိုက်ကူးထားသောပုံ)

(သြစတေးလျရောက် မြန်မာဘလော်ဂါ ကေသွယ်၏ ဘလော့ kthwe.blogspot.com တွင် ဖော်ပြထားသော ဆောင်းပါးကို ကူးယူဖော်ပြပါသည်။)

မကြာသေးခင်က ထွက်တဲ့ သြစတြေးလျ အရှေ့ပိုင်း Griffith University ရဲ့ Review journal အမှတ်စဉ် 27 မှာ ရေးထားတဲ့ Between Two Worlds ဆိုတဲ့ စာတပုဒ်ကို ဆရာမ ဒေါ်ကြည်မေကောင်း ဘလော့မှာပေးတဲ့ လင့်တွေက တဆင့် ဖတ်လိုက်မိတယ်။ အဲဒီ ဂျာနယ်လေးက တခါထုတ်ရင် ခေါင်းစဉ် Theme တခု အောက်မှာ ဝိုင်းရေး ကြတာမျိုးလေးပါ။ အဲဒီ အမှတ်စဉ် ၂၇ ကလည်း food အစားအစာ အကြောင်းပါ။ တော်ရုံဆိုလည်း အဲဒီ ခေါင်းစဉ် အောက်မှာ ကိုယ်တို့လို လူတွေ အတွက် ဒီလောက် စိတ်ဝင်စားစရာ ကောင်းမယ့် စာမျိုး ပါလာမယ်လို့ ထင်စရာ အကြောင်း သိပ်မရှိဘူးလေ။ တွေ့မယ့် တွေ့လိုက်တော့ ဗမာလူမျိုးတွေ အတော် စိတ်ဝင်စားတဲ့ အမျိုးသမီး တယောက် အကြောင်း ဖြစ်နေတယ်။


မင်းဆွေ မင်းမျိုး ကုန်းဘောင်ဆက်လည်းဖြစ်၊ ပုံပြင် ဆန်ဆန် လျှို့ဝှက် သည်းဖို ဆန်ဆန်၊ နားစွန် နားဖျား ကြားခဲ့ရဖူးတဲ့ အာဏာရှင်ဟောင်း ဦးနေဝင်းကြီးရဲ့ ဇနီးဟောင်း တယောက်လည်း ဖြစ်ခဲ့ဖူးတဲ့ ရတနာနတ်မယ်ရဲ့ တပိုင်း တစ ပုံရိပ် တချို့ကို သူမရဲ့ အီတာလျံ တက်စကန်နီ တောစာ ပုံစံ ကျွေးမွေး တည်ခင်းတဲ့ နေ့လည်စာ ဝိုင်းလေး တခုမှာ နောက်ခံထားပြီး ရေးထားတာပါ။

Griffith Review ဂျာနယ် ဆောင်းပါးကို
http://www.griffithreview.com/current-edition/240-reportage/821.html
တွင် ဖတ်နိုင်သည်။

အဲဒီ စာလေးကို စိတ်ဝင်တစား ဖတ်ရင်း တချို့ အချက်လေးတွေကို ရွေးပြီး ဝေမျှချင်စိတ် ဖြစ်လာ မိတယ်။ ဝေမျှချင်တယ် ဆိုတာလည်း ဘာ အကျိုးပြု၊ ဘာဝါဒ ဖြန့်မှ မဟုတ်ဘူး ဆိုတာ ရှင်းပါတယ်။ လူ့သဘာဝ ဒီလို အကြောင်းလေးတွေကို သိချင် စိတ်ဝင်စားတာ မဆန်းလို့မို့ ဗမာပြည်က စာအုပ်တွေမှာ မောင်သန်းဆွေ (ထားဝယ်) ရေးတဲ့ မင်းဆွေ မင်းမျိုးတွေ အကြောင်း စိတ်ဝင်တစား လိုက်ဖတ်ရသလိုမျိုးပဲ ဆိုပါတော့လေ။

ဒီ ဆောင်းပါး အရတော့ ဆောင်းပါးရှင် ကိုယ်တိုင်က ရောမကနေ တဆင့် အီတလီရဲ့ နာမည်ကျော် Tuscany ပြည်နယ် မြို့တော် ဖြစ်တဲ့ Florence မှာ နေထိုင်တဲ့ Ms June Rose Bellamy ခေါ် ရတနာနတ်မယ် ရဲ့ Associazione Culturale Arte e Gastronomia Orientale လို့ ဆိုင်းဘုတ် ချိတ်ဆွဲထားတဲ့ အိမ်လေးကို အလည်အပတ် ရောက်သွားပုံနဲ့ စ ထားပါတယ်။ သူ့ ဆောင်းပါးလေးက အီတာလျံ အစားအသောက် အကြောင်းလေးတွေ သူမ ချက်ပုံ ပြုတ်ပုံလေးတွေ တပိုဒ်၊ သူမရဲ့ နောက်ခံ ဇာတ်ကြောင်းလေးတွေ တပိုဒ်နဲ့ တကယ့် ပြဇာတ်ဆန်ဆန်လေး ရေးထားတာပါ။ အဲဒီ အထဲမှာမှ သူမ ကိုယ်တိုင် ဖွင့်ဟ ပြောပြတဲ့ တချို့ စကားလေးတွေဟာ တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။

တကယ်တော့ ဗမာ့သမိုင်းမှာ ခေတ်မီသူ၊ ပြုပြင်ပြောင်းလဲလိုသူလို့ လူသိများ ထင်ရှားတဲ့ ကနောင်မင်းသားကြီးရဲ့ မြစ်တော် တယောက် အနေနဲ့တင် သူမဘဝက စိတ်ဝင်စားစရာ ကောင်းနေခဲ့ပါပြီ။ အင်ဂလို ကပြား ဖြစ်တာ၊ ချောတာ လှတာ ခေတ်ဆန်တာ နောက်ဆုံး ဗမာပြည်က နာမယ်ကျော် အာဏာရှင်ကြီးနဲ့ လက်ထပ် လိုက်တာ ဆိုတဲ့ အချက်တွေ ကတော့ ထပ်ဆင့် ပိုကဲပြီး ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်သွားရတော့တာပါပဲ။

သူတို့ မိသားစုရဲ့ အရွယ် အပိုင်းအခြား ပုံရိပ်တွေကို တွက်ချက် ခန့်မှန်းကြည့်တော့ သူမရဲ့ မိခင် လင်းပင် မင်းသားကြီးရဲ့ သမီးတော် ထိပ်တင် မလတ်က အသက် ၃၄ နှစ်မှာ သူမထက် ၁၆ နှစ် ကြီးတဲ့ သြစတြေးလျ နိုင်ငံသား အင်္ဂလိပ် လူမျိုး ဘွက်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နဲ့ လက်ထပ်တယ်။ လေးနှစ်ကြာမှ သူမကို မွေးတယ်။ သူမ ကိုယ်တိုင်ကတော့ အသက် ၂၂ နှစ်မှာ ပထမ အိမ်ထောင် ဖြစ်တဲ့ အီတာလျံ လူမျိုး၊ WHO က ဗမာပြည်မှာ တာဝန်ကျတဲ့ ဆရာဝန်တယောက်နဲ့ လက်ထပ်တယ်၊ သားလေး ၂ယောက် ရတယ် စသဖြင့် အရွယ်တွေ အရိပ်တွေကို အရင် ပုံဖော်ကြည့်မိတယ်။

ဧည့်သည်အတွက် ချက်ပြုတ်၊ စကားလက်ဆုံကြရင်း နံရံမှာ ချိတ်ဆွဲထားတဲ့ နန်းဆန်ဆန် ဝတ်စုံတွေနဲ့ အဘိုးအဘွား မိသားစုပုံတွေကနေ သူမရဲ့ နောက်ခံ ဘဝတွေ၊ သူမ အဖေအကြောင်းတွေကို စိတ်ပါ လက်ပါ ပြောပြနေတဲ့ ရတနာနတ်မယ်ဟာ သူမ အတွက် အိမ်မက်ဆိုး ဖြစ်ခဲ့တဲ့ ဦးနေဝင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုတော့ သိပ်အများကြီး ပြောချင်ပုံ မရဘူးလို့ ဆိုထားတယ်။

အဲဒီ အချက်တွေထဲမှာမှ သူမ ရဲ့ အမေထိပ်တင်မလတ်ဟာ ဖခင် ဖြစ်သူ လင်းပင် မင်းသားကြီး ပြည်ပြေးဘဝနဲ့ အိန္ဒိယမှာ နေထိုင်ခဲ့ကြတဲ့အခိုက် အထက်တန်းလွှာ အသိုင်းအဝိုင်းနဲ့ ဝင်ဆံ့ခဲ့ပြီး (အရှေ့တိုင်း တိဗက် တောင်တန်း နိုင်ငံ တခုဆီက) အိမ်ရှေ့ မင်းသားတပါးနဲ့ စေ့စပ် ကြောင်းလမ်းတဲ့ အထိ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ လက်ထပ်ပွဲ မတိုင်ခင် ရက်အနည်းငယ် အလိုလေးမှာ မင်းသား အဆိပ်ခတ် ခံခဲ့ရလို့ လွဲခဲ့ရတဲ့ အကြောင်းလေးကလည်း လွမ်း သလိုလို ဆန်း သလိုလို။

ဖတ်နေရင်း မျက်လုံး ကျယ်သွားပြန်တာက သူမရဲ့အဖေ ငယ်စဉ်က ကြီးပွားရာ ကြီးပွားကြောင်း သြစတြေးလျတိုက်တကြော ခြေဆန့်ရင်း Kalgoorlie ရွှေတောအထိ ရောက်ခဲ့ ငွေရှာခဲ့တယ် ဆိုတဲ့ စာကြောင်းလေးပါ ။

( စကားချပ် ---- Kalgoorlie ဆိုတာ မြို့တော်နဲ့ အတော်လှမ်းတဲ့ လက်ရှိ ကိုယ်နေထိုင်နေတဲ့ ရွှေတွင်း မြို့ကလေးတခုမို့ပါ။ လွန်ခဲ့တဲ့နှစ် ၁ဝဝ ကျော်လောက်က ရွှေကြောကြီးတွေ အကြီးအကျယ် ပေါ်လို့ တကမ္ဘာလုံးက လူတွေ ရွှေလာရှာခဲ့တဲ့ နေရာ တခု ဖြစ်ခဲ့ဖူးတယ်။ အခုလည်း ကမ္ဘာ့တောင်ခြမ်းမှာ အကြီးဆုံး ရွှေတွင်းကြီး ရှိနေလေရဲ့)

အဲဒီမှာ မစ္စတာ ဘယ်လာမီ တယောက် အသက်ကြီးမှ ရတဲ့ သမီးလေးကို သူ ငယ်ငယ်က ကြီးပြင်းခဲ့တဲ့ သြစတြေးလျ တိုက်ကြီးရဲ့ ရေမြေ သဘာဝတွေအကြောင်း ကာဂူးလီ ဆိုတဲ့ ရွှေတွင်းမြို့လေးက ထူးဆန်းလှတဲ့ အဖြူရောင် ကတ္တဝါကြီးတွေ အကြောင်း၊ မြန်မာပြည်က ကြက်တူရွေး အစိမ်းလေးတွေနဲ့ ယှဉ်ပြီး ပြောပြနေတဲ့ ပုံကိုလည်း မြင်ယောင် ကြည့်မိတယ်။

နောက်တော့ ဒုတိယ ကမ္ဘာစစ်ဖြစ် ဂျပန် ဝင်လာတဲ့အခါ သူတို့မိသားစု အိန္ဒိယကို စစ်ပြေးတဲ့ အကြောင်းတွေ သာသနာပြုကျောင်း ဆရာမတွေက သွေးနှော ကလေးမလေးကို နှိမ်ပုံ၊ အရက်ခွဲ ပုံတွေ၊ ပြန်ရွဲ့လို့ ကျောင်းက အထုတ်ခံရပုံတွေ။ ဂျပန်တွေ ပြန်ထွက်သွားတော့ ၁၄ နှစ် သမီး မှာ မိသားစုလိုက် ဗမာပြည် ပြန်လာကြပြီး မေမြို့မှာ အခြေချ နေထိုင်တာတွေ စတဲ့ အကြောင်းတွေကို တခြား စာအုပ်တွေထဲက အချက်အလက်တွေနဲ့ အစီစဉ်တကျ တွဲစပ်ပြီး တင်ပြထားပုံက စာရေးသူဟာ June Rose တည်ခင်းတဲ့ အထူး စပါယ်ရှယ် ယုန်သဲချေ အစာသွပ်ဟင်းထက် သူမ အကြောင်းတွေကိုသာ စိတ်ဝင်စားနေခဲ့လို့သာပေါ့။

သူမရဲ့ ယောက်ျားဆန်ပုံ သွက်လက်ချက်ခြာပုံ အကြောင်း မိသားစုပိုင် ကားစုတ်ကလေးကို ကိုယ်တိုင် အင်ဂျင်နှိုးပုံကို မြင်ခဲ့ရတဲ့ မိသားစု မိတ်ဆွေ တယောက်ရဲ့ မှတ်တမ်း အပိုင်းအစလေး ကိုလည်း ထည့်ရေးထားသေးတယ်။ နောက်တခါ ဗမာပြည်မှာ စစ်ပြီးခေတ်က ဟိုးလေး တကြော် စိတ်ဝင်စားခဲ့ကြတဲ့ Purple Plain ရုပ်ရှင်မှာ ဟောလိဝုဒ် မင်းသား ဂရေဂရီပတ်နဲ့ တွဲဖက် သရုပ်ဆောင်ဖို့ ဦးစွာ သဘောတူခဲ့သူ ဖြစ်ကြောင်းလည်း သိလိုက်ရတယ်။ အဲဒီ မှာ ဗမာ့ ယဉ်ကျေးမှုနဲ့ မလျော်တဲ့ ထုတ်လုပ်သူဘက်က တောင်းဆိုချက်တွေကြောင့် သူမဘက်က ဖျက်သိမ်းခဲ့တယ်လို့ ဆိုတယ်။ အဲဒီ နောက်မှသာ ဝင်းမင်းသန်းနဲ့ သဘောတူပြီး ရုပ်ရှင်ကို ဆက်လက် ရိုက်ကူးခဲ့တာ ဖြစ်ပါလိမ့်မယ်။

နောက်တော့ အီတာလျံ လူမျိုး WHO ဝန်ထမ်း ဆရာဝန်နဲ့ အိမ်ထောင်ကျရင်း လွတ်လပ်ရေး ရခါစ မြန်မာ့ နိုင်ငံရေး မငြိမ်မသက် လှိုင်းတွေကြား ကွန်မြူနစ်တွေက သူ့ အမျိုးသားကို ပြန်ပေး ဆွဲသွားပုံကိုလည်း ပြန်ပြောင်း ပြောပြထားသေးတယ်။ ပြန်ပေးသမား ကွန်မြူနစ်တွေဟာ ခေတ်ပညာတက် ကျောင်းသားဟောင်းတွေ ဖြစ်တာ၊ သူတို့ မိသားစုကို ကောင်းကောင်း မွန်မွန် ရှင်းပြ ဆက်ဆံခဲ့တာ၊ နောက်တော့ သူ့ အမျိုးသား ပြန်လွတ်လာတဲ့နောက် မြန်မာ အစိုးရကလည်း သူတို့ကို နိုင်ငံက ခွာဖို့ အကြံပေးတာကြောင့် သူ့အမျိုးသား တာဝန်ကျရာ နိုင်ငံရပ်ခြားတွေမှာ လိုက်ပါ နေထိုင်ရင်း အီတလီမှာ အခြေချခဲ့ကြတယ်။

ဦးနေဝင်းနဲ့ ဇာတ်လမ်း စခဲ့ပုံကိုတော့ ခပ်ပါးပါးလေးပဲ ပြောပြထားတယ်။ သူ့ အမျိုးသားနဲ့ ကွာရှင်း ပြတ်စဲလိုက်ပြီး သားလေး ၂ ယောက် နဲ့ အတူ အီတလီမှာပဲ နေထိုင်နေတဲ့ တလျှောက် ၁၉၆၂ ခုနှစ် နောက်ပိုင်း ဦးနေဝင်း လက်ထက်မှာ မြန်မာပြည်ဟာ အထီးကျန် ဆန်လာတာ ဆင်းရဲလာတာ တွေကို မျက်ခြေမပြတ် သိမြင်နေခဲ့ပြီး သူ့ဖခင် မေမြို့မှာ ဆုံးတော့လည်း ခဏတဖြုတ် ပြန်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်တခေါက် သူ့ မိခင် နာမကျန်း ဖြစ်တဲ့ အချိန်မှာတော့ မြန်မာသံရုံးက ဗီဇာ ထုတ်မပေးတော့ဘူး။ အဲဒီမှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဦးနေဝင်းရဲ့ဇနီး ကစ်တီ ဘသန်းနဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်း တကြော ရင်းနှီးခဲ့ဖူးတဲ့ အလျောက် ဦးနေဝင်းဆီကို သံကြိုးရိုက် အကူအညီ တောင်းရာကနေ အဆက်အသွယ် ရခဲ့ပြီး သိပ်မကြာခင် ၁၉၇၆ မှာ လက်ထပ်လိုက်ကြတယ်။ အဲဒီ လက်ထပ်ပွဲက ခပ်ရိုးရိုးသာ ဖြစ်ခဲ့ကြောင်းကိုလည်း ‘It was not one of those lavish things’ လို့ သူမက ဆိုတယ်။

၁၉၇၆ ဒီဇင်ဘာ ၂၅ ရက်နေ့ထုတ် ကြေးမုံ မျက်နှာဖုံးသတင်း

ဦးနေဝင်းက ဘာကြောင့် ရတနာ နတ်မယ်ကို လက်ထပ်ခဲ့သလဲ၊ ရတနာနတ်မယ်လို့ အသိများတဲ့ June Rose ကလည်း ဘာကြောင့် ဦးနေဝင်း ရဲ့ လက်ထပ်ခွင့်ကို လွယ်လွယ် ကူကူ လက်ခံခဲ့သလဲ ဆိုတာ ကာယကံရှင်များသာ အကြောင်းမှန်ကို သိနိုင်မယ် ဖြစ်ပေမယ့် ဒီဆောင်းပါးလေးထဲက သူမရဲ့ စကား တချို့ကတော့ စိတ်ဝင်စားစရာ ကောင်းနေခဲ့တာ အမှန်ပါပဲ။

ဘယ်သူ့ကိုမှ တိုင်တည်ခြင်း မရှိတဲ့ မေးခွန်း ဆန်ဆန် အဖြေ မပါတဲ့ စကားတချို့က ရည်မှန်းထားတာတွေကို ကျမ ဆောင်ရွက်နိုင်ခဲ့သလား၊ တခုခု ပြီးမြောက်ခဲ့သလား တဲ့။

အဲဒီအကြောင်းတွေ ရောက်လာတဲ့ အခါမှာတော့ စိတ်လှုပ်ရှားနေဟန် ရှိတဲ့ June Rose ဟာ နေ့လယ်စာ တည်ခင်းခဲ့တဲ့ ပန်းကန်တွေကို ပန်းကန်ဆေးကန်ထဲ အသံ မြည်အောင် ထည့်လိုက်တယ်။ ဝိုင် အစား ဘီယာတလုံးကို ဆွဲယူလိုက်ရင်း “ဗမာလူမျိုးတွေ ပါးစပ်ဖျားမှာ ချိုချဉ် တခုလို တမြုံ့မြုံ့နဲ့ ပြောကောင်းနေခဲ့မယ့် သူ့ ဇာတ်လမ်း” ကို ရယ်သွမ်းသွေးလိုက်သေးတယ်။

လူတိုင်းလို ကြားဖူးခဲ့တဲ့ အနောက်နိုင်ငံရဲ့ စပိုင်လုပ်လို့ ဦးနေဝင်းက မောင်းထုတ်ခဲ့တယ် ဆိုတဲ့ ကောလာဟလကို မေးတော့ သူမက ရယ်နေခဲ့တယ်။ ဒါပေမဲ့ သူမကို ဦးနေဝင်းက ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်ခဲ့တယ် ဆိုတဲ့ မနှစ်မြို့စရာ ဖြစ်ရပ်ကိုတော့ သူမက နာနာကျင်ကျင် ဝန်ခံပါတယ်။

နောက်တနေ့ ချက်ခြင်းပဲ သူမဟာ စင်းလုံးလေယာဉ် တစင်း နဲ့ မြန်မာပြည်က ထွက်ခွာလာနိုင်ခဲ့တယ်။ လက်ထပ်အပြီး ၅ လ ဆိုတဲ့ အချိန်တိုလေး အတွင်းမှာပဲ လျင်လျင် မြန်မြန် ဖြစ်ပျက်သွားခဲ့တဲ့ အဲဒီ အကြောင်းတွေကို သူမက Sin of Pride လို့ ဆိုခဲ့ပြီး သူမကို မျှော်လင့်ခဲ့တဲ့ လူတွေအတွက် ဘာမှ မဆောင်ရွက်နိုင်ဘဲ အရှုံးနဲ့ သက်သက် ထွက်ခွာခဲ့ရတာ ဖြစ်တယ်လို့ ပြန်ပြောင်း ဖွင့်ဟခဲ့တယ်။

၅ လတာ ကြုံဆုံ ခဲ့ရတဲ့ ဦးနေဝင်းကိုတော့ တကယ့် ဉာဏ်နီ ဉာဏ်နက်နဲ့ အရာရာကို ကြိုးကိုင် ခြယ်လှယ်နိုင်သူကြီး တယောက် လို့သာ မှတ်ချက် ပြုထားတယ်။

“ဦးနေဝင်း နဲ့ ရက် ၁ဝဝ” ဆိုတဲ့ စာအုပ်ဟာ အဲဒီခေတ် သံတမန် လောကမှာ တီးတိုး ရေပန်းစားခဲ့ပေမယ့် အဲဒီ နေ့လယ်မှာတော့ မိဘ ဘိုးဘွားတွေနဲ့ ကြီးပြင်းခဲ့တဲ့ အကြောင်းတွေက လွဲရင် အာဏာရှင်ကြီးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ရေးဖို့ စိတ်ကူး မရှိပါဘူးလို့ သူမက ငြင်းဆို ခဲ့တယ်။

အီတလီမှာ အချက်အပြုတ် သင်တန်းကျောင်း ဖွင့်ထားတဲ့ ရတနာနတ်မယ် သို့မဟုတ် June Rose Bellamy
(ဓာတ်ပုံ - http://www.studiojunebellamy.it/about.html)

လတ်တလောမှာ အီတာလျံနဲ့ အရှေ့တိုင်း အစားအစာ အချက်အပြုတ် သင်တန်းကျောင်းကို ဖွင့်လှစ် ထားပြီး မကြာသေးခင် နှစ်တွေကတော့ သူမရဲ့ အသက်အစိတ် ရှိပြီ ဖြစ်တဲ့ မြေးလေးနဲ့အတူ မြန်မာပြည်ကို ပြန် အလည် ရောက်ခဲ့သေးတယ်လို့ ဆိုတယ်။ မြန်မာပြည်တွင်းက ဆရာဝန်တွေနဲ့ လူမူရေးလုပ်ငန်း တချို့ တွဲဖက် လုပ်ကိုင်နေသလို နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းမှာလည်း ပါဝင် ဆောင်ရွက်နေတဲ့ အကြောင်း သူမရဲ့ ဧည့်ခန်းမှာ တခမ်းတနား ချိတ်ဆွဲထားတဲ့ အဖြူ အမည်း မိသားစုပုံတွေရဲ့ ဘေးက မြန်မာပြည်ကျေးရွာ တခုက ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတခုရဲ့ ရောင်စုံ ဓာတ်ပုံနဲ့ ဆက်စပ် ကြည့်ရင်း တချိန်က ရတနာနတ်မယ် ဆိုတဲ့ ကနောင်မင်းရဲ့ မြစ်တော် အသက် ၇၇ နှစ် အရွယ် အမျိုးသမီးကြီး အကြောင်း တွေးနေမိပါတယ်။ ။

14 July 2009

62 Years ago at 19th July 1947 through the Burmese Journals


ဗိုလ်ချုပ်တို့ ကျဆုံးခဲ့စဉ်က စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများ

လှမြင့် (ရန်ကုန်တက္ကသိုလ်)

ဇူလိုင် ၁၅၊ ၂၀၀၉

လှမြင့် (ရန်ကုန်တက္ကသိုလ်) ရဲ့ "ဗိုလ်ချုပ်တို့ ကျဆုံးခဲ့စဉ်က စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများ" ပြန်ပြောင်း ရှာဖွေ ဖော်ထုတ်မှုကို ချင်းတွင်း၊ မဂ္ဂဇင်း အမှတ် (၄ဝ)၊ ဇူလိုင်လ၊ ၂ဝဝ၉ ခု ထုတ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။


၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အာဇာနည် ခေါင်းဆောင်ကြီးများသည် နယ်ချဲ့တို့၏ သွေးခွဲ သပ်လျှိုမှု၊ အသားထဲမှ လောက်တွယ်မှု ဖြစ်ရပ်ဆိုးတို့ကို အရင်းခံလျက် ရေတိမ် နစ်ခဲ့ကြရသည့် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ရသော ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ သမိုင်းဖြစ်ရပ်ဆိုး အခြေအနေများကို ထိုအချိန်က ထုတ်ဝေခဲ့သော စာနယ်ဇင်းများတွင် သမိုင်းမှတ်တမ်းတင် ရေးသား ဖော်ပြခဲ့ကြ၏။ ထိုသမိုင်းဝင် မှတ်တမ်းသဖွယ် ဖြစ်သော စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများကို လက်လှမ်းမီသမျှ ရှာဖွေဖော်ထုတ် ကောက်နှုတ် တင်ပြလိုပါသည်။


ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ပြီးနောက် တပတ် အကြာတွင် ထုတ်ဝေသော ဂျာနယ်ကျော် (အုပ်တွဲသစ် ၉၊ အမှတ် ၆) ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက် စာစောင်တွင် ဂျာနယ်ကျော် မမလေးသည် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ရသည့် နေ့ရက်နှင့် သူ၏ ခံစားရမှု အထွေထွေကို နှိုင်းယှဉ်၍ 'လဆန်း ၂ ရက်နေ့' ဆောင်းပါးကို ဝမ်းနည်း ကြေကွဲစွာ ရေးသား မှတ်တမ်းတင်ခဲ့သည်။


'လဆန်း ၂ ရက်နေ့' ဆောင်းပါးတွင်၊ လဆန်း ၂ ရက်နေ့တိုင်း ကျမ တသက်ပန် အဖို့ စိတ်နှလုံး ထိခိုက်သော နေ့ဖြစ်၍ ဤလဆန်း ၂ ရက်နေ့ထက် ဗျာပါမီး တောက်ရသည့်နေ့ကား ကျမ တသက်လုံး မရှိနိုင်။ ဂျာနယ်ကျော် ဦးချစ်မောင်၊ ဗိုလ်အောင်ကျော်တို့သည် လဆန်း ၂ ရက်နေ့တွင် ကွယ်လွန်ခဲ့ကြသည် ဟူ၍ အစချီလျက် ၁၉၃ဝ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်နေ့ ဗိုလ်ချုပ်တို့ ကျဆုံးမှုအတွက် ဝမ်းနည်းမဆုံး ဖြစ်ရမှုကို …


"မြန်မာပြည် လွတ်လပ်ရေး မရမီ သူ့တို့တတွေ ကွယ်လွန်သည်မှာ အသည်းနာဖို့ အလွန်ကောင်းလေသည်။ သူတို့သည် သူ့တို့ မသေခင် ကျမတို့အား လွတ်လပ်သော လူမျိုးတမျိုး မဖြစ်ကြသေးကြောင်းကို လည်းကောင်း၊ မြန်မာပြည်တွင် ကိုယ်တယောက်တည်း အတွက် သုခရှာ၍ မဖြစ်နိုင်ဘဲ လွတ်လပ်ရေး သုခကြီးကို တမျိုးလုံး တညီတညွတ်တည်း ရှာယူကြဖို့ရာ လည်ကောင်း နှိုးဆော်သင်ကြား လမ်းပြ ပေးသွားကြသည်။"


၁၉၄၉ ခုနှစ်၊ သြဂုတ်လ ၉ ရက် ( ၁၃ဝ၉ ခုနှစ်၊ ဝါခေါင်လဆုတ် ၈ ရက်)နေ့ထုတ် ဂျာနယ်ကျော်အုပ်တွဲသစ် ၉ အမှတ် ၈ တွင် ဆောင်းပါးရှင် ဂျာနယ်ကျော်အဖွဲ့ဝင် ဦးအုန်းမြင့်သည် 'သူ့အကြောင်း ကျနော် မှတ်မိ သိရှိရသမျှ' ဟူသော အမည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝမှ စတင်ကာ ကျဆုံး အချိန်အထိ ဖြစ်ရပ်များကို အသေးစိတ် မှတ်တမ်းတင်ခဲ့သည်။


ဆောင်းပါးရှင် ဦးအုန်းမြင့်သည် သခင် ဘဝကပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြောမနာ၊ ဆိုမနာ မိတ်ဆွေရင်း ဖြစ်သည်။ ဗိုလ်ချုပ် ကိုယ်တိုင်ပင် "ကျုပ်အကြောင်းကို သူတို့ နှစ်ယောက် (ဦးအုန်းမြင့်နှင့် သခင်တင်ဦး) သာ ကောင်းကောင်းသိတယ်" ဟု ပြောဆိုခဲ့ဖူးသည်။ ဦးအုန်းမြင့်၏ ဆောင်းပါးတွင်၊ …


"ဗိုလ်ချုပ် ကွယ်လွန်ပြီဟု ပြောသံကြားရသည်နှင့် တပြိုင်နက် ကျနော်၏ အနီးတွင် ကပ်၍ ဗုံးကျပြီး ပြင်းထန်စွာ မြည်ဟိန်း ပေါက်ကွဲကာ မီးခိုးလုံးတွေ ပိတ်ဖုံး မှောင်မည်း သွားသကဲ့သို့ ထင်မှတ် လိုက်မိတော့သည်။ လျှပ်တပြက်ခန့် လုံးလုံးသတိလစ်ကာ လေဟာပြင်ကြီးကဲ့သို့ ရှိနေရာမှ တဖြည်းဖြည်းပင် တရေးရေး ထင်မြင် ပေါ်ပေါက်လာသည်မှာကား ယခင် နှစ်ပေါင်း အတော်ကြာမှ ယခုအထိ ဗိုလ်ချုပ်နှင့် အတူ နေထိုင် လုပ်ကိုင် စားသောက် သွားလာ ပြောဆိုရပုံများပင် ဖြစ်ပေသည်" စသည်ဖြင့် ရေးသား ဖော်ပြထားသည်။


၁၉၄၇ ခုနှစ်၊ သြဂုတ် ၂၃ ရက်နေ့ထုတ် ဂျာနယ်ကျော် အုပ်တွဲသစ် (၉)၊ အမှတ် (၁ဝ) တွင် သခင်ဗအေး (သူရဲ) သည် 'ကျနော် သိသော ဗိုလ်ချုပ်' ဆောင်းပါးကို ရေးသားခဲ့သည်။ သခင်ဗအေးသည် ဗိုလ်ချုပ်နှင့် ကျောင်းသား ဘဝကပင် သိခဲ့သည်။ သခင် ဘဝနှင့် အင်္ဂလိပ်ကို တော်လှန်စဉ် အခါက လည်ကောင်း၊ ဂျပန်ကို တော်လှန်စဉ် အခါက လည်းကောင်း ဗိုလ်ချုပ်ထံ အပါးတော်မြဲ အဖြစ် နှစ်ကြိမ်တိုင်တိုင် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ သူ၏ ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ရောင့်ရဲတတ်မှု၊ အာရုံဝင်စား ပြင်းထန်မှုတို့ကို …


"စာအလွန်ဖတ်သူ ဖြစ်သည်။ တခါတရံ နောက်ဖေးသွားစဉ် နောက်ဖေးသွားရင်း စာဖတ်နေရာ နာရီဝက်ကျော်ကြာ သဖြင့် ခေါ်ယူရ၏။ ထမင်းကိုလည်း အမှတ်တရ မရှိ၊ စားချိန်တွင် ခေါ်ယူ ကွေ္ဆးရ၏။ မုန့်ပဲသရေစာကို စားရန် ကောင်းစွာ ဂရုမစိုက်။ ရေကိုလည်း အတွင် ချိုးစေရ၏" ဟူ၍ ဖော်ပြထားသည်။


ဗိုလ်ချုပ်တို့ ကျဆုံးချိန်တွင် ရှုမဝ ရုပ်စုံမဂ္ဂဇင်း စတင် ပေါ်ထွက်စ အချိန် ဖြစ်သည်။ ရှုမဝ ရုပ်စုံ မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၃)၊ ၁၉၄၇ ခုနှစ်၊ သြဂုတ်လထုတ်တွင် ဝမ်းနည်းသည့် သဝဏ်လွှာနှင့် ကဗျာများကို ထည့်သွင်း ဖော်ပြခဲ့သည်။ 'သဝဏ်လွှာ' တွင် ဝမ်းနည်းသည့် အထိမ်းအမှတ် အဖြစ် အတွဲ (၁)၊ အမှတ် (၃)၊ သြဂုတ်လထုတ် မဂ္ဂဇင်းကို မထုတ်ဝေသင့်ကြောင်းကို၊


"တကယ်ဆိုလျှင် ယခုလ ရှုမဝ မဂ္ဂဇင်း ထုတ်ဝေခြင်းငှာ မသင့်ပါပေ။ အကယ်တည့် လွန်ခဲ့သော ဇူလိုင်လ ၁၉ ရက်နေ့တွင် ရှုမဝ စာမျက်နှာ ၇ မှ ၁ဝဝ အထိ ရိုက်ပြီးသား မဖြစ်ခဲ့မိလျှင် လည်းကောင်း၊ တတိုင်းပြည်လုံး ယူကျုံးမရ တသဝမ်းနည်း အဖြစ်ကြီး ဖြစ်ရသော နိုင်ငံရေး လုပ်ကြံမှုသည် ဇူလိုင် ၁၉ ရက်ထက် စောလျက် လဆန်းစ ၃၊ ၄ ရက် အတွင်း ဖြစ်ပွားခဲ့ပါလျှင် လည်းကောင်း ရှုမဝ အမှတ် (၃) သည် မည်သည့်နည်းနှင့်မျှ ထုတ်လာနိုင်မည် မဟုတ်ချေ" ဟူ၍ ဖော်ပြခဲ့သည်။


ဆက်လက်၍ ဗိုလ်ချုပ်တို့ ကျဆုံးသည်ဟု ကြားသိရသော အခါ ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှု ခံစားရချက်တို့ကိုလည်း၊


"ဤအချိန်မှာ က္ဆွန်ုပ်တို့ နံနက် ထမင်း စားနေဆဲ ဖြစ်ကြသည်။ ဤသတင်းကို ကြားလျှင်ကြားချင်း အလျဉ်းပင် မယုံကြည်ကြ၊ မယုံနိုင်ကြ၊ ယုံလည်း မယုံချင်ကြ၊ မယုံကြဘူး ဟူ၍သာ ဆိုရသည်။ တဝိုင်းလုံး တုန်လှုပ် ချောက်ချား နေကြသည်။ အံ့သြ ဝမ်းနည်း ယူကျုံးမရကြီး ဖြစ်နေကြသည်။ ထမင်းပင် ဆက်မစားနိုင်ကြ။ ဆေးရုံ ပြေးသူပြေး၊ သတင်းစာတိုက် သွားသူသွား၊ တတိုက်လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့သည်။

ညနေ သတင်းစာများ ထွက်လာသော အခါ၌ကား ကျွန်ုပ်တို့ လက်ခံနိုင်၍လည်း မရ။ မယုံနိုင်၍လည်း မဖြစ်။ ဝမ်းနည်း ဝမ်းနည်း ယူကျုံးမရ ကြီးစွာဖြင့်သာ လက်ခံ ယုံကြည် လိုက်ကြရတော့သည်။ ဗမာတိုင်းလိုလိုပင် ဤနည်းနှင်နှင် ဖြစ်ပျက်ကြမည်ကား မလွဲ။"


၁၉၄၇ ခုနှစ်၊ သြဂုတ်လထုတ် ဒဂုန်မဂ္ဂဇင်း အုပ်တွဲ (၂၁)၊ အမှတ် (၈) တွင် ဒဂုန်ဦးစန်းငွေ၏ 'ခေါင်းဆောင်ကြီးများအား မည်သို့ ကျေးဇူး ဆပ်မည်နည်း'၊ မောင်မောင်ကြွက်၏ 'ကလောင်စက်'၊ ရန်ကုန်ခင်ဆွေ၏ 'ဗိုလ်ချုပ်အောင်ဆန်း ဆောင်းပါးများနှင့်'၊ 'ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများအတွက် ကုသိုလ်ဆွမ်းသွတ် လွမ်းဆွတ် ကြေကွဲခြင်း လေးချိုးလတ် ငိုချင်း' စသည်တို့ဖြင့် အမှတ်တရ ထုတ်ဝေခဲ့သည်။


ဒဂုန် ဦးစန်းငွေ၏ 'ခေါင်းဆောင်ကြီးများအား မည်သို့ ကျေးဇူးဆပ်မည်နည်း' ဆောင်းပါးတွင်


"မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်နေ့ ဟူသော ဂဏန်းကွက်သည် မြန်မာ တိုင်းရင်းသားတို့ အတွက် စိတ်လက်ညစ်နွမ်း ဝမ်းနည်းမဆုံး ကြိမ်မီးအုံးသကဲ့သို့ ယူကျုံးမရ ဖြစ်စေသော အမင်္ဂလာနေ့ကြီး ဖြစ်ပေသည်။

လူတို့ မည်သည်မှာ မိမိတို့ အားကိုးပြုရာ မေရုမြင်းမိုရ်တောင်ကြီး ပြိုကွဲ ယိုင်လဲရှာခြင်း အတွက် ပွက်ပွက်ဆူမျှ ပူလောင်ကြမြဲ ဖြစ်သော်လည်း ဤသို့ ပူဆွေးလောင်ကျွမ်း ဝမ်းနည်းမပြေ ဖြစ်နေရုံမျှဖြင့် ကွယ်လွန်ရှာသူတို့အား လွမ်းရာကျမည် မဟုတ်။ သူတို့၏ လုပ်ငန်းများကို ဆက်လက် အမွေခံကာ လုပ်ကိုင် ကျင့်ကြံခြင်းသည်သာလျှင် စစ်စစ် လွမ်းရာရောက်မည် ဖြစ်လေသည်။

သို့ဖြစ်၍ ဗိုလ်ချုပ် အမှူးရှိသော ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်ကြေကွဲ ဝမ်းနည်းမဆုံး စိတ်နှလုံး ပူဆွေး နေကြရရုံမျှနှင့် အချိန်မကုန်စေကြကုန်ဘဲ ခေါင်းဆောင်ကြီးများအား တကယ်တမ်း လွမ်းဆွတ်ရာ ရောက်ကြလေအောင် လမ်းပြခဲ့သည့် ခရီးစဉ်ကို ဖြောင့်ဖြောင့်တန်းတန်း လိုက်ကြခြင်းဖြင့် ကွယ်လွန်သူ ခေါင်းဆောင်ကြီးများ၏ ကြီးမားလှသော ကျေးဇူးတရားများကို အသီးသီး ပေးဆပ်တော်မူ နိုင်ကြပါစေသတည်း" ဟူ၍ သတိပေး နှိုးဆော် ရေးသားခဲ့သည်။


၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် သတင်းစုံဂျာနယ် အုပ်တွဲ (၂)၊ အမှတ် (၂၃) ၏ ခေါင်းကြီးပိုင်းတွင် 'မိခင်မျက်မှောက်၊ မြန်ပြည်အောက်မှ၊ ကွယ်ပျောက်ခဲ့ပြီ၊ အာဇာနည်' ဟူသော ခေါင်းစီးဖြင့် ဗိုလ်ချုပ်တို့၏ ကျဆုံးမှုနှင့် ပြည်သူတို့၏ ခံစားရမှုများကို မှတ်တမ်းတင်ခဲ့သည်။ 'ဂျူဗလီဟောတွင် ဤသို့ပင်' ဆောင်းပါးတွင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်များ ပြင်ဆင်ထားမှုကို


"ဗိုလ်ချုပ် အလောင်းနှင့် ခုတင်ကား ရှေ့ဆုံးတွင် ရှိနေ၏။ စင်မြင့်ပေါ်မှ မြင်ရသည်မှာ လက်ဝဲမှ လက်ယာသို့ ၁) အိုင်စီအက် ဦးအုန်းမောင် (တော်လှန်ရေးအလံ လွှမ်းထားသည်)၊ ၂) မိုင်းပွန်စော်ဘွား (အဖြူ၊ အစိမ်း၊ အဝါ၊ အလယ် အဖြူလုံး အမှတ်အသား အလံ လွှမ်းထားသည်)၊ ၃) ဦးဘချို (တောင်လှန်ရေးအလံ လွှမ်းထားသည်)၊ ၄) ဦးဘဝင်း (တော်လှန်ရေးအလံ လွှမ်းထားသည်)၊ ၅) သခင်မြ (ဥဒေါင်းရုပ်ပါသည့် ဆိုရှယ်လစ်အလံ)၊ ၆) မန်းဘခိုင် (အဖြူ၊ အပြာရင့်နှင့် အနီပါသောထောင့်၌ ဖားစည်တံဆိပ်နှင့် အလံ)၊ ၇) ဆရာကြီး ဦးရာဇတ် (ခေါင်းအလွတ် စတိသာ ပြင်ထားသည်)၊ ၈) ကိုထွေး (အလောင်းနှင့် ခေါင်းမရှိ ခုတင်သာ ရှိသည်) အားလုံးသော ခေါင်းများပေါ်တွင် ပန်းခွေနှင့် အမည် စာကဒ်ကလေးများရှိလျက် ပန်းရောင် ခေါင်းအုံး တလုံးစီနှင့် သစ္စာပန်းများ တင်ထားသည်" ဟူ၍ မှတ်တမ်းတင်ခဲ့သည်။


အယ်ဒီတာ အာဘော် အခန်းတွင် ခေါင်းဆောင်ကြီးများ မကျဆုံးမီ တရက်အလို ဇူလိုင်လ ၁၈ ရက် သောကြာနေ့တွင် မြန်မာ့အလင်း၊ စီးပွားရေး၊ ဟံသာဝတီရှေ့ဆောင် သတင်းစာတိုက်များမှ အယ်ဒီတာတို့ကို ဒီဒုတ် ဦးဘချို ပြောကြားခဲ့သည့်


"ပထမ ဘရင်းဂန်း ၂ဝဝ၊ ဒုတိယ စတင်းဂန်း ၁,ဝဝဝ၊ ပျောက်ဆုံးတဲ့ လက်နက်တွေဟာ တကယ်တော့ ဖဆပလကို တိုက်ဖျက်ပြီး ကျုပ်တို့တတွေကို သတ်ဖို့ပဲ။ ဒါပေမဲ့ တိုင်းပြည်အတွက် ရိုးရိုးသားသား လုပ်နေတဲ့ ကျုပ်တို့တတွေဟာ အကာအကွယ်တော့ ယူဖို့ မလိုပါဘူး။ သတ်ရင်လည်း သေရုံပေါ့။ ခင်ဗျားတို့ကသာ တိုင်းပြည်ကြီး မမှောက်မှားရအောင် ထိန်းထိန်းအုပ်အုပ် ရေးကြပါ" ဟူသော နောက်ဆုံး စကားဖြင့် လွမ်းဆွတ်ဖွယ် ရေးသားထားသည်။


၁၉၄၇ ခုနှစ်၊ သတင်းစုံဂျာနယ် အတွဲ (၂)၊ အမှတ် (၂၆)၊ အထူးထုတ် သတင်းစုံ အချပ်ပိုတွင် ဗိုလ်ချုပ်အောင်ဆန်းအား တိုင်းရင်းသား တောင်တန်းသားများ၏ ချစ်ခင်မှု၊ လေးစားမှု၊ အားကိုးမှု၊ စေတနာထားမှုများကို 'လွမ်းစချင့်ဖွယ်၊ တောင်တန်းနယ်က၊ ဘယ်ဝယ်ရော်ရမ်း၊ ဦးအောင်ဆန်း၊ မျှော်မှန်းချင့်တွေး၊ သွေးနှင့်ရေးသည့် သူတို့ပေးစာ၊ သဝဏ်လွှာကား' ဟူသော ခေါင်းစဉ်ရှည်နှင့် ဝင်းလဲ့ကြည် နတ်မောက်မြို့၏


"တောင်တန်းနယ်သူ၊ နယ်သားများသည် ကျွန်သက်ရှည်ရေး အဖြစ်မှ ကယ်တင်ခဲ့သော ဗိုလ်ချုပ်အား ၎င်း၏ လုပ်ငန်းစဉ်ကို လိုက်ရုံမျှမက ပုဂ္ဂိုလ်စွဲ အားဖြင့်လည်း ခင်မင် နေကြလေ၏။ ယခု ရက်တာရှည်စွာ မနေနိုင်သေးသော်လည်း ဗိုလ်ချုပ်က လွတ်လပ်ရေး ရပြီးနောက် တောင်တန်းနယ်တွင် စိတ်အေးလက်အေး လာ၍ နေပါမည် အကြောင်းနှင့် ပြုံးပြုံးရယ်ရယ် ပြန်ပြောသည့် အခါ ဗိုလ်ချုပ် ပြောသည့် စကားများကို တောင်တန်း နယ်သားများသည် ယခုတိုင် ကြားယောင်လျက် ရှိကြောင်း" စသည်ဖြင့် မှတ်တမ်းတင် ရေးသားခဲ့သည်။


ဗိုလ်ချုပ်တို့ ကျဆုံးချိန်တွင် ထုတ်ဝေခဲ့သော စာနယ်ဇင်းများမှာ အရေအတွက်အားဖြင့် အမြောက်အမြား ရှိနေသည်။ စာ-နယ်-ဇင်း အားလုံးတွင် ဗိုလ်ချုပ်နှင့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရခြင်းကို ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ခေါင်းကြီးတို့ဖြင့် ကြေကွဲ ဝမ်းနည်းစွာ မှတ်တမ်းတင် ဖော်ပြခဲ့ကြသည်။ စာ-နယ်-ဇင်းတိုင်း ခေတ်သမိုင်း ဟူသော ဆိုရိုးနှင့် အညီ နယ်ချဲ့တို့၏ ပယောဂ သွေးထိုး သပ်လျှို လှုံ့ဆော်မှုကို နားယောင်၊ နာခံ ဆောင်ရွက်မှုကြောင့် မြန်မာ့ အာဇာနည်များနှင့် မြန်မာနိုင်ငံ၏ ရေတိမ်နစ်ခဲ့ရသော သမိုင်း သင်ခန်းစာ ပေးနေသည့် ဖြစ်ရပ်ကို အသိနှင့် သတိ ယှဉ်နိုင်စေရန် ဗိုလ်ချုပ်တို့ ကျဆုံးစဉ်က စာ-နယ်-ဇင်း မှတ်တမ်းတင်ခဲ့မှုများမှ လက်လှမ်းမီသမျှ၊ ကြိုးစားရှာဖွေ တင်ပြခြင်း ဖြစ်ပါသည်။


ပုံစာ - ၁၉၄၇ ခု၊ ခေါင်းဆောင်ကြီးများ၏ ဈာပန အခမ်းအနားကို ဂျူဘလီဟော၌ ပြင်ဆင်ထားပုံနှင့် ယနေ့ အာဇာနည်ဗိမာန် (ပေါ်)၊ ၁၉၄၈ မေ ၈ အရုဏ်တက်ချိန်၊ အင်းစိန်ထောင်၌ ယုတ်မာ ညစ်ထေးသည့် အမျိုးသား သစ္စာဖောက် ဂဠုန်စောအား ကြိုးပေးရန် ပြင်နေစဉ်နှင့် မိုက်ရူးရဲ နောက်လိုက်များ (အောက်)။


စာကြွင်း - အီး စာမူအဖြစ် မြန်မာအိုင်အက်စ်ပီက ယူပါတယ်။