ပုဂံမြို့ဟောင်းက ရှေးဟောင်းဘုရားစေတီများ (၂)
မြန်မာပုံ ဂူဘုရားများ
ရန်ဝင်း (တောင်တံခါး)
အောက်တိုဘာ ၁၈၊ ၂၀၁၀
မြန်မာပုံ ဂူဘုရားများ
ရန်ဝင်း (တောင်တံခါး)
အောက်တိုဘာ ၁၈၊ ၂၀၁၀
ပါဠိဘာသာ ဂူဟ ကတဆင့် ဂူ ဆိုတဲ့ဝေါဟာရဖြစ်လာပြီး၊ ပုဂံခေတ်ကျောက်စာတွေမှာ ကူ၊ ကူပုရှာ (ဂူ၊ ဂူဘုရား) လို့ရေးထိုးတတ်တဲ့ လိုဏ်ဂူပါ ပုဂံကရှေးဟောင်းဘုရားတွေကို ပုံစံအလိုက် အခေါ်ရလွယ်ကူအောင် မွန်ပုံဂူဘုရားနဲ့ မြန်မာပုံဂူဘုရား လို့ သမိုင်းသုတေသီ ဆရာကြီးတွေက အမည်ပေးခဲ့ပါတယ်။
မွန်ပုံဂူဘုရားတွေမှာ အတွင်းနံရံတွေက နံရံဆေးရေးပန်းချီကမ္ပည်းစာတွေကို မွန်စာနဲ့ ကမ္ပည်းစာတွေကို ရေးထိုးသလိုပဲ၊ မြန်မာပုံဂူဘုရားတွေမှာ မြန်မာစာသုံးပြီး ရေးထိုးတယ်။ ဒါကြောင့်ပဲ အဲဒီမြန်မာစာရှိတဲ့ ဂူဘုရားပုံစံတွေကို မြန်မာပုံဂူဘုရားတွေလို့ အမည်ပေးလိုက်ကြတယ်။
မွန်ပုံဂူဘုရားတွေက တည်ငြိမ်ဝပ်စင်းတဲ့ အလျားလိုက်မျဉ်းလဲပုံသဏ္ဌန်ကိုဆောင်ပြီး မြန်မာပုံ ဂူဘုရားတွေက အထက်ကို စွင့်စွင့် မြင့်တက်နေတဲ့ ထောင်လိုက်မျဉ်းမတ်ပုံသဏ္ဌန်ကို ဆောင်ပါတယ်။ ပုဂံမြို့ဟောင်းမှာတွေ့ရှိရတဲ့ ဂူဘုရားတွေထဲမှာ မွန်ပုံဂူဘုရားတွေက မြန်မာပုံဂူဘုရားတွေထက် ပိုပြီး ရှေးကျပါတယ်။ ရှေးဦးပိုကျတဲ့ ၁၁ ရာစုနဲ့ ၁၂ ရာစု စောစောပိုင်းမှာတည်တဲ့ မွန်ပုံဂူဘုရားတွေကို အခြေခံပြီးမှ နောက်ထပ်တည်ဆောက်လာခဲ့ကြတဲ့ ဂူဘုရားပုံစံပြောင်းလဲလာပုံတွေကိုလည်း ဆက်လက် လေ့လာရပါမယ်။
ရှေးဦးမြန်မာပုံဂူဘုရားတွေမှာတော့ တထပ်ပဲရှိသေးတယ်။ မွန်ပုံဂူဘုရားတွေရဲ့ လက္ခဏာတရပ် ဖြစ်တဲ့ ကျောက်ထွင်းဇာ ပြူတင်းပေါက်မျိုးတွေရှိနေဆဲဖြစ်ပေမယ့် ဂူအတွင်းမှာ အလင်းရောင်အဝင် နည်းတဲ့ မှုန်မှုန်မွှားမွှားမှောင်ပတ်လမ်းတွေ မဟုတ်တော့ပဲ အလင်းရောင်နဲ့ လေအဝင်အထွက်တွေ ပိုပြီး ကောင်းလာတယ်။ မြန်မာပုံဂူဘုရားတွေရဲ့ ပန္နက်ပုံတွေကိုကြည့်ရင် လေးဖက်လေးတန်က အာရုံခံမုခ်ဦးတွေ၊ လေနဲ့အလင်းရောင်ရဖို့ အလေးထားကြောင်း တွေ့ရပါမယ်။ မြန်မာပုံဂူဘုရားတွေမှာ ဂူအမိုးကိုလည်းမြှင့်လိုက်တယ်။ မွန်ပုံဂူဘုရားတွေမှာတွေ့ရလေ့ရှိတဲ့ တဖက်လျှော အမိုးခုံးအစား ပစ္စယံအဆင့်ဆင့်တွေ ဖြစ်လာတယ်။ ၁၂ ရာစု နောက်ပိုင်းမှာတော့ နှစ်ထပ် ဂူဘုရားအမြင့်ကြီးတွေကိုပါ တည်ဆောက်လာတယ်။
ပုံစံတူမရှိတဲ့အပြင်၊ စိတ်ဝင်စားစရာတွေများလို့ သီးခြားဖော်ပြရမယ့် ဂူဘုရားတဆူကတော့ မနူဟာဂူဘုရား (၁၂၄ဝ/၅၇၅) ဖြစ်ပါတယ်။ မနူဟာ (မကုတ) ဘုရင်ကြီးကောင်းမှုလို့ အစဉ်အဆက် ယုံကြည်ရေးသားလေ့ရှိတယ်။ အပြင်ကကြည့်ရင် နှစ်ထပ်ဂူနဲ့တူနေပေမယ့် တထပ်ဂူအမျိုးအစားပါ။ ဂူအထက်မှာ စေတီငယ် ၃၆ ဆူနဲ့ ပင်မစေတီကြီးတဆူ ရှိတယ်။ ထုံးဖွေးဖွေးနဲ့ တဆူလုံး အသစ်လို ဖြစ်နေပါတယ်။ မူလပုဂံခေတ်လက်ရာ ဘယ်လောက်အထိ ကျန်နေသေးသလဲဆိုတာကိုတော့ မှန်းဆရတာ ခက်ခဲပါတယ်။
အရွယ်အစားကြီးမားတဲ့ ဗုဒ္ဓဆင်းတုတော်ကြီးတွေကို နေရာရနိုင်သမျှရအောင် ထည့်ပြီး တည်ဆောက်ထားလို့ မြင်ရသူတွေက စိတ်ကျဉ်းကျပ်တာကို ခံစားရတယ်လို့ ပြောတတ်ကြတယ်။ မူလရည်ရွယ်ချက်ကိုတော့ အတိအကျ မသိနိုင်ပါ။ ကြီးမားတဲ့သဒ္ဓါတရားကို ဖော်ပြချင်တာလည်း ဖြစ်နိုင်ပါတယ်။ မူလကတည်းကပဲ လက်ရှိအရွယ်အစားတွေအတိုင်း တည်ခဲ့တာဖြစ်နိုင်စရာရှိပေမယ့် ခေတ်အဆက်ဆက်မှာ အပြုအပြင်တွေများခဲ့လှပြီဆိုတာကိုလည်း သတိပြုမိစရာပါ။ တွေ့ရတဲ့ ကျောက်စာကလည်း နောက်ထိုးကျောက်စာဖြစ်နေတယ်။ ပုဂံခေတ်နောက် နှစ်ပေါင်းများစွာကြာပြီးမှ ရေးခဲ့တဲ့ရာဇဝင်တွေကို ကိုးကားလို့ ခံစားရေးသားကြတာတွေလည်း ရှိပါတယ်။
အစောဆုံး မြန်မာပုံဂူဘုရားတွေထဲမှာပါနိုင်တာကတော့ မြေပုံသာဘုရားလှလို့ အမှတ်မှားပြီး ခေါ်လေ့ရှိကြတဲ့ လောကမုနိမြေဘုံသာဂူဘုရား (၁၅၁၂/၈၂၅) ဖြစ်ပါတယ်။ ပုဂံခေတ်မှာ ဂူဘုရားနဲ့ စေတီကို တွဲပြီးတည်တဲ့အလေ့အထရှိပါတယ်။ တခေတ်ထည်း၊ တပြိုင်ထည်းတည်တာဖြစ်နိုင်တဲ့ မြေပေါက်စေတီတဆူကိုပါ လောကမုနိမြေဘုံသာ ဂူဘုရားနဲ့ ကပ်လျက်တွေ့နိုင်တယ်။ မှတ်သားစရာ ကတော့ အသစ်ဖြည့်မပြုပြင်ခင်တုန်းက လောကမုနိမြေဘုံသာဂူဘုရား ကွမ်းထောင်ရဲ့အထက်က အထွတ်စေတီနဲ့ မုခ်ပေါက်အထက်က စေတီငယ်တို့မှာ မူလပုဂံခေတ်လက်ရာ အတော်များများ ကျန်နေသေးတာကိုပါပဲ။ ပုဂံခေတ်ပေါ်တော်မူ ကြာဖူးပုံဘုရားက စေတီပုံမျိုးဖြစ်ကြောင်း တွေ့ရပါတယ်။
မြန်မာပုံဂူဘုရားပုံစံတွေထဲမှာ တထပ်ဂူဘုရား အငယ်စား၊ အလတ်စား နဲ့ နှစ်ထပ်ဂူတွေမှာလည်း အလတ်စားနဲ့ အကြီးစားတွေရှိပါတယ်။ အတွေ့ရအများဆုံး ပုံစံဆင်တူအုပ်စုတွေမှာ ထည့်သွင်း ထားပေမယ့် အသေးစိတ်တည်ဆောက်ပုံ လက်ရာတွေမှာ တဆူနဲ့တဆူ ချွတ်စွပ်တူတာမျိုးမရှိပါ။
မြန်မာပုံဂူဘုရားပုံစံတွေထဲမှာ တထပ်ဂူဘုရား၊ ကွမ်းထောင်ပေါက် အမျိုးအစားဖြစ်တဲ့ ရွှေဂူကြီး ဂူဘုရား (၁၅၈၉/၉ဝ၁-က)၊ သကျမုနိ (၁၄၇/၁၁၈)၊ လောကထိပ်ပန်း (၁၅၈ဝ/၈၉၂)၊ မြင်းကပါ ဂူပြောက်ငယ် (၁၃၉၁/၇၁ဝ)၊ စိမ်းညက်အမ (၁ဝ၈၅/၄၅၇)၊ သမ္ဗူလ (သုံးလူလ) (၄၈၂/၈၁)၊ သိမ္မစည်း ဂူဘုရား (၁၄၇၁/၇၈၄)။ မဟာဗောဓိပုံစံကွမ်းထောင်ပေါက် ဂူဘုရားအမျိုးအစားတွေမှာ ပါဝင်တာက ဝက်ကြီးအင်းဂူပြောက်ကြီး (၂၉၈/၁၉၇-က)၊ မဟာဗောဓိ (၁၆၇ဝ/၉၇၃)၊ သီရိပစ္စယာဂူပြောက်ဂူဘုရား (ဗိုလ်ချိုမိဂူဘုရား) (၉၉၅/၄၁၅-က)။ စေတီပေါက်အမျိုးအစားဖြစ်တဲ့ ကုန်းတော်ကြီး (၁၅၁/၁၂၂-က)၊ နန္ဒာမညာ (၅၇၇/၃ဝ၆-က) တို့ကို နမူနာအနေနဲ့ ပြရပါမယ်။ ကွမ်းထောင်နဲ့ စေတီပေါက်မဟုတ်ပဲ ထူပါပေါက် ဂူဘုရားတွေလည်း ရှိပါတယ်။
ရွှေဂူဒါယကာ အလောင်းစည်သူ (ပထမစည်သူ)မင်းကြီးရဲ့ ပါဠိဘာသာထိုး ကျောက်စာမှာ ပါတဲ့အတိုင်း မြေပြင်အထက်မှာ စုံ့စုံ့တက်လာတဲ့ သဏ္ဌန်ရှိတာကတော့ ရွှေဂူကြီးဂူဘုရားပါ။ လေးထောင့် အုတ်ခုံကြီးအပေါ်မှာ တည်ထားပါတယ်။ အဲဒီရွှေဂူကြီးဂူဘုရားအထဲမှာပဲ သားအရင်းဖြစ်တဲ့ နရသူရဲ့ လက်ချက်နဲ့ နတ်ရွာစံရှာတယ်လို့ ရာဇဝင်တွေမှာပါရှိတဲ့ ဂူဘုရားဖြစ်တာကြောင့်လည်း ပိုပြီးစိတ်ဝင်စားစရာ ကောင်းပါတယ်။
ဘုရင့်နောင်လက်ထက်မှာ ထိုးတဲ့ကျောက်စာကို ဂူဘုရားရှေ့ခန်းထဲမှာ တွေ့ရတယ်။ ကုန်းဘောင်ခေတ်နဲ့ အမရပူရခေတ်က လုပ်လေ့လုပ်ထရှိတဲ့ မူလလက်ရာကို ဖျက်ပစ်ပြီးပြုပြင်သလိုမျိုး ဘုရင့်နောင်ကမလုပ်ခဲ့ပဲ သေသေသပ်သပ်ပြုပြင်ထားတဲ့ ထောက်အထားတွေလည်း တွေ့ရဖူးတယ်။
အသစ်ဖြည့်စွက်မပြုပြင်ခင်တုန်းက ချောက်ဖလအရပ် သကျမုနိဂူဘုရား ကွမ်းထောင်ရဲ့ အထက်က အထွတ်စေတီမှာလည်း ပေါ်တော်မူကြာဖူးပုံဘုရားက အထွတ်စေတီပုံစံမျိုးဖြစ်တဲ့ မူလ ပုဂံခေတ်လက်ရာ အတော်များများ ကျန်နေသေးတာကို တွေ့ရပါမယ်။
ပုဂံခေတ် နံရံဆေးရေးပန်းချီကို လေ့လာသူတွေအတွက် မရောက်မဖြစ်တဲ့ ဂူဘုရားတဆူကတော့ လောကထိပ်ပန်း ဖြစ်ပါတယ်။ အထွတ်စေတီကို အသစ်မဖြည့်စွက်ခင်တုန်းက ဂူအထက်မှာ ကွမ်းထောင် အထိပဲကျန်ရှိပြီး ရှေးဟောင်းသုတေသနဌာနက ရှေးလက်ရာမပျက် ပြင်ထားတာတွေ ရှိခဲ့ဖူးတယ်။
ပုံစံထူးခြားပြီး ဗုဒ္ဓဂယာက မဟာဗောဓိစေတီကြီးရဲ့ပုံစံမျိုး ကွမ်းထောင်ရှိတဲ့ ဂူဘုရားတဆူကတော့ ဝက်ကြီးအင်းဂူပြောက်ကြီး ဖြစ်ပါတယ်။ အသစ်မဖြည့်စွက်ခင်က အထွတ်စေတီမရှိတော့ပဲ ကွမ်းထောင် အထက်က အရိုင်းပုံအဆင့်တခုပဲ ရှေးလက်ရာ ကျန်တယ်။ ပြတိုက်တွေအတွက် ရှေးဟောင်းပစ္စည်းကို အသည်းအသန်ရှာတဲ့ ဂျာမန်လူမျိုးတစုက ဖျက်ဆီးယူငင်သွားကြလို့ အကောင်းဆုံး ပုဂံခေတ်လက်ရာတွေ ထဲမှာပါတဲ့ နံရံဆေးရေးပန်းချီတွေ ပျက်စီးခဲ့ရတဲ့ ဂူဘုရားပါ။ အဲဒီဖျက်ဆီးတဲ့ သမိုင်းတရားခံတွေကို မောင်းထုတ်နိုင်ခဲ့လို့ ထပ်ပြီးမပျက်စီးအောင် တားဆီးနိုင်ခဲ့ပေမယ့် ပါသွားပြီးခဲ့တာတွေကိုတော့ ပြန်မရခဲ့ပါ။
ပုဂံနယ်က နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဗိုလ်ချို ကို အဲဒီဘုရားထဲမှာ ဖမ်းမိသွားလို့ ရပ်ရွာက ဗိုလ်ချိုမိဘုရားလို့ ခေါ်ကြတဲ့ သီရိပစ္စယာဂူပြောက်ဂူဘုရား၊ (၉၉၅/၄၁၅-က) ကလည်း မဟာဗောဓိပုံစံမျိုး ကွမ်းထောင်ရှိတဲ့ ဂူဘုရားတဆူပါ။
မဟာဗောဓိပုံစံမျိုး ကွမ်းထောင်ရှိတဲ့ ဂူဘုရားတဆူကတော့ မဟာဗောဓိဂူဘုရား (၁၆၇ဝ/၉၇၃) ဖြစ်ပါတယ်။ မူလပုဂံခေတ်လက်ရာ အထွတ်စေတီနဲ့ အရံစေတီငယ်တွေမရှိတော့ပဲ နောက်ခေတ်တွေကျမှ ထပ်ဖြည့်ထားတာကို တွေ့ရပါမယ်။ မူလတုန်းက ဗုဒ္ဓဂယာမှာရှိတဲ့ မဟာဗောဓိစေတီကြီးရဲ့ အထွတ်ပုံစံမျိုး ဖြစ်နိုင်စရာရှိပါတယ်။
ချောက်ဖလအရပ် ကုန်းတော်ကြီးဂူဘုရားမှာတော့ ဂူအထက်မှာ စေတီပေါက်ဖြစ်ပါတယ်။ အထက်ပိုင်းမှာ ထပ်ဖြည့်ဖို့မလိုလောက်အောင်ပဲ မူလပုဂံခေတ်လက်ရာ အပြည့်အစုံနီးပါး ကျန်ပါသေး တယ်။ ကုန်းတော်ကြီးဂူဘုရားနဲ့ခပ်ဆင်ဆင်တူတဲ့ မင်းနန်သူအရပ်က နန္ဒာမညာ (၅၇၇/၃ဝ၆-က) စေတီပေါက်ဂူဘုရားကလည်း ပုဂံခေတ် နံရံဆေးရေးပန်းချီတွေကြောင့် လူသိများတယ်။
ပန္နက်ပုံတွေကိုကြည့်မယ်ဆိုရင်၊ မြန်မာပုံဂူဘုရားပုံစံတွေမှာ အလင်းရောင်နဲ့ လေဝင်လေထွက်ကို အထူးအလေးပေးပြီး ဆောက်တည်ကြောင်း တွေ့ရပါမယ်။
ပုံစံတူ ဂူဘုရားသုံးဆူကို တဆက်တည်းတွဲထားလို့ ဘုရားသုံးဆူ အမည်တွင်တဲ့ ဂူဘုရားတွေကို မင်းနန်သူရပ်မှာ တွေ့ရတယ်။ ထူးခြားတာကတော့ နံရံဆေးရေးပန်းချီတွေပါ။ ဂူဘုရားတွေရဲ့ မျက်နှာစာဖက်ကို မျက်နှာမူလိုက်တဲအခါ ညာဖက်စွန်က အဆူမှာ ပန်းချီအပြီးအစီး ဆွဲထားတယ်။ အလည်ကအဆူမှာ ကောက်ကြောင်းဆွထားတာကို တဝက်တပျက်ဆေးရောင်သွင်းထားပြီး၊ ဘယ်ဘက် အစွန်အဆူမှာတော့ ဘာမှဆွဲထားတာ မတွေ့ရပါ။ တစုံတရာအကြောင်းကြောင့် လက်စမသတ်နိုင်ခဲ့တဲ့ ပုံပါပဲ။ ပုဂံခေတ်နံရံဆေးရေးပန်းချီတွေကို ဘယ်လို အဆင့်ဆင့်ရေးဆွဲတယ်ဆိုတာ လေ့လာရလို့ အင်မတန် တန်ဖိုးရှိပါတယ်။
တထပ်ဂူဘုရားတွေထက်ပိုကြီးတဲ့ အလတ်စားနှစ်ထပ်ဂူဘုရားတွေကို နမူနာအနေနဲ့ပြရရင် နွားပြဂူ(နွားများသင်္ခယာ) (၁၄၉၈/၈၁၁)၊ မီးငြိမ်းကုန်းဂူဘုရား (၁၄၉၉/၈၁၂)၊ တရုတ်ပြေးဂူဘုရား (၅၃၄/၂၉၅-က)၊ သပိတ်မှောက်ဂူဘုရား (၇၄၄/၃၆၃-က)၊ သစ္စဝတီဂူဘုရား (၉၁၈/၄ဝ၅-က)၊ လောကမှန်ကင်း-ရွာဟောင်းကြီး ဂူဘုရား (၁၇၉၁/၁ဝ၉၂-က)၊ တောင်ဂူနီ (၇၆၅/၃၆၄-ဒ)၊ မြောက်ဂူနီ (၇၆၆/၃၆၄-ဓ)၊ နဲ့ ကျဆင်းဂူ ဂူဘုရား (၁၂၁၉/၅၅၅) တွေကို ထည့်သွင်းရပါမယ်။
အတွေ့ရနည်းတဲ့ ခြေတွဲလဲချထိုင်ပုံ (ပါလိလေယျကာသန/ပလမ္ဗပါဒါသန) နဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ကျဆင်းဂူဂူဘုရားမှာ တွေ့ရပါတယ်။ နောက်ထပ်ထူးခြားချက်တခုကတော့ နှစ်ထပ်ဂူဘုရားတွေမှာ တွေ့ရလေ့မရှိတဲ့ မွန်ဘာသာကမ္ပည်းတွေကို အောက်ထပ်ဂူနံရံအပေါ်ပိုင်းမှာ တွေ့ရပါတယ်။ အရေးကြီးတဲ့တချက်ကတော့ မူလပထမတည်ခဲ့သူ၊ အပြီးဆက်တည်တဲ့သူ၊ ကောင်းမှုရှင် နာမည်တွေ၊ စတည်တဲ့ခုနှစ်၊ ပြီးစီးတဲ့ခုနှစ်နဲ့ ဘုရားဘွဲ့တော်ပါ တိတိကျကျ မင်စာမှတ်တမ်းတွေကို တွေ့ရတာပါပဲ။
ကျဆင်းဂူဂူဘုရား (၁၂၁၉/၅၅၅) ရဲ့ဖြတ်ပိုင်းပုံကိုကြည့်ရင် နှစ်ထပ်ဂူဘုရားတွေမှာ အမိုးခုံးနဲ့ နံရံတွေကို ဘယ်လိုဆောက်တည်တယ်ဆိုတာ တွေ့နိုင်ပါတယ်။ တည်ဆောက်ပုံ ထူးခြားချက်အနေနဲ့က တော့ တခြားနှစ်ထပ်ဂူဘုရားတွေမှာ ရှိကောင်းရှိနိုင်ပေမယ့် မမြင်သာတဲ့ ပထမထပ်နဲ့ ဒုတိယထပ် နှစ်ခု အကြား လိုဏ်ပတ်လမ်းကျယ်တခုရှိနေတာပါ။
ငါးမျက်နှာဂူဘုရားတွေလည်း ရှိပါတယ်။ မုခ်ငါးခုရှိပြီး ရှေ့မုခ်အာရုံခံမပါပဲ အလည်မဏ္ဍိုင်မှာ ဗုဒ္ဓဆင်းတုတော်တွေထားပါတယ်။ စေတီပေါက်၊ ထူပါပေါက်အမျိုးမျိုးရှိပြီး အထက်ပိုင်းတည်ဆောက်ပုံမှာ တော့ တထပ်ဂူဘုရားတွေနဲ့ အတူတူပါပဲ။ ငါးမျက်နှာဂူဘုရား (၆ဝ၇/၃၁၄-က)၊ အိမ်ရာကျောင်းဂူဘုရား (၁၈၃၁/၁၁၂၉) နဲ့ အရှေ့ဇံသီး-ငါးမျက်နှာ (ထောက်လှော်ကား) (၅၅၈/၃၁ဝ-က) ဂူဘုရားတွေက မုခ်ငါးခုနဲ့ ဂူဘုရားတွေထဲမှာ ပါဝင်ပါတယ်။
နှစ်ထပ်ဂူဘုရားအမျိုးအစားမှာပါဝင်တဲ့ အကြီးဆုံးဂူဘုရားတွေမှာ သဗ္ဗညုဂူဘုရားကြီး (၁၅၉၇/၉ဝ၆-က)၊ ကန်တော့်ပလ္လင် (ဂေါ်တော့ပလ္လင်)ဂူဘုရား (၁၆၂၂ /၉၃ဝ-က)၊ စူဠာမဏိဂူဘုရား (၇၄၈ ၃၆၄-က) နဲ့ ထီးလိုမင်းလိုဂူဘုရား (၁၈၁၂/ ၁၁၁ဝ) တို့ ပါဝင်ပါတယ်။
နှစ်ထပ်ဂူဘုရားကြီးတွေမှာ အပေါ်ထပ်က အလေးချိန်ကိုထမ်းထားနိုင်ဖို့ အလည်မဏ္ဍိုင်ကို အခိုင်အခံ့ ဆောက်တည်ထားကြောင်း ပန္နက်ပုံတွေအရ သိနိုင်ပါတယ်။ အပေါ်ထပ်က အတွင်းပိုင်း နံရံတွေမှာလည်း အလေးချိန်ကိုလျှော့ဖို့ ရည်ရွယ်တာဖြစ်နိုင်တဲ့ ကွယ်ဝှက်လိုဏ်ပတ်လမ်းတွေရှိကြောင်း ၁၉၇၅ ပုဂံငလျင်ကြောင့် ပျက်စီးတုန်းက တွေ့ရပါတယ်။ သဗ္ဗညုဂူဘုရားကြီးမှာ အပေါ်ထပ်က အလေးချိန်ကို အတွင်းက ခုံးတွေနဲ့ပါ အင်အားဖြည့်ပြီး ထိန်းထားပါတယ်။
ရာစုနှစ်ပေါင်းများစွာ ကြာမြင့်တဲ့တိုင်အောင် တည်တံ့ခိုင်မြဲနေဆဲ ရင်သပ်ရှုမောစရာ အဆောက်အဦတွေနဲ့ အနုပညာလက်ရာတွေကို တည်ဆောက်ကြရာမှာ ခေတ်ဦး၊ ခေတ်လည်၊ ခေတ်နှောင်းက ပုဂံသားပညာရှင်ပေါင်းစုံ ညီညီညွတ်ညွတ် စုပေါင်းပါဝင်တည်ဆောက်ခဲ့ကြကြောင်း ရှေးဟောင်းပုဂံဘုရားတွေက သက်သေပြနေသလိုပါပဲ။
ပုဂံသားတွေမှာ ဓားကိုင်ခဲ့ရတဲ့အခါလည်းရှိခဲ့တယ်။ စုတ်တံ၊ ကညစ်၊ စူး၊ ဆောက်နဲ့ ပန်းရံပစ္စည်းတွေကို ကိုင်ရတာလည်းရှိခဲ့တယ်။ ဘုရားဝတ်ပြုတော့လည်း ပန်းခိုင်ကိုကိုင်ခဲ့ကြပေမယ်။
အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း
(၁) ပုဂံမင်စာစုသုတေသနလုပ်ငန်း အစီရင်ခံစာ (ဗိုလ်မှူး ဘရှင်)၊ ၁၉၆၄
(၂) ပုဂံသွားမှတ်တမ်း (ရွှေကိုင်းသား)၊ မေလ၊ ၂ဝဝ၈
(၃) တနေ့တလံ ပုဂံဘယ်ပြေးမလဲ (ဒေါက်တာသန်းထွန်း)၊ သြဂုတ်လ၊ ၂ဝဝ၆
(၄) ပုဂံခရီးသည် (ပါရဂူ)၊ ဒု အကြိမ်၊ စက်တင်ဘာလ၊ ၂ဝဝ၈
(၅) ပုဂံ (စုပေါင်း)၊ ဧပြီ၊ ၁၉၉၉
(၆) ပုဂံရှေးဟောင်းသုတေသနလမ်းညွှန် (ဦးဗိုကေ)၊ ၁၉၈၁
(၇) သမိုင်းဝင် ပုဂံစေတီပုထိုးများ (ဦးသန်းဆွေ)၊ ၁၉၇၅
(၈) ပုဂံခေတ်ဗိသုကာလက်ရာများ (မင်းဘူးအောင်ကြိုင်)၊ ၁၉၈၅
(၉) Pictorial Guide To Pagan: 1971
(၁ဝ) Pagan: Art and Architecture of old Burma by Paul Strachan: 1996
(၁၁) Burma Art and Archaeology by Alexandra Green and T. Richard Blurto: 2002

ရွှေဂူကြီး
သကျမုနိ
လောကထိပ်ပန်း
ဝက်ကြီးအင်းဂူပြောက်ကြီး
သီရိပစ္စယာ ဂူပြောက်ဂူဘုရား (ဗိုလ်ချိုမိဂူဘုရား)
ကုန်းတော်ကြီး
ဘုရားသုံးဆူ

တောင်ဂူနီဂူဘုရား (၇၆၅/၃၆၄-ဒ)၊ မြောက်ဂူနီဂူဘုရား (၇၆၆/၃၆၄-ဓ)
ကျဆင်းဂူ ဂူဘုရား (တြေလောကလုဝေါးဗိုလ်) (၁၂၁၉/၅၅၅)

“ပုဂံသားတို့
ဆောင်ဓားတဖက်၊ ပန်းတဖက်ဖြင့်
နှစ်သက်ဖွယ်ရာ၊ ဆင်မြန်းလာသော
အလင်္ကကာပင်စည်၊ တို့တိုင်းပြည်ကား
အရည်အသွေး မမွန်လော။”
တင်မိုး
အောက်တိုဘာ၊ ၁၉၈၃
ဆောင်ဓားတဖက်၊ ပန်းတဖက်ဖြင့်
နှစ်သက်ဖွယ်ရာ၊ ဆင်မြန်းလာသော
အလင်္ကကာပင်စည်၊ တို့တိုင်းပြည်ကား
အရည်အသွေး မမွန်လော။”
တင်မိုး
အောက်တိုဘာ၊ ၁၉၈၃
အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း
(၁) ပုဂံမင်စာစုသုတေသနလုပ်ငန်း အစီရင်ခံစာ (ဗိုလ်မှူး ဘရှင်)၊ ၁၉၆၄
(၂) ပုဂံသွားမှတ်တမ်း (ရွှေကိုင်းသား)၊ မေလ၊ ၂ဝဝ၈
(၃) တနေ့တလံ ပုဂံဘယ်ပြေးမလဲ (ဒေါက်တာသန်းထွန်း)၊ သြဂုတ်လ၊ ၂ဝဝ၆
(၄) ပုဂံခရီးသည် (ပါရဂူ)၊ ဒု အကြိမ်၊ စက်တင်ဘာလ၊ ၂ဝဝ၈
(၅) ပုဂံ (စုပေါင်း)၊ ဧပြီ၊ ၁၉၉၉
(၆) ပုဂံရှေးဟောင်းသုတေသနလမ်းညွှန် (ဦးဗိုကေ)၊ ၁၉၈၁
(၇) သမိုင်းဝင် ပုဂံစေတီပုထိုးများ (ဦးသန်းဆွေ)၊ ၁၉၇၅
(၈) ပုဂံခေတ်ဗိသုကာလက်ရာများ (မင်းဘူးအောင်ကြိုင်)၊ ၁၉၈၅
(၉) Pictorial Guide To Pagan: 1971
(၁ဝ) Pagan: Art and Architecture of old Burma by Paul Strachan: 1996
(၁၁) Burma Art and Archaeology by Alexandra Green and T. Richard Blurto: 2002
No comments:
Post a Comment