09 December 2010

interview with Htet Myet - part 2

ထက်မြက်နှင့် စာပေ အင်တာဗျူး အပိုင်း ၂
ဒီဇင်ဘာ ၉၊ ၂၀၁၀

"---စာပေသဘောတရားနဲ့ နိုင်ငံရေးစံကို အခြေခံပြီး ဝေဖန်တာမျိုးကို သဘောကျပါတယ်။ နိုင်ငံရေးစံ၊ အနုပညာစံ အချိုးကျပြီး သဟဇာတ ဖြစ်နေစေချင်တယ်။ ကဗျာတစ်ပုဒ်၊ ၀တ္ထုတစ်ပုဒ် စတဲ့ အနုပညာပစ္စည်း တစ်ခုမှာ ဒီနှစ်ချက် မျှတနေတာကို လိုလားတယ်။ အရင်တုန်းကတော့ နိုင်ငံရေး ကဲတာကို သဘောကျတယ်---"

(မဟေသီ မဂ္ဂဇင်း အခန်းဆက် အင်တာဗျူးမှ ကောက်နှုတ် ဖော်ပြသည်။ အပိုင်း ၁၊ အပိုင်း ၃ စသည် တို့ကို ရှာဖွေ တွေ့ရှိပါက ကူးယူ ဖော်ပြပေးပါမည်။ မေးမြန်းသူမှာ ဟိန်းလတ် ဖြစ်သည်။)

မေး ။ ။ ဆရာ စာပေဝေဖန်ရေးကို စိတ်ဝင်စားတယ် မဟုတ်လား။ မြန်မာစာပေလောက ထဲမှာ အကြိုက်ဆုံးစာပေ ဝေဖန်းရေးသမား ဘယ်သူရှိသလဲ။ အရင်တုန်းက စာပေဝေဖန်ရေး သမားတွေဟာ “ပြည်သူ့စာပေ” ပေတံနဲ့ တိုင်းတာကြတယ်။ ခုတော့ ဘယ်ပေတံနဲ့ တိုင်းတာသလဲ။ အနောက်တိုင်းစာပေနယ်က New Criticism ဆိုတာတို့ ဝေဖန်ရေးသစ်တွေ ဘာတွေနဲ့ကော မဝေဖန်သင့်ဖူးလား။
ဖြေ ။ ။ စာပေဝေဖန်ရေးကို ကျွန်တော် စိတ်ဝင်စားပါတယ်။ ဝေဖန်ရေး သမားကောင်း တစ်ဦးလည်း ဖြစ်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် ကျေနပ်လောက်တဲ့ ဝေဖန်ရေးဆရာလို့ မမြင်သေးပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အပင်ပန်း မခံနိုင်လိုပါပဲ။ စာပေဝေဖန်ရေးကို လေးလေး နက်နက် လုပ်မယ်ဆိုရင် ပင်ပန်းလွန်းပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ကောင်းတယ်၊ ဆိုးတယ်၊ သင့်တယ်လို့ သာမန်ဝေဖန်တာမျိုးကတော့ မထူးခြားပါဘူး။ ဒီနေ့ ကျွန်တော်တို့ဆီက စာပေဝေဖန်ရေးသမား အတော်များများကတော့ သာမန် ဝေဖန်ရေးမျိုးပဲ ရေးကြတာတွေ့ရပါတယ်။ ယေဘုယျ ပြောရရင်တော့ ယနေ့ စာပေဝေဖန်ရေးနဲ့ ပတ်သက်ပြီး စကားဝိုင်းတွေမှာ အားပါးတရ ပြောရလောက်အောင် အဆင့်တန်းရှိတဲ့ စာပေဝေဖန်ရေးမျိုး ကျွန်တော်တို့ မဖတ်ရပါဘူး။ ဒါကြောင့် ယနေ့ မြန်မာစာပေ ဝေဖန်ရေး အားနည်းတယ်လို့ ကျွန်တော်ပြောချင်တာပါ။

တကယ်တော့ စာပေလောကကို ကျွန်တော်စရောက်လာတာက စာပေဝေဖန်ရေးနဲ့ စာပေဆောင်းပါးတွေနဲ့ စခဲ့တာပါပဲ။ စန္ဒာမဂ္ဂဇင်းထဲက ၀တ္ထုတို တပုဒ်ကို ဝေဖန်တာက စခဲ့ပါတယ်။ အဲ့ဒီဝတ္ထုတိုရဲ့ theme ကို ကျွန်တော်မကြိုက်ဘူး။ ဝေဖန်တဲ့ အခါမှာလည်း ၀တ္ထုအတတ်ပညာပိုင်းကို ဝေဖန်တာ မဟုတ်ဘူး။ ဆိုလိုတာက ၀တ္ထုတစ်ပုဒ်ရဲ့ ဇာတ်လမ်း၊ အားကောင်း အားနည်းဆိုတာမျိုး၊ ဇာတ်ကောင် စရိုက်ဖော်နိုင်စွမ်း ရှိမရှိ၊ အရေးအသား ကောင်းမကောင်း စတဲ့အချက်တွေကို ဇောင်းပေးဝေဖန်တာ မဟုတ်ဘဲ အယူအဆကို ဝေဖန်တာပါ။ စာပေအယူအဆ၊ နိုင်ငံရေး၊ စီးပွားရေး၊ အယူအဆတွေအပေါ် ဝေဖန်တာမျိုးကို ကျွန်တော် သဘောကျပါတယ်။ အဲဒီအမြင် သန်တယ်လို့လည်း ပြောလို့ရပါတယ်။ စကားလုံး ကြမ်းကြမ်းသုံးပြီ ဝေဖန်တယ်။ ဒီဝတ္ထုဟာ မြောင်းပုတ်ထဲက ရေညစ်ကို မြင်ရတာလို ညစ်ထေးထေး နံလိုက်တာလည်း ဟောင်လို့ ဆိုတဲ့ အသုံးအနှုန်းနဲ့ ခပ်ရိုင်းရိုင်းဝေဖန်တာပါ။ ဒီလိုစကားလုံး ရိုင်းတာမျိုးက ကောင်းမှ မကောင်းတာပဲ၊ သူ့စာပေ သဘောတရားကို အခိုင်အမာ ထောက်ပြပြီး ဝေဖန်ရမှာပေါ့။ ယခု စာပေဝေဖန်သူတွေကျတော့ ဒီ့ထက်ရိုင်းလာတယ်၊ မြင်းစတဲ့ တိရစ္ဆာန်နဲ့ နှိုင်းတာမျိုးတွေ၊ မင်းဘယ်လောက်တတ်သလဲ၊ ငါဘယ်လောက် တတ်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုဖော် မသူတော်၊ လက်မထောင်တာမျိုးတော့ ဖြစ်လာပါတယ်။ အယူအဆ မရှိတာတွေ၊ စာပေသမား မပီသတာ၊ လူကြီးလူကောင်း မပီသတာပေါ့၊ ယနေ့အထိ ကျွန်တော် အကြိုက်ဆုံး စာပေဝေဖန်ရေး သမားတွေကတော့ ဦးသိန်းဖေဖြင့်နဲ့ ဆရာ ဒဂုန်တာရာပါပဲ။ ဒါပေမယ့် သူတို့ ဝေဖန်တဲ့ ပုံစံက ကွဲပြားတယ်။ ဥိးသိန်းဖေမြင့်က တဲ့တိုး ပြတ်ပြတ် ဝေဖန်တယ်၊ ဆရာတာရာက သွယ်ဝိုက်ပြီး လှလှပပ ဝေဖန်ပါတယ်။ ဒါပေမယ့် နှစ်ယောက်စလုံးက နိုင်ငံရေး စံကို အခြေခံပြီး ဝေဖန်တာချည်းပဲ။

အနောက်တိုင်းက New Criticism တို့ ဘာတို့ ရှိပါလိမ့်မယ်။ ပုံသဏ္ဌာန် ဝေဖန်ရေးတွေဖြစ်ပြီး အတတ်ပညာပိုင်း ဆိုင်ရာ ဝေဖန်ရေးတွေပါ။ ကျွန်တော် အားမကျပါဘူး။ ကျွန်တော်က စာပေသဘောတရားနဲ့ နိုင်ငံရေးစံကို အခြေခံပြီး ဝေဖန်တာမျိုးကို သဘောကျပါတယ်။ နိုင်ငံရေးစံ၊ အနုပညာစံ အချိုးကျပြီး သဟဇာတ ဖြစ်နေစေချင်တယ်။ ကဗျာတစ်ပုဒ်၊ ၀တ္ထုတစ်ပုဒ် စတဲ့ အနုပညာပစ္စည်း တစ်ခုမှာ ဒီနှစ်ချက် မျှတနေတာကို လိုလားတယ်။ အရင်တုန်းကတော့ နိုင်ငံရေး ကဲတာကို သဘောကျတယ်။ ယခုတော့ ပထမ ၂ခု သဟဇာတ ဖြစ်ဖို့ မဖြစ်ရင် ဒုတိယ အနုပညာကဲဖို့ပါပဲ။

မေး ။ ။ ဆရာ စာပေလောကကို စရောက်တာ စာရေးဆရာ အနေနဲ့ထက် အယ်ဒီတာအနေနဲ့က စ၀င်တယ် ထင်တယ်။ ပြောင်းပြန်ကြီး ဖြစ်နေသလား၊ အများစုက စာရေးဆရာဖြစ်ပြီးမှ အယ်ဒီတာ လိုင်းကို ပြောင်းသွားကြတယ်လေ။
ဖြေ ။ ။ ကျွန်တော် စာပေနယ် ရောက်ချိန်မှာ အယ်ဒီတာနဲ့ စပါတယ်။ ပြည်သူ့ကြယ် ဂျာနယ်မှာ နိုင်ငံတကာသတင်း အယ်ဒီတာ အဖြစ်နဲ့ပါ။ ကျွန်တော် ခရီးဝေးတစ်ခု သွားနေချိန်မှာ သူငယ်ချင်းတွေ ဖြစ်တဲ့ ၀င်းမောင်၊ တင်အောင်လေး၊ ကျော်ရင်နဲ့ တင်အောင်စိုးတို့က ၁၉၇၂ခုနှစ်မှာ ပြည်သူ့ကြယ် ဂျာနယ်ကို ထုတ်ဝေကြပါတယ်။ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဆိုရှယ်လစ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ မူနဲ့ ထုတ်ကြတာပါ။ ဗီယက်နမ်စစ်ကို အကြီးအကျယ် ဆန့်ကျင်တဲ့ သတင်းတွေကို ဦးစားပေးဖော်ပြပါတယ်။ နိုင်ငံတကာ သတင်းတွေကို ကျွန်တော် ဘာသာ ပြန်ပြီး ထည့်ပါတယ်။ ဆရာတာရာက အပတ်စဉ် စာပေ ဆောင်းရေး၊ ဆရာနတ်နွယ်က အခန်းတစ်ခန်းယူပြီး မှန်မှန်ရေးတယ်၊ ဆရာ ဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့်တို့လည်း ရေးကြတယ်။ ကိုဟိန်းလတ်လည်း ပုံမှန်ရေးခဲ့တာပဲ မဟုတ်လား။ ဂျာနယ်တိုက်ကို တောင်ညွန့်၁၀၇ လမ်းက၊ နံ့သာ ပုံနှိပ်တိုက်မှာ ဖွင့်တယ်။ မိုးဝေ မဂ္ဂဇင်းလည်း အဲဒီမှာပဲ။ ဆရာနတ်နွယ်တို့ အမြဲရှိတာပေါ့။ နံ့သာ ဦးသန်းဆွေကလည်း သဘော ကောင်းတယ်၊ စာပေစိတ်လည်း ရှိတယ်။ နံ့သာကနေ ကျောက်မြောင်း မေတ္တာမိုး ပုံနှိပ်တိုက်ကို ပြောင်းခဲ့ကြတယ်။ ဆရာတာရာက ကျွန်တော်တို့ကို ဦးစိုးနိုင်နဲ့ မိတ်ဆက်ပေးခဲ့တာပါ။ ဦးစိုးနိုင်က မေတ္တာမိုး ပုံနှိပ်တိုက် ပိုင်ရှင်ပေါ့။ အဲဒီ့ အချိန်က မိုးဝေမှာ ရေးသင့် မရေးသင့် ပြဿနာပေါ်ခဲ့ပါတယ်၊ ဆရာတာရာနဲ့ ဆရာနတ်နွယ် အပြန်အလှန် ဝေဖန်ကြရင်း ဆရာတာရာအပေါ် ကြည်ညိုစိတ်နဲ့ ကဗျာဆရာတွေက မိုးဝေမှာ မရေးဘူး ဆိုပြီး ဆုံးဖြတ်ကြတယ်၊ ကျွန်တော်တို့ ပြည်သူ့ကြယ် အဖွဲ့သားတွေကတော့ လက်မခံကြဘူး၊ ရေးသင့်တယ်။ မဂ္ဂဇင်း ရှားပါးတဲ့ အချိန်၊ အခြေခံအယူအဆ တူတဲ့ မဂ္ဂဇင်း၊ အယ်ဒီတာတွေ ထုတ်တဲ့ မဂ္ဂဇင်းမှာ ဘာကြောင့် မရေးရမှာလဲလို့ ကျွန်တော်တို့က မေးတယ်။ စာပေသမားတွေ စည်းလုံးရမယ် ဆိုပြီး “အဓိက ဦးတည်ချက်ကို ဆုတ်ကိုင်ကြ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်၊ ပြည်သူ့ကြယ်မှာ ကျွန်တော်ရေးခဲ့ပါတယ်။ အဲဒီ့တုန်းက မိုးဝေမဂ္ဂဇင်းဟာ လူငယ်ကဗျာဆရာတွေ အပေါ် သြဇာကြီးပါတယ်။ မိုးဝေမှာရေးမှ ကဗျာဆရာဖြစ်တယ် ဆိုတဲ့ အမြင်တောင် တချို့ ကဗျာဆရာတွေကြားမှာ အစွဲ ရှိကြတယ်။ နယ်ချဲ့ဆန့်ကျင်ရေး ကဗျာတွေ၊ ဗီယက်နမ်စစ် ဆန့်ကျင်တဲ့ ကဗျာတွေ၊ ဘ၀ကို ဖော်ညွှန်းတဲ့ ကဗျာတွေဟာ မိုးဝေမှာပဲ အများဆုံးရေးကြတယ်၊ အများဆုံး ဖော်ပြခဲ့တယ်။ မိုးဝေခေတ် ရှိမရှိ ဆိုတဲ့ ပြဿနာ အငြင်းပွား နေတဲ့ ယခုအချိန်မှာ အဲဒီ့တုန်းက မိုးဝေကို မှီတဲ့ လူငယ်ကဗျာဆရာ၊ စာရေးဆရာတွေက မိုးဝေ မဂ္ဂဇင်း သြဇာကြီး ခဲ့တယ်ဆိုတာ သိကြပါတယ်။ မိုးဝေခေတ်လို့ သုံးချင်သုံး မသုံးချင်နေ၊ တော်လှန်ကဗျာလို၊ တော်လှန်စာပေလို၊ တိုးတက်တဲ့ စာပေသဘောတရားတွေကို ဦးစားပေးဖော်ပြခဲ့တာ မိုးဝေပဲ။ ဒီအခန်းကဏ္ဍကိုတော့ ကျွန်တော်တို့ မေ့ပစ်လို့ မရပါဘူး။ နောက်တစ်ချက်က မိုးဝေ အတက်ဆုံးနဲ့ သြဇာအကြီးဆုံး ကာလဟာ ဆရာနတ်နွယ် ဦးဆောင်ခဲ့တဲ့ ကာလ ဆိုတာကိုလည်း ဖျောက်ပစ်လို့ မရပါဘူး။

မေး ။ ။ လုံးချင်းကတော့ ဘယ်အချိန်ကစပြီးရေး ဖြစ်တာလဲ။ ထက်မြက်ဆိုတဲ့ ကလောင်အမည်အပြင် တခြား ဘာကလောင် အမည်သုံးသေးလဲ။
ဖြေ ။ ။ ပြည်သူ့ကြယ် ဂျာနယ် ရပ်ဆိုင်း ခဲ့တဲ့ အချိန်မှာ ကျွန်တော်က လုံးချင်းတွေ အတော်ရေး ဖြစ်ပါတယ်။ အိုယန်ဟိုင်၏ တေးသံ၊ မိုးကြိုးမုန်တိုင်း (စုပေါင်းရေးတဲ့ ဝေဖန်ရေးစာအုပ်)၊ ဟွန်ဒက်၊ သံမဏိတံတိုင်း၊ သူရဲကောင်း အင်ဒိုချိုင်းနားနေ့၏ နေရောင်ဆီသို့ ည၏ကြယ်ရောင်နှင့် အတူ (The Bright Red Star) ချစ်စရာကောင်းတဲ့ လူမိုက်၊ မီးအိမ်နီ စတဲ့ စာအုပ်တွေပါ။ အဲဒီတုန်းကတော့ ထက်မြက်ကလောင် တစ်မျိုးနဲ့ပဲ ရေးပါတယ်။

မေး ။ ။ “ အိုယန်ဟိုင်၏ တေးသံ” ဆိုတဲ့ စာအုပ်လည်း ဆရာ ဘာသာ ပြန်တာပဲ မဟုတ်လား။
ဖြေ ။ ။ အိုယန်ဟိုင်၏ တေးသံက ကျွန်တော် ပထမဆုံး ရေးဖြစ်တဲ့ ၀တ္ထုကြီးပါပဲ။ ကိုဟိန်းလတ်သိပါတယ်။ Chinese Literature မဂ္ဂဇင်းတွေတောင် ခင်ဗျား ရှာပေးသေးတာပဲ။ ရွှေတည်လျောင်က သားကောင်းတစ်ယောက် ဆိုပြီး တရုတ်ဘာသာကနေ ဘာသာပြန်တာက အရင်ထွက်ပါတယ်။ အိုယန်ဟိုင်ကို ကျွန်တော်နဲ့ မိတ်ဆက်ပေးတာက ဆရာမြသန်းတင့်ပါ။ သူက Break the Self အတ္တကို ရိုက်ချိုးကြ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို သာသာပြန်ခဲ့ပါတယ်။ ကျွန်တော်တို့ မျက်ရည်လည်လောက်အောင် ကောင်းတဲ့ ဆောင်းပါးပါ။ ဆရာမြ ဘာသာပြန်တဲ့ Anti During ဒူးရင်းဆန့်ကျင်ရေး ကျမ်းကြီးကိုလည်း ကျွန်တော် ဖတ်ခဲ့ဖူးပါတယ်။

ဒီလိုနဲ့ ရန်ကုန်ကို ကျွန်တော်ပြန်ပြောင်းလာတော့ အိုယန်ဟိုင်၏တေးသံ The Song of Ouyang Hai စာအုပ်ကို သိပ်ဖတ်ချင်တာပဲ။ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သားလေး တစ်ယောက် အကြောင်း ဖြစ်ရပ်မှန် ၀တ္တုပေါ့။ ဟူနန်နယ်သားလေး အိုယန်ဟိုင်ဟာ ငယ်စဉ်ကတည်းက ဆင်းဆင်းရဲရဲ နေခဲ့ရတယ်။ ကူမင်တန် အစိုးရလက်အောက် တရုတ်ပြည်သစ် မထူထောင်ခင် ကာလမှာ မွေးခဲ့ပြီး မြေရှင်ကြီး တွေရဲ့ ဖိနှိပ်အနိုင်ကျင့်မှု၊ ကူမင်တန်အစိုးရရဲ့ ရက်စက်တဲ့ အုပ်စိုးမှုကို ခံခဲ့ရပြီး တောင်းရမ်း စားသောက်ခဲ့ရသလို သားယောက်ျားလေး မွေးရင် စစ်ထဲကို မ၀င်မနေရ အတင်း အဓမ္မ စစ်မှုထမ်းခိုင်းတာကြောင့် မိန်ကလေးလို ၀တ်ပြီး၊ မိန်မလေးယောင်ဆောင် ခဲ့ရတယ်။ တရုတ်ပြည်ကြီး လွတ်မြောက်ပြီး ပြည်သူ့သမ္မတနိုင်ငံ ထူထောင်တဲ့ အခါ အိုယန်ဟိုင်က တပ်ထဲကို ၀င်ဖို့ ကြိုးစားတယ်။ တပ်က ချက်ချင်း လက်မခံတာကြောင့် အမျိုးမျိုး တောင်းပန်ပြီး မီအယ်အေတပ်သား ဖြစ်သွားတဲ့ အခါ ကူမင်တန်ကို တိုက်မယ်၊ တိုင်ဝမ်ကို တိုက်ရင် ရှေ့တန်းက သူပါမယ် ဆိုပြီး စစ်တိုက်ဖို့ပဲ သူအာရုံစိုက်ခဲ့တယ်။ သူ့တပ်သား တပ်မှူး၊ နိုင်ငံရေးမှူးတွေက နိုင်ငံတည်ဆောက်ရေးဟာ ရန်သူကို တိုက်ခိုက်ရေးလိုပဲ အရေးကြီးတဲ့ အကြောင်း၊ ပြည်သူကို အလုပ်အကျွေးပြုရေးဟာ တပ်မတော်သား တစ်ယောက်အတွက် အရေးကြီးဆုံး ဖြစ်တယ်လို့ ပညာပေးရင် နောက်ဆုံး အိုယန်ဟိုင်က ခရီးသည်တင် ရထားကြီးကို ကယ်တင်လိုပါတယ်။ မော်တာတင်ထားတဲ့ စစ်မြင်း တစ်ကောင်ဟာ လွတ်သွားပြီး ရထားလမ်းပေါ် ရောက်သွားတယ်။ ရထားကလည်း အရှိန်ပြင်းပြင်းနဲ့ မောင်းလာတယ်။ ဥသြဆွဲပြီး မြင်းကြီး သံလမ်းပေါ်ကဆင်သွားအောင် ဂတ်ဗိုလ်က ကြိုးစားတယ်။ ဒါပေမယ့် မြင်းကြီးကတော့ ဆင်မသွားဘူး ရထားလမ်းပေါ်မှာ မလှုပ်မယှက် ရပ်နေဆဲပဲ။ ဒီမြင်းကြီးသာ တိုက်မိရင် မြင်းပေါ်မှာ မော်တာလည်း တင်ထားတော့ ရထားကြီးမှောက်သွားမှာ သေချာတယ်။ ခရီးသည် ရာပေါင်းများစွာလည်း သေသူသေ၊ ဒဏ်ရာရသူရနဲ့ ဘေးဒုက္ခရောက် ကုန်လိမ့်မယ်။ ၀တ္တုရဲ့ Tempo အမြင့်ဆုံးက အဲဒီဇာတ်သိမ်းခန်းပါပဲ။

စာရေးဆရာ ချင်ချင်းမိုင်ဟာ တိုက်ပွဲတွေ စွန့်စားခန်းတွေ မပါတဲ့ စစ်သားလေး တစ်ယောက်ရဲ့ တည်ဆောက်ရေး လုပ်ငန်တွေကြားမှာ ကြီးပြင်းလာမှု၊ စွန့်လွှတ်မှုကို စာဖတ်သူ လက်က မချချင်လောက်အောင် ရေးသွား ပါတယ်။ ဒီမြင်းကြီးကို ရထားမတိုက်မိအောင်၊ သံလမ်းပေါ်က စစ်မြင်းကြီး ဘေးကိုရောက်သွားအောင် လှုပ်နိုင်ဖို့လား၊ အရှိန်ပြင်းလွန်းတဲ့ ရထားကြီး ဘေးမသီရန်မခဘဲ ချက်ချင်း ရပ်သွားစေဖို့ မဖြစ်နိုင်ဘူး။ မြင်းကို ဘေးကိုတွန်းချနိုင်တယ် ဆိုတာ သူသိလိုက်တယ်၊ ရထားပေါ်က ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ဖို့ အသက်ပေးရမယ်ဆိုတဲ့ အသိနဲ့ မတွန်းမဆုတ်ဘဲ အိုယန်ဟိုင်က မြင်းကြီးဆီပြေးသွားပြီး သံလမ်းဘေး တွန်းချလိုက်တဲ့ အချိန်နဲ့ ရထားကြီးကသူ့ကို ဖြတ်နင်းသွားတဲ့ အချိန်ဟာ စက္ကန့်ပိုင်းလေးပဲ ကွာသွားပါတယ်။ အဲဒီ့ အဖြစ်လေးကို စာရေးဆရာက ဘယ်လို ရေးထားသလဲ ဆိုရင် -


“အဖြစ်အပျက်သည် မမျှော်လင့်ဘဲ ရုတ်တရက် ဖြစ်ပျက်လာရသည်၊ ဟိုင်သည် မိုးစက်များကြားမှ ဖြစ်စဉ် အားလုံးကို မြင်နေရသည်။ သူ၏သွေးကြောများထဲမှ သွေးများသည် ဆူပွက်လာ၏။ သူ၏မည်းနက်နေသော မျက်ခုံးကြီးများ တွန့်လာသည်။ သူ၏နှလုံးသားသည် ရင်ဘတ်ထဲမှ ခုန်ထွက်လာသလား ထင်ရသည်။ ဤနှုန်း ဤအရှိန်နှင့်သာ ဆိုလျှင် ၄စက္ကန့် အတွင်းရထားသည် မြင်းကို တိုက်မိပေတော့မည်။

မြင်းသည် ရထားတိုက်ပြီး သေသွားလိမ့်မည်။ ရထားလည်း မှောက်သွားပေလိမ့်မည်။ ဤဖြစ်ရပ်များသည် ရှောင်လွဲလို့ ရနိုင်တော့ မည်ဟု မထင်ရတော့။

ဤအခြေအနေသည် စဉ်းစားချိန်ဟူ၍ မရှိ၊ ဤအခြေအနေသည် အဆုံးအဖြတ် ပြုရမည့် ကာလဖြစ်သည်။ လေးမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ အမြှောက်မှ ပစ်လွှတ်လိုက်သော အမြောက်ဆန် တစ်ဆန်ကဲ့သို့ ဟိုင် တစ်ဟုန်ထိုး ပြေးထွက် သွားသည်။ ရထားရှိရာ တစ်ရှိန်ထိုး ပြေးထွက်သွားသည်။ အန္တရာယ်ရှိရာ အားကုန်ပြေးထွက်သွားသည်။ တစ်က္ကန့်အတွင်း ရထားသည် မြင်းကို တိုက်မိတော့မည်။ ဤအခြေအနေသည် အရေးကြီး လှသော အကျဉ်းအကျပ်ကာလဖြစ်၏” လို့ ရေးထားပါတယ်။ ဒါပေမယ့် ရထားစီးခရီးသည်တွေကတော့ အသက်ဘေးက လွတ်သွားကြပါတယ်။ အင်္ဂလိပ် ဘာသာပြန် စာအုပ်တော့ ရှိမှာပဲဆိုပြီး စာအုပ်ဆိုင်တွေမှာ ကျွန်တော် ရှာတယ်။ နောက်ဆုံး တရုတ်သံရုံးမှာတောင် သွားတောင်းကြည့်သေးတယ်။ မရခဲ့ပါဘူး။ ဒါနဲ့ အိမ်က Chinese Literature မဂ္ဂဇင်းတွေကို မွှေရင်း The Song of Ouyang Hai ဆိုတဲ့ အခန်းဆက် ၀တ္ထုကို ဖတ်လိုက်ရတာပါပဲ။ ကိုဟိန်းလတ်က တစ်အုပ်လား နှစ်အုပ်လား မသိဘူး ရှာပေးခဲ့သေးတယ်။ အားလုံး ၁၀ အုပ် လို့ ထင်တယ်။ စာအုပ်တွေရတော့ ဆရာ မြသန်းတင့်ကို ဘာသာပြန်ဖို့ ကျွန်တော် သွားပေးပါတယ်။ ဆရာမြက တခြားရေးစရာတွေ များနေတယ်၊ စစ်နဲ့ ငြိမ်းချမ်းရေးကို အဆုံးသတ်ရမယ်၊ နောက် ဒီရေမြင့်သစ်ကို ပြင်နေသလို ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မယ်ကိုလည်း ရေးနေတဲ့ အတွက် “ခင်ဗျားပဲ ပြန်လိုက်ပါဗျာ”လို့ ကျွန်တော့ကို တိုက်တွန်းတာကြောင့် အိုယန်ဟိုင်၏ တေးသံကို ကျွန်တော် တစ်ယောက်တည်း ဘာသာပြန် ဖြစ်တာပါ။ နောက်ပြန်ထုတ်ဖြစ်ရင် ကျွန်တော့်နာမည်နဲ့ပဲ ထုတ်မယ်။ ပြင်သင့်တာပြင်မယ်။ ဖြုတ်သင့်တာ ဖြုတ်ပစ်မယ်။

အိုယန်ုဟိုင်ကို ဘာသာပြန်ရတာ ကျွန်တော် အကျေနပ်ဆုံးပါပဲ။ လက်အတွေ့ဆုံးလို့လည်း ပြောလို့ရပါတယ်။ ည ၉နာရီလောက်ကနေ မနက် ၃နာရီလောက်အထိ ကျွန်တော် ရေးဖြစ်ပါတယ်၊ ၃ကြိမ်လောက်ပြန်ဖတ် ပြန်ရေးပါတယ်။

မေး ။ ။ ဆရာ အက်ဆေးလည်း ရေးဖူးသေးတယ်နော်။ ခုချိန်မှာ အက်ဆေးရေးတဲ့လူ ရှားလို့ အက်ဆေးကို ဇောင်းပေးရေးစေချင်ပါတယ်။
ဖြေ ။ ။ နောက်စာအုပ်တွေကတော့ အိုယန်ဟိုင်လောက် အားမထုတ်ခဲ့ပါဘူး။ တကယ်တော့ ကျွန်တော်က အက်ဆေးတွေ သဘောကျပါတယ်။ Essayist တစ်ယောက်ဖြစ်ချင်တယ်။ ရွှေဝတ်မှုန်မဂ္ဂဇင်းတုန်းက လစဉ်အက်ဆေး တော်တော်များများ ရေးဖြစ်တယ်။ ပင်ကိုရေး အက်ဆေးတွေပါ၊ မောင်ခိုင်လတ်၊ ကြည်နိုင်၊ ကြူးနှစ်၊ မောင်ညိုပြာတို့နဲ့ တွဲပြီး အက်ဆေး စာအုပ် တစ်အုပ် ကျွန်တော်တို့ ထုတ်ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၅နှစ်လောက်တုန်းက ဒေါ်ဒေါ် လူထုဒေါ်အမာ မွေးနေ့သွားရင်း ဦးပိန်တံတားပေါ်မှာ ညနေဘက် ထိုင်ပြီး တောင်သမန်ရဲ့ အလှကို ခံစားရာက မိသားစုတစ်စုရဲ့ ဘ၀လေးကို မြင်ခဲ့ရတယ်။ ရင်ထဲမှာ အလွန် ခံစားမိတယ်။ လူတို့အားမာန်ကိုလည်း လေးစားမိတယ်။ အဲဒါကို အက်ဆေး တစ်ပုဒ်ရေးမယ်လို့ စိတ်ကူးထားတာ။ ယခုထိ မရေးရသေးဘူး။ ဒါပေမယ့် အဲဒီ့ခံစားချက်က ယခုထိရင်ထဲမှာ ရှိနေတုန်း။ အဲဒီမိသားစုရဲ့ မျက်နှာတွေကို မြင်နေတုန်းပါပဲ။ နောက်ထပ်ရေးချင်တဲ့ တစ်ပုဒ်ကတော့ ဘတ်စ်ကားစီးရင် ခံစားမိတဲ့ အကြောင်းပါ။ ၀တ္ထုရေး ဆရာတွေကတော့ သူတို့ ကြုံတွေ့ရတဲ့ ဘ၀တွေကို ၀တ္ထုတိုနဲ့ ၀တ္ထုရှည်နဲ့ ဖန်တီးကြပါတယ်။ ကျွန်တော်လည်း အရင်ကတော့ ၀တ္ထုနဲ့ ခံစားချက်ကို ဖန်တီးဖြစ်တယ်။ နှစ်ပုဒ်၊ သုံးပုဒ်လောက် ရှိမယ်ထင်တယ်။ ယခုလည်း ရေးဖို့တော့ ရှိပါတယ်။ ရင်းနှီးသိကျွမ်းခဲ့တဲ့ ထောင်ကျလေးတွေ၊ ဓာပြတွေအကြောင်းလည်း ပါတယ်။ ဒါပေမယ့် အက်ဆေးကို ပိုရေးချင်တာပါ။

မေး ။ ။ ခုလောလောဆယ်ကော ဘာတွေရေးနေသသလဲ။ စာပေဝေဖန်ရေးကို ပိုဇောင်းပေးရေးနေတယ် ထင်တယ်။
ဖြေ ။ ။ ယခုလောလောဆယ်မှာ လုံးချင်း နှစ်အုပ်လောက် ဘာသာပြန်နေပါတယ်။ Jerzy Kosinske ရေးတဲ့ Being There နဲ့ Emeric Pressburger ရေးတဲ့ Behold a Pale Horse ဆိုတဲ့ ၀တ္ထုနှစ်အုပ်ပါပဲ။ နှစ်အုပ်စလုံး ရုပ်ရှင်ရှိက်ခဲ့တယ်။ ဒုတိယစာအုပ်ဆိုရင် ဂရေဂရီပက်၊ အန်သော်နီကွင်းတို့နဲ့ ရိုက်ခဲ့ဖူးတယ်။ ရုပ်ရှင်ကြည့်ကတည်းက ကျွန်တော် သဘောကျတာပါ။ အိုမာရှရစ်ဖ်တို့ ပီကာဆိုနဲ့ လီကွမ်ယု နှစ်အုပ်ကလည်း မကြာခင် ထွက်ဖြစ်ပါလိမ့်မယ်။ စာပေဝေဖန်ရေးကိုတော့ သဘောတော့ ကျပါတယ်။ ဒါပေမယ့် အမြဲမရေးချင်ဘူး။ ဒါပေမယ့် ရေးနေရတယ်။ ရေးနေရတာကို သတိထားပြီး အဂတိမပါအောင် ပုဂ္ဂိုလ်စွဲ မပါအောင်၊ ဒေါသ၊ မာန်မာနမပါအောင် ကြိုးစားရေးမယ်လို့ စဉ်းစားပါတယ်။ မဟေသီမှာ မောင်စိုးအဖြစ်နဲ့၊ ချယ်ရီမှာ မောရီယအဖြစ်နဲ့ ဗြူးတီမှာလည်း လုံးချင်းစာအုပ်တွေ ဝေဖန်ရေးအခန်းတစ်ခု ရေးပါတယ်။ မင်းအိမ်စည် နာမည်နဲ့ပါ။ ရနံ့သစ်မှာ အရင်က မိုးရဲ နာမည်နဲ့ ရေးခဲ့ဖူးတယ်။ ယခုလည်း အခြေအနေပေးရင်တော့ ပြန်ရေးဖို့ ကြိုးစားပါတယ်။

မေး ။ ။ ဆရာ့စာတွေကြည့်ရတာ ပို့(စ်)မော်ဒန်တို့၊ ဂလိုဘယ်လိုက်ဇေးရှင်းတို့ကို သိပ်ခံတွင်းမတွေ့သလိုပဲ။ အဲဒီအကြောင်းလည်း နည်းနည်းရှင်းပြပါလား။
ဖြေ ။ ။ ကိုဟိန်းလတ်မေးတဲ့ ပို့စ်မော်ဒန်အကြောင်းကို ကျွန်တော် ပြောချင်ပါတယ်။ လူငယ်ကဗျာဆရာတွေဟာ ပို့စ်မော်ဒန်အပေါ် ညွှတ်နူးမှု တော်တော်လေး ရှိလာတယ်လို့ ကျွန်တော်ယူဆတာကြောင့် ပြောချင်တာပါ။ ပုဂ္ဂိုလ်စွဲ၊ ၀ါဒစွဲ မပါအောင်တော့ ကြိုးစားပြောပါမယ်။ ဒါပေမယ့် စာပေလောကကို အန္တရာယ်ပေးနိုင်တဲ့ အယူအဆဖြစ်နိုင်တယ် ဆိုရင်တော့ ခပ်ရှင်းရှင်းတော့ ပြောရလိမ့်မယ်ထင်တယ်။ နောက်ထပ်ပြောချင်တာက ယနေ့နိုင်ငံတကာ အခြေအနေပါပဲ။ ကျွန်တော့် အယူအဆကို စာဖတ်သူတွေလည်း ဝေဖန်ဆွေးနွေးလို့ရအောင် ပြောချင်တယ်။ ဂလိုဘယ်လိုက်ဇေးရှင်း ရောဂါရဲ့ ပယောဂ၀င်နေတဲ့ အတွက် ပြောသင့်တာတွေကို ပြောမှ လိပ်ပြာသန့်လိမ့်မယ်လို့ ယူဆတာကြောင့် ပြောချင်တာပါ။

No comments:

Post a Comment