ဘီဘီစီ
သြဂုတ် ၇၊ ၂၀၁၀
သြဂုတ် ၇၊ ၂၀၁၀
အပိုင်း (၅) နိဂုံးပိုင်း
၂၀၀၈ အခြေခံဥပဒေမှာ ချို့ယွင်းချက်တွေရှိလို့ ကန့်ကွက်တဲ့သူတွေရှိနေသလိုပဲ၊ နောက်ကျမှ တဖြည်းဖြည်း ပြင်ယူမယ် ဆိုတဲ့သူတွေလည်းရှိပါတယ်။ တကယ်တမ်း ပြင်ဆင်ခွင့်ရှိမလား၊ ဒီအကြောင်းတွေကို ဆွေးနွေးထား ပါတယ်။ မသီတာနွယ် စီစဉ်တင်ဆက်ထားပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရေး မပါဝင်ရေး၊ တပ်မတော်ကနေပြီးတော့ တပ်မတော်ကိုယ်စားလှယ် ၂၅% ကို ပါဝင်ရေး မပါဝင်ရေး အဲဒီလို အငြင်းပွားနေမယ့်အစား ကျနော်တို့ ရှေ့ဆက်ပြီးတော့ ဆင့်ကဲဆင့်ကဲ ပြောင်းလဲလို့ရတဲ့ အခြေအနေ တခုအပေါ်မှာ ဒီဖွဲ့စည်းပုံကို ထောက်ခံလိုက်မယ်၊ ထောက်ခံပြီး ဒီမိုကရေစီစံတွေ တိုးသထက်တိုးလာအောင် ဆက်လက်ပြီးတော့ ကြိုးစားလုပ်ဆောင်သွားလို့ရှိရင် ဖြစ်နိုင်တယ်လို့ ကျနော်တို့က သုံးသပ်တယ်”
မြန်မာနိုင်ငံကို ဒီမိုကရေစီ အပြည့်အဝကျင့်သုံးတဲ့၊ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာတဲ့ နိုင်ငံတော်အဖြစ် ပေါ်ထွန်းလာနိုင်ရေးအတွက် အခု နအဖ အစိုးရရေးဆွဲထားတဲ့ အခြေခံဥပဒေကို လက်ခံသင့်တယ်၊ ပြီးမှ တဖြည်းဖြည်း ပြောင်းလဲယူမယ်၊ အခု ရသလောက်ယူထားသင့်တယ်ဆိုတဲ့ အယူအဆကို လက်ခံသူတဦးက ဘီဘီစီက အပတ်စဉ်ပြုလုပ်တဲ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ်မှာ ပြောတာကို ကြားခဲ့ကြရတာပါ။ အဲဒီအယူအဆကို လက်ခံကြသူတွေရှိသလို၊ တဖြည်းဖြည်းပြင်ယူမယ်ဆိုတဲ့ အယူအဆဟာ စိတ်ကူးယဉ်တာပဲလို့ မြင်ကြသူတွေလည်း ရှိပါတယ်။
“ညောင်နှစ်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့၊ သူကိုကြည့်မယ်ဆိုလို့ရှိရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံရဲ့ အမြင့်ဆုံးအာဏာပိုင် ဖြစ်နေတယ်။ ဆိုတော့ ဒီလို အာဏာရှင်ဆန်တဲ့ အစိုးရ စနစ်တခုအောက်မှာ ဖွဲ့စည်းပုံတခုကို ပြန်ပြင်ဖို့ဆိုရင် စဉ်းစားတယ်ဆိုလို့ရှိရင် စိတ်ကူးယဉ်တဲ့ စဉ်းစားမှုမျိုးဖြစ်လိမ့်မယ်၊ တကယ့် ပြည်သူလူထုတရပ်လုံးရဲ့ အနာဂတ်ဘဝတွေအတွက် ဒီလိုစိတ်ကူးယဉ်တဲ့ စဉ်းစားချက်တွေနဲ့ ကံကိုယုံပြီး ဆူးပုံနင်းဖို့တော့ မစဉ်းစားသင့်ဘူးပေါ့၊ ဒါ ကျမ အမြင်ဖြစ်ပါတယ်”
ပြည်ပအခြေစိုက် ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ မိဆူးပွင့်ရဲ့အမြင်ဖြစ်ပါတယ်။ ဒီတော့ နအဖရဲ့ဖွဲ့စည်းပုံဟာ တဖြည်းဖြည်းပြင်ဆင်သွားနိုင်မယ့် အလားအလာ ဘယ်လောက်ရှိပါသလဲ။ အနာဂတ် ဒီမိုကရေစီနိုင်ငံအဖြစ် တဆင့်ပြီးတဆင့် ပြောင်းလဲသွားနိုင်အောင် ရည်ရွယ်ရေးဆွဲထားတာလား။ ဆန်းစစ်ကြည့်ကြပါစို့။
နအဖ အစိုးရ ပြင်ဆင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် အဲဒီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဘယ်လိုမှ လွယ်လွယ်ကူကူနဲ့ ပြင်လို့မရအောင် သူတို့ အမျိုးမျိုးပြင်ဆင်ထားတာကို တွေ့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်အစိုးရရဲ့ စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေဥပဒေနဲ့ ကာကွယ်ပြဋ္ဌာန်းဖို့ အတွက် ပြင်ဆင်တဲ့နေရာမှာ နည်းမျိုးစုံသုံးတာတွေ့ရပါတယ်။ အဲလိုသုံးတဲ့နေရာမှာ နံပတ် ၁ အနေနဲ့ ဥပဒေပြုခဲ့တဲ့အပိုင်းကို ကြည့်ဖို့လိုပါတယ်။ အဲဒီဥပပြုအာဏာမှာ အထက်လွှတ်တော်မှာရော၊ သူတို့ပြောတာ အမျိုးသားလွှတ်တော်ပေါ့နော်၊ ပြီးတော့ ပြည်သူ့လွှတ်တော်မှာရော၊ ပြီးတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးရဲ့ လွှတ်တော်တွေမှာရော၊ ၂၅ % နှုန်းက အားလုံးနေရာယူထားပြီးသား ဖြစ်ပါတယ်။ အဲလို အားလုံး နေရာယူထားပြီးတဲ့အပြင်ကို အုပ်ချုပ်ရေးဘက်မှာ ကြည့်လိုက်လို့ရင်လည်းပဲ သူတို့က အုပ်ချုပ်ရေး အာဏာအားလုံးကို စစ်တပ်ရဲ့လွှမ်းမိုးမှုအောက်မှာ ကြိုတင်ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ ဥပမာ သမ္မတ ဆိုလို့ရှိရင် စစ်တပ်အတွေ့အကြုံရှိရမယ် ဆိုတဲ့ဟာမျိုးပါတယ်။ နိုင်ငံတော်မှာ အာဏာအကြီးဆုံးအဖွဲ့က ဘာလဲ ဆိုတော့ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီဆိုတာဖြစ်ပါတယ်။ အဲဒီကောင်စီကို အာဏာသိမ်းခွင့်ပါ ပေးထားပါတယ်။ ဆိုတော့ အာဏာသိမ်းခွင့်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးထားတယ် ဆိုကတည်းက သူတို့ စိတ်တိုင်းကျမဟုတ်ဘဲနဲ့ ဘာမှလုပ်လို့မရဘူးဆိုတာ တွေ့ရပါတယ်။ တရားဥပဒေပိုင်းမှာလည်း အဲဒီအတိုင်းပဲ သူတို့လွှမ်းမိုးထားတာတွေ့ပါတယ်”
နအဖ အစိုးရဦးဆောင်ပြီးရေးဆွဲထားတဲ့ အခြေခံဥပဒေကို အသေအချာလေ့လာထားတဲ့ ENC ခေါ် တိုင်းရင်းသား လူမျိုးများကောင်စီ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဆလိုင်းလျှံမှုန်းကတော့ ကြားခဲ့ရသလို ဒီဖွဲ့စည်းပုံဟာ စစ်အာဏာရှင်စနစ် အရှည်တည်တံ့ရေးကို ကာကွယ်ရေးဆွဲထားတာလို့ ဆိုပါတယ်။ ဒါဆိုရင် တဖြည်းဖြည်းပြင်ဆင်ယူမယ်ဆိုတဲ့ အယူအဆဟာ မှားတယ်ဆိုတဲ့ သဘောလား။ ပြည်ပအခြေစိုက် BLC မြန်မာနိုင်ငံရှေ့နေများကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းပါ ပြင်ဆင်ခြင်းကဏ္ဍကို ထောက်ပြပြီး အခုလို ရှင်းပါတယ်။
“အဲဒီအယူအဆက လုံးဝမှားပါတယ်။ ဘာကြောင့်မှားလည်းလို့ ပြောမယ်ဆိုရင် နအဖ လက်ရှိအဆိုပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပုဒ်မ ၄၃၆ မှာ ဖွဲ့စည်းပုံပြင်ဆင်ခြင်းနဲ့ပတ်သက်လို့ပြောထားတဲ့နေရာမှာ အပိုင်း ၂ ပိုင်းရှိတယ်။ ပုဒ်မ ၄၃၆ (က) က အဓိကအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကျောရိုးလို့ ပြောရမယ့် ပြဋ္ဌာန်းချက်တွေ ဖြစ်တယ်။ အဲဒီပြဋ္ဌာန်းချက်တွေကို ပြင်တဲ့နေရာမှာ အင်မတန် ခက်အောင်လုပ်ထားတယ်။ အဆင့် ၂ ဆင့်ရှိတယ်။ တဆင့်က ဘာလဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ % ကျော်က ပြင်ဆင်ဖို့သဘောတူရမယ်လို့ ပြောတယ်။ ဒါကြောင့် ဘယ်တိုင်းပြည်မှာမဆို ၇၅ % ရအောင်လုပ်ဖို့တောင်မှ အမတ်တွေကို စုစည်းဖို့ရာ အင်မတန် ခက်တယ်။ ဘယ်ဆုံးဖြတ်ချက်မဆို ၇၅ % ဆိုတာ တော်တော့်ကိုခက်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ၇၅ % ကျော်ရမယ်လို့ ပြောတယ်။ ဘယ်လိုနည်းနဲ့မှ မကျော်နိုင်ဘူးလို့ ပြောလို့ရတယ်။ ဘာကြောင့်လည်းဆိုတော့ ကျန်တဲ့ ၂၅ % က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တယ်။ ဒါကြောင့် ဒီ ၂၅ % ထဲကလည်း တယောက်တလေမှတောင်မှ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်အာဏာကို လွန်ဆန်ပြီးတော့ ဖွဲ့စည်းပုံပြင်တဲ့ဘက်မှာ ပါနိုင်စရာအကြောင်းမရှိဘူး။ အဲဒါအပြင်မပြီးသေးဘူး၊ လူထု ဆန္ဒခံယူပွဲမှာ ချပြဦးမယ်။ အဲတော့ မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်က ဆန္ဒမဲ ပေးရအုံးမယ်။ ဒီပြဋ္ဌာန်းချက်တွေအားလုံးကတော့ လုံးဝကို ပြင်ခွင့်မပေးတော့ဘူးလို့ ရှင်းရှင်းလင်းလင်း ရေးလိုက်တာကမှ တိုင်းပြည်အတွက် ငွေကြေးမကုန်ကျဘဲနဲ့ သက်သာဦးမယ်လို့ ကျနော်တို့ပြောချင်တယ်”
ဒီနေရာမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လိုရွေးသလဲဆိုတာ ပြန်ရှင်းပြချင်ပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဆိုပြီး လွှတ်တော် ၂ ရပ်ရှိပါတယ်။
ပြည်သူ့လွှတ်တော်မှာ မြို့နယ် ဒါမှမဟုတ် လူဦးရေအလိုက် ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ် ၃၃၀ နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကရွေးတဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ပါပါတယ်။
အမျိုးသားလွှတ်တော်မှာတော့ တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုက ပြည်သူတွေ ရွေးကောက်ထားတဲ့ ကိုယ်စားလှယ် ၁၆၈ ဦးနဲ့ တိုင်းနဲ့ပြည်နယ် တခုစီမှာ ၄ ဦးကျစီနဲ့ ကာကွယ်ရေးဦးစီးချုပ်ကရွေးတဲ့ တပ်မတော်သား ၅၆ ဦး ပါဝင်ပါတယ်။
အားလုံးခြုံကြည့်ရင် ပြည်ထောင်စု လွှတ်တော်မှာ ပြည်သူကရွေးတဲ့ ကိုယ်စားလှယ် ၇၅ % ၊ ကာကွယ်ရေး ဦးစီးချုပ်က ရွေးတဲ့ တပ်မတော်သား ၂၅ % ပါဝင်နေတာ ဖြစ်ပါတယ်။
တနည်းပြောရရင် ကာကွယ်ရေးဦးစီးချုပ်က သဘောတူမှသာ အဲဒီတပ်မတော်သား ၂၅ % ရဲ့ မဲတွေကိုရမှာ ဖြစ်တဲ့အတွက် အခြေခံဥပဒေကိုပြင်ဖို့ ခက်တယ်လို့ ပြောနေကြတာ ဖြစ်ပါတယ်။ ဒီတော့ အခြေခံဥပဒေက ဘယ်လို ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ဖို့ခက်အောင်လုပ်ထားပါသလဲ။
နိုင်ငံတော်အခြေခံမူနဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းချက်အားလုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ပြဋ္ဌာန်းချက်အားလုံး၊ သမ္မတရွေးချယ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေ၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်အားလုံး၊ အခြေခံဥပဒေ ပြင်ဆင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေ စတာတွေကို စောစောကပြောခဲ့သလို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ % က ထောက်ခံမှုရပြီးတဲ့နောက် လူထုဆန္ဒခံယူပွဲ ကျင်းပရမယ်၊ အဲဒီလူထုဆန္ဒခံယူပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ တဝက်ကျော် ထောက်ခံမှုရမှသာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ အဲဒါတွေထဲက အဓိကကျတဲ့ပြဋ္ဌာန်းချက်တချို့ကို ဦးအောင်ထူးက အခုလို ဥပမာနဲ့ ရှင်းပြပါတယ်။
“အခန်း ၁ မှာ နိုင်ငံတော်ရဲ့အခြေခံမူများ အခန်းတခန်းလုံး ပြင်လို့မရဘူး။ အဲဒီအထဲမှာ ဘာပါလဲဆိုတော့ တပ်မတော်က နိုင်ငံရေးဦးဆောင်မှုမှာ ပါရမယ်ဆိုတဲ့မူမျိုးက လုံးဝပြင်ခွင့်မရှိတော့ဘူး။
နောက်တခါ နိုင်ငံတော် အကြီးအကဲရဲ့ အရည်အချင်း သတ်မှတ်ချက်တွေ၊ ဥပမာ သမ္မတဟာ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးတွေ၊ နောက်တခါ သမ္မတရွေးချယ် တင်မြှောက်ပုံစနစ်တွေ၊ နိုင်ငံတော်သမ္မတ လုပ်တဲ့သူကို ရွေးချယ် တင်မြှောက်ခြင်းခံရတဲ့ ကိုယ်စားလှယ်များထဲကဖြစ်စေ၊ ရွေးချယ်တင်မြှောက်ခြင်းမခံသူများနဲ့ဖြစ်စေ ရွေးချယ်ခွင့်ရှိတဲ့ဆိုတဲ့ ဟာမျိုးတွေကို ပြင်လို့ကို မရတော့ဘူး။
နောက် ဥပဒေပြုရေး ကဏ္ဍအရပြောမယ်ဆိုရင် စစ်ဗိုလ်တွေ ၄ ပုံတပုံ ပါဝင်တဲ့ လွှတ်တော် ၂ ရပ် ဖွဲ့စည်းတဲ့ကိစ္စတွေ၊ နောက်တခါ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာလည်း ကာကွယ်ရေးဦးစီးချုပ်ကခန့်တဲ့ စစ်ဗိုလ်တွေပါတဲ့ ကိစ္စတွေ၊ နောက် အုပ်ချုပ်ရေးမှာလည်းပဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အားကောင်းကောင်းနဲ့ ဖွဲ့စည်းထားပြီးတော့က အာဏာသိမ်းစစ်ကောင်စီတရပ်လို ဖွဲ့စည်းပုံထဲမှာ တည်ရှိလည်ပတ်ခွင့်ပြုတဲ့ ကိစ္စတွေ၊ တရားစီရင်ရေးနဲ့ ပတ်သက်လာလို့ရှိရင်လည်းပဲ စစ်ဘက်ဆိုင်ရာတရားရုံးဆိုတဲ့ ကမ္ဘာမှာ ဘယ် တိုင်းပြည်မှာမှ မရှိတဲ့ တရားရုံးချုပ်တွေ ဖွဲ့စည်းထားတဲ့ကိစ္စတွေ ဒီလို ကျောရိုးပေါ့ဗျာ၊ စစ်အာဏာရှင်စနစ်ကြီးတရပ်လုံးကို ခိုင်ခိုင်မြဲမြဲ အသက်ရှင်စေမယ့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍ ၃ ရပ်စလုံးကို ထိန်းချုပ်ထားတဲ့ ကျောရိုးကြီး တခုလုံးကို မပြင်ဆင်စေချင်လို့ ဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်”
နောက်တခါ အဓိကကျတဲ့ အရေးပေါ်ကာလပြဋ္ဌာန်းချက်နဲ့ပတ်သက်လို့ ဦးအောင်ထူးကပဲ အခုလို ဆက်ရှင်းပြပါတယ်။
“အရေးပေါ်ပြဋ္ဌာန်းချက်အောက်မှာ အဓိက အာဏာအရှိဆုံးက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖြစ်တယ်၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ကမ္ဘာမှာ ဘယ်ဖွဲ့စည်းပုံမှာမှမရှိဘဲနဲ့ အုပ်ချုပ်ရေး အထဲမှာ အတိအကျ ထည့်သွင်း ပြဋ္ဌာန်းထားတယ်။
အဲတော့ အဲဒီ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ သာမန်ကာလမှာ အာဏာသိမ်းစစ်ကောင်စီ အဖြစ်နဲ့ နောက်ကွယ်မှာရပ်တည်နေပြီးတော့ အရေးပေါ်ကာလလည်းရောက်ရော ရှေ့တန်းကို လုံးဝ ထွက်ရပ်တည်သွားမယ်။ သူ့မှာ ကာကွယ်ရေးဦးစီးချုပ်ကို တာဝန်တိုးပေးနိုင်တယ်၊ ခန့်ထားနိုင်တယ်၊ ဖြုတ်နိုင်တယ်၊ တာဝန်က ရုတ်သိမ်းနိုင်တယ်။
အဲဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေက အလုပ်မလုပ်တဲ့အခါမျိုး အတိအကျပြောရလို့ရှိရင် လွှတ်တော်တွေတောင် မရှိတော့တဲ့အခါမျိုးမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ တိုင်းပြည်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာကြီး ၃ ရပ်ကို ဆက်လက်ကျင့်သုံးသွားမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေကို အရေးပေါ် အခန်းမှာ အတိအကျ ထည့်သွင်းပြဋ္ဌာန်းထားတယ်။ ဒါကြောင့် ဒီပြဋ္ဌာန်းချက်တွေကို လုံးဝ ပြင်ခွင့်မပေးတော့ဘူးလို့ ဆိုလိုခြင်း ဖြစ်ပါတယ်”
ဒီတော့ကာ အခု နအဖ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံပါ ပြင်ဆင်ပိုင်ခွင့်ဟာ ၁၉၄၇ ခု ပါလီမန်ဒီမိုကရေစီခေတ် ဖွဲ့စည်းပုံ၊ ၁၉၇၄ ခု မြန်မာ့ဆိုရှယ်လစ်ပါတီခေတ် ဖွဲ့စည်းပုံတွေက အခြေခံဥပဒေပြင်ဆင်ပိုင်ခွင့်တွေနဲ့ ဘာများ ကွာခြားပါသလဲ။ ဦးအောင်ထူးက အခုလို နှိုင်းယှဉ်ပြပါတယ်။
“၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လိုအပ်လာတဲ့အခါမှာ လွှတ်တော် ၂ ရပ်မှာရှိတဲ့ အမတ်တွေအနက်က ၃ ပုံ ၂ ပုံ ကနေပြီးတော့ သဘောတူ ထောက်ခံဖို့လိုတယ်။
ဒုတိယအချက်က လွှတ်တော် ၂ ရပ်စလုံး တွဲဖက်အစည်းအဝေးမှာ ပြည်နယ်အသီးသီးက ကိုယ်စားလှယ် အမတ်တွေက ထောက်ခံမဲပေးဖို့လိုတယ်။
တတိယအချက် က ကရင်အမျိုးသားတွေ၊ ချင်းအမျိုးသားတွေပေါ့ဗျာ စသဖြင့် တိုင်းရင်းသားအမျိုးသားတွေရဲ့ အခွင့်အရေးတွေကို ရုတ်လျော့စေမယ့် ပြင်ဆင်ချက်မျိုးဖြစ်တယ်ဆိုရင် အဲဒီအမျိုးသားတွေက သဘောတူညီချက် ပေးဖို့လိုတယ်။ ဒီလို အချက်အလက်တွေ ပါတာဖြစ်တယ်။
လက်ရှိ နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ဖြင့်ရင် ဖွဲ့စည်းပုံပြင်တဲ့ ကိစ္စမှာ ၇၅ % ကျော်မှ ဖြစ်တယ်ဆိုတော့ ၄၇ ဖွဲ့စည်းပုံနဲ့ လုံးဝ ခြားနားသွားတယ်။ နောက်တခုက ၁၉၄၇ ခု ဖွဲ့စည်းပုံမှာပါတဲ့ တိုင်းရင်းသားပြည်နယ်တွေ၊ တိုင်းရင်းသားအမျိုးသားတွေဘက်က စဉ်းစားချက်မျိုး၊ ပြဋ္ဌာန်းချက်မျိုးတွေ နအဖ ဖွဲ့စည်းပုံမှာ တလုံးတပါဒမှ မတွေ့ရဘူးလို့ ကျနော်ပြောချင်တယ်။
၁၉၇၄ ဆိုရှယ်လစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကဏ္ဍမှာ တော့ အခုလက်ရှိ နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်တာနဲ့ အားလုံးနီးပါးတူတယ်လို့ ပြောရမှာဖြစ်တယ်၊ အဓိက ကွာခြားချက်တခုပဲရှိတယ်။ အဲဒါကဘာလဲဆိုတော့ ခုနဆွေးနွေးခဲ့သလို အရေးကြီးတဲ့ ပင်မကျောရိုးကျတဲ့ အခန်းတွေ၊ ပုဒ်မတွေကိုပြင်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ % က ပြင်ဆင်ဖို့ သဘောတူရမယ်၊ ပြီးရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီးတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော်ဆန္ဒမဲအရ ပြင်ဆင်ရမယ်”
ဒီအတိုင်းဆိုရင် နအဖရဲ့ဖွဲ့စည်းပုံဟာ မဆလ တပါတီခေတ်က ဖွဲ့စည်းပုံထက်တောင် ပြင်ဆင်ဖို့ခက်ခဲနေတဲ့သဘော ရှိပါတယ်။ ဒီတော့ ဖွဲ့စည်းပုံတရပ်ပါ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်နိုင်ခွင့်ဟာ ဘယ်လောက်အရေးပါပါသလဲ။ မြန်မာ့အရေး သုံးသပ်သူ ဦးအောင်နိုင်ဦးက အခုလို သုံးသပ်ပါတယ်။
“နိုင်ငံတခုမှာဆိုလို့ရှိရင် နိုင်ငံရေးအရသော်လည်းကောင်း၊ အနေအထားတခုအရသော်လည်းကောင်း ပြောင်းလဲနေတာ တွေ ဖြစ်နိုင်တယ်။ ခေတ်တွေ ပြောင်းလာတာဖြစ်နိုင်တယ်။ အဲဒီလိုပြောင်းလာတဲ့အခါမျိုးမှာ လိုအပ်တယ်ဆိုလို့ရှိရင် ဒီဖွဲ့စည်းပုံကို လွယ်လွယ်ကူကူနဲ့ ပြင်နိုင်ဖို့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာကို ရေးထားကြပါတယ်။
တကယ်လို့ တိုင်းပြည်ကတောင်းဆိုလာတဲ့အခါမှာ ဖွဲ့စည်းပုံကို လွယ်လွယ်ကူကူနဲ့ မပြင်ဆင်နိုင်ဘူး၊ ဒါမှမဟုတ်လို့ရှိရင် အာဏာရှိနေ တဲ့ အစိုးရကနေပြီးတော့ ဖွဲ့စည်းပုံပြောင်းလဲရေးကို အကြောက်အကန် ငြင်းဆန်နေမယ်ဆိုရင် တိုင်းပြည်မှာ နိုင်ငံရေးအရ မတည်ငြိမ်တာ၊ စီးပွားရေးအရ မတည်ငြိမ်တာ၊ လူမှုရေးအရ မတည်ငြိမ်တာတွေဖြစ်နိုင်ရုံတင်မကဘဲနဲ့ တော်လှန်ရေးတွေ ပါဖြစ်တဲ့ သဘာဝတွေ ရှိပါတယ်။
ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ အင်မတန်ကို အရေးကြီးပါတယ်။ ဖွဲ့စည်းပုံတခုဟာ ဘယ်လောက်ပဲ ဆိုးနေပါစေ။ ဒီဖွဲ့စည်းပုံကို လိုအပ်တဲ့အချိန်မှာ လွယ်လွယ်ကူကူနဲ့ အကုန်အကျ နည်းနည်းနဲ့ ပြင်ခွင့်ရမယ်ဆိုလို့ရှိရင်တော့ ခုနပြောတဲ့ ဖြစ်နိုင်တဲ့ပြဿနာတွေကို အကုန်ရှောင်ရှားနိုင်တဲ့ သဘောရှိပါတယ်”
တချို့ဒီမိုကရေစီနိုင်ငံကြီးတွေမှာလည်း အခြေခံဥပဒေပါ အရေးကြီးပြဋ္ဌာန်းချက်တချို့ကို ပြင်ဆင်ဖို့ခက်အောင် လုပ်ထားသလို နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြင်ဆင်ဖို့ခက်အောင် လုပ်ထားပါတယ်။ ဒါပေမယ့် ရည်ရွယ်ချက်ခြင်းကတော့ ဆန့်ကျင်ဘက်ပါပဲလို့ ဦးအောင်နိုင်ဦးက သုံးသပ်ပါတယ်။
“ဒီမိုကရေစီရှိတဲ့နိုင်ငံတွေက ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာတော့ ဒီမိုကရေစီရေးတို့၊ လူသားတွေရဲ့အခွင့်အရေးတို့၊ လူသားတွေရဲ့ ဂုဏ်သိက္ခာတို့ စသည်ဖြင့်တို့ကို ကာကွယ်နိုင်ဖို့အတွက် ဒီအချက်တွေကို လုံးဝပြောင်းလို့မရအောင် ပိတ်ပင်ထားတာ ရှိပါတယ်။
ဒါပေမယ့် ကျနော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံကြတော့ ပြောင်းပြန်ဖြစ်နေတဲ့သဘောဖြစ်တယ်။ ပြည်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးတဲ့ ဖွဲ့စည်းပုံမျိုးမဆန်ဘဲနဲ့ စစ်အစိုးရရဲ့အခွင့်အရေးတွေကို ကာကွယ်ပေးတဲ့ ဖွဲ့စည်းပုံမျိုး ဖြစ်နေတယ်။ အဲဒီဟာကိုပဲ ပြင်လို့မရအောင် လုပ်ထားတဲ့သဘောပေါ့လေ”
ဦးအောင်နိုင်ဦး သုံးသပ်ခဲ့တာပါ။ ဒီတော့ အခြေခံဥပဒေမှာ ပြင်ဆင်ရခက်အောင်လုပ်ထားတဲ့ ပြဋ္ဌာန်းချက်တွေကိုကြည့်ရင် အဓိကအားဖြင့် တပ်မတော်ဟာ နိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍက အစဉ်တစိုက်ပါဝင်ရမယ်ဆိုတဲ့ အခြေခံမူကစလို့ နိုင်ငံတော်ဖွဲ့စည်းပုံ၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး အာဏာရပ်တွေမှာ တပ်မတော်ပါဝင်နေတဲ့ အခန်းကဏ္ဍ ပြဋ္ဌာန်းချက်တွေဖြစ်တာမို့ ဒီအခြေခံဥပဒေကို ဘယ်လိုရည်ရွယ်ချက်နဲ့ ရေးဆွဲထားတယ်ဆိုတာ ရှင်းနေပါပြီ။
ဒီတော့ကာ ဒီအစီအစဉ်ကို နားထောင်ပြီးရင် ဒီမိုကရေစီနိုင်ငံတော်ဖြစ်လာအောင် တဖြည်းဖြည်း ပြောင်းလဲ ပြင်ဆင်သွားနိုင်၊ မသွားနိုင်ဆိုတာကို သောတရှင်တွေ ဆုံးဖြတ်နိုင်ကြမယ်လို့ မျှော်လင့်ရင်းနဲ့ပဲ ဒီအစီအစဉ်ကို ဒီမှာ နိဂုံးချုပ်လိုက်ရပါတယ်ရှင်။ ။

No comments:
Post a Comment