29 October 2010

Thurain Htet - Pushing

ညီညီညာညာ ပြိုင်တူကို တွန်းကြတာပါပဲဗျာ ...
သူရိန်ထက်
အောက်တိုဘာ ၃၀၊ ၂၀၁၀

တောလမ်းလေးအတိုင်း ‘ဖွတ်ချက်’ ‘ဖွတ်ချက်’ နဲ့ မောင်းနှင်လာတဲ့ ဒိုင်နာကားလေးပေါ်မှာ ခရီးသည်တွေ အပြည့်တင်လာတယ်။ အမိုးပေါ်မှာလည်း ကြက်တွေထည့်ထားတဲ့ ကြက်ခြင်းက တခြင်း၊ ဟင်းသီးဟင်းရွက် ဈေးတောင်းက ၂ တောင်း၊ ကုန်တွေထည့်ထားတဲ့ ဂုန်နီအိတ်က ၄ လုံး၊ ခရီးဆောင် အိတ်တချို့ ...။ လမ်းက ခပ်ကြမ်းကြမ်း မညီမညာ။ ဖုန်က တထောင်းထောင်း ... မြေနီလမ်းလို့တော့ ဆိုနိုင်တဲ့ လမ်းပေါ့လေ။

ဒီလမ်းလေးက လှည်းလမ်းဆိုလည်း ဟုတ်တယ်။ ကားလမ်းဆိုလည်း ဟုတ်တယ်။ လူသွားလမ်း ဆိုလည်း ဟုတ်ပြန်ရော။ ကားလမ်းမကြီးနဲ့ မိုင် ၂၀ လောက် ဝေးတဲ့ ဟိုး ရိုးမတောင်ခြေနားကနေ ကားလမ်းအထိ သွယ်တန်းထားတဲ့လမ်း။ အနီးအနားက ရွာတွေကနေ မြို့ပေါ်သွားမယ့် ကားလမ်းနဲ့ သွယ် ဆက်ထားတဲ့ လမ်းကလေးပေါ့။ ဒီလမ်းလေးကနေ ရွာကလူတွေ မြို့တတ်တယ်။ မြို့က လူတွေ ရွာတွေ လာတယ်။ ကုန်ပစ္စည်းတွေ စုန်ဆန် သယ်ယူတယ်။ ကလေးတွေ ကျောင်းသွားတယ်။ လုပ်သားတွေ ဥဒဟို သွားလာတယ်။ အသွားအလာ များလှတယ်မဟုတ်ပေမယ့် ဒီဒေသ ဖွံ့ဖြိုးရေးအတွက်တော့ အသက်သွေးကြောလို အရေးပါ တဲ့ လမ်းပေါ့လေ။

အဲ ... အရေးပါတယ်ဆိုပေမယ့် လမ်းကတော့ သိပ်မကောင်းဘူး။ ခု မောင်းလာတဲ့ကားလေးက တနေ့ ၂ ကြိမ် ဒီလမ်းလေးမှာ ဖြတ်နေကျ။ မနက်စောစော တကြိမ် မြို့လမ်းဘက်ကိုသွားတယ်။ နေ့လည်လောက်ဆိုပြန်လာပြီး နောက်တကြိမ် မြို့လမ်းအထိသွားတယ်။ ညနေစောင်းတော့ တောဘက်ကို ပြန်မောင်းလာတယ်။ နိစ္စဓူဝ သွားနေကျ ကားကလေးပေါ့လေ။ ကားဆရာက ကိုလှသောင်း တဲ့။ ကွမ်းစားစားနဲ့။ ဒီနားတဝိုက် ဒီကား တစင်းပဲရှိတော့ ကားဆရာကိုလှသောင်းက ဘဝင်က ခပ်မြင့်မြင့်ရယ်။ ခရီးသည်တွေတောင် တော်ရုံစကား ပြောတာမဟုတ်ဘူး။ မျက်နှာထားက ခပ်တင်းတင်း။ ကျေးဇူးရှင်ရုပ်မျိုး ဆိုပါတော့။ ကိုလှသောင်းက မျက်နှာထားတင်းသလို သူ့တပည့် စပယ်ယာ မြထွန်းကလည်း စပယ်ယာ ထုံးစံ အပေါက်ဆိုးဆိုးဆိုတဲ့အထဲက။

ဒီနေ့ကားပေါ်မှာ လူတော်တော် စုံတယ်ပြောရမယ်။ ခေါင်းခန်း ထိုင်စီးလာတာက ဆေးဆရာ ဦးဝဏ္ဏ။ သူလည်း ကွမ်းတပျစ်ပျစ် ဝါးလိုက်ထွေးလိုက်နဲ့ စိပ်ပုတီးတကုံး လည်ပင်းစွပ်ပြီး မျက်မှန် တဝင်းဝင်းနဲ့ ဟန်ပန်က အပြည့်။ သူ့နောက်က ကျေးရွာတွေလိုက်ပြီး စစ်ဆေးရတဲ့ အုပ်ချုပ်ရေးပိုင်းက လူကြီး။ ဦးမြတ်မင်း တဲ့။ သူကလည်း အရာရှိဆိုတဲ့အတိုင်း တခြားခရီးသည်တွေနဲ့ တူမတန်သလို ဟန်နဲ့ပေါ့လေ။ သူ့ဘေးခုံမှာက စစ်သားလေးတယောက် ငိုက်ပါလာတယ်။ သူလည်း တာဝန်တွေ ပိလာတယ်ထင်ပါ့။

သူတို့ဘေးခုံမှာက သူဌေးဒေါ်ညို။ လက်ကောက်တဝင်းဝင်းနဲ့။ လည်ပင်းက ဆွဲကြိုးကြီးကိုလည်း ကိုင်ကိုင်ကြည့်ရတာ အမော။ ခါးပိုက်နှိုက်ကြောက်လို့ ထင်ပါ့။ သူ့ဘေးမှာက သူ့တူမဆိုတဲ့ အပျိုမ တယောက်လည်းပါသေး။ အပျိုမဆိုတဲ့အတိုင်း မျက်လုံးကလေး ဟိုဟိုဒီဒီကလည်း တယ်ကစားသကိုး။ နောက်ခုံမှာက ကလေး ၂ ယောက်နဲ့ မိသားတစုလည်း ပါတယ်။ မြို့ကျောင်းသွားတတ်မယ့် အဖြူအစိမ်းဝတ် အလယ်တန်းလား အထက်တန်းလား မခွဲခြားနိုင်တဲ့ ကျောင်းသား ၄-၅ ယောက်လည်း ပါသေး။ သူတို့နောက်က မျက်မှန်နက်ကြီးတွေတပ်ပြီး သားရေဂျာကင်ကြီးတွေကို နေပူပူမှာ ဝတ်ထားတဲ့ တောဂေါ်လီ လှသိန်းနဲ့ အောင်သောင်း။ သူတို့ကတော့ သူဌေးတူမလေးကို အားပါးတရ ငေးမောရင်း ရယ်လိုက်မောလိုက် ရုပ်ရှင်ထဲကလူတွေလို ဟန်ပန်တွေနဲ့ စကားပြောလိုက်နဲ့။

သူတို့နားကတော့ မြို့ကို ဈေးသွားရောင်းမယ့် ဒေါ်ခင်တင့်ရယ်၊ မမြကြည်ရယ်။ မညိုလှရယ်။ သူတို့ကလည်း အဖွဲ့ကျပြီး စကားတွေပြောလာလိုက်တာ တလမ်းလုံး။ ပိုဆိုးတာက သူတို့နဲ့အတူ ဘေးမှာ ထိုင်လိုက်လာတာက ဒီနယ်တဝိုက်က ရွာတွေကို သီချင်းတကြော်ကြော်နဲ့ ရှောက်သီးဆေးပြား လည်ရောင်းလေ့ရှိတဲ့ ဝိုင်းဝိုင်းခမ်းလှိုင်ဆိုတာလည်း ပါသေး။ နောက်ဆုံးနားမှာက ချိုကြီးတို့၊ တင်ထွန်းတို့၊ ဥသြတို့ လူငယ်တသိုက်လည်း ပါလာတယ်။ သူတို့က မြို့က ပွဲရုံမှာ ကုန်ထမ်းတဲ့သူတွေပေါ့။ သူတို့ကတော့ ရတနာပုံ ကလပ်အသင်း ဒိုင်းရသွားတဲ့အကြောင်း၊ ညစာစားပွဲမှာ နိုင်ငံခြားသား လူမည်း ၂ ယောက်က သူတို့သဘောကျနေတဲ့ မော်ဒယ်ကောင်မလေးကို သဘောကျလို့ ခေါ်သွားတဲ့အကြောင်းတွေ မစားရဝခမ်း ပြောလာကြတယ်။ စပယ်ယာ မြထွန်းက နောက်ဆုံးနားမှာ မှီပြီး ဒီနေ့ ကားခရတဲ့ငွေကို စစ်လိုက်၊ ခရီးသည်တွေထဲက ကားခဘယ်သူကျန်သေးလဲ တွေးလိုက်နဲ့ အလုပ်ရှုပ်နေတယ်။

တင်ထွန်းတို့အုပ်စုပြောနေတဲ့ လူမည်း ၂ ယောက်နဲ့ မော်ဒယ်မလေးဇာတ်လမ်း ကောင်းခန်း ရောက်နေတုန်းမှာပဲ ဂလုံး ခနဲ အသံနဲ့အတူ ကားက ထိုးရပ်သွားတယ်။ စက်ကတော့ မရပ်ပေမယ့် ကားက ရပ်သွားတာ။ ကားဆရာက ကားကို ဂီယာချိန်းတယ်။ လီဘာနင်းတယ်။ ကားက ဘီးလှိမ့်သံနဲ့ အတူ ကဂျီးကဂျီးနဲ့ မြည်နေပေမယ့် ရှေ့မသွားဘူး။ တယောက်တပေါက်ပြောနေတဲ့ အသံစုံလည်း ခဏ ငြိမ်သွားတယ်။

“မြထွန်း ... ကားဘာဖြစ်လဲ ... ဆင်းကြည့်စမ်း“

“ဟုတ်”

မြထွန်းကားပေါ်က ခုန်ဆင်းပြီး ဟိုသည် လိုက်ကြည့်တယ်။ နောက် ကားအောက်ကို လှမ်းကြည့်ပြီး …

“ဆရာရေ ... ကမူပေါ် ဗိုက်ထောက်နေပြီ”

“ဟေ ... တောက် ... ထင်တော့ထင်သား ... ဒါကြောင့် ဘီးမလှိမ့်ပါဘူးလို့ ... နေဦး"

ပြောပြောဆိုဆို ကားဆရာကိုယ်တိုင် ကားပေါ်က ဆင်းကြည့်တယ်။ ကွမ်းသွေးကို ပျစ်ခနဲထွေးပြီး …

“အာ .. ဘီးတွေက လွတ်နေပြီ။ ပြဿနာပဲ။ ကမူကလည်း ကျောက်တွေနဲ့ ... သောက်တလွဲပဲ” လို့ပြောတော့ မြထွန်းကလည်း သံယောင်လိုက်ပြီး …

“ဖြစ်မှာပေါ့ ... ကားလမ်းပေါ် လှည်းတွေ မောင်းတာကိုး။ ချိုင့်တွေ နက်လာတာ နည်းတာမှ မဟုတ်တာ”

သူတို့ဆရာတပည့် ၂ ယောက် အပြန်အလှန်ပြောနေတာကို အားလုံး ကြားကြတယ်။ ဒါပေမယ့် ဘယ်သူမှလည်း ဆင်းမကြည့်ဘူး။ သူ့ဘာသူ ဖြစ်သွားမှာပါ ဆိုတဲ့အတွေးနဲ့ ကိုယ်နဲ့မဆိုင်သလို ပြောလက်စစကားတွေ ပြောတဲ့သူက ပြောတယ်။ ငိုက်တဲ့သူက ဆက်ငိုက်တယ်။ ပုတီးစိပ်ချင်ယောင် ဆောင်တဲ့သူက ဆောင်တယ်။

ကားသမားက ကားပေါ်ပြန်တတ်လာပြီး စက်ကို ပြန်နှိုး၊ ဂီယာထိုး။ လီဘာနင်း။ ကားက ဝူးခနဲသာ မြည်တယ်။ ရှေ့မရောက်ဘူး။ နောက်ဆုတ်ဖို့ ဘက်ဂီယာချိန်းပြီး မောင်းကြည့်တယ်။ ထူးမခြားနားပဲ။

“ကဲ ... မဖြစ်တော့ဘူး။ ကားပေါ်ကလူတွေ ဆင်းပြီး ဝိုင်းတွန်းကြပါ” လို့ အော်လိုက်တယ်။ ဘယ်သူမှ မလှုပ်ဘူး။ မထဘူး။ နေမြဲပဲ။ ဒါနဲ့ မြထွန်းကလည်း လိုက်ပြောပြန်တယ်။

“အားလုံး ကားပေါ်ကဆင်းပြီး ဝိုင်းတွန်းကြပါဗျို့။ ကားဘီးတွေ ကျောက်ကမူပေါ် တင်နေလို့”

ခရီးသည်တွေ တယောက်ကိုတယောက် ကြည့်ကြတယ်။ ဟိုလိုလို ဒီလိုလို လုပ်တဲ့သူက လုပ်။ ငိုက်တဲ့ သူက ငိုက်ပေါ့လေ။ စောစောက ဆူညံဆူညံလုပ်နေသူတွေအားလုံး ငြိမ်သွားတယ်။ ကားဆင်းတွန်းဖို့ စိတ်ဝင်စားတဲ့သူ မရှိဘူး။ ကားဆရာကလည်း စက်နှိုးကြည့်လိုက်၊ ဂီယာချိန်းလိုက်၊ စမ်းတော့ စမ်းကြည့်သား။ ခက်တာက ကားက ကမူပေါ် တည့်တည့်ကို တင်နေတာ။ ကားရှေ့ နည်းနည်း တိုးလိုက်ရင်လည်း ကမူပေါ် ပိုရောက်သွားဖို့ပဲ ရှိနေတယ်။ အခုအနေအထားအတိုင်းကလည်း ကားက ခပ်စောင်းစောင်း ဖြစ်နေတယ်။ ရှေ့မတတ်သာ၊ နောက်ဆုတ်မရ၊ ဒီအတိုင်းလည်း ဆက်နေလို့မရတဲ့ အနေအထားဖြစ်နေတယ်။ သူပြောတာကို ဘယ်သူမှ ဂရုမစိုက်ပဲဖြစ်နေတဲ့အပြင် သူ့ဆရာကပါ ဟေ့ကောင် ဘာလုပ်နေတာလဲဆိုတဲ့ မျက်နှာပေးနဲ့ကြည့်နေတာကြောင့် စပယ်ယာ ကိုမြထွန်း ဒေါဖောင်းဖောင်းနဲ့ ...

“ကဲ … အားလုံးပဲဗျာ .. လူအသိစိတ်ကလေးရှိရင် ကားပေါ်ကဆင်းပြီး ဝိုင်းတွန်းပေးကြပါ” လို့ ထပ်အော်လိုက်တယ်။ သူ့စကားက နည်းနည်းရင့်သီးသွားလို့ ထင်တယ်။ ခေါင်းခန်းမှာ ထိုင်နေတဲ့ ဆေးဆရာ ဦးဝဏ္ဏက လမ်းဘေးကို ကွမ်းတချက် ပျစ်ခနဲ ထွေးလိုက်ပြီး ...

“အေးလေကွာ .. ဒီအတိုင်းနေလို့ ဖြစ်တာမဟုတ်ဘူး။ ဟိုးနောက်ကကောင်တွေ ဆင်းတွန်းပေးလိုက်ကြလေ ..” လို့ သြဇာလှမ်းပေးလိုက်တယ်။ ဟိုးနောက်ကဆိုတော့ ချိုကြီးတို့ တင်ထွန်းတို့ကို ရည်ရွယ်လိုက်တာမို့ .. ချိုကြီးက အသံသြသြနဲ့ ..

“ဟာဗျာ .. ကားတစီးလုံး ကမူပေါ်တင်နေတာကို ကျုပ်တို့သုံးယောက်ထဲ ဝိုင်းတွန်းလို့ ဖြစ်မလားဗျ”

လို့ လှမ်းပြီး ဘုတောလိုက်တော့ ဆေးဆရာလည်း ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားတယ်။

“အင်း .. ဟုတ်တာပေါ့ .. ကဲကဲ .. ကျန်တဲ့လူငယ်တွေလည်း ဝိုင်းဆင်းတွန်းကြလေ ..” လို့ ရွှေပြည်အေးသမားလိုလိုနဲ့ ဆရာဝင်လုပ်လိုက်တာက အရာရှိကြီး ဦးမြတ်မင်း။ ဒါပေမယ့် သူ့စကားကို နာခံမယ့်သူ မရှိသလောက်ပဲ။ ကျောင်းသားလေး ၄-၅ ယောက်ကတော့ ဆင်းတွန်းဖို့ ပြင်ကြတယ်။ ဒါပေမယ့် သူတို့ဆိုတာကလည်း လူမမယ်သာသာလေးတွေ။ လူငယ်လေးတွေ ဆင်းတွန်းဖို့ဆိုတော့ နောက်ဆုံးနားက ချိုကြီးတို့အုပ်စုလည်း ဆင်းလိုက်ကြတယ်။ ဒါပေမယ့် ဒီအင်အားလောက်နဲ့ကားက ရွေ့မယ့်ပုံ မပေါ်ဘူး။

“ကျန်တဲ့ယောက်ျားလေးတွေလည်း ဆင်းကြဦးလေ ..” လို့ ထပြောလိုက်တာက ဒေါ်ခင်တင့်။ သူကလည်း လူမှုရေးစိတ်ရှိလို့ရယ်တော့ မဟုတ်ဘူး။ ကိုယ့်ဘက်လှည့်လာမှာစိုးလို့ ဘောလီဘော ပုတ်လိုက်တဲ့သဘော။ သူ့စကားကြောင့် ကားပေါ်မှာ လူငယ်ပိုင်းဖြစ်နေတဲ့ တောဂေါ်လီ လှသိန်းနဲ့ အောင်သောင်းတို့ဆီ လူတွေက ဝိုင်းကြည့်ကြတယ်။ ဒီတော့ .. လှသိန်းက ...

“အာ .. ကျုပ်တို့က ဝတ်ကောင်းစားလှတွေနဲ့ စတိုင်အပြည့်နဲ့နေတာ။ ဒီလို ကားဆင်းတွန်းလို့ မဖြစ်ဘူးလေ ..” လို့ ရုပ်ရှင်မင်းသားစတိုင်နဲ့ ဟန်ပါပါ ပြန်ပြောတယ်။

“အဟမ်း - အဟမ်း .. အေးပါကွယ် .. ငါ့တူလေးတို့လည်း ဆင်းတွန်းပေးလိုက်ပါ။ အဒေါ် မုန့်ဖိုးပေးပါ့မယ်” ဆိုပြီး လက်ကောက်သံ တချွင်ချွင်နဲ့ လှမ်းပြောလိုက်တာက သူဌေးဒေါ်ညို ..။

“အာဗျာ .. ကျနော်တို့ကို ငွေနဲ့ခိုင်းလို့ ရမယ်များမှတ်နေလား ..။ ဟင်း … မရဘူးဗျ .. လာ ဂျော်နီလှသိန်း .. ဟိုရှေ့မှာ မဒီလေးတို့ရွာ ရောက်တော့မယ် .. ဒီကနေ လမ်းလျှောက်ပြီးပဲ ဒိုးကြစို့ ..” လို့ အောင်သောင်းက သူ့သူငယ်ချင်း လှသိန်းကို လက်တို့ပြီး ဆင်းလျှောက်သွားကြတယ်။

ကလေး ၂ ယောက်အမေကတော့ သူ့ယောက်ျားကို ကားသွားဆင်းတွန်းဖို့ မျက်ရိပ်ပြတယ်။ ဒါကို ဘေးလူတွေကလည်း မြင်လိုက်ကြတယ်။ ကလေးအဖေက ...

“အာ .. မိန်းမကလဲ .. ငါတို့လည်း ကားခပေးစီးတာချင်းအတူတူ လူလွတ်တွေ ဆင်းတွန်းပေါ့ကွ။ ကားပေါ်မှာ ငါ့ကလေးတွေကို စိတ်မချဘူး ..”လို့ အနှောင့်အသွားမလွတ် ပြောလိုက်တယ်။ ဆိုတော့ ကားပေါ်မှာ ယောင်္ကျားဆိုလို့ ကားသမားအပြင် ဆေးဆရာရယ်၊ အရာရှိရယ်၊ မိန်းမလျာရယ် .. အဲ … စစ်သားရယ် ကျန်နေတယ်။ ဒါပေမယ့် ယူနီဖောင်းနဲ့ စစ်သားကိုတော့ ဘယ်သူမှ မပြောရဲကြဘူး။

“ကဲ.. ယောက်ျားမှန်သမျှ ကားဆင်းတွန်းပေးကြပါတော် .. ရှင်လည်း သွားတွန်းချေ” လို့ ကလေး အမေက တိုက်တွန်းဆော်သြလိုက်တော့ အရာရှိနဲ့ ဆေးဆရာလည်း မနေသာတော့ဘူး။ ဒါပေမယ့် ဆေးဆရာက ..

“ဟေ့ ... ဟိုရှောက်သီးဆေးပြားသည်။ မင်းလည်း ဆင်း။ ကားသွားတွန်း” လို့ လှမ်းပြောလိုက်တော့ ...

“အာ .. အကိုကြီးကလည်း .. မီးက အဲဒါမျိုးတွေမရဘူးလေ .. သီချင်းဆို ဆို ဆိုပြမယ် .. ဘာတဲ့ .. အိုးကလေး လှုပ်ပါဟေ့ .. ရေအိုးလေး လှုပ်ပါဟေ့ ..” ဆိုပြီး ရှိစုမဲ့စု တင်ကလေးလှုပ်ပြီး က ပါလေရော။ ဈေးသည်မတစုကတော့ တဝါးဝါးပေါ့ …။ မနေသာတော့ဟန်တူတဲ့ အရာရှိကြီး ဦးမြတ်မင်းက တရားသူကြီးဟန်ပန်နဲ့ ...

“ဟေ့.. တော်စမ်း။ ဆေးဆရာ.. ခင်ဗျားလည်း ဆင်း။ ဟို အိုးလှုပ်တဲ့ဟာလည်း ဆင်း။ ကားပေါ်က အားလုံး ဆင်းကြ၊ မိန်းမတွေပါ ဆင်းတွန်း” လို့ ဆိုပြန်ရော။

ဒီတော့ အားလုံး ပွစိပွစိဖြစ်ကုန်တယ်။ ဈေးသည်မ တယောက်ကတော့ ..

“မိန်းမတွေပါဆင်းခိုင်းပြီး ဟို စစ်သားကျတော့ ရှင်မပြောရဲဘူး မဟုတ်လား” လို့ ခပ်အုပ်အုပ် နှုတ်လှန်ထိုးလိုက်တာကို အားလုံးက ကြားဖြစ်အောင်ကြားသွားပြီး စစ်သားဆီ အကြည့်ရောက်ကုန်တယ်။ ဦးထုပ် ခပ်ငိုက်ငိုက်စောင်းထားတဲ့ ကိုရွှေစစ်သားက သူ့ဆီ တိုက်ရိုက်ပစ်မှတ်က ထိတော့မှပဲ ငိုက်ချင်ဟန် ဆောင်နေရာက မျက်လုံးပွတ်ပြီး ...

“ဟာဗျာ .. ခင်ဗျားတို့တွေ သိပ်ခက်တယ်။ ကျုပ်တို့မပါရင် ဘယ်နေရာမှမပြီးဘူး။ ကဲ .. ကျုပ် စီစဉ်မယ်။ ကားဆရာကလွဲရင် အားလုံး ကားဆင်းတွန်းကြ။ ဒါ အထက်အမိန့် ..” တဲ့။

ဘယ်ကနေပေးလိုက်တဲ့ အထက်အမိန့်လည်းတော့ မသိပေမယ့် အမိန့်ဆိုရင် ကြောက်တတ်နေကျ ထုံးစံအတိုင်း အားလုံး ကားပေါ်က ဆင်းလိုက်ကြတယ်။ ကားတွန်းဖို့ ကားဘေး ပတ်ပတ်လည် နေရာယူလိုက်ကြတယ်။ အဲဒီမှာတင် ပြသနာက ဖြစ်ပြန်ရော။

“ဘယ်နေရာက ဝိုင်းတွန်းရမှာလဲဗျ” တဲ့။ ဟုတ်တော့လည်း ဟုတ်တယ်။ နောက်ကနေ ဝိုင်းတွန်းရင် ကမူပေါ် ထပ်တင်သွားမယ်လို့ တချို့က ပြောတယ်။ ရှေ့ကနေ ဝိုင်းတွန်းတာ ပြောင်းပြန် ဖြစ်နေမှာပေါ့လို့လည်း ဆိုကြပြန်တယ်။ တချို့က စောင်းနေတဲ့ တဖက်ခြင်း အမြင့်ပိုင်းက တွန်းပေးလိုက်ရင် ဘေးနည်းနည်း ရောက်သွားပြီး ကမူကနေ လွတ်သွားနိုင်တယ်လို့ အာဘောင် အာရင်းသန်သန်နဲ့ ပြောနေတဲ့သူလည်း ရှိတယ်။ အဲ ... တချို့ကတော့ အဲဒီလို အမြင့်ပိုင်းက တွန်းရင် ကားတိမ်းမှောက်သွားမယ်။ အနိမ့်ပိုင်းက ဝိုင်းတွန်းသင့်တယ်တဲ့။ တယောက်တပေါက်ပဲ။ ဒီတော့ ဒီပြသနာကိုလည်း ခုနက ကိုရွှေစစ်သားကပဲ ဆုံးဖြတ်ချက် ချလိုက်ပြန်တယ်။

“အားလုံး ပြိုင်တူတွန်းရင် ရွေ့မှာပဲ။ ကိုယ်ကြိုက်တဲ့နေရာက အားကြိုးမာန်တတ် တွန်းကြ။ ဒါ အထက် အမိန့်” တဲ့။ လာပြန်ပြီ အထက်အမိန့်။ သူ့ခမျာ ဒီစကားကို တော်တော် စိတ်စွဲနေဟန်တူပါရဲ့။

ဘာပဲဖြစ်ဖြစ်ပေါ့လေ။ သူပြောတဲ့အထက်အမိန့်အတိုင်း ကားရဲ့ အရှေ့အနောက် တောင် မြောက် ဘေးပတ်လည် ကိုယ်သန်ရာ ကိုယ်တွန်းသင့်တယ်ထင်တဲ့နေရာမှာ နေရာယူလိုက်ကြတယ်။

“ကဲ .. တစ် .. နှစ် .. သုံး.. တွန်း” ဆိုပြီး တပြိုင်တည်း တချိန်တည်း ပြိုင်တူ တွန်းလိုက်ကြတယ်။ ကားကတော့ ဘယ်မှမရွေ့ဘူး။ လှုပ်တော့ လှုပ်သွားတယ်။ ဒါပေမယ့် ဒုံရင်းပဲ။

ဒါနဲ့ နောက်တကြိမ် .. နောက်တခါ … နောက်တချီ .. နောက်တလှည့် .. နောက်တဖန် .. နောက် .. နောက် …။ နောက် ….။

ပြိုင်တူတော့ တွန်းကြတာပဲဗျ။

ချွေးဒီးဒီး ကျအောင်ကို တွန်းကြတာ။

အားကြိုးမာန်တတ် ညီညီညာညာကို တွန်းတာ ..။

အဲ .. ရွေ့တော့မရွေ့ဘူးဆိုပဲ။


၂၄. ၁၀. ၂၀၁၀။ ည ၁၁ နာရီ

No comments:

Post a Comment