10 November 2010

Maung Maung One Article for Daw Su - 1

ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ (အပိုင်း - ၁)
မောင်မောင်ဝမ်း
နိုဝင်ဘာ ၁၁၊ ၂၀၁၀

ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို အန်တီစု လို့ပဲ ခေါ်ပါတယ်။ သူ့ကိုသတိ စထားမိတာ ၁၉၈၀ ကျော်ကာလ ဝန်းကျင်လောက်ဖြစ်မယ်ထင်ပါရဲ့၊ ဦးအောင်ကြီးက ပေဖူးလွှာမဂ္ဂဇင်းကနေ အခန်းဆက်တွေ ကိုရေးနေတော့ အန်တီအကြောင်းကို စသိခဲ့ဖူးပါတယ်။ ဒီလိုနဲ့ ၁၉၈၈ လူထုအရေးတော်ပုံကြီး ပေါ်ပေါက်လာတော့ အန်တီလူထုရှေ့ကို စထွက်လာတာ အားလုံးလည်း အသိပါပဲ။ အဲဒီအချိန်က ကျနော် သူ့ကိုသတိထားမိတာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတယောက်အဖြစ်နဲ့ပဲ သတိထားခဲ့မိတာပါ။ နောက် ပါတီခေါင်းဆောင်တယောက် ဖြစ်ခဲ့ပါတယ်။ အဲဒီအထိလည်း ကျနော့်ရင်ထဲမှာ သိပ်အလေးနက်ကြီးတော့ မရှိလှသေးပါဘူး၊ ဒါပေမယ့် ဘယ်အချိန်ကစပြီး သတိထားမိလာသလဲဆိုတော့ ကျနော့်ဇာတိမြို့ ရေနံချောင်းကို စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ ၁၉၈၈ (နိုဝင်ဘာလများ ဖြစ်မလား မသိဘူး။) အဲဒီကစပြီး အန်တီရဲ့နှလုံးသားပုံရိပ်တွေဟာ ကျနော့်ရင်ထဲ ထိုးဖောက် ဝင်ရောက်လာခဲ့တာပါ။

ကျနော် တင်ပြချင်တဲ့အကြောင်းအရာက အန်တီစုရဲ့စိတ်နေစိတ်ထား (တနည်းအားဖြင့်) နှလုံးသားပုံရိပ်တွေ အကြောင်းပါ။ အမှန်ပြောရရင် အန်တီစုနဲ့ ကျနော် ထိတွေ့ဖူးတဲ့ကာလက တော်တော် တိုတောင်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ တိုတောင်းတဲ့ကာလလေးတခုအတွင်းမှာ ကျနော် အန်တီစုနဲ့ ကြိမ်ဖန် များစွာ ကြုံခဲ့ဖူးပါတယ်။ စကားတွေ အများကြီး ပြောဖြစ်ခဲ့ဖူးတယ်၊ အလုပ်တွေ ပူးပေါင်း လုပ်ဆောင်ခဲ့ဖူးပါတယ်။ အဲဒီအချိန်ကာလများက ကျနော်ဟာ အလယ်ပိုင်း မြန်မာပြည် (မြေလတ်ဒေသက) ကျောင်းသားခေါင်းဆောင်တယောက်ပါ။ NLD ပါတီဝင်တယောက် မဟုတ်ပါဘူး။ အန်တီစုနဲ့ပတ်သက်လို့ ထိတွေ့ဆက်ဆံဖူးတဲ့ အချိန်တွေကစလို့ အန်တီရဲ့နှလုံးသားကို ထိုးဖောက်ဝင်ရောက် လေ့လာနေတာ အခုထိပဲ ဆိုပါတော့။ တနည်းအားဖြင့် စိတ်နေစိတ်ထားပေါ့။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ဦးဆောင်မယ့် သူရဲ့စိတ်နေစိတ်ထား၊ စရိုက်သွင်ပြင်လက္ခဏာ၊ အရည်အချင်း ဆိုတာတွေဟာ သိထားသင့်တဲ့ အချက်တွေလို့ ကျနော် ခံယူပါတယ်။


ဒီနေရာမှာ လက်ခံနိုင်တာတွေရှိသလို၊ လက်မခံနိုင်တာတွေလည်း ရှိခဲ့ပါတယ်။ ကြိုက်တာတွေ၊ မကြိုက်တာတွေ၊ သဘောတူတာတွေ၊ မတူတာတွေ စသဖြင့် ကြုံတွေ့ခဲ့ဖူးပါတယ်။ သို့သော်လည်း ကျနော့် အနေနဲ့ အန်တီစုကို လက်ခံနိုင်တဲ့အချက်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း သမီးတယောက်၊ ပါတီခေါင်းဆောင် တယောက် ထက်ကျော်လွန်တဲ့ မှတ်ချက်တခုက ကျနော့်ရင်ထဲမှာ ရှိနေလို့ပါ။

ကျနော်လက်ခံထားတာက အန်တီစုဟာ ဒီနေ့အချိန်မှာ “လူထုခေါင်းဆောင်တယောက်” ဒီလိုပဲ လက်ခံထားတယ်။ လူထုခေါင်းဆောင်တယောက်ဆိုတာ လူထုအတွက် အလုပ်လုပ်နေရတော့ အမှန်တွေ ရှိသလို အမှားဆိုတာလည်း ကြုံတွေ့နိုင်တာပါပဲ၊ ဒါ သဘာဝတခုပါ။ ဒါကိုလည်း အန်တီကိုယ်တိုင်က ဝန်ခံပြောဆိုခဲ့တာတွေ ရှိပါတယ်။ ဒီနေရာမှာ ကျနော်အနေနဲ့ကတော့ တင်ပြချက်များကို ဘာမှတ်ချက် တစုံတရာပေးဖို့မှ အရည်အသွေးမရှိပါဘူး၊ အန်တီစုရဲ့နှလုံးသားပုံရိပ် (တနည်းအားဖြင့်) ကျနော်နဲ့ ဆုံတွေ့ခဲ့ရတဲ့ကာလများမှ တစိတ်တဒေသကို ကောက်နှုတ်တင်ပြခြင်းမျှသာ ဖြစ်ပါတယ်။

ကျနော့်ရဲ့အတွေ့အကြုံများကိုတင်ပြရာမှာ ဖြစ်ရပ်မှန်တွေဖြစ်တယ်ဆိုတာကိုတော့ ရဲရဲကြီး အာမခံ ပြောနိုင်ပါတယ်။ အန်တီစု အပါအဝင် ဘယ်တစုံတယောက်ကိုမှ ဖော်လံဖား ရေးသွားမှာမဟုတ်ဘူး ဆိုတာကိုလည်း ကြိုပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူလူထုကို ဦးဆောင်မှု ပေးနိုင်သူလား၊ မပေးနိုင်သူလားဆိုတာကို သူ့ရဲ့နှလုံးသားကို ဝင်ရောက်ကြည့်ရအောင်ပါ။ အပြည့်အစုံ မဟုတ်ရင်တောင်မှ တစိတ်တဒေသလောက်ပဲ ဖြစ်ဖြစ်ပေါ့။

နှလုံးသားပုံရိပ် ဒိုင်ယာရီ (၁)


အန်တီစု မြေလတ်ခရီးစဉ် ထွက်လာခဲ့တဲ့ ၁၉၈၈ နိုဝင်ဘာလလောက်ထဲမှာပါ။ ၈၈ လူထု အရေးတော်ပုံကြီးကလည်း ပြီးခါစဆိုတော့ နိုင်ငံရေး ဒီရေအဟုန်ကလည်း တအုံနွေးနွေး၊ ဒေသခံလူထုက အန်တီစုလာမှာကို အတော်လေးကို မျှော်လင့်နေကြတယ်။ သူ့မှာ ပါရမီပါလာလို့လား မသိဘူး။ တိုတောင်း လှတဲ့ နိုင်ငံရေးဖြတ်သန်းမှု ခဏလေးမှာ တနိုင်ငံလုံး လူထုရင်ထဲ ထိုးဖောက်နေရာယူနိုင်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ရင်သွေးမို့ လူထုက ကြိုဆိုမိတယ်ဆိုရင် သားဖြစ်သူ ဦးအောင်ဆန်းဦး လာခဲ့ရင်ရော ဒီလို မျှော်လင့်ကြိုဆိုနိုင်မလားဆိုတဲ့မေးခွန်းက မေးစရာပါ။ အဲဒီအချိန်ကာလက အညာဒေသမှာကလည်း ဆောင်းရနံ့သင်းတဲ့အချိန်ဆိုတော့ အတော်လေးကို နေလို့ထိုင်လို့ကောင်းတဲ့ အနေအထားပါ။ ရေနံချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင် လူကြီးအချို့နဲ့အတူ ကျနော်တို့ ကျောင်းသားအဖွဲ့က အန်တီစုလာမယ့် လမ်းခရီးမှာ သွားရောက် ကြိုဆိုပေးရပါတယ်။ အန်တီက နတ်မောက်ကနေ ရေနံချောင်းကို ကူးလာမှာပါ။ အန်တီစု ကားတန်းဆိုက်လာတယ်ဆိုရင်ပဲ ခဏလေး ရပ်ခိုင်းပြီး နှုတ်ဆက်ကြလုပ်နေတဲ့အချိန်မှာ ကျနော်က ကျောင်းသားတဖွဲ့ကို “အန်တီလာပြီ” ဆိုတဲ့ အကြောင်း၊ လမ်းခရီးမှာရှိနေတဲ့လူထုကို အကြောင်းကြားဖို့ လွှတ်လိုက်ပါတယ်။ အန်တီတို့ကားတန်း မြို့ထဲကို ဝင်ရောက်လာတယ်ဆိုရင်ပဲ လမ်းဘေးဝဲယာ တဖက်တချက်မှာ လူထုတွေဟာ ထွက်လာကြ၊ အော်ဟစ်နှုတ်ဆက်ကြနဲ့ အတော့်ကို ဝမ်းမြောက်စရာပါ။

ဒီလိုနဲ့ အန်တီစကားပြောမယ့် မြို့လယ်က ခန်းမတခုအရောက်မှာတော့ လူထုကြီးဟာ တယောက်နဲ့တယောက် လမ်းလျှောက်လို့ မရနိုင်လောက်အောင် များပြားလွန်းလှပါတယ်။ ပါလာတဲ့ သုံးရောင်ခြယ်ကျောင်းသားလူငယ်အဖွဲ့နဲ့ ဒေသခံကျောင်းသားသမဂ္ဂက ကျောင်းသားတွေ၊ မြို့နယ်ပါတီက တာဝန်ရှိသူတွေ ဝန်းရံပြီး၊ အန်တီစုကို ကားထဲကခေါ်လာခဲ့တယ်ဆိုရင်ပဲ “ဒေါ်အောင်ဆန်းစုကြည် --- ကျန်းမာပါစေ” “ဒေါ်အောင်ဆန်းစုကြည် --- ကျန်းမာပါစေ” ဆိုတဲ့ ဆုတောင်းထောပနာပြုတဲ့အသံတွေ မြည်ဟီးထွက်လာလိုက်တာ မိုးယံပွင့်သွားမတတ်ပါပဲ။ နောက် အန်တီစုဟာ ခန်းမထဲမှာ ပထမ စကားပြောပါတယ်။ ပြီးတော့ ခန်းမ ပြတင်းပေါက်ကနေရပ်ပြီး လူထုကို မိန့်ခွန်းခြွေပါတယ်။ လက်ခုပ်သံတွေ တဖြောင်းဖြောင်း၊ ဆုတောင်းသံတွေ အလီလီနဲ့ ဟောပြောပွဲ ပြီးဆုံးသွားပါတယ်။ ဟောပြောပွဲပြီးလို့ ခန်းမပေါ်ကနေ အောက်ကိုဆင်းလာတယ်ဆိုရင်ပဲ အန်တီစု ထွက်လို့မရအောင် လူထုကြီးက ပိတ်ဆို့ပြွတ်သိပ်နေပါတယ်။ “သူ့ကိုမြင်ဖူးချင်လို့ - တွေ့ဖူးချင်လို့ ...” စသည် စသည်ဖြင့်ပေါ့။ ကျနော်တို့က အန်တီစုကိုဝန်းရံပြီး ကားရှိရာကိုခေါ်ဆောင်လာတဲ့အချိန်မှာ --- ---

“အမေစု --- အမေစု - ကျနော် အမေ့ကိုတွေ့ပြီး လက်ဆောင်ပေးချင်လို့ ရွာကနေ အပြေးလာတာပါ --- ဒီလက်ဆောင်လေးလည်း ပေးပါရစေ -- ပြီးတော့ ကန်တော့လည်း ကန်တော့ပါရစေ” ဆိုပြီး လူတယောက်ဆီက အသံပြာကြီးနဲ့ အော်ဟစ်သံဟာ ရုတ်တရက် စူးထွက်လာပါတယ်။ ကျနော်တို့တတွေ သတိထားကြည့်လိုက်တော့ သူ့ပုံက ကျေးလက်ဟန်အပြည့်၊ အသက်က ၂၀ ကျော်အရွယ်။ ပုဆိုးဝတ်ထားပုံကလည်း ပိုသီပတ်သီနဲ့ အန်တီစု ရုတ်တရက်ရပ်ပြီး လှမ်းကြည့်လိုက်ပါတယ်၊ အဲဒီ လူငယ်က လူတွေကြားကနေ ဇွတ်ရှေ့ကိုရုန်းထွက် လာပြီး အထုတ်တထုတ်ကို အန်တီစုဆီ လှမ်းကမ်းလိုက်ပါတယ်။ အန်တီက လှမ်းယူလိုက်တယ်ဆိုရင်ပဲ ကျနော်က သူ့ဆီကနေတဆင့် ချက်ခြင်းလွှဲပြောင်းယူလိုက်တယ်။ သေသေချာချာ ကြည့်လိုက်တော့ ကျွတ်ကျွတ်အိတ် အကြည်ရောင်လေးနဲ့ထုတ်ထားတဲ့ ထန်းလျှက် (တပိဿာလောက်တော့ ရှိမလား မသိဘူး) ပြီးတော့ အဲဒီလူငယ်က အန်တီရဲ့ ခြေအစုံနားမှာထိုင်တဲ့ပြီး ၃ ကြိမ်တိုင် ဦးချရှိခိုးခဲ့တယ်။ မတ်တပ်ထရပ်တော့ သူ့ရဲ့မျက်ဝန်းအစုံမှာ မျက်ရည်တွေနဲ့ ရွှဲနစ်နေပြီး ငိုချလိုက်တယ်။ ငိုသံပါအသံကြီးနဲ့ “အမေ --- ကျုပ်တို့ကို ကယ်ပါ --- ကျုပ်တို့ ငတ်နေပြီ” ဆိုပြီး ချုံးပွဲချငိုပါတော့တယ်။ လူထုကြီးခမျာ ရုတ်တရက် အံ့အားသင့်သွားတယ်ထင်ပါတယ်။ အသံတွေဟာ ချက်ခြင်းဆိုသလို ခေတ္တငြိမ်သက် သွားတယ်။ ကျနော် အန်တီကိုကြည့်လိုက်တော့ အန်တီရဲ့မျက်ဝန်းအစုံမှာ ကြေကွဲနိမိတ်ပုံအချို့ကို တွေ့လိုက်ရသလိုပဲ။ အန်တီစုက လူထုဆီကိုလှည့်ပြီး စကားပြောလိုက်တယ်။

“ပြည်သူလူထုကြီးကို ကျမ တခုပြောချင်ပါတယ် --- ဒီလူငယ်လေးလို ဒုက္ခတွေဝေနေတဲ့သူတွေဟာ မြန်မာနိုင်ငံမှာ သန်းပေါင်းများစွာ ရှိနေပါတယ် --- ဒါဟာ ဘာဖြစ်လို့ ဒီလိုဖြစ်ရသလဲဆိုရင် --- စနစ် မကောင်းလို့ပါ” (လက်ခုပ်သံများ) --- “ဒီစနစ်ကို ကျမတို့ပြုပြင်ဖို့ လိုပါတယ် --- ပြည်သူလူထုကြီးက ကျမတို့ကို ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြပါ ---” “(ပေးမယ် --- ပေးမယ်)” လူထုဆီက အသံကြီးက ဆောင့်ထွက်လာပါတယ်။ “ကျမ အသက်နဲ့ခန္ဓာရှိနေသရွေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတာဝန်တွေ ထမ်းဆောင်သွားမယ်ဆိုတာ --- ကတိပေးပါတယ်။” (လက်ခုပ်သံများ) နောက်ပိုင်း ကျနော်သိတာကတော့ အဲဒီလူငယ်ဟာ မြို့နဲ့သိပ်မဝေးလှတဲ့ ကျေးရွာတရွာကဖြစ်ပြီး၊ ယာလုပ်ကိုင်စားနေတဲ့ ဆင်းရဲလှတဲ့ လူတဦး ဖြစ်ကြောင်းနဲ့ အန်တီ ပြန်အသွားပြီးမှာတော့ ရဲစခန်းကနေ ခေါ်ယူစစ်ဆေးမေးမြန်းကြောင်း သိရပါတယ်။ ဒါပေမယ့် ထောင်ကျသံတော့ မကြားမိပါဘူး။

ဒီလိုနဲ့ အန်တီစုဟာ ချောက်မြို့ကို ဆက်လက် ခရီးနှင်ခဲ့ပါ တယ်။ ချောက်က ကျောင်းသားအဖွဲ့တဖွဲ့က ရေနံချောင်းမှာ လာကြိုပါတယ်။ ချောက်က ကျောင်းသားတွေ က ကျနော့်ကို ပြောလာပါတယ်။ “ချောက်မှာတော့ ပြဿနာရှိကြောင်း၊ အုပ်စုနှစ်အုပ်စုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်နှစ်ခု ကွဲနေကြောင်း၊ တခုက ကျောင်းသားလူငယ်များ အပါအဝင် မြို့မိမြို့ဖ လူထု အများဆုံးပါဝင်တဲ့ (၈၈ လူထုအရေးတော်ပုံက အုပ်စု) နဲ့ နောက်တအုပ်စုက ရှေ့နေမ ဒေါ်မြင့်မြင့်ကြွေ ဦးဆောင်တဲ့အုပ်စု ဆိုပြီး ကွဲနေကြောင်း။ ပြဿနာကြီးကြောင်း ...” စသဖြင့် ပြောလာတော့ ကျနော်လည်း ခေါင်းတော်တော်စားသွားပါတယ်။ အဲဒီသတင်းစကားကို ကျနော်က မသိင်္ဂီ (အဲဒီကာလက အန်တီစု အနီးနားမှာနေသူ)ကို အကြမ်းပြောပြပြီး ကားပေါ်မှာ အန်တီစုကို ပြောပေးဖို့ အကြောင်းကြားခဲ့ပါတယ်။ ဖြစ်ချင်တော့ ချောက်မြို့ရောက်တယ်ဆိုရင်ပဲ ညနေ ၆ နာရီကျော်လောက် ရှိပြီ။ အုပ်စု နှစ်အုပ်စုမှာ လူနည်းစုအုပ်စုဖြစ်တဲ့ ဒေါ်မြင့်မြင့်ကြွေတို့အဖွဲ့ ကြိုဆိုတဲ့နေရာက အများစုကြိုဆိုမယ့်နေရာရဲ့ ထိပ်မှာရှိနေတော့ အန်တီ စီးနင်းလိုက်ပါလာတဲ့ ကားတန်းကြီးက ဒေါ်မြင့်မြင့်ကြွေတို့ ကြိုဆိုတဲ့နေရာမှာပဲ ရပ်ပြီး ကားပေါ်ကလူတွေဆင်း - စတင်နားတော့မယ့် အရိပ်အရောင်တွေ တွေ့နေရတော့ ကျနော် ခေါင်းတွေကြီးလာတယ်။ ပြဿနာက စတော့မယ်။ အန်တီကတော့ ဒေါ်မြင့်မြင့်ကြွေတို့ အိမ်အပေါ်ထပ် တက်သွားပြီး အေးအေးလူလူရှိနေပြီ၊ ကျနော့်စိတ်ထဲမတော့ မသိင်္ဂီ မပြောလို့သာဖြစ်မယ်ဆိုပြီး သူ့ကို မေးကြည့်တော့ “သူလည်း အန်တီ့ကိုပြောထားတာပဲ ...” တဲ့။ “အန်တီက ဘယ်လိုစဉ်းစားထားသလဲ၊ သူလည်း မသိဘူး …” ပြောတော့ ကျနော်လည်း ဘာလုပ်ရမှန်း မသိတော့ဘူး။ အဲဒီအချိန်မှာ ကျောင်းသား တယောက်က ကျနော့်ကို လာပြောတယ်။ “ကျောင်းသားလူငယ်တွေ အယောက် ၁၀၀ လောက် ဒီကို ချီတက်လာနေပြီ …” တဲ့ --- ---။

ဆက်လက်ဖော်ပြပါမယ်။

No comments:

Post a Comment