10 November 2010

Dr Maung Ba Chit – Magical Show

မျက်လှည့်တပွဲ ပြီးသွားပါပြီ
ဒေါက်တာ မောင်ဘချစ်
နိုဝင်ဘာ ၁၁၊ ၂၀၁၀

ဒီနေ့ဟာလှပနေတယ်။

ဒီရာသီက အင်မတန်လှတာပဲ။ အမေရိကန်လိုနေရာတွေမှာ အနေကြာတဲ့လူတွေလ ဒီလို ဆောင်းမချမ်းတချမ်းလေးကို သဘောကျကြတယ်။

လေထုဟာ သန့်ပြီး ကျွတ်ဆတ်နေသလို ခံစားရသတဲ့။

လတ်ဆတ်တဲ့လေထု၊ လှပတဲ့နေရောင်ခြည်နဲ့ မိန်းမိန်းမူး ဆောင်းဦးအလှကို မောင်ဘချစ်တို့ မခံစားနိုင်ကြပါ။

လွတ်လပ်ရေး

ဘာတွေ လွတ်လပ်ချင်လဲ မောင်ဘချစ်။

လွတ်လပ်စွာ ပြောဆိုခွင့်

လွတ်လပ်စွာ နေထိုင်ခွင့်ပေါ့ဗျာ ... ဒီလိုသာ ပြောချင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေက အသက်ပေးကာ လွတ်လပ်ရေးကို တိုက်ခဲ့သတဲ့။

နယ်ချဲ့အရင်းရှင်တွေကို မောင်ဘချစ်တို့ ရွံမုန်းခဲ့ပါတယ်။

ဒါပေမယ့် ခုတော့ စစ်အစိုးရဟာ ကိုးဆယ်ဆသာနေပါလား။

သူတို့တတွေဟာ အင်မတန် တွက်ချက်မိုက်ကြတယ်တဲ့။

Very calculation လို့ နားလည်သူတွေက ပြောတယ်။

ဆိုးမိုက်တဲ့နေရာမှာ တွက်ချက်ဆိုးမိုက်ရသလားဗျာ။

အံ့သြကုန်နိုင်ပေ၊ ပြောမယုံချင်နေ။

သူတို့ဆိုးတာက ကမ်းကုန်တယ်။

မဲလိမ်တယ်။ မဲခိုးတယ်။ မဲကို ဓားပြတိုက်တာပါပဲ။

ဒီရွေးကောက်ပွဲကတော့ မုဒိမ်းအကျင့်ခံရတယ်လို့ ပြောနိုင်တာပါပဲ။

“ကျွန်တော်တို့က တကယ်ထင်လို့ ...”

ရွေးကောက်ပွဲဝင် အမတ်လောင်းတွေက မျက်နှာငယ်လေးနဲ့ ဖြေကြရှာတယ်။

အားလည်း နာတယ်။ ခင်လည်းခင်တယ်။ တတုံးစားလည်း မသိ၊ နှစ်တုံးစားလည်း မသိသေးတာတော့ အင်မတန် ဝမ်းနည်းစရာကောင်းတယ်။ “ဟုတ်ပါတယ်။ အင်အယ်ဒီက မှန်ပါတယ်” တဲ့။ သူတို့ ဝန်ခံရှာကြပါတယ်။ အင်း ပညာရှိတွေ တွေးတော့ ပြေးကြည့်သလိုပါပဲလား။

ဗန်းမော်ဆရာတော် ပြောတဲ့ပုံပြင်ကို သတိရမိတယ်။

တခါက လူတယောက်ဟာ အောက်ပြည်ကို သွားချင်တယ်။

ဒီတော့ လှေကြုံစောင့်တာပေါ။

လှေကြုံရှာရင်း ကမ်းနားကိုဆိုက်လာတဲ့ လှေတစင်းကို ဆုံတယ်။

ဒီလူက လှေသူကြီးကို မေးတယ်။

“ခင်ဗျားလှေ ဘယ်သွားမလဲ”

“ဘာလုပ်မလို့လဲ”

“လိုက်ချင်လို့ပါ”

“ဘယ်ကို လိုက်ချင်လဲ”

“ညောင်တုန်းကိုပေါ့ဗျာ”

လှေသူကြီးဟာ အဲဒီလူကို မကြိုက်တော့ ငြင်းတယ်။

“ကျုပ်လှေက ညောင်တုန်း မရောက်ဘူး”

“ဘယ်ကိုသွားမလို့လဲ”

“အညာဆန်မလို့” တဲ့။

အဲဒီလူက လှေက ကုန်တွေကို ကြည့်တယ်။ ပဲတွေ၊ မန်းကျီးသီးတွေကို တွေ့တော့ …

“အင်းဗျာ၊ ပေးမလိုက်ချင်လည်း ရပါတယ်။ ဒါပေမယ့် ကုန်ကိုမြင်တာနဲ့ စုန်မယ် ဆန်မယ် ကျုပ် သိပါတယ်” လို့ ဆိုလိုက်လေသတဲ့။

ဒီလိုပဲလေ ကုန်ကိုမြင်ရင် သိကြတာပဲ။

နအဖ တင်ထားတဲ့ကုန်က ရှင်းနေတယ်။

တိုင်းပြည်ကရတဲ့ အမွေအနှစ်တွေအားလုံး အိပ်ထဲ ထည့်တယ်။

လူတွေကို ခွဲပစ်တယ်။ ဆင်းရဲအောင်လုပ်ထားပြီး အချို့ကိုသာ ကျွေးမွေးထားတော့ အဲဒီအချို့က အလိုတော်ကျ လိုက်လုပ်ပေးတော့တာပဲပေါ့။

“ဘာနဲ့တူလဲသိလား”

မောင်ဘချစ်ကို လာပြောသူက စာရေးဆရာကြီးပါ။

“ပြောပါဗျာ၊ အမြင်လေးတွေ သိချင်လို့ပါ”

“ခွေးနဲ့တူတယ်”

“ဒါကတော့ မောင်ဘချစ်လည်း ပြောနေတာပဲ၊ ခုလို အရွေးခံတော့ အရံခွေးလို့”

“မင်းက ဘလိုင်းကြီးဆော်တာ”

“ခင်ဗျာ”

တကယ်တော့ စာရေးဆရာကြီးကလည်း မောင်ဘချစ်ကို ဘလိုင်းကြီးဆော်နေတာပဲ မဟုတ်လား။ သူက လူကြီးဆိုတော့ မောင်ဘချစ် သည်းခံရပါတယ်။

“မင်းကို ငါပြောပြမယ်။ တကယ်လို့ အိမ်စောင့်ခွေးတကောင် ဒေါ်လာတထောင် ပေးရတယ်ဆိုရင် အင်မတန် ကောင်းတာပေါ့ မဟုတ်လား”

“အသေအချာပေါ့။ ဒေါ်လာတထောင်ဆိုရင် ဟော်တယ်တွေမှာ အကြာကြီး သွားစားလို့ရတယ်။

“အဲဒီခွေးကို ဒေါ်လာတထောင်နဲ့ဝယ်သွားပြီး အိမ်မှာ အမဲသားတွေ ကျွေးမွေးထားရင် ခွေးက အိမ်ကိုစောင့်မှာ အသေအချာပေါ့။ မဟုတ်ဘူးလား”

“အသေအချာ အိမ်ကို စောင့်ပေးမယ်။ လူစိမ်းတွေလာရင် ဟောင်မှာပေါ့၊ ကိုက်မှာပေါ့”

“ဘာဖြစ်လို့လဲ”

“သူ့သခင်ကို သူ စောင့်ရှောက်ရတာပေါ့”

“အစစ်ပေါ့။ သူ့ကိုကျွေးမွေးတဲ့ သခင်ကို စောင့်ရှောက်မှာပါပဲ။ အဲဒီသခင်ဟာ လူဆိုးဗိုလ်ကြီး ဖြစ်ရင်ကော”

“ဟာ ခင်ဗျားပြောတာ သိပြီ၊ အဲဒီသခင်ဟာ လူဆိုးဗိုလ်ချုပ်မှူးကြီး ဖြစ်ရင်လည်း သူ့ကို စောင့်ရှောက်မှာပဲ”

“ဒီခွေးဟာ စဉ်းစားလား”

“သူ့ကိုက ကျွေးတဲ့မျက်နှာကိုပဲ ထောက်တယ်”

“လူဆိုးလာရင် သူကိုက်မှာလား”

“ခွင့်မပြုပဲ ဝင်လာရင်ကိုက်မှာပဲ”

“လူကောင်းလာရင်ကော”

“ကိုက်မှာပါပဲ”

“မင်း ဒါဆိုရင် မြင်ပြီပေါ့။ အရံခွေးဆိုတာ ဒီလိုပဲ။ သခင်အလိုကျ လုပ်တာ”

“သူတို့ ခုတော့ အရွေးခံရပြီ”

“အရံခွေးတွေဖြစ်ပြီ”

“ဒီခွေးတွေဟာ သခင်ကိုပဲ ကာကွယ်မှာပေါ့”

ဘယ်လိုကာကွယ်ကာကွယ် နောက်ဆုံးတော့ ခွေးဟာ ခွေးပါပဲ။

ပြည်တွင်းမှာ တိုက်ပွဲတွေ ဖြစ်နေကြတယ်။

မောင်ဘချစ်ဟာ တိုက်ပွဲသတင်းကို နားထောင်နေမိတယ်။

“မြဝတီမြို့မှာ တိုက်ပွဲတွေ ဖြစ်နေတယ်”

ညှိနှိုင်းမယ် ဆွေးနွေးပွဲတွေလုပ်ဖို့ စစ်တပ်က ပြောသတဲ့။

သူတို့က လက်နက်ရှိသူတွေကိုသာ ဆွေးနွေးတယ်။

လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်သတဲ့။

လက်နက်မရှိသူတွေ ငြိမ်းချမ်းရေး မရနိုင်ပါလား။

လက်နက်မရှိသူများကို ဘယ်တော့မှ မဆွေးနွေးပါ။

နိဂုံးကမ္ပတ် အဆုံးသတ်ပါတော့မယ်။

နိုဝင်ဘာ ၁၃ ရက် ဒေါ်အောင်ဆန်းစုကြည် လွတ်လာတော့မယ်။ (ယုံရခက်ပါတယ်)

မောင်ဘချစ်တို့ ဘာလုပ်ကြမလဲ။

စစ်အစိုးရကို အပြင်းအထန် ရှုတ်ချကြတာပေါ့။

ကြိမ်တထောင်မြောက် အပြင်းအထန် ရှုတ်ချကြတာပေါ့။ အကြိမ်တသိန်းမြောက် အပြင်းအထန် ရှုတ်ချကြတာပေါ့။ ရွေးကောက်ပွဲ မသမာမှုကို အပြင်းအထန် ရှုတ်ချကြတာပေါ့။

ကြိမ်တထောင်မြောက် အပြင်းအထန် ရှုတ်ချကြတာပေါ့။ အကြိမ်တသိန်းမြောက် အပြင်းအထန် ရှုတ်ချကြတာပေါ့။

စစ်အစိုးရက ဘာပြောလဲ။

“ဟား ဟား ဟား”

ရယ်တာပေါ့။ ရယ်တာပေါ့တဲ့။

နိုဝင်ဘာ (၇) ရက် ၂ဝ၁ဝ။

မျက်လှည့်တပွဲ ပြီးသွားပါပြီ။ ။

No comments:

Post a Comment