19 August 2009

Ko Luu Htwe - Pwint Oo Story


မြငုံပွင့်ဦး

ကိုလူထွေး

သြဂုတ် ၁၉၊ ၂၀၀၉

၁။

ဖြစ်ပြန် ပျက်ပြန်

အချစ်မှန်တရားရယ်
မူလွန်းခဲ့သူရယ်...
ပွင့်ဦး ကြွေမှဖြင့်ကွယ်

မပန် စေချင်ရက်တော့တယ်

(ဂီတနက်သန် ကိုစောညိန်း)


ပွင့်ဦးမှာ အဖေမရှိတော့။ မိခင် ဒေါ်မိမိသည်သာ ပွင့်ဦးဘဝအတွက် ကိုးကွယ်ဆည်းကပ်စရာ၊ မှီခိုအားထားစရာ၊ ကိုးစားယုံကြည် တွယ်တာမြတ်နိုးစရာ။

အမေမိကပဲ ပွင့်ဦးကို လူတလုံးသူတလုံး ဖြစ်အောင် ကျွေးမွေးသုတ်သင်ခဲ့သည်။ အမေမိကပဲ သူ့ကို လိမ္မာရေးခြားရှိအောင် ပဲ့ကိုင် ထိန်းကျောင်းပေးခဲ့သည်။ အမေမိကပဲ သူ့ဘဝကို အလင်းပေး လမ်းပြမည့် ထာဝရ ကြယ်စင်တစင်း ဖြစ်ခဲ့သည်။

အမေမိဘက်က ကြည့်ပြန်ရင်လည်း ဒီသားကလေး တယောက်သာ ရှိသည်မို့ ပွင့်ဦးကို တုန်နေအောင်ကို ချစ်ရှာသည်။ ပွင့်ဦးက ကလေးဘဝကတည်းက လိမ္မာသည်။ မွေးကင်းစပင် ဖြစ်လင့်ကစား ထားရာမှာ နေတတ်သည်။ ကလေးပင် ဖြစ်လင့်ကစား ဗိုလ်မကျ မဆိုးနွဲ့တတ်။
မိဘအပေါ်မှာ သိတတ်သည့် သားကောင်း သားမွန် တယောက် ဖြစ်သည်မို့လဲ အမေမိမှာ ဒီသားကလေးအပေါ်ကို ရှိသမျှအချစ်တွေ ပုံအပ်ချစ်ခဲ့မိသည်။

… … …



ပွင့်ဦးက ငယ်စဉ်က အင်မတန် ချူခြာသည်။ ပွင့်ဦးဖေဖေ ဦးဘကြိုင်က အစိုးရဝန်ထမ်းဖြစ်သည့် အလျောက် အိမ်ကပ်ရသည်က နည်းလှသည်။ တိုင်းပြည်တာဝန်များကို ထမ်းဆောင် နေရသည်ဆိုတော့ သားနေမကောင်းလို့မှ ခွင့်တရက် ယူခွင့်မရ။ သူ့စိတ်က မိသားစုထံမှာ လုံးလုံးလျားလျား ကျန်နေခဲ့သော်လည်း သူ့ကိုယ်သူပင် သူပိုင်ခွင့်မရသည့် ဘဝ။

ဒီလိုအခါမျိုးမှာ အမေမိကပဲ ပွင့်ဦးကို အနီးကပ် ပြုစုရသည်။ မိခင်ရင်ငွေ့ နွေးနွေးက သားလူမမယ်၏ ဝေဒနာကို တစစ သက်သာစေခဲ့သည်။ မိခင်ရင်မှဖြစ်သည့် နို့ချိုချိုကပဲ သားလူမမာ လေးအတွက် မခမ်းနိုင်သည့် ဆေးစွမ်းကောင်းတခွက် ဖြစ်ခဲ့သည်။ အမေ့မေတ္တာသည်သာ သားသမီးတိုင်းအတွက် အစူးရှဆုံး အလင်းဓာတ်တမျိုး မဟုတ်ပါလား။

ကိုဘကြိုင် အိမ်မှာနေခွင့်ရသည့် အခေါက်များတွင်တော့ သားပွင့်ဦးက ထူးထူးခြားခြား ထူထူထောင်ထောင် ဖြစ်နေတတ်သည်။ ဖခင်ဖြစ်သူ၏ သားချော့တေးသံများကြားမှာ အပူအပင်ကင်းမဲ့စွာဖြင့် မှေးစက် အိပ်ပျော်တတ်သည်။ ကိုဘကြိုင်ဆိုပြလေ့ရှိသည်က ဂီတနက်သန် ကိုစောငြိမ်း၏ ဘယ်တော့မှ မကြွေနွမ်းစေမည့် လွမ်းစေသည့် သီချင်းများ…


အနောက်တောင်ဆီက ရွာမည်ဟန်ပြင်

မိုးသက်လေနှင့် မုန်တိုင်းသင့်လျှင်

စစ်မျက်နှာဖွင့် တိမ်ခိုးဝင့်ကာနှင်

မှိုင်းမှိုင်းရိပ်မှောင် စွန်တောင်ပင်

ပြိုမှာလေလား မိုး…ရဲ့ စိုးအောင် ခုမြင်

အံပုံမောင် ဖန်အားလေတဲ့အင်…

လျှံရွေစင်... ပြိုးပြိုးပြက်

လျှပ်စစ်ရောင်ခြည်မျှင်
ဗျူဟာစင် မိုးလုံးပြည့် တရွေ့ရွေ့ယူဆဲတွင်

နယ်ရှစ်ခွင်မင်းလွင် ဝန်းကျင်

လွမ်းအောင်ဖော်ပြ အာကာဝေဟင်

ဘယ်ရှေးဝဋ်ကြွေး တုံ့တင် ချေပြီထင်ခဲ့ ခိုမှီရာမဲ့

ရှုလှည့် မြင်လှည့်စေချင်…

ချစ်တဲ့သူရဲ့ ရင်ခွင် ဒီမိုးမှောင်တုန်း

မောင်ပုန်းပါရစေခင်
နဂိုရည် အားနွဲ့ တုန်ပြီ ရွှေဘဝင်

ညှိုးရက်တဲ့ ဒေဝါဆွေနတ်ရှင်

သြော်… မိုးသက်လေ… နှင်

(ဂီတနက်သန် ကိုစောညိန်း)


ဖခင်၏ တေးသံက သားပွင့်ဦး အတွက် အထူးပင် ချိုသာလှသည်။ ပေါ်လာခဲလှသော ဒီရင်ခွင်ရိုင်းက အားနွဲ့ရှာသေးသော သားငယ်လေးအတွက် ခွန်အားပေးသနားရာ ဝေဟင်ပြင်ကြီး။ တခါတခါ မိုးသက်မုန်တိုင်း သင့်၍ ကောင်းကင်ကြီး ပြိုကျချိန်မှာတော့ အဖလက်ရုံးတဘက်က ပွင့်ဦး၏ ပုန်းခိုနားလှုံရာ...။
ကံဆိုးသူ မောင်ပွင့်ဦးခမျာ တကယ်တမ်းကျတော့ သူမက်မောတွယ်တာရသည့် ဖခင်၏ ရင်ငွေ့ကို ကြာကြာတွေ့ခွင့် မရခဲ့ရှာ။ သူ ငါးနှစ်သား အရွယ်တွင်ပင် ဖခင် ဦးဘကြိုင်ဆုံးသည်။



၂။

ချစ်ပြုံးနှင်းဆီတပွင့်ကို မျှော်ကာတလင့်လင့်

ကြိုတင်မှန်းဆရွယ်
ဘယ်ရာသီဝယ် မာလာရယ် ပွင့်မှာ လည်းကွယ်

တငုံထဲ မငုံဘဲ နည်းနည်းလည်း လျှော့စေချင်ပါတယ်

သဘာဝတရား မတားသာပဲမို့ကွယ်

ပြုံးလိုက်ပါတော့လားကွယ်
သနားမမျှတဲ့ အလှနှင်းဆီရယ်

(ဂီတနက်သန် ကိုစောညိန်း)


သဘာဝတရားက မည်သူ့ကိုမှ သနားမညှာခဲ့။ ပွင့်ဦးတို့သားအမိကိုလည်း မညှာတာခဲ့။ လောကဓံ၏ ရိုက်ချက်က တကယ်ကိုပင် ပြင်းထန်လှသည်။ လူမမယ် ကလေးလေး တယောက်ကို ခါးထစ်ခွင်မှာ ပွေ့ချီရင်း ရိုက်နှက်လာနေသော မိုးရည်စက်များကို အံတုရသည်က လွယ်လွန်းသည့် ကိစ္စတော့ မဟုတ်။ ရက်စက်တတ်သည့် မိုးဥတုကလဲ လေပွေရိုင်း ထက်တွင်မှ မုန်တိုင်း ဆင့်ချင်လိုက်သေးသည်။
ဘာပဲဖြစ်ဖြစ် သားမျက်နှာ ရွှင်မြူးမြူးကို တချက်တခါ ရှုစားလိုက်ရပြီ ဆိုလျှင်ဖြင့် အမေမိမှာ မောပန်းနွမ်းနယ်မှုတွေ အားလုံး ပြေပျောက်ရစမြဲ။ ပွင့်ဦး၏ အပြုံးများကလည်း ကြံသကာလိုချိုပြီး၊ ပန်းပွင့်လို နူးညံ့သည့် အပြုံးမျိုး။ သည်လို အဖြစ်တွေကြောင့်ပဲ သားတို့ရုပ်ရည် သီတာရေကြည် မည်ရလေသည် မဟုတ်လား။

ပွင့်ဦးတယောက် အရွယ်ရောက်လာသည်နှင့် ထပ်တူ ရန်ကုန်စရိတ်ကလည်း သိသိသာသာ တက်လာနေသည်။ ကိုဘကြည် ရှိစဉ်ကလို အိမ်ဆိုင်ကလေးမှ ရသည့် ဝင်ငွေနှင့် သားအမိနှစ်ယောက် တင်းတိမ်နေ၍ မရတော့။ ပွင့်ဦးတို့ ကျောင်းရှေ့မှာ ဆိုင်ကလေးတလုံး ဖြစ်သလိုထိုးပြီး မုန့်တီနှင့် အသုပ်ရောင်းသည်။
အမေမိ၏ လက်ရာ၊ အမေမိ၏ စိတ်ထားကောင်းမွန်မှု၊ အမေမိ၏ ပေါင်းသင်း ဆက်ဆံရေးပြေပြစ်မှု၊ ပွင့်ဦး၏ စည်းရုံးရေး ကောင်းမှုတို့ကြောင့် ဆိုင်ကလေးမှာ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများသာမက ရပ်ကွက်ထဲမှ ဖောက်သည်များနှင့်ပင် စည်ကားတိုးခွေ့လျှက် ရှိတော့သည်။

ကျောင်းစမတက်ခင်၊ မုန့်စားလွှတ်ချိန်နှင့် ကျောင်းဆင်းချိန်များတွင် ပွင့်ဦးက ကျောင်းလွယ်အိတ်ကို ဘေးချပြီး အမေ့ကို ကူပေးသည်။ ညနေ အိမ်ပြန်ရောက်လျှင်လည်း အမေ့အတွက် ရေခပ်ပေးသည်၊ ထင်းခွဲပေးသည်၊ ထမင်းအိုးတည်သည့်အခါ တည်ပေးသည်၊ အဝတ်လျှော်ပေးသည့်အခါ လျှော်ပေးသည်။

ပွင့်ဦးဘဝအတွက် အမေမိမရှိလျှင် အဆင်မပြေ နိုင်သကဲ့သို့ မမေမိအတွက်လဲ သားပွင့်ဦး မရှိလျှင် ပြည့်စုံလိမ့်မည် မဟုတ်။


… … …

ခက်ခဲကြမ်းတမ်းသော ဘဝကို ပိုင်ဆိုင်ထားသူများအဖို့ ကြိုးစားရုန်းကန်ခြင်း ဟူသည် နေသားကျနေသော လုပ်ဆောင်ချက်တခု ဖြစ်ဟန်ရှိသည်။ အိမ်အလုပ်တွေကို ထောင့်စေ့အောင် လုပ်တတ်သော ပွင့်ဦးက ကျောင်းစာဘက်မှာလဲ အားမလျော့အောင် အထူးဂရုစိုက်သည်။

ကြည့်ဦးလေ။ မုဆိုးမသား ပွင့်ဦးက အတန်းသားတွေ အားလုံးထဲမှာ အတော်ဆုံး။
တနေ့တော့ အလယ်တန်းကျောင်းသားများ ကျောင်းပေါင်းစုံ ကဗျာရွတ်ပွဲ မှာ ပွင့်ဦးပါဝင်ခွင့် ရသည်။ ကြွရောက်လာကြသော ကျောင်းပေါင်းစုံမှ ဆရာ ဆရာမများ၊ ပညာရေးဆိုင်ရာ ပညာရှင်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များကြားမှာ မဲကျရာ ကဗျာကို ဌာန်နှင့် ကရိုင်းနှင့် ကျကျ နန ရွတ်ပြရမည့်ပွဲ ဖြစ်သည်။

ဖြစ်ချင်တော့ ပွင့်ဦး မဲပေါက်ခဲ့သည့် ကဗျာအမည်က “တို့ဖေဖေ” တဲ့…


တို့ဖေဖေ
စားဝတ်နေရေး ငွေရှာပေး

ကျေးဇူးကြီးပေ တို့ဖေဖေ

ကိစ္စများဖြင် ပေါ်ပေါက်လျှင်

စီရင်တတ်ပေ တို့ဖေဖေ

အိမ်ထောင်အရေး စီမံပေး

လေးစားလောက်ပေ တို့ဖေဖေ

တို့ဖေဖေဟု ဆိုနေရင်းက ပွင့်ဦးရင်ထဲက ဆို့နင့်၍ တက်လာသည်။ ပွင့်ဦးတယောက် အဖေနှင့် မတွေ့ရသည်မှာ နှစ်နှစ်ကျော်တောင် ကြာခဲ့ပြီပဲ။ သူဒီကဗျာကို ရွတ်နေတာသာ သူ့အဖေကြားရင် ဘယ်လောက်များ ဝမ်းသာလိမ့်မလဲနော်။

သူအဖေ့ကို သတိရသည်။ သူအဖေ့ကိုလွမ်းသည်။ ဒီလိုဆိုတာ့ သူ့ရဲ့ ကဗျာရွတ်သံမှာလဲ အလွမ်းတို့ အဆွေးတို့ဖြင့် ဝေသီနေတော့သည်။


နိုင်ငံအကျိုး တို့အကျိုး

သယ်ပိုးနိုင်ပေ တို့ဖေဖေ…


ဒီနောက်ဆုံးပိုဒ်ကို ရွတ်ဖို့ သူ တော်တော် အချိန်ယူလိုက်ရသည်။ ကဗျာစာသားက နှုတ်ဖျားက ထွက်မလာ။ တကယ်တမ်းပြောရလျှင် ဒီအပိုဒ်ကို သူဘယ်လိုမှ နားလည်၍မရ…

နိုင်ငံ့အကျိုးအတွက်ဟု ဆိုပြီး သူ့အနေဖြင့် ဖခင်ကောင်း တယောက် ဆုံးရှုံးခဲ့ရပြီပြီ။ သူ့အမေတွင်လည်း ခင်ပွန်းကောင်း တယောက်ကို လက်လွှတ်လိုက်ရပြီးပြီ။ အဖေကိုယ်တိုင်ကလည်း ဘဝကိုရင်းပေးရုံမက အသက်ကိုပါ စွန့်ပေးခဲ့ရပြီးပြီ။

နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရင်း အသက်ပေးသွားခဲ့ရသော သူ့ဖေဖေ၏ မိသားစုမှာ ဘာအကျိုး ဘာခံစားခွင့်များ ကျန်ရှိခဲ့ပါသလဲ… တာဝန်ကျေပွန်ခဲ့သော ဝန်ထမ်းကောင်း တယောက်အပေါ် နိုင်ငံတော်အနေဖြင့် ဘာတာဝန်တွေများ ပြန်ချေခဲ့ပါပြီလဲ…

စင်ပေါ်မှာ ရပ်နေရင်း ပွင့်ဦး၏ စိတ်တွေ ထိန်းမရအောင် နာကျည်းမိသည်။ သူရောက်နေသည့် နေရာကို သူမေ့သွားသည့်ခဏ… ရွတ်ဆိုနေသည့် ကဗျာမဆုံးခင်မှာပင် စိတ်ရှိလက်ရှိ အသံကုန် အော်ဟစ် ကြုံးဝါး ပေါက်ကွဲ ပစ်လိုက်သည်။

ပွင့်ဦးကို အဲဒီနေ့က ဘယ်သူမှ နားလည်မပေးနိုင်ခဲ့ကြ… ကျောင်းအုပ်ဆရာမကြီး၏ အရှက်နှင့် ဒေါသသည် နောက်ဆုံးတော့ သူ့ခြေသလုံးသား နုနုပေါ်သို့ အလျှိုးရာများ အဖြစ် ပြောင်းလဲ ရောက်ရှိသွားရ တော့သည်။

“ဖြစ်မှ ဖြစ်ရလေတယ် သားရယ်…”


၃။

နောက်နှစ်ဆိုရင်ဖြင့် သားပွင့်ဦးက တက္ကသိုလ်ကျောင်းသားကြီးပင် ဖြစ်တော့မည်။ တက္ကသိုလ် တက်ရမည်ဆိုတော့ စရိတ်စက'က ခါတိုင်းထက် ပိုကုန်တော့မည်။ ကျောင်းစရိတ်၊ အဝတ်အစားစရိတ်၊ ဘစ်စကားခ၊ စသည်... စသည်...

ဒါတွေကို ကြိုတင် တွက်ဆထားသော အမေမိက ပွင့်ဦးဆယ်တန်း စတက်သည့်နှစ်မှာပင် စုဆောင်းထားသမျှကို ထုခွဲရောင်းချကာ ထမင်းဆိုင်ကလေး တဆိုင် ဖွင့်ဖြစ်ခဲ့သည်။ ဆယ်တန်း ကျောင်းသားကြီး ဖြစ်ပြီဆိုတော့ ပွင့်ဦးကလဲ ခါတိုင်းလို ဆိုင်မှာ အချိန်ပေးပြီး မကူနိုင်တော့။
ဆက်ရင်းစပ်ရင်း၊ ရှာရင်းဖွေရင်းနှင့် ထမင်းဆိုင်မှာ ကူဖို့ ရွာမှ ကောင်မလေး တယောက် ရောက်လာသည်။
သူ့နာမည်က မမြငုံ။


… … …


အမေမိတို့ သားအမိကို တွေ့စကတည်းက မြို့အသစ်တခုမှာ ဘဝအသစ်တခုကို စတင်တည်ဆောက်မည် ဟူသော သူ့ဆုံးဖြတ်ချက် မှန်သည်ဟု မြငုံ ကောက်ချက်ချမိသည်။
အမှန်မှာ ရွာကှ မလွမ်းလောက်သည့် လူတစုကို သူနှုတ်မဆက်ဘဲ လှည့်ထွက်လာခဲ့ခြင်း ဖြစ်၏။ စွန့်စားရဲသည့် သတ္တိနှင့် သူ့ထန်းခေါက်ဖာလေး တလုံးမှလွဲ၍ မြငုံမှာ ဘာဆိုဘာမှ ပါမလာခဲ့။
မြငုံမှာ မိရင်းဖရင်းတွေ မရှိတော့သည့်နောက် အဒေါ်မိသားစုနှင့် နေခဲ့ရသည်။ ရှစ်တန်း အောင်သည်အထိ ကျောင်းထားပေးခဲ့သော ကျေးဇူးတရား ဘာညာဆိုပြီး မြငုံကို သူတို့က ခိုင်းစားချင် ကြသေးသည်။
တကယ်တော့ ပညာရေး စရိတ်ဟုဆိုကာ မြငုံဖေဖေမေမေတို့ ပိုင်ဆိုင်ခဲ့သော အိမ်ကြီးတလုံးနှင့် လယ်တွေနွားတွေကို သူတို့ပဲ အပိုင်စား သိမ်းပိုက်လိုက်ကြပြီ မဟုတ်လား။ ပြန်စဉ်းစားလျှင် တထောင့်တည ဆုံးလို့တောင် ကုန်နိုင်ဖွယ် မမြင်၍ မြငုံက ဒီအကြောင်းတွေကို ပြန်၍ အစမဖော်ချင်။
အခုတော့ မြငုံမှာ အမေမိဟူသော အမေတယောက်နှင့် ပွင့်ဦးလို စိတ်ထား ဖြောင့်မတ်သော အကိုတယောက်ကို ရင်းနှီးခင်မင်ခွင့် ရခဲ့လေပြီ။

သူ့ဘဝရှေ့လျှောက်ဘာဆက် ဖြစ်ဦးမည်လဲ။ ကံကြမ္မာကသာ အဆုံးအဖြတ် ပေးလိမ့်မည် ထင်သည်။
ရောက်စနေ့ကပင် အမေမိက မြငုံကို သူ့အခန်းမှာ ခေါ်သိပ်သည်။


… … …

ဖြူပြာလဲ မူရာသွယ်နွဲ့

ချစ်တဲ့သူခင်ရယ်
မာန်ညို မျက်နှာထားတွေကြွယ်

အငြိုးကြီးနဲ့ စိမ်းရက်လေသလားကွယ်

ရွှေနှင်းဆီ အငုံကလေးနှယ်

နှုတ်ခမ်းတော် စူလွန်း…တယ်။

(ဂီတနက်သန် ကိုစောညိန်း)


အခုတော့ ပွင့်ဦးသီချင်းဆိုလျှင် ထိုင်နားထောင်ပေးမည့်သူမှာ အမေမိတယောက်ထဲ မဟုတ်တော့။ မြငုံကိုယ်တိုင်ကလဲ အကိုလေးပွင့်ဦး၏ နားဝင်ပီယံ သီချင်းတွေကို နားထောင်တတ်လာသည်။ အကိုလေး၏ တယောသံ ချွဲချွဲက စူးရှသလောက် သူ၏ ကိုယ်ပိုင် သီဆိုသံကလည်း ကြည်လင်ပြတ်သားသည်။

အကိုလေး အလွမ်းသီချင်း တပုဒ်ကို ဆိုနေလျှင် နားထောင်နေသူအဖို့ သီချင်းနှင့်အတူ လွင့်မျော လွမ်းမောမိသည်။ တခါတခါ ပျော်စရာ ဂီတသံစဉ်မျိုးတွေ တီးပြန် ဆိုပြန်တော့လည်း အသံရှင်နှင့်အတူ ကြည်နူးရွှင်ပြ ပြုံးပျော်ရပြန်သည်။ ဒါကိုပဲ အနုပညာဟု ခေါ်သည်လား မိငုံ မပြောတတ်။
အကိုလေးဆိုနေကျ ဒီသီချင်းတွေကို အကိုလေးဖေဖေ တကြိမ်တခါက ဆိုပြခဲ့ဖူးသည်ဟု အမေမိပြောဖူးတာကို အမှတ်ရမိသည်။ တခါတလေ ပွင်ဦး၏ တယောသံမှာ စိမ့်စီးလိုက်ပါနေသော အမေမိကို မြငုံ သတိထားမိ၏။

သားမျက်နှာကို ငေးမောရင်း သံစဉ်များကြားမှာ ဘယ်ဆီကို ပျံသန်းနေသည် မသိနိုင်လောက်အောင် လွင့်တခါ ဝဲတချက်နှင့် အမေမိကို သူကိုယ်တိုင် ငေးကြည့် နေမိတတ်သည်။ အမေမိခမျာလဲ တခါတခါ ထိမ်းမနိုင် သိမ်းမရ လိမ့်စီးကျလာသော မျက်ရည်စက်တို့ကို သားမမြင်အောင် ကမန်းကတမ်း သုတ်ပစ်ရင်း ကြေကွဲလွမ်းဆွတ် နေခဲ့ရသည်ကလဲ အကြိမ်ကြိမ်။

ဒီသားအမိနှစ်ယောက်၏ မေတ္တာနှောင်ကြိုးမျှင်တွေကို မြင်ရတော့ မြငုံကလဲ ရောယောင်ပြီး ကြည်နူးမိလေသည်။ ဒါဟာ သူ့ရဲ့ တကယ့်မိသားစုသာ ဖြစ်လိုက်ပါတော့ဟုလည်း အကြိမ်ကြိမ် ဆုတောင်းနေခဲ့မိသည်။

… … …


နေ့စဉ်လုပ်ရသည့် ထမင်းဆိုင်က အလုပ်တွေက မြငုံအတွက် မပင်ပန်းလှပါ။ ရွာမှာတုန်းကဆိုလျှင် အဒေါ်တို့ မိသားစု ရှစ်ယောက်အတွက် မီးဖိုချောင် တာဝန်များကို မြငုံတယောက်ထဲ အင်အားမမျှအောင် ထမ်းခဲ့ရဖူးပြီ။ ကျောပူတာသာ ခံလိုက်ချင်သည့် မြငုံခမျာ အဲဒီတုန်းက နားပူခြင်းမှလည်း မလွတ်မြောက်ခဲ့ရ…။

အခုများတော့ အားလုံးက သူ့ခြေသူ့လက်။ သူ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို သူပိုင်ဆိုင်ခွင့်ရသည်။ တာဝန်တခုနှင့်ထပ်တူ ရရှိလာသော ပီတိကြောင့်လည်း သူ အမောတွေကို လွယ်လွယ်နှင့် ချွေးသိပ်ဖြေနိုင်ခဲ့သည်။ သူအခုလုပ်နေရသည့် အလုပ်တွေအတွက် မြငုံကျေနပ်သည်။
မနေ့ကတော့ အကိုလေးက သူ့ကို ခေါ်ပြောသည်။

"မြငုံ... နင်ကျောင်းဆက်တက်ခွင့်ရမယ်" တဲ့။


၎။

“အကိုလေး ဘီးကို ဖြေးဖြေး မောင်းလေ… မြငုံကြောက်တယ်”

“မကြောက်ပါနဲ့ မိငုံရဲ့၊ ဒီလမ်းက အကိုနင်းနေကျပါ၊ ပထမဆုံးနေ့ဆိုတော့ စောစောရောက်နှင့် နေတော့ ကောင်းတာပေါ့၊ မြငုံထိုင်ရမယ့် ခုံကိုလဲ လိုက်ရှာရဦးမှာ မဟုတ်လား”

မြငုံစတက်ရမယ့် ညနေကျောင်းကို ပွင့်ဦးက စက်ဘီးနင်း၍ လိုက်ပို့ခြင်းဖြစ်သည်။ မြငုံက အခုလောက် ကားရှုပ်သော လမ်းမပေါ်ကို တခါမှလဲ မထွက်ဖူးခဲ့။ ဘေးမှ ဝူးကနဲ ဝေါကနဲ ဖြတ်ဖြတ်သွားသော ကားတွေကလဲ စက်ဘီးစီးလာသူ၊ လမ်းလျှောက်လာသူတို့ကို ပွတ်တိုက်၍ ဆွဲယူသွားလေမည်လား ထင်မှတ်ရလောက်အောင် မြန်ဆန်လွန်းလှသည်။

ပထမဦးဆုံးနေ့မို့ နောက်ကျမှ ရောက်မသွားစေချင်သည့် ပွင့်ဦးကလည်း စက်ဘီးကို ခါတိုင်းထက် အားကုန်သွန်၍ နှင်နေမိလေ၏။ ဒီလိုဆိုတော့ နောက်မှာ ထိုင်၍ လိုက်ရသော အူရိုင်းကလေး မြငုံခမျာ အသည်းယားမည်ဆိုလည်း ယားချင်စရာ…

ရန်ကုန်မြို့တော်ကြီး၏ လမ်းမတနေရာ ဆိုပေမင့် ချိုင့်ခွက်ရာ ဗလပွတို့နှင့် ကတ္တရာ လမ်းကြီးကလည်း ဖြောင့်ဖြူးညီညာမှု သိပ်မရှိလှ။ ခဲလုံးတွေ ကျောက်စရစ်ခဲစတွေကလဲ စက်ဘီးလမ်း ကားလမ်းပေါ်တွေမှာ ဟိုတစ သည်တစ ပြန့်ကျဲ ရှုပ်ပွနေသည်။

သည်ကြားထဲမှာ ပွင့်ဦးတယောက် ကိုယ့်အတွေးနှင့်ကိုယ် သတိလက်လွတ် ဖြစ်သွားမိသည့် ထိုအခိုက်… ချိုင့်တခုထဲသို့ ရှေ့ဘီးခွေ ချော်ကျသွားရသည့် တဒင်္ဂ… စက်ဘီးတစီးလုံးက ဒယီးဒယိုင်နှင့် ဘယ်ညာယိမ်းနွဲ့ လှုပ်ခါသွားသော တခဏတွင်…

မြငုံထံမှ “အမေ့” ဟူသော အာမေဋိသံ တခွန်းနှင့်အတူ ပွင့်ဦး၏ ခါးကို ရုတ်တရက် ဆိုသလို ခပ်တင်းတင်း ခပ်ကျပ်ကျပ် သိုင်းဝိုက် ပွေ့ဖက်ထားမိလိုက် လေတော့သည်။


… … …



အသည်းလွှာ မြေဝယ်

အမြစ်ဖြာယှက်သွယ်
အချစ်ညှာ ခက်ခါနွယ်

မာလာပင်နန်း ချစ်ပန်း ပွင့်ဦးစ အရွယ်

ချူတော်မူလာနိုး
မျှော်ကိုးကာ ပူဗျာပါကြွယ်

ရည်ရွယ် သွယ်ညွှတ်ပျောင်း

ကြာလေ ညှာကြွေညောင်းမျှရယ်

(ဂီတနက်သန် ကိုစောညိန်း)


စာဖတ်နေရင်းက ပွင့်ဦး၏ မျက်လုံးအိမ်အရှေ့မှာ သီချင်းစာသားတွေ ဟိုဒီပြေးလွှား လွန့်လူးလို့ နေသည်။ အာရုံကို အသေအချာ စုစည်းလို့မရ။ ဒီလိုမဖြစ်တာ အတော်ကို ကြာပြီ။

ဆယ်တန်းနှစ် စတက်ခါစ ဒီလိုအဖြစ်မျိုး တကြိမ်ကြုံခဲ့ဖူးသည်။ အဲဒီတုန်းက သူအဖေကို ပြင်းပြင်းထန်ထန် သတိရမိနေခဲ့သော ကာလဖြစ်သည်။

“ငါ့သားကြီး ကြီးလာရင် ပညာတတ်ကြီး ဖြစ်မှာ အမိရ၊ ကြည့်စမ်းပါဦး သူ့နားကြီးကို ကားနေတာပဲ… ကားနေတာပဲ၊ ငါ့သားက ဆရာဝန်ကြီး ဖြစ်မှာလား… အင်ဂျင်နီယာကြီး ဖြစ်မှာလား တော့မပြောတတ်ဘူး။ ဘာပဲဖြစ်ဖြစ် သား ပညာတတ်ကြီး ဖြစ်တာကို အဖေမြင်ချင် စမ်းလှပါပြီ သားရယ်…”
အဖေ ဒီစကားတွေ ပြောခဲ့တုန်းက ပွင့်ဦးက ကျောင်းတောင်မှ မနေရသေး။ အရွယ်မရောက်သေးသည့် သားကို ကြည့်ပြီး အထင်ကြီး ဂုဏ်ယူနေတတ်သော ဦးဘကြိုင်က အခုတော့ ဆယ်တန်းကျောင်းသား ဘဝကိုတောင် ရောက်နေပြီဖြစ်သော ပွင့်ဦးကို ဘယ်အရပ် ဘယ်ဘုံကနေ စောင့်ကြည့် လွမ်းဆွတ်နေမည်လဲ…။

သူကတော့ ဖြစ်နိုင်လျှင် အင်ဂျင်နီယာကြီး တယောက်ဖြစ်ချင်သည်။ ဒီအတွက်လဲ သူအနှစ်နှစ်အလလ ပေးဆပ်ခဲ့ပြီးပြီ။ အခုထက်ထိလဲ ဒီရည်ရွယ်ချက်တခုထဲ အတွက် သူကြိုးစားနေပါသည်။
အဖေမရှိတော့ပေမယ့် သူ့မှာ အမေရှိသေးသည်။ အမေလဲ အသက်ကြီးပြီ။ အမေပင်ပန်းတာကို သူမကြည့်ရက်တော့။ အမေ့ကို တင့်တင့်တယ်တယ် နေစေ့ချင်သည်။ အမေမိ အခုလို နေ့စဉ် ရုန်းကန် လှုပ်ရှားနေရတာကို မြင်ရတာ ပွင့်ဦးရင်မှာ မချိတော့။

“အမေ့ကို သား တလှည့် ပြန်လုပ်ကျွေးချင်တယ်” …လို့ ဆိုလိုက်တော့ အမေမိက မျက်ရည်တွေလည်ပြီး သူ့ကို ငေးစိုက်၍ ကြည့်နေခဲ့သည်။ ဘာစကား တခွန်းမှ ပြန်မပြောနိုင်ခဲ့ဘဲ အချိန်အတော်ကြာ တွေဝေနေခဲ့ဖူးသည်။

အဲဒီ အဖြစ်အပျက်တွေ ဖြစ်ခဲ့တုန်းက သူဘာဆိုဘာမှ ဟုတ်တိပတ်တိ လုပ်လို့မရခဲ့… အတွေးတွေက သူ့ရင်မှာ ဗလောင်ဆူနေခဲ့သည်။

နောက်ပိုင်း တိုးပွားလာသည့် သင်ခန်းစာများကြားမှာ လုံးပမ်းရင်း သူ့လမ်းခရီးကို ဆက်လျှောက်ဖြစ်တော့ အားလုံးက မေ့မေ့ပျောက်ပျောက် ဖြစ်သွားရပြန်သည်။

အခုတော့ အသစ်တဖန် သူ့စိတ်တွေ လေးလံလာရပြန်ပြီ။ အဖေ့ကို လွမ်းနေလို့လား… သူပြန်စဉ်းစား ကြည့်မိသည်။ အဖေ့ကို သတိရတာတော့ မှန်၏။ သို့သော် ပြန်မရလာနိုင်တော့သော တောင့်တမှုမျိုးကြောင့် သူ့ကိုယ်သူ ဒုက္ခပေးမိသလို မဖြစ်အောင် ပွင့်ဦး နေတတ်နေပြီပဲ။

ဒီအဖြစ်မှာ အမေမိကြောင့်လဲ မဟုတ်မှန်း သူ့ကိုယ်သူ သိနေသည်။ ဒါဆို…

… … …


အတွေးစတို့ မဆုံးခင်မှာတင် အနောက်နားဆီမှ အသံတခုကို ကြားလိုက်ရသည်…

“အကိုလေး… အကိုလေး… မြငုံ စာမေးစရာတခုရှိလို့၊ အချိန်ခဏလောက် ရတယ်မဟုတ်လား ဟင်”


၅။

မြငုံနှင့် ပွင့်ဦးတို့၏ ချစ်ခရီးလမ်းက အတော်အသင့်တော့ ဖြောင့်ဖြူးသာယာခဲ့ပေသည်။ ဆင်ခြင်တုံတရားကို လက်ကိုင်စွဲကာ ထိန်းထိန်းသိမ်းသိမ်း နေတတ်ခဲ့ကြခြင်းကြောင့်လည်း သူတို့၏ ဘဝရည်မှန်းချက် ပန်းတိုင်များကို အသီးသီး ဆွတ်ခူး နိုင်ခဲ့ကြလေပြီ။

ပွင့်ဦးက R.I.T ကျောင်းသားကြီး ဖြစ်နေစဉ်မှာ မြငုံကလည်း ဆယ်တန်းကျောင်းသူကြီး ဖြစ်လို့နေပြီ။ ပွင့်ဦးက လိုင်းကားတိုးစီး၍ အင်းစိန် ကြို့ကုန်းသို့ သွားစဉ်တွင် မြငုံကလည်း စက်ဘီးကို ကိုယ်တိုင်နင်း၍ သူ၏ အထက်တန်း ကျောင်းကလေးရှိရာသို့ ကားလမ်းမ အသွယ်သွယ်ကိုဖြတ်ကာ သွားတတ်နေပေပြီ။ ပွင့်ဦးက အင်္ကျီအဖြူ လက်ရှည်၊ ကချင်လုံခြည်၊ ကချင်လွယ်အိတ်နှင့် ကျော့ရှင်း ခန့်ညား နေစဉ်တွင် မြငုံကလည်း တသွေးတမွေးနှင့် အပျိုကြီး ဖားဖား ဖြစ်လို့နေပေပြီ။

ဒီလိုဖြင့် အလုပ်အတူ ကူလုပ်လိုက်၊ စာအတူ ဖတ်လိုက်၊ အားလပ်ချိန်တွေမှာ အတူ လျှောက်လည်လိုက်နှင့် အေးချမ်းလွတ်လပ်သော ဘဝတခုကို ပွင့်ဦးနှင့် မြငုံတို့ နှစ်ယောက်ပေါင်း၍ ပိုင်ဆိုင်နေခဲ့ ကြလေသည်။

လူ့သဘာဝကို အတော်လေး ကျေညက်နေပြီဖြစ်သော အမေမိကလဲ မဖြစ်သင့်သည်တို့ကို မဖြစ်ရအောင် ထိန်းကျောင်း လမ်းပြပေးရုံမှအပ လူငယ်တွေ၏ လွတ်လပ်ခွင့်ကို ဝင်ရောက် စွက်ဖက်ခြင်းမရှိ နားလည်စာနာခဲ့သည်။

သူကိုယ်တိုင်ကလည်း အရွယ်ကလေး ထောက်လာပြီဆိုတော့ သားနှင့် သမီးအတွက်လည်း စိတ်အေးခဲ့ချင်ပြီ။ သင့်တင့်လျောက်ပတ်သော အချိန်ကာလတခုသို့ ရောက်လျှင် သူတို့နှစ်ယောက်ကို ထိန်းမြား လက်ဆက်ပေးရန်လည်း စိတ်ကူးရှိထားပြီး ဖြစ်သည်။

ယင်းကဲ့သို့ ငြိမ်းချမ်းအေးမြ သာယာဖြောင့်ဖြူးနေသည့် သူတို့ မိသားစုဘဝလေးထဲသို့ ကြမ္မာမုန်တိုင်းက အချက်မပေးဘဲ ဝင်ရောက် တိုက်ခိုက်လာသော နေ့တနေ့ဝယ်…

… … …


ထိုနေ့က မှတ်မှတ်ရရ စက်တင်ဘာလ ၅ ရက် ၁၉၈၇ ခုနှစ်။
မြငုံက ခါတိုင်းကဲ့သို့ ကျောင်းမှအပြန် အမေမိရှိရာ ထမင်းဆိုင်သို့ အရင်ဦးဆုံး ရောက်အောင်လာခဲ့သည်။ ဒီအချိန်ဆို ပွင့်ဦးက ပြန်ရောက်မလာ တတ်သေး။ ဆိုင်ရှေ့ရောက်သောအခါ ပိတ်ထားသော ဆိုင်တံခါးကို မြင်သဖြင့် မြငုံစိတ်ထဲမှာ ထိတ်ကနဲ ဖြစ်သွားရသည်။
ဟိုသည်ဝဲယာကို အကဲခတ် ကြည့်လိုက်ချိန်မှာ ဆိုင်ရှေ့မှ ဖြတ်သွားသော ဆိုက်ကားသမား ကိုတင်ဝင်းက မြငုံကို ဖောက်သည်ချသည်…

“ဟဲ့မိငုံ… နင့်အမေ မနက်က လေဖြတ်သွားလို့ ငါကိုယ်တိုင် ဆေးခန်းလိုက်ပို့ လိုက်ရသေးတယ်… အခုတော့ အိမ်မှာပြန်နားနေပြီ… အရီးသိန်းတို့ ဆရာကျော်တို့လည်း နင်တို့အိမ် ရောက်နေကြတယ်။”
“ဟုတ်… ဟုတ်ကဲ့… ဦးတင်ဝင်းကြီး… ကျေးဇူပဲ… သမီးလိုက်သွားလိုက်မယ်”

ရင်တထိတ်ထိတ် စိုးရိမ်စိတ်အပြည့်ဖြင့် စက်ဘီးကို အားသွန်စိုက်ကာ အိမ်သို့ပြန်လာခဲ့သည်။ စိတ်ထဲကလည်း “အမေမိ ဘာမှ မဖြစ်ပါစေနဲ့ ဘုရား… အမေမိဘာမှ မဖြစ်ပါစေနဲ့ဘုရား…” ဟုသာ တွင်တွင် ရေရွတ်နေမိလေသည်။

လမ်းထိပ်နားက လက်ဘက်ရည်ဆိုင်နားသို့ အရောက်…

ကျယ်လောင်စွာ ဖွင့်ထားသော ရေဒီယိုအသံလွှင့် သတင်းသံကို စိတ်ဝင်တစားနှင့် အာရုံစိုက် နားထောင်နေကြသော ရပ်ကွက်သူ ရပ်ကွက်သားအချို့ကို မြငုံ သတိထားမိလိုက်သည်။

“တောက်… မိုက်ရိုင်းလိုက်ကြတာကွာ”

“ပြန်လဲ လဲမပေးဘူးလို့ ပြောတယ်”

“ဒီမအေပေးတွေကွာ… တိုင်းပြည်ကို မွဲသထက် မွဲအောင် မွဲဆေးဖော်နေတယ်”

မှန်၏။ ထိုနေ့ မနက်ကပင် ကျပ်ငွေ ၂၅၊ ၃၅ နှင့် ၇၅ ကျပ်တန် များကို သုံးစွဲရန် တရားမဝင်တော့ကြောင်း အမိန့်ကို ထုတ်ပြန်ခဲ့သည်။ ပြည်သူများအား သုံးစွဲခွင့် ရပ်စဲလိုက်သည့် ထိုငွေစက္ကူများ အတွက်လဲ လျော်ကြေးမပေးဟု သိရသည်။

ကျောင်းကအဆင်း ဒီသတင်းကို ကြားကြားခြင်း ပွင့်ဦးတယောက် အိမ်သို့ အမြန် သုပ်ခြေတင်ခဲ့သည်။ အမေမိမှာ သားနှင့်သမီး ကျောင်းစရိတ်ဟုဆိုကာ စုဆောင်ထားသော ၇၅ ကျပ်တန် ငွေစက္ကူအုပ်များ ရှိသည်ကို သတိရမိသွားခြင်းကြောင့် သူစိုးရိမ်တကြီးဖြင့် အသော့နှင်ခဲ့ခြင်း ဖြစ်ပေသည်။
အိမ်ပြန်ရောက်လို့ အိပ်ယာထက်မှာ လဲနေသော အမေနှင့် ရောက်ရှိနေကြသော ဧည့်သည်များကို တွေ့လိုက်ရသော အခါမှာတော့ သူ့ဆုတောင်းတွေ မပြည့်ဝခဲ့ကြောင်း ပွင့်ဦး လက်ခံလိုက်ရတော့သည်။

နောက်တနေ့မှစ၍ တက္ကသိုလ်နှင့် ကောလိပ်တွေ ပိတ်သွားသည့်အတွက် ပွင့်ဦးက အိမ်မှာနေ၍ အမေမိကို ပြုစုခွင့်ရသည်။ ညနေညခင်း အားလပ်ချိန်များတွင်တော့ ကျောင်းနေဖက် သူငယ်ချင်း အပေါင်းအသင်းများထံသို့ သွားကာ အာဏာရှင်စနစ်၏ ဆိုးကျိုးများကို ကြိုကြား ကြိုကြား ပြောဆိုဆွေးနွေး တိုင်ပင်တတ်လာလေသည်။

… … …


ဒီလိုနှင့် ကျောင်းတွေလည်း ပြန်ဖွင့်ခဲ့ပြီ။ မြငုံတို့တောင် အစိုးရစစ် ဆယ်တန်းစာမေးပွဲကြီးကို ဖြေဆိုကြရတော့မည်။ ဒီအတောအတွင်းမှာ တိုင်းပြည်နိုင်ငံရေး အခြေအနေကလည်း တည်ငြိမ်မှုမရှိ။ နိုင်ငံ၏ စီးပွားရေးမှာလည်း ချွတ်ခြုံကျရုံမျှမက အဝီစိသို့ပင် စောက်ထိုး ဆင်း၍ သွားခဲ့ပြီ။

အမေမိကတော့ ဆေးစားဆေးသောက် လေ့ကျင့်ခန်း မှန်မှန်လုပ်ရင်း လမ်းပြန်လျှောက်နိုင်သည့် အခြေအနေသို့ ပြန်ရောက်လာခဲ့ပြီ။ စကားပြောသံကတော့ ပလုံးပထွေး အာလေးရှာလေး ရှိနေဆဲ။

ဆိုင်ကိုတော့ ယခင်ကတည်းက ကူနေခဲ့သည့် ကိုစိုးကျော်တို့ လင်မယားလက်ကိုသာ လုံးလုံးလျားလျား ပုံအပ်ထားလိုက်ရသည်။ အမေမိကို ချစ်ကြသော ကိုစိုးကျော်တို့ လင်မယားကလဲ သစ္စာစောင့်သိသူများဖြစ်၍ ဆိုင်ဝင်ငွေကို တပြားမကျန် ပြန်အပ်၍သာ တော်တော့သည်။



၆။

အဲဒီနေ့များက ပွင့်ဦးတို့ ကျောင်းမှ ကျောင်းသားတွေအတွက် တသက် မနေ့နိုင်စရာ ဖြစ်ရပ်တခု ဖြစ်ခဲ့ရသည်။

၁၂ ရက်၊ မတ်လ၊ ၁၉၈၈။ ည ၈ နာရီခန့်…

ရန်ကုန် စက်မှုတက္ကသိုလ် ပြင်ပဆောင် ကျောင်းသားများ နေထိုင်ရာ အနောက်ကြို့ကုန်း “စန္ဒာဝင်း” လက်ဘက်ရည်ဆိုင်တွင် ဖြစ်သည်။ စက်မှုတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားများနှင့် အရက်မူးနေသူ အရပ်သားတို့ ဆိုင်မှ ဖွင့်ထားသော သီချင်းနှင့်ပတ်သက်၍ ဝေဖန် ပြောဆိုရင်း ကျောင်းသားများ ခွေးခြေနှင့် အရိုက်ခံရပြီး ဒဏ်ရာရသွားကြသည်။

နောက်တနေ့တွင် ကျောင်းသားများကို ရန်စရိုက်နှက်ကြသော တရားခံအစစ်ကို ဖမ်းမိရေးအတွက် ကျောင်းသားတို့ လှုပ်ရှားလုံးပန်းကြသည်။ ထိုသို့ဖြင့် အာဏာပိုင်များ၏ တရားနည်းလမ်း မကျမှုကို မကျေနပ်သော စက်မှုတက္ကသိုလ် ကျောင်းသားထုက တဖြည်းဖြည်း အင်အားများလာ ခဲ့ကြသည်။

တရားမျှတမှုကို မိမိဘာသာ ဖော်ဆောင်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ကျောင်းသားများက ရပ်ကွက်ထဲရှိ တရားခံဟု သံသယရှိသူ၏ နေအိမ်နှင့် ရက်ကွက်ကောင်စီရုံးတို့ကို လိုက်သွားပြီး တရားခံပေါ်ပေါက်ရေးကို ကိုယ့်အားကိုယ်ကိုး ကြိုးပမ်းခဲ့ကြသည်။

ညနေမှောင်စပျိုးချိန်တွင် လမ်းမီးများ ရုတ်တရက်မှောင်ကျသွားပြီး အင်္ကျီချွတ်ထားသည့် လူတစုမှ တုတ်များ ဓားများဖြင့် လက်နက်မဲ့ ကျောင်းသားများကို ဝင်ရောက် ရိုက်ခုတ်ခဲ့ကြသည်။ သတင်းကြားသော ဆရာဆရာမများက အခင်းဖြစ်ရာသို့ ရောက်ရှိလာကြပြီး ဒဏ်ရာရ ကျောင်းသားများကို ဆေးရုံဆေးခန်းပို့ရန် ကြိုးစားနေကြချိန်မှာပင် ရပ်ကွက်ထဲရှိ သမဝါယမ ဆိုင်ကြီးက မီးထလောင်ပါတော့သည်။

အတိုချုပ်ရလျှင် ကျောင်းသားများ မီးရှို့သည်အထင်နှင့် ရက်ကွက်မှလူများနှင့် ကျောင်းသားများ တုတ်တချက် ဓားတပြက်ဖြင့် ခိုက်ရန်ဖြစ်ပွား ကြတော့သည်။ မကြာမီမှာပင် လုံထိန်းများနှင့် မီးသတ်ကားများ ရောက်ရှိလာပြီး ကျောင်းသားများကို မီးသတ်ပိုက်ဖြင့် ထိုးပက်ကြသည်။

အုံးကနဲ ဒိုင်းကနဲ ပေါက်ကွဲသံများနှင့်အတူ မျက်ရည်ယိုဗုံးတို့ကို ကျောင်းသားများထံသို့ လွှင့်ပစ် ဖောက်ခွဲခဲ့ကြသည်။ သည့်နောက်တွင်တော့ သေနပ်သံများ ဆူညံနေအောင် ထွက်လာပြီး ကျောင်းသားအများ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။

အပြစ်မဲ့ စက်မှုကျောင်းသား ကိုဖုန်းမော်ကတော့ သူ၏ခန္ဓာကိုယ်ထဲသို့ ကျည်ဆံပေါင်းများစွာ စိုက်ဝင်ကာ များမကြာမီအချိန်မှာပင် သွေးများတရစပ် ယိုစီးကျနေသော သေနပ်ဒဏ်ရာများဖြင့် သေဆုံး ကွယ်လွန် ခဲ့ရလေတော့သည်။

… … …


ဒီနောက်ပိုင်းရက်များတွင်တော့ ကျောင်းသား ကိုဖုန်းမော် သေဆုံးရသည့်ကိစ္စ၊ ကျောင်းသားအရေးကို လက်နက်သုံး အကြမ်းဖက် နှိမ်နင်းခြင်းကိစ္စ၊ ချိမ်းခြောက် စိန်ခေါ် အစော်ကားခံရမှု ကိစ္စတွေကြောင့် ပွင့်ဦးတို့ ဘဝတူ ကျောင်းသားတွေ အခဲမကျေ ဖြစ်ခဲ့ကြရသည်။
မတ်လ ၁၅ ရက်နေ့တွင် ပွင့်ဦးတို့ R.I.T ကျောင်းဝင်းကြီးကို စစ်တပ်မှ ဝင်စီးလိုက်ပြီး ကျောင်းကြီးကို ပိတ်ပစ်လိုက်ကြသည်။ ကျောင်းသား ထောင်ပေါင်းများစွာကိုလည်း ထိုနေ့က ဖမ်းဆီး ချုပ်နှောင်ခဲ့ကြသည်။
မတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်ပင်မ တက္ကသိုက်၊ လှိုင်တက္ကသိုလ်၊ စက်မှု တက္ကသိုလ်တို့ရှိ ကျောင်းသားများသည် ပြည်လမ်းမအတိုင်း ချီတက်ခဲ့ကြသည်။ အင်းလျားကန်၊ တံတားဖြူအနီးတွင် လုံထိန်းတပ်ဖွဲ့နှင့် စစ်တပ်က ပိတ်ဆိုခဲ့ပြီး ကျောင်းသားများစွာကို ရက်ရက်စက်စက် ပစ်သတ်ခဲ့ကြသည်။
တံတားဖြူလည်း ကျောင်းသားတို့၏ သွေးတို့နှင့် နီစွေး ရဲတောက်ခဲ့ရ လေတော့သည်။

အဲဒီလို သွေးစွန်းခဲ့ရသော ရက်သတ္တပတ်များက ဖြူစင်သန့်ရှင်းသည့် အမျိုးသားရေး အသိဓာတ်များ ပွင့်ဦးထံတွင် ကိမ်းဝပ်စေခဲ့သည် ဆိုလျှင် ကြားရသူအဖို့ ဆန်းအံ့မထင်။

အခုတော့လည်း မတ်၊ ဧပြီကုန်လို့ ဂျွန်၊ ဂျူလိုင်လများပင် လွန်မြောက်ခဲ့ပြီ။ ဂျွန်လတုန်းကလည်း ရန်ကုန်ရှိ တက္ကသိုလ် ကျောင်းဝင်း များတွင် ဆန္ဒပြပွဲများ ထပ်မံ ဖြစ်ပွားသည်။ ကိုမင်းကိုနိုင်၊ ကိုမိုးသီးဇွန်တို့ အကြောင်းကို ပွင့်ဦးစ၍ ကြားဖူးပြီ…

… … …


၁၉၈၈ ခု၊ သြဂုတ်လ ၈ ရက်နေ့ကဖြစ်သည်။

အဲဒီလ လဆန်းပိုင်းကတည်းက ၈ ရက်နေ့တွင် အထွေထွေ သပိတ်ကြီး ဆင်နွှဲရန် ပွင့်ဦးတို့တတွေ စက်ရွက်တွေ စာစောင်တွေ လိုက်ပြီး ဖြန့်ဝေခဲ့ကြပြီးပြီ။ ထုတ်ပြန်လာသည့် စစ်ဥပဒေ အမိန့်ကို ဖီဆန်၍ လဆန်းရက်များကလည်း အခြားကျောင်းသားများနှင့်အတူ ရန်ကုန်မြို့တွင်းသို့ လှည့်လည် ဆန္ဒပြခဲ့ကြသည်။

တိုင်းပြည်ကလည်း မငြိမ်သက်။ ရက်ရက်စက်စက် နှိမ်နင်းတတ်သည့် စစ်အာဏာရှင်၏ သဘောထားကို သိနေကြသည့် မြငုံနှင့် အမေမိမှာလည်း ပွင့်ဦး အတွက် ဖော်မပြနိုင် လောက်အောင်ပင် စိတ်ပူပန် သောကရောက် နေကြရသည်။

ပွင့်ဦးက ဒီလိုပဲ အိမ်ပြန်မအိပ်လိုက်… တခါတခါတော့လည်း အမေနှင့် ချစ်သူရှိရာကို တိတ်တဆိတ် ပြန်ရောက်လာလိုက်။ နောက်တော့လည်း လနှင့်ချီ၍ ပြန်ပျောက်သွားလိုက်…။ သူအသက်ရှင်ကြောင်း ကိုတော့ စာတို ကလေးများ ရေးကာ လူကြုံနှင့် ပို့ပေးပြီး အမေမိတို့ကို ရတက်အေးစေခဲ့သည်။
ပွင့်ဦးကို လာရှာသည့် စစ်ထောက်လှမ်းရေး ကလည်း အမေမိတို့အိမ်သို့ မကြာခဏ ရောက်သည်။ ရောက်သည့်အခါတိုင်းလည်း အိမ်ကို မွှေနှောက် ရှာသွားလိုက်။ သူတို့လိုချင်သော စာရွက်စာတမ်းများကို သိမ်းယူသွားလိုက်။ ပွင့်ဦးပြန်ရောက်လျှင် ချက်ချင်း သတင်းပို့ရမည်ဟု ချိမ်းခြောက်သွားလိုက်…။
အခုတော့ ပွင့်ဦးထံမှ သတင်းအစအန မရတာလည်း ကြာပြန်ပြီ။ အမေမိကတော့
“ငါ့သားလေး ဘေးမသီ ရန်မခပါစေနဲ့”

ဟူ၍သာ အကြိမ်ကြိမ် ရေရွတ် ဆုတောင်း နေလေတော့သည်။

အဲဒီနေ့ညကတော့ အိမ်ကိုလာနေကျ ထောက်လှမ်းရေးများ မဟုတ်ဘဲ လက်နက်ကိုင်ထားသည့် စစ်သား သုံးလေးငါးယောက်က မြငုံတို့ အိမ်ကို လာဝိုင်းသည်။ အိမ်ကိုလည်း ပိုက်စိပ်တိုက် ရှာပြီး အိမ်ရှိ အဝတ်အစားများ စာအုပ်စာတမ်းများ အားလုံးကို ရစရာမရှိအောင် ဖွသွားခဲ့ကြပြန်သည်။ ပွင့်ဦးကို ရှာမတွေ့သော်လည်း ပွင့်ဦး ပြန်လာလိမ့်နိုးဖြင့် အိမ်ပတ်ပတ်လည်မှာ အကြာကြီး လာစောင့်နေကြသေးသည်။


… … …


အဲဒီအချိန်မှာ ပွင့်ဦးက ရန်ကုန်မြို့လည်ခေါင်ရှိ မြို့တော်ခမ်းမအရှေ့ ကွင်းပြင်ကြီးမှာ ဆန္ဒပြကျောင်းသားတွေ အခြားပြည်သူတွေနှင့်အတူ ရှိနေခဲ့သည်။

တနေကုန်လည်း ရန်ကုန်မြို့အနှံ့ လမ်းများပေါ်တွင် ဆန္ဒပြပွဲများ တပြိုင်နက် ကျင်းပပြုလုပ်ပြီး အထွေထွေ သပိတ်ကြီးကို စတင်စေခဲ့ကြသည်။ ထောင်ပေါင်းများစွာသော ဆန္ဒပြ လူထုက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရန်၊ မဆလပါတီ နှုတ်ထွက်ပေးရန်နှင့် ဆိုရှယ်လစ်စနစ် အဆုံးသတ်ရန် စသည့် တောင်းဆိုချက်များကို တောင်းဆိုခဲ့ကြသည်။

အစပိုင်းတွင် စစ်တပ်က နောက်ကွယ် တနေရာမှာ အသင့်ရှိနေပြီး ည ၁၁ နာရီ ၄၅ မိနစ်တွင် တပ်သားများက မြို့တော်ခန်းမ အပြင်ဘက်ရှိ ဆန္ဒပြနေကြသူ လူအုပ်ထဲသို့ မောင်ပြန် သေနပ်များဖြင့် ပစ်ခတ် ကြတော့သည်။

“ဒိုင်း… ဒိုင်း… ဒိုင်း… ဒက်ဒက်ဒက်…”

“အားးးးး ”

သေနပ်သံ… အော်ဟစ်သံ… ဆူညံသံတို့နှင့် ရုန်းရင်းဆန်ခတ် ဖြစ်သွားပြီး လူအုပ်ကြီးသည်လည်း ပြေးသူပြေး ပုန်းသူပုန်းနှင့် ဖရိုဖရဲ ဖြစ်သွားရသည်။

… … …


ထိုအဖြစ်အပျက်တွေနှင့် တပြိုင်ထဲဆိုသလိုပင် သားဇောကြောင့် ရတက်မအေး အိပ်၍မရဖြစ်နေသော အမေမိက တရွတ်တိုက်နေသော သူ့ခြေထောက်ကို ဆွဲကာ ထိုင်ရာမှ ကုန်းရုန်းထသည်။
အတူရှိနေသော မြငုံပင် တုံ့ပြန်ချိန် မရလိုက်အောင် အမေမိက ခြေမြန် လက်မြန်ဖြင့် ဘုရားစင်ပေါ်မှ ရေချမ်းခွက်ကို လှမ်းယူလိုက်သည်။

နှုတ်ဖျားမှလည်း…
“ငါ့သားလေး ခလုပ်မထိ ဆူးမငြိပါစေနဲ့… သားလေး ဘေးမသီ ရန်မခပါစေနဲ့”

ဟုသာ တွင်တွင် ရေရွတ်လျှက်ရှိနေသည်။

ထိုအခိုက်တွင်ပင် ရေချမ်းခွက်ကို လှမ်းယူသော အမေမိလက်က ဘုရားပန်းအိုးနှင့် မတော်တဆ တိုက်မိလိုက်လေသည်။


လက်နှင့် သပ်ချလိုက်သလို ဖြစ်ပြီး ပြုတ်ကျလာသော ဘုရားပန်းအိုးလေးက လေထဲမှာ နှစ်ပတ်သုံးပတ် ဂျွမ်းပြန်ထိုးရင်း… အောက်သို့ ရောက်သည်နှင့် တပြိုင်နက် “ဂွမ်း…” ဟူသော အသံကြီးနှင့် အတူ အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ကွဲအက် ကြေမွ ပျောက်ဆုံးသွားရ လေတော့သည်။


၇။


ညီလေးရေ
ရာဇဝင်ရေးရာ စာအုပ်ပိတ်

တော်လှန်ရေးမှာ ‘အိပ်’တော့နော်

စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်

သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး

တလောကလုံး လင်းစေအားကွယ်..

တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက

ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့... အောင်မြင်မှာပါ

ဗမာပြည်အတွက်
လိုအပ်တဲ့
’လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ’

အရှေ့ဘက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ

စစ်မြင်းတွေ ပြိုင်လာပြီ

ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ...

ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘဝမှာ မြင်ယောင်ကြည့်စမ်းကွယ်

ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ

ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့…

သြော်…
ဒေါင်းအလံကို ပန်းလို ပန်လို့

လှလို့ပါပဲ... ညီလေးရယ်…

(ရွှေဘုန်းလူ)

၈။


“သူနဲ့ အတူရှိနေခဲ့တဲ့ သူ့ ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ ပြန်ပြောပြလို့သာ သိရတာ။ အမ မြငုံတို့မှာ အကိုလေး ပွင့်ဦးရဲ့ အလောင်းကိုတောင် မြင်ခွင့် မရလိုက်ကြပါဘူး မောင်လူထွေးရယ်…”


(၈ - ၈ - ၂၀၀၉)

(သရုပ်ဖော် - ပန်းချီ ထိန်လင်း)

1 comment:

  1. What a pity story! and How terrible it! we can never forget this story.

    ReplyDelete