25 August 2009

Rangoon Journalist on the road - View from Rangoon

ရန်ကုန်ရှုခင်း သြဂုတ်လ စတုတ္တပတ်
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
သြဂုတ် ၂၅၊ ၂ဝဝ၉
ကိုးရီးယား ဇာတ်ကားများနဲ့ မြန်မာလူထု
“ဒီခွေထွက်တာ မကြာသေးဘူး၊ မြန်မာစာတမ်းထိုး ပါတယ်။ အပိုင်း ၈ဝပါတယ်။ အခု တီဗီမှာ လာနေတာတောင် မပြီးသေးဘူး၊ ခွေထွက်လာတာ။ တခါတည်း ကြည့်ချင်ရင်တော့ ခွေနဲ့သာကြည့်”

ရန်ကုန်မြို့ရဲ့ မဟာဗန္ဓုလလမ်းဘေးမှာ ပြန်ကူးထားတဲ့ ဒီဗီဒီအခွေများကို ပလပ်စတစ် လေးထောင့်ခြင်း ခွက်လေးထဲ ထည့်ထားပြီး ရောင်းနေတဲ့ ဆိုင်တဆိုင်မှာ ဝယ်သူကို ပြောဆိုနေခြင်း ဖြစ်ပါတယ်။

ရောင်းသူက ၃၆ လမ်းထိပ် ၊ ယုဇန ပလာဇာတို့ရှိ ကူးခွေဒိုင်တွေ ဆီကနေ တချပ်ကို ၂၅ဝ၊ ၃ဝဝ ကျပ် ဝန်းကျင်နဲ့ ယူပြီး လက်လီ ဈေးကွက်မှာ တချပ် ၅ဝဝ နဲ့ ပြန်လည် ရောင်းချတဲ့ နည်းနဲ့ အသက် မွေးနေသူဖြစ်ပါတယ်။

ယခုတလော နာမည်ကြီးနေတဲ့ ဇာတ်လမ်းက ကိုးရီးယား ရာဇဝင်ကား တကားဖြစ်တဲ့ “ကြီးမြတ်သူတို့ နှလုံးသား” ဖြစ်ပါတယ်။ ဒီဗီဒီ ၄ ချပ် ထွက်ပြီး ဒီဗီဒီ တချပ်မှာ အပိုင်း ၈ဝ (နာရီ ၇ဝ နီးပါး) ပါဝင်ပါတယ်။ ဒီလို ဇာတ်ကားမျိုးတွေ ထည့်သွင်းထားတဲ့ ဒီဗီဒီ တချပ်ကို ၅ဝဝ ကျပ်နဲ့ ရောင်းချနေပါတယ်။

ဒီဇာတ်လမ်းတွဲကို ကြည့်ရှုပြီးတဲ့ ကားပွဲစား တဦးက “အဲဒီဇာတ်လမ်း ဘယ်လောက်ကောင်းသလဲဆို ညဘက် ထမင်းစား၊ သတင်းကြည့်ပြီး ချိန်ကနေ ခွေထိုးပြီး ထိုင်ကြည့်လိုက်တာ မနက် ပဲပြုတ်သည်လာမှပဲ အိပ်ဖြစ်တော့တဲ့ အထိ၊ အဲဒီအချိန်ကနေ ခဏအိပ်၊ နောက် ပြန်ထပြီး အလုပ်လုပ်တော့ လူက အိပ်ချင်မူးတူး ဖြစ်နေတယ်။ အဲလိုနေ့တွေက တရက်ထဲလည်း မဟုတ်ဘူး၊ ၄၊ ၅၊ ၆ ရက် ဆက်တိုက်၊ ဇာတ်လမ်းက မပြီး မချင်း စိတ်ကို ဖြတ်လို့မရဘူး၊ ကျွန်တော့် မိန်းမလည်း အတူတူကြည့်တယ်။ နှစ်ယောက်လုံး စွဲနေပြီ။ ဒီဇာတ်လမ်းကလည်း တော်တော့်ကို စိတ်ဝင်စားစရာ ကောင်းတယ်။ နန်းတွင်းရေး ရှုပ်ထွေးတဲ့ အကြောင်းတွေကို ရိုက်ပြထားတာ အခု မြန်မာပြည်မှာ နအဖ အစိုးရအဖွဲ့ထဲမှာ ဖြစ်နေတဲ့အတိုင်းပဲ၊ လာဘ်စားတဲ့ ဝန်ကြီးတွေ၊ တယောက်နဲ့ တယောက် အကောက် ကြံတာတွေက ဒီနေ့ ဖြစ်နေတာတွေနဲ့ တထပ်ထည်းပဲ၊ ဒီခွေကို နအဖ ခေါင်းဆောင် သန်းရွှေတို့ ကြည့်ဖို့ကောင်းတယ်” လို့ ပြောပါတယ်။

ရုပ်မြင်သံကြားမှာ ဒီ ဇာတ်လမ်းတွဲကို အခန်းဆက် ပြနေပြီး တီဗီကြည့် ပရိသတ်က ဇာတ်လမ်းကို စောင့်ကြည့်ရာကနေ ပြင်ပမှာ အခွေ ထွက်လာတဲ့အခါ တီဗီက လွှင့်တာကို မစောင့်ဘဲ ဝယ်ကြည့် ကြတော့တယ်။ ဒီလို နေ့မအိပ်၊ ညမအိပ် စွဲစွဲလန်းလန်း ကြည့်ရှုတဲ့ အိမ်ရှင်မများ၊ လူငယ်များကို ရန်ကုန်နှင့် အခြား မြို့ကြီးများမှာ ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့နေရပါတယ်။ နဂိုက ရုပ်ရှင်ဆိုရင် ရုံမှာ ၄၊ ၅ နှစ် နေလို့ တကားမကြည့်ဖြစ်သူများလည်း အခုလို အခန်းဆက် ဇာတ်လမ်းများကို ထမင်းမေ့၊ ဟင်းမေ့ ကြည့်နေကြပါတယ်။

အရင်က မြန်မာ ဗီဒီယိုဇာတ်လမ်းတွဲ ကြည့်သူများကလည်း ယခုအခါ ကိုးရီးယား ဇာတ်လမ်းတွဲများကိုပဲ ကြည့်ကြပါတော့တယ်။ ဘာကြောင့်လဲ လို့ ဆိုတော့ ကိုရီးယား ဇာတ်လမ်းတွဲ ကြည့်သူ အသက် ၁၇နှစ် အရွယ်ရှိ ကလေးမတဦးက “မြန်မာဇာတ်ကားတွေမှာ သရုပ်ဆောင်တွေရဲ့ မျက်လုံးတွေက ကြောင်တယ်၊ အလွန်အကျွံ သရုပ်ဆောင်တယ်၊ ကိုးရီးယား ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်တာတွေက အပြင်မှာ တကယ် ဖြစ်နေသလို ခံစားရတယ်” လို့ ဝေဖန်ပါတယ်။

ရန်ကုန်မြို့လယ် လူနေရပ်ကွက် တခုက မြန်မာဗီဒီယို ဇာတ်လမ်းခွေ အငှားဆိုင်လည်း လွန်ခဲ့တဲ့ ၆လခန့်က ဖြုတ်သိမ်းလိုက်ရပါတယ်။ စီဒီ တချပ်ကို တည ငှားခ ၁ဝဝ ကျပ် ပေးရတဲ့ မြန်မာဗီဒီယို ဇာတ်ကားထက် နာရီပေါင်း လေးငါးခြောက်ဆယ် ပါတဲ့ ကိုးရီးယား ဒီဗီဒီ တချပ်မှ ၅ဝဝ ကျပ် နဲ့ အပိုင် ဝယ်နိုင်တဲ့ ခေတ်မှာ မြန်မာကားကြည့်သူ အရေအတွက်က မြို့ကြီးများမှာ လျော့ကျလာနေပါတယ်။ နယ်မြို့များ၊ ဆင်ခြေဖုံးရပ်များမှာတော့ မြန်မာဇာတ်လမ်း အားပေးတဲ့ ပရိသတ် ရှိဦးမှာ ဖြစ်သော်လည်း မြို့ကြီးများမှာတော့ သိသာစွာပဲ လျော့နည်းလာနေပါတယ်။

မြန်မာ ဗီဒီယိုလောကဟာလည်း ကိုးရီးယား ဇာတ်လမ်းများရဲ့ ထိုးနှက်မှုကို အလူးအလဲ ခံနေရတဲ့ လက္ခဏာ တွေမြင်တွေ့နေရပါတယ်။ ကိုးရီးယားဇာတ်လမ်း ကြည့်သူ အသက်၃၆နှစ် အရွယ် အမျိုးသား တဦးကလည်း “ကိုးရီးယားကားတွေက မြန်မာကားတွေနဲ့ တော်တော့်ကို ကွာသွားပြီး၊ မြန်မာကားတွေမှာ မလိုအပ်ဘဲ အသံအကျယ်ကြီး အော်တာတွေ၊ ရယ်တာတွေ၊ ပြောတာတွေ တွေ့ရပေမယ့် ကိုးရီးယား ဇာတ်လမ်းတွဲတွေမှာ အဲဒီလို သရုပ်ဆောင် လွန်တာတွေ မတွေ့ရဘူး၊ အေးအေးဆေးဆေးနဲ့ ပြပြီး ပရိတ်သတ်ကို စိတ်ဝင်စားအောင် ဆွဲဆောင်သွားနိုင်တယ်” လို့ သူ့အမြင်ကို ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကလည်း “ဒေး ဂျန်းဂင်း” လို့ အမည်ရှိတဲ့ ရာဇဝင်နောက်ခံ ကိုးရီးယား ဇာတ်လမ်းတွဲက မြန်မာပရိသတ်ကို စွဲစွဲမက်မက် ဖြစ်စေခဲ့ပြီး ဒီ ဇာတ်လမ်းတွဲထဲက ဇာတ်ကောင် မင်းသမီး`ချန်းဂင် (လီယောင်အေး)´ကို မြန်မာပရိသတ်က အလွန်စွဲလမ်းခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၉ဝ ပြည့်နှစ်လွန် နောက်ပိုင်းနှစ်တွေက စတင်ပြီး ဂျပန်ဇာတ်လမ်းတွဲတွေ၊ တရုတ်ဇာတ်လမ်းတွဲတွေ ခေတ်စားခဲ့ရာမှ ဒီနှစ်ပိုင်းမှာတော့ ကိုးရီးယား ဇာတ်လမ်းတွဲများက ပရိတ်သတ်ရဲ့ အမြင့်ဆုံး စွဲလမ်း နှစ်သက်မှုကို ရရှိနေတာ ဖြစ်ပါတယ်။

ကိုးရီးယား ဇာတ်လမ်းတွဲ အားလုံးကို မြန်မာ့ ရုပ်မြင် သံကြား၊ မြဝတီ တို့က ပြသတာတော့ မဟုတ်ပါဘူး။ တချို့သော အကြောင်းအရာများကို မပြသင့် လို့ ယူဆတာများလည်း ရှိပါတယ်။ လွန်ခဲ့တဲ့ လပိုင်းက ခေတ်စားခဲ့တဲ့ “အတုံ့အလှည့်” ဆိုတဲ့ ဇာတ်လမ်းတွဲဆိုရင် နအဖအစိုးရက ပြသဖို့ မသင့်ကြောင်း ယူဆတယ်လို့ သိရပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲက တောင်ကိုးရီးယားနိုင်ငံမှာ ဗိုလ်ချုပ်ကြီးများ အုပ်ချုပ်ခဲ့စဉ်ကာလ ကျောက်မီးသွေးတွင်း အလုပ်သမား လှုပ်ရှားမှုအကြောင်း ကို ရေးချယ် ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်နေပြီး၊ စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ အုပ်ချုပ်ရေး ပုံစကို ပြောင်းလဲတဲ့ နိုင်ငံရေး နောက်ခံ ပါတဲ့အတွက်ကြောင့် ဖြစ်တယ် လို့ သိရပါတယ်။

ကိုးရီးယား ဇာတ်လမ်းတွဲတွေ ခေတ်စားလာတဲ့အတွက် မြန်မာပြည်မှာ ကိုးရီးယားယဉ်ကျေးမှု သြဇာ တဖြည်းဖြည်း လွှမ်းမိုးလာတာကိုလည်း တွေ့ရပါတယ်။ လူငယ်များက ကိုးရီးယား ဇာတ်လမ်းတွဲတွေထဲက မင်းသမီး၊ မင်းသားများရဲ့ ဆံပင်ပုံစံ၊ အင်္ကျီ အဝတ်အစား ဒီဇိုင်းတွေကို တုပကြ၊ လူကြီးတွေက ကိုးရီးယား အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူလာကြသည် အထိ သက်ရောက်မှု ရှိတာကို တွေ့လာရပါတယ်။

ကိုးရီးယား ဇာတ်လမ်းတွဲများရဲ့ ထိုးနှက်မှုဟာ မြန်မာဗီဒီယို လောကကိုသာမက ယဉ်ကျေးမှုဆီကိုပါ အနည်း နဲ့ အများ သက်ရောက်မှု ရှိလာတာကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

စားသုံးသူတွေဆီက ၁ဝ% ကောက်ခိုင်းဦးမတဲ့
မကြာခင်ရက်တွေ ကစလို့ ပြည်တွင်း အခွန်များ ဦးစီးဌာနက ရန်ကုန်တိုင်း မြို့နယ် အသီးသီးက စားသောက်ဆိုင် ပိုင်ရှင်တွေကို ခေါ်ပြီး ဝယ်ယူစားသုံးသူတွေဆီက စားသုံးခွန် ၁ဝ% ရအောင် ကောက်ကြဖို့၊ ပြီးတော့ အခွန်ဦးစီးဌာနကို အဲဒီအခွန် ၁ဝ% မကွယ်မဝှက်ဘဲ ဆောင်ကြဖို့ နှိုးဆော်နေပါတယ်။ မြို့နယ်အလိုက် အခွန်ဦးစီးမှူးတွေက ဆော်သြနေတာပါ။

နဂိုကမှ ပြည်တွင်း စီးပွားရေး မကောင်းနေတဲ့ ကြားထဲမှာ နအဖ အစိုးရဟာ စားသုံးသူတွေဆီက ထပ်ပြီး တောင်းနေပြန်ပါတယ်။ စားသုံးသူတွေအနေနဲ့ စားသုံးမှုရဲ့ တန်ဘိုး အပြင် ၁ဝ% ထပ်ကောက်ခံဦးမယ်ဆိုရင် ငွေသုံးစွဲဖို့ ဝန်လေးလာကြမှာ မလွဲပါဘူး၊ အဲလိုမဟုတ်ပဲ ဆိုင်ဖွင့်လှစ်ထားသူတွေက မိမိတို့ရဲ့ စားသုံးသူတွေထံမှ ၁ဝ% ထပ်တိုးတောင်းခံရင် ဖောက်သည်ပျက်မှာ စိုးတာကြောင့် ရတဲ့အမြတ်ထဲကနေ ပမာဏတခုကို အခွန်ဌာနကို ပေးဆောင်ရမှာပါ။ အဲဒီလို ပေးဆောင်ရမယ့် ပမာဏကို ဘယ်လို သတ်မှတ်ကြမလဲ၊ အခွန်ဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ နားလည်မှု ယူပြီး သက်သာရာ သက်သာကြောင်း လုပ်ဆောင်ရမှာ မလွဲပါဘူး။

စားသုံးခွန် ၁ဝ% ဆောင်ရမယ်ဆိုတဲ့ စည်းမျဉ်းဥပဒေဟာ အသစ်မဟုတ်ပါဘူး။ ယခင် ဆယ်စုနှစ်တွေ ကတည်းက ရှိပြီးသားပါ။ မန္တလေးတိုင်း ပြည်တွင်းအခွန်များဦးစီးဌာနမှာ မြို့နယ်ဦးစီးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးက ပြောပြရာမှာ`ဒီစည်းမျဉ်း ဥပဒေဟာ အရင်ကတည်းကရှိတယ်။ ရန်ကုန် မန္တလေးလို မြို့ကြီးတွေမှာ ရှိတဲ့စားသောက်ဆိုင်ကြီး တချို့စားသုံးသူများဆီက ၁ဝ% အရင် ကတည်းက ကောက်ယူနေခဲ့ကြတယ်၊ အစိုးရဆီ အားလုံး အပြည့်အဝ ပြန်လည်ပေးဆောင်သလား မပေးဆောင်ဘူးလား ဆိုတာတော့ ဘယ်သူမှ မသိနိုင်ဘူး။ အခွန်ဦးစီးမှူး ထဲက တချို့က အဲဒီဟာကို ဝင်ရောက် စစ်ဆေးဖို့ လုပ်ခဲ့ကြဖူးတယ်။ အဲဒီလို လုပ်တာကို ဆိုင်တွေက ပတ်သက်ရာ ပတ်သက်ကြောင်း အထက်က လူကြီးတွေကို တိုင်ကြတော့ စစ်ဆေးတဲ့ အခွန်အရာရှိကို နယ်ပြောင်းလိုက်တယ်´ လို့ပြောပါတယ်။

အထက်ပါ ပြောဆိုချက်ကို ကြည့်ရင် အခွန်ဥပဒေ ရှိပေမယ့် စားသောက်ဆိုင် လုပ်ငန်းကြီးတွေမှာ အစိုးရနဲ့ပတ်သက်တဲ့၊ တပ်နဲ့ ပတ်သက်တဲ့ အကျိုးစီးပွားတွေ ပါဝင်နေခဲ့လို့ အခွန်ဦးစီးဌာနက စစ်ဆေးပိုင်ခွင့် အာဏာမရှိခဲ့ဖူး ဆိုတဲ့သဘောပါ။ အကောင်အထည်မဖော်ဘဲ ဒီအတိုင်း ထားခဲ့ကြပြီးမှ အခုမှ ဘာလို့ ဒီဥပဒေကို အသက်ဝင်အောင် လုပ်ဆောင်လာသလဲ ဆိုတာ စဉ်းစား စရာပါ။ နအဖ အစိုးရမှာ ငွေအရမ်းလိုနေလို့ လူတွေဆီက ရတဲ့နည်းနဲ့ ငွေကိုညှစ်ထုတ် ယူနေတဲ့သဘောပဲလား လို့ ကောက်ချက်ချရတော့မှာပါ။

ကမ္ဘာမှာ အညံ့ဆုံး အခွန်စနစ် မဟုတ်တောင် အညံ့ဆုံး အခွန်စနစ်နဲ့ နိုင်ငံ တနိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံဟာ အခွန်အကောက်ကို ညီမျှစွာလည်း မကောက်သလို၊ ကောက်လို့ရတဲ့ ငွေကို ဘယ်လိုနေရာမှာ သုံးစွဲသလဲ ဆိုတာကိုလည်း ဘယ်တုန်းကမှ အသိပေးခဲ့ခြင်းမရှိပါဘူး။ လက်ရှိ မြန်မာနိုင်ငံ ဝင်ငွေခွန်စနစ်ဟာ ဝင်ငွေနည်းတဲ့ သူတွေ ဆီက များများ ကောက်ယူပြီး ဝင်ငွေများတဲ့သူ၊ အစိုးရနဲ့ ပူးပေါင်းပြီး စီးပွားရှာနေသူ လုပ်ငန်းရှင်ကြီးတွေ ဆီကတော့ အင်မတန်နည်းပါးတဲ့ ပမာဏကိုသာ ကောက်ယူပါတယ်။

နိုင်ငံတော် လုပ်ငန်းရှင်ကြီးတွေလို့ခေါ်တဲ့ ထူး၊ မက်စ်မြန်မာ၊ ဇေကမ္ဘာ၊ ယုဇန၊ အေးရှားဝေါလ်တို့ ထံမှ အခွန်ငွေ လောက်လောက်လားလား နိုင်ငံတော်က မရပါဘူး။ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်လာရင် ဘယ် အခွန်အရာရှိကမှလည်း စည်းမျဉ်းဥပဒေ အတိုင်း မလုပ်ဆောင်ဝံ့ကြပါဘူး။ သူတို့က နိုင်ငံခေါင်းဆောင်ဆိုတဲ့ စစ်အစိုးရ ခေါင်းဆောင် မိသားစု၊ သားသမီးများနဲ့ စီးပွားရေး ပူးပေါင်းလုပ်ဆောင် နေကြတာကြောင့် ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံတော် သူဌေးကြီးများ ဆောက်လုပ်တဲ့ အိမ်ရာတွေကို ရောင်းချရာမှာ ဝယ်ခွန်ကို ရောင်းချသူက ဆောင်ပေးမည် လို့ ကြော်ငြာလေ့ရှိပါတယ်။

တကယ်တော့ အဲဒီကုမ္ပဏီကြီးတွေက မရှိတဲ့ နေရာက မြေကွက်ကို စာရွက်ထဲမှာ အရောင်းပြပြီး အဆိုပါငွေနဲ့ ဝယ်ယူတဲ့ ပုံစံနဲ့ ဝယ်ခွန် ပေးဆောင်ကြခဲ့ကြတာပါ။

တနှစ်ကို သန်းပေါင်း သိန်းနဲ့ချီ အကျိုးအမြတ်ရှိနေတဲ့သူများထံမှ ဝင်ငွေခွန် စီးပွားရေး လုပ်ငန်းခွန် မဖြစ်စလောက်သော ပမာဏသာ ကောက်ယူပြီး၊ လမ်းဘေးမှာ ကွမ်းယာဆိုင် ဖွင့်ထားသူ၊ တိုလီမိုလီ ရောင်းသူတွေထံက တနှစ်ကို ကျပ်သောင်းနဲ့ချီတဲ့ ဝင်ငွေခွန် ကောက်ယူနေတာဟာ လက်ရှိ မြန်မာ့အခွန်စနစ် ဖြစ်ပါတယ်။

ဥပဒေအရ တစ်နှစ်ကို ဝင်ငွေကျပ် တသောင်းနဲ့ အထက်ရှိတဲ့သူဆို ဘယ်သူမဆို ဝင်ငွေခွန် ပေးဆောင်ရမှာ ဖြစ်ပါတယ်။ တနှစ်ကို ကျပ် တသောင်း ဆိုတာဟာ တလကို ဝင်ငွေ ကျပ် တထောင် ဝန်းကျင် ရှိနေရင်ပဲ ဝင်ငွေခွန် ပေးဆောင်ဖို့ အကျုံးဝင်နေတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ယနေ့ ကာလမှာ တမင်းတခါပြင် ကျပ် ၈ဝဝ မှ ၁ဝဝဝ ကျော် ကျသင့်နေတာကြောင့် တလ ကျပ် တထောင် ဝင်ငွေရှိတဲ့သူ ဆိုတာ လူရယ်စရာ ပမာဏ ဖြစ်နေပါပြီ။

1 comment:

  1. Anyone who wants to live in peace and prosperity must try to leave Burma since Burma will never be peaceful and prosperous. Try to settle somewhere outside Burma in a legal way or bear the misery & pain. Burma's Problems are deeper than Military Dictatorship. They are deeply rooted in Burmese Genes & Mindset, Culture & Traditions, Stubbornness, Selfishness, Jealousy & Evil Practice in the name of Buddhism. No one can or will save Burmese people who live inside Burma while most of the Burmese living outside Burma enjoys peace, prosperity, honor, pride, prestige, classy education and good health care and hygiene that the Burmese could have never dreamt of before and after British Reign. Most of the Burmese have the problems. Good minority of the Burmese can never overcome Evil majority of the Burmese as ever. Most of the Burmese People living inside Burma are cursed and destined to suffer for the rest of their lives.. Try hard to leave Burma, the land of Evil as soon as possible..

    ReplyDelete