12 August 2010

Aung Moe Win – Artist and its history

သမိုင်းဆိုတာ နားလည်မှုပေး ရေးဖွဲ့ထားတဲ့ အနုပညာတခု မဟုတ်ပါ
အောင်မိုးဝင်း
သြဂုတ်လ ၁၃၊ ၂၀၁၀

ဘီဘီစီ မြန်မာ့အရေး ကမ္ဘာ့အရေးမှာ ဆွေးနွေးသွားတဲ့ ဆရာဦးဝင်းဖေရဲ့ စကားအသုံးအနှုန်းတွေကို ကျောင်းသား တော်တော်များများက စိတ်ပျက်ကြတယ်။ အထူးသဖြင့် ၁၉၉၆ ကာလ ရန်ကုန်စက်မှုတက္ကသိုလ် မှာ စာသင်ကြားခဲ့ဖူးတဲ့ ကျောင်းသားတွေ၊ သူတို့က ပြန်လည် တုံ့ပြန်ငြင်းခုန်စေချင်တယ်။ ထောက်ပြနိုင်တဲ့ အဖြစ်အပျက်တွေကို ကျနော်တို့ အာရုံမှာ ပြန်ဖော်ကြည့်ကြတယ်။ အသေးအဖွဲကိစ္စတွေလို့ ထင်ရပေမယ့် ဂန္ထဝင်တွေ တာဝန်ရှိရှိပြောစေချင်လို့ ပြန်ရေးရတာပါလို့ ဆိုပါရစေ။ ဆရာဦးဝင်းဖေ အတွက်ပါ။

ပေဖူးလွှာ မဂ္ဂဇင်းမှာ ‘တသသ’ ဆိုတဲ့ကဏ္ဍတခုကို မှတ်မိကြလိမ့်မယ် ထင်ပါတယ်။ ကဗျာဆရာ၊ ရုပ်ရှင် ဒါရိုက်တာ တယောက်ဖြစ်တဲ့ ‘ပိုင်သ’ က အဲ့ဒီကဏ္ဍလေးမှာ သူ ဖြတ်သန်းကျင်လည်နေရတဲ့ ဘဝနှစ်ခုကို ဆွေးမြေ့မှု တသမှုတွေနဲ့ စိတ်ဝင်စားဖွယ် တင်ပြထားတယ်။ သူက ကဗျာဆရာအဖြစ် ကျင်လည်ရတဲ့ဘဝကို ပြောပြတဲ့အခါ ကဗျာဆရာ၊ စာရေးဆရာတွေရဲ့ဘဝတွေက မပြေလည်ရှာဘူး။ လူမှုအကြပ်အတည်းတွေနဲ့ ပြည့်နေပေမယ့် ယုံကြည်ချက်နဲ့ပတ်သက်ရင်၊ ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်ရင် မာနမလျော့ဘူး။ ခိုင်ခိုင်မာမာ ရပ်တည်တယ်။ ဒါရိုက်တာအဖြစ် ကျင်လည်ရတဲ့လောကမှာ မင်းသမီး၊ မင်းသားတွေက နုရွလတ်ဆတ်နေတယ်။ အဆင်ပြေကြတယ်။ ဒါပေမယ့် သူတို့က ကိုယ့်ရဲ့အောင်မြင်မှုအတွက်ဆို အရာအားလုံးကိုလဲပစ်ဖို့ ဝန်မလေးဘူး။ ဒူးထောက်ဖို့ ဝန်မလေးဘူး။ မာန မရှိဘူး။ ကိုယ်လိုချင်တဲ့အရာတွေအတွက် ဂုဏ်သိက္ခာကို ရောင်းစားဖို့လည်း ဝန်မလေးဘူး။

ပိုင်သက ဒါရိုက်တာအဖြစ် ကျင်လည်နေရတဲ့ဘဝတွေထဲက ရုပ်ပုံတွေကို တသသမဖြစ်ခဲ့ပါဘူး။ ဘဝတွေ မပြေလည်ကြပေမယ့် ကိုယ့်ရဲ့ယုံကြည်ချက်ကို မာန်မလျော့ပဲ ဆက်လက်တူးဖော်နေကြတဲ့ ကဗျာဆရာ၊ စာရေးဆရာတွေ စုဝေးရာနေရာလေးကို လွမ်းဆွတ်မှုအပြည့်နဲ့ တသသဖြစ်နေခဲ့တယ်လို့ ဆိုတယ်။ ပိုင်သ ကို ကျနော် မရင်းနှီးပါဘူး။ ဒါပေမယ့် တသသထဲမှာ ပွင့်လင်းစွာရင်ဖွင့်ထားတဲ့ သူ့ရဲ့အမြင်ကို သဘောကျခဲ့တယ်။

(၁)

ရော့ဂ်ဂီတအဆိုတော် ဇော်ဝင်းထွဋ် ရဲ့ ‘မဟာ’ စီးရီးကို မှတ်မိကြမလား မသိဘူး။ စစ်အစိုးရက ၁၉၉၆ မှာ သူ့ကို အသုံးချပြီး ဝါဒဖြန့် သီချင်းခွေထုတ်ခဲ့တယ်။ တက္ကသိုလ်နယ်မြေအတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေအားလုံးကို မဟာ စီးရီးခွေကိုဖွင့်ရမယ်လို့ အစိုးရက တိုးတိုးတိတ်တိတ် ထုတ်ပြန်ထားခဲ့တယ်။ ကျနော်တို့ဘက်ကလည်း ပြန်အားစမ်းခဲ့ပါတယ်။ “ဇော်ဝင်းထွဋ်ရဲ့ မဟာ သီချင်းဖွင့်တဲ့ဆိုင် မီးရှို့ခံရမယ်” လို့။

ဖြစ်ချင်တော့ တရက်မှာ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းအဝင်မှာ ဖွင့်ထားတဲ့ ‘ဟယ်လို’ လ္ဘက်ရည်ဆိုင်မှာ ဇော်ဝင်းထွဋ်ရဲ့ မဟာသီချင်း ဖွင့်နေသံကို ကြားလိုက်ရတယ်။ အီးဆောင်နဲ့ ဒီဆောင်မှာ ရှိတဲ့ကျောင်းသားတွေ အောက်ကို ဆင်းလာကြတယ်။ နောက် ဆိုင်ရှင်ကို မေးတယ်။ ဒီသီချင်းခွေကို ဘယ်သူယူလာတာလဲလို့။ ဆိုင်ရှင်က ဝိုင်းတဝိုင်းကို လက်ညှိုးထိုးပြတယ်။ ကြည့်လိုက်တော့ အင်ပါယာ တေးဂီတမှာ တီးနေတဲ့ ပုဂ္ဂိုလ်တွေ၊ ကျနော်တို့တတွေ အဲ့ဒီ ဇော်ဝင်းထွဋ်ခွေကို အုတ်နီခဲကျိုးနဲ့ထု၊ ရိုက်ခွဲပစ်လိုက်ပြီး လ္ဘက်ရည်ဆိုင်ထဲကနေ ထွက်သွားပေးဖို့ ပြောခဲ့ကြတယ်။ တကယ်တော့ သူတို့နဲ့ ကျနော်တို့တတွေ တယောက်ကိုတယောက် သိကြတာပဲ။ ကျနော်တို့လည်း ရန်ကုန် စက်မှုတက္ကသိုလ်နဲ့ ကပ်တည်ရှိနေတဲ့ ဆရာစောဘွဲ့မှူးအဖွဲ့ အခြေစိုက်ရာ ဘုရားကျောင်းမှာ ဂစ်တာသင်ကြားနေသူတွေ။ ဒါပေမယ့် မူ ကိုတော့ အလျော့ပေးလို့မရဘူး။ ဇော်ဝင်းထွဋ် ရဲ့ မဟာခွေကိုဖွင့်တဲ့ဆိုင် ပြဿနာတက်မယ်လို့ ရာဇသံပေးထားပြီးပြီ။

ဒီ ရပ်တည်ချက်ကို ချိုးဖောက်လာသူတွေအားလုံးကို တုံ့ပြန်ရမယ်ဆိုတာ အားလုံးဆုံးဖြတ်ပြီးသား။ သူတို့ကလည်း အစိုးရခိုင်းလို့ ထုတ်ရတယ်ဆိုတာသိပေမယ့် ကျနော်တို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ခံစားချက်၊ မူဝါဒကို နားလည်ပေးဖို့လိုမယ်။ သူတို့ နားလည်ပါတယ်။ ကျနော်တို့တတွေ၊ သူတို့ကို လ္ဘက်ရည်ဆိုင်ထဲက မောင်းထုတ်ခဲ့ပေမယ့် သူတို့နဲ့ ကျနော်တို့ကြားက ဆက်ဆံရေး ပျက်မသွားခဲ့ပါဘူး။ ကင်န်တင်းမှာ ကိုမွန်းအောင်ရဲ့ သီချင်းတွေ နေရာယူလာခဲ့ဖူးတယ်။

(၂)

စိုင်းထီးဆိုင်နဲ့ ခင်မောင်တိုး ပေါင်းထုတ်တဲ့ စီးရီးခွေလေး ရှိပါတယ်။ အဲ့ဒီတုန်းက တက္ကသိုလ်ကျောင်းသားတွေ အားလုံးက ကိုခင်မောင်တိုးရဲ့အခြမ်းကိုသာ နားထောင်ပြီး ကိုထီးရဲ့အခြမ်းကို သပိတ်မှောက်ခဲ့ကြတယ်။ အဲ့ဒီကာလမှာ ဆရာ စိုင်းခမ်းလိတ်က စိုင်းထီးဆိုင်ကို သီချင်းမပေးတော့ပါဘူး။ အစိုးရဝါဒဖြန့်သီချင်းတွေ ရေးနေတဲ့ မြသန်းစံရဲ့သီချင်းကို စိုင်းထီးဆိုင် ဆိုလိုက်မိလို့ အဲ့သလို သပိတ်မှောက်တဲ့ပြဿနာတွေ ပေါ်လာတာပါ။ စိုင်းထီးဆိုင်ရဲ့ အားနည်းချက်ကို စစ်အစိုးရကကိုင်ထားပြီး ဝါဒဖြန့်သီချင်းတွေ ဆိုခိုင်းခဲ့တယ် ဆိုတာသိပေမယ့်၊ ကိုထီး ကို ချစ်ခင်မြတ်နိုးကြပေမယ့် ကျနော်တို့မှာလည်း လုပ်စရာရှိတာကို လုပ်ရပါတယ်။

(၃)

ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားတွေနဲ့ အကြီးအကျယ် ဆက်ဆံရေးပျက်ခဲ့သူက ရုပ်ရှင်မင်းသမီး စိုးမြတ်သူဇာ ပါ။

စိုးမြတ်သူဇာ က နော်ရင်မွှေး ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ ဆွတ်ခူးပြီးခါစ။ ရန်ကုန် စက်မှုတက္ကသိုလ်ဆီကို ရုပ်ရှင်ကား ရိုက်ဖို့ရောက်လာခဲ့တယ်။ မေတ္တာပေါင်းကူး လက်ဘက်ရည်ဆိုင်ရှေ့မှာ ရောက်လာတဲ့ စိုးမြတ်သူဇာ ကို ကျောင်းသားတယောက်က “အစိုးရကိုဖားလို့ အကယ်ဒမီဆွတ်ခူးခဲ့တဲ့ စုံးမသူဇာ လာပါပြီခင်ဗျာ”လို့ အော်ပြီး လက်ခုပ်တီးလိုက်တယ်။

စိုးမြတ်သူဇာ ကလည်း အင်မတန် မောက်မာသူလို့ နာမည်ကြီးသူလေ။ ဘယ်ငြိမ်ခံနေမလဲ။

“ကျောင်းသားက ကျောင်းသားလိုမနေဘူး။ ထောက်လှမ်းရေးနဲ့ကို တိုင်ပစ်အုံးမယ်” ဆိုပြီး ထွီ ထွမ် လုပ်သွားခဲ့တယ်။ လ္ဘက်ရည်ဆိုင်ထဲက ရေနွေးခရား တီးသံတွေ၊ ဒေါသသံတွေ လျှံကျလာတယ်။ ကင်န်တင်းမှာထိုင်နေတဲ့ ကျောင်းသူတွေက အစ၊ ရိုက်ကွင်းဆီကို လိုက်သွားကြတယ်။ ရိုက်ကွင်းကို ချက်ချင်းသိမ်းပစ်ဖို့ ကျောင်းသားတွေက အမိန့်ပေးလိုက်တယ်။ ဆက်နေရင် ပြဿနာက များလာတော့မှာဆိုတော့ သူတို့တတွေ ရိုက်ကွင်းသိမ်းပြန်သွားရတယ်။

ပြဿနာက မပြီးသေးပါဘူး။ စိုးမြတ်သူဇာ က စစ်ထောက်လှမ်းရေးကို တိုင်ခဲ့တဲ့အတွက် ပါမောက္ခချုပ် ဦးကြင်စိုးက ကျနော့် သူငယ်ချင်းကို ကျောင်းထုတ်ဖို့ ကြိုးစားပါတယ်။ ကျနော်တို့ကလည်း ဘယ်ရမလဲ။ ကြို့ကုန်းဆောင်အတွင်းက ယောင်္ကျားလေးဆောင် ၆ ဆောင်နဲ့ ဂျီဟောဆောင်က ကျောင်းသူတွေအားလုံးရဲ့ လက်မှတ်ကိုတောင်းယူလိုက်ပြီး ဦးကြင်စိုး ကို သတိပေးလိုက်တယ်။ ထောက်လှမ်းရေးကို ပရောပရီသွားလုပ်တဲ့ ဖက်ခွက်စားကို အရေးမယူပဲ ကျနော်တို့ သူငယ်ချင်းကို ကျောင်းထုတ်မယ်ဆိုရင် ကျနော်တို့အားလုံး တိုက်ပွဲကို ရင်ဆိုင်ဖို့အတွက် အားလုံးအသင့်ပြင်ထားပါပြီလို့။ ကျောင်းအာဏာပိုင်တွေက ကျနော့်တို့ကို ထိပ်တိုက် ရင်မဆိုင်ရဲပါဘူး။ ဒီသတင်းကို မဂ္ဂဇင်းတိုက်တွေမှာ ဖော်ပြခြင်း မပြုရဘူးလို့ စစ်ထောက်လှမ်းရေးက အမိန့်ပေးထားခဲ့တယ်။

တကယ်တော့ ၁၉၉၆ ကာလ၊ ရန်ကုန် စက်မှုတက္ကသိုလ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေက ကျောင်းသားတွေကို သွေးပူလေ့ကျင့်ခန်း လုပ်ပေးလိုက်သလို ဖြစ်သွားတယ်။ ကျောင်းသားတွေဟာ စစ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နေသူတွေကို ဖိအားပေးရင်း လှုပ်ရှားမှုကို ပြန်မြှင့်ရတော့မယ်ဆိုတာ သဘောပေါက်နေကြ တယ်။ ဒီလိုနဲ့ … မတ်လ ၁၃ ရက် အခမ်းအနားတွေ အကြီးအကျယ် ပေါ်လာတယ်။ ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုမှာ ကျောင်းသားတွေ တက်တက်ကြွကြွ ဖောက်ခွဲကြတော့တယ်။

(၄)

အနုပညာသည်တွေဘက်က အလွန်အကျွံ ကာကွယ်ပြောဆိုပြီး ပြည်ပနိုင်ငံရေးသမားတွေကို အပေါ်စီးက လူတတ်လုပ်၊ ဝေဖန်တိုက်ခိုက်နေတဲ့အသံတွေ ကြားနေရတယ်။ ဆင်းရဲကြပ်တည်းမှုတွေနဲ့ ဒုက္ခတွေအောက်မှာ ရပ်တည်နေရတဲ့သူတွေရဲ့ ခံစားချက်တွေ၊ ဘဝကိုဖျက်လာရသူတွေရဲ့စိတ်ဒဏ်ရာတွေကို တစက်မှထည့် စဉ်းစားမပေးဘဲ တလျောက်လုံး အခွင့်အရေးတွေရနေသူတွေဘက်က ဆတ်ဆတ်ခါ နာနေသူတွေကိုတော့ နားမလည်နိုင်အောင်ပါပဲ။

“ပြန်ပေးဆွဲခံရတဲ့ အနုပညာသည်တွေကို အစိုးရ ဝါဒဖြန့်ချိရေးဇာတ်ကား ရိုက်ရကောင်းလားလို့ အပြစ်တင်နေကြမလား။ အနုပညာသည်တွေကို ဆန္ဒပြရင် အကုသိုလ်ရမယ်” ဆိုတော့ ဗိုလ်အောင်ကြီးရဲ့ စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားကြနဲ့ ဆိုတဲ့စကားကို သွားသတိရမိတယ်။

သေချာစဉ်းစားပါဦး ဆရာတို့ရယ်။ တချို့အနုပညာသမားတွေက ဟိုဘက်ကသာရင် ဟိုဘက်ကို ပေါင်းမယ်။ ဒီဘက်ကသာရင် ဒီဘက် ပေါင်းမယ်။ ပြီးရင် ရတဲ့အခွင့်အရေးကို ယူ။ ကိုယ့်အောင်မြင်မှုအတွက် ခန္ဓာကိုယ်ကိုပါ လိုအပ်ရင် ရင်းပစ်လိုက်မယ်ဆိုတာ လူဗြိန်းတောင်နားလည်တဲ့ အဲ့ဒီလောကသားအများစုရဲ့ အဖြစ်အပျက်တွေ ပါ။ အထူးအဆန်းတွေ မဟုတ်ပါဘူး။ သိပ်လည်း ခံစားနေစရာမလိုပါဘူး။ နိုင်ငံရေးလုပ်နေတဲ့သူတွေကို “သူတို့က အစိုးရ ဖိအားပေးလို့ လုပ်ရတာပါ” ဆိုတာတွေကိုလည်း ရှင်းပြနေစရာမလိုပါဘူး။

“သူတို့ကို စည်းရုံးရေးလုပ်ချင်ရင် ငွေများများ သုံးဖြုန်းပြလိုက်” ဆိုတဲ့ ခပ်ညံ့ညံ့သီအိုရီတွေလည်း ကျနော်တို့ နားလည်ပါတယ်။ တိုင်းပြည်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာသိလို့ပဲ သူများတွေ သီချင်းတအေးအေးနဲ့ လွမ်းနေချိန်၊ ဘွဲ့ရဖို့ကြိုးစားနေချိန်မှာ စာသင်ခန်းတွေပစ်ပြီး သူပုန်ဘဝရောက်ခဲ့ကြသူတွေပါ။ ဘလောက်ကလေး တခုနှစ်ခု ဖွင့်၊ နိုင်ငံရေးကို ဧည့်ခန်းဆောင်မှာ အခန့်သားထိုင် အညွှန့်ခူးစား လူပေါ်လူဇော် လုပ်မယ့် မျိုးဆက်သစ်အမည်ခံ စိတ်ကူးတွေလိုမျိုး တယောက်မှမရှိခဲ့တဲ့သူတွေပါ။

(၅)

ကျောင်းသားတွေ တောထဲမှာ ငှက်ဖျားပိုးနဲ့ အသက်လုနေရချိန်၊ ‘ပါပီမ’ ရုပ်ရှင် ထွက်လာတယ်။ ရှစ်လေးလုံး အရေးတော်ပုံအတွင်းတုန်းက စစ်တပ်ကို အောက်တန်းကျကျ ဆဲခဲ့တဲ့ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ ဝုန်းခနဲ ဘက်ပြောင်းကုန်တယ်။ မာနယ်ပလောတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ခဲ့တဲ့ ဗမာစစ်တပ်ကို ဘယ်လို ချစ်မြတ်နိုးကြောင်း … သဝဏ်လွှာတွေ၊ သတင်းစာတွေမှာ ပလူပျံလာတယ်။ တချို့က ကိုယ်ကိုယ်တိုင်က အားရဝမ်းသာ လှိုက်လှိုက်လှဲလှဲ ပေါင်းစည်းခဲ့တာ။ ဒါတွေက ဒါရိုက်တာ ပိုင်သ ပြောခဲ့သလိုပဲ “အောင်မြင်မှုအတွက်ဆို မာန ကအစ ဈေးလျော့ပစ်ဖို့၊ အောက်ကနေ တိုးဝင်ဖို့ ဝန်မလေးတဲ့ လောကတခု” အဖြစ် နားလည်ပေးလိုက်ပါတယ်။ မဆန်းကြယ်တဲ့လောကကို မြင့်မြတ်တဲ့ဘုံလို သိပ်မညွှန်းဖို့လည်း လိုပါတယ်။ ပြည်ပမှာရောက်နေတဲ့သူတွေက ဆန္ဒပြလို့၊ ရန်သူ့ဘက် ပေါင်းသွားမယ်၊ စည်းရုံးယူရမယ်ဆိုတဲ့သူတွေကို တခုပဲ အကြံပေးချင်ပါတယ်။ သူတို့ကို စည်းရုံးချင်ရင် ဗိုလ်ချုပ်တွေလို၊ ဘိန်းရာဇာတွေလိုသာ ချမ်းသာအောင်လုပ်ပါ မိတ်ဆွေတို့။

(၆)

ဂျိမ်းဖောင်ဒါ လို မင်းသမီးတွေကြောင့် ဗီယက်နမ်စစ်ပွဲ ရပ်တန့်စေမယ့်လှုပ်ရှားမှုတွေ ပိုမိုအားကောင်း လာခဲ့တယ်။ မင်းသားကြီး ထွန်းဝေ၊ ဦးမြတ်လေး၊ ကိုကျော်သူ၊ ကိုဇာဂနာ၊ နှုတ်ခမ်းမွှေး လူရွှင်တော်ညီအကိုတို့ရဲ့ မွန်မြတ်တဲ့ လုပ်ငန်းတွေကြောင့်ပဲ ပြည်သူတွေက သူတို့ကို ချစ်ခဲ့တယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ဘီဘီစီမှာ ပြောနေတဲ့ ဆရာဦးဝင်းဖေရဲ့ “ဝင်းဖေလွယ်အိတ်” လို ကြုံရာလျှောက်ပြောနေတဲ့ ဇာတ်လမ်းတွေနဲ့တော့ မတူနိုင်ဘူး။ ပစ်မှတ်ကို တဆင့်ချင်း လွှတ်ရတယ်ဆိုတာ လူတွေသိပါတယ်။ ဟတ်ဒ် (Heart) ကိုထိအောင် ပစ်ရတယ်ဆိုတာ ဒီကနေ့ လူငယ်တွေပြောနေတဲ့ စကားပါ။

“ချစ်သူသည်သာ ငြိမ်းချမ်းရာမြေ၊ အိပ်မက်ဆန်သော … ငြိမ်းချမ်းသာယာသော နယ်မြေ …” ဆိုတဲ့ ဒေါ်မာမာအေးလို သီချင်းဆိုပြီး ဇာတ်သိမ်းသွားမယ့် အဝေးရောက် ‘ဂန္ထဝင်’ အဖြစ် ကျန်မနေရစ်ချင်ပါဘူး။ ဆန္ဒပြတယ်ဆိုတာ ဟဒ် ကိုထိအောင် ပစ်ကြည့်တာပါ။ ရုပ်ရှင်မင်းသား မင်းသမီးတွေကို ဆန္ဒပြတဲ့သူတွေက သူတို့ကိုမုန်းလို့ မဟုတ်ပါဘူး။

“ပြည်တွင်းက ရဲဘော်တွေ ပြောခွင့်မရတဲ့အရာတွေကို ကျမတို့က ပြောနေရတာပါ” တဲ့။ ပြည်တော် မပြန်ခင်မှာ စဉ်းစားစရာတွေ ပါသွားအောင်၊ နှလုံးသားကို လှမ်းပစ်ကြည့်တဲ့ သဘောလောက်ပါ။ တနိုင်ငံလုံး ဒုက္ခရောက်နေတဲ့ခေတ်ကြီးမှာ မေ့မေ့လျော့လျော့နေချင်သူတွေကို ဒီလောက်တော့ သတိပေးသင့်တယ်လို့ ထင်ပါတယ်။

တောင်ပြိုနေတာပါ။ လက်ဖဝါးနဲ့ သွားကာမနေကြပါနဲ့။

အရှိန်နဲ့လှုပ်နေသူတွေသာ သမိုင်းလမ်းကြောင်းကို ပြောင်းလဲနိုင်သူတွေဖြစ်တယ်လို့ ယုံတယ်။ ဟာ့ဒ် ကိုသာ ထိအောင်ပစ်ပါ မိတ်ဆွေတို့။

အောင်မိုးဝင်း


ရှင်းလင်းချက် … ဂန္ထဝင် ဆိုတာ Classic ကို ပြောခြင်းဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီး မဟုတ်ပါ။ ဘီဘီစီ ‘မြန်မာ့အရေး ကမ္ဘာ့အရေး’ မှာ ဆွေးနွေးသွားတဲ့ ဆရာဦးဝင်းဖေရဲ့ စကားအသုံးအနှုန်းတွေကို လုံးဝ မကြိုက်ပါ။ တကယ်ဆို အနုပညာအရ ဝါရင့်သော၊ သြဇာကြီးမားသောသူများက ပြောသင့်သည်မှာ “ပြည်သူတွေကတော့ အစိုးရကိုတအား မုန်းနေတယ်၊ ခေတ်ဆိုးခေတ်ကြပ်ကြီးမှာ ကြားမညပ်စေနဲ့။ သတိထားကြအုံး” ဟူသော စကားမျိုးဖြင့် ဆုံးမသင့်ပါတယ်။ တာဝန်ရှိရှိ ပြောစေချင်ပါတယ် ဆရာ။

No comments:

Post a Comment