12 August 2010

Ingyin May - So long as there is tomorrow

မနက်ဖြန်ဆိုတာ ရှိနေသေးသရွေ့
အင်ကြင်းမေ
သြဂုတ် ၁၃၊ ၂၀၁၀

(၁)

ရာသီဥတုက တစိမ့်စိမ့်အေး လေကြမ်းကတိုက် မိုးသက်လေပြင်းတွေကကျ မိုးကအဆက်မပြတ်ရွာချနေတော့ မိုးရေစီးစရာ ချောင်းငယ်မြောင်းငယ်တွေတောင် လက်မခံချင်တော့တဲ့ အမူအရာနဲ့ ငိုနေကြတယ်၊ ဒါကတော့ ဒုက္ခသည်စခန်းထဲက အဖြစ်ဆိုးတွေပါ။

ဒီမြင်ကွင်းလေးကြောင့် လွန်ခဲ့တဲ့နှစ်နှစ်လောက်ကဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်း တိုက်ခံလိုက်ရတဲ့ မြန်မာပြည်သားတွေရဲ့ ဆိုးဝါးလှတဲ့ ဘဝတွေကို ပြန်မြင်ရောင်မိတယ်။ အဲဒီအဖြစ်ဆိုးကြီးဟာ ကျမအဖို့တော့ မနေ့တနေ့ကလိုပဲ သတိရအောက်မေ့နေမိတယ်။

ဝါဆို ဝါခေါင် ရေဖောင်ဖောင်ဆိုတာ တကယ်ပါပဲ။ ဘယ်အညှိုးနဲ့များ ဒီလောက်တောင် ရွာနေသလဲလို့ မိုးကိုတောင် အပြစ်တင်နေမိတယ်။

၂ ပါတ်ကျော်ကျော် တလလောက်ပြည့်တော့မယ် ရွာနေတာ ရပ်ကိုမရပ်တော့ဘူး စီးဆင်းတဲ့ရေတွေတောင် စီးစရာမရှိတော့လို့ ရေလျှံပြီး ဈေးလမ်းမတွေ ပေါ်လျှံတက် ဒီကတဆင့် အနိမ့်ပိုင်းအိမ်တွေဆို ရေမမြုပ်ရုံ တမယ်ပဲ ကျန်တော့တယ်။ ခဏတဖြုတ်တော့ ကုန်းမြင့်ပိုင်းဘက် ရွှေ့ပြောင်းနေကြရလို့ အဆင်ပြေကြပါတယ်။

အမုန်းဆုံးရာသီဖြစ်တာမို့ ကျမအဖို့ မိုးရွာလေ စိတ်ညစ်လေပဲ။ မိုးရွာတာကို ထိုင်ကြည့်ပြီး အပစ်တင်ရမလိုလို ထိုင်ငိုရမလိုလိုနဲ့ စိတ်ပျက်နေမိတယ်။ ဘယ်ကိုမှလည်း သွားလို့မကောင်း အိမ်ထဲမှာနေတော့လည်း အရမ်းအေးလို့ နေမထိထိုင်မသာဖြစ်လို့ နေတော့တယ်။

(၂)

ဘာအပူအပင်မှ မသိရှာသေးတဲ့ ကလေးငယ်များကတော့ ရေးကြီးတာကိုကြည့်ပြီး သူတို့အတွက် ပျော်စရာတွေအဖြစ် ဖန်တီးပေးနေတယ်လို့များ ထင်နေကြသလားပဲ။ ရေစီးသန်နေတဲ့ ချောင်းငယ်တွေထဲမှာ ပေါ်လိုက်မြုပ်လိုက် ယက်ကန် ယက်ကန် ပြန်တက်လိုက်နဲ့ ဆော့ကစားနေလိုက်ကြတာ ကျမကတော့ ရေကိုကြည့်ရတာတောင် မူးတယ်။

ကလေးငယ်များကတော့ ချောင်းရေဖွေးဖွေး ရေစီးကြမ်းကြမ်မှာ ရေကူးနေလိုက်ကြတာ အန္တရာယ်ဆိုတာ သူတို့လေးတွေအတွက် ကစားစရာလားလို့တောင်ထင်ပြီး ပျော်မြူးလို့ ဆော့ကစားနေကြတယ်။

နံနက်တိုင်း နံနက်တိုင်း အလုပ်သွားရင်းတွေ့ရတဲ့ ကရင်ကလေးတွေရော ဗမာကလေးတွေပါမကျန် ကျမ အမုန်းခံပြီး ဟဲ့ ... ဟဲ့ ရေထဲဆင်းမဆော့ကြနဲ့ ရေနစ်ပြီ သေကုန်တော့မှာပဲ လို့ နေ့စဉ်နေ့တိုင်း အော်ပြောလိုက်ရ တာ အမောတောင် ဆို့ချင်လာတယ်။ သူတို့ကတော့ မမှုလှပါဘူး။

လေရော မိုးရောကျနေတော့ တဲအိမ်လေးတွေမှာ ဟိုဘက်ယိုင် ဒီဘက်ယိုင်လို့ တိုင်ခြေတွေတောင် ကျွတ်ထွက်သွားမလား ဘုရားတနေရတယ်၊ ဒီအဖြစ်တွေကို မြင်ရတော့ ကိုယ်တိုင်မကြုံခဲ့ရ၊ မခံစားရပေမယ့် နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူတွေကို မြင်ယောင်ပြီး သနားညှာတာစိတ်ဖြစ်မိတာ ပြောမပြတတ်အောင်ပါပဲ။

(၃)

တချို့က မိဘမဲ့၊ တချို့က သားသမီးမဲ့၊ တချို့က တကောင်ကြွက်၊ တချို့က မျိုးလုံးကျွတ် စတဲ့ စတဲ့ ဒုက္ခတွေကို ရင်ဆိုင်ရင်း လူလောကအလယ်မှာ ကျန်ခဲ့တဲ့ ကလေးငယ်များကိုတော့ အသနားဆုံးပါပဲ။ မျက်စိသူငယ် နားသူငယ်နဲ့ အီသီယိုးပီးယား ဒုက္ခသည်တွေထက် အပုံကြီး ပိုဆိုးမလားပဲ။

သတင်းမှာကြည့်ရတာတောင် မျက်ရည်ကျမိတယ်။ နေစရာအိမ် မရှိ၊ စားစရာဆန် မရှိ၊ ထောက်ပံ့မည့်သူ ကင်းဝေးလို့၊ အဝတ်ရေစိုလေးတွေနဲ့ ခိုက်ခိုက်တုန်အောင် ချမ်းနေရှာကြတာ။

တချို့က အဝတ်ဝတ်စရာမရှိတော့လို့ ကိုယ့်နံဘေးက သေသူတွေရဲ့ အင်္ကျီအဝတ်တွေဆွဲချွတ်ပြီး ဝတ်ခဲ့ကြရတယ်တဲ့ လေ။

လာကျွေးမယ့်သူကိုမျှော်ရင်း စားရမယ့် သောက်ရမယ့် ဖြစ်ခဲ့ရတာ၊ လာကျွေးမယ့်သူမရှိလို့ ထွက်တောင်းစားတော့လည်း အဖမ်းခံ အရိုက်ခံပြီး တောင်းစားကြရတဲ့ ရေဘေးဒုက္ခသည်တွေရဲ့ အဖြစ်တွေက တွေးကြည့်ရုံနှင့်တောင် မောတယ်။

ဆန်ပြုတ်ကလေးသောက်ပြီး တအောင့်တနား ကျောတနေရာ ချစရာများ ရရင်ဆိုတဲ့အတွေးနဲ့ ဘယ်လောက်များ တောင့်တကြလေမလဲ၊ တနေကုန်လို့ နောက်တနေ့မနက် ချက်စားစရာ အိုးခွက်မရှိ ဆန်မရှိ ဆီမရှိ အိမ်မရှိ ဘာဆိုဘာမျှမရှိ ဘလာနတ္ထိဆိုတဲ့ ဘဝတွေကို ပိုင်ဆိုင်လိုက်ရတဲ့ ပြည်သူတွေ ရေတွက်လို့တောင်ရမယ် မထင်ပါဘူး။

(၄)

ဒီဒုက္ခသည်တွေ အခုလိုမိုးတွေ တအားရွာတဲ့ မိုးလလယ်မှာ ဘယ်မှာများ သွားလာနေထိုင် စားသောက်ကြရလေမလဲ။

ဘုန်းကြီးကျောင်းတွေမှာလည်း လက်မခံရ။

စာသင်ကျောင်းတွေလည်း ပြန်ဖွင့်ချိန်ရောက်ပြီဆိုတော့ သူတို့လေးတွေအတွက် နေစရာ၊ စားစရာမှ ရှိပါရဲ့လား မှန်းဆပြီး တွေးမိသူတောင် ရင်ထဲ အသက်ရှုမဝနိုင်အောင် ဖြစ်မိတယ်။

ကျမတို့ ဒုက္ခသည်စခန်းမှာတော့ မိုးဘယ်လောက်ပဲရွာရွာ၊ ရာသီဥတု ဘယ်လောက်ပဲအေးအေး အဝတ်ဝတ်စရာမရှိလို့ မခြောက်ခဲ့ရင်တောင် ကိုယ့်တဲအိမ်လေးတွေထဲ မီးမွှေးလို့ အနွေးဓာတ်ယူနိုင်သလို ဗိုက်ဆာရင်ချက်စားဖို့ ဆန် အဆင်သင့်၊ ဆီအဆင်သင့် ထမင်းတအိုး၊ ပဲတခွက်နဲ့ ငါးပိရည်ကျဲကျဲလေးတော့ စားနိုင်ကြသေးတယ်။

ဒုက္ခသည်ချင်းတူတူတောင် ခုလိုအချိန်မျိုးမှာ ကျမတို့တတွေရဲ့ဘဝက First Class ဒုက္ခသည်၊ Ready Made ဒုက္ခသည် လို့တောင် ပြောရမလိုပဲ။

(၅)

ကံငါးပါးလုံရင် ကပ်ကြီးသုံးပါးမှ ကျော်လွှားကင်းလွတ်နိုင်တယ်လို့ ကျမတို့ ငယ်ငယ်က အဖိုး၊ အဖွားတွေက အမြဲ ပြောပြောပြပါတယ်။ ကပ်ကြီးသုံးပါးမှ ကျော်လွှားကင်းလွတ်နိုင်ရပါစေလို့လည်း ဗုဒ္ဓဘာသာဝင်တိုင်း အကြိမ်ကြိမ် ဆုတောင်းခဲ့ကြဖူးမှာပါ။ အခုတော့ အဲဒီတောင်းခဲ့တဲ့ဆုတွေ ပျက်ခဲ့ရပြီထင်ပါရဲ့။

ဗုဒ္ဓဘာသာ ကိုးကွယ်သူ မြန်မာလူမျိုးတွေဟာ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ အထူးသဖြင့် ငါးပါးသီလကို ခါးဝတ်ပုဆိုးလို လုံခြုံအောင် ထိန်းသိမ်းတတ်ကြပါတယ်။ ဒါပေမယ့်လည်း ဒီဒုက္ခတွေကို ဒီပြည်သူ ပြည်သားတွေက ဘာကြောင့် ရင်ဆိုင်နေကြရတာလဲ။

ဘာတွေလွဲချော်ကုန်ကြပြီလဲ။

စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ ဘုရားသားတော် ရဟန်းသံဃာတော်တွေကို ရိုက်နှက်သတ်ဖြတ် စော်ကားတဲ့သူတွေကျတော့ ဒီကပ်ဘေးက လွတ်နေကြပြန်တယ်။ တခုခုတော့ မှားနေသလိုပဲ။

အပြစ်မဲ့ ပြည်သူတွေခမျာ ဒင်းတို့ရဲ့အပြစ်တွေကို ခါးစီးပြီး ကိုယ်စားစတေးခံရတာများလား။ ဘာကြောင့်များ ဒီလိုဖြစ်နေတာလဲလို့ ကိုယ့်ဘာသာကိုယ် မေးခွန်းထုတ်မိတယ်။

ပြည်သူတွေခင်မျာ မိအေး နှစ်ခါနာ ဖြစ်ခဲ့ရတာပါ။

ပြည်သူတွေဘဝက စနစ်ဆိုးကြောင့် အခက်အခဲတွေ ဒုက္ခတွေ ပင်လယ်ဝေရတဲ့အထဲ ကပ်ဆိုးနှင့်ပါထပ်ပြီး ဆုံကြရတဲ့ အဖြစ်ပါ။

(၆)

ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံရှိပေမယ့် ဘယ်မိဘမှ ကိုယ့်သားသမီးကို ဒုက္ခထဲ တွန်းမပို့ကြပါဘူး။ ဒုက္ခထဲမှာလည်း ချန်ထားမပစ်ရက်ကြပါဘူး။ ကလေးတွေ လွတ်ထွက်သွားလေမလား စိုးရိမ်စိတ်နဲ့ ကလေးတွေကို ကြိုးနဲ့ တွဲချီထားရင်း ကလေးနှင့်အတူ သေဆုံးသွားကြရတဲ့ မိသားစုတွေ။

ကလေးတွေ ကျန်ခဲ့မှာစိုးရိမ်ပြီး သူတို့အသက်ကို သေချင်သေပါစေဆိုတဲ့စိတ်နှင့် လေထဲ၊ မိုးထဲ၊ မုန်တိုင်းထဲကနေ ထွက်ကယ်ရင်း သေဆုံးခဲ့ကြရတာတွေ။

သေသူတွေက ဝတ်ကျွတ်သွားတယ်ဆိုပေမယ့် မသေဘဲကျန်ခဲ့တဲ့ မိဘတွေနဲ့ ကလေးငယ်တွေမှာက ပိုဆိုးတယ်ဆိုတဲ့ အတွေးမျိုးတွေတောင် ဝင်ကြရတဲ့အဖြစ်တွေ။ ဘယ်လောက်များ ရင်နာစရာကောင်းလိုက်ပါသလဲ။

ဒုက္ခသည်စခန်းထဲမှာ အများစုကြီးက ဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒါပေမယ့် မြန်မာပြည်က နာဂစ်မုန်တိုင်းထဲမှာ အလူးအလဲခံခဲ့ကြရတဲ့ ဒုက္ခသည်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် မပြောပလောက်ဘူးလို့ပဲ ပြောရမှာပါ။

အဲ့ဒီလောက် ဒုက္ခကိုတောင် တချို့တွေမှာ ခံနိုင်ရည်မရှိလို့ တချို့က ရူးသွပ်သွားကြ၊ တချို့က အစအန ပျောက်၊ တချို့က တတိယနိုင်ငံ မသွားရလည်းနေပါစေဆိုပြီး အလုပ်ရှိတဲ့နေရာတွေကို ပြောင်းရွှေ့သွားကြသူတွေလည်း အများကြီး ရှိခဲ့တယ်၊၊

ဒုက္ခသည်ရဲ့ဒုက္ခတွေလို့ ပြောရမယ့်အဖြစ်တွေပါ။

(၇)

ဘုရားရှင်ရဲ့တရားဒေသနာမှာ အနိစ္စ အမြဲမရှိ လို့ ဟောကြားထားပါတယ်။

ဘာကြောင့်များ မြန်မာပြည်သူတွေမှာကျတော့ ဒုက္ခတွေ အမြဲရှိနေရတာလဲ။

သူတို့ဘဝလေးတွေအတွက် မနက်ဖြန်တွေရှိနေသေးသရွေ့

အသက်ရှူသံတွေ မရပ်သေးသရွေ့

အသက်နဲ့ခန္ဓာတည်နေသေးသရွေ့ ဒုက္ခတွေနှင့်သာ အမြဲတွဲလျက်ရှိနေရတော့မှာလား။

အငတ်ဘေးဆိုက်တဲ့ဘဝက မလွတ်မြောက်နိုင်ဘဲ မလုံခြုံတဲ့ဘဝတွေက မလွတ်ကျွတ်ပဲ ဘယ်လောက်များ ကြာကြာ ဆက်ပြီးခံနေကြရဦးမှာလဲ။

အခုလည်းခံ၊ မနက်ဖန်လည်းခံ၊ မျိုးဆက်တွေ တဆက်ပြီးတဆက် ဆက်ဆက်ပြီးသာ ခံနေကြရဦးမှာလား။

နအဖ ဗိုလ်ချုပ်ကြီးများက ကျမတို့နိုင်ငံကို နာဂစ်ဒေသကို ဒီလိုပဲ ဆက်ပြီး ဒုက္ခတွေပေးနေဦးမှာပဲလား။

နအဖ ဗိုလ်ချုပ်ကြီးများက ပေးချင်တိုင်းပေးနေတဲ့ဒုက္ခတွေကို ကျမတို့ပြည်သူတွေကရော ခေါင်းငုံ့ပြီး ခံနေကြရမှာလား။

ကျမ လုံးဝ လက်မခံနိုင်ဘူး။ ကျမ အဖြေရှာမယ်။ ဒုက္ခတွေ အမြဲရှိနေရတဲ့ဘဝကို ကျမ လုံးဝ လက်မခံနိုင်ဘူး။ အဖြေ ရှိကို ရှိရမယ်။

ကျမကို ဝိုင်းဖြေပေးကြပါ။ ကျမ လွတ်မြောက်ချင်တယ်။ ကျမမှာ အခု အဖြေတချို့လည်း ရှိတယ်။ အားလုံးမှာလည်း အဖြေတချို့စီ ရှိကြပါလိမ့်မယ်။

အားလုံးနှင့်စုပြီး ပိုပြီးပြည့်စုံတဲ့အဖြေကို ကျမ ရှာဖွေချင်ပါတယ်။

အဖြေအမြန်တွေ့ပြီး ပြည်သူတွေ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ။ ။

၈-၈-၁ဝ

No comments:

Post a Comment