19 August 2010

Kawliya Tin Myaing Soe - Kitty

လက်သည်းခြစ်ရာ
ကောလိယ တင်မြိုင်စိုး
သြဂုတ် ၂၀၊၂၀၁၀


အခန်း(၁)

သစ်ရွက်တွေက လေထဲမှာ ဝဲပျံနေတယ်။ ငှက်တွေကလည်း ပေါ့ပါးနေလိုက်တာ ... သစ်ရွက်တွေလိုပဲ။ တေးတွေဆိုပြီး သော့ခတ်ခံရခြင်းမရှိတဲ့ ရှင်သန်မှုနဲ့ ဘဝရဲ့လွတ်လပ်မှုကို ပိုင်ပိုင်နိုင်နိုင်ကြီး အသုံးချနေလိုက် ကြတာ …။ ဒီအချိန်မှာပဲ ငှက်တွေရဲ့လွတ်လပ်မှုကို ခုန်အုပ်ဖို့ချောင်းနေတဲ့ ကျွန်တော်တို့တိုက်ရဲ့ အချစ်တော်လေး ဖိုးရှုပ်ကတော့ တကယ့် မုဆိုးဟန်နဲ့ ငှက်ကို ချောင်းနေတယ် … …။

“ဟေ့ကောင် ဖိုးရှုပ်၊ မင်း မစွံပါဘူးကွာ”

ကျွန်တော် သူ့ကို လှမ်းအော်လိုက်တော့ တချက်ပြန်ကြည့်ပြီး သူ့မျက်လုံးနဲ့ အာရုံက မူလနေရာဆီပဲ ပြန်နှစ် ထားလိုက်တယ်။ ဒီအချိန်မှာပဲ အခန်းထဲက အသံတသံက ဖိုးရှုပ်ရဲ့အာရုံတွေကို နေရာပြောင်းသွားစေတယ်။

“တောက် တောက် တောက် တောက် တောက် … …”

ပလပ်စတစ်ဘူးခွံကို ခေါက်လိုက်တဲ့အသံက ဖိုးရှုပ်အတွက် အစာတခုရတော့မယ်လို့ အချက်ပေးသံမှန်း ဖိုးရှုပ် ကောင်းကောင်းမှတ်မိနေတယ်။ ဖိုးရှုပ် မူလနေရာက ချက်ခြင်း ခုန်ပေါက်ပြီး အသံရှိရာအခန်းကို ပြေးလွှား ဝင်ရောက်သွားတယ်။

ဖိုးရှုပ် ကျွန်တော်တို့တိုက်ကို ရောက်လာပုံလေးက ထူးဆန်းတယ်။ ကျွန်တော်တို့နည်းတူနေရတဲ့ အခြား တိုက်တတိုက်မှာ ကြောင်မကြီးက သားသုံးကောင် လာမွေးတယ်။ ကြောင်ကလေးတွေ အစာစားနိုင်တဲ့ အချိန်၊ နို့လည်းဖြတ်လို့ရနိုင်တဲ့အချိန်မှာ အဲဒီတိုက်က အဘဦးရှိန်တင်က အကြီးဆုံး ကြောင်လေးတကောင်ကို ကျွန်တော်တို့တိုက်ကို ပို့ပေးတယ်။ အဖော်ငတ်နေတဲ့ ကျွန်တော်တို့အတွက် အဖော်အဖြစ် ဒီ ကြောင်လေးကို ပို့လိုက်တာပါ။ ကြောင်လေးစရောက်ခါစကတော့ နာမည် မရှိသေးဘူး။ ကြောင်ပေါက်စလေးက အင်မတန် ဆော့တယ်။ ကျွန်တော်တို့ စားစရာ ဟင်းရွက်တွေနဲ့ ချက်ဖို့ပြုတ်ဖို့ လုပ်နေရင်ဖြစ်စေ၊ အခြား အလုပ်တခုတခု လုပ်နေရင်ဖြစ်စေ၊ လူကြားသူကြားထဲမှာ သူက ခုန်ပေါက်ပြေးလွှား ဆော့ကစားတယ်။ ကျွန်တော်တို့ အလုပ်တွေ ကြားထဲဝင်ရှုပ်တော့ အားလုံးက သူ့ကို အခု နာမည်ပေးလိုက်ကြတယ်။ တခါတခါတော့ သူ့အမေကြီးက သူ့သားဆီကို လိုက်လိုက်လာတယ်။ နို့လာတိုက်တယ်။ ကျွန်တော်တို့ တိုက်က ကျွေးတဲ့သူ့သားအတွက် အစားတွေကို သူ့အမေ ကြောင်မကြီးပါ ညခင်းဆို လာစားတတ်တယ်။ ဒါပေမယ့် ခက်တာက ကြောင်ထီးကြီး တကောင်က ဝင်ဝင်လာပြီးတော့ ဖိုးရှုပ်ကို အကြမ်းဖက်တာက ဖိုးရှုပ်အတွက် အန္တရာယ်ဖြစ်စေတယ်။


အခန်း(၂)

ဖိုးရှုပ်ရဲ့အမြီးမှာ ပလပ်စတစ်စကို ချည်ပေးပြီး ဖိုးရှု့ပ်ကို စတယ်။ ဖိုးရှုပ်က အမြီးမှ ပလပ်စတစ်စကို ပြန်ဖြုတ်ရင်း ဆော့ကစားနေတယ်။ ချာလည်လည်နေတဲ့ ဖိုးရှုပ်ကိုကြည့်ပြီး ကျွန်တော်တို့ နှစ်ယောက်သား သဘောကျနေတယ်။ ကျွန်တော်တို့တိုက်မှာက အခန်းခြောက်ခန်းရှိပြီး တခန်းကို နှစ်ယောက်စီ နေကြရတယ်။ ညမိုးချုပ် ထောင်ပိတ်တာနဲ့ ကျွန်တော်တို့အားလုံး အခန်းထဲဝင် အပြင်ကသော့ခတ်၊ ပတ်ဝန်းကျင်တခုလုံးကို တံခါးကျဉ်းလေးထဲက ငေးမောနေရတဲ့ အချိန်ပေါ့။ အပျော်တွေ သော့ခတ်ခံထားရချိန်မှာ ဖိုးရှုပ်က ခြောက်သွေ့နေတဲ့ ကျွန်တော်တို့ စိတ်လွင်ပြင်ကို အပျော်မိုးရေစက်တို့ သွန်ချပေးတယ်။ တခန်းမဟုတ်တခန်းမှာ ဖိုးရှုပ် ရှိနေတတ်တယ်။ အခန်းတိုင်းမှာ ဖိုးရှုပ်စားဖို့အတွက် စားစရာခွက် တခုစီတော့ ထားပေးကြတယ်။ ဒီအချိန်မှာပဲ တိုက်ဝင်းတံခါးအပြင်ဘက်က ဖိုးရှုပ်ရဲ့အမေ ကြောင်မကြီးအော်သံက ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ဖိုးရှုပ်ကို ရပ်တန့်သွားစေတယ်။

“ဟိတ် ရေထွက်ပေါက်ကို ပိတ်ထားလား”

ကျွန်တော်က အခြားအခန်းတွေကို လှမ်းအော်ပြီး မေးလိုက်တယ်။ တခန်းကျော်မှာနေတဲ့ ဇော်ထင်က ….

“ဟုတ်တယ် ကျွန်တော် ကြောင်ထီးကြီး ဝင်လာမှာစိုးလို့ ပိတ်ထားတယ်”

ကြောင်မကြီးက တိုက်ဝင်းတံခါးပါပိတ်ထားတော့ ညဘက် သူ့သားဆီလာချင်ရင် ရေထွက်ပေါက် မလွယ်ပေါက်ကနေ အထဲကိုဝင်လာရတာပါ။ အခု မလွယ်ပေါက်ကို အုတ်ခဲကျိုးတွေနဲ့ ပိတ်ထားပြီဆိုတော့ အန္တရာယ်ပေးတဲ့ ကြောင်ထီးကြီးသာမက နို့ချိုတိုက်ကျွေးမယ့် ကြောင်မကြီးကိုပါ တားဆီးသလိုဖြစ်နေတယ်။ ဖိုးရှုပ်လည်း ကျယ်လောင်စွာ အော်မြည်နေတဲ့ ကြောင်မကြီးရှိရာ မလွယ်ပေါက်ကို အတင်းခုန်ပေါက်ပြီး ပြေးသွားတယ်။ အပြင်ဘက်က အော်မြည်နေတဲ့ ကြောင်မကြီးအသံနဲ့ အတွင်းဘက်အထဲက အော်နေတဲ့ ဖိုးရှုပ်ရဲ့အသံက ကျွန်တော်တို့ ရင်ထဲကို စူးရှစွာ တိုးဝင်နေတယ်။ အမေနဲ့ဝေးသူ၊ မိသားစုနဲ့ဝေးသူတွေရဲ့ ရင်ထဲကအနာကို ဖိုးရှုပ်တို့သားအမိက လာပြီး ထိုးဆွနေသလိုလို့ ကျွန်တော့်စိတ်ထဲ ထင်နေတယ်။ ခုတော့ ဖိုးရှုပ်အပေါ် မကျရောက်စေချင်တဲ့ အန္တရာယ်ကတော့ မကျရောက်ပါဘူး။ ဖိုးရှုပ်ကတော့ အန္တရာယ်ပေးမယ့် အကြောက်တရား မဝင်ရောက်ပေမယ့် အမေ့ရင်ခွင် မခိုဝင်ရတဲ့ သောကကို ဖန်တီးပေးလိုက်သလို ဖြစ်နေပါတယ်။

“ဟေ့ နောက်နေ့ကျရင် ရေပေါက်ကို မပိတ်ထားနဲ့တော့ကွာ ကြောင်ထီးကြီးဝင်လာရင် အားလုံး ဝိုင်းထုကြတာပေါ့”

ကျွန်တော်တို့ထဲက တယောက်က အခန်းထဲကနေ ဖိုးရှုပ်တို့သားအမိရဲ့ တဖက်နဲ့တဖက် အော်မြည် နေကြတဲ့အသံကို မခံစားနိုင်တဲ့စိတ်နဲ့ မလွယ်ပေါက်ကိုဖွင့်ထားဖို့ အဆိုတင်တယ်။ အားလုံးကလည်း သူ့အဆိုကို ငြိမ်သက်ပြီး သဘောတူကြောင်း ပြသကြတယ်။ ကျွန်တော်တို့က လူတိုင်းမိသားစုဆီက အပျော်တွေ ဆီးတားခြင်းကို မလိုလားသူတွေလေ။ လူတွေမပြောနဲ့ ကြောင်ကလေး ဖိုးရှုပ်တို့ သားအမိရဲ့ နံရံခြားခြင်းဒုက္ခကို မခံစားနိုင်ကြဘူး။

အခန်း(၃)

အခန်းတံခါးမှာ သံတိုင်ကိုမှီပြီး ကျွန်တော်တို့ တခန်းနဲ့တခန်း လှမ်းအော်နေကြတယ်။ ဒီအချိန် ဒီလိုညခင်းတွေမှာ တလှည့်စီ တခန်းစီ သီချင်းတွေ ဆိုချင်ဆိုကြမယ်။ သီချင်းမဆိုရင် တခန်းနဲ့တခန်း လှမ်းအော်ကြတယ်။ ဒီလိုနဲ့ အချိန်တွေကို ဖြုန်းကြတာလေ။ အခုလည်း အပြင်ဘက်မှာ သာနေတဲ့ လမင်းကြီးရဲ့အရောင်ကိုကြည့်ပြီး တခန်းနဲ့တခန်း စကားတွေ လှမ်းပြောနေကြတယ်။

“ဖိုးရှုပ် ဘာလုပ်နေလဲ”

အခန်းတခန်းက ဖိုးရှုပ်ကို လှမ်းမေးနေတယ်။

“ဖိုးရှုပ် ကျုပ်တို့အခန်းမှာ အိပ်နေတယ်ဗျ”

ကျွန်တော်က ဘေးအခန်းမှ မေးလာသူကို ပြန်ဖြေလိုက်တယ်။

“လရောင်ဆိုတာကို ဒီကောင် ဖိုးရှုပ် မခံစားတတ်ပါဘူးဗျာ၊ လရောင်အကြောင်း ကဗျာလေးဘာလေး ရွတ်ပါလား”

ကျွန်တော်တို့က မြင်နေရတဲ့လရောင်ကို ရင်ခုန်သံ နှိုးဆွသူအဖြစ်ရှာကြံရင်း စကားတွေပြောနေကြတယ်။ ဒါပေမယ့် လရောင်ကိုသာမြင်ရပြီး သာနေတဲ့ လမင်းကြီးကို အခန်းကျဉ်းလေးထဲက မြင်တွေ့ခွင့်မရတာ နှစ်ပေါင်းတောင် အတော်ကြာပြီ။ ဒီနံရံ လေးဖက်ကြားကိုမရောက်ခင်က ရင်းနှီးခဲ့ဘူးတဲ့ လမင်းကြီးရဲ့ သဏ္ဍာန်ကိုသာ စိတ်ကူးထဲပုံဖော်ရင်း ဒီလမင်းကြီးကကြဲချတဲ့ အလင်းရောင်တွေကို ရင်ခုန်နေကြတာပါ။ ကျွန်တော်တို့ စကားကောင်းနေတုန်းမှာပဲ …

“ကပ္ပလီတွေ ကပ္ပလီတွေ”

အခန်းတခန်းက အော်သံထွက်လာတယ်။

“ဘာတွေလဲဗျ”

ကျွန်တော်က လှမ်းမေးလိုက်တော့ …

“ဖိုးရှုပ် အမေဗျ၊ သူ့သားနှစ်ကောင်ပါ ခေါ်လာတယ်။ မဲမဲသဲသဲတွေဗျာ ဖိုးရှုပ်လိုမလှဘူး၊ အခုကျုပ်တို့ အခန်းကို တက်လာတယ်။ စားစရာခွက်ဆီ သူ့သားတွေကို ခေါ်သွားလေရဲ့”

ဖိုးရှုပ်ကို ကျွန်တော်က ပုတ်နှိုးလိုက်တယ်။ ဖိုးရှုပ် လန့်နိုးသွားတယ်။ ပြီးတော့ သူ့ညီအစ်ကိုတွေက ဖိုးရှုပ်ကို ဂန္ဓာရုံဖြင့် သတင်းပို့လိုက်ဟန်ရှိတယ်။ ဖိုးရှုပ် ချက်ချင်းအသံပေးပြီး သူ့ညီတွေရှိရာအခန်းကို ပြေးထွက် သွားတယ်။

“ဖိုးရှုပ် လာပြီဗျ”

ကျွန်တော်က လှမ်းအော်လိုက်တယ်။ တအောင့်အကြာမှာ ဧည့်သည်ကြောင်တွေ ရောက်နေတဲ့အခန်းမှ ဘိုးတော်က …

“ဖိုးရှုပ်က အစာဝလို့ထင်တယ်ဗျ ဝင်မစားဘူး ဘေးနာက ထိုင်နေတယ်၊ သူ့အမေကြီးလည်း ထိုင်နေတယ် ကပ္ပလီနှစ်ကောင်ကတော့ စားလိုက်တာဗျာ”

ကြောင်တွေအကြောင်းကို အခြားအခန်းတွေလည်းကြားအောင် လှမ်းအော်ပြောတယ်။ တခဏအကြာမှာ ကြောင်လေးကောင် အခန်းအပြင်ဘက်ကို ထွက်လာတယ်။ ကြောင်မကြီးက ရှေ့ကဦးဆောင်လို့ နောက်က သူ့သား သုံးကောင်။

ကြောင်မကြီးက အိပ်လိုက်တယ်။ ကြောင်ကလေးတွေက တိုးဝှေ့ပြီး ကြောင်မကြီးဆီက နို့ကို စို့နေကြတယ်။ ခဏအကြာမှာ သူတို့သုံးကောင်ဟာ တိုက်ရှေ့ ကွက်လပ်ပေါ်မှာ ပြေးလွှားခုန်ပေါက် ဆော့ကစားနေကြတယ်။

အစပထမက လရောင်ကိုကြည့်ပြီး ရင်ခုန်နေကြတဲ့ ကျွန်တော်တို့ အခုတော့ ဖိုးရှုပ်တို့ ညီအစ်ကိုတွေကိုကြည့်ပြီး အပျင်းဖြေရပြန်တယ်။ ဒီအချိန်မှာဘယ်သူက ဘယ်လို အတွေးပေါက်သွားတယ် မသိဘူး။ အော်ပြောလိုက်တဲ့ စကားသံက ကျွန်တော့ရင်ထဲ စူးနစ်ဝင်ရောက်သွားတယ်။

“ဟေ့လူတွေ ဖိုးရှုပ်က လရောင်အကြောင်း ဘာမှ မသိပါဘူးဆို၊ ခင်ဗျားတို့ကိုယ်ပေါ် လရောင်ကျတာခံရော ခံဖူးကြလို့လား လရောင်နဲ့ အသားမထိဘူးတာ ဘယ်လောက်ကြာပြီလဲ”

အခန်း(၄)

“အောင်မလေးဗျ”

ကျွန်တော်တယောက်တည်း လမ်းလျှောက်နေတုန်း ပန်းရုံကြားကချောင်းပြီး ကျွန်တော့်ခြေထောက်ကို ခုန်အုပ် ဆော့ကစားလိုက်တဲ့ ဖိုးရှုပ်ကြောင့် ကျွန်တော် အလန့်တကြား ဖြစ်သွားတယ်။ ကျွန်တော့်ဆီ ကြောက်လန့်ခြင်းတွေရောက်အောင်ပို့နိုင်လို့ သူ အားရဝမ်းသာ ခုန်ပေါက်ပြေးလွှားသွားတယ်။ ပြီး တဖန် ပြန်ချောင်းဟန်ပြုနေတယ်။ ဒီလိုပဲ ကျွန်တော်တို့ ခြောက်သွေ့နေတဲ့ နေ့ရက်များဟာ ဖိုးရှုပ်ကြောင့် ပြန်လည် စိုပြေလာသလိုရှိတယ်။ ဖိုးရှုပ်ကတော့ အခန်းတိုင်းကို တက်မယ်။ သူ့ကိုချကျွေးတဲ့ ငါးခြောက်ကြော်၊ ကြက်ကြော်တွေကို စားမယ်။ ပြီး ဆော့မယ်။ သူ့အဖော်က ကျွန်တော်တို့ပဲရှိသလို ကျွန်တော်တို့ရဲ့ အဖော်က လည်း သူပဲဖြစ်နေတယ်။

ညနေမိုးချုပ်ခါနီး ထောင်ပိတ်ချိန်နီးနေပြီ။ အားလုံး ခြေထောက်ဆေး၊ လိုအပ်တဲ့ ရေတွေ အခန်းထဲသယ်ပြီး အခန်းတံခါးပိတ်ဖို့ စောင့်နေတဲ့အချိန် တခြားတိုက်က သတင်းစကားတခုက ရောက်လာတယ်။ အဲဒါကတော့ ဖိုးရှုပ်တို့အမေနဲ့ ကြောင်လေးတကောင်ကို ဝန်ထမ်းက အပြင်ခေါ်သွားမယ်။ အဖော်ကွဲကျန်ရစ်ခဲ့မယ့် ကြောင်လေးတကောင်ကို ဒီတိုက်ကိုပို့ပြီး ဖိုးရှုပ်နဲ့ အဖော်ရအောင် လာထားပေးမယ် ဆိုတဲ့သတင်းပါပဲ။ ဖိုးရှုပ်အတွက်တော့ ကျွန်တော်တို့ စိတ်ကျေနပ်စရာပါ။ ဖိုးရှုပ် ဘဝတူအဖော်ရပြီပေါ့။ ထောင်ပိတ်ဖို့ ဝန်ထမ်းကလည်း စောင့်နေတယ်။ အဲဒီအချိန်မှာပဲ တခြားတိုက်က ကြောင်လေးတကောင်ကလည်း ကျွန်တော်တို့ဆီ ရောက်လာတယ်။ ခြေထောက်ရေဆေးရင်း …

“ထောင်ကလွတ်ဖို့ တရက်နီးပြီဟေ့”

လို့ တယောက်က နေ့စဉ် အော်နေကျစကားကို ဝတ္တရားမပျက် အော်လိုက်တော့ နောက်တယောက်ကလည်း ထုံးစံအတိုင်း ဝတ္တရားမပျက်

“သေဖို့လည်း တရက်နီးပြီ”

လို့ ထပ်အော်တယ်။ ဘာပဲဖြစ်နေဖြစ်နေ ဒီလိုအော်သံတွေက အမှန်ဖြစ်ပေမယ့် ဒီအမှန်ကိုပဲ ကျွန်တော်တို့က အပျော်အဖြစ် တနေ့တာကို အနားသတ်ရတယ်။ အဖော်ဝေးသူတို့ရဲ့ တနေ့တာမှာ အပျော်ရှာကြံခြင်းဆိုတာ ဟာ ကန္တာရထဲ ရေရှာရသလိုပဲ။

အခန်း(၅)

ဖိုးရှုပ်တို့နှစ်ကောင် ပျော်နေကြတယ်။ ယခင်ရက်တွေက လူတွေနဲ့ ဆော့ကစားရင်း အချိန်တွေကို အသုံးပြုနေတဲ့ ဖိုးရှုပ်ခမျာ အခုတော့ လူတွေနဲ့ ဆော့ရမယ့်အချိန်ထက် သူ့ညီနဲ့ ဆော့ရမယ့်အချိန်က ပိုများသွားတယ်။ မောရင် နှစ်ကောင်သား နီးရာအခန်းတက် စားသောက်ကြတယ်။ အပြင်ရောက်သွားတဲ့ ဖိုးရှုပ်ညီ ကြောင်လေးရဲ့ သတင်းကိုလည်း ခေါ်သွားတဲ့ဝန်ထမ်းလာတိုင်း မေးရတာအမောပဲ။

“ကပ္ပလီတို့သားအမိ အပြင်မှာ ပျော်နေကြဆိုပဲဗျ”

ကျွန်တော်တို့ဆီ ရောက်လာတဲ့ သူတို့မိသားစုသတင်းက ကျွန်တော်တို့ကြားထဲမှာ ပြောစရာစကားတခု တိုးလာတယ်။ ကျွန်တော်တို့ နှစ်ယောက်သား အခန်းထဲမှာ နှစ်ရှည်လများနေလာကြတော့ ဘဝတလျှောက် သူဖြတ်သန်းခဲ့တာ နားထောင်၊ ကိုယ်ဖြတ်သန်းခဲ့တာ ပြောပြနဲ့ ကြာတော့ ပြောစရာစကားတွေ ကုန်လာတယ်။ အဖြစ်အပျက်လေး အသစ်တခုဟာ ကျွန်တော်တို့အတွက် အားရပါးရ ဆွေးနွေးစရာတွေ ဖြစ်ဖြစ်လာတယ်။ အခုတော့ အပြင်ရောက်သွားတဲ့ ကြောင်မကြီးနဲ့ ကြောင်ကလေးအကြောင်းက စကားအသစ်ဖြစ်လာတယ်။

ကြွက်တကောင်ကိုဖမ်းမိပြီး ဆော့ကစားနေတယ်ဆိုတဲ့ အပြင်ရောက်သွားတဲ့ကြောင်ကလေးရဲ့ အောင်မြင်မှုကတော့ ကျွန်တော်တို့နားတွေကို မြိန်စေတယ်။ သူတို့သားအမိကို လိုက်ကိုက်တဲ့ ခွေးတကောင်ကို သားအမိနှစ်ယောက် ပြန်လှန်တိုက်ခိုက်လို့ အော်မြည်နေတဲ့ခွေးရဲ့အသံက ကျွန်တော်တို့ ဆီကထွက်ခွာသွားတဲ့ ကြောင်သားအမိအတွက် ဂုဏ်ပြုရမယ့်သတင်းစကားတွေ ဖြစ်နေတယ်။ သစ်ပင်ပေါ်ကနေ အိမ်ခေါင်မိုးပေါ် ကူးချည်သန်းချည်လုပ်နေတဲ့ ဖိုးရှုပ်ရဲ့ညီ ကြောင်လေးရဲ့အဖြစ်ကို ဖိုးရှုပ်မြင်စေချင်တယ်။ ဖိုးရှုပ်သာဆို သူတို့ထက်ပိုတတ် သူတို့ထက်ပိုသွက်တော့ ဒီထက်မက အောင်မြင်မှုရမှာမလွဲပဲ။ နိုင်ငံရေးသတင်းအသစ်တခု ဝင်မလာမခြင်း ဖိုးရှုပ်တို့အကြောင်းက စကားဝိုင်းမှာ နေရာယူထားဦးမှာ ကျိန်းသေလို့ ဆိုရမယ်။


အခန်း(၆)

အဝေးဆီက ဖြတ်မောင်းသွားတဲ့ ကားတစီးရဲ့အသံက နံရံတွေကိုကျော်ပြီး ကျွန်တော်တို့ဆီ ရောက်လာတယ်။ ခပ်ဝေးဝေးက ဆူညံစွာ ဟောင်နေကြတဲ့ခွေးတွေရဲ့အသံကလည်း ကားသံရဲ့ နောက်ကနေ ထပ်ချပ်မကွာ လိုက်လာတယ်။ အခန်းတံခါးပိတ်လို့ မအိပ်ကြသေးခင် ညစဉ်ထုံးစံအတိုင်း တခန်းနဲ့တခန်း လှမ်းအော်ပြီး စကားတွေ ပြောနေကြတယ်။ ခုရက်အတွင်းကတော့ တတိုက်လုံးအတွက် ပြောစရာစကားဟာ ဖိုးရှုပ်တို့ မိသားစုအကြောင်း ဖြစ်နေတယ်။

“ဖိုးရှုပ် ဘာလုပ်နေလဲဗျ”

ဘေးအခန်းကနေ လှမ်းအော်မေးသံကို …

“အိပ်နေတယ်ဗျ”

“အေးဗျာ ကားသံတွေ၊ ခွေးဟောင်သံတွေကလည်း ဖိုးရှုပ်ကို အိပ်ယာကနိုးအောင် မလုပ်နိုင်ဘူးနော်”

သူရဲ့ပြောစကားက ကျွန်တော့်ကို အတွေးတခုကို ရုတ်တရက် ဖြစ်ပေါ်စေတယ်။ ဒါနဲ့ ကျွန်တော်က ပြန်ပြီး ...

“ဒီနံရံလေးဖက်ကြားကိုသာ သူက ဘဝလို့ထင်နေတာဗျ၊ ဒီထက်သာတဲ့ လောကကြီးတခုရှိသေးတာကို သူမသိတော့ ကားသံကလည်း ရင်ခုန်စရာ မဟုတ်ဘူးပေါ့ဗျာ။ ခွေးဆိုတာ သူ့ကို အန္တရာယ်ပေးတတ်တဲ့ သတ္တဝါလို့တောင် သိမှာမဟုတ်ဘူး ဘာမှမသိတော့ ဘာမှ ရင်မခုန်ဘူးပေါ့ဗျာ”

အခြားအခန်းမှ လူတယောက်ကလည်း …

“ကျုပ်တို့တောက လယ်သမားတွေ တီဗီမသိ၊ တီဗီမရှိ လျှပ်စစ်မရှိနဲ့ နေခဲ့ရတာကြာတော့ လိုအပ်တဲ့ ပစ္စည်းလို့တောင်တွေးပြီး သူတို့ ရင်မခုန်ကြဘူးဗျ။ အင်တာနက်လို့ပြောရင် မဲမဲကြီးလားလို့မေးမှာ အီးမေးလ် လို့ပြောရင် ရွံစရာတွေ လာပြောနေတယ်လို့တောင် ပြောချင်ပြောမှာ မသိတော့ရင်မခုန်ဘူး ဆိုလို့ပါ”

“အပြင်လူတွေရဲ့ နားတွေ မျက်စိတွေကိုပိတ်ထားတာကလည်း သူတို့ကို ထောင်ချထားတာနဲ့ အတူတူပဲပေါ့ဗျာ”

ဒီလိုစကားကောင်းနေတုန်းမှာပဲ အပြင်ဘက်မှ ဝန်ထမ်းရဲ့ အော်သံက ရုတ်တရက် ဝင်ရောက်လာတယ်။

“ဗျို့ … အဘ ကြောင်မကြီး ဘာအစားမှားလည်း မသိဘူးဗျာ၊ နေ့လည်က ရှောသွားပြီ”

အခန်း(၇)

ကျွန်တော်တို့အားလုံး နောက်နေ့မှာ ဖိုးရှုပ်တို့အတွက် စကားတွေ ပြောဖြစ်ကြတယ်။ ဖိုးရှုပ်အမေကြီး အပြင်ဘက်မှာ သေသွားခြင်းက အထဲကဖိုးရှုပ်တို့ရော ကျွန်တော်တို့ကိုပါ လာရောက်ရိုက်ခတ်နေပြီ။ ခုတော့ ဖိုးရှုပ်အမေ ကြောင်မကြီးနဲ့ပါသွားတဲ့ ကြောင်ကလေးရဲ့ အဖော်မဲ့နေမှုကို ဘယ်လိုဖြေရှင်းမယ်ဆိုတာ ဝိုင်းစဉ်းစားကြတယ်။ ဖိုးရှုပ်ကတော့ ဒီမှာအသားကျနေတယ်။ သူ့အတွက်ကတော့ တကောင်တည်းနေလည်း နေတတ်နေပြီ။ အပြင်ရောက်သွားတဲ့ကြောင်ကလေးကတော့ နေရာအသစ်မှာ ဘယ်လိုသောကတွေနဲ့ နေထိုင်နေပြီလဲဆိုတဲ့ စိုးရိမ်စိတ်က ကျွန်တော်တို့အားလုံး တူညီနေကြတယ်။ နောက်ဆုံးတော့ ဖိုးရှုပ်နဲ့ လာထားတဲ့ ကြောင်ကလေးကို အပြင်က သူ့ညီအစ်ကို ကြောင်ကလေးအဖော်ရဖို့ အပြင်ကိုပို့တာ အကောင်းဆုံးပဲဆိုတဲ့အဖြေကို အားလုံး သဘောတူကြတယ်။ နောက်တီးနောက်တောက် ပြောတတ်တဲ့ ကျောင်းဆရာက …

“ငါတို့က လူတွေရဲ့သောကကိုပါမက ကြောင်တွေရဲ့သောကကိုပါ စဉ်းစားတဲ့သူတွေပါ”

ဆိုတဲ့စကားသံက ရင်ထဲ ဝင်ရောက်လာတယ်။ သူက ရယ်စရာအဖြစ်ပြောပေမယ့် ကျွန်တော်ကတော့ မရယ်နိုင်ဘူး။ ငါတို့နှလုံးသားတွေက သနားတတ်တာ သူများသောကကိုကြည့်တာ အစွန်းများရောက်နေပြီ လားလို့ ဒီအတွေးကို တွေးနေမိတယ်။

အခန်း(၈)

အစပထမကတော့ ဖိုးရှုပ်ဘာမှ မသိသေးဘူး။ အချိန်လေးနည်းနည်းရလာတော့ သူ့ရဲ့လိုအပ်ချက်ကို သူ သိလာတယ်။ သူအိပ်နေစဉ် သူ့ညီကြောင်ကလေးကို ဖမ်းခေါ်သွားတာမို့ ကြောင်ကလေး သူ့မျက်စိအောက် ကပျောက်သွားတာ အမှုမဲ့ အမှတ်မဲ့ပဲ။ အခုတော့ ဖိုးရှုပ်ရိပ်မိလာပြီ။ တခန်းဝင်တခန်းထွက် အော်မြည်သံနဲ့ တစုံတခုကို ရှာဖွေနေတယ်။ သူ့အတွက် ပြင်ဆင်ပေးထားတဲ့ အသားနိုင်းချင်းနဲ့ အစာခွက်ဟာလည်း သူ့ကို မဆွဲဆောင်နိုင်ဘူး။

“ညောင် ညောင် …”

ဖိုးရှုပ်ရဲ့အသံမှာ တုန်ခါမှုတွေပါနေတယ်လို့ ခံစားရတယ်။ သူ တညောင်ညောင်အော်ပေမယ့် ကျွန်တော်တို့ နားထဲမှာ ‘ညီလေးရေ … ညီလေးရေ’ လို့ အော်ခေါ်နေသံပဲ ကြားနေတယ်။ ဖိုးရှုပ်အစာလည်း မစားဘူး။ အခုတော့ ရှာရတာမောလို့ ကျွန်တော့်ဘေးမှာ လာအိပ်နေတယ်။ ငါးကြော်လေးတတုံးကိုယူပြီး ဖိုးရှုပ်နှာခေါင်းနား သွားတေ့တယ်။ ယခင်ကဆို ဘူးဖွင့်သံကြားတာနဲ့ ကဆုန်ပေါက်ပြေးလာတတ်တဲ့ ဖိုးရှုပ်ဟာ အခုတော့ သူ့ရဲ့ပြုမူတတ်တဲ့အမူအကျင့်တွေကို ဘာကြောင့် ရုတ်သိမ်းလိုက်ရတာလဲ။ ဖိုးရှုပ်ရဲ့သောက က ကျွန်တော်တို့အားလုံးရဲ့သောက ဖြစ်လာတယ်။ သူ့ရဲ့မတုံ့ပြန်မှုက …

“ကျနော် တောင့်တနေတာ ငါးကြော် မဟုတ်ပါဘူးဗျာ” လို့ ပြောနေသလိုပဲ။

“ကျုပ်တို့ တခုခု ဖိုးရှုပ်အတွက် လုပ်ပေးကြရအောင်”

အားလုံးက ငြိမ်သက်ပြီး ဘာမျှပြန်မပြောကြဘူး။ သူတို့မှာ ပြောစရာမရှိလို့ မဟုတ်ဘူး။ ပြောစရာစကားက ပြည့်ကျပ်နေလို့ အပြင်ကို အသံအဖြစ် ထွက်မလာတာ ကျွန်တော် သိတယ်။

အခန်း(၉)

အားလုံးသဘောတူညီချက်နဲ့ ဖိုးရှုပ်ကို အပြင်က သူ့ညီကြောင်ကလေးဆီပို့ဖို့ ဆုံးဖြတ်လိုက်တယ်။ မကြာခင်လာတော့မယ့်ဝန်ထမ်းကို ကျွန်တော်တို့ တတိုက်လုံး စောင့်နေကြတယ်။ အားလုံးက ဖိုးရှုပ်အတွက် စိတ်မကောင်းကြဘူး။ ဖိုးရှုပ်ကတော့ ဘာမှမသိရှာဘူး။ ခွေခွေလေး အိပ်နေတယ်။ ဝန်ထမ်းလာတော့ ဖိုးရှုပ်ကို အသာအယာပွေ့ချီပြီး ဆာလာအိတ်ထဲ ထည့်လိုက်တယ်။ အကြောက်တရားရော သောကပါ ရောမွှေခြင်းခံထားရတဲ့ ဖိုးရှုပ်ဟာ ငယ်သံပါအောင် အော်မြည်နေတယ်။ လက်သည်းတွေနဲ့ ဆာလာအိတ်ကို အတင်းကုတ်ခြစ်နေတယ်။ ကျွန်တော်တို့ တိုက်ကလူတွေစုရုံးလာပြီး ဖိုးရှုပ်ကို ဝိုင်းနှုတ်ဆက်ဖို့ ပြင်ကြတယ်။

“သားရေ … ဖိုးရှုပ် အပြင်လောက အကျယ်ကြီးကို မင်းရောက်တော့မှာပါကွာ”

ဒီစကားပြောပြီး တယောက်က စနှုတ်ဆက်တယ်။ ဖိုးရှုပ်လည်း အပြင်ဘက်ကအသံကြောင့် အော်သံ ခဏရပ်လိုက်တယ်။ နောက်တယောက်က …

“ဖိုးရှုပ်ရေ … သား”

ချက်ခြင်းပဲ ဖိုးရှုပ်ဆီက တုံ့ပြန်သံထွက်လာတယ်။

“ညောင် ညောင် ညောင် ညောင်…”

ရင်ခေါင်းသံကြီးနဲ့ အော်မြည်လိုက်တဲ့ ဖိုးရှုပ်ရဲ့အသံက …

“ကျွန်တော့်ကို ကယ်ပါဗျာလို့”

လူတိုင်းရဲ့ရင်ထဲမှာ ဘာသာပြန်ပြီး ဖြစ်စေတယ်။ ကျွန်တော်တို့အားလုံးကို အားကိုးတကြီး အော်ဟစ် အကူအညီတောင်းနေတယ်လို့ လူတိုင်းက သဘောပေါက်တယ်။ ဒါပေမယ့် ဘယ်သူမှ စိတ်မကောင်းကြဘူး။ ဆာလာအိတ်ကိုကုတ်ခြစ်နေတဲ့ ဖိုးရှုပ်ရဲ့လက်သည်းတွေက ကျွန်တော်တို့ အသည်းကိုပါ လာရောက် ကုတ်ခြစ်နေတယ်။ သူကုတ်ခြစ်လိုက်တဲ့ လက်သည်းရာကတော့ အချိန်ကာလဘယ်လောက်ကြာတဲ့အထိ ကျွန်တော်တို့ ရင်ထဲမှာ အနာမကျက်ဘဲ ရှိနေမယ်မသိဘူး။

(ထောင်တွင်း တကယ့်အဖြစ်အပျက်ကို ခံစားရေးဖွဲ့ပါသည်)

သရုပ်ဖော် - အောင်ထက်

No comments:

Post a Comment