30 July 2010

Than Shwe visit to India

သန်းရွှေရဲ့ မာယာခရီးကြမ်း
ဗုဒ္ဓေါဝါဒ ဆရာတော်
ဇူလိုင် ၃၁၊ ၂၀၁၀

ဗုဒ္ဓဂါယာဆိုတာ ဗုဒ္ဓဘာသာဝင်တွေအားလုံး ကြည်ညိုလေးစားကြတဲ့ နေရာဖြစ်ပါတယ်။ သံဝေဂရဖွယ်ရာ ဖြစ်သလို၊ သံဝေဇနိယလေးဋ္ဌာနကို သွားရောက်ပြီး ဖူးမျှော်ကန်တော့သူတိုင်း လက်ရှိဘဝနှင့် နောင်တမလွန် ဘဝတွေမှာ ကောင်းတဲ့အကျိုးတွေရရှိနိုင်တာကို ဗုဒ္ဓရှင်တော်ကိုယ်တိုင် ဟောကြားခဲ့လို့ အလွန်မှန်ကန်တဲ့ သစ္စာတရားတခုပါပဲ။

ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာ မဇ္ဈိမဒေသဆိုတာ အလွန်သန့်ရှင်းတယ်။ မွန်မြတ်တယ်။ သစ္စာလေးပါး တရားတော်ကိုသိတော်မူခဲ့တဲ့ ဗောဓိပင်နှင့် ရွှေပလ္လင်တော်မြတ်ရှိရာ နေရာတခုလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် ဂါယာက မဟာဗောဓိ စေတီတော်သည် “မှန်” အကြည်တချပ်လိုပါပဲ။ ကိုယ်မျက်နှာမှာ အိုးမဲတွေရှိနေရင် အမည်းရောင်တွေ မြင်ရမယ်။ ကောင်းတဲ့ သနပ်ခါးနှင့်တူတဲ့ ကုသိုလ်ရှိသူဆိုရင်လည်း အဖြူရောင်တွေ တွေ့ရမှာပါ။

ဒုက္ခရောက်မှ ဘုရားကို သတိရ၊ ချမ်းသာပျောက်မှ တရားတော်ကို တမ်းတ၊ လူသေပြီး အသုဘချခါနီးမှ ရဟန်း သံဃာကိုဆည်းကပ်တဲ့ လူ့လောက သဘာဝကို မြင်နိုင်ပါတယ်။ ဒီကနေ့ တောက်လောင်နေတဲ့ မြန်မာနိုင်ငံရဲ့ လူနေမှုဘဝအစ သာသနာ့အန္တရာယ်များအလယ် အုပ်ချုပ်တဲ့ စစ်အစိုးရနှင့် နိုင်ငံအပေါ် သစ္စာတရားပျက်နေတဲ့ နိုင်ငံရေးသမားအမည်ခံ အတ္တသမားများရဲ့ အကြံအဉာဏ်တွေကို ဂါယာက မှန်တချပ်ရှေ့မှာ ထောင်ပြလိုက်ရင် ပြည်သူလူထုက အမှန်တကယ် သာဓုခေါ်ဆိုနိုင်လား၊ ဂါယာဆိုတာ သစ္စာနယ်မြေ၊ အမှန်တရားကိုမြတ်နိုးပြီး လောကတ္ထစရိယ လောကလူသားတွေအကျိုးအတွက် ဆောင်ရွက်ပေးသွားခဲ့သော သဗ္ဗညု ဗုဒ္ဓရှင်တော်ဘုရား ၏ ရောင်ခြည်တော် ကွန့်မြူးရာဖြစ်ပါတယ်။

မာယာဆိုတာ လှည့်ပတ်တာ၊ လိမ်လည်တာ၊ မရိုးမသား ကွေ့ကောက်ပြီး ကောက်ကျစ်စဉ်းလဲ မာယာများတဲ့ သူတွေနဲ့ ဗုဒ္ဓဂါယာ မဟာဗောဓိတော်နှင့် လုံးဝမအပ်စပ် ဖြောင့်ဖြောင့် ဆန့်ကျင်တာပါ။ ရဟန်းသံဃာနှင့် ပြည်သူလူထုများစွာကို သတ်ဖြတ်ခဲ့သော အကုသိုလ် မိုက်ကြွေးတွေဟာ ဘယ်ဘုရားကမှ မကယ်နိုင်ပါဘူး။ “သဒိသံပါကံ ဇနေတိ’’ မကောင်းတာလုပ်ရင် မကောင်းကျိုး ခံရမယ်လို့ ဗုဒ္ဓက ဟောခဲ့ပြီးဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် စစ်ဝါဒီအုပ်စု လူပေါင်း ၇၀ ကျော် ဂါယာမှာလာပြီး ဘုရားရှေ့မှာ မာယာများနေမယ်ဆိုရင် ဘုရားက မချွတ်ထိုက်တဲ့ လူမိုက်တွေမို့ တိတ်ဆိတ်စွာ နေမှာပါ။ ဒါပေမယ့် သူတို့ပြစ်မှားခဲ့တဲ့ အကုသိုလ်တွေက သူတို့နောက်ကို အရိပ်ကဲ့သို့ ထပ်ချပ်မကွာလိုက်နေမှာပါ။

စည်းနှင့်ဝါး ညီညွတ်စွာ ‘ကပြ’ လျှင် အကကောင်းလို့ သတ်မှတ်နိုင်သလို ဗုဒ္ဓဘာသာဆိုတာ ကိုယ်နဲ့ လုပ်ဆောင်တဲ့ ကာယကံမှု၊ နုတ်တဲ့ပြောတဲ့ ဝစီကံမှု၊ ကြံစည်တွေးတောမှု မနောကံမှု၊ ဒီကံသုံးပါးကို ကုသိုလ် သဘောဖြစ်အောင် ဘဝကို ထူထောင်သွားမယ်ဆိုရင် ဗုဒ္ဓဘာသာ အစစ်ဖြစ်တယ်။ ဗုဒ္ဓလည်း ပရိနိဗ္ဗာန်စံခဲ့ပြီ၊ ဓမ္မသဘင်လည်း ကွယ်ပျောက်မသွားရအောင်လို့ ရှင်မဟာကဿပ အစရှိတဲ့ ရဟန္တာမထေရ်ကြီးများအစ လက်ရှိသံဃာတော်များက ပိဋိတော်တွေကို ပခုံးထမ်း အဆက်ဆက် သာသနာပြုလာခဲ့မှာ လက်တွေ့အမြင်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကနေ တောင်ဥက္ကလာပ၊ ငွေကြာရံပရိယတ္တိစာသင်တိုက်က ဘုရားဆင်းတုတော်များ ရိုက်ချိုး၊ ကျောင်းတိုက်တွေဖျက်၊ သံဃာတော်တွေကို ဖနှောက်နဲ့ကန်၊ တုတ်တွေနှင့်ရိုက်၊ သေနတ်တွေနှင့် ပစ်သတ်ခဲ့လို့ သံဃာတွေ အများအပြား ပျံတော်မူခဲ့ရတဲ့ နေ့ရက်တွေဟာ ဗုဒ္ဓဂါယာ မှန်တချပ်ရှေ့မှာ ပေါ်လွင်နေမှာဖြစ်ပါတယ်။ ဘုရားကို ကြည်ညို၊ သံဃာကို ကိုးကွယ်၊ ဗုဒ္ဓတရားတော်အတိုင်း လိုက်နာ ကျင့်သုံးမယ်ဆိုရင် ဗုဒ္ဓဂါယာသွားစရာမလို အမှန်တကယ် ရိုးရိုးသားနဲ့ မြန်မာပြည်က သံဃာတွေကို ဝန်ချ တောင်းပန်မှသာ အပြစ်က သက်သာမှာပါ။ ဘုန်းတော်ကြီးတွေကို အများကြီးသတ်ခဲ့ပြီးမှ ဘုရားမှာ ဝန်ချ တောင်းပန်တာဟာ AIDS ရှိတဲ့သူကို ဘာမီတွန် အကိုက်အခဲပျောက်ဆေးတိုက်၍ ဆေးကုသလို ဖြစ်နေပါတယ်။ သတ်တာတယောက် တောင်းပန်တာက တယောက်လုပ်လို့ မရပါဘူး။

သစ္စာတရား၏တန်ခိုး တနည်းအားဖြင့် သစ္စာလေးပါးကို သိတော်မူခဲ့တဲ့ မဟာဗောဓိပလ္လင်မှာ သစ္စာတရားမရှိတဲ့ စစ်ဝါဒီများက သံဃာတွေနှင့် တိုင်းပြည်သူပြည်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ အကုသိုလ်တွေကို ဝန်ချ မတောင်းပန်ရင် ဂါယာမှာ မာယာများပြီး ဆက်လက်ဟန်ဆောင်တာက ပိုပြီးဆိုးပါတယ်။ ဆိတ်ပေါင်ကြားက ပစ္စည်းလို ဟိုဘက်ကပ် ဒီဘက်ကပ်နဲ့ အကုသိုလ်အထုပ်ကို ခေါင်းပေါင်းထားတဲ့ ပန်ချာပီ ခေါင်းပေါင်းကုလား ဝန်ကြီးချုပ်နဲ့ တမူးနယ်စပ်က တိုင်းရင်းသားတွေကို သဘောတူသတ်ဖြတ်ဖို့ လက်မှတ်ထိုးပြီးမှ ဗုဒ္ဓဂါယာမှာ တရားထိုင်ပြနေတာ အလွန်ရှက်စရာကောင်းပါတယ်။

နိဗ္ဗာန်ကို ပန်းတိုင်အဖြစ်ထားရင် ပန်းတိုင်၏ အလိုသို့သာလိုက်ရမယ်။ အတ္တ၊ မာနတွေရဲ့ အလိုဆန္ဒကို မလိုက်ရဘူး။ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးဟာ မြန်မာနိုင်ငံရဲ့ပန်းတိုင်လို့ ဦးတည်ခဲ့ရင် ဒီမိုကရေစီရဲ့ အနှစ်သာရ နောက်သာလိုက်ရမယ်။ စစ်ဝါဒနှင့် စစ်အုပ်ချုပ်ရေးစနစ်ကို ကျောခိုင်းရမယ်။ နိဗ္ဗာန်လို့ ပါးစပ်ကအော်ပြီး လုပ်တာက အကုသိုလ်ချည်းဆိုရင် အော်လို့မောတာပဲရှိမယ်။ ဒီမိုကရေစီလို့ပြောပြီး အခြေခံ ဒီမိုကရေစီ အခွင့်အရေးတွေ ဖန်တီးတည်ဆောက်ပေးမူမရှိလျှင် ဂါယာက ဘုရားကတော့ သန်းရွှေဟာ မာယာသမားပါ လားလို့ ဘုရားမပြောနဲ့ ကမ္ဘာတခုလုံးကတောင် သိနေပါပြီ။ တိုင်းပြည်ပေါ် သစ္စာမရှိတဲ့သူတွေ တကယ် ဖြူစင်တဲ့ သစ္စာနယ်မြေရောက်တာဟာ သူတို့အကုသိုလ် ရေချိန်အမှတ် ဒီဂရီကို တကယ်သိသွားပြီး ငါ့ဘဝတော့ ကြီးရင့်လေ ကွဲပြဲထွက်တဲ့ ဒူးရင်းသီးလိုပါလားဆိုပြီး သံဝေဇနိယဋ္ဌာနမှာ တကယ်သံဝေဂ ရသွားရင်လည်း ကောင်းပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် ဗိုလ်ချုပ်တွေအားလုံး တကယ် သံဝေဂရစေချင်ပါတယ်။ သူတို့တတွေက ပွဲစဉ်တိုင်းအနိုင်ရချင်တဲ့ ပုထုဇဉ်လူမိုက်တွေမို့ ဆက်ပြီးမမိုက်ကြဘဲ သစ္စာတရားနှင့် ကံကြမ္မာကိုလှည့်စားလို့ မရပါဘူး။ တနေရာတည်း မွေးခဲ့ကြ၊ နေရာအတူမှာ ကြီးခဲ့ရ၊ တရေတည်းသောက်ပြီး အတူတူနေထိုင်လာခဲ့ သည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပြီ။ အေးစေချင်သည်။ တိုင်းပြည်မှာ လောင်ကျွမ်းနေတဲ့ အပူရှိန်တွေရဲ့ဒဏ်ကို တိုင်းသူပြည်သားအားလုံး ခံနေရသည်။ ဗုဒ္ဓေါဝါဒ ဆရာတော်က စစ်သားကို မုန်းလို့မဟုတ်။ စစ်သားလုပ်တဲ့ အလုပ်က ပြည်သူတွေ မပြုံးနိုင်လို့သာ ဆုံးမသြဝါဒပေးရသည်။ ပြည်သူက မမုန်း၊ သံဃာတော်တွေက စစ်သား အပေါ်ကို မေတ္တာမပျက်အောင်လည်း တရားဓမ္မတွေ အကြိမ်ကြိမ်ဟောခဲ့ပြီ။ ကိုယ့်ရဲ့ တိုင်းပြည်သူပြည်သား အားလုံးကို တကယ်ချစ်ဖို့ လိုပါတယ်။

ဘုရား၊ ရဟန္တာမှအပ ပုထုဇဉ်လူသားတွေဟာ အိုမှာ၊ နာမှာ၊ သေမည့်ဘေးကို ဆိုက်ရောက်လာပြီဆိုရင် ထိတ်လန့်ကြောက်ရွံ့နေတတ်တာ သဘာဝပါ။ အိုနာ၊ သေရေး၊ ဒုက္ခဘေးကလည်း ဘယ်သူမှ မလွတ်ပါဘူး။ ကိုယ့်ဘဝ၊ ကိုယ့်စည်းစိမ်ကိုတန်ဖိုးထားရင် တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကိုလဲ အလေးထားနိုင်တဲ့ မုဒိတာ တရားကိုမွေးရမယ်။ ရဟန်းသံဃာတွေကို ဘယ်လောက်ပဲ သတ်ဖြတ်ခဲ့စေဦး၊ ဘုရားသားတော် ရဟန်းတော်တွေက ဗုဒ္ဓသားတော်မို့ မေတ္တာတရားဆိုတာ လူရွေးလို့မရသလို ကိုယ်ရဲ့တိုင်းသူပြည်သားအားလုံး အပေါ်မှာ မေတ္တာဓာတ်တွေ အပြည့်ရှိပြီးသားပါ။

ဂါယာနှင့် မာယာ တလမ်းဆီပဲ။ မာယာများတဲ့ နှလုံးသားအမည်းနဲ့ ဂါယာဘုရားမှာ သံဝေဂ မပွားခင်၊ မုဒိတာပွားတဲ့အနေနဲ့ဒေါ်အောင်ဆန်းစုကြည်ကို ရွှေတိဂုံဘုရားမှာ ဖူးခွင့်ပေးသွားနိုင်ရမယ်။ ဂါယာဆိုတဲ့ မြင့်မြတ်တဲ့နေရာမှာ သွားရောက်ဖူးမျှော်ခဲ့ရင် မာယာတွေ ဆေးကြောပြီး တဒုန်းဒုန်း တဒိုင်းဒိုင်း နှိမ့်စက်ခံနေရတဲ့ ထောင်အတွင်းက အပြစ်မဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံးကို တကယ်မေတ္တာစိတ်နှင့် လွတ်ပေးသင့်ပါတယ်။ လွတ်ပေးပါလို့လည်း ဗုဒ္ဓေါဝါဒ ဆရာတော်က မေတ္တာရပ်ခံပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ဗုဒ္ဓဂါယာအပြန် မြန်မာနိုင်ငံကိုရောက်တဲ့အချိန်မှာ တိုင်းသူပြည်သားတွေ အပေါ်မှာ မေတ္တာတရားကြီးစွာနှင့်ဆက်ဆံပြီး ထောင်ထဲမှာ ဝါဆိုနေရသည့် သံဃာတော်များအားလုံးလည်း ကိုယ်ကျောင်း၊ ကိုယ့်ကန်၊ ကိုယ်ဆရာသမား မိဘများနှင့်အတူ ပျော်ရွင်စွာ နေထိုင်နိုင်အောင်၊ အားလုံးသော နိုင်ငံရေးကြောင့် အကျဉ်းကျနေသည့် ကိုယ့်တိုင်းပြည်က ကိုယ့်ရဲ့သားသမီးများလို မေတ္တာဓာတ် ကြီးမားစွာထား၍ “ဗုဒ္ဓဂါယာ လွတ်ငြိမ်းချမ်းသာခွင့်”အနေနဲ့လွှတ်ပေးပြီး ကုသိုလ်ယူပါလို့ တိုက်တွန်းလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့ ဗုဒ္ဓဂါယာတခေါက်ဟာ တိုင်းသူပြည်သားတွေအတွက် အလွန်ဝမ်းမြောက်စရာဖြစ်နိုင်တဲ့ လုပ်ဆောင်ချက်မျိုး ဖြစ်လာစေရန် ဗုဒ္ဓေါဝါဒဆရာတော်က မျှော်လင့်ပါတယ်။ ဒကာကြီး ဦးသန်းရွှေလည်း အသက်ရွယ် ကြီးလာပြီ၊ ဒကာမကြီး ဒေါ်ကြိုင်ကြိုင်လည်း စိတ်ရှိတိုင်းမပါနိုင်တော့တဲ့ နိယာမတရားသဘောကို သံဝေဂတရားများရ၍ အုပ်ချုပ်တဲ့သူများက တိုင်းသူပြည်သားတွေအပေါ်မှာ မေတ္တာရေပက်ဖြန်းလို့ တိုင်းသူ ပြည်သားတွေကလည်း အုပ်ချုပ်တဲ့သူတွေကို မုဒိတာပွားကာ အပြန်အလှန် မေတ္တာတရားတွေနှင့် အတူတကွ ပေါင်းသင်းနေထိုင်နိုင်ရေး ငြိမ်းချမ်းရေး အထိမ်းမှတ်အဖြစ် ဒကာကြီးက “ဗုဒ္ဓဂါယာ လွတ်ငြိမ်းချမ်းသာခွင့်” မေတ္တာရေစင်ကို စတင်တည်ဆောက်၍ အမှောင်ထဲက ထောင်အကျဉ်းသားတွေအားလုံးကို ပျော်ရွှင်ခွင့်ပေးကာ တိုင်းပြည် ငြိမ်းချမ်းတဲ့လမ်းကို ရောက်စေနိုင်ပါတယ်။

မာယာမများဘဲ ဂါယာသွားခဲ့တာလား။ ဘဝတမလွန် သာယာဖို့အတွက် ဗုဒ္ဓဘာသာဆိုတာ လက်တွေ့လုပ်ပြရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗောဓိပင်နှင့် ရွှေပလ္လင်မှာ အမှန်တကယ် တရားကိုမြင်ခဲ့ရင်ဖြင့် တိုင်းသူပြည်သားတွေအားလုံး ဝမ်းသာစရာဖြစ်သလို၊ ဗိုလ်ချုပ်မှူးကြီးနှင့်အတူပါသွားတဲ့ အခြားသော ဗိုလ်ချုပ်တွေကလည်း တရားနှင့်တွေ့ပြီး နှလုံးသားတွေဖြူစင်၍ တိုင်းပြည်ကောင်းဖို့အတွက် ကောင်းတဲ့ အကြံအဉာဏ်ကောင်းများကို သာပေးရမယ်။ မကောင်းတဲ့ အကုသိုလ်ဖြစ်မည့် မကောင်းတဲ့အကြံဆိုးတွေကို ရှောင်ရှားနိုင်ရမယ်။ ကာယကံ၊ ဝစီကံ၊ မနောကံ ဒီကံသုံးပါးကို ထိမ်းသိမ်းပြီး တိုင်းပြည်ရဲ့ကောင်းကျိုးကိုသာ ရှေးရှုဖို့ရာ ဂါယာဘုရားမှာ သစ္စာအဓိဋ္ဌာန်ပြုခဲ့မယ်လို့ မျှော်လင့်ပါတယ်။

တိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေကိုအုပ်ချုပ်တဲ့ ဒကာကြီးများက မေတ္တာရေ စတင် ပက်ဖြန်းနိုင်ပါစေ … …၊၊

မေတ္တာဖြင့်

ဗုဒ္ဓေါဝါဒဆရာတော် (အမေရိက)

Tel: 270 - 904 - 1142

Email: shwebofive@gmail.com

ဇူလိုင်လ ၂၇ ရက်၊ ၂၀၁၀ ခုနှစ်

No comments:

Post a Comment