04 October 2010

talk with Sein Thee



စိန်သီး ပြောပြတဲ့ သီးလေးသီးအကြောင်း
အင်တာဗျူး
အောက်တိုဘာ ၅၊ ၂၀၁၀

သီးလေးသီး နှင့် ဆေးရောင်စုံ အငြိမ့်အဖွဲ့သည် အောင်မြင် ထင်ရှားမှု သက်တမ်း ၃ နှစ် ပြည့်တော့မည့် ဖြစ်သည်။ ယခု အခါ ၀ိုင်းတော်သားများ အားလုံး ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြသည်။ ၎င်းတို့ထဲမှ လူရွှင်တော် စိန်သီးကို မိုးမခက ဆက်သွယ် မေးမြန်းထားပါသည်။

ငယ်ငယ်တုန်းက ဘာဖြစ်ချင်သလဲ။ လူရွင်တော် ဖြစ်လာမယ်လို့ ထင်ခဲ့သလား။
ငယ်ငယ်တုန်းကတော့ မင်းသား ဖြစ်ချင်လို့ ပန်တျာကျောင်းကို တက်တယ်။ ပန်တျာကျောင်း ၃ နှစ်၊ ပြီးတော့ အပြင်ဇာတ်မှာ (၂)နှစ် ကတယ်။ ပြီးတော့ ယဉ်ကျေးမှုရုံးမှာ တာဝန် ထမ်းတယ်။

ကျွန်တော်တို့ ပန်တျာကျောင်းမှာ … အက သင်တန်း၊ အဆို သင်တန်း၊ မြန်မာ့တူရိယာ အတီး အမျိုးမျိုး သင်တန်းရယ်လို့ပဲ ရှိပါတယ်၊ လူရွင်တော်သင်တန်းရယ်လို့ မရှိပါဘူး၊ ဒါကြောင့် လူရွင်တော် ပညာကို (ပြင်ပမှာ) လေ့လာ သင်ယူတယ်။

ဒါဆို ကိုစိန်သီးက ဘယ်လို လူရွင်တော် ဖြစ်လာတာလဲ။
ကိုယ်ပြောလိုက်တဲ့ စကား တခွန်း၊ ပြက်လိုက်တဲ့ ပြက်လုံး တလုံးဟာ ပရိသတ် ရယ်ရတယ်။ ပျော်ရွင်မှုတွေ ပေးနိုင်ခဲ့တယ်၊ ကိုယ့်ကို အားပေးတဲ့ ပြည်သူတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့၊ လူရွင်တော်ဘ၀ထဲကို ခြေစုံပစ်ပြီး ၀င်ခဲ့တာပါ။

လူရွင်တော်တယောက် ဖြစ်ဖို့ ဘာတွေ လိုအပ်မလဲ။
လေ့လာမှု ရှိရမယ်၊ စာ များများ ဖတ်ရမယ်။ ကိုယ့်ပြက်လုံး တလုံးကို ပြီးပြီးရော ဆိုပြီး၊ ပြီးစလွယ် မပြက်ရဘူး။ ကိုယ်ပြက်လိုက်တဲ့ ပြက်လုံးရဲ့နောက်မှာ ကိုယ်အမူအယာ၊ မျက်နှာအမူယာတွေ ပါရတယ်၊ လေသဒ္ဓေ မှန်ရမယ်၊ လူရွင်တော် အချင်းချင်း အပေးအယူ ရှိရမယ်၊ တကိုယ်ကောင်းဆန်မှု မရှိရဘူး၊ သူများ ပြက်လုံးကို မဟန့်တားရဘူး၊ မပိတ်ပင်ရဘူး၊ လူရွင်တော် အချင်းချင်း သစ္စာရှိရမယ်၊ ဘယ်လို ပြက်လုံးမျိုးကိုပဲ ပျက်ပျက် ထိရောက်မှု ရှိရမယ်၊ အဓိက ကတော့ ညီညွတ်မှု ရှိရမယ်၊ ညီညွတ်မှု မရှိရင် အောင်မြင်မှု မရနိုင်ပါဘူး၊ လူရွင်တော်ကောင်း တယောက် ဖြစ်ချင်ရင်တော့ ညီညွတ်မှု ရှိရပါမယ်။

လူရွှင်တော် ဖြစ်ရတာ ကံဆိုးသလား ကံကောင်းသလား။
တခုကို လိုချင်ရင် တခုကို ပေးဆပ်ရမှာပဲ။ အမေနဲ့ ဝေးခဲ့တယ်၊ မိသားစုကို ကျောခိုင်းခဲ့ရတယ်၊ ကျွန်တော့် အနေနဲ့ကတော့ ကျွန်တော် ပြက်လိုက်တဲ့ ပြက်လုံး တလုံးကို ပြည်သူတွေ ပျော်ရွှင် ရယ်မောတဲ့ အတွက် ကျေနပ်တယ်။ လူရွှင်တော် ဖြစ်ရတာ ကံကောင်းပါတယ်။

မိုးမခ ပရိသတ်အတွက် ရယ်စရာ တခုလောက် ပြောပြပါဦး။
ကြားဖူးပြီးသားလည်း ဖြစ်ရင် ဖြစ်မယ် ….. လူတယောက်ဟာ ငါးတကောင် ဖမ်းမိတယ် တဲ့။ ဖမ်းမိတော့ ၀မ်းသာ အားရနဲ့ အိမ်က မိန်းမဆီ ပြေးတာပေါ့ … အိမ်ရောက်တော့ မိန်းမရေ ဒီငါးကို ကြော်ကွာ လို့ ပြောလိုက်တယ်။ မိန်းမက ရှင် တော်တော် နောက်တဲ့လူပဲ၊ ကြော်စရာ ဆီမရှိဘူး၊ အိမ်မှာ ဆီမရှိတာ ကြာပြီ လို့ပြန်ပြောတယ်။ ယောက်ကျားက ဆီမရှိရင်လည်း ကင်လိုက်ကွာ တဲ့။ ကင်ရအောင်လည်း မီးသွေးလည်း မရှိဘူး၊ ထင်းလည်း မရှိဘူး၊ ရှင်သိအောင် ထပ်ပြောလိုက်မယ်၊ ဒီလောက် ကျပ်တည်းနေတဲ့ ခေတ်ဆိုးကြီးထဲမှာ ဒီနေ့ရတာ ဒီနေ့စားလို့မ၀တဲ့ဟာကို မီးဖိုချောင် အတွက်၊ ဆား၊ ကြက်သွန်၊ ငရုပ်သီး ဘာမှ မ၀ယ်နိုင်ဘူးတော်ရေ တဲ့။ ဒီတော့ ယောက်ကျား လုပ်သူက ဘာမှ လုပ်စားလို့ မရမယ့် အတူတူ ဆိုပြီး ငါးကို ရေထဲ ပြန်လွှတ်ပေးလိုက်တယ်။ ငါးက တော်တော်လေး ၀မ်းသာသွားတယ်၊ ငါးက ရေထဲရောက်တော့ ဘာ အော်ပြောလိုက်လဲ ဆိုတော့ မြန်မာပြည်မှာ အာဏာရှင်စနစ် တည်တံ့ပါစေ၊ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေ တဲ့” ဒါပါပဲဗျာ။

ကိုစိန်သီးက အငြိမ့် မကတာကြာပြီနော်။ ခုတလော သီးညီနောင် ဆိုပြီး ကတဲ့ အငြိမ့်တွေမှာလည်း မတွေ့ရဘူး။ သီးလေးသီးနဲ့ သီးညီနောင် နဲ့က ဘာကွာသလဲ အတူတူပဲလား၊ သိပ်မတူဘူးလား။
ကျွန်တော်ဟာ ဇာတ်ခုံပေါ်ကနေ စိန်သီးဆိုတဲ့ လူရွှင်တော်တယောက် ဖြစ်လာတာပါ၊ အငြိမ့် ကချင်တာပေါ့။ အဲဒီတုန်းက ကျွန်တော်က လူ့အခွင့်ရေးနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတိုလေးတွေ ရိုက်နေလို့ လက်စ မပျက်သေးတဲ့အတွက် မကဖြစ်တာပါ။

သီးလေးသီး နဲ့ သီးညီနောင် ဘာကွာသလဲ ဆိုတော့ မြပုဏ္ဏမာ အငြိမ့်ကိုရော သီးလေးသီး အငြိမ့်ကိုပါ ဆရာကိုဇာဂနာ က ပြည်သူ အကျိုး ပြုရအောင် ရည်ရွယ်ချက်ပေါင်းများစွာနဲ့ ဖွဲ့စည်းပေးခဲ့တာပါ။

သီးလေးသီး ဆေးရောင်စုံဟာ မြပုဏ္ဏမာရဲ့ မျိုးဆက်သစ် ဖြစ်ပေမယ့် မြပုဏ္ဏမာ က မြပုဏ္ဏမာပါ။ သီးလေးသီးက သီးလေးသီးပါ။ သီးလေးသီး ဆေးရောင်စုံ အငြိမ့်ကို … ကိုဇာဂနာ က တရားဝင် ဖွဲ့စည်း ပေးခဲ့တာပါ၊ ဒေါင်းက ဒေါင်း ….. ကျီး က ကျီး ပါပဲ။ ကျန်တာတော့ ကျွန်တော် မသိဘူး။

သီးလေးသီး ၀က်ဆိုက်မှာ လူရွှင်တော်တွေက ဇာဂနာကို လေးစားကြောင်း ပြောထားကြတယ်။
ဇာဂနာ အကြောင်း ပြောပြပါဦး။
ကိုဇာဂနာဟာ မိုးမခ ပရိသတ်နဲ့ အများပြည်သူတွေ သိတဲ့ အတိုင်းပဲ မိသားစု အရေးကို ရှေ့တန်း မတင်ဘဲ၊ ပြည်သူ့အရေးကို အလေးထားတဲ့ ပြည်သူချစ်တဲ့ လူတော် လူကောင်း တယောက် ဆိုတာ မမှားနိုင်ပါဘူး။

ပြည်သူတွေ ငြိမ်းချမ်း အေးမြတဲ့ စစ်မှန်တဲ့ “ ဒီမိုကရေစီ ” ရရှိရေး အတွက် ပြည်သူ့ကိုယ်စား ဆန့်ကျင်တဲ့ အတွက် ဝေးလံ ခေါင်ဖျားတဲ့ အရပ်မှာ ထောင်နန်းစံနေရတယ်၊ မိခင် သေတယ်၊ ဘခင် သေတယ်၊ အကြီးမားဆုံး အရာတွေချည်းပဲ သူပေးဆပ်ခဲ့ရတာ။ သူ့လို စိတ်ဓာတ်မျိုး၊ လက်ရှိ အုပ်ချုပ်နေတဲ့ စစ်အစိုးရ ဆီမှာ ရှိရင် သိပ်ကောင်းမှာဘဲ၊ ရှေ့မှာလည်း ကိုဇာဂနာရဲ့ အကြောင်းကို ပြောလာခဲ့ပြီးပါပြီ၊ ကိုဇာဂနာ ရဲ့အကြောင်းကို ပြောမယ် ဆိုရင် တထောင့်တည ပုံပြင်ကတောင် တိုတယ်လို့ ထင်ရမယ်၊ ကိုဇာဂနာဟာ ပြည်သူ ချစ်တဲ့သူ၊ ပြည်သူ လေးစားတဲ့သူ၊ ပြည်သူ့အတွက် ပေးဆပ်နေတဲ့သူပါ၊ အကိုကြီးရေ ……….. အကိုကြီးပြောသလို သီးတသီးလည်း မဖြစ်စေရဘူး၊ သီးနှစ်သီးလည်း မဖြစ်စေရဘူး၊ သီးသုံးသီးလည်း မဖြစ်စေရဘူး။ ဘယ်သူ အညွှန့် ခူးတာကိုမှ မခံနဲ့လို့ ပြောသလိုပဲ အကိုကြီး ချမှတ်ပေးတဲ့ လမ်းစဉ် အတိုင်း သီးလေးသီး ဆေးရောင်စုံပဲ ကျွန်တော့် ရင်ထဲမှာ ရှိပါတယ်။ အကိုကြီး ပေးဆပ်မှုတွေနဲ့အတူ နေကောင်းပါစေ… အကျဉ်းစံဘ၀ကနေ အမြန်ဆုံး လွတ်မြောက်ပါစေ။

အနာဂတ်မှာ စိန်သီးက ဘာလဲ။
လူတိုင်းလူတိုင်းဟာ အမှားဆိုတာ ရှိကြပါတယ်။ ကျွန်တော့်ရဲ့ အနာဂတ် လမ်းကို အမှားနည်းအောင် လျှောက်လှမ်းသွားမှာပါ၊ ကျွန်တော့်ရဲ့ မျိုးဆက်သစ်တွေကိုလည်း အမှန် အမှား မြင်နိုင်အောင်ပြမှာပါ၊

ကျွန်တော်တို့ရဲ့ ဆရာ ကိုဇာဂနာ ဟာ သူ့အနာဂတ်မှာ ပြည်သူချစ်အောင် နေခဲ့တယ်၊ ပြည်သူတွေ ပျော်ရွှင်အောင် နေနိုင်ဖို့အရေးအတွက် သူ့ဘ၀ကို ပေးဆပ်ခဲ့တယ်၊ ကျွန်တော်တို့ကိုလည်း သူ့လိုမျိုး ပြည်သူချစ်တဲ့ လူရွှင်တော်တွေဖြစ်အောင် မြေတောင်မြှောက်ပေးခဲ့တယ်၊ ‘သီးလေးသီး ဆေးရောင်စုံ’ ရယ်လို့အသိမှတ်ပြု ခံရအောင် ပြည်သူ့ရင်ထဲကို အပ်နှံခဲ့တယ်။

ဆရာသမား တည်ထောင်ခဲ့တဲ့ ‘သီးလေးသီး ဆေးရောင်စုံ’ ဟာ တခုပဲ ရှိတယ်၊ နှစ်ခု မရှိဘူး၊ ရှိခဲ့ရင်လည်း အဲဒီတခုဟာ ဆရာသမား ကိုဇာဂနာမရှိတဲ့ အချိန်မှာ ဆရာကိုဇာဂနာ ရဲ့ သြ၀ါဒ မပါတဲ့ အတွက် အဲဒီတခုဟာ အတုအယောင်ပဲ ဖြစ်တယ်၊ ဘာကြောင့်လဲ ဆိုတော့ ဆရာကိုဇာဂနာ ပြောလည်း ပြောဖူးတယ်၊ စာနဲ့လည်း ရေးပို့ခဲ့တယ် - “ငါ သီးတသီးလည်း မဖြစ်ချင်ဘူး၊ သီးနှစ်သီးလည်း မဖြစ်ချင်ဘူး၊ သီးသုံးသီးလည်း မဖြစ်ချင်ဘူး၊ ငါဖြစ်ချင်တာ သီးလေးသီး ဆေးရောင်စုံ၊ ဒါကြောင့် ဘယ်သူ အညွန့်ခူးတာကိုမှ မခံကြနဲ့” လို့ ပြောခဲ့တဲ့အတွက် တခုပဲ ရှိရမယ်၊ နှစ်ခု မရှိရဘူး။

ဆရာသမား အပြင်မှာ ရှိတုန်းက ပြောခဲ့တဲ့ စကားကို၊ အခု ဆရာသမား အပြင်မှာ မရှိတဲ့အတွက် ပိုပြီးတော့ အလေးအနက် ထားရမယ်၊ ခေါင်းဆောင်ကောင်း တယောက် ဖြစ်ချင်ရင် တပည့်ကောင်း ဖြစ်အောင် အရင် ကြိုးစားပါ၊ ဥပမာ ကျွန်တော် တယောက်တည်းပဲ ရှိနေပါစေ ဆရာသမား ပေးခဲ့တဲ့ သီးလေးသီး ဆေးရောင်စုံ ဆိုတဲ့ နာမည်ကို ကျွန်တော့် အနာဂတ် အတွက် သယ်ဆောင်သွားမှာပါ………. ကျွန်တော် တယောက်တည်းပဲ ဖြစ်နေပါစေ၊ တက် မရှိရင် ရွက်နဲ့ လှော်မယ်၊ ရွက် မရှိရင် လက်နဲ့ လှော်မယ်။ အဲဒါ အနာဂတ် အတွက် သစ္စာတရားပဲ။ ဆရာသမားကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပြည်သူ ချစ်တဲ့ လူရွှင်တော်ကောင်း တယောက် ဖြစ်အောင် ကျွန်တော် ကြိုးစားသွားမှာပါ။

မင်းသမီး ချောစုမျိုးအကြောင်း ပြက်လုံး ထုတ်ပြပါဦး … အဲ သူ့အကြောင်း မိုးမခ ပရိသတ်နဲ့ နည်းနည်း မိတ်ဆက်ပေးပါဦး။

ချောစုမျိုးအကြောင်းကို ပြက်လုံး ထုတ်မယ် ဆိုရင်၊ ပြီခဲ့တဲ့ “စနေနေ့” က အဖြစ်ပျက်လေးကို မိုးမခ ပရိသတ်ကြီးကို ပြောပြရင် ရယ်ရမယ်လို့ ထင်ပါတယ် ဘာလဲဆိုတော့ ချောစုမျိုးမှာ ပြောလေ့ပြောထ တခု ရှိတယ်၊ ဘယ်သူနဲ့ပဲ တွေ့တွေ့ “စားပြီးသွားပြီလား အကို၊ စားပြီးသွားပြီလား အမ၊ မစားရသေးရင် အိမ်မှာ စားသွားလေ” အမြဲတန်း ပြောလေ့ပြောထ ရှိတယ် ….. တနေ့မှာတော့ “ ကာလံ၊ ဒေသံ” မကြည့်ဘဲ ပြောလိုက်တဲ့ စကား တခွန်းကြောင့် “ ပြသာနာ” တတ်ပါလေရော ။ ဖိုးဇော် ဆိုတဲ့လူက ဗိုက်နာလို့ အိမ်သာကို အပြေးအလွှားတတ်၊ ကိစ္စ ပြီးသွားတော့ ရေဆေးဖို့ ရေမရှိဘူး၊ ဒီတော့ သူ့အိတ်ထဲ ပါလာတဲ့ လက်ကိုင်ပ၀ါနဲ့ အသုံးပြုလိုက်ရတာပေါ့။ ရေကလည်း မရှိ၊ ချစ်သူက အမှတ်တရ ပေးထားတဲ့ လက်ကိုင်ပ၀ါ မဖြစ်မနေ အသုံးပြုလိုက်ရလို့ ဒေါသ ထွက်နေတဲ့လူကို … အိမ်သာက ထွက်လာတော့၊ ချောစုမျိုး မေးလိုက် တာက “ကိုဖိုးဇော် စားပြီးသွားပြီလား” တဲ့ … ဟိုက စိတ်မဆိုးဘဲ နေမလား ကျွန်တော်သာဆိုရင် နရင်းတောင် အုပ်ခဲ့ဦးမယ်။ အဲဒါပဲ ချောစုမျိုးတို့ လုပ်လိုက်ရင် ဒါက ရယ်စရာလေးပါ။ အဲ … ချောစုမျိုး အကြောင်း ကျွန်တော်သိသလောက် ပြောရရင် … ချောစုမျိုးဟာ (၁၉၉၁ + ၁၉၉၂) ခုမှာ… ရန်ကုန် ပန်တျာ ကျောင်းမှာ ၃ နှစ် … အဆို၊ အက၊ ကဗျာ သင်ယူတယ်။ ပြီးတော့ ရန်ကုန် ယဉ်ကျေးမှု ရုံးမှာ တာဝန် ထမ်းတယ်။ နိုင်ငံ တော်တော်များများ ကိုလည်း စေလွှတ်ခံရတယ် အရှေ့တောင်အာရှ နိုင်ငံများမှာ ရေပန်း အစားဆုံး ဖြစ်တဲ့ ရာမ ဇာတ်တော်ကြီးမှာလည်း မယ်သီတာ မင်းသမီး အဖြစ် မျိုးဆက်သစ် လူငယ်အနေနဲ့ ရွေးခံရတယ်၊ အဲဒီတုန်းက ရာမ အဖြစ် ကျွန်တော် စိန်သီး၊ လက္ခဏ အဖြစ် ပန်းသီး၊ ဒဿဂီရိ အဖြစ်တော့ ကြယ်သီးပေါ့။
ချောစုမျိုး
ရာမ ဇာတ်တော်ကြီးကို ဆရာ့ဆရာများဆီက မြန်မာမှု မြန်မာ့ဟန်များအဖြစ် ပြောင်းလဲပြီး သင်ပါတယ်။ နိုင်ငံတကာ ရိုးရာယဉ်ကျေးမှု ပြိုင်ပွဲ၊ နှစ်နိုင်ငံ ချစ်ကြည်ရေးပွဲတွေမှာ မြန်မာ့ဂုဏ်ဆောင် အောင်ပွဲ အလီလီ ရခဲ့ပါတယ်။

နောက်ပိုင်း ကိုဇာဂနာ ရဲ့ လမ်းညွှန်မှု၊ ဦးဆောင်မှုတွေနဲ့….. လူရွှင်တော်၊ ကိုအရိုင်း၊ ကိုကင်းကောင်၊ ကိုညောင်ညောင်၊ ကိုငှက်ပျောကြော်၊ ကိုဖိုးဖြူ၊ ကိုဂေါ်ဇီလာ တို့နဲ့ အတူ မြပုဏ္ဏမာ … အငြိမ့်မှာ ပါဝင် ကပြခဲ့တယ်။

အင်း … အဓိက ပြောဖို့တခုက ဘာလဲဆိုတော့ ကျွန်တော်တို့ဆရာ ကိုဇာဂနာက မိဘ ပြည်သူများ အသိ အမှတ် ပြုအောင် “သီးလေးသီး” ရယ်လို့ မွေးထုတ်ပေးခဲ့သလို၊ ချောစုမျိုး ကလည်း ကျွန်တော်တို့ လေးယောက်ကို ကိုဇာဂနာဆီ အရောက် ပို့ပေးခဲ့သူလည်း ဖြစ်တယ်၊ ဒီနေ့ “သီးလေးသီး” ဖြစ်လာတာဟာ၊ ဆရာ ကိုဇာဂနာရဲ့ မြေတောင်မြှောက်ပေးမှု၊ လမ်းညွှန်မှု၊ သင်ဆရာ မြင်ဆရာ၊ ကြားဆရာများရဲ့ ဂုဏ်ကျေးဇူးကြောင့် ဖြစ်လာသလို … ချောစုမျိုးရဲ့ ကျေးဇူးလည်း ပါပါတယ်။

ဒီနောက်မှာတော့ ကိုဇာဂနာ ရဲ့ လမ်းညွှန်မှုနဲ့ (မျှော်စင်ကျွန်းမှာ ကပြပြီး) မြန်မာ ပြည်သူ အများ “စစ်မှန်တဲ့ ဒီမိုကရေစီ” ရရှိရေး အတွက် နိုင်ငံ အသီးသီးကို စေလွှတ်ပြီး၊ တစစီ ပြန့်ကြဲနေတဲ့ ရွှေမြန်မာတွေကို အနုပညာနဲ့ စုစည်းစေခဲ့ပါတယ်။

ရှေ့ထွက်မင်းသမီး မြစပယ်ငုံနဲ့ ဘယ်လိုက စပြီး အငြိမ့် ကဖြစ်သလဲ။
ပရိသတ်သိအောင် ကိုဇာဂနာက ကျွန်တော်တို့ (၄) ယောက်ကို “သီးလေးသီး” ရယ်လို့ နာမည်ပေး၊ ဖွဲ့စည်း ပေးခဲ့တယ်၊ ဆရာ ကိုဇာဂနာ၊ ကိုအောင်မင်းသိမ်း တို့ရဲ့ကျေးဇူးကြောင့် ဇာတ်သဘင်၊ အငြိမ့်သဘင် နယ်ပယ်ထဲတင်မက ရုပ်ရှင်၊ ဗီဒီယို အနုပညာ နယ်ပယ်ထဲမှာ “သီးလေးသီး” ရယ်လို့ နာမည်တလုံး၊ နေရာ တနေရာ ရခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ “သီးလေးသီး” မှာ လူရွှင်တော်တွေပဲ ရှိတယ်၊ မင်းသမီး မရှိဘူး။ ဒီတော့ ကိုဇာဂနာ ရယ်၊ ကိုအောင်မင်းသိမ်း ရယ် တိုင်ပင်ကြပြီး “ယဉ်ကျေးမှု တက္ကသိုလ်မှာ မင်းသမီးရှာပုံတော် ဖွင့်ကြပါတယ်၊ ကိုဇာဂနာ၊ ကိုအောင်မင်းသိမ်း၊ ပါပါကြီး၊ ကိုဟိန်းစိုး၊ မင်းသမီး ရွေးခဲ့ကြတယ် ….. အဲဒီမှာ ပထမ ကောင်မလေးက သူ့နယ်မှာပဲ ဆရာမ လုပ်တော့မယ်လို့ ပြောပါတယ်၊ နောက်တယောက်ကလည်း မြ၀တီ ရုပ်သံမှာ အလုပ်ရသွားတော့ မကဖြစ်တော့ဘူး။ မြစပယ်ငုံ ကတော့ ၀ါသနာလည်း ပါတယ်၊ စိတ်ဝင်စားတယ် ဆိုတော့ ကိုဇာဂနာတို့ အားလုံးက ရွေးချယ်လိုက်တာပါ။ ပြီးတော့ ကျွန်တော်တို့ သီးလေးသီး ဆေးရောင်စုံ လက်ဆင့်ကမ်း၊ ရိုက်တော့မယ် ဆိုတော့ ချောစုမျိုးကို အက သင်ခိုင်းတယ်၊ ချောစုမျိုး က ခေါင်းဆောင်၊ သူက ရှေ့ထွက်။
မြစပယ်ငုံ

သူ့နာမည်ကို မီးသီးလို့လည်း ခေါ်တယ်နော်၊ ဘာကြောင့်လဲ။

ကိုဇာဂနာ ရေးထားတဲ့ သီချင်းလေးထဲက စပယ် ဆိုတဲ့ သီချင်းလေးနဲ့ လိုက်အောင်၊ သူ့ကို မြစပယ်ငုံလို့ ပေးလိုက်တာပါ၊ အဲဒီမှာ ကျွန်တော်တို့က နောက်ရယ် ပြောင်ရယ်နဲ့ သီးလေးသီးရဲ့ ညီမ မီးသီး လို့ ပေးလိုက်ပါလားလို့ ပြောရင်းနဲ့ ရယ်စရာကနေ မီးသီးလို့ နာမည် တွင်သွားတာပါ။

ဂေါ်ဇီလာက စင်ပေါ်မှာ လူရွှင်တော်နဲ့ တူပေမယ့် အပြင်မှာတော့ သူလို ကိုယ်လိုပဲနော်။ သူ့ လှုပ်ရှားမှု အကြောင်း နည်းနည်းပြောပြပါဦး။
ကျွန်တော် သိသလောက် ပြောရရင် ကိုဂေါ်ဇီလာ ဟာ ကျွန်တော်တို့လိုမျိုး အနုပညာကျောင်းဆင်း မဟုတ်ပါဘူး၊ သူက “ကောလိပ်” ကျောင်းသားပါ၊ အဲဒီတုန်းက တက္ကသိုလ်များ အနုပညာ အသင်းမှာ ကိုဇာဂနာ၊ ကိုအရိုင်း၊ ကိုမေတ္တာ၊ ကိုပိန်ပိန် တို့ကို ကြည့်ပြီး၊ အားကျခဲ့တယ်။ မင်းသမီးကြီး ဒေါ်ကောလိပ်မြိုင်နဲ့ ကိုဇာဂနာ တို့က မျိုးဆက်သစ် လူငယ်တွေကို မွေးထုတ်ရာက လူရွှင်တော် ဂေါ်ဇီလာ၊ ထိန်ထိန်၊ စုတ်ဖွား ဆိုပြီး ဖြစ်လာတယ်လို့ ကိုဇာဂနာက ပြောဖူးပါတယ်၊ သူတို့ကို မျိုးဆက်သစ်လူငယ်တွေ အနေနဲ့ ကိုဇာဂနာက လက်တွဲခေါ်ပြီး အနုပညာ လမ်းမကို သူနဲ့ အတူ လျှောက်ခဲ့ပါတယ်။
ဒီနောက်မှာတော့ မြပုဏ္ဏမာ အငြိမ့်ကြီးကို ကိုဇာဂနာ ဦးဆောင်ပြီး ကိုအရိုင်း၊ ကိုကင်းကောင်၊ ကိုငှက်ပျောကြော်၊ ကိုဖိုးဖြူ၊ ကိုဂေါ်ဇီလာ တို့ဟာ ပြည်သူများကို အနုပညာက နေ၊ အသိပညာများကို တင်ဆက်ခဲ့တယ် ဒီနောက် ၁၉၈၇၊ ၁၉၈၈ ပဲခူးတိုင်း သနပ်ပင် မြို့နယ် ခမဲပြင် ဘုရားပွဲမှာ သူတောင်းစား ညီလာခံ ပြဇာတ်ကြီးကို ကပြတော့ ပရိသတ်ကြီးရဲ့အားပေးမှုကို ရရှိသလို၊ ပြည်သူချစ်သော ကိုဇာဂနာ၊ ကိုအရိုင်း တို့လို၊ ဂေါ်ဇီလာ ရယ်လို့ ပရိသတ် အသိအမှတ် ပြုခြင်း ခံခဲ့ရတယ်။

နောက်တော့ သူ ထောင်ကျတယ်၊ ထောင်က လွတ်လာတော့ ကိုဇာဂနာ တို့နဲ့ အတူ အနုပညာ အလုပ်ကို ဆက်လုပ်တယ်၊ ၂၀၀၇ စက်တင်ဘာ သံဃာ အရေးအခင်းမှာ ကိုယ်တိုင် ပါဝင် လှုပ်ရှားခဲ့တယ်၊ စစ်အစိုးရရဲ့ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် “သံဃာ” တွေ သွေးမြေကျခဲ့တဲ့နေ့များ အမှတ်တရ အနေနဲ့ ၂၀၀၇ နိုဝင်ဘာ ၂၄ တန်ဆောင်မုန်းလပြည့်နေ့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ “သီးလေးသီး ဆေးရောင်စုံ အငြိမ့်” နဲ့ အတူ ကပါတယ်။

ဒီဇင်ဘာ ၂၇ မှာ ဆရာကိုဇာဂနာ ရဲ့ အမျှော်အမြင်ကြီးတဲ့ လမ်းညွှန်မှု အဖြစ် စင်္ကာပူ၊ မလေးရှား၊ ထိုင်း နိုင်ငံတို့အပြင် ကိုရီးယား၊ ဂျပန်တို့မှာ ကပြခဲ့ပါတယ်၊ ဆရာကိုဇာဂနာ ရဲ့ ဆန္ဒ အလျောက် ဂျပန်နိုင်ငံမှာ မင်္ဂလာဒိုး အဖွဲ့နဲ့ အတူ … သူတောင်းစား ဆန္ဒခံယူပွဲ ပြဇာတ်ကို ကပြခဲ့ပါတယ်။

၂၀၀၈ ဒီဇင်ဘာမှာ အမေရိကန် နိုင်ငံကို ၄ လ တိုင်တိုင် သွားရောက် ကပြခဲ့ပြီး၊ ယနေ့တိုင် ဆရာ ကိုဇာဂနာရဲ့ ဆန္ဒ အတိုင်း သီးလေးသီး ဆေးရောင်စုံ ၇ ယောက်နဲ့ အတူ ဆက်လက် ချီတက် နေပါတယ်။

ကြယ်သီး

သီးလေးသီးထဲမှာ ကြယ်သီးက လူရွှင်တော်ရုပ် အပေါက်ဆုံးပဲ။ ဟုတ်သလား။ ဘယ်လိုထင်လဲ။

ဟုတ်ပါတယ်။ ကြယ်သီးက မင်းသားလို ၀တ်လည်း လှသလို၊ လူရွှင်တော်လို ၀တ်လည်း ခန့်ပါတယ်၊ မင်းသားတွေကနေ လူရွှင်တော်တွေ ဖြစ်လာတော့ လှအောင် ပြုပြင်တတ်ကြတာပေါ့၊ လူတိုင်း လူတိုင်းမှာ အလှကိုယ်စီ ရှိကြပါတယ်၊ ကြယ်သီးဟာ အနုပညာနဲ့ ပတ်သက်လာရင် ဆေးစက်ကျရာ အရုပ်ထင် ဆိုသလို ကျရာ ဇာတ်ရုပ်ကို လုပ်နိုင်တာဟာ ကြယ်သီး ရဲ့ မွေးရာပါ ဗီဇ လို့ ပြောလို့ ရပါတယ်။

လုပ်ဖော်ကိုင်ဘက် လူရွှင်တော် ဇီးသီးရဲ့ အားသာချက်ကရော ဘာလဲ၊ အားနည်းချက်က ဘာလဲ။
ဇီးသီးရဲ့ အားသာချက်ကတော့ ကျွန်တော်တို့ လူရွှင်တော် ၅ ယောက်ထဲမှာ သူက အငယ်ဆုံး ဆိုတော့ သူ ဘာပဲ လုပ်လုပ် ပရိသတ် အားပေးမှုကို ခံရတယ်။ ပရိသတ်ရဲ့ချစ်ခင်မှုကို သူ အများဆုံး ရတယ်။ ဒါဟာ သူ့ရဲ့ အားသာချက်ပါပဲ။ ဇီးသီး ရဲ့အားနည်းချက်ကတော့ စိန်သီး ဆိုတဲ့ အကြီးတယောက် အနေနဲ့ ပြောရရင် ….. ပြက်လုံး ပြက်တာ လောတယ်၊ တဖက်လူက သူ့ကို အတားအဆီး၊ အပိတ်အပင် လုပ်ရင် ဒေါသ ထွက်တဲ့ စိတ်က မျက်နှာမှာ ပေါ်နေတယ်၊ အဲဒီတော့ သူ ဘာမှ လုပ်လို့ မရဘူး။ လုပ်ပြန်ရင်လည်း သူ့အမှားတွေချည်းပဲ ဖြစ်နေတယ်။ ဒီတော့ တဘက်လူက အဲဒါကို သိပြီး ကစားတော့တာပေါ့။ အဲဒီညဟာ သူ့အတွက် ဘာမှ ပြက်လုံးပြက်လို့ မရတဲ့ ညတညပေါ့။ ဒါဟာ ဇီးသီးရဲ့ အားနည်းချက်ပါ။
ဇီးသီး
သူဟာ လူတော် တယောက်ပါ ………..။ ဒါပေမယ့် သီးလေးသီး အဖွဲ့ထဲမှာ ကျွန်တော့ကို မမှီပါဘူး … ကိုယ့်ကို အားပေးတဲ့ ပရိသတ်ကို ဒေါသ ထွက်ပြီး ပြန်အောင် လုပ်နိုင်တာ ကျွန်တော်ပဲ။

ပန်းသီး အကြောင်းလည်း ပြောပါဦး။ ပန်းသီး ဆိုတာ မျက်မှန်နဲ့နော်။
အသီးတွေထဲမှာ ပန်းသီး တလုံး၊ အဲ ပန်းသီး တယောက်ပဲ မျက်မှန် တပ်တာ တွေ့ရတယ်။ ဟုတ်ပါတယ် မျက်မှန်တပ်တာ ပန်းသီးပါ၊ ကိုဇာဂနာ တို့ မြပုဏ္ဏမာ လူရွှင်တော် ၅ ယောက်ထဲမှာလည်း ကိုအရိုင်း တယောက်တည်း မျက်မှန် တပ်တာပါ၊ မျက်မှန် တပ်တာချင်း တူသလို ရုပ်ချင်းလည်း တူတယ်။ ဒါဟာ ….မြပုဏ္ဏမာ နဲ့ သီးလေးသီး ဆေရောင်စုံ တူညီမှုတွေပါပဲ၊ ပန်းသီးဟာ ကြိုးစားမှု ရှိတယ်၊ အဲဒီ ကြိုးစားမှုကို အသုံးချနိုင်ရင် သူ့အတွက် ပန်းတိုင် ဆိုတာ မဝေးပါဘူး၊ ဘာကိုပဲ လုပ်လုပ် ကိုယ်ပေးဆပ်ခဲ့ရတဲ့ ဘ၀တွေကို မမေ့ပါနဲ့ လို့ ပြောချင်တယ်။
ပန်းသီးဟာ အနုပညာကို ၀ါသနာပါသလို ဘောလုံးပွဲ ကြည့်ရာမှာလည်း ၀ါသနာ ပါတယ်၊ အချိန်တိုင်းမှာ မိန်းမကို အရိပ် တကြည့်ကြည့် လုပ်နေပေမယ့်၊ ဘောလုံးပွဲ အချိန် ရောက်လာရင် မိန်းမကို “ဖုတ်လေတဲ့ ငါးပိရှိလေတယ် လို့တောင် မထင်ဘူး” အဲဒါ ပန်းသီးပဲ၊ မိုးမခက မေးသလို ပန်းသီးဟာ တလုံး ပါပဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ သူ ဆေးရုံ တက်ပြီး ခွဲထားရလို့ပါ။

စိန်သီးရဲ့ မိသားစု အကြောင်း ပြောပြပါဦး။ ဘယ်တုန်းက အိမ်ထောင် ကျတာလဲ အိမ်ထောင်ကျတာ ကံဆိုးလား ကံကောင်းလာတာလား။
အမေဟာ ကျွန်တော့ ဘ၀ အတွက် မရှိမဖြစ် နှိုင်းတု မရတဲ့ ဂရုဏာ ပိုင်ရှင် ဖြစ်သလို၊ ကျွန်တော့ ဇနီး ဟာလည်း လက်တွဲဖော် ဘ၀အဖော်မွန်ကောင်း တယောက်ပါပဲ၊ သူဘယ်လောက်ပဲ စိတ်ညစ်စိတ်ညစ်၊ ယောက်ကျားနဲ့ သားကို ပေးဆပ်နေရရင် ကျေနပ်နေတဲ့ ဇနီးကောင်း တယောက်ပါ၊ အမေ ညီအကို မောင်နှမနဲ့ ဝေးနေတဲ့ ကျွန်တော့ အဖို့ နားလည်မှုပေးတဲ့ ဇနီး ရတာဟာ အိမ်ထောင်ကျ ကံကောင်းတယ်လို့ ပြောလို့ ရပါတယ်၊ သားလေးကို ကျွန်တော်တို့လိုမျိုး နိုင်ငံ ရှိပြီး၊ နိုင်ငံ ပျောက်တဲ့သူ မဖြစ်စေရဘူး၊ ကျွန်တော့လို အနုပညာသမား မဖြစ်စေချင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ ဘ၀တွေက ကြမ်းတမ်းခဲ့လို့ဘဲ၊ ကျွန်တော့ သားလေးရဲ့ ဘ၀ကို လှပစေချင်တယ်၊ မျိုးရိုးဗီဇဆိုတာ လူတိုင်းမှာ ပါကြပါတယ်။ တကယ် ၀ါသနာ ပါလာရင်တော့ တားဆီးလို့ ရမှာ မဟုတ်ဘူး၊ ကျွန်တော်ကတော့ သားလေး ဖြစ်ချင်တဲ့ အရာတွေ ဖန်တီးပေးနိုင်တဲ့ ဖခင်ကောင်း တယောက်ပဲ ဖြစ်ချင်ပါတယ်၊ သားလေးဟာ ဗမာ အဖေ ဗမာအမေ မွေးလိုက်တာဖြစ်တဲ့ အတွက် ဗမာဆိုတဲ့ အသိစိတ်လေး ရှိရင် ကျွန်တော် မွေးရကျိုး နပ်ပါပြီ ………..။

ကျွန်တော်တို့ သီးလေးသီး ဆေးရောင်စုံ အဖွဲ့ဟာ ၂၀၀၈ ဒီဇင်ဘာ ၇ ရက်နေ့မှာ အမေရိကန် နိုင်ငံကို ထွက်ခဲ့တယ်။ ကျွန်တော့ရဲ့ ဇနီး ဟာ ကိုယ်ဝန် နေ့စေ့ လစေ့နဲ့ ကျန်ခဲ့တယ်။ ၂၀၀၈ ဒီဇင်ဘာ ၈ ရက်နေ့မှာ သားလေးကို မွေးခဲ့တယ်၊ ကျွန်တော် သားလေးကို တွေ့ချင်ပေမယ့် မတွေ့ခဲ့ရဘူး၊ သားလေး ၄ လ ပြည့်ပြီးမှ ကျွန်တော်တို့ အဖွဲ့ ပြန်ရောက်ခဲ့တယ်။

၎ လ ဆိုတာ ဘယ်လောက်မှ မကြာပေမယ့် ကျွန်တော့ရင်ထဲမှာ (၄) ကမ္ဘာ လောက် ထင်ခဲ့ရတယ်၊ ဒါဟာလဲ ကျွန်တော် တယောက်တည်း ဖြစ်တတ်တာ မဟုတ်ပါဘူး၊ ကမ္ဘာပေါ်မှာ ရှိတဲ့ ဖခင်တိုင်း ဖြစ်တတ်တဲ့ အရာတွေပါ။

လူသားတိုင်း၊ လူသားတိုင်း အဖေ အမေ စုံလင်စွာနဲ့ ဥမကွဲ သိုက်မပျက် နေနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ် ………..။

သားတို့ရုပ်ရည် သီတာမည်သား
ရေကြည်ချမ်းမြ တပေါက် ကျက
မိဘတို့ဝမ်း ငြိမ်းစတမ်းတည်း …….။

မိုးမခ ၀ိုင်းတော်သားများနဲ့၊ မိုးမခ ပရိသတ်၊ မြန်မာနိုင်ငံသား အားလုံး ပျော်ရွှင်နိုင်ကြပါစေ။
စိန်သီး … t . 4 . t

2 comments:

  1. ကိုစိန်သီး
    အသောကောင်းသလို၊ အပြောလည်းကောင်းပါတယ်။ ဆရာကိုဇာဂနာရဲ့ ဂုဏ်ကျေးဇူးနဲ့ လမ်းပြသွန်သင်မှုတွေကို တန်ဘိုးထား လိုက်နာကျင့်ကြံလိုတာကိုလည်း လေးစားပါတယ်။ အနုပညာ အခြေခံကောင်းပြီး မျိုးချစ်စိတ်ရှိကြတဲ့ သီးလေးသီးအဖွဲ့ဝင်(၇)ဦး ပြည်ပခရီးမထွက်ခင်က စိတ်ဓါတ်မျိုးနဲ့ စည်းစည်းလုံးလုံး အသုံးတော်ခံနိုင်ကြပါစေ။
    အငြိမ့်ကြိုက်တဲ့
    ကိုလေး

    ReplyDelete
  2. Great post ! i like it
    Thank you
    ko sain tee
    Try your best
    all will be ok
    Good luck

    ReplyDelete