20 November 2010

Yan Win (Taung Da Gar) – Kanchay zeyar oo


အလွမ်းမပြေတဲ့ ကမ်းခြေဇေယျာဦး
ရန်ဝင်း (တောင်တံခါး)
နိုဝင်ဘာ ၂၁၊ ၂၀၁၀

“ကြည်နူးမှုရဲ့အရိပ်ဝယ်
နှစ်သိမ့်စရာစကားတွေနဲ့ ဖောင်ဖွဲ့ကာပဲ

ကမ်းခြေဇေယျာဦးဝယ်

အလွမ်းတွေမပြေပါဘူးကွယ်”

ကမ်းခြေဇေယျာဦး၊ ကိုလှမိုး
မူလတေးသံရှင် ကိုခင်လတ်


အလွမ်းတွေမပြေတဲ့ ကမ်းခြေဇေယျာဦးကို တသက်တာ မမေ့နိုင်တော့ပါလေပြီ။ တန်ဆောင်မုန်းလ ရောက်ပြန်ပြီဆိုမှဖြင့် စစ်ကိုင်းတောင်နဲ့ ကမ်းခြေဇေယျာဦးကို ပိုလို့ သတိရ လွမ်းဆွတ်ရပြန်တော့တယ်။

“မြစ်မင်းဧရာ ခွေကာဝိုင်းလို့ စစ်ကိုင်းအောင်ချာမြေ၊
ရေလှိုင်းကလေးတွေ နေရောင်မြူးလို့၊ ငွေရောင်ဖြူးကာနေ၊

ရွှေတောင်ဦးမော် ရှုမျှော်ခင်းနဲ့ မြစ်တွင်းသာယာပေ၊”

စစ်ကိုင်းတောင်၊ မြို့မငြိမ်း
မူလတေးသံရှင် လေဘာတီ မမြရင်


ဂီတစာဆို ဆရာမြို့မငြိမ်းရဲ့ စစ်ကိုင်းတောင်သီချင်းအတိုင်းပါပဲလေ။ စစ်ကိုင်းတောင်အထက်နား၊ ဆွမ်းဦးပုညရှင်စေတီအပါးဆီက အရှေ့ဘက်တလွှားကို တွေဝေငေးမောရင်း ရှုမျှော်ကြည့်လိုက်ရင်ဖြင့် ခွေကာပတ်ကာ ရစ်ဝိုင်းနေတဲ့ မြစ်မင်းဧရာဝတီ နဲ့ ခပ်လှမ်းလှမ်းမှာ ဒုဋ္ဌာဝတီမြစ်တွေက ငွေလှိုင်းကလေးတွေ တဖျပ်ဖျပ် တလက်လက်နဲ့ နေရောင်မှာ တသွင်သွင်မြူးနေကြတော့ ရေပြင်ကျယ်မှာ ငွေသင်ဖြူးခင်းထားသလိုပါပဲ။

ရွှေတောင်ဦးမော် ရှုမျှော်ခင်း

ရွှေတောင်ဦးမော် ရှုမျှော်ခင်းနဲ့အတူ အရှေ့မြောက်ယွန်းယွန်း အဝေးဟိုဆီမှာတော့ မန္တလေးတောင်ကို ရီဝေဝေ မှုန်ပြပြမြင်နေရတယ်။ ဧရာဝတီမြစ် အရှေ့ဖက်ကမ်းဆီမှာတော့ ရွှေကြက်ယက်၊ ရွှေကြက်ကျ စေတီနှစ်ဆူနဲ့ ဘုရားတန်ဆောင်းတွေ၊ ကျောင်းကန်တွေက အစီအရီပေါ့။ အဲဒီပတ်ဝန်းကျင်နဲ့ ရှုမျှော်ခင်းကို အသည်းမှာ စွဲခဲ့ရသူတွေအဖို့မှာတော့၊ ကမ္ဘာကုန်ကျယ်သ၍ ဘယ်မှာမေ့နိုင်တော့မလဲလေ။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်းက ရွှေကြက်ယက်၊ ရွှေကြက်ကျ စေတီနှစ်ဆူ

တောင်ဘက်ယွန်းယွန်းဆီက စစ်ကိုင်းတံတားကြီးကို လှမ်းမျှော်မိပြန်တယ်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်းမှာ စစ်ကိုင်းတောင်ရိပ်ကိုခိုခဲ့ကြတဲ့ မန္တလေးသူ မန္တလေးသားတွေလည်း စစ်ကြီးပြီးတဲ့အခါ ဆရာမြို့မငြိမ်းတို့ မြို့မအဖွဲ့သားတွေနဲ့အတူ ပြည်တော်ဝင်ကြဖို့ စစ်ကိုင်းတံတားကြီးအနား လှေဆိပ်က ငှက် လို့ခေါ်တဲ့ သမ္ဗန်လှေတွေနဲ့ ဧရာဝတီမြစ်ကို ဖြတ်ကူးခဲ့ကြလိမ့်မယ်လို့ မှန်းဆ ပုံဖော်ကြည့်မိပြန်တယ်။

“မြို့မနဲ့ အတူတကွ လိုက်ပါနိုင်စေ
အောင်စည်ရွှမ်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ။”
ပြည်တော်ဝင်၊ အေဝမ်း ဆရာညှာ

ဒုတိယကမ္ဘာစစ်ကြီးပြီးခါစက စစ်ကိုင်းတံတား နဲ့ ငှက်သမ္ဗန်ဆိပ်

“ဧရာဝတီ၊ ရေဇလာနဒီ
မြစ်ရေ ဖွေးဖွေးဝယ် ငှက်သမ္ဗန်လှေကလေးစီးကြမည်
သောင်ယံဆီ၊ တောင်ပံချီ

ခွန်းချိုတေးဖွဲ့သီ ငှက်မောင်နှံပျော်မြူးကြပြီ

စစ်ကိုင်းတံတားဘက်ဆီကို သူလာမလားလို့ မျှော်မှန်းမိသည်။”

ဇေယျာကမ်းအလှပန်းချီ၊ စန္ဒယားလှထွတ်

မူလတေးသံရှင် ရီရီသန့်


တန်ဆောင်မုန်းလပြည့်နဲ့ စစ်ကိုင်းတောင်ရိုးကို ခွဲထားလို့ မရနိုင်တော့ပါ။ တန်ဆောင်မုန်း လပြည့်နေ့မတိုင်ခင်ကတည်းက မန္တလေးသူ မန္တလေးသားတွေ စစ်ကိုင်းတောင်ရိုးဘက်ဆီကို တဖွဲဖွဲနဲ့ ရောက်လာကြပြီ။ အထူးသဖြင့် လပြည့်နေ့မတိုင်ခင် အဖိတ်နေ့မှာတော့ တနေ့လုံးပဲ မန္တလေး စစ်ကိုင်းကားလမ်းပေါ်မှာ စစ်ကိုင်းဘက်သွားတဲ့ကားတွေက လူအပြည့်နဲ့ ကျပ်ညှပ်နေတယ်။

“တောင်ခြေ စိမ်းလန်း၊ ချောင်တွေ သိန်းသန်း” လို့ ဆရာမြို့မငြိမ်း တင်စားဖွဲ့ဆိုခဲ့သလို ချောင် လို့ ခေါ်တဲ့ ကျောင်းတွေ၊ ဘုရားစေတီပုထိုးတွေအပြည့်နဲ့ စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုး နဲ့ မင်းကွန်း အရပ်ဒေသတွေမှာ အေးချမ်းတဲ့ ရတနာသုံးပါးရဲ့ အရိပ်ကိုခိုပြီး ကထိန်ခင်းကြ၊ ကောင်းမှုကုသိုလ် အလှူဒါနပြုကြရင်း အပန်းဖြေတဲ့သူလည်းဖြေလို့ အင်မတန် ပျော်ကြတယ်။ အပျော်လွန်ချင်တဲ့ သူတွေကိုလည်း အချင်းချင်းထိန်းကြလို့ ရုပ်ပျက်ဆင်းပျက် ဘယ်တော့မှမတွေ့ကြရပါ။

အဖိတ်နေ့ ညနေခင်းနဲ့ ညဦးပိုင်းရောက်တော့ မိတ်ဆွေတွေရှိတဲ့ ချောင်တွေကို အပြန်အလှန် လည်ပတ်ကြပြီး အစားအသောက် အကျွေးအမွေးတွေနဲ့ ဧည့်ခံကြတယ်။ တချို့လည်း စစ်ကိုင်းတောင်ရိုးတန်းတလျှောက်က ဘုရားတွေကို လည်ဖူးကြတယ်။ စောင်းတန်းရှည်ကြီးတွေနဲ့ အုတ်လှေကားအဆင့်ဆင့်တွေ၊ တောလမ်းကလေးတွေမှာလည်း တက်ချီတခါ ဆင်းချီတလှည့် ကွေ့ကာ ပတ်ကာ ဝိုက်ကာ သွားကြရင်း မောပန်းရမှန်းမသိလောက်အောင်ပဲ ပျော်စရာကောင်းလှတယ်။

စစ်ကိုင်းတောင်ရိုးတန်းတနေရာက စောင်းတန်းရှည်နဲ့ ဘုရားစေတီများ

ညချမ်းအချိန်မှာ ဘုရားစေတီတွေကို ပူဇော်ထားတဲ့မီးရောင်တွေနဲ့ စစ်ကိုင်းတောင်ရိုးတခုလုံးရဲ့ လှပပုံကို စာပန်းချီမဖွဲ့တတ်နိုင်တော့ပါ။ လေမှုတ်တူရိယာတွေ၊ အကော်ဒီယံ၊ တယော၊ မယ်ဒလင်၊ ဂီတာ အတီးအမှုတ်တွေနဲ့ သီချင်းတကြော်ကြော်ဆိုလာသူတွေကိုလည်း တွေ့နိုင်တယ်။

“စစ်ကိုင်းတောင်ခြေ
ရောက်ခဲ့ပြန်ပေါ့ တို့တတွေ

အဖော်အပေါင်းဆွေ ပျော်ကြောင်းပေ

လတန်ဆောင်ဦးမို့ ဆီမီးရောင်ရှိန် ထိန်ကာနေ။

ကုသိုလ်အပေါင်း ခညောင်းရာမြေ

ဆုခြွေတောင်း အောင်ကြောင်းဖြာဝေ

ကမ်းဇေယျာစခန်း မှန်း၊ လှမ်း၊ မြန်းလာကြ ဖော်သဟာဆွေ

ခြိမ့်သံညံမစဲ ဆိုတေး၊ တေးသံပြိုင်ဆိုနေ။”

တင်ဦးလေး နှင့် အဖွဲ့

အဲဒီအခါမှာ တောင်ရိုးလမ်းတလျှောက်နဲ့ ဘုရားစောင်းတန်းတွေမှာ လူကျပ်လို့ တိုးတိုးခွေ့ခွေ့ သွားရတတ်တယ်။ လူပြောင်လူနောက်တွေကလည်း လွတ်လွတ်လပ်လပ် ပျော်ကြတာတွေရှိတော့ အများအားဖြင့် ညပိုင်းရောက်ရင် တည်းခိုရာချောင်တွေမှာပဲ နားနေကြပြီး မနက်ခင်းကျမှ ဘုရားဖူး ထွက်တတ်ကြတယ်။

စစ်ကိုင်းတောင်ရိုးနဲ့ ဇေယျာကမ်းအလှပန်းချီ

“ရေဇလာနဒီ၊ သေလာမဟီ၊ ဇေယျာပြည်
စစ်ကိုင်းတောင် တခွင်လုံးပတ်ရံလည်

ပုထိုးဘုရားစေတီ၊ ဘိုးဘွားအမွေတည်၊ အကျိုးပွားစေရည်

တည်ထားနှစ်များကြာရှည်၊ တမျှော်တခေါ်သာပဲ ရှုလို့မဆုံးတော့သည်။”

ဇေယျာကမ်းအလှပန်းချီ၊ စန္ဒယားလှထွတ်

တန်ဆောင်မုန်းလပြည့်နေ့မနက်ပိုင်းမှာတော့ အရှေ့ဘက်စစ်ကိုင်းတောင်ရိုးလမ်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ သရက်ပင်ဆိပ်ကစပြီး မြောက်ဘက်ထိပ် ဝါးချက်ရွာလှေဆိပ်ဆီကို မြစ်ကြောင်းတလျောက် ငှက်သမ္ဗန်စီးရတာကိုက စစ်ကိုင်းတောင်ရိုးရဲ့ တဆောင်မုန်းလပြည့်နေ့ သရုပ်တခုပါပဲ။

ငှက်သမ္ဗန်ဆိပ်

“အိပွဲ့ အိပွဲ့ ငှက်သမ္ဗန်ခတ်သွားတယ်

ကြည့်ကွဲ့ ကြည့်ကွဲ့ ညည်းလူဟာကြောင်လွန်းတယ်။

တစုတဝေး လုံမငယ်၊ ကျိတ်ပုန်းစားကြတယ်။”

ရေချိုးဆိပ်၊ မြို့မငြိမ်း

လှော်တက်နှစ်ချောင်းနဲ့ခတ်လိုက်လို့ ငှက်သမ္ဗနှ်မြည်တဲ့အသံကို ‘အိပွဲ့ အိပွဲ့’ လို့ ဆရာမြို့မငြိမ်းက ဖွဲ့ဆိုသွားခဲ့ပါတယ်။ ငှက်သမ္ဗနှ်စီးရင်းလည်း အပါင်းအသင်းမိတ်ဆွေတွေနဲ့ လမ်းမှာတွေ့ရင် အော်ကြ ခေါ်ကြ နှုတ်ဆက်ကြနဲ့ ပျော်ကြရတယ်။ လူငယ်လူရွယ် ယောက်ျားလေးတွေက မိန်းခလေးချောချောတွေ လမ်းမှာတွေ့ရင် လက်တွေပြကြ၊ ရွှေမန်းမယ်လား ဇေယျာမယ်လားဗျာ၊ လှလိုက်တာနော်လို့ ရိသဲ့သဲ့ ပြောတတ်ကြတယ်။ မိန်းကလေးတွေကလည်း တိတ်တခိုးပြန်ကြည့်ပြီး သူတို့အချင်းချင်း တိုးတိုးကျိတ်ကျိတ် စကြ နောက်ကြ ပြောင်ကြ ပျော်ကြလို့ပါပဲ။

တန်ဆောင်မုန်းလပြည့်နေ့မှာ နှစ်စဉ်နှစ်တိုင်းသွားနေကျ စစ်ကိုင်းတောင်ရိုးဘက်ဆီကို တနှစ်တလေများ မရောက်လိုက်ရရင်ဖြင့် ဒီတနှစ်တော့ လွဲသွားလေခြင်းလို့ မကြာခဏဆိုသလိုပဲ တွေးနေမိတတ်တယ်။ တွေးမိတိုင်းလည်း ကမ်းခြေဇေယျာဦးကို တဝဲလည်လည်နဲ့ သတိရနေတော့တာပါပဲ။

“အော်၊ ဒီအချိန်များကို
တွေးတွေးပြီး သတိတွေရလို့

ရက်တွေ တွက်ရေ လက်ရေချိုးရင်

တရေးရေးပဲ မှတ်မိကာလည်း

ဆုံးစ မမြင်တယ်ကွယ်”

ကမ်းခြေဇေယျာဦး၊ ကိုလှမိုး

တန်ဆောင်မုန်းလပြည့်နေ့ ညနေစောင်းရင်တော့ အချိန်တန် အိမ်ပြန်ကြရပြီ။ နောင်နှစ်ခါလည်း လာဦးမှာပေါ့လေ ဆိုတဲ့ မျှော်လင့်ချက်ကလေးတွေကိုယ်စီ ရင်မှာပိုက်လို့ နောင်နှစ်ခါလည်း ဆီးလို့ကြိုကွယ်၊ မောင်ကြီးလာပါမယ် ဆိုတဲ့ နှုတ်ဆက်လွမ်းတေးကို တရှိုက်မက်မက်သီဆိုရင်း ပြန်ခဲ့ကြရပြန်ပြီ။ တရွေ့ရွေ့နဲ့ ဝေးပြီးကျန်ရစ်ခဲ့တဲ့ ကမ်းခြေဇေယျာဦးကတော့ မြူခိုးမှုန်တွေကြားမှာ မှိုင်းပြာ ရီဝေလို့ပါပဲ။

မြူခိုးမှုန်တွေကြားက ကမ်းခြေဇေယျာဦးနဲ့ စစ်ကိုင်းတောင်ရိုး

အခုအချိန်မှာဆိုရင် တန်ဆောင်မုန်းလပြည့်နေ့ရဲ့ ကမ်းခြေဇေယျာဦးကို မရောက်နိုင်တော့တာ ဆယ်စုနှစ် နှစ်စုများတောင် ကြာခဲ့ပြီကောလေ။

“ဇေယျာကမ်းဝယ်
ပြန်လည်လို့ပဲတွေ့ဆုံကာ

ပျော်မွေ့ချင်ပါသေးတယ်
တရေးရေး စိတ်ဝယ်

အောက်မေ့လို့ သတိရနေသူမယ်”

ကမ်းခြေဇေယျာဦး၊ ကိုလှမိုး

(၁) စစ်ကိုင်းတောင်၊ တေးရေး မြို့မငြိမ်း၊ မူလတေးသံရှင် လေဘာတီမမြရင်
(၂) စစ်ကိုင်းတောင်ခြေ၊ တေးရေး (အမည်မသိ)၊ တေးသံရှင် တင်ဦးလေး နှင့် အဖွဲ့
(၃) ပြည်တော်ဝင်၊ တေးရေး အေဝမ်း-ဆရာညှာ
(၄) ရေချိုးဆိပ်၊ တေးရေး မြို့မငြိမ်း၊
(၅) ဇေယျာကမ်းအလှပန်းချီ၊ တေးရေး စန္ဒယားလှထွတ်၊ တေးသံရှင် ရီရီသန့်
(၆) ကမ်းခြေဇေယျာဦး၊ တေးရေး ကိုလှမိုး၊ မူလတေးသံရှင် ကိုခင်လတ်
(၇) ဓာတ်ပုံ၊ zeyarfcfans.com
(၈) ဓာတ်ပုံ၊ pbase.com/world/burma
(၉) ဓာတ်ပုံ၊ myanmars.net


No comments:

Post a Comment