19 November 2010

Maung Maung One Article for Daw Su - 7

ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ (အပိုင်း - ၇)
မောင်မောင်ဝမ်း
နိုဝင်ဘာ ၂၀၊ ၂၀၁၀

“ကျနော်တို့တတွေ “ည” ဆိုတဲ့ ကာလတခုကို အချိန်အားဖြင့် အဓိပ္ပာယ်အားဖြင့် လိုသလို ဆွဲယူလို့ မရနိုင်တော့ဘူးလား။ ည ဟာ နေ့ ရဲ့ ရှေ့တော်ပြေး ၊ လေပြေလေညှင်းကလေးကော မဖြစ်နိုင်ဘူးလား။ ည ဟာ အနှုတ်လက္ခဏာ မဟုတ်ဘဲ အပေါင်းလက္ခဏာရဲ့ မိခင် အဖြစ် ကျနော်တို့ ပြောင်းယူလို့ မရနိုင်တော့ဘူးလား။” (ကဗျာဆရာ ငြိမ်းဝေ)

အမိမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်ရေး ရရှိရေး၊ အမျိုးသားလွတ်မြောက်မှုတိုက်ပွဲဟာ သိပ်ကြမ်းတမ်းလှပါတယ်။ ခက်ခဲနက်နဲလှပါတယ်။ အမှောင်ထုအားကြီးလွန်းလှပါတယ်။ ပေးဆပ်မှုတွေလည်း များလွန်းလှပါတယ်။

အဖိုးတန်သောအရာမှန်သမျှ ခက်ခက်ခဲခဲလုပ်ယူမှ ရတတ်တယ် ... ဆိုတဲ့ ဥပဒေသကလည်း ရှိနေတယ်မဟုတ်လား။ အမှောင်ဆုံးသော သန်းခေါင်ဟာ အရုဏ်ဦးဖို့အတွက် နိမိတ်လက္ခဏာရပ်တွေများ ဖြစ်လာလေလိမ့်မလား။

ဒီလိုနဲ့ ... တနေ့ ကျနော်အိမ်ကို ပြန်အရောက်ပြီး မကြာခင်မှာပဲ အိမ်ရှေ့ကို ထောက်လှမ်းရေးက ကားတစီးထိုးဆိုက်လာတယ်။ ကားပေါ်ကနေ လူ ၃ ဦးဆင်းလာပြီး အိမ်ထဲကိုဝင်လာတယ်။ ကျနော်က သိလိုက်ပါတယ်။ သူတို့ဘယ်သူတွေလဲ ဆိုတာ။

ကျနော်က အိမ်ရှေ့ဧည့်ခန်းမှာ လူမှုဝတ္တရားအရ ဧည့်ခံလိုက်တော့ သူတို့ထဲက တယောက်က မိတ်ဆက်ပေးတယ်၊ တယောက်က ဗိုလ်ကြီးအဆင့်ရှိသူ၊ နောက်တယောက်ကတော့ ဒုတပ်ကြပ် တယောက်၊ ကျနော့်ကို မိတ်ဆက်ပေးနေသူက ကျနော်နေထိုင်ရာအရပ်မှာ တာဝန်ကျနေတဲ့ နယ်မြေခံ ထောက်လှမ်းရေးတပ်ကြပ်ကြီး။ ကျနော် နည်းနည်းတော့သဘောပေါက်လိုက်တယ်။ ဒါ လာဖမ်းတာတော့ မဖြစ်နိုင်သေးဘူး ... ဆိုပြီး (ဘာရယ်လို့တော့မဟုတ်ပါဘူး။ ခန့်မှန်းကြည့်မိတာပါ။) အကြီးဆုံး အဆင့်ဖြစ်တဲ့ ဗိုလ်ကြီးဆိုသူက စ ပြောလာတယ်--------။

“မနက်ဖြန်မှာ ကျနော်တို့ လူကြီးက ခင်ဗျားတို့ကျောင်းသားတွေနဲ့ တွေ့ချင်တယ်ဆိုပြီး ... အကြောင်းကြားလာလို့ ကျနော်တို့ ခင်ဗျားဆီ လာခဲ့တာပါ” ပြောပြောဆိုဆိုနဲ့ သူ့ရဲ့လက်ကို ကမ်းပေးတော့ ကျနော်လည်း လက်ဆွဲနှုတ်ဆက်ရင်းကနေ ... ...

“ဘယ်သူလဲ .. ခင်ဗျားတို့လူကြီးဆိုတာ ဘယ်သူလဲ” ဆိုတော့ ... ...

“အဲဒါတော့ ကျနော်လည်းမသိဘူး .. ကျနော်တို့တပ်မှူး (ထောက်လှမ်းရေး ၁၆-တောင်ဥက္ကလာပ) ကနေ လွှတ်ပြီး အကြောင်းကြားခိုင်းလိုက်လို့ လာပြောတာပါ”

“ဒါဆို .. ခင်ဗျားတို့ထောက်လှမ်းရေးတပ်မှူးတော့ မဟုတ်နိုင်ဘူး”

“သူတော့ မဟုတ်ပါဘူး … လူကြီးတယောက်တော့ လူကြီးတယောက်ပဲ”

ကျနော် သဘောပေါက်လိုက်ပြီ၊ လွန်ခဲ့တဲ့ ၂ ရက်က နအဖဆီ အကြောင်းကြားစာကို ကျနော်တို့တတွေ အန်တီအိမ်ထဲမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ထောက်လှမ်းရေးတွေကနေတဆင့် ပို့ခိုင်းလိုက်တာ အဲဒီကိစ္စပဲ ဖြစ်နိုင်လောက်မယ်။ စိတ်ထဲမှာ ကောက်ချက်ချနေရင်းက …

“အဲဒါ … ခင်ဗျားတို့ကျောင်းသားတွေ စုစုပေါင်း ၅ ယောက်ကနေ ၁၀ ယောက်ထက်မပိုဘဲ တွေ့ချင်တယ်တဲ့ ... ဖြစ်နိုင် … မဖြစ်နိုင် ကျနော့်ကို အခုအကြောင်းပြန်လို့ ရနိုင်မလား”

မိုးကအတော်ကို ချုပ်နေပြီ၊ စီစဉ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။ တွေ့ရမှာက မနက်ဖြန်ဆိုတော့ သိပ်တော့လွယ်လိမ့်မယ်လို့ ကျနော် မထင်မိ ...။

“မနက်ဖြန်တွေ့ရမယ်ဆိုတာတော့ ... သိပ်လွယ်မယ် မထင်ဘူးဗျ ...။ ကျနော်ကျန်တဲ့သူတွေကို လိုက် အကြောင်းကြားရဦးမှာ”

“ဒါဆို ဘယ်နေ့လောက် ဖြစ်နိုင်မလဲ … သိပ်တော့ မခွာနဲ့ပေါ့ဗျာ”

ကျနော် စဉ်းစားကြည့်မိတယ်။ ဒီကိစ္စကို ပေါ့ပေါ့လုပ်လို့မဖြစ်၊ ကျနော် လူကြီးတွေနဲ့ တိုင်ပင်မှ ဖြစ်မည်။ သို့မဟုတ်ဘူးဆိုရင် ကျနော်တို့သမိုင်းကို ထိခိုက်နိုင်သည့်အရာဖြစ်နေရင် ဘယ်လိုလုပ်မလဲ၊ သူတို့နဲ့ဆက်ဆံရတာ နည်းနည်းတော့ လန့်သည်။ အဖမ်းခံရမှာကို လန့်တာတော့မဟုတ်ပါ၊ ကျနော်တို့ သမိုင်းပုတ်မြောင်းထဲ ထိုးကျသွားမှာကို စိုးရိမ်မိသည်။ ထောက်လှမ်းရေးတွေ လုပ်တတ်သည့် အကျင့်ဆိုးတွေကို တွေ့ကြုံဖူးသူတယောက်အနေဖြင့် လွယ်လွယ်နဲ့ မဆုံးဖြတ်ရဲ … …။

“ကျနော် အဆုံးဖြတ်ပေးလို့ မရနိုင်ဘူးဗျ …။ တိုင်ပင်ရဦးမယ် ...။ ဒါတော့ ခွင့်ပြုပါ”

ထောက်လှမ်းရေးအရာရှိ နည်းနည်းတော့ စိတ်ရှုပ်သွားဟန်ရှိတယ် ...။ ပြီးမှ သူက …

“နေဦး ... ကျနော် လူကြီးဆီ လှမ်းသတင်းပို့ မေးကြည့်ဦးမယ်” ဆိုပြီး ကျနော့်တို့အိမ်ထဲကနေ ကားရပ်ထားတဲ့နေရာကို ထွက်သွားပြီး ဖုန်းတလုံးနဲ့ အဆက်သွယ်သွားလုပ်နေတာကို ပြတင်းပေါက်ကနေ လှမ်းမြင်နေရတယ်။ နည်းနည်းတော့ကြာတယ်။ ၁၅ မိနစ်လောက်ရှိမယ် ထင်တယ်။ အိမ်ထဲ ကျန်ရစ်ခဲ့တဲ့သူတွေကတော့ ဖွင့်ထားတဲ့ တီဗွီကိုကြည့်ရင်း စောင့်နေကြတယ်။ နောက်ပြန်ဝင်လာပြီး … …

“သဘက်ခါလောက်တော့ ဖြစ်အောင်လုပ်ပေးပါ ... တဲ့”

“ကျနော် ကြိုးစားကြည့်ပါ့မယ် …။ ဒါပေမယ့် အာမတော့ မခံရဲဘူး ...။ တွေ့မယ် .. မတွေ့ဘူး .. ဆိုတာ။ ကျနော်တို့တိုင်ပင်ချင်ပါသေးတယ် ..။ တကယ်လို့ အကြောင်းပြန်ကြားမယ်ဆိုရင် .. ဘယ်လိုလုပ်ရမလဲ”

“ဟုတ်ပြီလေ ... ကျနော်တို့ ခင်ဗျားဆီကို လာဆက်သွယ်ပါ့မယ် ..။ ကျနော်တို့ဆီကို အမြန်ဆုံး အကြောင်းပြန်ပေးပါ”

ပြောပြောဆိုဆိုနဲ့ အရာရှိလုပ်သူက ထပြီး ကျနော် အပါအဝင် အိမ်မှာရှိနေတဲ့ သူငယ်ချင်း မိသားစုများကိုနှုတ်ဆက်ပြီး ထွက်သွားတော့တယ်။ ကျနော်က သူငယ်ချင်းလုပ်သူနဲ့မိသားစုကို မှာထားရတယ်။ တကယ်လို့ သူတို့ ဒီကိုလာပြီး ဆွေးနွေးတာတို့ ... စကားပြောတာတို့ကို မှတ်ထားပေးဖို့၊ အဲသလိုမဟုတ်ရင် သူတို့က ပြင်ပမှာ မဟုတ်မဟတ်တွေ ပြောဆိုလာရင် အခက်ကြုံမှာ ကြောက်ရလို့ သက်သေထူထားတာပါ။

ဒီလိုနဲ့ နောက်ရက်မှာပဲ ကျနော်တို့ကျောင်းသားများနဲ့ဆုံတွေ့ပြီး နအဖ ထောက်လှမ်းရေးအရာရှိရဲ့ ကမ်းလှမ်းချက်ကို တင်ပြတိုင်ပင် ဆွေးနွေးကြတယ်။ အားလုံးကတော့ သွားရောက်တွေ့ဆုံဖို့ကို သဘောတူခဲ့ကြပြီး ဆက်လက်ပြီးတော့ အန်တီစုအပါအဝင် လူကြီးတွေနဲ့ ဆက်လက်တိုင်ပင်ဖို့ကိုပါ စီစဉ်ခဲ့ကြတယ်။ အန်တီစု အပါအဝင် NLD က လူကြီးတွေနဲ့ တွေ့ဆုံတော့ အားလုံးက သွားရောက် တွေ့ဆုံဖို့ကို အားပေးခဲ့တယ်။ အန်တီစုကတော့ -----

“အန်တီတို့တောင် တွေ့ဆုံဆွေးနွေးဖို့ အမြဲတောင်းဆိုနေတာပဲ …။ အခုလို သားတို့ကိုတွေ့ဖို့ ကမ်းလှမ်းချက်အတွက် သွားသင့်ပါတယ် …။ ဘာပဲဖြစ်ဖြစ် အကျိုးအကြောင်း သိရတာပေါ့”

ကျနော် ညနေဘက် နေတော်တော်စောင်းလို့ အိမ်ပြန်သွားတော့ နယ်မြေခံထောက်လှမ်းရေး တပ်ကြပ်ကြီးက အိမ်မှာ အဆင်သင့်စောင့်နေတယ် ...။ ကျနော်က အကျိုးအကြောင်းကို ရှင်းပြပြီး ကျနော်တို့ကျောင်းသားများ လာခေါ်ဖို့ကိုပါ စီစဉ်ခိုင်းတော့ သူက .. “အားလုံးစီစဉ်ပေးမယ့်အကြောင်း” ပြောပြီး ပြန်သွားခဲ့တယ်။

ကျနော့်ရဲ့စိတ်ထဲမတော့ မယုံရဲယုံရဲနဲ့ အကောင်းဘက်ဖြစ်ပါစေလို့ပဲ မျှော်လင့်ရင်း ..။

နောက်တနေ့မှာတော့ ကျနော်တို့ကို သတ်မှတ်ထားတဲ့နေရာမှာ သူတို့ ကားနှစ်စီးနဲ့ လာကြိုတယ်။ တစီးက ကျနော်တို့ကို ခေါ်သွားတဲ့ကားဖြစ်ပြီး နောက်တစီးကတော့ ထောက်လှမ်းရေးအမှတ် (၁၆) ကတပ်မှူး စီးလာတဲ့ကား။ သူက ကျနော်တို့ကားရဲ့ရှေ့ဘက်ကနေ မောင်းရင်း .. သွားနေတာကတော့ မြို့ထဲဘက်ပဲ ...။ ဘယ်ကိုသွားနေတာလဲဆိုတာ ကျနော်တို့လည်း တိတိကျကျ မသိဘူး ..။ နောက်တော့မ .. ဝန်ကြီးများရုံးထဲကို ထိုးဝင်သွားတယ်။ အဲဒီဝန်းထဲရောက်တော့ ထောက်လှမ်းရေး ဘာရုံးလည်း မသိဘူး။ နည်းနည်းတော့ အဆောက်အဦက ကြီးတယ် ..။ ကျနော်တို့ကို ကားပေါ်က ဆင်းခိုင်းပြီး .. “ပါလာတဲ့ အိတ်တွေ၊ စာအုပ်တွေကို အပြင်မှာ ထားခဲ့ဖို့” ပြောတယ်။ နောက် အစည်းအဝေးခန်းမလို (အခန်းကို လေးထောင့်စားပွဲပုံစံ ပတ်လည်ခင်းထား) နေရာကို ရောက်တော့ ကျနော်တို့ကို ထိုင်ခိုင်းလိုက်တယ်။ ကျနော်တို့ကို စားပွဲရဲ့တဖက်မှာ တန်းစီပြီးထားတယ်။ ပြီးတော့ ထောက်လှမ်းရေး ဗိုလ်ကြီးလုပ်သူက ကျနော်တို့ထဲက ပါလာတဲ့သူတွေရဲ့ နာမည်ကို တယောက်ချင်းစီ လိုက်မေးပြီး ... သူ့ရဲ့ မှတ်စုစာအုပ်လေးထဲမှာ ရေးမှတ်တယ် ...။

သိပ်မကြာခင်မှာပဲ .. အရပ်ဝတ် အရပ်စား လူ ၅ ယောက်လောက် ဝင်လာပြီး အအေးပုလင်းတွေနဲ့၊ ကိတ်မုန့်တွေ သယ်လာပြီး .. ကျနော်တို့ကို တည်ခင်းကျွေးမွေး .. သူတို့အားလုံးကလည်း ကျနော်တို့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ဆက်ဆံနေလေတော့ .. ကျနော့်စိတ်ထဲမှာ “အခြေအနေကတော့ သိပ်မဆိုးဘူး” လို့ ကောက်ချက်ချမိတယ် ...။ ကျနော်က ဘေးနားမှာရှိတဲ့ကျောင်းသား ခင်မောင်သိန်း (NLD-ကိုကိုးကျွန်း လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်း သား) ကို တိုးတိုးလေး ကပ်ပြောတယ်…။

“ဟေ့ကောင် ... အကုန်စားကွ …။ ထောက်လှမ်းရေးက ဒီလိုကျွေးတာ စားရခဲတယ်” ဆိုတော့ - ဘေးတဖက်က ကျောင်းသူတဦးက လက်ညှိုးလေးကို ပါးစပ်နားမှာကပ်ပြီး … …

“ရှုး .. တိုးတိုး .. အခန်းထဲမှာ အသံဖမ်းစက်တွေ တပ်ထားရင်တပ်ထားမှာ။ သိပ်စကားမပြောနဲ့ တော့” ဆိုတော့မှ ကျနော်တို့လည်း ချကျွေးတာတွေကို စားနေချိန်မှာပဲ .. ကင်မရာတွေကိုင်လာတဲ့ လူတချို့ အခန်းထဲ ဝင်လာတယ် ...။

ကျနော်တို့စားသောက်နေတဲ့ပုံတွေကို … တဖျန်းဖျန်းနဲ့ ဓာတ်ပုံရိုက်ယူတော့တာပဲ ...။ ဘာတွေ လုပ်ကြမှန်းတော့ မသိသေးဘူး။ ဓာတ်ပုံရိုက်သူတွေထွက်သွားပြီး ခဏလေးအကြာမှာပဲ အခန်းထဲကို ယူနီဖောင်းနဲ့လူကြီးလို့ ပြောတဲ့သူ ဝင်လာတယ်။ ထောက်လှမ်းရေးတပ်မှူးရယ်၊ ဗိုလ်ကြီးရယ်က ထ အလေးပြုနေချိန်မှာ ... ကျနော် အကဲခပ်လိုက်တော့ .. အဆင့်က ဗိုလ်မှူးကြီးအဆင့်။ ကျနော်က လူပုဂ္ဂိုလ်ကို သေသေချာချာ မသိဘူး။ သူက စားပွဲထိပ် တည့်တည့်မှာ နေရာယူအပြီး ထောက်လှမ်းရေးက ဗိုလ်ကြီးက ကျနော်တို့တယောက်ချင်းစီရဲ့နာမည်ကိုခေါ်ပြီး အဲဒီ ဗိုလ်မှူးကြီးနဲ့ မိတ်ဆက်ပေးတယ်။

ကျနော်တို့ကို မိတ်ဆက်ပေးပြီးမှ ... သူကပဲ ... “ဒါကတော့ ဗိုလ်မှူးကြီးသန်းထွန်း ပါ” ဆိုတော့မှ ကျနော်လည်း သိတော့တယ်။ ဗိုလ်ချုပ်ခင်ညွန့်ရဲ့လက်ရုံး (သူ့ရာထူး တိတိကျကျတော့ ကျနော်လည်း မသိဘူး).. ပြီးတော့ သူ့ရဲ့ရင်ဘတ်မှာလည်း အမျိုးသားညီလာခံ ကိုယ်စားလှယ်ဆိုတာကြီးလည်း တပ်လာသေးတယ်ဗျ။ သဘောကတော့ ဝတ်စုံပြည့်၊ တာဝန်ပြည့်သဘော။ ကျနော်တို့အားလုံးကို တချက်ဝှေ့ကြည့်ပြီး .. ပြုံးပြတယ် ..။ ပြီးမှ သူ့ရှေ့မှာတင်ထားတဲ့ ယူလာတဲ့ မှတ်စုစာအုပ်လေးကို ဖွင့်ရင်း … … …

“ကျနော် ဖတ်ပြတာလေး သေသေချာချာနားထောင်ပေးပါနော်” ဆိုပြီး ... ...

“မကြာသေးမီက ကျောင်းသားများရဲ့ ကမ်းလှမ်းဖိတ်ခေါ်ချက်ကို သိရှိရတဲ့အကြောင်း ...၊ အဆိုပါ ကမ်းလှမ်းချက်ကို လက်ခံရန်မှာ အချိန်ကာလအားဖြင့် စောနေသေးကြောင်း ...၊ အခြေအနေတရပ်ကို စောင့်ကြည့်ရန်လိုနေသေးကြောင်း ...” စသဖြင့်စာအုပ်လေးကို ကြည့်ပြီး ဖတ်ပြပါတယ်။

“ကျနော် ပြောတာရှင်းရဲ့လား မသိဘူး” ဆိုတော့ ကျနော်တို့အားလုံးက “ရှင်းတဲ့အကြောင်း” ပြန်ပြောလိုက်တယ်။ စိတ်ထဲမတော့ “ဒါလေးဖတ်ပြတာများ စာအုပ်ဖွင့်ဖတ် လုပ်နေရသေးတယ်၊ ဒီအတိုင်း ပါးစပ်က ပြောလည်း ရနေရဲ့သားနဲ့” လို့ ပြောမိတယ်။

ပြီးမှ ဗိုလ်မှူးကြီးသန်းထွန်းက ကျနော်တို့ကို .. “ဘာများပြောချင်သေးလဲ” ဆိုတော့ .. ကျနော်တို့လည်း တယောက်ချင်းစီ ပြောတော့တာပဲ …။

ကျနော်တို့လုပ်ဆောင်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကို ကျနော်က ရှင်းပြတယ် ...။ ကျနော်တို့ထဲက ကျောင်းသူ ခင်လေးငယ်နဲ့ အေးအေးခိုင် တို့ကလည်း အန်တီစုရဲ့ ယနေ့ ရပ်တည်ချက်၊ သဘောထားတွေကို ပွင့်ပွင့်လင်းလင်းချပြကြတယ်။ သူကတော့ သိပ်ပြန်မပြောပါဘူး၊ နားပဲထောင်နေတယ်။ ကျနော်တို့ ဗိုလ်မှူးကြီးသန်းထွန်းနဲ့ စုစုပေါင်းဆွေးနွေးချိန် နာရီဝက်သာသာပါပဲ။ နောက်တော့ ပြန်လာခဲ့ကြတယ်။

ကျနော်တို့ကိုပြန်ပို့တော့ ထောက်လှမ်းရေး ဗိုလ်ကြီးလုပ်သူက လိုက်ပို့ပေးတယ်။ သူက ကျနော်တို့ သဘောမနောကို သိနေလို့လား မသိဘူး။ “အန်တီစုအိမ်ဘက် လိုက်ပို့ပေးရမှာ မဟုတ်လား” ဆိုတော့ ... ကျနော်တို့က တပြိုင်နက်ထဲ ခေါင်းညိတ်လိုက်ကြတယ်။

အန်တီစုအိမ်ရောက်တော့ အဆင်သင့်ပဲ ကျန်တဲ့လူကြီးတွေဖြစ်တဲ့ ... ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးကြည်မောင်တို့နဲ့ပါတွေ့တော့ အကျိုးအကြောင်းကို တင်ပြကြတယ်။ အန်တီကတော့ …

“သားတို့အနေနဲ့ လုပ်စရာရှိတာတွေ လုပ်ခဲ့ပြီးပြီပဲ ... ကိုယ့်တာဝန်ကျေတာပေါ့ ... ကိုယ်ကလည်း ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပေါ့”

ကျနော့်ရင်ထဲမတော့ နည်းနည်း စိုးထိတ်မိတာ ရှိတယ် ...။ အထူးသဖြင့် ကျနော်တို့ နိုင်ငံရေး လောကမှာက အဲသလို နအဖ က ပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ဆက်ဆံလာပြီဆို ဝိုင်းဆော်ပလော်တီး ခံရတာတွေက ရှေ့မှာ သင်ခန်းစာတွေကရှိနေလေတော့ … ကျနော်က ဖွင့်ပြောမိတယ်။

“အန်တီ အပါအဝင် .. ဘဘတို့ကို ကျနော်တို့ အသိပေးထားချင်ပါတယ် ..။ အဲဒါဘာလဲဆိုတော့ ကျနော်တို့ အခုလုပ်ဆောင်နေတဲ့ကိစ္စရပ်တိုင်းကို ရိုးသားပွင့်လင်းစွာ လုပ်ကိုင်နေပါတယ် ... ဆိုတဲ့ အကြောင်းကို လူကြီးတွေ သက်သေထား အသိပေးထားချင်ပါတယ်” ..

ဦးတင်ဦးက ချက်ချင်းပဲ ... ... “ဘဘတို့သိပါတယ် ... သားတို့စိတ်မပူပါနဲ့”

ဒီလိုပြောလိုက်တော့မှ ကျနော်တို့စိတ်သက်သာရာ ရခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ... ကျနော့်ကို မကျေနပ်လို့ နအဖက ထောင်ချပစ်လိုက်မှာထက် ... မိမိ ဒီမိုကရေစီအင်အားစုတွေက အထင်မှား ဆန့်ကျင်မှာကို အကြောက်ဆုံးပါ။ တကယ်လည်းကြုံတွေ့ရတာပါပဲ၊ နောက်ရက်မှာပဲ စာတွေ ဖြန့်တယ်၊ အဲဒီစာတွေက “ကျနော်တို့ လုပ်ဆောင်နေတဲ့ကိစ္စတွေဟာ သစ္စာဖောက်လုပ်ရပ်တွေ ဖြစ်ကြောင်း၊ ကျနော်တို့ကို ဝိုင်းဝန်းဆန့်ကျင်ကြဖို့” ဆိုပြီး လုပ်ဆောင်လာတော့ ကျနော်တို့ တော်တော် စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ဘာတတ်နိုင်မှာလည်းလေ ... အန်တီပြောခဲ့တဲ့စကားအတိုင်းပဲ ...

“ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက် ကောင်းမွန်ရင် တနေ့တော့ နားလည်လာကြမှာပါ” ဆိုတဲ့ စကားကိုပဲ နှလုံးသွင်းရင်း ဖြေသိမ့်ခဲ့ရပါတယ်။

“မျှော်လင့်ချက်ဆိုသည်မှာ ဘယ်တော့မှ အချည်းအနှီးမဖြစ်။ မနက်ဖြန်အထိ ဆက်လက် အသက်ရှင်နိုင်ဖို့ လူတယောက်ကို အဓိက တွန်းအားပေးသည့်ခွန်အားမှာ မျှော်လင့်ချက်သာဖြစ်သည် မဟုတ်လား” (စာရေးဆရာမ - ဂျုး)

အဲဒီနေ့က ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက် သီတင်းကျွတ်လပြည့်နေ့၊

မြန်မာ ဓလေ့ထုံးလမ်းစဉ်လာမှာတော့ အနန္တော အနန္တ ၅ ပါး အပါအဝင် လူကြီးသူမ ဆရာသမားများကို လက်ဆယ်ဖြာမိုး ရှိခိုးကန်တော့ကြတဲ့နေ့လည်း ဖြစ်တယ်။ ဒီလိုရှိခိုးကန်တော့ကြခြင်းဟာ မြန်မာ့ရိုးရာ အစဉ်အလာပါ၊ လက်နက်ချခြင်းမဟုတ်၊ အညံ့ခံခြင်းမဟုတ်၊ အောက်ကျခံခြင်းမျိုးလည်း မဟုတ်ပါ၊ ကျနော်တို့ စီစဉ်ခဲ့တဲ့ ဂါရဝပြုပွဲဆိုတာ သာမန်ကြည့်မယ်ဆို ဒီလောက်ပါပဲ။

ဒါပေမယ့် ရင်ထဲမှာရှိနေကြတဲ့ ရည်ရွယ်ချက်တွေလည်း ရှိနေပါသေးတယ်။ ဒါကတော့ သင့်မြတ်ခြင်းမှသည် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နိုင်သော အမျိုးသားပြန်လည်သင့်မြတ်ရေးဆီကို ဦးတည်ပါတယ်။ အန်တီစုခြံဝန်းအတွင်းမှာ မြို့နယ်အသီးသီးက လူငယ်တွေဆောက်လုပ်ပေးထားတဲ့ မဏ္ဍပ်ကြီးကတော့ အဲဒီနေ့မှာ တင့်တင့်တယ်တယ် ကြွားကြွားဝံ့ဝံ့။

ပထမဦးဆုံး ကျင်းပပြုလုပ်ခဲ့တဲ့ အခမ်းအနားဆိုလည်း မှန်ပါတယ်။ ကျနော်တို့အားလုံး တတ်နိုင်သလောက် တာဝန်ကျေပွန်စွာ ဖိတ်ခေါ်ခဲ့ပါတယ်။ ပထမဦးဆုံးကျင်းပမယ့် အခမ်းအနားဆိုတော့ နည်းနည်းတော့ ရင်ခုန်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအခမ်းအနားကို အောင်အောင်မြင်မြင် ဖြစ်စေချင်တာ အမှန်ပါ။ အဲဒီကာလက အခြေအနေကလည်း သိပ်အကောင်းချည်းမဟုတ်သေးတော့ ... ရန်စွယ် အန္တရာယ်တွေကိုလည်း စိုးရိမ်ရပါတယ်။

အန်တီ့ခြံဝန်းထဲမှာကျင်းပမယ့် ပထမဆုံးအခမ်းအနားကို မပျက်ပျက်အောင် လာဖျက်နိုင်မယ့် အရာတွေကိုလည်း ကြိုတွေးပြီး ကြိုစီစဉ်နိုင်အောင် ဖန်တီးထားရပါတယ်။ လုံခြုံရေးကို ပါတီလူငယ်တွေနဲ့ ကျနော်တို့ကျောင်းသားတွေပဲ ယူခဲ့ပါတယ်။ အန်တီစုခြံဝန်း တံခါးပေါက်ကြီးကို ဒိုးယိုပေါက် ဖွင့်လိုက်ပါတယ်။ အန်တီစု လုံခြုံရေးကို တာဝန်ယူပေးနေတဲ့ ထောက်လှမ်းရေးတွေကို အဲဒီနေ့မှာပဲ မေတ္တာရပ်ခံပြီး “တနေ့တာအတွက် ကျနော်တို့ တာဝန်ယူပေးမယ့် အကြောင်း” ကို သဘောတူညီချက် ရအောင် ဆွေးနွေးခဲ့တာ အဆင်ပြေခဲ့ပါတယ်။ (အန်တီက ထောက်ခံပြောဆိုတာလည်း ပါတာပေါ့လေ)

အခမ်းအနား ကျင်းပမယ့် ခန်းမရဲ့ရှေ့ဘက်မှာတော့ ကြိုဆိုရေးနဲ့ မှတ်တမ်းဌာန ဖွင့်ထားပါတယ်။ မှတ်မှတ်ရရ ကျနော့်ရင်ထဲမှာ မမေ့နိုင်တဲ့ မှတ်တမ်းလေးတခုကတော့ ... ဆရာမောင်လင်းယုန် (ရှမ်းပြည်) ရေးပေးသွားတဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာလေးပါ ---။

“ဒေါင်းပျိုထိုးဆွတ်၊ ဘယ်ညာခွပ်၍
လွတ်လပ်ရလေ၊ တို့တတွေသည်
အိုးဝေ ကျေးဇူးပါတကား" ... .. တဲ့၊

တက်ရောက်လာကြတဲ့ လူကြီးတော်တော်များများ မှတ်တမ်းတွေ ရေးပေးကြပါတယ်။ (အန်တီစု အပါအဝင်ပေါ့လေ) တက်ရောက်လာကြတဲ့လူကြီးတွေ တော်တော်များများရှိပါတယ်။ မှတ်မိသလောက်ဆို အယောက် ၆၀ နီးပါးတော့ရှိမယ် ထင်ပါတယ်။ ထူးခြားတာက ထင်ရှားတဲ့ စာရေးဆရာကြီး နန်းညွန့်ဆွေ၊ မြသန်းတင့်နဲ့ ဆရာအောင်သင်းကိုပါ ဖိတ်ကြားခဲ့ပါတယ်။ ဆရာကြီးတွေကလည်း တက်ရောက်ပေးပါ တယ်။ အမျိုးသမီးထဲကတော့ လူကြီးပိုင်းက ဆရာမကြီး ဒေါ်ကြည်ဦး (ကိုဇာဂနာ့ အမေ)နဲ့ ဒေါ်ကြည်ကြည် ရယ်။ နောက်နှစ်ယောက်ကတော့ အန်တီစု နဲ့ ဒေါ်ချိုချိုကျော်ငြိမ်း = ပေါင်း လေးဦးပဲ ရှိပါတယ်။

ရာသီဥတုကလည်း အဲဒီနေ့က တော်တော့်ကို သာသာယာယာ ရှိခဲ့တာ ဆုတောင်းပြည့်ခဲ့သလား ထင်ရလောက်အောင်ပါ၊ ကုက္ကိုင်းလမ်းမကြီးပေါ်က အန်တီစုရဲ့ ခြံဝန်းရှေ့မှာရော၊ ခြံတွင်းမှာရော ပရိသတ်တွေအပြည့်။ ကားတွေ အစီအရီ၊ ပြန်စဉ်းစားကြည့်မိတိုင်း အောက်မေ့သတိရစရာတွေ ... ရင်ထဲဝင်ရောက်လာပါတယ်။ အခုချိန်မှာ အဲဒီလူကြီးတွေထဲက တချို့ဆို ကွယ်လွန်သွားကြပါလေပြီ။

စိတ်မကောင်းစရာ မြင်ကွင်းတခုကလည်း ရှိသေးသဗျ။ အန်တီ့ခြံဝန်းထိပ်နားက အဆောက်အဦ ငယ်လေးမှာ အမြဲနေရာယူထားတဲ့ ထောက်လှမ်းရေးတွေက သူတို့ထိုင်နေကျ နေရာလေးမှာ ငုတ်တုတ်ကလေးတွေ ထိုင်နေကြတော့ .. ဝင်လာကြတဲ့ ပရိသတ်တိုင်းက သူတို့ကို ကြည့်သွားကြလေတော့ .. ပရိသတ်ရဲ့အကြည့်ကို သူတို့ အကြည့်မခံနိုင်လောက်အောင် ထိတ်လန့် သွားခဲ့ပုံရပါတယ်။ နောက်ဆုံး ဘယ်လိုမှ နေလို့မရလောက်အောင်ကို ဖြစ်လာကြလို့ ထင်တယ်။ ထောက်လှမ်းရေးတွေဟာ သူတို့အိမ်ငယ်လေးထဲ ပြေးဝင်သွားရလောက်အောင်ပါပဲ။ (တူသော အကျိုးပေး ဆိုတာ ဒါမျိုးများလား)

ဦးခွန်ထွန်းဦးကတော့ သူတို့ရဲ့ရိုးရာ တိုင်းရင်းသားဝတ်စုံအပြည့်နဲ့ လာတာကို တွေ့လိုက်ရတယ်။ တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က လူကြီးတွေလည်း အသီးသီး၊ ဗိုလ်ချုပ်ရဲ့အပါးတော်မြဲ (ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း) ရယ် ... ဗိုလ်မင်းလွင် ရယ်၊) ၂ ဦးလုံး ရောက်လာတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဝင်တွေနဲ့ လူငယ်တွေကလည်းအပြည့်၊ သူတို့ကတော့ ပျော်နေကြတယ်။ နောင်ဆို အခမ်းအနားတွေ၊ နိုင်ငံရေးပွဲတွေကိုလုပ်မယ်ဆို ပူစရာမလိုတော့ဘူးလေ၊ အန်တီ့ခြံဝန်းအတွင်းမှာ အဆင်ပြေသွားပြီ၊ နိုင်ငံရေးလောကမှာ အတန်ငယ်ပျောက်နေတဲ့သူတွေကိုလည်း ပြန်တွေ့ရတယ်။

အခမ်းအနားစတော့ လူကြီးတွေက စင်မြင့်ပေါ်မှာ နေရာယူပေးတယ်။ အန်တီရယ်၊ ဒေါ်ချိုချိုကျော်ငြိမ်းရယ် နှစ်ယောက်ကတော့ ကျနော်တို့ကျောင်းသား၊ လူငယ်တွေနဲ့အတူပဲ နေရာယူပြီး လူကြီးတွေကို ကန်တော့တယ်။ ပြီးမှ ကျောင်းသားတွေ၊ လူငယ်တွေက သူတို့နှစ်ဦးကို ကန်တော့ကြတယ်။ စိတ်ချမ်းမြေ့စရာ အကောင်းဆုံးနဲ့ ပျော်စရာအကောင်းဆုံးမြင်ကွင်းတခုက .. ကျနော်က လူကြီးတွေ တယောက်ချင်းစီကို နာမည်ခေါ် မိတ်ဆက်ပေးတော့ တယောက်ခေါ်လိုက်တိုင်း ... မတ်တပ်ရပ်ပြတဲ့လူကြီးက မတ်တပ်ရပ်ပြ၊ ထိုင်ရာက လက်ထောင်ပြတဲ့လူကြီးက လက်ထောင်ပြပေါ့။

ဆရာကြီး မင်းသုဝဏ်ကို နာမည်ခေါ် မိတ်ဆက်ပေးတော့ ဆရာကြီးက သိဟန်မတူဘူး။ အဲဒါ ဘေးမှာရှိတဲ့ ဗိုလ်မှူးအောင်က လက်တို့လိုက်မှ လက်ညှိုးလေး ထောင်ပြတယ်။ (အတန်းထဲမှာ ဆရာမက နာမည်ခေါ်လို့ လက်ညှိုးထောင်ပြတဲ့ ပုံသဏ္ဍာန်မျိုးလေး။) လူထုက သဘောကျလွန်းလို့ ရယ်လိုက်ကြတာ၊ တခါ ဗိုလ်မှူးအောင်ကို မိတ်ဆက်ပေးပြန်တော့ ဗိုလ်မှူးအောင်က မသိလိုက်ပြန်ဘူး။ ဘေးကလူက လှမ်းပြောမှ လက်ထောင်ပြတယ်။ လူကြီးတွေအားလုံးလည်း ပျော်ရွှင်နေပုံရတယ်။ သခင်ချစ်မောင်က ဆုတောင်းစကားကို ပြန်လည်ပြောကြားပေးတယ်။

မှတ်မှတ်ရရ ဖြစ်သွားတာလေး တခုလည်းရှိသေးတယ် …။ ဒါက ဆရာအောင်သင်း ကို ကျနော်တို့က စကားပြောပေးဖို့ မေတ္တာရပ်ခံလို့ ဆရာက စကားပြောပေးတယ် ...။ စစချင်း ဘာပြောသလဲ ဆိုတော့ ……
“ငါ လူငယ်တွေ၊ ကျောင်းသားတွေကို သနားတယ်ကွာ ...။ တကယ်တော့ မင်းတို့တတွေဟာ ... စာသင်ရမယ့်အချိန်မှာ စာမသင်နိုင် ...။ တိုင်းပြည်တာဝန်တွေကို မနိုင့်တနိုင်ထမ်းပိုး .. ထောင်တွေ တန်းတွေကျကြ၊ အနှိပ်စက်တွေခံရ .. ငါ့ရင်ထဲ မချိဘူး …။ အဲဒါဘာဖြစ်လို့ .. ဒီလိုဖြစ်ရတာလည်း .. သိလား .. မှတ်ထားကွ .. ငါ အပါအဝင် (စင်မြင့်ပေါ်က လူကြီးတွေကို လက်ညှိုးထိုးပြပြီး) ဒီလူကြီးတွေ မကောင်းခဲ့လို့ ... ညံ့ခဲ့ကြလို့ ... ဒီလိုဖြစ်တာကွ” ဆိုတော့ စင်မြင့်ပေါ်မှာရှိနေတဲ့ လူကြီးတွေ ရိုးတိုးရွတ ... လှုပ်စိလှုပ်စိတွေ ဖြစ်ကုန်တယ်။ နောက် ဆက်ပြောသေးတယ် …။

“ရှင်ဘုရင်ဆိုတာလည်း ... ရှင်ဘုရင်အလုပ်ကို လုပ်ရတယ် … တနေ့ သက်ဦးဆံပိုင်ဘုရင်တပါးက တိုင်းခန်းလှည့်လာတော့ အမျိုးသမီးတယောက်က မန်ကျည်းပင်ပေါ်မှာ အရွက်နုလေးတွေ တက်ခူးနေတယ်လေ ...။ အဲဒါကို တယောက်က လှမ်းပြောတယ် ..။ “ဟဲ့ .. ရှင်ဘုရင် ကြွလာပြီ .. သစ်ပင်ပေါ်က ဆင်း” ဆိုတော့ .. သူက ပြောတယ် ... “ရှင်ဘုရင် .. ရှင်ဘုရင် အလုပ်လုပ် .. မကျည်းရွက်သည်က မကျည်းရွက်သည်အလုပ် လုပ်မယ် ...” တဲ့။

နားထောင်နေကြတဲ့ ပရိသတ် လက်ခုပ်သံတွေ ညံသွားတယ်။ (နောင်အခါမှတော့ ဆရာ အောင်သင်းက ကျနော်နဲ့တွေ့တဲ့အခါ ပြောပါတယ် ...။ “ငါ့ကို ဒီလိုအခမ်းအနားတွေမှာ စကားပြောမခိုင်း ပါနဲ့ကွာ ...” တဲ့။ .. “ငါကလည်း မှန်တာတွေပြောမိရင် .. ငါ့ကို အတော်အမြင်ကပ်ကြမှာကွ ...” တဲ့)

တကယ်လည်း အမြင်ကပ်ခံခဲ့ရပါတယ်..။ ကျနော် လူကြီးအချို့နဲ့တွေ့တဲ့အခါမှတော့ “နောက်တခါ ဆရာ အောင်သင်းလိုလူမျိုးတွေကို အခမ်းအနားဖိတ်ခေါ်မယ်ဆို သူတို့ မလာနိုင်ဘူး ..” ဆိုပြီး ပြင်းထန်စွာ ကန့်ကွက်ပါတော့တယ် …။

အန်တီကတော့ လူငယ်တွေရဲ့အခန်းကဏ္ဍကိုပဲ ရှေ့တန်းတင် ပြောဆိုသွားပါတယ်။ “လူငယ်တွေဟာ တိုင်းပြည်မှာအရေးကြီးတဲ့အကြောင်း၊ သူ့အနေနဲ့ လူငယ်တွေကို အားကိုးတဲ့အကြောင်း” ပြောသွားတယ်။
အခမ်းအနားပြီးတဲ့အချိန်မှာတော့ ဆရာအောင်သင်းက ကျနော့်ကို ပြောတယ်..။

“ဟေ့ကောင် .. ငါ မစုနဲ့ တွေ့ချင်တယ်ကွာ” ဆိုလို့ ကျနော် အန်တီစုရှိရာကို ဆရာ့ကိုခေါ်သွားပြီး တွေ့ဆုံပေးတော့ …

“မစု ... ကျနော့်ကို သိလား”

ဆရာအောင်သင်းက သူ့ရဲ့မျက်မှန်ကိုင်းလေးကို မ တင်ရင်း မေးလိုက်တယ်။

“ဆရာ့လိုလူမျိုးကို ကျမ မသိလို့ ဘယ်ဖြစ်မလဲဆရာ .. သိပ်သိတာပေါ့ … ဆရာက နာမည်ကျော်ပဲ” ဆိုတော့ ဆရာအောင်သင်းရဲ့မျက်နှာပြင် ဝင်းလက်သွားတာကို တွေ့လိုက်ရတယ်။

“ကျမ မိတ်ဆွေတဦးက မြန်မာစာသင်ပေးမယ့် ဆရာတယောက်လိုလို့ဆို ပြောတုန်းက ကျမ ဆရာ့ကိုတောင် ပြေးသတိရမိသေးတယ်”

ဆရာအောင်သင်းနဲ့ အန်တီစု ရယ်ရယ်မောမောနဲ့ အိမ်ရှေ့က ဆင်ဝင်အောက်နားလေးမှာရပ်ပြီး စကားတွေ ဖောင်ဖွဲ့ကြတော့တယ်။ ကျနော်လည်း ကျန်တဲ့ကိစ္စရပ်တွေကလည်း ရှိနေသေးတာမို့ အနားက ခွာလာတော့ ဘာတွေဆက်ပြောကြလဲ မသိတော့ဘူး။

နောက်ရက်များ မကြာခင်မှာတော့ ဆရာအောင်သင်းရော ... ဆရာကြီး မြသန်းတင့်ရော နှစ်ယောက်လုံးကို စာပေရေးသားခွင့်၊ စာပေဟောပြောပွဲတွေမှာ ဟောပြောခွင့် ပိတ်လိုက်တယ်လို့ ကြားရတော့တာပါပဲ။ တကယ်တော့ ကျနော်တို့ ဒီအခမ်းအနားကို ကျင်းပရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကိုက သင့်မြတ်စေချင်တဲ့ရည်ရွယ်ချက်ပါ၊ ဒါပေမယ့်လည်း အတိုက်အခံအင်အားစု ဘက်မှာတော့ အတိုင်းတာတခုထိ သင့်မြတ်မှု၊ ညီညွတ်မှု၊ လက်တွဲလုပ်ဆောင်မှုဆိုတဲ့ အကျိုးရလဒ်ကောင်းတွေကို ပေါ်ထွက်လာစေခဲ့ပါတယ်။

နအဖဘက်ကတော့ သင့်မြတ်ဖို့နေနေသာသာ။ နှိပ်ကွပ်မှုတွေရဲ့ အရှိန်က လျှော့ကျမသွားခဲ့ပါဘူး။ ဒါ အတော့်ကို ရုပ်ဆိုးအကျည်းတန်လှတဲ့ ကိစ္စပါ။

ဆရာအောင်သင်း ကျနော့်ကို ပြောခဲ့တဲ့ စကားလေးရှိပါတယ် … … …။

“တိုင်းပြည်ကို ချစ်တယ်ဆိုတာ .. လူတွေကို ချစ်တာကိုပြောတာ ..။ လူတွေကို ချစ်တာ တိုင်းပြည်ကို ချစ်တာပဲ။ တိုင်းပြည်ကိုချစ်တယ်ဆိုပြီး … နိုင်ငံရဲ့မြေကြီးကို ကုန်းနမ်းနေလို့ မရဘူး ...။ တခြားတဖက်က စဉ်းစားမယ်ဆိုရင် .. လူတွေကို မုန်းတာဟာ .. တိုင်းပြည်ကို မုန်းတာပဲ ...” တဲ့။

ကျနော်တို့အားလုံး ကျေနပ်ပါတယ်။ ဒီအခမ်းအနား ကျင်းပပေးခဲ့ရခြင်းအပေါ် ပီတိတွေ ဖြစ်ခဲ့တယ်။ ဘာပဲပြောပြော ... ဒီမိုကရေစီအင်အားစုတွေဘက်မှာတော့ အတိုင်းတာတခုမှာ ညီညွတ်ရေး ဖြစ်စေခဲ့ပြီ မဟုတ်ပါလား။

တရုတ်ခေါင်းဆောင်ကြီး တိန်ရှောင်ဖိန်ပြောခဲ့တဲ့ စကားတခွန်းရှိတယ် …။

“ကြောင်ဖြူ၊ ကြောင်နီ၊ ကြောင်ဝါ ခွဲဖို့မလိုဘူး ... ကြွက်ခုတ်တတ်ဖို့ပဲ လိုတယ် ...” တဲ့။

ဆက်လက်ဖော်ပြပါမယ်။

1 comment: