မောင်မောင်ဝမ်း
နိုဝင်ဘာ ၁၉၊ ၂၀၁၀
“တိုင်းပြည်တပြည်ကိုအုပ်ချုပ်တဲ့ ခေါင်းဆောင်ဟာ ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ အုပ်ချုပ်တာပဲ ဖြစ်ရမယ်။ လက်နက်အားကိုးနဲ့ အုပ်ချုပ်တယ်ဆိုတာ မဖြစ်သင့်ဘူးဆိုတာကို မွေးကတည်းက ကျမကို သင်ထားလို့ သိခဲ့တဲ့ သင်ခန်းစာပါပဲ”နိုဝင်ဘာ ၁၉၊ ၂၀၁၀
အန်တီပြောခဲ့တဲ့ စကားလေးပါ။
တနေ့ အန်တီနဲ့တွေ့ကြလို့ ပြောခဲ့တဲ့စကားတွေကိုလည်း နားထဲကြားယောင်နေဆဲပါပဲ။ “အန်တီစဉ်းစားကြည့်မိတယ် … အန်တီတို့လူမျိုးတွေက အာဏာနဲ့သိပ် အယဉ်ပါးမခံနိုင်ဘူး ...။ နိုင်ငံတော်အာဏာက စလို့ .. သေးသေးငယ်ငယ် အဆင့်ထိ အာဏာနဲ့ထိတွေ့မိပြီဆို ပျက်စီးသွားကြတာ များတယ် ...။ ဥပမာ လူတယောက် တုတ်ကိုင်ထားတယ်ဆိုရင်တောင် … သူက တုတ်ရှိတဲ့အာဏာနဲ့ ယစ်မူးသွားချင်တာ ... လူတွေတွေ့ရင် ရိုက်ပစ်၊ နှက်ပစ်လိုက်ချင်တာ … အဲဒါတွေကို ပြုပြင်နိုင်ရမယ်။
အဲဒီလိုပြောတော့ ကျနော်က အဖြစ်အပျက်တွေကို သွားသတိရမိတယ်။ ကျနော်တို့ကျောင်းသားတွေက အန်တီ့အိမ်ကို အဝင်အထွက် အရမ်းများတော့ အန်တီ့ အိမ်ရှေ့မှာ တားဆီးစစ်ဆေးတဲ့ ထောက်လှမ်းရေးတွေက တော်ရုံဆို သိပ်မစစ်ဆေး မမေးမြန်းတော့ပါဘူး။ ဒါကလည်း တာဝန်အရကိုး။
အန်တီကိုယ်တိုင်က နေအိမ်အကျယ်ချုပ်က လွတ်လာတော့ သူ့လုံခြုံရေးအတွက် ခွင့်ပြုထားတာဆိုတော့ သူတို့မှာတာဝန်ရှိတယ်။ အန်တီ့အိမ်ကို ဝင်လာသူမှန်သမျှ အစစ်ဆေးခံရတယ်။ ဓာတ်ပုံရိုက်ယူတယ်။ (တနည်းအားဖြင့် ထောက်လှမ်းရေးက အန်တီနဲ့ဆက်စပ်သူမှန်သမျှ မှတ်တမ်း အသေအချာယူတာလည်း ပါမှာပါ။ လုံခြုံရေးအရဆိုတော့လည်း ဘယ်သူပြောသာမှာလဲ)။
တနေ့ အဲသလိုပဲ ကျနော်တို့ထဲက ကျောင်းသားတယောက်ကို စစ်ဆေး၊ ဓာတ်ပုံရိုက်တော့ သူက ဒေါသူပုန်ထပါလေရော … …။
“ကျုပ်တို့က အန်တီကခွင့်ပြုထားလို့ လာကြတာဗျ၊ ချစ်လို့ လေးစားလို့ အလုပ်တွေ အတူတူတွဲ လုပ်ဖို့ လာကြတာ။ သတ်ဖို့ လာတာမဟုတ်ဘူး” ဆိုတော့ လုံခြုံရေးတာဝန်ရှိသူက ---
“ခင်ဗျား … ဒေါ်အောင်ဆန်းစုကြည်ကို မလုပ်ကြံပါဘူးလို့ ဘယ်လိုအထောက်အထားနဲ့ ... ယုံကြည်ရမလဲ …။ တခုခုဖြစ်သွားရင် ကျုပ်တို့က ဘဝနဲ့ရင်းရမှာ ...။ တာဝန်အရ စစ်ဆေးမှုကို မခံနိုင်ရင် ... မဝင်ပါနဲ့”
စကားလုံးလှလှလေးနဲ့ ဟန့်တားလိုက်ခြင်းပါ။ ကျနော်ကပဲ ကြားကဝင်ပြီး ... အမောင် ကျောင်းသားကို မေတ္တာရပ်ခံရတော့တယ်။ ကျနော်တို့ထဲက ကျောင်းသားကလည်း ... မလိုအပ်ဘဲနဲ့ မပြောပလောက်တဲ့ ပါဝါကို ထုတ်သုံးချင်တယ်။ (သူ့ကို ယုံယုံကြည်ကြည် ဝင်ခွင့်ပေးထားတဲ့ ပါဝါပေါ့)။ တဖက်ကလည်း စောစောကပြောတဲ့စကားတွေကို တဖက်သားလက်ခံချင်လာအောင် မပြောဘဲ၊ အထက်အရာရှိက အောက်လက်ငယ်သားကို ငေါက်တဲ့လေသံနဲ့ပြောတော့ .. မလိုအပ်တဲ့ပြဿနာကို ရှင်းရတော့တာပါပဲ။ အသေးစားကိစ္စလေးဆိုတော့ အာဏာလို့ မမြင်ကြဘူး။ တကယ်တော့ အာဏာ ဆိုတာ လုပ်ပိုင်ခွင့်ပဲ။ အင်္ဂလိပ်လိုမှာတော့ (power) ပေါ့။ အဲဒါကို သွားသတိရမိတယ်။ အန်တီ့ခြံရှေ့ အဝင်တံခါးနဲ့ကပ်လျှက်နားမှာ အဆောက်အဦငယ်လေးတလုံးကို လုံခြုံရေးအရဆိုပြီး ထောက်လှမ်းရေးက တာဝန်ပေးထားတဲ့သူတွေနေဖို့ အန်တီက ခွင့်ပြုထားတယ်။ အဲဒီဘေးဘက်နားမှာတော့ လက်နက်ကိုင် အစောင့်အရှောက် ရဲဘော်တချို့နေကြတယ်။
သူတို့ကိုတော့ မြင်ကွင်းမှာမနေဖို့ အန်တီက မေတ္တာရပ်ခံထားသလား မသိဘူး။ လူမြင်ကွင်းရှေ့မှာ သိပ်မနေကြဘူး။ အဲဒီထဲမှာတောင်မှ သဘောထားပျော့ပြောင်းသူတွေပါသလို တင်းမာသူတွေလည်း ပါကြတယ်။ တခါတရံ အန်တီ့ဆီလာကြတဲ့သူတွေကို (လုံခြုံရေးဘန်းပြပြီး) တော်တော် မဖွယ်မရာပြုမှု ဆက်ဆံတာတွေနဲ့ ဆုံရပါတယ်။ အဲဒီလို ပြဿနာက ခဏခဏ ဆိုသလိုဖြစ်တာ။
နောက်တော့ အန်တီက လုံခြုံရေးတာဝန်ခံ ဗိုလ်မှူးသူရ (သူကလည်း ထောက်လှမ်းရေးက အရာရှိ တဦးပါပဲ) နဲ့ ညှိနှိုင်းလိုက်မှ နောက်ပိုင်း တော်တော်အဆင်ပြေသွားတော့တယ်။ အန်တီက ခရီးစဉ်တခု သွားတော့မယ်ဆို ပထမဦးဆုံး -- စောစောကပြောတဲ့ ထောက်လှမ်းရေးမှူး (သို့) လုံခြုံရေးအရာရှိပေါ့။ သူ့ကိုပြောရတယ်။ သူက လမ်းကြောင်းစီစဉ် လုံခြုံရေးပေးပေါ့။ (ကျနော် မြင်သလောက်ပြောရရင် အဲဒီအချိန်က အန်တီ့အနေထားက ပုံသဏ္ဍာန် ၂ မျိုးလို ဖြစ်နေတယ်) တမျိုးက ဘယ်သွားသွား- အကျယ်ချုပ်ပုံစံနဲ့ သွားလာရတာမျိုးဖြစ်ပြီး၊ နောက်ပုံသဏ္ဍာန်တမျိုးက လက်ရှိအာဏာရ နိုင်ငံအကြီးအကဲ ပုံစံမျိုး၊ အန်တီနဲ့သွားလေရာ ပါသွားတတ်တဲ့လူငယ်အချို့ ပြောပြတာကတော့ အန်တီခရီးစဉ်သွားပြီဆို လမ်းကြောင်းရှင်းထားတာမျိုး၊ မီးပွိုင့်တွေ နီထားတာမျိုးတွေ လုပ်တယ်။
ဒါပေမယ့် အန်တီဟာ ဘယ်တော့မှ ဘယ်သူ့ကိုမှ မောက်မောက်မာမာ အထက်စီးကနေ ဆက်ဆံတယ်ဆိုတာတော့ ကျနော်တို့ မကြုံဖူးဘူး။ သူ့ခြံထဲမှာလာနေတဲ့ စစ်သားတွေ၊ ရဲတွေကိုတောင်မှ လေးလေးစားစား ဆက်ဆံတတ်တယ်။ နောက်တခုက အန်တီဟောပြောပွဲမှာ ပြောတဲ့စကားတွေကို တော်တော်များများ ဌာနဆိုင်ရာ အကြီးအကဲတွေဆို ရင်တုန်စွာ နားစွင့်နေကြရတာ။ (ဥပမာ) နေရာတခု၊ ဌာနတခုရဲ့ မမှန်မကန်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို လူထုက တင်ပြမေးခွန်းမေးလို့ အန်တီက ထင်မြင်ချက်ပေးပြန် ဖြေမိပြီဆို၊ အဲဒီ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ အနိမ့်ဆုံး စစ်ဆေးမေးမြန်းခံရမယ်၊ တချို့ဆို အရေးယူခံရတာတွေတောင်ရှိတယ်ဆိုတာ ပြန်သိရပါတယ်။
ဒါပေမယ့် အန်တီစုဟာ အဲဒါတွေအပေါ်မှာ ကျေနပ်နေတာ (လုပ်ခွင့်သာတုန်း ဖိထောင်းလိုက်မယ် ဆိုတာမျိုး) ဘယ်တော့မှ မရှိခဲ့ဘူး။ အဲဒီသဘောကိုကြည့်ရင်တောင်မှ ပါဝါရဲ့သဘောကို ခံနိုင်ရည်ရှိသူနဲ့ မရှိသူရဲ့ခြားနားမှုကို သိနိုင်ပါတယ်။ ဒါကတော့ အန်တီစုရဲ့ နှလုံးသားပုံရိပ် တစိတ်တဒေသကို လေ့လာနိုင်ဖို့ တင်ပြပေးတာပါ။
ဒီလိုနဲ့ အန်တီစုရဲ့ခြံဝန်းအတွင်းမှာ အခမ်းအနားလုပ်ဖို့ အဆောက်အဦကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ လူငယ်များ စုပေါင်းဆောက်လုပ်လိုက်တာ အကောင်ထည်ပေါ်သွားပါတယ်။ သူတို့ခမျာ တော်တော် ပင်ပန်းရှာပါတယ်။ မြေကြီးတွေ ရှင်းရတာကို တော်တော်ခက်ခက်ခဲခဲ လုပ်ခဲ့ရပါတယ်။ စိတ်ဓာတ်ကြောင့်သာ လာလုပ်အားပေးကြတာပါ။ တော်ရုံဆို သိပ်မလွယ်လောက်ပါဘူး။ အဲဒီ အချိန်ကာလက အန်တီစုကို ဝန်းရံပေးခဲ့တဲ့ လူငယ်အင်အားစုတွေထဲမှာ ကျနော်တို့ တကသ အပါအဝင် - ကျောင်းသားတွေနဲ့ NLD လူငယ်အဖွဲ့အင်အားက အတိုင်းတာတခုထိ အင်အားကောင်းခဲ့ပါတယ်။
ကျနော်တို့ ကျောင်းသားများအနေနဲ့ကတော့ မူလက စီစဉ်ထားတဲ့အတိုင်း အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းကို အထောက်အပံ့ဖြစ်စေနိုင်မယ့် ဆောင်ရွက်ချက်များကို ဆက်လက် လုပ်ကိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျနော်တို့ဟာ ဝါရင့်နိုင်ငံရေးသမားကြီးများ အပါအဝင် တိုင်းရင်းသားနိုင်ငံရေး ပါတီခေါင်းဆောင်တွေ၊ တသီးပုဂ္ဂလ နိုင်ငံရေးခေါင်းဆောင်ကြီးတွေနဲ့ ဆွေးနွေးတိုင်ပင် ညှိနှိုင်းချက်တွေကို အဆက်မပြတ် လုပ်ဆောင်ခဲ့ပါတယ်။
တိုင်းရင်းသားပါတီ ခေါင်းဆောင်ထဲကဆိုရင် ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင် တို့အပါအဝင် မြေပေါ်နိုင်ငံရေးပါတီ ခေါင်းဆောင်လူကြီးများနဲ့တွေ့ပြီး သဘောတူညီချက်တွေ ရယူနိုင်ခဲ့ပါတယ်။ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တော်တော်များများ အနိုင်ရခဲ့တဲ့ ပါတီတခုလည်း ဖြစ်ပါတယ်။ ကျနော်တို့ ဦးခွန်ထွန်းဦးရယ်၊ ဦးစိုင်းညွန့်လွင်ရယ်ကို တနေ့မှာတော့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်က သူတို့ကလည်း သူတို့ရင်ထဲမှာရှိနေတဲ့ မကျေနပ်ချက်တွေ၊ မွန်းကြပ်မှုတွေကို အတိုင်းတာတခုထိ ဖွင့်ချခဲ့တယ်။ ဦးခွန်းထွန်းဦးဆိုရင် အဲဒီအချိန်က အမျိုးသားညီလာခံ တက်ရောက်နေသူတဦးပါ၊ သူတို့ရင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လူထုခေါင်းဆောင် တယောက်မို့ သူတို့လည်း လေးစားမှုရှိပါတယ်။ ဒါပေမယ့် NLD ပါတီအပေါ်မှာတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလက ကြုံခဲ့ရတဲ့ အထစ်အငေါ့လေးတွေကြောင့် စိတ်ထဲမှာတော့ ဖုတုတုပါပဲ။ ကျနော်တို့ကို ပြောတဲ့အခါတိုင်းမှာလည်း ဗမာတွေက ဗမာတွေက ဆိုတဲ့အသုံးကို ခဏခဏသုံးတော့ ကျနော်တို့ထဲက ကျောင်းသားတယောက်က … … …
“အန်ကယ် .. တကယ်တော့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကို ... ဖိနှိပ်တာ၊ အခွင့်အရေးတွေကို ကန့်သတ်တာ၊ တန်းတူညီမျှရေး မရှိတာ … အဲဒါတွေကိုလုပ်တာ ကျနော်တို့ ဗမာပြည်သူတွေ မဟုတ်ပါဘူး … စစ်အာဏာရှင် အစိုးရအဆက်ဆက်က လုပ်တာပါ … …။ ကျနော်တို့ အမြင်အရပြောရရင် ... ဗမာလူမျိုးအများစုဟာ … ဘယ်တိုင်းရင်းသားလူမျိုးနွယ်စုကိုမှ အဲဒီလို လုပ်တာ ရှိမယ်မထင်ပါဘူး ... ရှိခဲ့ရင်လည်း အနည်းစုပဲ ဖြစ်ပါလိမ့်မယ် …”
ဒီစကားရပ်အပေါ်မှာတော့ ဦးခွန်ထွန်းဦးက ဘာ ဝေဖန်ကောက်ချက်မှ မပေးခဲ့ဘူး၊ ဦးစိုင်းညွန့်လွင်က ရုတ်တရက် ကြားကနေ စကားကို ဝင်ထောက်လိုက်တယ် … …။
“မဟာဗမာလူမျိုးကြီးဝါဒကတော့ တော်တော်စက်ဆုတ်စရာ ကောင်းတယ်ဗျ ..။ အနည်းစု တိုင်းရင်းသားလူမျိုးစုတွေအပေါ် ကျင့်သုံးတဲ့ .. မဟာဗမာလူမျိုးကြီးဝါဒကိုတော့ ကျနော်တို့ ဆန့်ကျင်ရလိမ့်မယ်”
ကျနော် သောက်လက်စ ကော်ဖီခွက်လေးကို စားပွဲပေါ် အသာတင်လိုက်ရင်းက …
“မဟာဗမာလူမျိုးကြီးဝါဒမှ မဟုတ်ပါဘူး …။ မဟာကရင်၊ မဟာရှမ်း၊ မွန်၊ ရခိုင်၊ ကချင်၊ ကယား၊ ချင်း စတဲ့ ဘယ်မဟာ လူမျိုးကြီးဝါဒမဆို ကျနော်တို့ကတော့ ဆန့်ကျင်သွားမယ် … …”
အိမ်ရဲ့ပြင်ပက တိုက်ခတ်နေတဲ့လေသံတွေကို ကြားနေရတယ်၊ နံရံပေါ်က တိုင်ကပ်နာရီရဲ့ စက်သံမှတပါး … ဦးခွန်ထွန်းဦးကတော့ မျက်လုံးလေးကိုမှေးပြီး တခုခုကိုပြောဖို့ စဉ်းစားနေပုံရတယ်။ ကျနော်တို့ထဲက ကျောင်းသားတယောက်ရဲ့ဝင်ရောက်ပြောဆိုမှုက ငြိမ်သက်ခြင်းကို ဖြိုခွင်းပစ်လိုက်တယ်။
“ငါ့လူမျိုးသာလျှင် မြင့်မြတ်တယ်၊ ငါ့လူမျိုးသာလျှင် အရာရာကို လွှမ်းမိုးရမယ်၊ ချုပ်ကိုင်ရမယ် ... ဆိုတဲ့ မဟာလူမျိုးကြီးဝါဒဟာ ၂၁ ရာစု ဒီနေ့ကမ္ဘာကြီးမှ ခေတ်မမီတော့ပါဘူး ...။ တကယ်တော့ မြန်မာပြည်မှာ တိုင်းရင်းသားလူမျိုးတွေဆိုတာ ရာနဲ့ချီရှိနေတာပဲ …။ အားလုံး တန်းတူအခွင့်အရေးရှိဖို့ကို ကျနော်တို့လည်း ထောက်ခံတယ် ...”
ဆိုဖာခုံပေါ်မှာ အားရပါးရ မှီထိုင်နေရင်းက ဦးခွန်ထွန်းက ရုန်းထလိုက်ပြီး ….
“အမျိုးသားညီလာခံမှာလည်း - တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အဲဒီ တန်းတူအခွင့်အရေးအတွက် ကျနော်တို့တင်သွင်းခဲ့တာပဲ …။ ဒါပေမယ့် မလွယ်ပါဘူးဗျာ ...။ လက်ရှိ နအဖ က သူ့သဘောထားတွေကိုပဲ ဇွတ်အတင်း အားထုတ်ကြိုးစားနေတာ .. တွေ့ရတော့ .. အမျိုးသား ညီလာခံကိုလည်း အားကိုးလို့ မရပါဘူး”…
ဦးခွန်ထွန်းဦးရဲ့စကားလုံးတွေက သူ့ရင်ထဲမှာရှိနေတဲ့ ခံစားချက် အကုန်အစင်မဟုတ်သေးဘူး ဆိုတာ ကျနော် နားလည်လိုက်တယ်။
“အန်ကယ်ရာ … အမျိုးသားညီလာခံဆိုတာ .. အစစ်အမှန်မှ မဟုတ်တာပဲ ..။ အတုအယောင်ပဲ ..။ ဒါကို အားလုံးသိပါတယ် ..။ တကမ္ဘာလုံးလည်း သိပါတယ် ..။ ကျနော်တို့လိုချင်တာ .. ဒီနေ့အချိန်မှာ .. အမျိုးသားပြန်လည်သင့်မြတ်ရေးပါပဲ”
“မှန်တာပေါ့ဗျာ .. ။ သိပ်လို အပ်တာပေါ့ …။ ခက်တာက နအဖဘက်ကကျတော့ သူတို့ ပြောထားတယ် မဟုတ်လား ..။ တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလိုရှိတယ် ဆိုရင် .. ညီလာခံထဲ ဝင်လာခဲ့ပါ ... ဆိုတာလေ ..။ အမျိုးသားညီလာခံမှာ ဆွေးနွေးပါဆိုတာလေ”
“တကယ်ရော ... အမျိုးသားညီလာခံကနေ .. အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တွေ့ဆုံ ဆွေးနွေးရေးကို လုပ်ဆောင်နိုင်ပါတယ်ဆိုတာကို .. အန်ကယ် ယုံရဲ့လား”
ဦးခွန်းထွန်းဦးက မျက်မှောင်တချက် ကျုံ့သွားတယ်။ ပြီးမှ ဖျော့တော့တော့ အပြုံးတချက်နဲ့ ခေါင်းကို လေးတွဲ့စွာရမ်းလိုက်ရင်း … အပြင်ကိုတချက်ကြည့်လိုက်တော့ တော်တော်တောင် မှောင်နေပြီ။
“အန်ကယ် ... အခု အန်တီ နေအိမ်အကျယ်ချုပ်ကလွတ်လာတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အစွမ်းကုန်လုပ်ဆောင်နေတာကို တွေ့ရပါတယ် .. အဲဒါ အန်ကယ် သဘောထားကို သိပါရစေ” ဆိုတော့ ဦးခွန်ထွန်းဦးရဲ့မျက်နှာပြင်ဟာ အပြုံးတွေနဲ့ ဝင်းလက်သွားတယ် …။
“ကြိုဆိုရမှာပေါ့ဗျာ … ကျနော်တို့ ထောက်ခံတယ် … လက်တွဲလုပ်မယ်”
ကျနော်တို့ကျောင်းသားများနဲ့ ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ရဲ့တာဝန်ရှိသူ ၂ ဦးနဲ့ အနာဂတ် နိုင်ငံရေးအတွက် ဆွေးနွေးတိုင်ပင်တဲ့ကိစ္စပြီးလို့ အလွတ်သဘောပြောဆိုတဲ့အခါမတော့ အားပါလှတဲ့ ဦးခွန်ထွန်းဦးနဲ့ ဦးစိုင်းညွန့်လွင်တို့ရဲ့ တိုင်းရင်းသားရေးရာ ခံစားချက်တွေကလည်း ကျနော်တို့ရဲ့ နှလုံးသားထဲကို စူးစူးရှရှဖြစ်စေခဲ့တာ အမှန်ပါ။
နောက်မကြာခင် ရက်ပိုင်းအတွင်းမှာပဲ ဦးခွန်ထွန်းဦးတို့ SNLD နဲ့ အန်တီစု အပါအဝင် NLD ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံခဲ့ကြောင်းကို သိရပါတယ်။
ဟင့်အင်းကို ကျော်ဖြတ်ခြင်းဆိုတဲ့ထဲက စာသားလေးတခုကို သွားသတိရမိပါတယ်။ “ညှိနှိုင်း ဆွေးနွေးခြင်းဆိုသည်မှာ နေ့စဉ်ရင်ဆိုင်ကြရသည့်ကိစ္စဖြစ်သည်” ပြဿနာအရပ်ရပ်ရှိမယ်ဆိုရင် တောင်မှ ညှိနှိုင်းဆွေးနွေး အဖြေရှာမယ်ဆိုရင် … ဆုံးရှုံးနစ်နာမှုအား ပိုမသက်သာလာနိုင်ဘူးလား ... ဆိုတဲ့ အသိက ရင်ထဲမှာ စွဲနစ်လျှက် … …။
ကျနော်တို့တတွေ တနေ့မှာတော့ ဦးနေဝင်း (ဗိုလ်ချုပ်ကြီးဟောင်း နေဝင်း- မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ) ဥက္ကဋ္ဌဟောင်း - ယခု ကွယ်လွန်) ဆီ သွားရောက်ကမ်းလှမ်းခဲ့တယ်။ လူချင်းတော့ မတွေ့ဆုံခဲ့ပါဘူး။ ဒါပေမယ့် အကြောင်းပြန်ကြားချက်တော့ ရခဲ့တယ်။
“ကျောင်းသားတွေ ခုလိုလာရောက်ကမ်းလှမ်းတာကို ကြိုဆိုတဲ့အကြောင်း၊ ဝမ်းသာတဲ့အကြောင်း၊ ဒါပေမယ့် သူ့ရဲ့ကျန်းမာရေးအရ မလာရောက်နိုင်တာကို နားလည်ပေးဖို့”စသဖြင့် အကြောင်းပြန်ခဲ့ပါတယ်။ အခုလို ကျနော်တို့ သွားရောက်ကမ်းလှမ်းတာကို နိုင်ငံရေးအင်အားစုတချို့သိသွားတဲ့အခါ ကျနော်တို့ကို ဝိုင်းဆော်ပလော်တီးကြတော့တာပဲ။ ကျနော်တို့ ဒီအလုပ်ကို ခိုးကြောင်ခိုးဝှက်လုပ်ခဲ့တာ မဟုတ်လေတော့ (ဆော်ပလော်ဝိုင်းတီးလည်း ခံဖို့ကလွဲလို့ ဘာတတ်နိုင်မှာလဲ)။ အန်တီကျနော်တို့ကို ပြောကြားခဲ့တဲ့ ... “ရည်ရွယ်ချက်နဲ့ စေတနာမှန်ရင် နားလည်လာကြမှာပါ” ဆိုတဲ့စကားကို နားထဲကြားရင်း … ရင်ထဲမှာတော့ ကျိတ်မြိုခဲ့ရပါတယ်။
နောက် တစည ပါတီ (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) ဆီကိုသွားတော့ ကျနော်တို့ကို ပထမတော့ ခပ်စိမ်းစိမ်း၊ ခပ်တွန့်တွန့်ပဲ ဆက်ဆံခဲ့တယ်။ ကျနော်တို့ရဲ့လုပ်ရပ်နဲ့ သဘောထားအမှန်ကို နားလည်သွားတဲ့အခါမတော့ သက်ဆိုင်ရာ တာဝန်ရှိသူက နွေးနွေးထွေးထွေး ပြောဆိုဆွေးနွေးခဲ့ပါတယ်။ "သူတို့ဆွေးနွေးပြီး အကြောင်းပြန်ကြားပေးပါမယ်...” ဆိုတဲ့စကားကို ရရှိခဲ့ပါတယ်။
တဖက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အန်တီစု အပါအဝင် ပါတီခေါင်းဆောင်တွေ ကျနော်တို့ကျောင်းသားလူငယ်တွေဟာ အသည်းအသန်ကြိုးစားနေပေမယ့် တဖက်က နှိပ်ကွပ်မှုတွေက တော့ လျှော့မသွားပါဘူး။ အထူးသဖြင့် အန်တီစုဆီကို လာရောက်တွေ့ဆုံတဲ့သူတွေကို ဒုက္ခမျိုးစုံပေးတာ ခံရပါတယ်။ ပါတီဝင်နဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက လူတွေကို အဓိက ပစ်မှတ်မထားဘဲ၊ သာမန် ပြည်သူထဲက ပြည်သူတွေကို နည်းပေါင်းစုံနဲ့ ဖိနှိပ်လာတယ်။
ဥပမာ - သာမန်ပြည်သူတယောက်က အန်တီ့ဆီလာတွေ့ပြီးတာနဲ့ နောက်ပိုင်းဂယက်တွေက ရိုက်တော့တာပဲ။ စီးပွားပျက်အောင်လုပ်တာတို့၊ အသိုင်းအဝိုင်းအပြင်ဘက် ရောက်သွားအောင် လုပ်တာတို့ ပေါ့၊ အဲဒီကိစ္စတွေက တော်တော်စိတ်ပျက်ဖို့ ကောင်းပါတယ်။ (အဲဒီထဲက နာမည်ကျော် အဆိုတော် ကိုတင်လှိုင်တို့ ၊ စီးပွားရေးလုပ်ငန်းရှင်ထဲကဆို ဦးသိန်းရွှေ (စာရေးဆရာမ မမေငြိမ်း ဖခင်) တို့ အပါအဝင် တော်တော်များများ ခံရတယ်။)
ကျနော်ကိုယ်တိုင်တောင် ရန်ကုန်မြို့ကြီးမှာ နေစရာနေရာတွေ အများကြီးရှိပါရဲ့နဲ့ နေလို့မရလောက်အောင်ကို ဖြစ်ခဲ့ရတယ်။ ကျနော်နေတဲ့အိမ်တိုင်းကို ညစဉ် ဧည့်စာရင်းစစ်တယ်။ ဘာရယ်လည်း မဟုတ်ဘူး၊ ပြီး ပြန်သွားတယ်။ အဲဒါမျိုး နေ့စဉ်လုပ်တော့ ကျနော်နေတဲ့အိမ်တွေက ကြောက်လာကြတယ်။ (ကျနော့်ညီမ အရင်းခေါက်ခေါက် အပါအဝင်ပေါ့။)
နောက် ကျောင်းအဆောင်မှာ သွားနေတော့ အဆောင်ပိုင်ရှင်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဖိအားပေးလာပြန်ရော။ နေလို့ မရပြန်ဘူး။ ဒီလိုနဲ့ပဲ ဟိုရွှေ့လိုက် - ဒီရွှေ့လိုက် နေရာပေါင်းများစွာ ပြောင်းနေခဲ့ရတာပါ။ ဒီကြားထဲမှာ ကိုယ့်ဒီမိုကရေစီဘက်တော်သားများရဲ့ ဖိအားပေးမှု၊ ဆန့်ကျင်ရှုတ်ချမှု၊ ကလိမ်ကျမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမတော့ နိုင်ငံရေးကို အတော်ကို စိတ်ကုန်ခမ်းမတတ် ဖြစ်ခဲ့ပါတယ်။
တနေ့ အန်တီနဲ့ဆုံတဲ့အခါ ကျနော့်ရင်ထဲမှာ မွန်းကြပ်နေတာတွေ စိတ်ပျက်၊ စိတ်ကုန်ခန်းမတတ် ဖြစ်နေတာတွေကို ဖွင့်ဟပြောပြတော့ … … … အန်တီက -
“နိုင်ငံရေးဆိုတာ ဒီလိုပဲ သားရဲ့ ..။ ကိုယ်က ဘယ်လောက်ပဲ မှန်တာလုပ်လုပ် …။ အမှန်တရား ဆိုတာ မပေါ်ပေါက်သေးသရွေ့ ... ခါးစည်းခံရတာပဲ ...။ အဲဒါကို စိတ်ပျက်၊ စိတ်ကုန်လို့ မရဘူး…။ ကိုယ့်ရည်မှန်းချက်ပန်းတိုင်က ရှိသေးတယ် မဟုတ်လား”
“ဖေဖေ့တုန်းကဆို .. သားတို့စဉ်းစားကြည့်လိုက်ပါ …။ အောင်ဆန်း-အက်တလီ စာချုပ်နဲ့ လွတ်လပ်ရေးအရယူဖို့ လက်တကမ်းအလို … အင်္ဂလန်ကခေါ်လို့ ဖေဖေတို့ သွားကြတယ် ...။ ဟိုရောက်မှ .. ပါသွားတဲ့သူတွေထဲက လက်မှတ်မထိုးကြလို့ ... (ဗိုလ်ချုပ်အား လုပ်ကြံသတ်ဖြတ်သူ ဦးစောနဲ့ ကျန်တယောက်က သခင်ဘစိန် ကို ရည်ညွှန်းခြင်း ဖြစ်သည်။) အရမ်းကို ဗျာများခဲ့ရတာ ... ဘယ်လောက် စိတ်သောကရောက်လိုက်မလဲ ...။ ခံစားကြည့်လိုက်ပါ …။ နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်လာတဲ့ လွတ်လပ်ရေးကို .. လက်တကမ်းအလိုကျမှ .. ဒီလိုဖြစ်တယ်ဆိုတော့ ..။ ဒါပေမယ့်လည်း အဆုံးမတော့ .. အောင်မြင်သွားပါတယ်”
အန်တီရဲ့စကားသံတွေထဲမှာ … သံဝေဂသံတွေ ရောနှောပါနေတယ်ဆိုတာကို ကျနော်တို့ သတိထားမိလိုက်ကြတယ်။ ကျနော်တို့ ကိုယ်ချင်းစာနိုင်ပါတယ်။
“အန်တီ မှတ်မိသေးတယ် ။ ဖေဖေ အင်္ဂလန်ကပြန်လာတော့ .. အိမ်မှာ စာတန်းတခုထပ် ကပ်ထားတယ် .. ‘လှေခွက်ချည်းကျန် အလံမလှဲ’ တဲ့ …။ ဒီလိုပါပဲ ..။ အန်တီ အပါအဝင် အန်တီတို့ပါတီဆိုလည်း သားတို့ သိတဲ့အတိုင်း ဘက်ပေါင်းစုံက တိုက်လိုက်ကြတာ .. မားမားမတ်မတ် ရပ်ခံရတာပဲ ..။ အဲ့ဒါကို စိတ်ပျက်အားလျှော့ နောက်ဆုတ်သွားလိုက်မယ်ဆိုရင် ... ဘာဖြစ်မလဲ … စဉ်စားကြည့်ကြပေါ့ …”
အန်တီရဲ့အားပေးစကားတွေက ကျနော့်အဖို့ အားတက်စေခဲ့တာ အမှန်ပါ။ ကုန်ခမ်းသွားတဲ့ စိတ်ဓာတ်တွေ အသစ်ပြန်မွေးဖွားလာစေခဲ့တယ်။ ခွန်အားသစ်တွေဖြစ်လာတယ်။ အကယ်လို့ အဲဒီတုန်းက အန်တီသာ ခုလို အားပေးစကား မပြောခဲ့ဘူးဆိုရင် .. ကျနော် ရန်ကုန်ကနေ ဇာတိမြို့မှာပဲ ပြန်ပြီး အေးအေးဆေးဆေးသွားနေဖို့ ဆုံးဖြတ်ချက်ချလုနီးပါး ဖြစ်နေပါပြီ။ (ခံနိုင်ရည် နည်းတယ်ပြောလည်း ခံရမှာပါပဲ)၊ ဒါမျိုးဖြစ်စဉ်များကို ဦးဆောင်လုပ်တဲ့ ကျောင်းသားတော်တော်များများ ခံခဲ့ရဖူးပါတယ်။
တဆက်တည်းတင်ပြလိုတာက ယနေ့ ဒီမိုကရေစီ လွတ်မြောက်ရေးတိုက်ပွဲအတွက် ကြိုးစား ဆောင်ရွက်နေတဲ့ ကျောင်းသားလူငယ်များကို ကျနော်တို့ အတွေ့အကြုံတွေထဲက အရေးကြီးတဲ့ အချို့ကို ကောက်နှုတ်တင်ပြပါရစေ။
လုပ်ရပ်တခုအတွက် အကောင်ထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ အဲဒီလုပ်ရပ်ဟာ အောင်မြင်မှု ရောင်ခြည်တွေမြင်လာရပြီဆို ကြီးစွာသော အနှောက်အယှက်၊ အဟန့်အတားတွေ၊ တိုက်ခိုက်မှုတွေ ဝင်လာမှာ မလွဲဘူး ... ဆိုတာ မှတ်ထားစေလိုပါတယ်။ သိပ်ဆန်းပြားတဲ့ဖြစ်ရပ်တွေ မဟုတ်ပေမယ့် ယနေ့အထိတော့ အသုံးတွင်နေဆဲပါ၊ ဘာဖြစ်လို့လည်းဆိုတော့ စစ်အာဏာရှင်များရဲ့လက်ကိုင်တုတ် ထောက်လှမ်းရေးဌာနအသီးသီးရဲ့ စိတ်ဓာတ်ရေးရာစစ်ဆင်မှုကို အလူးအလဲ ခံရပါလိမ့်မယ်။ ပြည်ပ နိုင်ငံရေးလှုပ်ရှားမှုရော - ပြည်တွင်းမှာပါ အတော်ကို အရေးပါ ခရီးရောက်လှပါတယ်။
ထောက်လှမ်းရေးအင်အားစုတွေဆိုတာ နိုင်ငံတော်ဘဏ္ဍာကို ရေလို သုံးလုပ်နေတဲ့ အဖွဲ့အစည်းတွေဆိုတော့ စိတ်ဓာတ်နဲ့လုပ်နေတဲ့ ကျနော်တို့ ဒီမိုကရက်တစ်အင်အားစုတွေ အလူးလူး အလိမ့်လိမ့်၊ အပြိုပြိုအကွဲကွဲဖြစ်အောင် လုပ်နိုင်ခဲ့တာ အမှန်ပါ။
ကျနော့် အတွေ့အကြုံအရပြောရရင် … ပထမ ဦးဆောင်လုပ်တဲ့သူတွေကို သမိုင်းအညွန့်ကျိုး အောင် အရင်ချိုးပါတယ်။ ဒါမှလည်း ကျန်တဲ့သူတွေက ဦးဆောင်နေတဲ့သူတွေကို အယုံကြည်ကင်းမဲ့သွား စေတာကိုး။ ဒါကိုလည်း သူတို့မွေးထားတဲ့ သတင်းပေးတွေကတဆင့် တွင်တွင်ကျယ်ကျယ်ဖြစ်အောင် စီမံချက်ချ လုပ်ကြတာပါ။
ဒီလိုလူမျိုးတွေက အန်တီစုလိုလူမျိုးကို သူတို့လောက် မချစ်ဘူးလို့ ထင်ရလောက်အောင် ဟန်ဆောင်မှုတွေနဲ့ စိမ့်ဝင်လာကြတယ်။ လက်သီးလက်မောင်းကို သူများတွေထက် ပိုတန်းတယ်။ ကြွေးကြော်သံကို သူများတွေထက် ပိုကျယ်လောင်စေတယ်။ ဒီလို အယုံသွင်းပြီးပြီဆိုကာမှ သူတို့ရဲ့ စီမံချက်တွေကို တဆင့်ချင်း အကောင်ထည်ဖော်တော့တာပါပဲ။
မိမိ ဒီမိုကရက်တစ်အင်အားစုတွေဖြစ်လင့်ကစား ကိုယ်နဲ့အဆင်မပြေတဲ့ အင်အားစုတွေဆီကို သူတို့ထဲက သတင်းပေးများက ချဉ်းကပ်မယ်။ မိမိအင်အားစုထဲမှာလည်း သတင်းပေးများကို ထည့်သွင်း ထားမယ်။ သတင်းလိုချင်တာထက် ဖြိုခွဲဖို့ဗျူဟာကို ပိုအသားပေးပါတယ်။ ဦးဆောင်၊ ခေါင်းဆောင် လုပ်နေတဲ့သူတွေရဲ့ သမိုင်းအညွန့်တွေကို တစစီချွေတော့တာပဲ။ အဲသလိုဖြစ်ပြီဆို မိမိနဲ့အဆင်မပြေ ဖြစ်နေတဲ့ ဒီမိုကရက်အင်အားစုများဘက်ကိုလည်း စိမ့်ဝင်သွေးထိုးလိုက်တော့ .. ထောက်လှမ်းရေးရဲ့ နည်းစနစ်တွေဟာ တခုပြီးတခု အောင်မြင်တော့တာပဲ။
သိပ်ကိုအောင်မြင်ခဲ့ပါတယ်။ အခုလည်း အောင်မြင်ဆဲပါပဲ။ နောင်လည်း ဆက်အောင်မြင်နေဦး မှာပါ၊ (အဲ ... ဒါပေမယ့် ခြွင်းချက်တခုတော့ ရှိပါတယ်။ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ ထောင်ထဲက လွတ်လာပြီး ၈၈ မျိုးဆက် ကျောင်းသားများဆိုပြီး လှုပ်ရှားမှုတွေလုပ်ကြတော့ သူတို့ဟာ အဲဒီအချိန်မှာ များစွာသော အတွေ့အကြုံတွေ၊ သင်ခန်းစာတွေရနေသူတွေဖြစ်နေကြတော့ ... အဲသလိုလုပ်ဖို့ တော်တော် အခက်တွေ့ပါလိမ့်မယ်။
တချိန်က တဖက်နဲ့တဖက် (ဗကသ နဲ့ မကသ) အပြင်းအထန် တိုက်ခိုက်လာတဲ့သူတွေဟာ ခုချိန်မှာ သွေးစည်းညီညွတ်စွာနဲ့ လက်တွဲလုပ်ဆောင်နိုင်ခြင်းအပေါ် ... ကြားဝင် သပ်လျှိုဖြိုခွဲလို့မရတဲ့ အဆုံးမှာတော့ ထောင်ထဲဆွဲထည့် ပစ်လိုက်တာပါပဲ။
သွေးကွဲအောင်ဖြိုခွဲခြင်းဖြင့် သမိုင်းအညွန့်ကျိုးအောင် လုပ်ဆောင်ခြင်းဆိုတဲ့ နအဖ လက်ကိုင်တုတ် ထောက်လှမ်းရေးများရဲ့ဗျူဟာဟာ သူတို့အဖို့ သိပ်တွက်ခြေကိုက်ပါတယ်။ မျောက်အမြည်းနဲ့ မျောက်ကို ချည်ခြင်းပါ၊ ကုန်ကျစရိတ် သက်သာတဲ့အပြင် ဖမ်းဆီးထောင်ချခြင်းကြောင့် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ နအဖကို နာမည်ပျက်စေနိုင်မယ့် အမည်းစက်ကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။
ဒီလိုနဲ့ နိုင်ငံရေးဇာတ်ခုံပေါ်ကနေ လွင့်စင်သွားသူတွေ၊ ဘေးရောက်သွားသူတွေဟာ (ဒီမိုကရက်တစ်အင်အားစုများအဖို့ ...) အင်မတန်မှ ဝမ်းနည်းစရာကောင်းလှပါတယ်။ နှမြောစရာ ကောင်းလှပါတယ်။
စစ်အာဏာရှင် တော်လှန်ရေးခေတ်အဆက်ဆက်မှာ ဘယ်တော့မှ တိမ်ကော မသွားတဲ့၊ ဘယ်တော့မှလည်း ပျောက်မသွားဘဲ၊ ထပ်ခါထပ်ခါ အသုံးချတိုင်း အောင်မြင်နေတဲ့ ထောက်လှမ်းရေးများရဲ့ မာယာကျော့ကွင်းဗျူဟာများဟာ ယနေ့ထက်တိုင် ခေတ်မီနေဆဲပါ။
ဥပမာပြရရင် အန်တီစုကို ဝန်းရံနေသော ကျောင်းသား လူငယ်များ၊ ပါတီလူငယ်များ၊ လုံခြုံရေး အနီးကပ် တာဝန်ယူနေသူများကို သူတို့သတင်းပေးများမှတဆင့် တီးတိုးဝါဒဖြန့်ပါတယ်။ အဲဒီလူတွေကို ထောက်လှမ်းရေးကပဲ လစာပိုက်ဆံပေးထားသလိုလို၊ အကျိုးစီးပွားတွေ ပုံအောပေးထားသလိုလို၊ အန်တီ့ အနီးနားကိုကပ်လာပြီး အဲဒီလူတွေကပဲ နိုင်ငံအကျိုးကို ပျက်စီးအောင်လုပ်တော့မယ့်သူတွေလိုလို၊ အန်တီ ကျဆုံးသွားအောင်၊ နာမည်ပျက်သွားအောင်လုပ်တော့မယ့် သူတွေလိုလိုဖြစ်အောင် တီးတိုး လှုံ့ဆော် ဖြန့်ပါတယ်။
ဒီလူငယ်တွေဟာ တဖက်မှာ မိမိကိုယ်ကျိုးကိုစွန့်ပြီးလည်း လုပ်ရသေး၊ လူထုနဲ့ မိမိ ဒီမိုကရက်တစ် အင်အားစုတွေရဲ့ မျက်လုံးစိမ်းတွေ၊ တံတွေးစက်တွေကြားမှာလည်း နေရသေးဆိုတော့ စိတ်ဓာတ်ရေးရာ အတွက် တော်တော့်ကို ကြံ့ကြံ့ခံခဲ့ရပါတယ်။ အန်တီစုနဲ့ လူကြီးများကသာ နားလည်မှုမပေးနိုင်ဘူးဆိုရင် .. နိုင်ငံရေးကို တသက်လုံး မလုပ်ချင်တော့လောက်အောင် စိတ်ကုန်သွားမှာအမှန်ပါ။
ဒီမိုကရေစီလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်မယ့် မျိုးဆက်သစ်လူငယ်များ သင်ခန်းစာယူနိုင်ဖို့ လိုပါလိမ့်မယ်။ စာရေးဆရာ ဆရာအောင်သင်း စကားနဲ့ပြောရရင် .. “လူလိမ္မာဆိုတာ သူများအမှားပေါ်မှာ သင်ခန်းစာယူနိုင်ရပါ့မယ်”
ဒီနေရာမှာ ကျနော်ရဲဝံ့စွာ အားမနာတမ်း ပြောနိုင်တာရှိပါတယ်။ အန်တီစုဟာ ဘယ်သောအခါမှ အဲသလို အောက်တန်းကျတဲ့ လုပ်ရပ်များကိုမှ လုပ်ဖို့နေနေသာသာ စဉ်းတောင် မစဉ်းစားပါဘူး၊ မိမိလိုချင်တဲ့ပန်းတိုင်ကို ရိုးသားဖြောင့်မတ်စွာ သွားပါတယ်။ ဖြူစင်တဲ့အကျင့်ကိုပဲ ကျင့်ပါတယ်။ ပရိယာယ်လို၊ မာယာလို နည်းစနစ်တွေ၊ ဗျူဟာတွေကို ဘယ်သောအခါမှ မကျင့်သုံးပါဘူး၊ အပြုံးနဲ့ ခုတုံးလုပ် မဆက်ဆံပါဘူး။ ဒါကိုတော့ ရဲရဲကြီးပြောရဲပါတယ်။ တခါက အန်တီ ကျနော်တို့ကို ပြောခဲ့ဖူးပါတယ် …။
“တိုင်းပြည်ခေါင်းဆောင်လုပ်မယ့်သူဆိုတာ … ရိုးသားဖြောင့်မတ်ဖို့ လိုတယ် ... ... တဲ့”
ဘယ်သူတွေ ဘယ်လိုပဲ လုပ်လုပ်၊ ပြောပြော၊ သွေးခွဲနေပါစေ။ အန်တီစု အပါအဝင် လူကြီးများရဲ့ နားလည်မှုပေးတတ်ခြင်းတွေအပေါ်မှာတော့ ကျနော့်တသက်မှာ ဘယ်သောအခါမှ မေ့သွားမှာမဟုတ်ပါ၊ ကျနော်တို့ တွေ့ကြုံခဲ့ရတဲ့ဖြစ်စဉ်တွေထဲမှာတောင်မှ ရင်ဝကို လက်သီးနဲ့ပစ်ထိုးလိုက်သလိုမျိုး ခံစားခဲ့ရတဲ့ ဖြစ်စဉ်များလည်း ဆုံတွေ့ခဲ့ဖူးပါတယ်။
ကျနော်တို့ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကို ကြိုးစားဆောင်ရွက်နေစဉ်မှာ တချို့ နိုင်ငံရေးသမားကြီးများရဲ့ သင်္ကာမကင်းအကြည့်တွေ၊ ရိသဲ့သဲ့အပြောတွေနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကျနော်တို့လုပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အပေါ် မကျေနပ်လို့၊ ဒါမှမဟုတ် အန်တီစုအပေါ် အစာမကြေလို့ တုံ့ပြန်တာမျိုးကို ကိစ္စမရှိပါဘူး။ ခံနိုင်ပါတယ်။ ဘယ်လို ပုံသဏ္ဍန်မျိုးနဲ့ပဲ ဖြစ်ဖြစ် အောင်မြင်အောင် ကျော်ဖြတ်ဖို့ ကျနော်တို့မှာ ဆုံးဖြတ်ထားတာတွေ ရှိပါတယ်။ ဘယ်လိုပဲ အောက်ကျခံရ ခံရ ကျနော်တို့ လုပ်ဆောင်ပါ့မယ်။ ဒါပေမယ့် အဲသလို မဟုတ်ဘူး ..။
ကျနော်တို့ကပဲ နအဖ လက်ကိုင်တုတ်ကျောင်းသားတွေလိုလို၊ ထောက်လှမ်းရေးကြိုးဆွဲသမျှ လိုက်လုပ်နေရတဲ့သူတွေလိုလို ဆက်ဆံခံရတဲ့အခါမတော့ .. ကျနော်တို့ လူငယ်ကျောင်းသား အငယ်တွေကပဲ အောင့်အီးသည်းခံပေးလိုက်ရပါတယ်။
ကျနော်တို့နဲ့ ဆွေးနွေးဖို့ စတောင် မစရသေးခင် …
“ဗိုလ်ခင်ညွန့်က .. ဘာမှာလိုက်လဲ” ဆိုတာမျိုးဟာ သိပ်ကို ခံရခက်တဲ့စကားတွေပါ။ လူကြီးတွေက သဘောထားအမြင်မကြီးနိုင်ဘဲ၊ လူငယ်တွေက နားလည်ပေးရတာ အတော် ကသိကအောင့် နိုင်စေခဲ့ပါတယ်။
“အမှန်တရားက ဖိနပ်စီးဖို့ ကျန်နေတုန်း .. မုသားက ကမ္ဘာကို ပတ်ပြီးပြီ ..” ဆိုတဲ့ စကားကို သွား သတိရမိတယ်။ နအဖ လက်ကိုင်တုတ် ထောက်လှမ်းရေးတွေရဲ့ သွေးခွဲသပ်သျှို၊ အညွန့်ချိုး နည်းဗျူဟာများဟာ အောင်မြင်ပါပေတယ်။ ဒီမိုကရက်တစ်အင်အားစုတွေ တဖွဲ့နဲ့ တဖွဲ့၊ တယောက်နဲ့ တယောက်ကြားမှာ သံသယတွေပွားအောင် လုပ်တာလည်း သူတို့လက်ချက်ပါပဲ။ အန်တီစုလို ပုဂ္ဂိုလ်မျိုး အနားမှာ ဝန်းရံသူတွေ ကင်းမဲ့သွားအောင်၊ အထီးကျန်အောင် အမျိုးမျိုးလုပ်ဆောင်ခဲ့တာလည်း သူတို့ လက်ချက်ပါပဲ။
တကယ်တော့ မြန်မာနိုင်ငံ စစ်အာဏာရှင်အဆက်ဆက်မှာ စစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ဆန့်ကျင်ဘက် အတိုက်အခံလို့ပဲခေါ်ခေါ် ရန်သူလို့ပဲသုံးသုံး အဲဒီလူပုဂ္ဂိုလ်တွေ၊ ခေါင်းဆောင်တွေ၊ အင်အားစုတွေကို ရှုမြင်သုံးသပ်လုပ်ဆောင်ရာမှာ စစ်အမြင်၊ စစ်ရှုထောင့်ကနေပဲ လုပ်ဆောင်တာ များတယ်။ စစ်ပွဲတွေမှာ အကောင်းဆုံးစစ်ပွဲဟာ ဘာလဲဆိုတော့ မတိုက်ဘဲနဲ့နိုင်တဲ့စစ် ဆိုတဲ့ ဥပဒေသ တခုရှိတယ်၊ အဲဒီဥပဒေသကို နအဖက မြေပေါ်မြေအောက်ကျင့်သုံးတယ်။ (လောလောဆယ် အဲဒီ ဥပဒေသနဲ့ပတ်သက်လို့ မြင်သာတာကတော့ နယ်ခြားစောင့်တပ် အဖွဲ့ခံလိုက်ရတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေပါ။) ထို့နည်းတူစွာပါပဲ မြေပေါ်နိုင်ငံရေးအင်အားစုများကိုလည်း ဒီသဘော ကျင့်သုံးတယ်။ သူတို့ တိုက်စရာမလိုတော့ဘူး၊ ဖမ်းပြီး ထောင်ထဲထည့်စရာ မလိုတော့ဘူး။ (အဲသလို လုပ်နေရရင် သူတို့အဖို့ သိပ်တွက်ချေမကိုက်ဘူးထင်ပါရဲ့ ပျက်လက်စနာမည်က ပိုပျက်လာဦးမယ်။) ဒီအဆင့်နဲ့မရမှ ထောင်ထဲထည့်ပေါ့။
အချင်းချင်းတွေ ရန်တိုက်ပေးလိုက်တယ်၊ ဦးဆောင်နေသူတွေ သမိုင်းအညွန့်ကျိုးအောင် ဖန်တီး ပေးလိုက်တယ်၊ နာမည် မပျက်ပျက်အောင် ဗျူဟာတွေ၊ မဟုတ်မမှန် တီးတိုးဝါဒဖြန့်မှုတွေနဲ့ အများစုကို အယုံသွင်းပြီး အဲဒီသူတွေကို ယုံကြည်တဲ့သူတွေ မရှိအောင်၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးလောကပါ မကျန် ဘေးရောက် ...၊ အားလုံးနဲ့ အထီးကျန်ဖြစ်အောင် တွန်းပို့ပေးလိုက်တယ်၊ အဲသလို အခြေအနေ တရပ်ကိုရောက်အောင် စစ်အာဏာရှင် လက်ကိုင်တုတ် ထောက်လှမ်းရေးတွေက ရေလာမြောင်းပေး နည်းနည်းလေးလောက် ဖန်တီးပေးလိုက်ရုံဆို လုံလောက်ပါပြီ။ ကျန်တဲအပိုင်းကို မိမိ ဒီမိုကရက်အင်အားစု ဘက်တော်သားများက ဆက်လုပ်ကြတော့တယ်။ သူတို့က ကျန်ရှိအပိုင်းကို ဆက်တွန်းကြတယ်။ တချို့ ကိုယ့်အင်အားစုတွေဆို ထောက်လှမ်းရေးက အဲသလိုခင်းပေးလို့ သူတို့ဆက်လျှောက်နေတာတောင် ဆက်လျှောက်မှန်းမသိရလောက်အောင် ထောက်လှမ်းရေးတွေက ပါးနပ်ပါတယ်။ ကျွမ်းကျင်ပါတယ်။
တခါက နပိုလီယံပြောခဲ့တဲ့စကားကို ဖတ်ဖူးမိတယ်။ “ရန်သူ လျှောက်စေချင်တဲ့လမ်းကို လျှောက်မိတာလောက် မှားတဲ့အမှား မရှိဘူး ... တဲ့”
ဆင်ခြင်နိုင်စရာစကားလေးပါ။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ထင်ရှားနေတဲ့ ကျောင်းသားခေါင်းဆောင် မင်းဇေယျတို့၊ ကိုကိုကြီးတို့ဆို .. ဒီလို အောက်တန်းကျတဲ့ ထောက်လှမ်းရေးများရဲ့ ဗျူဟာအောက်မှာ ကာလတခုထိ လူးလိမ့်နေအောင် ခံခဲ့ရပါတယ်။ မိမိအင်အားစုများရဲ့ အထင်မှားခြင်း၊ ဝိုင်းကျဉ်ခြင်းကို ခံခဲ့ရပါတယ်။ အမှန်တရား ကမ္ဘာပတ်မှပဲ သက်သာရာရခဲ့တာ မဟုတ်လား။
ဒါ့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ အပြောလွယ်သလောက် အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ အတော်ခက်ခဲတယ်ဆိုတာကို အတွေ့အကြုံတွေက သက်သေခံနေပါတယ်။
တကယ်လို့သာ အန်တီစု အပါအဝင် လူကြီးများရဲ့အားပေးမှု မရှိဘူးဆိုရင် ကျနော်တို့ လုပ်ငန်းစဉ်များဟာ တလက်မတောင် ရွေ့နိုင်စရာ အကြောင်းမရှိခဲ့ပါဘူး။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment