လှိုင်း မကြောက်သူများ
ကေသွယ်
ဇူလိုင် ၉၊ ၂၀၀၉
၆၂ - ဆဲဗင်းဇူလိုင်က အစရှိခဲ့တဲ့ ကျွန်ုပ်တို့၏ ကြယ်တာရာများ သို့ - မြန်မာဘလော့ဂါ ညီအကို မောင်နှမများ ရဲ့ အမှတ်တရ ဦးညွတ်ခြင်း။ (မိုးမခက ပြန်လည် တင်ဆက်ပါတယ်)
“ ညီမလေးကဒီ ခွပ်ဒေါင်း ရင်ထိုးလေးကို ဘာလို့ ထိုးထားတာလဲ …”
စူးရှရှ မျက်လုံးတွေ နဲ့ ပြုံးဟဟ မေးလာတဲ့မေးခွန်းကြောင့်အကျီ င်္ ကော်လာ လေးကို မသိမသာ ဖိကိုင်ရင်း အနည်းငယ် လန့်သွားမိတာတော့ဝန်ခံပါတယ်။
အဲဒီနေ့က လှိုင် တက္ကသိုလ် ရဲ့ ကျောင်းဖွင့်စ ရက်တရက်။
အရေးတော်ပုံကြီး ပြီးခါစလှိုင်းလုံးကြီးတွေ ငြိမ်သက်ပြီးလှိုင်းပုတ်သံ သဲ့သဲ့သာ ကျန်ခဲ့တဲ့ မုန်တိုင်းစဲခါစ ကမ်းခြေသောင်ပြင်တခုလို နေရာမကျသေးတဲ့ ရင် အနာတွေ နဲ့ တက္ကသိုလ်ကြီးတွေ ပြန်လည် သက်ဝင် လှုပ်ရှား လာတဲ့ ၁၉၉၁ ရဲ့ နွေနှောင်း ရက်တရက်။
+++++
ကိုယ်တွေ အတွက်တော့ ပထမဆုံးသော မ၀ံ့မရဲ တက္ကသိုလ် ခြေလှမ်းများ။ မိန်းကလေး အယောက် ၂၀ လောက်သာ ရှိတဲ့ စာသင်ခန်းလေး ထဲကကိုယ့်ဘေးက ခုံမှာ လာ ထိုင်တဲ့ မျက်လုံး ၀ိုင်းဝိုင်း နဲ့ ကောင်မလေး ကို ပထမဆုံး မိတ်ဖွဲ့ ဖြစ်ခဲ့တာ။ နယ်ပုံစံ လေးချင်း မို့ ၂ ယောက်သား ဘေးချင်းကပ် ပြီး ညနေစောင်း အတန်းပြီး တဲ့ အထိ … ကုပ်ကုပ်လေး အတူ ရှိနေခဲ့ကြတာ။
အခုသူ့ကို လာကြိုတဲ့အကို ဖြစ်ဟန်တူတဲ့လူတယောက်ကကိုယ့် အကျီင်္ ကော်လာက ငွေရောင် ခွပ်ဒေါင်း ရင်ထိုး - တကယ့် သေးသေး မျှင်မျှင်လေးကိုမှ . ဘယ်လို မြင်လို့ … ဘယ်လို သဘော နဲ့ မေးလေ သနည်း။
သတ္တိတွေ တချက်လောက် ရှိုက်သွင်းလိုက်ရင်း
“ ခွပ်ဒေါင်း ရင်ထိုး ထိုးတာခွပ်ဒေါင်းတွေ အတွက် ဂုဏ်ပြုလို့ပေါ့” လို့ခပ်မာမာ ပြန်ဖြေလိုက်တယ်။
သူကညီညာတဲ့ သွားတွေ ပေါ်အောင် ဟက်ဟက်ပက်ပက် ရီ လိုက်ရင်း …
“ အကိုက သဘောကျလို့ ချီးကျူးမလို့မေးတာပါကွ” လို့ ပြောလိုက်တဲ့သူ့မျက်နှာပေါ်မှာအလင်းတခု ကို အသေအချာ တွေ့လိုက်ရ သည်။ အဲဒီ အလင်းမျိုးကိုလည်း အဲဒီ အလင်းအကြောင်း ကောင်းကောင်းသိ တဲ့သူ ချင်း မှသာနားလည် နိုင်တာမို့သူ့ရင်ထဲကသံသယ နဲ့ ကြောက်စိတ် တွေချက်ချင်းပဲကြက်ပျေက် ငှက်ပျေက် လွင့်စင်သွားတော့တယ်။
အဲဒီလို နဲ့ တက္ကသိုလ် ရောက်ခါစ သူ့ညီမလေးကို ညနေ တိုင်း လာလာ ကြိုတတ်တဲ့ အကိုကြီးကိုသိန်းဆွေ နဲ့သူတို့ တသိုက် ရင်းနှီး သွားကြ တော့ တယ်။သူတို့အားလုံး သူ့ညီမလေး ခေါ်သလို
“ အကိုကြီး ” လို့ပဲ ခေါ်ကြတယ်။ သူ ကလည်းသူ့ညီမ ကို ခေါ်သလို “ ညီမကြီး တို့” လို့ သုံး နှုံး လေ့ ရှိတယ်။
++++
အဲဒီတုန်းက အကိုကြီးကတတိယ နှစ်ကျောင်းသား။ မောင်နှမ တသိုက်ဖျာပုံကနေ ရန်ကုန်မှာ တက္ကသိုလ် လာတတ်ကြတာ ။ နောက်တော့ သူငယ်ချင်း နဲ့အင်းလျားမှာ တခန်းတည်းနေ တစားပွဲတည်းစား တကုတင်တည်းအိပ် စာတအုပ်ထဲအတူ ကျက်ရင်း ဘ၀ချင်းတွေပါ နားလည် ရင်းနှီးခဲ့ ကြတာ။ သူ့ ညီမလေးလည်းကိုယ့် ညီမ။ ကိုယ့် အစ်မ ကို လည်းသူက မမ ခေါ် ။ သူ့ အကိုကြီးလည်း ကိုယ့် အကိုဖြစ်။ မောင်နှမတွေပွားများ လာခဲ့လိုက်တာ။
လကုန် ရက်တွေ ဆိုဖျာပုံကနေရန်ကုန်ကို တက်လာတတ်တဲ့ အရပ် ရှည်ရှည် မျက်လုံး ပြူးပြူးနဲ့ သူငယ်ချင်းတို့ အဖေ၊ အလွတ်သင် ကျောင်းဆရာကြီးက ဖျာပုံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမတ် ဆိုတာ သိ လိုက်ရတော့ သူငယ်ချင်းချင်း ပိုစည်းလုံး မိကြ မိသားစုခြင်း ပိုရင်းနှီးခဲ့ကြ။
သားသမီးတွေကိုအရမ်း ဂရုစိုက်ပြီးအရိပ်တကြည့်ကြည့် နဲ့ အကုန် လိုက်လုပ် ပေးတတ်တဲ့ အဖေကြီးတယောက် လကုန်လို့ အဆောင်ရှေ့ကို ငါးပိကြော် ပုလင်းတွေ၊ ဖျာပုံ ပုဇွန်ခြောက်ကြော် ထုပ်တွေ နဲ့ ရောက်လာပြီ ဆိုသူတို့ တအုပ်လုံး အဖေကြီး တို့ အကိုကြီး တို့ နဲ့ တူတူ ပျော်လို့။
မိသားစု မောင်နှမ သားချင်းကို ချစ်ခင် ဂရုစိုက်တဲ့ နေရာမှာအကိုကြီးကလည်း အဖေတူ သားပါပေ။ ဒါတင်မက တိုင်းပြည်အရေးမှာလည်း မဖင့်နှေးခဲ့ဘဲ အရေးတော်ပုံကာလက အကိုကြီး ထောင်ကျခဲ့သေးတယ် ဆိုတာ သိလိုက်ရတော့ သူတို့တသိုက်လုံး အကိုကြီးကို သူရဲကောင်းကြီး တယောက်လို မျက်လုံးအ၀ိုင်းသားနဲ့ ငေးခဲ့ ကြ ရပြန်ရော။
တကယ်တော့အဲဒီလို ခြေရာတထပ်တည်း လျှောက်နေကြတဲ့ သားအဖနှစ်ယောက်ကို စိတ်ဓါတ် ခိုင်ခိုင် နဲ့ ပံ့ပိုးပေးနေခဲ့တဲ့သူငယ်ချင်းရဲ့ မေမေကိုလည်း သူတို့ စိတ်ဝင်တစား ချစ်ခင် နေခဲ့ ကြတာပါ။ အကိုကြီး ဒုတိယအကြိမ် အဖမ်းခံရပြန်တော့ ဖျာပုံ ဆိပ်ကမ်းကနေသဘောင်္ကြီးနဲ့ ခေါ်သွားတာကို အဖေကြီးကကြည့်ပြီး မျက်ရည် ကျနေခဲ့တဲ့ အချိန်မှာ အမေ က အံကို တင်းတင်း ကြိတ်ရင်းမျက်ရည် တစက် မကျခဲ့ ဘူးတဲ့။
(၀ဲမှယာ) ကိုဂျင်မီ၊ ကိုသိန်းဆွေ၊ ကိုမာကီး၊ ကိုမြအေး၊ ကိုဇေယျ (အားလုံး ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ)။ ဓါတ်ပုံကို ဒီနေရာမှ ယူပါသည်။
ကျောင်းတွေလည်းဖွင့်လိုက် ပိတ်လိုက်။ သူတို့ချင်းတွေလည်း နီးလိုက်၊ ဝေးလိုက်နဲ့ပဲ ဘွဲ့တွေ အသီးသီး ရသွားကြပြန်တယ်။ လုပ်ငန်းခွင်အသီးသီး ရည်မှန်းချက်အသီးသီးနဲ့ ဘ၀တွေအသီးသီး တည်ဆောက်ကြပြန်တယ်။ ၂၀၀၀ ပြည့်နှစ်က တခါ သူငယ်ချင်းနဲ့ ပြန်ဆုံကြပြန်တော့ အကိုကြီးကပြန်လွတ်လာပြီး အဖေကြီးက အထဲကို ပြန်ရောက်နေပြန်တယ် တဲ့။
အထဲကထွက်လာတာ မကြာသေး ပေမဲ့အကိုကြီး ကတော့သူလုပ်စရာ ရှိတဲ့ ပါဝင်စရာ ရှိတဲ့ကိစ္စတွေ မှာ ပုံမှန် ပါဝင်ရင်း မိသားစု စီးပွားရေးကို ကျားကန် ပေးနေ ရှာ တယ်တဲ့။ နောက်တော့ လှုပ်ရှားမူ သတင်း ဓါတ်ပုံ တချို့မှာအကိုကြီးကိုမထင်မရှား ပြန် တွေ့လာရတတ်တယ်။ နိုင်ငံရေး ဒီလှိုင်း အရှိန်နဲ့အတူ.အကိုကြီး သတင်း အပိုင်းအစ လေးတွေအင်တာနက် သတင်းတွေ မှာ ဆက်တိုက် ဆိုသလိုဖတ်လာရ တယ်။ အဲဒီ အချိန်တွေ တလျှောက်လုံး သူငယ်ချင်းတို့ မိသားစု နိုင်ငံရေးလှိုင်းလုံးတွေကို နည်းအမျိုးမျိုးနဲ့ကြံ့ကြံ့ ခံ နေခဲ့တာတွေကိုလည်း ကြားနေ ခဲ့ ရတယ်။
အကိုကြီးတို့အတွက်ကတော့ လှိုင်းဆိုတာ ကြောက်စရာ မဟုတ်တော့ပါ။ ဘယ်လိုလှိုင်းမျိုးပဲ လာပါစေ လှိုင်းမြင့်လို့လည်း ဆင့်တက်ပြေးမည်မဟုတ်။ လှိုင်းဝေးလို့လည်း သွေးအေးနေမှာ မဟုတ်။ ဟောဒီ လှိုင်းတက် လှိုင်းကြမ်း ပြင်းထန်လှတဲ့ကမ်းခြေမှာပဲ သူတို့လုပ်စရာ ရှိတဲ့ အလုပ်တွေကို တည်တည်ငြိမ်ငြိမ် ဆောင်ရွက်နေမည့်သူများပါပေ။
အခုတော့ တခါလှိုင်းတကွေ့ကို ရဲရဲတိုးရင်း နှစ်ရှည်ထောင်ဒဏ်တွေနဲ့ အကိုကြီးက စစ်တွေ ထောင်မှာ။ အဖေ ကြီးနဲ့ ကျန်သူတွေက မိသားစုစီးပွားရေးကို ကျားကန်လို့။ သူတို့လုပ်စရာ ရှိတာတွေကို တည်တည်ငြိမ်ငြိမ် ဆက်လက်ဆောင်ရွက်လို့။ ဘယ်ကိုမှ မရွေ့။ မုန်တိုင်းတွေ ထန် တတ်တဲ့ ဟောဒီကမ်းခြေမှာပဲ မြဲမြဲ မြံမြံ။
ပြည်သူ ပြည်သားတွေအားလုံးရဲ့ ဘ၀တွေနဲ့ ကျားကန်ထားရတဲ့ တိုင်းပြည်ကြီးက တော့သူ့အတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်နေကြတဲ့၊ ဆောင်ရွက်ပြီးမြောက် သွားခဲ့ကြတဲ့၊ လှိုင်းမကြောက်သူတွေကို တနေ့မှာ လွတ်မြောက်ခြင်းနဲ့ ရွှင်လန်းခြင်းတွေကို ပြန်လည်ပေးဆပ် ဂုဏ်ပြုဦးမှာပါ။ အဲဒီ တနေ့ကိုလည်း အမြန်ဆုံးရောက်ပါစေ လို့သာပဲ။
(သမိုင်းမတင်ရသေးသော ၄၇ နှစ်မြောက် ဆဲဗင်းဇူလိုင် အား ရည်စူး ဂုဏ်ပြုလျက်ရေးသားပါသည်)
No comments:
Post a Comment