08 July 2009

Artist Htein Lin - Remembering Zarganar

ကြောက်မွှေးပါ ဇာဂနာနဲ့ နှုတ်

ပန်းချီ ထိန်လင်း

ဇူလိုင် ၈၊ ၂၀၀၉

(ကောင်းကင် အင်တာနက်မဂ္ဂဇင်းက ကူးယူဖော်ပြပါတယ်)

ZarGaNar's Picture

(ဇာဂနာ(ခေါ်) ကိုသူရ) - (ဓါတ်ပုံ ထိန်ဝင်း)

နိဒါန်း

မြန်မာနိုင်ငံတွင် ယနေ့မြင်တွေ့နေရသော ရိုးရာ အငြိမ့်သဘင် သမိုင်းကိုပြောကြသည့် အခါတိုင်း၊ အင်းဝခေတ် ဓမ္မရာသီပျို့လာ “ပွဲမျိုးရှိရာ ဖွေရှာတီးမတ်၊ သောက်တုံ့လှည့်လည် အငြိမ့်သည်” ဆိုသော လင်္ကာကို ထောက်ပြီး အင်းဝခေတ် ကထဲကပင် အငြိမ့်သည်များ ရှိကြဟု ပြောကြသော်လည်း၊ တကယ်တမ်း ဒီနေ့ ကျွန်တော်တို့ ပြောဆိုနေသော အငြိမ့်သဘင်၊ အနုပညာပုံစံ မျိုးကိုမူ ဗြိတိသျှ ကိုလိုနီ ခေတ်နှောင်းပိုင်း ၀ံသာနု လူရွင်တော်ကြီး ဦးချစ်ဖွယ်နှင့် ဒေါ်စိန်သုံတို့မှ စတင်ခဲ့ပြီး၊ ထိုသို့ စတင်ကတည်းကို အငြိမ့်သဘင်သည် စင်မြင့်ပေါ်မှ စတင်ခဲ့ပါသည်။ ဇာတ်သဘင် ကဲ့သို့ မြေ၀ိုင်းခေတ်ကို မဖြတ်သန်းခဲ့ခြင်းကို ဆိုလိုပါစေ။

မည်သို့ပင်ဖြစ်စေ ကနေ့တွင်မူ အငြိမ့်သဘင်သည် ရုပ်မြင်သံကြားအငြိမ့်၊ ဗီဒီယိုအငြိမ့် သာမက ယနေ့ သီးလေးသီးအငြိမ့်သဘင် တခတ်တွင်မူ အင်တာနက် အငြိမ့်သဘင်ထိ ချီတက်လာနိုင်ခဲ့သည်ကို တွေ့ရပေမည်။ အငြိမ့်သဘင်ကို စင်ပေါ်မှ ဖန်သားပြင်ပေါ် ပခုံးထမ်း တင်ခဲ့သူများတွင် အဓိကပုဂ္ဂိုလ်မှာ ဇာဂနာ ဖြစ်ပေသည်။ ထို့အပြင် မြန်မာနိင်ငံတွင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်အတွက် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း တောက်လျောက် အားထုတ်နေသော ပုဂ္ဂိုလ်ကိုလက်ညိုးထိုးပြပါ ဆိုလျင်လည်း သူ့ကိုပင် လက်ညိုးထိုးပြရမည်ဖြစ်ပါသည်။

ကျွန်တော်ကို ယခုအခါ၌ လူအများက ခေတ်သစ် ပန်းချီဆရာတစ်ဦး၊ တစ်ချို့လည်း နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဟု သိထားကြပါသည်။ သို့ရာတွင် ကျွန်တော်နှင့် တစ်ခေတ်ထဲ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘ၀ကို ဖြတ်သန်းခဲ့ကြသူများ၊ ဗီဒီယိုရုပ်ရှင် ၀ါသနာအိုး တစ်ချို့ကမူ လူရွှင်တော် ထိန်ထိန်ဟု သိထားကြသူများပါသည်။ ဤနေရာတွင် ကျွန်တော့် အနေနှင့် ရိုးသားစွာ ၀န်ခံရမည့် အချက်မှာ မြန်မာနိုင်ငံ အနုပညာလောကတွင် ဇာဂနာ ဟူသော အနုပညာရှင်တစ်ဦးသာ မပေါ်ပေါက်ဘူး ဆိုပါလျင် လူရွင်တော် ထိန်ထိန်သည်လည်း ပေါ်လာစရာ မရှိသည်ကို ၀န်ခံရပေမည်။ ယခုကျွန်တော် ရေးသားမည့် အရေးအသားသည် ကျွန်တော့် အနုပညာသည် ဘ၀တစ်လျောက် ကြုံဆုံခဲ့ရဘူးသောနိုင်ငံကျော် လူရွင်တော် ဇာဂနာ အား စကားလုံးများဖြင့် ပုံဖေါ်ကြည့်ခြင်းဖြစ်ပါသည်။


လူရွင်တော် ဇာဂနာ နဲ့ စတင်ဆုံတွေ့ခဲ့တဲ့နေ့

ကျွန်တော် (၉) တန်း ကျောင်းသားဘ၀ ဇာတိတောမြို့လေးမှာ ဗီဒီယိုဆိုတာ ဟင်္သာတမြို့က လာပြတော့ ဇာတ်ကားမပြခင် (အဲဒီချိန်က မြန်မာဗီဒီယိုဇာတ်ကားတွေ မပေါ်သေးဘူး) နမူနာ ပြတာက မြန်မာ့ရုပ်မြင်သံကြားက ကူးထားတဲ့ မိုးနတ်သူဇာအငြိမ့်အဖွဲ့ ဖျော်ဖြေခန်း မင်းသမီးချောသီတာဝင်း လူရွင်တော်တွေက ဇာဂနာ၊ ပိန်ပိန၊် စုတ်ချွန်း၊ တက်တူ တဲ့။

ကျွန်တော် မှတ်မိနေတဲ့ ပြက်လုံးက သင်္ချာဇာဂနာတဲ့။ အဲဒီအချိန်က အင်မတန်ခေတ်စားတဲ့ ရိုက်စား ကျူရှင် လောကကို သရော်ထားတဲ့ ပျက်လုံးပါ။ ပျက်လုံးထဲမှာ ကျူရှင်ဆရာအဖြစ် သူက သရုပ်ဆောင်တဲ့အခန်းမှာ စာမသင်ပဲ နာမည်ကြီးမင်းသား ၀င်းဦး၊ ဇော်ဝမ်း၊ ကောလိပ်ဂျင်နေ၀င်း၊ မြတ်လေး အိုက်တင်တွေ အမျိုးမျိုးလုပ်ပြပြီး ပြက်လုံးထုတ်သွားပါသဗျ။ ကျွန်တော်အမြင်မှာ ခုလို တက္ကသိုလ်ကျောင်းသားတွေ၊ ဘွဲ့ရ လူငယ်တွေကနေ ခုလို အဆင့်အတန်းမြင့်တဲ့ ပြက်လုံးတွေထုတ် နိုင်တာ တွေ့တော့ အလွန်ပဲ အံ့သြမိပါတယ်။

တကယ်တန်း သူနဲ့ ကျွန်တော်တို့ လူချင်းစတင်ပြီးတွေ့ဘူးကြတဲ့ နေရာကတော့ ၁၉၈၅ ခု ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ (ယခင် ဒေသကောလိပ်၂) ရဲ့ ဆို၊ က၊ တီး ပြိုင်ပွဲနဲ့ လူရွှင်တော်ရွေးပွဲ စင်မြင့်ပေါ်မှာပါ။ တက္ကသိုလ်ရောက်တဲ့ နှစ်မှာပဲ လူရွှင်တော် ပြိုင်ပွဲနဲ့တိုးပါတယ်။ အရင်တုန်းကတော့ ကိုသူရတို့က ကျောင်းပွဲတွေ “က” ခဲ့တာပါ။ သူတို့က ကျောင်းပြီးသွားတာရယ် မိုးနတ်သူဇာ အဖွဲ့နာမည်နဲ့ အပြင်ပွဲတွေ လက်မလည်အောင် “က” နေရတာရယ်ကြောင့် ကျောင်းမှာ လူရွင်တော် မျိုးဆက်သစ်တွေ လိုလာသဗျ။

ဒါကြောင့် အဲဒီအချိန်က ကျောင်းအုပ်ကြီးက ဦးကောင်းညွန့်လေ၊ အဲဒီ ပွဲမှာ ကျောင်းကထွက်သွားပြီး နိုင်ငံကျော်သွားကြတဲ့ ကိုသူရနဲ့ ကိုပိန်ပိန်၊ ကိုတက်တူ၊ ကိုစုတ်ချွန်းတို့က အနုပညာအသင်း အတွင်းရေးမှုး ဆရာဦးနေ၀င်း (ကဗျာဆရာမောင်နံ့သာ) နဲ့အတူ ဒိုင်လူကြီးများအဖြစ် ဆောင်ရွက်ကြသဗျ။ ပြိုင်ပွဲ မစခင်မှာ ဒိုင်လူကြီး လုပ်မဲ့ နိုင်ငံကျော် လူရွင်တော်တွေကိုယ်တိုင် စင်ပေါ်တက်ပြီး ပြိုင်ပွဲ စည်းကမ်းတွေကို ရှင်းလင်းပြီး သရုပ်ပြတဲကအနေနဲ့ ပြက်လုံး အနည်းငယ် ထုတ်ပြသဗျ။ ဒါကပထမဆုံး ဇာဂနာကို စင်ပေါ်မှာ အရှင်လတ်လတ် တွေ့ခဲ့ဘူးတာပါ။

ကျွန်တော်တို့ က အဖွဲ့လိုက် ၀င်အရွှေးခံ သဗျ။ လူရွင်တော်တွေက ထိန်ထိန်၊ ဖြတ်ထုံး (ကဗျာဆရာ နရီ ၊မြိတ်၊)၊ ဂျက်ဆင်နဲ့ ပြောင်ပြောင်တို့ပါ။ ဂျက်ဆင်ရဲ့ နာမည်ရင်းက မောင်မောင်ဝမ်းဖြစ်ပြီး ကျွန်တော်လိုပဲ ဥပဒေပထမနှစ် တက်နေသူပါ။ နောင်ခါမှာ ရေနံချောင်းမြို့နယ်ရဲ့ ကျောင်းသားသမ္မဂ္ဂ ဥက္ကဌ ဖြစ်လာပြီး နိုင်ငံရေး အကျဉ်းသားဟောင်းလဲ ဖြစ်လာပါသဗျ။ ပြောင်ပြောင်ကတော့ နောက်ပိုင်း နာမည်ပြောင်းပြီး နိုင်ငံကျော် လူရွင်တော် ဂေါ်ဇီလာဖြစ်လာပါတယ်။ အဲဒီနှစ်မှာ ကိုသူရ ဦးဆောင်တဲ့ ဒိုင်အဖွဲ့က ကျွန်တော်၊ ဖြတ်ထုံးနဲ့ တစ်ဦးချင်း ၀င်ပြိုင်တဲ့ သချာင်္ကျောင်းသား စုတ်ဖွားနဲ့ ဓါတုဗေဒကျောင်းသား မိုးကျော်သူ တဖြစ်လဲ လူရွင်တော် ဓါတ်ခဲတို့ကို ရွေးခဲ့သဗျ။ ဒီလိုနဲ့ ကျွန်တော်တို့ဟာ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေရဲ့ လူရွင်တော်တွေ ဖြစ်လာကြသဗျ။

ကျွန်တော် တို့အငြိမ့်အဖွဲ့ အမည်က ဆန်းစသော်တာတဲ့။ မင်းသမီးတွေက သီတာမြင့်၊ နောင်အခါ နွဲ့ဆိုးဇာတ်ကားနဲ့ စတင်ကျော်ကြားပြီး ရုပ်ရှင်မင်းသမီး ဖြစ်လာမဲ့ ချစ်ချစ်ဇော်နဲ့၊ နောင်အခါ န၀တရဲ့ ၀ါဒဖြန့်ချီရေး ရုပ်မြင်သံကြား ဇာတ်လမ်း “ပါပီမ” မှာ မင်းသမီးလုပ်ပြီး အနုပညာလောက ကနေ ပျောက်ကွယ်သွားမဲ့ ယုနန္ဒာမြင့်တို့ပါ။ ကဗျာဆရာ မောင်နံ့သာ (ခေါ်) ဆရာဦးနေ၀င်းက ဇာတ်စီးသဗျ။ ကျောင်းအုပ်ကြီး ဆရာကြီး ဦးကောင်းညွန့်ကလဲ အနုပညာကို အထူးအားပေးသဗျ။ အဲဒါကတော့ ကျွန်တော်နဲ့ ကိုသူရတို့ ပထမဆုံး စတွေ့ကြပုံပါ။


ဇာဂနာ နှင့် (၈၈) မတိုင်မှီ တက္ကသိုလ် အနုပညာ လှုပ်ရှားမှုများ

အဲဒီခေတ်က တက္ကသိုလ်တွေမှာ ပွဲလမ်းသဘင်တွေကလဲ အလွန်များကြသဗျ။ ရွှေခေတ်လို့ ပြောရပါလိမ့်မယ်။ ကိုသူရတို့ မိုးနတ်သူဇာ အငြိမ့်နဲ့ တခေတ်ထဲ ရုပ်မြင်သံကြားမှာ နာမည်ရလာတဲ့ နောက်အဖွဲ့က စီးပွါးရေး တက္ကသိုလ်ကထွက်တဲ့ ကိုမေတ္တာ၊ ကိုညောင်ညောင် မင်းသမီး အေးအေးမြင့်တို့ ဦးဆောင်တဲ့ တခိုင်လုံးရွှေ အငြိမ့်ပါ။

ရုပ်မြင်သံကြားမှာ အဲဒီ အငြိမ့်အဖွဲ့တွေ ဖျော်ဖြေရေး အစီအစဉ်ပါတဲ့ နေ့တွေဆို တနိုင်ငံလုံး စောင့်ပြီး အားပေးကြသဗျ။ ခုခေတ် ကိုရီးယား ဇာတ်လမ်းတွဲတွေ ခေတ်စားသလိုပါပဲ။ အဲဒီလို တက္ကသိုလ်က ထွက်တဲ့ အငြိမ့်အဖွဲ့တွေရဲ့ အောင်မြင်မှုကြောင့် အဲဒီခေတ်က ရန်ကုန်တက္ကသိုလ် ပင်မ၊ လှိုင်နယ်မြေ၊ ကြည့်မြင်တိုင် နယ်မြေ၊ စက်မှုတက္ကသိုလ်တို့မှာ အငြိမ့် လူရွင်တော်တွေဟာ တော်တော် ခေတ်စားသဗျ။

ရန်ကုန်တက္ကသိုလ် ပင်မမှာ အနုပညာအသင်း အတွင်းရေးမှုး ဆရာဦးအောင်ကျော်တိုး (စာရေးဆရာမ ဒေါ်နုနုရည်(အင်းဝ))ရဲ့ ခင်ပွန်း ဦးဆောင်မှုနဲ့ လူရွင်တော် အရိုင်း၊ ကိုဖိုးဖြူ၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ပေါ်ပေါ်၊ မင်းသမီးက စောင်းဦးဘသန်းရဲ့သမီး ထိပ်တင်ဟန်၊ မင်းသား “အက”မှာက စွယ်စုံ အနုပညာရှင် ဆရာကြီး ဦးဝင်းဖေရဲ့သား ကိုအောင်ကျော်ဆန်းတို့ရဲ့ လှုပ်ရှားမှာတွေက တော်တော် အားကောင်း သဗျ။

ကြည့်မြင်တိုင် နယ်မြေမှာက “အဖေတစ်ခု၊သားတစ်ခု” ရုပ်ရှင်နဲ့ ကလေးသရုပ်ဆောင် အကယ်ဒမီဆုရှင် အောင်ထွန်းလေးတို့က အော်ပရာတွေ ယိမ်းတွေ။

စက်မှု တက္ကသိုလ်မှာက စွယ်တော်ရိပ် အငြိမ့်တဲ့။ လုပ်သား ကောလိပ်မှာလည်း အငြိမ့် လူရွင်တော်တွေ ပေါ်လာသေးသဗျ။

အထူးသဖြင့် သင်္ကြန်ပွဲတော်မှာ တက္ကသိုလ် အနုပညာအသင်းတွေဟာ မြို့တော်ခမ်းမရှေ့ မဏ္ဌပ်၊ ဆေးတက္ကသိုလ် (၁) ရှေ့၊ ပညာရေးဝန်ကြီးဌာန မဏ္ဌပ်တို့မှာ အပြိုင်အဆိုင် ဖျော်ဖြေ တင်ဆက်ကြသဗျ။ တကယ်တော့ ဒီလို တက္ကသိုလ်မှာ အငြိမ့် လှုပ်ရှားမှာတွေ အားကောင်းလာခြင်းဟာ၊ ဇာဂနာ၊ မေတ္တာ၊ အရိုင်း၊ ပိန်ပိန်၊ တက်တူ၊ အစရှိတဲ့ လူရွှင်တော်တွေ မြန်မာ့ရုပ်မြင်သံကြားမှာ အောင်မြင် ကျော်ကြားလာခြင်းရဲ့ အကျိုးဆက်တွေလို့ ပြောရင်မမှားပါဘူး။

ဒီလို တက္ကသိုလ် ကျောင်းသားတွေ ကိုယ်တိုင် လူရွင်တော်တွေအဖြစ် ပါဝင် တင်ဆက်လာကြတာဟာ ကိုသူရတို့ ခေတ်ကျမှ ပေါ်လာတာတော့ မဟုတ်ပါဘူး။ ဒီရှေ့ တက္ကသိုလ်ရွှေရတု ကာလမှာ ကိုမျက်မှန် (ခေါ်) ကိုတင်မောင်ဌေး(ကွယ်လွန်)၊ ကိုလန်ဘား၊ ချစ်စရာနဲ့ ကိုဘီယာတို့ တခေတ် ရှိခဲ့ဘူးပါတယ်။ သူတို့ထဲက လက်ရှိ လူရွင်တော် အဖြစ် ဆက်အသက်မွေးဝမ်းကြောင်းပြုသွား သူကတော့ အပုလေး ကိုချစ်စရာပါ။ ဒါလည်း မိုးနတ်သူဇာ အငြိမ့် ကျော်ကြားလာပြီးနောက်မှာ ကိုသူရပဲ ရှေ့က လူရွင်တော် ဟောင်းတွေကို လိုက်တွေ့ပြီး အတူတူ “က” ရအောင် ခေါ်“က”ရာက ဆက်လုပ်ဖြစ်သွားတာပါ။

အဲဒီအချိန် ကျွန်တော်က နယ်ကလာတဲ့ ကျောင်း်သားဖြစ်သမို့ အင်းဝ ကျောင်းဆောင်မှာ နေခွင့်ရသဗျ။ မှတ်မိ နေတာကတော့ ရုပ်မြင်သံကြားကနေ မိုးနတ်သူဇာ အငြိမ့်လာတဲ့ နေ့တွေဆို ကျောင်းဆောင်တွေတိုင်းက တယ်လီဗေးရှင်း ထားတဲ့ ဧည့်ခန်းထဲမှာ အပြည့် စောင့်ပြီး အားပေးကြတာပါ။

အဲဒီအချိန်က ပင်မတက္ကသိုလ်နဲ့ လှိုင်နယ်မြေမှာ အဆို၊ အတီး၊ အက လှုပ်ရှားမှုတွေသာမက ပန်းချီနဲ့စာပေ လှုပ်ရှားမှုတွေကလဲ များမှ များသကိုး။ ကန့်ကော်ရွာ ပန်းချီပြပွဲနဲ့ ကာတွန်းပြပွဲတွေ၊ ကဗျာ လှုပ်ရှားမှုတွေက အားကောင်းတော့ ကျောင်းပြီးသွားလို့အပြင် လောကမှာ အောင်မြင်နေကြတဲ့ အနုပညာရှင် တော်တော်များများဟာ ကျောင်းကို သံယောဇဉ် မပြတ်နိုင်ပဲ အချိန်ရတာနဲ့ ကျောင်းထဲကို အလည်ရောက်ရောက် လာတတ်ကြပါတယ်။ အဲဒီထဲမှာ ကိုသူရ ထိပ်ဆုံးက ပါတတ်ပါတယ်။ သူတို့ကတော့ သူများတွေထက် ထူးပြီး အနုပညာအသင်း ရုံးခန်းမှာကို စုပြီး ဖြစ်သလို အိပ်တတ်ကြပါတယ်။

သီတင်းကျွတ် တန်ဆောင်တိုင် ရောက်ပြီဆိုတာနဲ့ ရန်ကုန်ထဲက လမ်းမတော်၊ အလုံ၊ ကျောက်တံတား၊ ပန်းပဲတန်း၊ ဗိုလ်တထောင် တ၀ိုက်မှာ မိုးနတ်သူဇာ စင်တင် အငြိမ့်ပွဲတွေ မပြတ်တော့တာမို့ မကြာခဏ သွားအားပေးဖြစ်ပါတယ်။

ကျွန်တော် အဖို့ “ပိုး” ပါလာလို့သာ မထင်မှတ်ပဲ လူပျက် ဖြစ်လာပြီး ဘာမှ သေသေချာချာ လေ့လာ သင်ယူခဲ့ဘူးတာ မဟုတ်တော့ ညညဆို မြို့ထဲမှာ “က” နေတဲ့အငြိမ့်တွေ ဇာတ်တွေထဲက တဖွဲ့ဖွဲ့ကို သွားကြည့်ပြီး အဲဒီထဲက လူရွှင်တော်တွေရဲ့ ပြက်လုံးတွေကို မှတ်စုစာအုပ်တစ်အုပ်နဲ့ လိုက်မှတ်တာပါပဲ။

အဲဒီလိုနဲ့ ကျွန်တော်တို့ ဆန်းစသော်တာ ရုပ်မြင်သံကြား အငြိမ့်ခန်းရိုက်ကူးဘို့ ခွင့်ပြုချက် ကျလာတဲ့အတွက် မင်းသမီးဖြစ်တဲ့ ချစ်ချစ်ဇော်တို့အိမ်မှာ တရုန်းရုန်း ပြက်လုံးတွေတိုက် ကြပါတယ်။ ပြက်လုံးတိုက်တဲ့ နေရာကို ကိုသူရ၊ ကိုအရိုင်းနဲ့ ကိုပိန်ပိန်တို့ပါ ရောက်လာပြီး ကျွန်တော်တို့ ပြက်လုံးတွေကို ပိုကောင်းအောင် ကြည့်ပြီး ပိုကောင်းအောင် ဖြည့်ပေးကြသဗျ။ အထူးသဖြင့် မျက်နှာအမူအယာနဲ့ လေယူလေသိမ်းတို့ကို တော်တော် အပင်ပန်းခံပြပေးကြပါသဗျ။

ခက်တာက ကျွန်တော်တို့ အသက်က (၁၇) နှစ်လောက်တွေ။ ကိုယ့်ကိုကိုယ် တော်တော် ဟုတ်နေပြီလို့ ထင်နေတာဆိုတော့ အဲဒီတုန်းက သင်ပြပေးတာကို ခပ်ပေါ့ပေါ့ပဲ သဘောထားမိခဲ့သဗျ။ သူတို့ကတော့ ကြိုစားပန်းစား သင်ပြပေးရှာပါတယ်။ ဒီလိုနဲ့ ရုပ်မြင်သံကြား၊ ရိုက်ဖြစ်ကြပါတယ်။ အရွယ်တွေက အရမ်းငယ်တော့ ပရိတ်သတ်က ကလေးလူရွှင်တော်လေးတွေလို့ သဘောထားကြသဗျ။

အဲဒီလိုနဲ့ တက္ကသိုလ် လှိုင်နယ်မြေ အနုပညာအသင်း ပွဲတွေနဲ့တင် အလုပ်တွေရှုပ်နေပေမဲ့ နေတဲ့အဆောင်က ပင်မတက္ကသိုလ်ထဲက အင်းဝဆောင်ဆိုတော့ ပင်မ အနုပညာအသင်းကြီးမှာ အမြဲအဖွဲ့ ကျလေ့ရှိတဲ့ ကိုသူရနဲ့ မကြာခဏ ဆုံဖြစ်ပါတယ်။ နောက်တော့ ကိုသူရကို ဒါရိုက်တာ မောင်တင်ဦးက ခေါင်းဆောင် မင်းသားအဖြစ် တင်ပြီး မင်းသားတော့ မင်းသားဆိုတဲ့ ဇာတ်ကားရိုက်နေတဲ့ အကြောင်းမဂ္ဂဇင်းတွေမှာ သတင်းတွေ ပါလာပါတယ်။

အဲဒီ ဇာတ်ကားမှာ သူက ဘ၀မေ့ အောက်ခြေလွတ်သွားတဲ့ မျောက်ဆရာအဖြစ် သရုပ်ဆောင်ရသဗျ။ တစ်ရက်မှာတော့ သူ့ကို အရိုင်းတို့ ကင်တင်းမှာ တ၀ါးဝါး ၀ိုင်းဖွဲ့နေတာ တွေ့တော့ ၀င်ထိုင်ဖြစ်ပါတယ်။ သူ့ကို ရုပ်ရှင်ရိုက်ကွင်းထဲမှာ သူနဲ့တွဲပြီး မျောက်လိမ္မာ သရုပ်ဆောင်ရတဲ့ မျောက်က ကိုက်လို့ ဒုက္ခရောက်ရထဲက အကြောင်း ပြောပြနေတာပါ။ မျောက်ကိုက်တဲ့ ဒဏ်ရာတွေလည်းပြသဗျ။ အဲဒီ ကြုံရတဲ့ ကမောက်ကမတွေက သူ့ဘ၀ တစ်လျောက်လုံးမှာ အပြည့်ဆိုတာကို နောက်ပိုင်းကျ ပိုနားလည်လာရပါတယ်။


ဇာဂနာနဲ့ မိုးနတ်သူဇာ အငြိမ့် တစ်ခေတ်

“ရိုးရာကို တိုးကာချစ်တဲ့ မျိုးမြန်မာ အစစ် မောင်မယ်တွေ

မိုးနတ်သူဇာ ဂုဏ်သတင်း ထုံသင်းကြိုင်ဝေ(ထုံသင်းကြိုင်ဝေ)

စည်တိုရိုက်သံတွေကြားက အင်မတန် မြူးကြွလှတဲ့ မိုးနတ်သူဇာ”

အငြိမ့်ခန်း၊ အဖွင့်သီချင်းပါ။ ကိုလိုနီခေတ်နဲ့ ပါလီမာန် ဒီမိုကရေစီခေတ်က အင်မတန် အားကောင်းခဲ့တဲ့ အငြိမ့်သဘင်ဟာ ဗိုလ်နေ၀င်းရဲ့ “မ၊ဆ၊လ” တစ်ခေတ်မှတော့ တစတစ မှေးမှိန်လာခဲ့သဗျ။ အထူးသဖြင့် “မောင်အလုပ်သမား ဆိုရင် ဒီကပင် စတင် ချစ်၊ ချစ်ပါရစီ။” ဆိုတဲ့ ၀ါဒဖြန့် လှိုင်းတံပိုးတွေအောက်မှာ ပြည်သူ့အတွက်လို့ ကြွေးကြော်လွန်းလို့၊ ပြည်သူ့ဘ၀နဲ့ တဖြည်းဖြည်း ဝေးကွာသွားပါတော့တယ်။ အဲဒီလိုနဲ့ “မ၊ဆ၊လ” ပါတီရဲ့ နေ၀င်ချိန် ကာလတွေမှာ ရုပ်မြင်သံကြားပေါ်လာတာနဲ့ မရှေးမနှောင်းဆိုသလို မိုးနတ်သူဇာ အငြိမ့်ခန်းဆိုတာ ထင်ပေါ် ကျော်ကြားလာပြီး အငြိမ့်သဘင်ဟာ ပုံစံအသစ်နဲ့ ဖန်သားပြင်ပေါ် တက်လာပါတယ်။

ပုံစံအသစ်လို့ ပြောရခြင်းကတော့ ဇာဂနာရဲ့ ပြက်လုံး တွေဟာ

(၁) လောလောလတ်လတ် ဖြစ်ပေါ်တဲ့ လူထု ပြသာနာတွေပေါ်မှာ အခြေခံပြီး ပြက်လုံးထုတ်ခြင်း၊

(၂) ယခင် စင်တင်လူပြက်တွေလို မျက်နှာအမူအယာနဲ့ လေယူလေသိမ်းတွေ အပြင် ရုပ်မြင်သံကြား ကင်မရာတွေရဲ့ အထူးပြုလုပ်ချက်တွေ၊ တည်းဖြတ်မှု အတတ်ပညာတွေကိုပါ တွင်တွင်ကျယ်ကျယ် အသုံးပြုပြီး ပြက်လုံးတွေကို ဖန်တီးလာခြင်း

စတဲ့ အချက်တွေဟာ ယခင်ပုံစံတွေထဲက သိသိသာသာ လမ်းခွဲထွက်လာလို့ပါ ခင်ဗျ။ ဒါ့အပြင် အငြိမ့်သီချင်းတွေဟာလဲ ယခင်လိုရည်းစားမျှော်၊ ၀ါဒဖြန့်သီချင်းမျိုးတွေ မဟုတ်တော့ဘဲ ထူးထူးခြားခြား အမျိုးသားရေးကို အားပေးခဲ့တဲ့ သီချင်းတွေ၊ အငြိမ့်သဘင် သမိုင်းတစ်လျှောက် ထင်ရှားခဲ့တဲ့ သီချင်းတွေကို ပြန်လည် ဖေါ်ထုတ်တာမျိုးတွေ လုပ်လာပါတယ်။ အဲဒီထဲက ထင်ရှားခဲ့တာတွေကတော့ ခေတ် ငါးခေတ် အငြိမ့်ခန်းနဲ့ (၁၂) လရာသီ အငြိမ့်ခန်းတို့ဖြစ်သဗျ။

အဲဒီလို ထူးထူးခြားခြား တင်ဆက်နိုင်ဘို့ အတွက် သီချင်းတွေ သမိုင်းဆိုင်ရာ အချက်အလက်တွေကို ရှာဖွေ ဖြည့်ဆည်းပေးကြသူတွေက မြန်မာပညာရှိလို့ပြောရမဲ့ ကိုသူရရဲ့ ဖခင်လည်းဖြစ်တဲ့ ဆရာကြီးနန်းညွန့်ဆွေ၊ မုံရွာဦးလေးခန့်၊ ဂီတလုလင် ဦးကိုကိုနှင့် စွယ်စုံ အနုပညာရှင် မင်းသားကြီး ဦးဝင်းဦးကိုးဗျာ။ မကောင်းရှိပါ့။

ဆိုင်းက ရွာစားကျော် စိန်မြင့်ခိုင်။ ဒီလိုနဲ့ အရှိန်အဟုန် ကောင်းကောင်း ချီတက်နေဆဲမှာပဲ၊ ဇာဂနာ ဘ၀ရဲ့ အချိုးအကွေ့ နှစ်ခုဟာ (၁၉၈၆) ခုနှစ်မှာဖြစ်ခဲ့သဗျ။

ပထမ အချိုးအကွေ့က မိုးနတ်သူဇာ အငြိမ့်မှာ ရှေ့ထွက်မင်းသမီးအဖြစ် ကနေတဲ့ မလွင်မာဦး (ခ) ပေါက်ပေါက်နဲ့ လက်ထပ်ပြီး အိမ်ထောင်သည် ဘ၀ကို ခံယူလိုက်တာပါ။

ဒုတိယ အချိုးအကွေ့ကတော့ မိုးနတ်သူဇာ အငြိမ့်နဲ့ လမ်းခွဲပြီး မြပုဏ္ဏမာ အငြိမ့်ကိုထူထောင် လိုက်တာပါ။ ဒီနေရာမှာ မိုးနတ်သူဇာ အငြိမ့်နဲ့ လမ်းခွဲတယ်ဆိုတာထက် ခေါင်းဆောင်မင်းသမီး သီတာဝင်းနဲ့ လမ်းခွဲဆို ပိုမှန်ပါမယ်။ ငွေကြေး ခွဲဝေမှုကြောင့်၊ အဖွဲ့ အောင်မြင်လာမှုဟာ သူ့ကြောင့်၊ ငါ့ကြောင့် ပြိုင်ကြလို့၊ စသည်ဖြင့် ကောက်ချက် အမျိုးမျိုး ချကြသလို၊ ကိုသူရကိုယ်တိုင်လဲ ရတီမဂ္ဂဇင်းမှာ အခန်းဆက် အင်တာဗျူးမှာ ပြောခဲ့၊ ကိုပိန်ပိန်ကလည်း မိုးနတ်သူဇာနဲ့ ဆက်လက်တွဲခဲ့သူမို့ သူကလည်း မဂ္ဂဇင်းတွေမှာ ရှင်းခဲ့၊ ငြင်းခဲ့ပါတယ်။

မိုးနတ်သူဇာက ခွဲထက်တဲ့အခါ ကိုအရိုင်း တစ်ယောက်သာ ပါလာပြီး ကျန်တဲ့ လက်တွဲတက်ခဲ့တဲ့ လူရွှင်တော် တက်တူ၊ ပိန်ပိန်၊ စုတ်ချွန်းတို့က သီတာဝင်းနဲ့ ကျန်ခဲ့ကြပါတယ်။ ဇာဂနာနဲ့ အရိုင်းတို့ ထွက်သွားတဲ့ နေရာကို စကှ်ုတက္ကသိုလ်က ကျောင်းပြီးလာတဲ့ ချွန်စက်နဲ့ မိန်း ထဲက စီနီယာလူရွှင်တော် အပုလေး ကိုချစ်စရာနဲ့ ကျားကန်လိုက်ပါတယ်။

ကိုသူရတို့ လမ်းခွဲကြပြီ ဆိုတဲ့အခါ အဖွဲ့သစ်အတွက် လူရွင်တော်သစ် လိုတဲ့ သတင်းကြားပါတယ်။ ကျွန်တော်တို့ကိုလဲ ပါစေချင်တယ်ဆိုတာ သိရပါတယ်။ ကင်းကောင်၊ ကိုဖိုးဖြူတို့တွေ ပါလာမယ်ဆိုတာလဲ ကြားရပါတယ်။ ခက်တာက အဲဒီအချိန်က ကျွန်တော်၊ စုတ်ဖွါးနဲ့ ဖြတ်ထုံးတို့ အတွဲလေးက တော်တော်လေး အတွဲညီနေပါတယ်။ အဲဒါကြောင့် ရိုးရိုးသားသား ၀န်ခံရရင် ငါတို့ ရှေ့ကသွားခဲ့တဲ့ နောင်တော်တွေလိုပဲ တနေ့ ဘာလို့ မအောင်မြင်ရမလဲဆိုတဲ့ ဘ၀င်လေးက ကျွန်တော်မှာရှိနေပါတယ်။ တဖက်က ချစ်ချစ်ဇော် တို့နဲ့တွဲ ကလာတဲ့ သံယောဇဉ်ကလဲ ရှိနေတော့၊ ကိုသူရတို့နဲ့ သွားတွဲဘို့ စိတ်က မပါပါဘူး။ ဟိုလိုလို ဒီလိုလို ချီတုံ ချတုံ ဖြစ်နေပါတယ်။

ကိုသူရဘက်ကတော့ သိပ်အချိန်ဆွဲနေလို့ မရပါဘူး။ လပိုင်းအတွင်းမှာ မင်းသမီးဝင့်သိင်္ဂီနဲ့ ဇာဂနာ၊ အရိုင်း၊ ဖိုးဖြူ၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဂေါ်ဇီလာတို့ရဲ့ မြပုဏ္ဏမာ အငြိမ့်အဖွဲ့ဟာခေတ်ရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းဘို့ မွေးဖွါးလာပါတော့တယ်။

ဒီနေရာမှာ မိုးနတ်သူဇာမှာ သီတာဝင်းနဲ့ ဇာဂနာတို့ ကွဲပြားလာတဲ့ အဓိကအချက်ကို (ကျွန်တော်အမြင်) အနည်းငယ်ပြောခဲ့ချင်ပါတယ်။ သဘောမတူကြရင်လဲ ကန့်ကွက်ကြပါ။ မိုးနတ်သူဇာရယ်လို့ ဖြစ်လာပြီးတဲ့အခါ ဇာဂနာရဲ့ ပြက်လုံးတွေက ပြည်သူလူထုဘက်ကို နီးသထက် နီးလာသလို၊ တဖက်က သီတာဝင်းရဲ့ အကအလှတွေက အဲဒီခေတ် အကောင်ကြီးကြီး အမြီးရှည်ရှည်တွေကြား ရေပန်းစားလာပါတယ်။ ဇာဂနာအတွက် ပြည်သူ့ လက်ခုတ်သံတွေက တန်ဖိုးဖြစ်လာသလို၊ သီတာဝင်းအတွက် အိမ်တော်ပွဲလို ဟာမျိုးကအဓိက ဖြစ်လာပါတယ်။ ကျွန်တော်မြင်တဲ့ အဓိက ကွဲလွဲချက်ပါ။ ကျန်ခဲ့တဲ့ လူရွင်တော်တွေကလည်း သီတာဝင်း (ခေါ်) အန်တီမော် (ခင်မြတ်မော်) နဲ့ သိပ်မကွဲလွဲပါဘူး။

ကျွန်တော့် ဘ၀ကို အချိန်ပိုရှိတဲ့ ကာလရောက်လို့ ပြန်စစ်ကြည့်တော့ အရေကြီးတဲ့ အချိုးအကွေ့တွေမှာ ကိုသူရ မြပုဏ္ဏမာကို စထောင်ခဲ့စဉ်ကထဲက သွားလက်မတွဲမိခဲ့တာ အင်မတန် မှားခဲ့တယ်လို့ သုံးသပ်မိပါတယ်။ ဒါကြောင့် ဒီကာလတွေက ကိုသူရအကြောင်းကို အဝေးမြင် ဇာဂနာလို့ပဲ ပြောရပါလိမ့်မယ်။

တကယ်နီးနီးကပ်ကပ် အတူလက်တွဲဖြစ်တာက သူထောင်ထဲက ပြန်ထွက်လာတဲ့ အချိန် (၁၉၉၄) နောက်ပိုင်းမှပါ။ တကယ်လို့ အဲဒီကထဲက သာသူနဲ့ တွဲဖြစ်ခဲ့ရင်လဲ ကျွန်တော် ခုလို ပန်းချီဆရာတစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။ လူရွှင်တော်တယောက် ဖြစ်လာဘို့က သေချာပါတယ်။


ဇာဂနာရဲမြပုဏ္ဏမာ အငြိမ့်

၁။ ကြယ်ဖြူစတွေ မိုးယံဝမှာ ၀န်းရံခကာနေ၊

ဂွမ်းစိုင်လွှာထက်သာရက်ပါပေ့ အိုသီတဂူဆွေ၊

တမ်းတမျှော်ခေါ် ခေါ်လို့လေ လမင်းကြီးရယ် လင်းစမ်းလေ၊

ငွေမျှင်တစ်စ မြေပေါ်ကျ မိုးည သာယာပေ။

၂။ အကြည်လင်ဆုံး အပြုံးတွေ သင်တွေ့ချင်တယ်ဆို။

အချိုသာဆုံး စကားသံ သင်ကြားချင်တယ်ဆို၊

ဟိုမှာလေ ရှူကြည့်ပါ တို့ချစ်တဲ့ မြပုဏ္ဏမာ

စန္ဒာလမင်း ထွန်းလင်းတောက်ပစွာ ၊

မသာလဲတ သာလဲတ ငွေလ သော်တာ မြပုဏ္ဏမာ၊

ထမင်းဆီဆမ်းရွှေ လင်ပန်းနဲ့ ပေးပါ့ မြပုဏ္ဏမာ။

အင်မတန် မြူးကြွသလို အင်မတန် လှပတဲ့ စကားလုံးလေးတွေနဲ့ လနဲ့ညကို ဖွဲ့ထားတဲ့ မြပုဏ္ဏမာ အငြိမ့်ခန်း အဖွင့်သီချင်းပါ။

ဒီသီချင်းကို သူကိုယ်တိုင် ရေးတာလို့ သိခါစက အရမ်းကို အထင်ကြီးမိသလို၊ ခုထိလဲ မကြာခဏ နားထောင်ဖြစ်ပါတယ်။ နားထောင်တိုင်းလဲ ချစ်စရာ ကောင်းလွန်းလို့ အကြိမ်ကြိမ် မျက်ရည်ဝိုင်းတဲ့ထိ ပီတိဖြစ်ရပါတယ်။

သူ့ကို သီချင်းရေးဆရာ တစ်ယောက်လို့တော့ လူသိ တော်တော်လေး နဲပါတယ်။ တခေတ် တယောက်ပေါ်တဲ့ လူရွှင်တော်တစ်ယောက်လို့ ပြောလို့ရသလို၊ နန်းတော်ရှေ့နဲ့ မြို့မငြိမ်း လွန်ပြီးတဲ့နောက် တခေတ် တယာက်ပေါ်ခဲ့တဲ့ အငြိမ့်သီချင်းရေးဆရာ တစ်ယောက်ဟာ သူပါ။ နောက်ပိုင်းမှာ သူ့သီချင်းတွေအကြောင်း ဆက်ပြောပါဦးမယ်။

အဲဒီလိုနဲ့ မြပုဏ္ဏမာ အဖွဲ့ “စ”တာထွက်ပြီဆိုတာနဲ့ တရှိန်ထိုး အောင်မြင်လာပါတယ်။ အငြိမ့် သဘင်သမိုင်းမှာ မြပုဏ္ဏမာ အငြိမ့်လောက် ပြည်သူလူထု အားပေးခဲ့တဲ့အငြိမ့် ဒီနေ့ထိ မရှိသေးဘူးလို့ ကျွန်တော် ရဲရဲပြောရဲပါတယ်။ အဲဒီအချိန်က ဗိုလ်နေ၀င်းအစိုးရ ဆိုးလှ ဆိုးလှ၊ ဆိုပေမဲ့ ဇာဂနာ့အငြိမ့်ကို မြန်မာ့ရုပ်မြင်သံကြားကနေ ဖျော်ဖြေခွင့် ရသေးသဗျ။ ဒီဘက်ရောက်တော့မှ မျိုးစေ့ ပြုတ်စားခံရတာပါ။

တစ်နေ့ နည်းနည်းနဲ့ ရေးနေရင်း မတ်တတ်ကနေ နောက်အကြောင်းအရာ တစ်ခုကို ပြောင်းခွင့် ပြုပါခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အားလုံး သိထားပြီးကြတဲ့အတိုင်း ကိုသူရရဲ့ မိခင်ကြီး ဒေါ်ကြည်ဦး ကွယ်လွန်သွားတဲ့ အတွက်ပါ။ ဒါကြောင့် မြပုဏ္ဏမာ ခေတ်အကြောင်းကို ခဏနားလို့ ဇာဂနာ ရယ်လို့ သားကောင်းတစ်ယောက်ကို လားလားလောက်လောက် ဖွါးမြောက် သန့်စင်ပေးခဲ့တဲ့ ဆရာမကြီး ဒေါ်ကြည်ဦး အကြောင်းဆီ ပြောင်းလိုက်ပါရစေလားခင်ဗျာ။


ဇာဂနာ့ မိခင်

ပထမဆုံး “စ”ကြားရတာကတော့ ပြည်တွင်းထဲက သူငယ်ချင်းက ဆေးရုံမှာ ရှိစဉ်ကထဲက သွားတွေ့ပြီး အပြန်မှာ လှမ်းအကြောင်းကြားတော့ ဒီကြေကွဲစရာ အဖြစ်အပျက် တစ်ခုဟာ မကြာခင်မှာပဲ ဆိုက်ကပ် လာတော့မယ်လို့ သိထားပေမဲ့ ဒီလောက် မြန်ဆန်လိမ့်မယ်လို့တော့ မမျော်လင့်ခဲ့ရိုး အမှန်ပါ။

တကယ်ကြုံလာရတဲ့ အခါမှာတော့ ကြေကွဲမှုကို ဖေါ်ပြဘို့ရာ ဘာသာစကားထဲမှာ ရှာလို့မရတော့ပါဘူး။

မကြာခင်မှာပဲ မိုးမခမှာ ဓါတ်ပုံတွေ ပါလာပါတယ်။ ကိုယ်မျှော်လင့်ထားတဲ့ ကိုသူရနဲ့ အနုပညာ လုပ်ဖေါ် ကိုင်ဖက်တွေအစား ကိုကျော်သူကိုသာ အန်တီစုက ပို့သ လိုက်တဲ့ ပန်းခြင်းကြီး ကိုင်ပြီး တောင့်တောင့်ကြီး ရပ်နေတဲ့ ဓါတ်ပုံတွေ့လိုက်တော့ ထိုင် ဦးချချင်စိတ်ကို ပေါက်သွားပါတယ်။

Kyaw Thu's picture

(ကိုကျော်သူအား ကိုဇာဂနာ့ မိခင် ဈာပနတွင် တွေ့ရစဉ်)

ကိုသူရ ရုပ်ရှင်တွေ ဗီဒီယိုတွေ တစ်ကားပြီး တစ်ကား ရိုက်နေရစဉ်က ဇာဂနာကို ချစ်ကြပါတဲ့ ပြည်သူ့အချစ်တော် ရုပ်ရှင် အနုပညာသည်တွေကို “ကိုကင်း” တစ်ယောက်ပဲတွေ့တော့ တော်တော်လေး စိတ်မကောင်း ဖြစ်ရတဲ့ အပြင်၊ အားလုံးအပေါ်မှာ ဖိစီးနေတဲ့ အကြောက်တရားရဲ့ ပမာဏကိုလဲ ထင်ထင်ရှားရှား မြင်တွေ့လိုက်ရပါတယ်။

ကိုသူရဟာ ရုပ်ရှင်သမားတွေထဲက တစ်ဦးဦး မတရား လုပ်ခံနေရတယ်ဆိုရင် သူနဲ့ ဆိုင်ဆိုင်၊ မဆိုင်ဆိုင် တတ်နိုင်သလောက် လိုက်ပြီး၊ အစည်းအရုံးမှာပဲဖြစ်ဖြစ် ထောင်အထိဖြစ်ဖြစ် လိုက်ကူညီ ဆောင်ရွက် ပေးတတ်တဲ့ လူပါ။ သူများကိစ္စ လိုက်ဖြေရှင်းပေးရင်းကနေ သူ့ကိုပါ အမြင်ကပ်တဲ့ ပုဒ်မနဲ့ နှစ်ချီပိတ်ခံရလိုက်တာမျိုးတောင် ရှိပါတယ်။

ကိုသူရတစ်ယောက်က မိခင်ကွယ်လွန်သွားတာကို အခုအချိန်အထိ သိခွင့်ရော ရသေးရဲ့လားလို့ သံသယ ဖြစ်လာပါတယ်။ ကျွန်တော် မြောင်းမြတောရက တိုက်ထဲမှာ အောင်းနေခဲ့ရစဉ်က ဖခင် သေဆုံးတဲ့ သတင်းကို အဖေ့ အလောင်းပြာဖြစ်ပြီး တစ်လကျော်ကြာမှ သိခွင့်ရခဲ့တဲ့အတွေ့ အကြုံက ရှိနေခဲ့လို့ပါ။

ဘဘ (ဆရာကြီးနန်းညွန့်ဆွေ)နဲ့ ကြီးကြီး (ဒေါ်ကြည်ဦး)တို့ အိမ်ကို များသောအားဖြင့်တော့ ကိုသူရနဲ့ အတူလိုက်လိုက်သွား တာများပါတယ်။ တစ်ခါတစ်လေတော့ လမ်းကြုံ ၀င်လည်တာမျိုးလည်း ရှိပါတယ်။ ဘယ်လိုပဲ ရောက်သွားသည်ဖြစ်စေ၊ ရောက်တိုင်းမှာ အိမ်ရှေ့ အ၀င်ဝ လမ်းမနားဖက်မှာ “ဘဘ” ကို ကုလားထိုင် တစ်လုံးပေါ်မှာ ပေါင်ပေါ်ကို သစ်သား ဘုတ်ပြားလေးတင်ပြီး၊ စာရေးနေတတ်ပြီး “ကြီးကြီး” ကတော့ အိမ်ရှေ့ အလယ်ခန်း သစ်သားကြမ်းပြင် လေးပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး စားပွဲခုံပုလေးပေါ်တင်ပြီး စာရေးနေတာကိုပဲ တွေ့ရတတ်ပါတယ်။

အမြဲလိုလိုမှာ “ကြီးကြီး”က ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် စားသောက်ဖွယ်ရာ ဆေးဝါး၊ စာအုပ်တို့ ကူညီထောက်ပံ့ဖို့ ပြင်ဆင် လုပ်ကိုင်နေတတ်သဗျ။ အထူးသဖြင့် သူတို့ ဇနီးမောင်နှံ နှစ်ယောက်စလုံးဟာ လွတ်လပ်ရေးတိုက်ပွဲ တလျောက်မှာ ပါဝင်ခဲ့ကြဘူးသူတွေပီပီ ရှေးဟောင်း နှောင်းဖြစ်တွေကို ခုနှစ်၊ နေ့စွဲနဲ့တကွ မှတ်မိကြပြီး အတိုင်အဖေါက်ညီညီ မနားတမ်း ပြောပြတတ်သဗျ။ သူတို့ခတ်က ၀ံသာနု သီချင်းတွေနဲ့ ခေတ်ဟောင်း သီချင်းတွေအကြောင်းလဲ တိတိကျကျ ပြောပြတတ်သလို လိုအပ်တဲ့ နေရာမှာ ကိုယ်တိုင်လဲ သံနေသံထားနဲ့ ဆိုပြဘို့ ၀န်မလေးကြသူတွေမို့ သူတို့အိမ် ရောက်မိရင် အနည်းဆုံး သုံး၊ လေး၊ နာရီလောက်ကတော့ အသာလေး ကုန်သွားတတ်ပါတယ်။

“ဘဘ”က စကားပြောရင်နူးညံ့ပြီး တိုးတိုးလေး ပြောသလောက် “ကြီးကြီး” ကတော့ ဒိုးဒိုးဒေါက်ဒေါက်နဲ့ ဘွင်းဘွင်း ပြေတတ်ပါတယ်။ သူ့မျက်စေ့ထဲ အမြင်မတော်ရင်တော့ ဘယ်သူ့ကိုမဆိုအားမနာတမ်း ပြောချတတ်သဗျ။

ကိုသူရရဲ့ မထင်၊ မထင်သလို တင်္ခနုပ္မတ္တိ ဥာဏ်ရွင်နဲ့ သရော်တတ်တဲ့ ဗီဇက အမေဘက်က လာပြီး အင်မတန် လှပပြီး ကဗျာဆန်လှတဲ့ အငြိမ့်သီချင်းတွေကို ရေးစပ်ဖွဲ့နိုင်တဲ့ ဗီဇက ဖခင်ဘက်က ရတယ်လို့ ပြေလို့ ရပါတယ်။

“ဘဘ” ဟာ ဗေဒင်ပညာကို ပညာရပ်တစ်ခု အနေနဲ့ ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်း နားလည်ပြီး ဟောစားတဲ့ အလုပ်မျိုးတော့ တသက်လုံး မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ သိချင်ရင်တော့ ဘယ်သူ့ကိုမဆို တွက်ချက်ပေးတတ်ပါတယ်။ သူတစ်ပါးကို နောက်ရ ပြောင်ရမယ်ဆိုရင် “နတ်နေကိုင်း” မထားတတ်တဲ့ ကိုသူရက ကိုဗေဒင် က၀ိဆရာဆိုတဲ့ အငြိမ့်သီချင်းတစ်ပုဒ် ရေးပြီး ဖခင်ကို ကျီစယ်ဖြစ်အောင် ကျီစယ်ခဲ့ပါသေးတယ်။

ဒီလိုနဲ့ လန်ဒန်မြို့ရောက်နေကြတဲ့ ဇာဂနာကို ချစ်ကြတဲ့ မြန်မာ လူငယ်တွေနဲ့ အတူ လန်ဒန်ဝိဟာရမှာ သံဃာ (၁၁) ပါးကို ပင့်ပြီး ရက်လည်ဆွမ်းကို၊ ကိုသူရကိုယ်စား ကပ်ဖြစ်ကြပါတယ်။ အဲဒီ အခမ်းအနားမှာ တစ်ဦးစီ ဆရာမကြီး ဒေါ်ကြည်ဦးနဲ့ ပတ်သက်လို့ အမှတ်တရ စကားပြေကြတဲ့အခါ ကျွန်တော်လဲ ပြောဖြစ်သဗျ။

ပတမတော့ ဘလော့တစ်ခုမှာ သမင်မကြီး ဒေါ်ကြည်ဦးလို့ မှားရေးထားတဲ့ အကြောင်းပြောတော့ ပရိတ်သတ် “ရီ” ကြသဗျ။ နောက် မြန်မာသစ်မဂ္ဂဇင်းထဲက ကိုယ်တိုင်ရေးခဲ့တဲ့ သူ့ ဘ၀အကြောင်းမှာ ဆရာမကြီး ငယ်ငယ်က (၁၃)နှစ်လောက်မှာ “၀ါဆိုဖူးစာ” ဆိုတဲ့ နာမည်နဲ့ ၀တ္တုတိုတပုဒ် ရေးပြီး ရန်ကုန်က မဂ္ဂဇင်းကိုပို့တဲ့ အကြောင်းကို ပြန်ပြောပြခဲ့သဗျ။

အဲဒီအချိန်က ကလေးအတွေးနဲ့ရေးတဲ့ ဝတ္ထုတိုမှာ အမျိုးသမီးငယ်လေးတွေ တောထဲကို ၀ါဆိုပန်းခူး သွားရင်း မြွေကြီးတစ်ကောင်နဲ့ တိုးပါသတဲ့။ အဲဒီမှာ ဇာတ်လိုက်က ရောက်လာပြီး ခဲနဲ့ပစ်လိုက်တာ “ဘုတ်၊ အင့်” လို့ မြွေကြီးက အော်ပြီး သေသွားပြီး မင်းသမီးလေးနဲ့ ညားရောလို့ ဇာတ်ပေါင်း မိုက်တာပြောတော့လဲ “ရီ” ကြသဗျ။

နောက် ဆရာမကြီးက (၁၄)နှစ်နဲ့ ဒို့ဗမာ အစည်းအရုံးမှာ အဖွဲဝင်ပြီး တရားဟောတဲ့အခါ တကယ်လို့ တောင်ကြီးပြို ကျလာခဲ့ရင် ၀ါးလုံး တစ်လုံးနဲ့ ထောက်လို့မရတဲ့အကြောင်း ပြောပြီး၊ ညီညွတ်ရေးတရား ဟောရမဲ့အစား …. ပြောရမဲ့ စကားမေ့ပြီး “တောင်ကြီး ပြိုကျရင်” “ဆက်ဆက်ပြီး ပြိုကျရော” လို့ အူကြောင်ကြောင်နဲ့ အဆုံးသတ်ခဲ့ကြောင်း အဲဒီကစပြီး “တောင်ကြီး ပြိုကျရင်” လို့ နာမည်ပြောင် ရလာခဲ့ကြောင်း ပြောတော့လဲ “တ၀ါးဝါး” ပွဲကျကြသဗျ။

ပြီးမှ ဆရာမကြီးရဲ့ သတ္တိ၊ ဥာဏ်ပညာ၊ စာပေကျေးဇူး၊ နိုင်ငံရေးယုံကြည်မှု၊ ရောင့်ရဲတင်းတိမ်မှု၊ အစရှိတဲ့ ဂုဏ်တွေကို သတိရမိသမျှ ပြောခဲ့သဗျ။

ဒီနေရာမှာ ပြောစရာရှိတာက အားလုံးကြေကွဲ ၀မ်းနည်း နေတဲ့ အချိန်မှာ မင်းမို့ ရီစရာ၊ နောက်စရာ၊ ပြောရက်သလားလို့ အပြစ်တင်လဲ ခံရမှာပါ။ ဒါပေမဲ့ ကျွန်တော်စိတ်မှာ ဒီအချိန်မှာသာ ကိုသူရရှိနေရင်လို့ တွေးလိုက်ချိန်မှာ၊ ဒီလို ရီစရာတွေ ပြောဘို့ စိတ်ကူး ရလာတာပါ။ … ဟုတ်တယ်လေ ကိုသူရဟာ ဘယ်လို အခြေအနေတွေနဲ့ဘဲ ရောက်ရောက် ဒီ “ဟာသ” လုပ်တတ်တဲ့ ဉာည်ကို ဖျောက်တာမှ မဟုတ်တာ။ အနည်းဆုံးတော့ ရောက်လာတဲ့ သူတွေကို နည်းနည်းပါးပါး လေးတော့ ပြုံးစေ၊ ရယ်စေရအောင် လုပ်မှာ သေချာတယ်လို့တွေး မိသဗျ။

နောက်တစ်ခု ကတော့ “ဒါ နိုင်ငံကျော်လူရွင်တော် တစ်ယောက်ရဲ့အမေ နာရေး ရက်လည်ကိုး” ခင်ဗျ။ ဒါကြောင့်မို့ ရိုးရာမပျက်ရအောင် အမြဲလောကကြီးရဲ့ ကမောက်ကမတွေကို ပြက်လုံးတွေနဲ့ လက်ညှိုးထိုး၊ ထိုးပြနေတဲ့ လူရွှင်တော်ကြီးကိုယ်စား တတ်သသမျှ မှတ်မိသမျှ နာကျင်ကြေကွဲ စွာနဲ့ပဲ ရီစရာလေး နည်းနည်းပြောရင်း သတိရ နေမိပါကြောင်း ပြောပြီး ပထမပိုင်း ကို ခဏနားပါရစေ။

ပန်းချီထိန်လင်း

No comments:

Post a Comment