07 July 2009

El Zi - The Spirit of Student Union & Ma Mee Mee

"သမဂ္ဂစိတ်ဓာတ်"

အယ်ဇီ

ဇူလိုင် ၈၊ ၂၀၀၉

၆၂ - ဆဲဗင်းဇူလိုင်က အစရှိခဲ့တဲ့ ကျွန်ုပ်တို့၏ ကြယ်တာရာများ သို့ - မြန်မာဘလော့ဂါ ညီအကို မောင်နှမများ ရဲ့ အမှတ်တရ ဦးညွတ်ခြင်း။ (မိုးမခက ပြန်လည် တင်ဆက်ပါတယ်)

၇ ဇူလိုင်ဟာ မြန်မာပြည်သူပြည်သားတွေ ၀မ်းနည်းကြေကွဲရတဲ့ တက္ကသိုလ်မြေ သွေးစွန်းခဲ့တဲ့ မော်ကွန်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြိုခွင်း ဖျက်စီးခံခဲ့ရတဲ့နေ့ သမိုင်း အကျည်းတန်တဲ့ နေ့တနေ့ ဖြစ်တယ်။

တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ အေးအေးဆေးဆေး စည်းဝေးကြ တိုင်ပင်ကြ ငြိမ်းငြိမ်းချမ်းချမ်း စီတန်းလို့ သူတို့ ဆန္ဒဖော်ထုတ်ကြတာပါ။ ဒီလို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ကြတဲ့ ကျောင်းသားတွေကို အကြမ်းဖက်သမားလို့ စွပ်စွဲပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖြေရှင်းခဲ့တယ်။

သမဂ္ဂ အဆောက်အဦထဲ ဒဏ်ရာတွေနဲ့ ခိုအောင်းနေတဲ့ ကျောင်းသားကျောင်းသူတွေ၊ စည်းဝေး တိုင်ပင်နေကြတဲ့ တက္ကသိုလ် ကျောင်းသားတွေကို ကွန်မြူနစ်တွေပါလို့ စွပ်စွဲပြီး ကျောင်းသားတွေရဲ့ သမိုင်းကိုပါ ဖျက်စီးပစ်ချင်တဲ့ ဦးနေ၀င်းက မော်ကွန်းဝင် သမဂ္ဂ အဆောက်အဦကို ဒိုင်းနမိုက်နဲ့ ဖြိုခွင်းစေခဲ့တယ်။ လူငယ်ကျောင်းသား ရာကျော် ၇ ဇူလိုင် ၁၉၆၂ မှာ သွေးမြေကျ အသက်ပေးခဲ့ရတယ်။

(မရှိတော့ပြီ ဖြစ်တဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦကြီး)

မြန်မာကျောင်းသားသမိုင်းကို ကြည့်ရင် ဗိုလ်အောင်ကျော်က စလို့ ခုခေတ် ကိုမင်းကိုနိုင်တို့ ကိုကျော်ကိုကိုတို့ ထိတိုင် အမြဲဂုဏ်ယူစရာနဲ့ ။ ကျောင်းသားရဲ့ သွေးက အမှန်ကို ပြောရဲတဲ့ သွေးနဲ့ ရဲနေတယ်။ သူ့ရဲ့သဘောထားက ဖြောင့်မှတ်တည် ကြည်ခြင်းနဲ့ ဖြူစင်တယ်။ သူတို့ ရဲ့ ရင်ထဲမှာ တိုင်းပြည်မှာ ငြိမ်းချမ်းရေး တရားမျှတရေး လွတ်လပ်ရေး ရှိစေချင်တဲ့ ကြီးမားတဲ့ စေတနာ မေတ္တာ ပဲရှိတယ်။
တိုင်းသူပြည်သားတွေ ဒုက္ခရောက်နေလား... ကျောင်းသားက မနေဘူး။ ပြည်သူတွေ ပြဿနာနဲ့ တိုးနေလား... ကျောင်းသားက ရှောင်မထွက်ဘူး။ တိုင်းပြည်အတွက် လိုအပ်ပြီလား...

ကျောင်းသားက အသက်လည်း စွန့် ရဲတယ် ဘ၀လည်းရင်းရဲတယ်။ ဒီလို ရဲရင့်ဖြူစင်တဲ့ စိတ်ထားနဲ့ တိုင်းပြည်အပေါ် စေတနာမေတ္တာ ကြီးမားကြတဲ့ ကျောင်းသားတွေဟာ ရာဇ၀င်မှာကြည့်ရင် ကောင်းချင်းအဖြာဖြာနဲ့ အမြဲဂုဏ်ယူစရာနဲ့။ ကမ္ဘာက လေးစားရတဲ့ ဂုဏ်ပြုရတဲ့ မော်ကွန်းတင်ရတဲ့ သူတွေ ဖြစ်တယ်။

ဒီလိုရဲရင့် ဖြူစင်ပြီး မေတ္တာတရားကြီးတဲ့ ကျောင်းသားနဲ့ ထိပ်တိုက်တွေ့ ကြတဲ့ခါ ဘယ်လောက်ကြီးတဲ့ အာဏာရှင်ပဲ ဖြစ်ဖြစ် အလိုလို သေးသိမ်သွားတယ်။ ခြွေရံသင်းပင်း ဘယ်လောက်များနေပါစေ၊ သူ့ကိုယ်သူ လုံခြုံတယ် မထင်တော့ဘူး။ လက်နက်ကြီးတွေ ဘယ်လိုပဲ ကိုင်ထားထား ကြောက်ရွံ့နေတော့တာပဲ။

သေးသိမ်သွားတဲ့စိတ် မလုံခြုံတဲ့စိတ် စိုးရိမ်ကြောက်လန့် တဲ့စိတ်တွေကြောင့် ပြဿနာတခုခု ဖြစ်လာရင် အာဏာရှင်က ဘယ်တော့မှ မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်ကြဘဲ သွေးရူးသွေးတန်း ဂယောင်ခြောက်ခြားနဲ့ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်ဆိုပြီး လက်ညှိုးလိုက်ထိုးရင်း ပြဿနာကနေ ရှောင်ပြေးနေတော့တာပါပဲ။

ကိုယ်တို့တိုင်းပြည်မှာက လက်ညှိုးကို ရိုးရိုးမထိုးဘူး။ အာဏာရှင်တွေက သူနဲ့ဆန့်ကျင်ဖက်အင်အားတွေကို အမြဲတမ်း ကာလာ အမျိုးအမျိုး ဆိုးပေးပြီးမှ လက်ညှိုးထိုးတာပါ။ ရောင်စုံသောင်းကျန်းသူတွေ ထကြွသောင်းကျန်းနေပါပြီလို့ လက်ညှိုးထိုးပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်က ၈၈ အရေးအခင်းတုန်းက ပြည်သူတွေထဲ ကွန်မြူနစ်တွေ ရောက်နေတယ်... ဒေါ်အောင်ဆန်းစုကြည်နား ကွန်မြူနစ်တွေ ၀ိုင်းနေတယ်... ဆိုပြီး ကွန်မြူနစ်ဆိုတဲ့ အရောင်ကိုဆိုးလို့ လက်ညှိုး ထိုးခဲ့ပြန်တယ်။

ဘယ်လို အချင်းကိစ္စမှာမဆို ဖြစ်နေတဲ့ ပြဿနာကို ဦးတည်မဖြေရှင်းဘဲ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ဆိုရင်ဆို၊ ဒါမှမဟုတ် ပြဿနာတွေကနေ အာရုံလွဲသွားအောင် ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ ဖန်တီးလို ဖန်တီး၊ ဖြစ်နေတဲ့ ပြဿနာကနေ ရှောင်ပြေးတဲ့ တပွဲတိုးနည်းကိုသာ သုံးတော့တာပါပဲ။ အများပြည်သူရဲ့ ယုံကြည်မှုမရတဲ့ အစစအရာရာ ယိမ်းယိုင်နေတဲ့ အာဏာရှင်တွေက အဲ့ဒီလို "Blame approach" ကို ပြဿနာတွေ ဖြေရှင်းဖို့ သုံးတယ်လို့ဆိုတယ်။

၇ ဇူလိုင် အရေးမှာ ဦးနေ၀င်း ပြောခဲ့တာကိုကြည့်ကြပါဦး...

"အခုဖြစ်တဲ့ ကိစ္စဟာ သာမန်ကိစ္စ တခုတည်း မဟုတ်ဘဲ နိုင်ငံရေး အမှောင့် ပယောဂများ ဖမ်းစားတယ်ဆိုတာ ရိပ်စားမိပါတယ်။ ကျနော်တို့ကို အလုပ်ပျက်ကွက်အောင် ရည်စူးပြီး တမင်လုပ်နေကြတယ် ဆိုရင်တော့ ကျနော် နောက်ထပ် ဘာမှမပြောလိုပါဘူး။ ဓားကို ဓားချင်း လှံကိုလှံချင်း ဆိုင်ဖို့သာ ရှိပါတယ်။" တဲ့

ဒါကိုကြည့်ရင် စစ်အာဏာရှင်တွေဟာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်ပဲ တောက်လျှောက် blame approach ကိုသာသုံးခဲ့တာ တွေ့ နိုင်တယ်။ လူတကာ လက်ညှိုးထိုး ပြစ်တင်ဝေဖန်လေလေ သူ့မှာ နိုင်ငံရေး ပါဝါ မရှိကြောင်းဝန်ခံလေလေမို့ အစကတည်းက အင်အားမဲ့ အစိုးရဆိုတာ လည်းပေါ်လွင်ပါတယ်လေ။

နိုင်ငံရေးအင်အားမဲ့တဲ့ အစိုးရက လက်နက်အင်အားကိုအားကိုး တိုင်းပြည်ကို စည်းမဲ့ကမ်းမဲ့ အုပ်ချုပ်နေတာ အဲဒီ ၁၉၆၂ ခုနှစ် ကတည်းကပါပဲ။ ပြည်သူတွေမှာလည်း တနေ့တနေ့ ခက်ခက်ခဲခဲ ဘ၀ကိုရုန်းကန်နေကြရတဲ့ထဲ ၂၀၀၇ သြဂုတ်တုန်းမှာ ကားခတွေလည်း အဆမတန် ခုန်ပျံတက်သွားခဲ့တယ်။

ဝန်ဆောင်ခတွေ မြင့်တက်သွားသလို စားသောက်ကုန် ဈေးနှုန်းတွေလည်း တက်ကုန်တယ်။ အများသုံးလိုင်းကားတွေကို အားထားသွားလာရတဲ့ သာမန်ပြည်သူတွေမှာ အစစကြပ်တည်းတဲ့ထဲ သွားရေးလာရေး တွေလည်းခက်ကုန်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ကျောင်းသားတွေလည်း ကျောင်းမတက်နိုင် ရဟန်းတွေလည်း ဆွမ်းခံမသွားနိုင်။

ပြည်သူတွေ ပြဿနာနဲ့ တိုးနေပြီ... အခက်အခဲနဲ့ ရင်ဆိုင်နေရပြီ... ကျောင်းသားကခေါင်းမရှောင်ဘူး။ ပြည်သူတွေ အခက်အခဲကို ဖြေရှင်းပေးချင်လို့ ကျောင်းသားခေါင်းဆောင်တွေက အစိုးရရဲ့ လောင်စာဆီမူကို ဆန့်ကျင်ဆန္ဒပြတယ်။ ကားခတွေ ဈေးကြီးလို့ လမ်းလျှောက်တယ်ဆိုတဲ့ ကြွေးကြော်သံကို ကိုင် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပါတယ်ဆိုကြရင်း ပြည်သူလူထုကိုလည်း ကျောင်းသားတွေနဲ့ ပူးပေါင်းဖို့  နိုးဆော်လာကြတယ်။



၈၈ မျိုးဆက်ကျောင်းသူ မမီးမီးပါ။ လောင်စာဆီကိစ္စ ဆန္ဒဖော်ထုတ်ရင်း ပြည်သူတွေကို ကျောင်းသားနဲ့ ပူပေါင်းဖို့ တိုက်တွန်းဟောပြောခဲ့တယ်။ အရွယ် မရောက်သေးတဲ့ ကလေးငယ်နှစ်ယောက်ရဲ့ မိခင် မမီးမီးဟာ ကိုယ်တိုင်လည်း ကျန်းမာရေး ကောင်းတဲ့သူ မဟုတ်ပါဘူး။

၁၉၉၆ ကနေ ၂၀၀၅ ထိ ထောင်နှစ်ရှည်ကျခဲ့သူ။ သူ့အနေနဲ့ အာဏာရှင်ကို ဆန့်ကျင်တယ်ဆိုတာ ထောင်ပြန်ကျနိုင်တာကို သဘောပေါက်ထားသလို သူ့မှာ လူမမယ် ကလေးတွေရှိတာကိုလည်း မေ့ထားတဲ့သူမဟုတ်ပါဘူး။ သူ့ကျန်းမာရေး အခြေအနေလည်း သူသိသလို ထောင်ထဲမှာ ကြုံလာနိုင်တဲ့ အခြေအနေတွေကိုလည်း ကောင်းကောင်းသိထားပါတယ်။

ဒါပေမဲ့ မမီးမီးက ကျောင်းသားစိတ်အပြည့်နဲ့ ကျောင်းသူ။ သူနိုင်သလောက် တိုင်းပြည်အရေး ဆောင်ရွက်ချင်တဲ့သူ။ ပြည်သူတွေ အရေးကို ကိုယ့်အရေးထက် ပိုအလေးထားတဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ဖြူစင်တဲ့ သဘောထားရှိတဲ့သူ။ အမှန်ကိုပြောရဲတဲ့ သွေးနဲ့ ရဲဝံ့သူ တိုင်းသူပြည်သားတွေကို လွတ်လပ်ရေး တရားမျှတရေး ငြိမ်းချမ်းရေး ရစေချင်တဲ့ စေတနာမေတ္တာ ကြီးမားသူပါ။
မမီးမီး ဟောပြောနေတာကို နားထောင်ရင်း ငြိမ်းချမ်းရေး ဖခင်ကြီး သခင်ကိုယ်တော်မှိုင်း မိန့်ဆိုခဲ့တဲ့ စကားလေး ပြန်သတိရမိပါတယ်။

".....အဆောက်အဦးကိုသာဖြိုလို့ ရမယ် အမောင်တို့ ရင်ထဲက သမဂ္ဂ စိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့ မရပါဘူး... "

ပြသနာတွေကို ဖြေရှင်းနိုင်တဲ့ အစွမ်းအစမရှိတဲ့ အာဏာရှင်ကတော့ သူ့ ရဲ့ ထုံးစံအတိုင်း စွဲချက်တွေတင် လက်ညှိုးတွေထိုး အရောင်တွေချယ်ပေးလို့  ၈၈ မျိုးဆက် ကျောင်းသားတွေကို စွဲချက် ၁၇ ခုနဲ့  ဖမ်းဆီးလိုက်ပါတယ်။ ခုနေမှာ မမီးမီးဟာ အီလက်ထရောနစ် ပြစ်မှုအပါအ၀င် ပြစ်မှု ၅ ခုအတွက် ပုသိမ် အကျဉ်းထောင်ထဲမှာ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရပါတယ်။

မမီးမီးက သူ့ ကို တရားရုံးက အမိန့်ချတဲ့ခါ...

"ဘယ်တော့မှ မကြောက်ဘူး ဗမာပြည်လွတ်မြောက်ပါစေ အရေးတော်ပုံ အောင်ပါစေ"

လို့ ကြွေးကြော်သွားတယ် ဆိုပါတယ်။

အမှန်တရားကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ ရဲရင့်သူ အမှန်တရားကိုသာ လိုလားတဲ့စိတ်နဲ့ ဖြူစင်သူ ပြည်သူတွေကို လွတ်မြောက်ပါစေဆိုတဲ့ စိတ်နဲ့ မေတ္တာတရားကြီးမားသူ သမဂ္ဂစိတ်ဓာတ်အပြည့်နဲ့ မမီးမီးပါ။

သမိုင်းအဆက်ဆက် အသက် သွေး ဘ၀ တွေပေးခဲ့ကြတဲ့ ကျောင်းသားများကို ၇ ဇူလိုင်အထိမ်းအမှတ် သမဂ္ဂစိတ်ဓါတ် စာစုနဲ့ ဦးညွတ်လိုက်ပါတယ်။

"သမဂ္ဂစိတ်ဓာတ် အမြဲရှင်သန်နေမှာ ဖြစ်သည်"

- အယ်ဇီ -

http://allmymemo.blogspot.com/2009_07_01_archive.html

1 comment: