07 July 2009

Ko Lu Htwe - Ko Ko Gyi


ကကြီးရေ ... က

ကိုလူထွေး

ဇူလိုင် ၇၊ ၂၀၀၉

၆၂ - ဆဲဗင်းဇူလိုင်က အစရှိခဲ့တဲ့ ကျွန်ုပ်တို့၏ ကြယ်တာရာများ သို့

မြန်မာဘလော့ဂါ ညီအကို မောင်နှမများ ရဲ့ အမှတ်တရ ဦးညွတ်ခြင်း

(မိုးမခက ပြန်လည် တင်ဆက်ပါတယ်)

ကိုလူထွေးတို့ ငယ်ငယ်က အိမ်တိုင်းမှာ အပေါ်စက်အောက်စက် မရှိပါဘူး။ ရုပ်ရှင်ဇာတ်လမ်း ကြည့်ချင်ရင် ရပ်ကွက်ထဲက ဗွီဒီယိုရုံကို ပြေးရပါတယ်။ ပြေးရတယ်ဆိုတာက နေရာဦးရတာပါ။ ရပ်ကွက်ထဲမှာကလဲ ဗွီဒီယိုရုံများများ စားစား မရှိလေတော့ ရှိတဲ့ရုံ လူစုတာ မဆန်းဘူးလေ။ ကိုယ်ကအစောကြီး ရောက်ရင်ရောက်။ မဟုတ်ရင်တော့ ကိုယ်ရမယ့် နေရာလေး သူများဦးသွားရော။
နောက်ပိုင်း အရွယ်ရောက်လာတော့ ရုပ်ရှင်ရုံအထိ သွားကြည့်တတ်လာတယ်။ လက်မှတ်ကတော့ ခုံနံပါတ်နဲ့ရောင်းတာ ဆိုတော့ ခုံဦးဖို့ ပြဿနာ မရှိပါဘူး။ အဲ... ပြဿနာရှိတာက လိုင်းကားတွေပေါ်မှာ။ ကားပေါ်ရောက်ရင် လူတိုင်း ထိုင်ခုံလိုချင်ပါတယ်။ အတူတူတက်လာသူချင်း လွတ်နေသေးတဲ့ ထိုင်ခုံတလုံးကို ဦးဖို့ တချို့ကဆို တွန်းတိုက်ပြီးတောင် လုတတ်ကြတယ်။
ဒတ်ဆန်းကားလေးတွေမှာဆို ကားအရှေ့ခေါင်းခန်းက နေရာကို အထူးဈေးနဲ့တောင် ပေးပြီး စီးရသေးတယ် မဟုတ်လား။

လက်ဘက်ရည်ဆိုင် သွားပြန်တော့လဲ လူကျတဲ့ ဆိုင်တွေဆို နေရာကတော်တော် ရှားတယ်။ ကုလားထိုင်လို ဇိမ်ကျကျ ထိုင်ခုံမျိုးကိုမပြောနဲ့၊ ခွေးခြေပုလေး တွေကိုတောင် အလုအယက်လုပ်ရင်း နေရာဦးရတာမျိုးပါ။
ကိုယ်တို့ မြန်မာလူမျိုးတွေကြားမှာ အဲဒီ နေရာလုတယ်... ကုလားထိုင် လုတယ်... ဆိုတဲ့ အသုံးအနှုံးက အတော်လေး ခေတ်စားလာတာ သတိထားမိတယ်။ အဲဒီနေရာကို ပိုင်ဆိုင်လိုက်တဲ့အခါမှာ ရလာတဲ့ အကျိုးအမြတ်တွေ ရှိနေလို့လဲ လူတွေဟာ ကုလားထိုင်ခေါ်တဲ့ သက်မဲ့အရာတခုကို အာသာငမ်းငမ်း ဖြစ်နေကြတာ ထင်ပါရဲ့။

ကိုလူထွေး တခုတွေးမိတယ်လေ။ အဲဒီလောက် ကုလားထိုင် လုချင်ကြတဲ့လူတွေ... the green mile ရုပ်ရှင်ထဲက လျှပ်စစ်ခုံလို ကုလားထိုင်မျိုးဆိုရင်ရော အလုအယက် နေရာ ဝင်ဦးကြပါဦးမလား လို့ပါ။

ကိုကိုကြီးကတော့ ဘယ်အချိန် ခလုပ်ဆွဲလိုက်မယ် မသိနိုင်တဲ့ အဲဒီလျှပ်စစ်ခုံလို နေရာမျိုးကို ဝင်ထိုင်ပေးခဲ့တယ်။ သူကတော့ နေရာ လိုချင်လွန်းလို့ မဟုတ်။


... ... ...


ကိုလူထွေးတို့ ကျောင်းသားဘဝဟာ အင်မတန်မှ ပျော်စရာကောင်းပါတယ်။ ငယ်ငယ်တုန်က အကြောင်း ကျောင်းသားဘဝ အကြောင်းတွေကို ပြန်ပြောကြပြီဆိုရင် မပျော်သူ.. မလွမ်းတတ်သူ.. မတမ်းတမိသူရော ဘယ်လာရှိလိမ့်မှာလဲ။

ကျောင်းသားတွေဆိုတာက ရိုးသားတယ်။ ဖြူစင်တယ်။ အပြစ်ကင်းတယ်။

တက္ကသိုလ်တက်ကာစ ပထမနှစ်ဆိုတာ လောကမှာ အပျော်ဆုံးအချိန်လို့ ပြောလို့ရတယ်။ ကိုလူထွေးတို့က ဆယ်တန်းဖြေပြီးကတည်းက လွယ်အိတ်တလုံးလွယ်ပြီး မိန်းထဲ ရောက်နေပြီ။ အတန်းကြီး ကျောင်းသားတွေနဲ့ ရောပြီး အတန်းလိုက်တက်... ကင်တင်းလိုက်ထိုင် လုပ်နေပြီ။ ဒါပေမယ့် ဒါက တကယ့် ကျောင်းသားဘဝမှ မဟုတ်တာ။

ပထမနှစ်တကယ် စတက်ရတော့မှ ငါ တက္ကသိုလ်ကျောင်းသား ဖြစ်ပြီကွဆိုပြီး ကိုယ့်ကိုကိုယ် ဂုဏ်ယူလိုက်ရတာ မမောနိုင် မပန်းနိုင်ပါပဲ။ ဂုဏ်ယူစရာ ကောင်းလောက်အောင်လဲ မြန်မာနိုင်ငံ တက္ကသိုလ် ကျောင်းသားတွေရဲ့ သမိုင်းက ထွန်းပြောင်ခဲ့ပေတာကိုး။

တို့တိုင်းပြည် လွတ်လပ်ရေးကို အသက်ပေးပြီး အရယူပေးခဲ့တဲ့ ကိုအောင်ဆန်းဆိုတာ ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်း။ တို့တွေအားလုံး ကနေ့အထိ သူရဲကောင်းအဖြစ် လက်ခံထားကြတဲ့ ကိုဗဟိန်းတို့ ဗိုလ်အောင်ကျော် တို့ဆိုလဲ တက္ကသိုလ်ကျောင်းသား တွေပါပဲ။

ခေတ်အဆက်ဆက်မှာ တက္ကသိုလ်ကျောင်းသားတွေက မြန်မာနိုင်ငံရဲ့ အရေးနဲ့ တမျိုးသားလုံးရဲ့ အရေးကို ဦးဆောင်ခဲ့တယ်။

ဒီလိုပြောလိုက်တော့လဲ ကိုလူထွေး စိတ်ထဲမှာ ကိုကိုကြီးကို ပြန်ပြီး သတိရမိသွားပြန်ပါရော။


... ... ...


နောက်ဆုံးနှစ်ကို ရောက်ပြီဆိုရင်တော့ ကျောင်းသားတော်တော်များများဟာ ကျောင်းစာကိုပဲ အာရုံထား အလေးပေးကြပါတော့တယ်။ သူတို့ တဘဝလုံးရဲ့ ရှေ့ရေးက အဲဒီနှစ်မှာ အောင်မယ့် စာမေးပွဲပေါ်မှာ လုံးဝကြီး မူတည်နေတာကိုး။

ဖိုင်နယ်ရောက်ပြီဆိုရင် ကျောင်းသားတွေက ကိုယ်ဝင်ရမယ့် လုပ်ငန်းခွင်အတွက် ကြိုတင်ပြီး စိတ်ကူးယဉ်နေကြပြီ။ တချို့ဆိုရင် မိဘအရင်းအနှီးနဲ့ ကိုယ်ပိုင်စီးပွားတွေကိုတောင် အစပျိုးနေကြပြီလေ။ တချို့ကလဲ စာတွေကို လက်တွေ့ အသုံးချနိုင်အောင် လုပ်ငန်းခွင်တွေမှာ အလုပ်သင်အဖြစ်နဲ့ သွားပြီး လေ့လာသင်ယူကြပြီ။

အခုလို ပွဲမဝင်ခင် အပြင်က ကျင်းပထားမှလဲ လခကောင်းတဲ့ နေရာကောင်း တခုကို မြန်မြန်ရပြီး လူတွေနဲ့အတူ လူတန်းစေ့ နေနိုင်မှာ မဟုတ်လား။ ဒါကတော့ ဘွဲ့ရတယောက်ရဲ့ သဘာဝနဲ့ ရည်ရွယ်ချက်ပေါ့။

ကိုကိုကြီးကတော့ တက္ကသိုလ် နောက်ဆုံးနှစ်မှာတင် အဖမ်းခံလိုက်ရပြီး သူ့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ၁၃ နှစ်လုံးလုံး အကျဉ်းထောင်ထဲမှာပဲ အလဟဿ ကုန်ဆုံးခဲ့ရတယ်။


... ... ...


၁၉၈၈ မှာ ကိုကိုကြီးက "အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး ဘာသာ" ကို အထူးပြုထားပြီး နောက်ဆုံးနှစ်ကိုတောင် ရောက်နေပြီ။ မတ်လ အရေးအခင်းတွေ ဖြစ်တော့ သူက ကျောင်းပြီးဖို့ လပိုင်းပဲ လိုတော့တာ။

၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့မှာ စစ်အာဏာပိုင်တွေရဲ့ လက်ချက်နဲ့ အာအိုင်တီကျောင်းသား ကိုဖုန်းမော် ကျတယ်။ အဲဒီကိစ္စနဲ့ပဲ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုဟာ တဟုန်ထိုး မြင့်တက်လာခဲ့တယ်လေ။
ဘလော့ဂါတယောက် အစော်ကားခံရရင် ကျန်တဲ့ဘလော့ဂါ မောင်နှမတွေ မခံမရပ် ဖြစ်တတ်ကြသလိုပေါ့။ ကိုယ်လို ကျောင်းသားကို ထိတာ ကိုယ့်အသားကို လာထိသလိုပဲလို့ ခံစားမိတဲ့ ကိုကိုကြီးကလဲ ဘယ်ငြိမ်နေပါတော့မလဲ။ ရက်ရက်စက်စက် နှိမ်နင်းနေတဲ့ ကြားထဲကပဲ ရဲဘော် ရဲဘက် ကျောင်းသားတွေကို ဦးဆောင်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရှေ့ဆုံးကထွက် ဆန္ဒပြခဲ့တယ်။

သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ လုပ်ရည်ကိုင်ရည်နဲ့ အတွေးအခေါ်အမြှော်အမြင် တွေက ကိုကိုကြီးကို "ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ)" ရဲ့ ဒုဥက္ကဌ နေရာကို အရောက်ပို့ပေးခဲ့တာပေါ့။ ဒုဥက္ကဋ္ဌ နေရာကို ၁၉၈၈ သြဂုတ်လ ၂၈ နေ့မှာ စပြီး တာဝန်ယူခဲ့ပြီး ဥက္ကဋ္ဌဖြစ်တဲ့ ကိုမင်းကိုနိုင် အဖမ်းခံခဲ့ရပြီး နောက်ပိုင်းမှာတော့ ကိုကိုကြီးက ဗကသကို ဆက်ပြီး တာဝန်ယူခဲ့တယ်။
၁၉၈၉ အတွင်း ၆လကြာ အထိမ်းသိမ်းခံရတဲ့အချိန် ကလွဲလို့ ၁၉၉၀ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အထိ ကိုကိုကြီးက ဗကသကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ဦးဆောင်မှုပေးခဲ့ပါတယ်။

သူဟာ ဒီမိုကရေစီ စနစ်ကို ယုံကြည်သက်ဝင်ပြီး တိုင်းရင်းသားပြည်သူ တရပ်လုံးကို အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ကိုလဲ ကြိုးစားနေသူ တယောက်ဖြစ်ပါတယ်။

သူ့ရဲ့ ခံယူချက်နဲ့ လှုပ်ရှားမှုတွေကြောင့်ပဲ ကိုကိုကြီးဟာ ၁၉၉၁ ဒီဇင်ဘာမှာ အကျဉ်းချခံခဲ့ရတာပေါ့။ ၂၀၀၅ ခု မတ်လရောက်မှ သူပြန်လည် လွတ်မြောက်လာခဲ့တာပါ။

သူပြန်လွတ်လာပြီးတော့လဲ မကြာပါဘူး။ လောင်စာဆီ ဈေးနှုန်းတွေ တက်ခဲ့တဲ့အတွက် ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်နဲ့ အခြား ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူတွေနဲ့ အတူပူးပေါင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြဖို့ စည်းရုံး လှုပ်ရှားခဲ့ပါတယ်။

တကယ်တမ်းပြောရရင် ကိုကိုကြီး ထိုင်ခဲ့တဲ့ ကုလားထိုင်ဟာ လျှပ်စစ်ခုံလို ထိုင်ခုံမျိုးပါ။ ဒါကို သိရက်နဲ့ သူရဲရဲကြီး ရှေ့ဆုံးကနေ ထိုင်ပြခဲ့တာဟာ မြန်မာတမျိုးသားလုံးအတွက် သူ့ရဲ့ မွန်မြတ်တဲ့ ရင်းနှီးမှုကြီးပါပဲ။

သူအခုလက်ရှိ ကျခံထားရတဲ့ ၆၅ နှစ်ဆိုတဲ့ ထောင်ဒဏ်ဟာလဲ တမျိုးသားလုံးအတွက် ဘဝပေးထားတဲ့ ကိုကိုကြီးလို ခေါင်းဆောင်မျိုးအတွက် ပြောပလောက်တဲ့ ဆုံးရှုံးမှုတခု မဟုတ်ပါဘူး။


ညီလေး...

ဆုံးရှုံးတယ်ဆိုတဲ့ ဝေါဟာရကို မင်းအဘိဓါန်ထဲက ဆုတ်ဖြဲပစ်လိုက်...

ဆုံးရှုံးတယ်လို့ ထင်နေတာတွေဟာ တကယ်တော့


ရင်းနှီးမြုပ်နှံတာ.... ပေးဆပ်နေတာ....

ငါတို့ကလေးတွေအတွက် ငါတို့သားမြေးတွေအတွက်

တို့ဘိုးဘွားတွေသာ မပေးဆပ်ခဲ့ရင်...

ဒီကနေ့ လွတ်လပ်ရေး ဘယ်ရလိမ့်မလဲ...

အဲဒီပေးဆပ်မှုတွေ အတွက် မင်းကိုယ်မင်း ဂုဏ်ယူလိုက်စမ်း...

မင်းသားမြေးတွေ ဂုဏ်ယူတတ်အောင် သင်ပေးစမ်း...

ဆုံးရှုံးတယ်ဆိုတဲ့ ဝေါဟာရကို မင်းခေါင်းထဲက ဆွဲထုတ်ပစ်လိုက်...

ငါတို့ပေးဆပ်နေတယ်... ရင်းနှီးနေတယ်..

လာ ငါတို့ ပေးဆပ်စို့... ရင်းနှီးစို့....


(ကိုကိုကြီး)


၇-၇-၁၉၆၂ မမေ့ကြနဲ့ ဆိုသလိုပဲ တမျိုးသားလုံး လွတ်မြောက်ရေး အတွက် ကိုယ်ကျိုးမဖက်ဘဲ အသက်တွေ၊ ဘဝတွေ ပေးထားကြတဲ့ မွန်မြတ်တဲ့ စိတ်ထားနဲ့ ခေါင်းဆောင်တွေကိုလဲ အစဉ်သတိရနေစေချင်တဲ့ ဆန္ဒနဲ့ ဒီစာကို ရေးလိုက်ရခြင်းဖြစ်ပါတယ်...


အားလုံးကို ခင်မင်လေးစားတဲ့

ရဲဘော် လူထွေး

စာကိုးစာရင်း။ ။

  1. Ma Khin Min zaw's blog
  2. Voice of America VOA
  3. www.Momaka.com
  4. leaflet - Free Burma Political Prisoners now - Ko Ko Gyi

No comments:

Post a Comment