06 July 2009

Maung Shwe - Burmese in solidarity to free Burma - part 3

“အသံညီပြီး အလုပ်တူဖို့” အတွက် အမြင်တူပြီး အတွေးညီကြပါစို့

အပိုင်း - ၃

မောင်ရွှေ

ဇူလိုင် ၆၊ ၂၀၀၉

၄၃။ ယခုဆောင်းပါးရဲ့ ပထမပိုင်းကတော့ လူထုအားကို အသုံးပြုပြီး အာဏာရှင်စနစ်ကို တော်လှန်ကြရာမှာ အဆင့်(၃) ဆင့်ကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်ကြောင်းနဲ့ ယနေ့အချိန်အထိ အာဏာရှင်စနစ်ကို ဖြုတ်မချနိုင်ရတဲ့ အကြောင်းအရင်းများကို လေ့လာတင်ပြခဲ့ပါတယ်။ နိုင်ငံ့အရေး၊ ဒီမိုကရေစီအရေးများမှာ တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြဖို့၊ လူထုရဲ့ စိုးရိမ်ကြောင့်ကြမှုများကို လျော့ချနိုင်ဖို့၊ တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှု ရယူနိုင်ဖို့၊ စသည့်ကဏ္ဍများရဲ့ အရေးကြီးပုံများကို အဓိကထား တင်ပြခဲ့ပါတယ်။

ဆောင်းပါး ဒုတိယအပိုင်းမှာတော့ မြန်မာ့ နိုင်ငံရေး အခင်းအကျင်းတစ်ခုလုံးကို အတွေးပုံစံတစ်ခုနဲ့ ခင်းကျင်းတင်ပြခဲ့ပြီး မြန်မာ့နိုင်ငံရေးလောကရဲ့ ပြင်ပ ရပ်ဝန်းက နိုင်ငံပြုပြင်ပြောင်းလဲရေး တွန်းအားတွေ၊ မြန်မာ့နိုင်ငံရေး လောကထဲက Players အသီးသီးအပေါ် ကျရောက်နေတဲ့ ဖိအားတွေကို လူထုတော်လှန်ရေး ဖြစ်စဉ်အဆင့် (၂)နဲ့ (၃)အတွက် အကျိုးရှိစေရန်၊ အဟန့်အတား မဖြစ်စေရန်၊ လေ့လာ တင်ပြခဲ့ပါတယ်။

ယခု တတိယအပိုင်းမှာတော့ မြန်မာ့နိုင်ငံရေးလောကရဲ့ အဓိက Player ဖြစ်တဲ့ န၀တ/ နအဖရဲ့ လုပ်ရပ်များကို ဗဟိုပြုလေ့လာပြီး လူထုတော်လှန်ရေး ဖြစ်စဉ်အဆင့်ဆင့် ဖြစ်ပေါ်အောင်မြင်စေရေး အတွက် န၀တ/နအဖအပေါ် တန်ပြန်ဆောင်ရွက် သင့်တာများကို လေ့လာတင်ပြသွားပါမယ်။

န၀တ / နအဖ

၄၄။ န၀တ/နအဖရဲ့ အာဏာရှင်စနစ်နဲ့ အုပ်စိုးနေတဲ့ အနှစ်(၂၀)ကျော် ကာလအတွင်း သူ့ရဲ့ ထုတ်ပြန် ကြေညာချက်များ၊ ဥပဒေများကို ကြည့်ရင် သူ့ရဲ့ ဒီမိုကရေစီ အရေခြုံ အာဏာရှင် အကျင့်စရိုက်နဲ့ လုပ်ရပ်များအပြင် ကိုယ်ပေးတဲ့ ဂတိနဲ့ ကိုယ်ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်များ ကိုယ်တိုင် ပြန်လည်ချိုးဖောက်နေတဲ့ အဖွဲ့အစည်းအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(၁၈-၉-၁၉၈၈)ရက်နေ့မှာ ကြေညာချက် ၁/၈၈ နဲ့ ဒီမိုကရေစီနည်းကျ ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ကျင်းပ ပေးပါမယ်လို့ ဂတိပြု၊ ကြေညာချက် ၂/၈၈ နဲ့ ၁၉၇၄ ဖွဲ့စည်းပုံပါ State Institutions များကို ဖျက်သိမ်း ကြောင်း ကြေညာပြီး န၀တ အာဏာသိမ်းခဲ့ပါတယ်။

နိုင်ငံရေး၊ စီးပွားရေးစနစ်တွေ ပြုပြင်ပြောင်းလဲဖို့၊ ကြားဖြတ် အစိုးရ ဖွဲ့စည်းပေးဖို့ တောင်းဆိုနေတဲ့ လူထုကို လက်နက်အားကိုးနဲ့ နှိမ်နင်းခဲ့ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေနည်းဥပဒေနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ စသည့် ဥပဒေများကို ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲ ပြီးရင် အာဏာ လွှဲအပ်ပေးပါ့မယ်လို့ နှုတ်ဂတိတွေ အထပ်ထပ် ပေးကြပါတယ်။

ဒီလိုနဲ့ပဲ ၁၉၉၀ခုနှစ် မေလ ရွေးကောက်ပွဲ ကျင်းပ နိုင်ခဲ့ပြီး အနိုင်ရပါတီ NLD ပေါ်ထွက်လာခဲ့သလို လူထုက ရွေးချယ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ လည်းပေါ်ထွက်လာပါတယ်။

၄၅။ ရွေးကောက်ပွဲရလဒ်ကို မြင်တွေ့ပြီးတဲ့နောက် စစ်အာဏာရှင်တစ်စု လေသံတွေ ပြောင်းလာခဲ့ပါပြီ။ ဗိုလ်စောမောင် တစ်ယောက် မြန်မာပြည်ရဲ့ ရာမိုစ့် လုပ်နိုင်တဲ့ အခွင့်အရေး လက်ဝယ်ရနေတာကို လျစ်လျူရှုလိုက်ပြီး ဗိုလ်နေ၀င်း လမ်းကြောင်းကို လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ရက်ပေါင်း (၆၀)အကြာ (၂၇-၇-၁၉၉၀) ရက်နေ့မှာ ကြေညာချက် ၁/၉၀ ကို န၀တက ထုတ်ပြန်ကြေညာပါတယ်။ ရှေ့က ပေးထားခဲ့တဲ့ ဂတိစကားများကို မပြောခဲ့သလို နေလိုက်ကြပါတယ်။ ပထမအကြိမ် ဂတိမတည်ခြင်းပါ။

ကြေညာချက်အရ တိုင်းပြည်ရဲ့ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး အာဏာ သုံးရပ်စလုံးကို န၀တက ဆက်လက် စွဲကိုင်ထားမယ်။ အာဏာလွဲမပေးနိုင်ဘူး၊ ခေါ်ယူပေးရမယ့် လွှတ်တော်နဲ့ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များရဲ့ အလုပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ ဖြစ်တယ်လို့ တရားဝင် ပြောလိုက်ခြင်းပါ။

ကြေညာချက်ရဲ့ အပိုဒ် (၁၂)နဲ့ ပြည့်သူ့လွှတ်တော် ခေါ်ပေးမည့်အကြောင်း ဂတိ ပေးထားပေမယ့် အချိန်ဇယား ဖေါ်ပြထားခြင်း မရှိပါဘူး။

၄၆။ န၀တရဲ့ ၁/၉၀ ကြေညာချက်ထွက်အပြီး ၂ရက်အကြာမှာ NLD က ဂန္ဒီခန်းမကြေညာစာတမ်းကို ထုတ်ပြန် ကြေညာပါတယ်။ ဆိုလိုရင်းကတော့ ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရမယ်ဆိုတဲ့ န၀တ ၁/၉၀ ပါ အချက်ကို လက်ခံတယ်၊ သို့သော် လွှတ်တော်၏ အာဏာစက်ရှိဖို့နဲ့ ကိုယ်စားလှယ်များ အချုပ်အချယ် လွတ် ကင်းစွာနဲ့ ဆောင်ရွက်နိုင်တဲ့ ဒီမိုကရေစီအခြေခံရှိတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့အတွက် အာဏာလွဲပြောင်းမှုရှိမှ ဖြစ်မယ်။ ဒီ့အတွက် NLD က ၁၉၉၀ခုနှစ် ယာယီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (မူကြမ်း) ကို အခြားပါတီများနဲ့ တိုင်ပင် ညှိနိုင်းမယ်၊ န၀တ နဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာမယ်။ ယင်း ယာယီဖွဲ့စည်းပုံ ဥပဒေနဲ့ လွတ်တော်ခေါ်ယူခြင်း၊ အစိုးရဖွဲ့စည်းခြင်း နဲ့ အာဏာလွဲပြောင်းမှုလုပ်ရန် အဆိုပြုတဲ့ ကြေညာချက် ဖြစ်ပါတယ်။

၄၇။ လက်နက်အားကိုးနဲ့ အာဏာသိမ်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမရှိပဲ တိုင်းပြည်ကို မာရှယ်လောနဲ့ အုပ်ချုပ် နေတာထက်စာရင် ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေး ပါတီနဲ့ ညှိနိုင်းကာ ယာယီဖွဲ့စည်းပုံအခြေခံဥပေဒနဲ့ အုပ်ချုပ်ရေး စနစ်ကို ထူထောင်၊ ပြည်သူ့လွှတ်တော်ထဲမှာ ပြည်သူ့ကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြုတဲ့ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို အနှောင်အဖွဲ့ကင်းကင်း၊ ကန့်သတ် ချုပ်ချယ်မှုမပါ လွတ်လပ်စွာ ဆောင်ရွက် နိုင်စေ မယ့် လမ်းကို န၀တက မရွေးချယ်ခဲ့ပါဘူး။

စက်တင်ဘာလ နောက်ဆုံးထား လွှတ်တော် ခေါ်ပေးဖို့ တောင်းလိုက်တဲ့ NLD ကို စက်တင်ဘာလအတွင်းမှာ NLD ခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များကို ဖမ်းဆီး အရေးယူခြင်း နဲ့ န၀တက တုန့်ပြန်ခဲ့ပါတယ်။ ရလဒ်ကတော့ ယနေ့အထိ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်တဲ့၊ မဖွံ့ဖြိုး မတိုးတက်တဲ့ နိုင်ငံတစ်ခု အဖြစ်ဆက်လက် တည်ရှိနေခြင်းပါ။ လမ်းရွေးမှားတဲ့ ဗိုလ်စောမောင်တစ်ယောက် မြန်မာပြည်ရဲ့ ရားမိုစ့် မဖြစ်လိုက်ပဲ စိတ္တဇရောဂါဖြစ်ကာ မထင်မရှား ဇာတ်သိမ်းပါတယ်။

၄၈။ (၂၄-၄-၁၉၉၂) ရက်နေ့မှာ န၀တက ကြေညာချက် ၁၁/၉၂ နဲ့ ပြည်သူ့လွှတ်တော်နေရာမှာ အမျိုးသား ညီလာခံကို အစားထိုး လိုက်ပါတယ်။ သူထုတ်ပြန် ကြေညာခဲ့တဲ့ ၁/၉၀ ကြေညာချက်နဲ့ များစွာ ကွဲလွဲသွားပါပြီ။ ဒုတိယအကြိမ် ဂတိ မတည်ခြင်းပါ။

ညီလာခံ ကိုယ်စားလှယ် ၇၀၂ဦးမှာ ရွေးကောက်တင်မြောက်ထားသူ ၁၀၇ ဦးနဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ် ၄၉ဦး ကလွဲလို့ ကျန်တဲ့ ၅၄၄ဦး (၇၈%) ကို န၀တက ရွေးချယ်ထားတာ ဖြစ်ပါတယ်။

ဒုတိယ အချက်က အမျိုးသား ညီလာခံမှာ ဆွေးနွေးကြတဲ့အခါ လိုက်နာကြရမယ့် ရည်ရွယ်ချက် (၆) ခုကို န၀တက ကြိုတင်စည်းကမ်းချက်များအဖြစ် ချမှတ်ထားခြင်း ဖြစ်ပါတယ်။ လူထုက ရွေးချယ်ပေးလိုက်တဲ့ လူထု ကိုယ်စားလှယ် များက လူထုအကျိုးအတွက် လူထုဆန္ဒနဲ့အညီ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ကို ဘောင်ခတ်လိုက် ခြင်းပါ။ ဒီမိုကရေစီ တန်ဖိုးများကို ထင်ထင်ရှားရှား မထီမဲ့မြင် ပြုလိုက်ခြင်း ဖြစ်ပါတယ်။

န၀တ ကြေညာချက် ၁/၈၈ နဲ့ ဖေါ်ပြခဲ့တဲ့ ဒီမိုကရေစီစနစ် ထူထောင်ပါ့မယ့် ဆိုတဲ့ အချက်ကို အခြေခံကျကျ ဖေါက်ဖျက်လိုက်ခြင်း ဖြစ်ပါတယ်။ အပြောတစ်မျိုး အလုပ်တစ်မျိုးဇာတ်လမ်း ပီပြင်လာပါပြီ။

၄၉။ ဒီ့အပြင် အမျိုးသားညီလာခံကို စိတ်တိုင်းကျ ချယ်လှယ် နိုင်စေမယ့် အချက်တွေကိုလည်း ကျင်းပခြင်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများမှာ အကြံအစည်ရှိရှိ ထည့်သွင်းထား ပါတယ်။ ဥပမာ အစည်းအဝေးကို (၂)ရက် ပျက်ကွက်သူ ကိုယ်စားလှယ်အား ညီလာခံက ထုတ်ပယ်ဖို့ ကျင်းပရေး ကော်မတီက စဉ်းစား ဆုံးဖြတ်နိုင်တာ၊ ညီလာခံမှာ ဆွေးနွေး ညှိနိုင်းကြတာတွေကို ပြင်ပမှာ ပြောခွင့်မပြုတာ၊ စတဲ့အချက်များ ဖြစ်ပါတယ်။

တိုင်းပြည်နဲ့ လူထုအရေး ဆွေးနွေးမှု များကို လူထုက လွတ်လပ်စွာ သိခွင့်မရတဲ့ အခြေအနေပါ။ ညီလာခံရဲ့ စုဖွဲ့မှုပုံစံကလည်း န၀တ စိတ်တိုင်းကျ ချယ်လှယ်နိုင်ဖို့ ဖန်တီးထားတဲ့ ပုံစံတစ်ခု ဖြစ်ပါတယ်။

ညီလာခံရဲ့ အစုအဖွဲ့ (၇)ခုမှာ ရွေးကောက်ခံ ကိုယ်စားလှယ် များနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ် များကို တစ်စုထားပြီး ကျန် ကိုယ်စားလှယ်များကို (၆) စုခွဲ နေရာချ ထားခြင်းဖြင့် စုံညီအစည်းအဝေးများမှာ လွှတ်တော် ကိုယ်စားလှယ်များရဲ့ အသံအပေါ် န၀တ/ နအဖ လူများရဲ့ အသံနဲ့ လွှမ်းမိုး နိုင်အောင် စီစဉ်ထားခြင်းပါ။

၅၀။ ၁၉၉၀ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းမှာ ပါတီခေါင်းဆောင်များအားလုံးနီးပါးလောက် အဖမ်းခံကြရလို့ NLD ပါတီမှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲများစွာ ဖြစ်ခဲ့ပါတယ်။ ခေါင်းဆောင်မှုအသစ်နဲ့ အတူ အမျိုးသား ညီလာခံကို NLD ကိုယ်စားလှယ်များ တက်ရောက်ခြင်းဖြင့် ဂန္ဒီခန်းမ ကြေညာစာတမ်းပါ တောင်းဆိုချက်များကို အလျော့ပေးလိုက်ပါတယ်။

၁၉၉၃၊ ဇန္န၀ါရီလမှာ အမျိုးသားညီလာခံ စတင်ပါတယ်။ ပထမဆုံးညီလာခံမှာတင် န၀တရဲ့ ဘောင်ခတ်ထားမှု ပြဿနာတွေ ညီလာခံမှာ စတင်ပေါ်ပေါက်လာပါတယ်။ ဒီမိုကရေစီအခြေခံမရှိတဲ့ အခြေအနေမှာ အာဏာရှင်ရဲ့ စွက်ဖက်မှုအပြည့်နဲ့ ရေးဆွဲရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လူထုကိုယ်စားလှယ် များ စတင်သဘောပေါက်ခဲ့ကြပါတယ်။

ဒါပေမယ့် ခိုင်းတာအကုန်လုပ်မည့် န၀တ ကိုယ်စားလှယ်က အများစုမို့ ညီလာခံကတော့ တစ်ရွေ့ရွေ့ ချီတက်လျက်ရှိပြီး န၀တ/နအဖ စိတ်တိုင်းကျ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အခြေခံ မူများကို ဆက်လက်ပုံဖေါ်ခဲ့ပါတယ်။ စစ်အာဏာရှင် လက်ပါးစေများနဲ့ ညီလာခံအတွင်း အတိုက်အခံဖြစ်ခဲ့တဲ့ ညီလာခံ ကိုယ်စားလှယ်အချို့ကို ညီလာခံပြင်ပမှာ ရာဇ၀တ်ပုဒ်မတပ် အရေးယူတာတွေ မြင်တွေ့လာရပါတယ်။ တိုင်းရင်းသားညီလာခံကိုယ်စားလှယ်အချို့ ပြည်ပသို့ ရှောင်တိမ်းလာခဲ့ပြီး ညီလာခံမှာ န၀တ/နအဖ အကြိုက် ဆောင်ရွက်နေရတာတွေကို ဖေါ်ထုတ်ခဲ့ကြပါတယ်။

၅၁။ ၁၉၉၅ခုနှစ် နိုဝင်ဘာလ၊ ညီလာခံရဲ့ လုပ်ထုံးလုပ်နည်းများကို ပြန်လည် သုံးသပ် ပြင်ဆင်ပေးဖို့၊ ဆွေးနွေးမှု များအား လူထုကို ထုတ်ပြန် အသိပေးရာမှာ အဖြတ်အတောက် ဆင်ဆာမလုပ်ဖို့၊ စစ်အာဏာရှင်တွေနဲ့ ညီလာခံ အတွင်း အတိုက်အခံ ပြောဆိုသူများကို ရာဇ၀တ်ပုဒ်မများတပ်ကာ အရေးယူခဲ့ခြင်းများ ဆက်လက်မပြုလုပ်ဖို့ စသည့် အချက်များကို NLD ကိုယ်စားလှယ် များက အရေးဆို ကန့်ကွက်ခဲ့ကြပါတယ်။

န၀တရဲ့ ညီလာခံကော်မရှင်က လိုက်လျောမှုမရှိပဲ ညီလာခံ (၂) ရက် ပျက်ကွက်ခြင်းကြောင့် ညီလာခံက အပြီးအပိုင် ထုတ်ပယ် ကြောင်း ကြေညာ ခဲ့ပါတယ်။ သုံးလခန့်အကြာ ဇွန်လ (၇) ရက်နေ့မှာ န၀တက ဥပဒေအမှတ် ၅/၉၆ ကို ထုတ်ပြန် ကြေညာ လိုက်ပါ တယ်။ အမျိုးသားညီလာခံရဲ့ လုပ်ငန်း တာဝန်တွေအပေါ် ဆန့်ကျင်ကန့်ကွက်သူများကို ထောင်ဒဏ် (၅)နှစ် ကနေ အနှစ် (၂၀)အထိ အပြစ်ပေးနိုင်ဖို့ စီစဉ်ရေးဆွဲထားတဲ့ ဥပဒေပါ။ တနည်းအားဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို န၀တ/ နအဖရဲ့ စိတ်တိုင်းကျ ဖြစ်လာစေဖို့အရေး ကြိုးပမ်းမှုကို လုံးဝလက်လျော့မှာ မဟုတ်ကြောင်း ပြောင်ပြောင် တင်းတင်း ပြသလိုက်တာ ဖြစ်ပါတယ်။ ၁/၉၀ ကြေညာချက်မှာ ရွေးကောက်တင်မြောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ ဆောင်ရွက်ရမည့် အလုပ်လို့ အတိအလင်း ဖေါ်ပြထားချက်ကို လစ်လျှူရှု့လိုက်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေသစ် ရေးဆွဲခြင်းသည် နအဖ ရဲ့ အလုပ်ဖြစ်သွားပါပြီ။ တတိယအကြိမ် ဂတိ မတည်ခြင်းပါ။

၅၂။ ၂၀၀၃ခုနှစ်၊ မေလ (၃၀)ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ဒီပဲရင်း လုပ်ကြံမှုကြောင့် ရင်ဆိုင်လာရတဲ့ နိုင်ငံတကာ ဖိအား များကို လျောချဖို့ နအဖက လမ်းပြမြေပုံ (၇)ဆင့်ကို ၂၀၀၃ခုနှစ်၊ သြဂုတ်လမှာ ကြေညာပါတယ်။ ဆိုလိုရင်း ကတော့ တို့ ဒီလမ်းအတိုင်း သွားမယ်။ လိုက်ချင်ရင် လိုက်ကြ၊ တို့ကတော့ အပြောင်းအလဲမရှိဘူး ဆိုတာ အပြတ်ပြော လိုက်တာပါ။

အမျိုးသား ပြန်လည်သင့်မြတ်ရေးဦးတည် ဆောင်ရွက်ဖို့၊ အဲဒီလုပ်ငန်းများမှာ လူစုံ တက်စုံပါနိုင်ဖို့၊ ဒီမိုကရေစီ အခွင့်အရေးများ ပေးဖို့၊ ဒီမိုကရေစီစံနှုန်းများကို လိုက်နာဖို့ ဆော်သြ တိုက်တွန်း ကြသူများအတွက် အဖြေပေးလိုက်ခြင်းပါ။

အဆင့်(၁) အမျိုးသားညီလာခံကို ပြန်စတော့ လူထုက ဆန္ဒမဲပေး ရွေးချယ် တင်မြောက် ထားတဲ့ ကိုယ်စားလှယ် (၁၃)ဦးနဲ့ ပါတီကိုယ်စားလှယ် (၂၉)ဦး ကို နအဖ ရွေးချယ် ခေါ်ယူ ထားတဲ့ (၁၀၄၄) ဦးနဲ့ ၀ိုင်းရံ ထိန်းချုပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ကို နအဖ စိတ်တိုင်းကျ ပုံဖေါ်လိုက်ကြတာ ယနေ့မြင်တွေ့နေရတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အခြေခံရမယ့်မူ၊ အသေးစိတ် အခြေခံရမယ့် မူများ ကို နအဖက ၂၀၀၇ခုနှစ်၊ စက်တင်ဘာလမှာ ထုတ်ပြန်လိုက်ပါတယ်။

လူထုဆန္ဒ ကိုယ်စားပြုနိုင်ခြင်းမရှိတဲ့ စစ်အာဏာရှင်များရဲ့ အလိုဆန္ဒ အတိုင်း ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဆိုင်ရာ အခြေခံမူများ နိုင်ငံရေး မြင်ကွင်းမှာ ပေါ်ပေါက်လာပြီ။

၅၃။ ၂၀၀၇ခုနှစ်၊ အောင်တိုဘာလ (၁၈)ရက်နေ့မှာ နအဖက ကြေညာချက် ၂/၂၀၀၇ ကို ထုတ်ပြန်ကြေညာ ပါတယ်။ ယခင်ကြေညာချက် ၁/၉၀ နဲ့ လုံးဝ ဆန့်ကျင်ဖက် ဖြစ်ပါတယ်။ ၁/၉၀ ကြေညာချက်နဲ့ လွှတ်တော် ခေါ်ယူ ပေးပါမယ်လို့ ဂတိတွေပေး၊ ကိုယ်စားလှယ်များရဲ့ အလုပ်က လွှတ်တော်မှာ အခြေခံဥပဒေ ဆွဲဖို့ပါလို့ ပြောခဲ့ပြီး ယခု ၂/၂၀၀၇ ကတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှ မပါ၊ နအဖရဲ့ ရွေးချယ်ဖွဲ့စည်းပေးတဲ့ (၅၄)ဦး နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးကော်မရှင် ဖွဲ့စည်းခန့်အပ်တဲ့ ကြေညာချက်ပါ။

ဒီမိုကရေစီစနစ်ကို ထူထောင်မယ် ဆိုရင် ဒီမိုကရေစီအခြေခံတွေကို ဆောင်ကြဉ်းပေးနိုင်ရပါမယ်။ လူထုအတွက် လူထုကိုယ်တိုင် လူထုအားနဲ့ ဆောင်ရွက်နိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ပေးဖို့က အစိုးရတစ်ရပ်ရဲ့ တာဝန်ပါ။ နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲလုပ်ရပ် အဆင့်ဆင့်ကို ကြည့်ရင် နအဖအတွက် နအဖကိုယ်တိုင် နအဖအင်အားကို သုံးပြီး ဆောင်ရွက်နေတဲ့ လုပ်ငန်းတစ်ခုအဖြစ် ပုံပေါ်နေတာကို စာဖတ်သူများ မြင်တွေ့နိုင်ပါတယ်။

၁၉၈၈ခုနှစ် န၀တ အာဏာသိမ်းတော့ တပ်မတော်ရဲ့ အစိတ်အပိုင်းအသီးသီးက လက်ခံခဲ့တာ ၁/၈၈ ကြေညာချက်ပါ ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်ပါ့မယ်ဆိုတဲ့ အချက်ကြောင့် ဖြစ်ခဲ့ရင် ယခု န၀တ/နအဖ လုပ်ရပ်များကို တပ်မတော်ရဲ့ အစိတ်အပိုင်း အသီးသီးက ယနေ့ ပြန်လည် စဉ်းစားသင့်ပါပြီ။

၅၄။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အချက်(၅) ချက်ပါ အဆိုပြုချက်တစ်ရပ်ကို နအဖ စစ်အာဏာရှင်များထံ ဖွဲ့စည်းပုံ(မူကြမ်း) ရေးဆွဲပြီးသွားလို့ ဆန္ဒခံယူပွဲ မလုပ်မီမှာ အချိန်မီ ပေးအပ်ခဲ့ပါသေးတယ်။

ဒီအချက်တွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲမှုကို NLD အပါအ၀င် ၂၀၀၄ခုနှစ်နောက်ပိုင်း အမျိုးသား ညီလာခံမှာ မပါဝင်နိုင်ခြဲ့ကတဲ့ တိုင်းရင်းသား ခေါင်းဆောင်များနဲ့အတူ ပြန်လည်သုံးသပ်ရေးဆွဲဖို့၊ တိတိကျကျ ဖေါ်ပြထားတဲ့ အချိန်ဘောင် တစ်ခု အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်သန်းရွှေတို့ တွေ့ဆုံဆွေးနွေးဖို့၊ စတဲ့ အချက် (၂)ခု ပါဝင်ပါတယ်။

ဒီအဆိုပြုချက်ကို နအဖက ၂၀၀၈ခုနှစ်၊ မတ်လအတွင်းမှာ ပယ်ချလိုက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတယ်ဆိုတာ လူထုက အာဏာအပ်နှင်းထားတဲ့ တရားဝင် အစိုးရတွေကသာ လုပ်ကြရတဲ့ အလုပ်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာနယ်ပယ်မှာ လက်ခံထားတဲ့ “စံ” ကို နအဖက မသိကျိုးကျွံပြုလိုက်ကာ မိမိအစီအစဉ် အတိုင်း ထင်ရာစိုင်းဖို့ ပြင်ဆင်ခဲ့ပါတယ်။

၅၅။ ၂၀၀၈ခုနှစ်၊ ဧပြီလ (၉)ရက်နေ့မှာ ရေးဆွဲပြီးသွားတဲ့ ဖွဲ့စည်းပုံဥပဒေ (မူကြမ်း) ကို အများပြည်သူ ဖတ်နိုင်ဖို့ ထုတ်ဝေဖြန့်ချီပြီး ဆန္ဒခံယူပွဲကိုလည်း နောက် (၃၁)ရက် အကြာ မေလ (၁၀)ရက်မှာ ပြုလုပ်မယ့် အကြောင်း နအဖ တဆက်တည်း ကြေညာခဲ့ပါတယ်။

ဒီအခြေခံဥပဒေအကြောင်း ကျယ်ကျယ်ပျံ့ပျံ့ သိရှိနိုင်ဖို့ လုံလောက်တဲ့အချိန် လူထုကို မပေးခဲ့ပါ။ မီဒီယာတွေမှာလည်း အဆိုးအကောင်း၊ အကြောင်းအကျိုး မျှတအောင် ဖေါ်ပြခွင့်မပြုပဲ ထောက်ခံမဲ ထည့်ရေးကိုသာ နအဖပိုင် မီဒီယာနဲ့ ဆွဲဆောင်ခဲ့ကြပါတယ်။ ကြိုတင်မဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ၀န်ထမ်း မိသားစုများထံက ထောက်ခံမဲကို ဖိအားပေးရယူခဲ့ပြီး၊ မေလ (၂)ရက်နေ့မှာ နာဂစ် မုန်တိုင်းကြောင့် တိုင်းပြည်မှာ မကြုံဘူးလောက်အောင် ဒုက္ခရောက်နေတဲ့ အချိန်မှာ ဆန္ဒခံယူပွဲကို အတင်းကျင်းပပြီး သူရေးထားတဲ့ ဖွဲ့စည်းပုံကို အများက ထောက်ခံကြပါတယ်လို့ လုပ်ယူလိုက်ပါတယ်။

၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ (၁၄) နှစ်သာ တည်တံ့ လိုက်ပါတယ်။ ယခု ၂၀၀၈ ဖွဲ့စည်းပုံလည်း လူထုဆန္ဒကို ထင်ဟပ်ခြင်း မရှိတာကြောင့် ရေရှည်တည်တံ့မည့် ဖွဲ့စည်းပုံ တစ်ရပ် ဖြစ်မလာမှာ အသေအချာပါ။

၅၆။ အထက်ပါ ဖြစ်စဉ်များကို လေ့လာကြည့်ရင် နအဖဟာ သူ့ဆန္ဒ၊ သူဖြစ်ချင်တဲ့ပုံကို မဖြစ် ဖြစ်အောင် ပုံဖေါ် လာခဲ့တယ်ဆိုတာ ထင်ရှားလွန်းလှပါတယ်။ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်း များရဲ့ ဒီမိုကရေစီကျင့်သုံးဖို့၊ အတိုက်အခံများနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ တိုက်တွန်း အရေးဆိုမှုများကိုလည်း နည်းမျိုးစုံသုံးပြီး ငြင်းပယ်ခဲ့၊ လစ်လျှူရှ့ခဲ့ ပြီးပါပြီ။

၁၉၉၀ရလဒ်ကို ဗြောင်ကျကျ လက်မခံခဲ့တဲ့အပြင် ဒီပဲရင်းလုပ်ကြံမှုလို အကြမ်းဖက် နည်းနဲ့လည်း အတိုက်အခံများကို နိုမ်နင်း၊ ရွှေဝါရောင် တော်လှန်ရေးမှာလည်း သံဃာကို အများရှေ့မှာ ရိုက်နှက် သတ်ဖြတ် ပြခဲ့ ပြီးပါပြီ။

ယခု ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရေး လောကထဲမှာ လှုပ်ရှားနိုင်စွမ်းမရှိအောင် နည်းမျိုးစုံနဲ့ ဆက်လက် စီစဉ်ဆောင်ရွက်နေဦးမှာ ဖြစ်ပါတယ်။

အနှစ် ၂၀ကျော် ကြိုးစားလာခဲ့တဲ့ စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေး အစီအစဉ်ကို ဘယ်လိုနည်းနဲ့မှ အပျက်ခံမှာ မဟုတ်လို့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဖြစ်အောင် လုပ်သွားမှာ သေချာပါတယ်။ “စွမ်းအားရှင်” လို့အမည်ရတဲ့ အကြမ်းဖက်ဂိုဏ်းကို စနစ်တကျ ဖွဲ့စည်းထား ပြီးပြီမို့ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ၂၀၀၈ ဆန္ဒခံယူပွဲလို နည်းမျိုးစုံနဲ့ ညစ်ပတ်ဦးမှာ ဖြစ်ပါတယ်။

လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များ

၅၇။ မြန်မာ့နိုင်ငံရေးလောကမှာ ချန်လှပ်ထားလို့ မရနိုင်တဲ့ အရေးပါတဲ့ ပလေယာတစ်စုက လက်နက်ကိုင် တော်လှန်ရေး အင်အားစုများပါ။ ၁/၉၀ ကြေညာချက်ရဲ့ အပိုဒ် (၁၀)မှာ နအဖ (န၀တ) က ၄င်းတို့ဟာ နိုင်ငံရေး အစိုးရ မဟုတ်လို့ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းနှင့်မျှ နိုင်ငံရေးနည်းအရ စေ့စပ် ဆွေးနွေးမှာ မဟုတ်ဘူးလို့ ဖေါ်ပြ ထားပေမယ့် ယခုအခါမှာတော့ ငြိမ်းချမ်းရေးအဖွဲ့များကို နယ်စပ် လုံခြုံရေးတပ်များအဖြစ် ပြင်ဆင်ဖွဲ့စည်းဖို့ နအဖက ဖိအားပေး ဆောင်ရွက်နေတာ တွေ့ရပါတယ်။

၅၈။ ငြိမ်းအဖွဲ့တွေ အသွင်ပြောင်းကြရင် နအဖက နိုင်ငံရေးအရ အကျိုးအမြတ် ထွက်မယ့်အပြင် နောင်လာမည့် လွှတ်တော်နဲ့ အစိုးရများကို လုံးဝမှု့စရာမလိုတဲ့ အင်အားတစ်ခုကို ကာကွယ်ရေးဦးစီးချုပ်က ပိုင်ဆိုင်ထားမှာ ဖြစ်ပါ တယ်။

ငြိမ်းအဖွဲ့များ အသွင်ပြောင်းဖို့ ငြင်းကြရင်လည်း ရန်သူပြပြီး တပ်တွင်းညီညွတ်ရေး တည်ဆောက်နေကြ ဗျူဟာဟောင်းနဲ့ စစ်အာဏာရှင်များက တပ်ကို စည်းရုံးသိမ်းသွင်းပြီး ၂၀၁၀ ရွေးကောက်ပွဲကို စိတ်တိုင်းကျ ချယ်မှုန်း နိုင်မှာ ဖြစ်ပါတယ်။

ငြိမ်းအဖွဲ့အားလုံး အသွင်ပြောင်းမှာ မဟုတ်ဘူးဆိုတာ နအဖ ကြိုတွက် ထားပြီးသားပါ။ နအဖ အာရုံစိုက်နေတာက မွန်၊ ကရင်နဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသများသာ ဖြစ်လို့ နယ်မြေ စိုးမိုးရေးကို အဲဒီဒေသများမှာ ၂၀၁၀ မတိုင်မှီ အားသွန်ခွန်စိုက် လုပ်မယ်လို့ ယူဆမိပါတယ်။ ဒီအယူအဆမှန်မယ် ဆိုရင် ဗိုလ်ရဲမြင့်တစ်ယောက် အများအမြင်လှအောင် ငြိမ်းအဖွဲ့တွေနဲ့ ကြိုးစားပမ်းစား ညှိနိုင်း တာတွေ လုပ်ပြပါလိမ့်မယ်။ ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း ပုံမှန်အတိုင်း ကျင်းပပါလိမ့်မယ်။

၅၉။ ငြိမ်းချမ်းရေးအဖွဲ့များရဲ့ ရပ်တည်ချက်ဖြစ်တဲ့ တစ်နိုင်ငံမှာ စစ်တပ် တစ်တပ်တည်း ဖြစ်ရမယ် ဆိုတာကို လက်ခံခြင်း၊ လက်ရှိအတိုင်း ပိုနေမြဲ ကျားနေမြဲ အခြေအနေ အတိုင်းသွားဖို့ နယ်စပ်လုံခြုံရေး တပ်များအဖြစ် အသွင် ပြောင်းခြင်းလုပ်ငန်းကို နောင်တက်လာမည့် အစိုးရ၊ လွှတ်တော်များနဲ့မှ ဆက်လက် ညှိနိုင်းသွားဖို့ တောင်းဆိုချက်၊ စတဲ့ တောင်းဆိုချက်များက နောင်ဖြစ်ပေါ်လာမယ့် လွှတ်တော်တွေမှာ အာဏာရှင်ရာထူးဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပါဝါကစားဖို့အတွက် အကောင်းဆုံး အနေအထား ဖြစ်တာမို့ တပ်မတော်ရဲ့ ပြုပြင်ပြောင်းလဲလိုကြတဲ့ အစိတ်အပိုင်းများ အနေနဲ့ ငြိမ်းအဖွဲ့များရဲ့ တင်ပြချက်ဟာ လက်ခံသင့်တဲ့ အချက်တစ်ခုလို့ ယူဆမိပါတယ်။

လူထု တော်လှန်ရေး ရှု့ထောင့်ကကြည့်ရင် ငြိမ်းအဖွဲ့များက နအဖစစ်အာဏာရှင်များအပေါ် ယုံကြည်မှုလျော့နည်း ကျဆင်း နေခြင်းက လူထုအတွက် အင်အားတစ်ခု ဖြစ်ပါတယ်။ လူထုတော်လှန်ရေး အဆင့်(၃) ဖြစ်တဲ့ တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှု ရရှိချိန်မှာ ငြိမ်းအဖွဲ့များလည်း ပူးပေါင်းပါဝင်ကြမယ်လို့ မျှော်လင့်သလို ပူးပေါင်းပါဝင် ကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ

၆၀။ ၁၉၈၈ခုနှစ် အနေအထားနဲ့ နိုင်းယှဉ်ကြည့်ရင် လူထုတော်လှန်ရေး အောင်မြင်စေဖို့အတွက် လိုအပ်တဲ့ အခြေခံများ ကောင်းစွာ တည်ဆောက်ထားပြီးတာကို တွေ့မြင်ရပါတယ်။ ၈၈၈၈ အရေးတော်ပုံကာလကထက် ပိုမို ထိရောက်အောင် ဆောင်ရွက်ပေးနိုင်မယ့် သတင်းမီဒီယာ အမျိုးမျိုး၊ ဆက်သွယ်ရေး လမ်းကြောင်းအမျိုးမျိုး ရှိနေပါပြီ၊

၈၈၈၈ အရေးတော်ပုံကာလကတုန်းက အတိုက်အခံအဖွဲ့အစည်းများ ဖွဲ့စည်းဖြစ်ပေါ်မှုဟာ အရေးတော်ပုံဖြစ်စဉ်ရဲ့ အနောက်က လိုက်ခဲ့ရသလို ရှိခဲ့ပေမယ် ယနေ့ ပြည်တွင်း၊ ပြည်ပမှာ လူထုတော်လှန်ရေးအတွက် အဖွဲ့အစည်း အသီးသီး ရှိနေကြပါပြီ။

၈၈၈၈ အရေးတော်ပုံကာလမှာ ဗိုလ်နေ၀င်းကို ခုံရုံးတင်ဖို့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး မရှိခဲ့ပေမယ့် ယနေ့ ဗိုလ်သန်းရွှေအတွက် ICC ရှိနေပါပြီ။

၈၈၈၈ အရေးတော်ပုံကာလက မဆလ ပါတီရဲ့ ညံဖျင်းတဲ့ စီမံခန့်ခွဲမှု၊ ဦးဆောင်မှုများကို လူထုထံ စနစ်တကျ ဖေါ်ထုတ်ပြဖို့ အချိန်လုနေခဲ့ရပေမယ့် ယနေ့ ကာလမှာ အသီးသီးသော ပရိသတ် Target audience များအတွက် သင့်လျော်တဲ့ သတင်းစကား Appropriate Messages များကို သူတို့ထံရောက်စေမယ့် လမ်းကြောင်း Channel အသီးသီးကနေ န၀တ/ နအဖ စစ်အာဏာရှင် လက်တစ်ဆုပ်စာ လူတစ်စုကို တိုင်းပြည်ရဲ့ ရန်သူ Enemy of the State အဖြစ် ချပြနိုင်ဖို့ လုံလောက်တဲ့ အချိန်နဲ့ အခြား အရင်းအမြစ်တွေ ရှိနေပါပြီ။

နအဖ/ န၀တကို စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူအခွင့်အရေး၊ ဥပဒေရေးရာ စတဲ့ ရှု့ထောင့် အသီးသီးကနေ လေ့လာစောင့်ကြည့်ပြီး အသိပေးထုတ်ပြန်နေတဲ့ အဖွဲ့အသီးသီးလည်း ရှိနေပါပြီ။

၆၁။ အထက်ပါ အခြေအနေများက လူထုတော်လှန်ရေး အဆင့်တိုင်းအတွက် ကောင်းစွာ အထောက်အပံ့ ပေးနိုင်တဲ့ အရင်းအမြစ်တွေ ဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပက မြန်မာဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများရဲ့ ကြိုးပမ်းမှု ရလဒ်တွေပါ။

နိုင်ငံရေးပါတီများ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအနေနဲ့ အထက်ပါ အရင်းအမြစ်များကို အသုံးပြုပြီး လူထုတော်လှန်ရေး အဆင့်ဆင့် အောင်မြင်ပြီးမြောက်စေဖို့ ဆောင်ရွက်ကြရာမှာ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ် အသီးသီးကနေ ကိုယ်တတ်နိုင်သလို ပါဝင်နေကြပါတယ်။

ဒါပေမယ့် အားလုံးထဲမှာ တာဝန်အကြီးဆုံးက ၁၉၉၀ရလဒ် ကို ကိုင်ဆောင်ထားသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်ပါတယ်။ ၁၉၉၀ရလဒ် အတွက် လုပ်ပိုင်ခွင့် Authority ကို နအဖ/ န၀တ က ပိတ်ပင် ဟန့်တားနေသော်ငြားလည်း လူထုက ၁၉၉၀ ရွေးကောက်ပွဲနဲ့ တာဝန်ရှိမှု Responsibility ကို ပေးအပ်ထားတဲ့အတွက် အာဏာရှင်စနစ် ပြုတ်ချရေးမှာ ရှေ့ဆုံးက ဦးဆောင်ပါဝင်ဖို့၊ လူထုအပေါ် တာဝန်ခံရမည့် Accountability ရှိနေတဲ့ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။

၆၂။ လူထုကြီးက သောင်းသောင်းဖျဖျနဲ့ ကြိုဆိုထောက်ခံခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတစ်ဝှန်းက စည်းရုံးရေးခရီးစဉ်တွေကို ပြန်လည်လေ့လာရင် NLD ပါတီဝင်များကသာ ကြိုဆိုထောက်ခံခဲ့ကြတာ မဟုတ်ပါဘူး၊ အကြောင်းကြောင်း တွေကြောင့် ဖျက်သိမ်းလိုက်ရတဲ့ နိုင်ငံရေးပါတီ အသီးသီးက ခေါင်းဆောင်တွေ၊ ပါတီဝင်တွေ၊ ခေတ်အဆက်ဆက်က ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသားဒေသခံခေါင်းဆောင်တွေ၊ အများအပြား ပါဝင် ကြပါတယ်။

ယနေ့အချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံသည် အားလုံးရဲ့ အသံ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူ သည် အားလုံးရဲ့ မူ ဖြစ်ကြရမည့် အချိန်အခါ ရောက်ပါပြီ၊ စုပေါင်းအားကို ရဖို့ NLD မှ ဆောင်ရွက်သင့်ပါပြီ။ CRPP နဲ့တကွ တချိန်က ဆောင်ရွက်နိုင်ခဲ့တဲ့ ပါတီပေါင်းစုံနဲ့ မဟာမိတ်ဖွဲ့စည်းခြင်း၊ လုပ်ငန်းစဉ်များ ဖေါ်ဆောင်ခြင်းနဲ့အတူ လူထုတိုက်ပွဲအတွက် ပြင်ဆင်သင့်တဲ့ အချိန်အခါပင် ဖြစ်ပါတယ်။

နအဖ (န၀တ)ရဲ့ လုပ်ရပ်များနဲ့ ပတ်သက်လို့ ပေါ်လာတဲ့ အတွေးအမြင်များ

(က) ယခုအချိန်ဟာ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုပြီး နအဖစစ်အာဏာရှင်တစ်စုကို မျှော်လင့်နေရမယ့် အချိန် မဟုတ်တော့ဘူး ဆိုတာ အထက်ဖေါ်ပြပါ သူလျောက်ခဲ့တဲ့လမ်းက သက်သေခံနေပါတယ်။ နိုင်ငံရေး ပါတီများအတွက် အဓိကအာရုံစူးစိုက်ရမည့် နေရာက လူထုတော်လှန်ရေး အဆင့်ဆင့်အတွက် လိုအပ်သည် များကို စတင် လုပ်ဆောင်ကြဖို့ပါ။ သို့သော် တွေ့ဆုံဆွေးနွေးရေး တံခါးကို ဆက်လက်ဖွင့်ထားပေးဖို့ လိုနေပါသေးတယ်။ တပ်မတော်ထဲက ပြုပြင် ပြောင်းလဲရေးလိုလားသူ၊ တိုင်းပြည်မှာ စစ်မှန်တဲ့ တိုးတက်မှုကို လိုလားသူ မြန်မာပြည်ရဲ့ ရားမိုစ့်များ အတွက်ပါ။ တပ်မတော်ထဲက ပြုပြင်ပြောင်းလဲလိုသူများ ထွက်ပေါ် လာခဲ့ပြီဆိုရင် ဘယ်လိုဆောင်ရွက်ကြမယ်ဆိုတဲ့ အစီအစဉ်များကို ကြိုတင်စဉ်းစားပြင်ဆင်ထားဖို့ လိုအပ် ပါလိမ့်မယ်။

(ခ) နအဖက တပ်တွင်းစည်းရုံးရေးတွေမှာ နိုင်ငံရေးပါတီများက တပ်မတော်ကို ထိပ်တိုက်ရင်ဆိုင်ရေး လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်များကို ထိထိရောက်ရောက် ချေဖျက်သင့်ပါပြီ။ NLD အပါအ၀င် နိုင်ငံရေးပါတီများသည် ၁၉၈၈ခုနှစ် လူထုတောင်းဆိုချက်များအတွက် တာဝန်ခံ တောင်းဆိုပေးနေသူများဖြစ်ပြီး နအဖ(န၀တ) လက်တစ်ဆုပ်စာ လူတစ်စုက လူထုအများစုရဲ့ ဆန္ဒကို ထိပ်တိုက်ရင်ဆိုင်နေသူ၊ တကယ်တန်း Confrontation လုပ်နေသူများသည် နအဖ စစ်အာဏာရှင် တစ်စုဆိုတာ တပ်မတော်နဲ့ ပြည်သူကို အသိပေး ကြဖို့ အထူးလိုအပ်နေပါပြီ။

(ဂ) အစိုးရတစ်ခုရဲ့ အရေးအကြီးဆုံး လိုအပ်ချက်ဟာ လူထုရဲ့ ယုံကြည်မှု Trust ကို ရဖို့ဖြစ်ပါတယ်။ နအဖရဲ့ ကိုယ်တာဝန် ကိုယ်မသိမှု၊ ကိုယ်ပြောခဲ့တဲ့စကား ကိုယ်အလေးမထားမှု၊ ကိုယ့်ဂတိ ကိုယ်ဖျက်မှု၊ စသည့် အချက်များဟာ လူထုက နအဖအပေါ် ယုံကြည်မှု လျော့နည်းစေပါတယ်။ လူထုနဲ့ အစိုးရအကြား ယုံကြည်မှု လျော့နည်းခြင်းဟာ လူထုနဲ့ အစိုးရတို့ ပူးပေါင်းဆောင်ရွက်ကြရမယ့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ ထိရောက်မှု မရှိဖြစ်စေရပါတယ်။ နအဖ စစ်အာဏာရှင်တစ်စုကို ဖယ်ရှားနိုင်မှသာ အစိုးရနဲ့ ပြည်သူ လက်တွဲညီစေမယ့် လမ်းစများ ပေါ်ပေါက်လာမှာ ဖြစ်တဲ့အပြင် တပ်မတော်နဲ့ ပြည်သူအကြား ယုံကြည်မှု ပြန်လည် ဖြစ်ထွန်းလာစေမည့်အကြောင်း တပ်မတော်ရဲ့ မျိုးဆက်သစ်များကို ပိုမိုအသိပေး ရမည့်အချိန် ရောက်နေပါပြီ။

(ဃ) နအဖရဲ့ ၀ါဒဖြန့်ချက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်တယ် ဆိုတဲ့ အချက်ပါ။ ယင်းလုပ်ငန်းဟာ ဘယ်အစိုးရတက်တက် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ် သလို ငြိမ်းချမ်းရေး တည်ဆောက်မှုဟာလည်း ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းမှု ဖြစ်စေရပါမယ်။ ယနေ့ နအဖ နဲ့ ငြိမ်းချမ်းရေး အဖွဲ့များကြားက တင်းမာမှုအချို့ကို ကြည့်ရင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး မဟုတ်တာ ပေါ်လွင်နေပါတယ်။ နအဖရဲ့ ဂတိမတည်တဲ့ အကျင့်ကြောင့် ယုံကြည်မှု Trust ကင်းမဲ့တာက အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။

၆၃။ ဆောင်းပါးတစ်ခုလုံးကို ပြန်လည်စုစည်း တင်ပြရလျှင် နအဖ စစ်အာဏာရှင်တစ်စုရဲ့ လုပ်ရပ်များဟာ တိုင်းပြည်ကို အာဏာရှင်စနစ်နဲ့ ဆက်လက်ကြီးစိုးရေး အကောင်အထည် ဖေါ်နေတာ ဖြစ်ပါတယ်။

နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်စွာနဲ့ ကမ္ဘာအလယ်မှာ မြန်မာဆိုပြီး တင့်တင့်တယ်တယ် လျောက်လှမ်းနိုင်မည့် အခြေအနေ ကောင်းတွေကို ရရှိခဲ့ပေမည့် နအဖဟာ လစ်လျှူရှု့ခဲ့ပါတယ်။

တိုင်းပြည် မတိုးတက်၊ မတည်ငြိမ်မှုရဲ့ ဖြစ်နေရခြင်းရဲ့ တရားခံအစစ်ဟာ စစ်အာဏာရှင် ဗိုလ်သန်းရွှေနဲ့ လက်တစ်ဆုပ်စာ လူစုရဲ့ တစ်ကိုယ်ကောင်း အတွေးများကြောင့် ဆိုတာကို လူထုကြီးနဲ့ တပ်မတော်ရဲ့ အစိတ်အပိုင်း အသီးသီးကို ပိုမို ဖွင့်ချသင့်ပါပြီ။

လူထု တော်လှန်ရေးကို အောင်မြင်စွာ ဆင်နွဲနိုင်မှသာ တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်တွန်းတင်နိုင်မှာ ဖြစ်ပါတယ်။ လူထု တော်လှန်ရေး အောင်မြင်စေဖို့ ဖြတ်သန်းရမည့် အဆင့်(၃)ဆင့်ကို တင်ပြခဲ့ပါတယ်။

နိုင်ငံရေးပါတီများ၊ မြန်မာ့ ဒီမိုကရေစီအရေး တက်ကြွသူများရဲ့ အခန်းကဏ္ဍက အဆင့်(၂)နဲ့ (၃)များ အချိတ်အဆက်မိမိ ပေါ်ပေါက်လာရေး လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကို မိမိအင်အားရှိသလို ဆောင်ရွက်ကြဖို့နဲ့ အဆင့်(၁)မှာ တက်တက်ကြွကြွ ပါဝင်ကြဖို့ ဖြစ်ပါတယ်။

၂၀၀၉ခုနှစ်၊ ဇူလိုင်လ (၃)ရက်

သောကြာနေ့


မောင်ရွေရဲ့ ယခင်ဆောင်းပါးများကို ဒီနေရာမှာ ဖတ်ရှူနိုင်ပါတယ် -


http://moemaka.com/index.php?option=com_content&task=view&id=4394&Itemid=1


http://moemaka.com/index.php?option=com_content&task=view&id=4385&Itemid=86




No comments:

Post a Comment