ဂန္ဒီခန်းမအစည်းအဝေး
လွှတ်တော်ကိုယ်စားလှယ်တဦး
ဇူလိုင် ၅၊ ၂၀၀၉
လွှတ်တော်ကိုယ်စားလှယ်တဦး
ဇူလိုင် ၅၊ ၂၀၀၉
(လွန်ခဲ့ သော ၁၉နှစ် ၁၉၉ဝ ဇူလိုင်လ(၂၈-၂၉) ဂန္ဒီ ခန်းမ အစည်း အဝေး ပထမနေ့ မြင်ကွင်းကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦး၏ မှတ်တမ်းမှ ဂန္ဒီ အစည်းအဝေး ၁၉နှစ်မြောက် အမှတ်တရ အဖြစ် ထုတ်နှုတ် ဖော်ပြလိုက်ပါတယ်။)
ဂန္ဒီခန်းမအစည်းအဝေး သဘာပတိ ဦးကြည်မောင်
ဂန္ဒီခန်းမအစည်းအဝေး သဘာပတိ ဦးကြည်မောင်
၁၉၉ဝ ဇူလိုင်လ တတိယ ပတ်ထဲမှာ NLD ဗဟိုဦးစီးအဖွဲ့ နဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ပဏာမ ညှိနှိုင်းပွဲ လုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက် ကျပါတယ်။ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေဆီကို ဇူလိုင်(၂ဝ) နေ့စွဲနဲ့ ဖိတ်စာ ပို့ထားပေမဲ့ လက်ထဲကို အတော် နောက်ကျမှ ရောက်လာ ပါတယ်။ သိတာက စော သိပါတယ်။ ၁၉၉ဝ ဇူလိုင်(၂၈) နဲ့ (၂၉) နှစ်ရက် ကျင်းပမယ်။ (၂၇)ရက်နေ့ မှာ ပြည်နယ် တိုင်း အလိုက် အကြို ဆွေးနွေးပွဲတွေ လုပ်ဖို့ အရောက်လာဖို့ ညွှန်ကြား ထားပါတယ်။ အစည်းအဝေးရဲ့ တရားဝင် အမည် ကတော့ `အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ဦးစီး အဖွဲ့ဝင်များ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လွှတ်တော် ကိုယ်စားလှယ်များ (ပထမ) အကြိမ် ပဏာမ ညှိနှိုင်း အစည်းအဝေး´ ပါတဲ့။ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ် အောင်ဆန်း ဦးစီး ခေါ်ဆိုခဲ့တဲ့ `ဖဆပလ ပဏာမ ပြင်ဆင်မှု ညီလာခံ´ ဆိုတဲ့ အမည်နဲ့ တော့ `ပဏာမ´ ဆိုတဲ့ စကားလုံး ဘဲ တူပါတယ်။ ဒီအပြင် ဗိုလ်ချုပ် အောင်ဆန်းက တိုတိုနဲ့ ထိထိ မိမိ ရှိတဲ့ စကားလုံး များကို ရွေးချယ် သုံးတတ် တယ်။ အခု အဖွဲ့ချုပ် ခေါင်းဆောင်တွေ ကတော့ အကြောင်းကြောင်းကြောင့် ဝေ့ကာ ဝိုက်ကာ ရှည်ရှည် ဝေးဝေး ရေးသားလေ့ ရှိပါတယ်။
ဇူလိုင် (၂၈)ရက် မနက် မှာတော့ မနေ့က တာဝန် ယူထားတဲ့ ကိစ္စကြောင့် အိမ်က စောစော ထွက်ခဲ့ပါတယ်။ မဟာဗန္ဒုလလမ်း ကျော်တော့ ရဲတွေနဲ့ ကျောင်းသား လုံခြုံရေးတွေ တွေ့ရပါတယ်။ ရဲတွေက လွယ်ထားတဲ့ လွယ်အိတ် စမ်းကြည့်ပါတယ်။ အကုန် လှန်လှော ရှာတာတော့ မဟုတ်ပါ။ ဂန္ဒီခန်းမရှေ့ မှာတော့ အေးအေး ချမ်းချမ်းပါဘဲ။ ကျောင်းသား လူငယ် လုံခြုံရေး တွေပဲ တွေ့ရပါတယ်။ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဆိုတာ ပြောတော့ သူတို့က သပြေညွန့် ကလေးများ ပေးအပ်ပါတယ်။ အဖွဲ.ချုပ် လူငယ်တွေက ဂန္ဒီခန်းမ အစည်းအဝေး ဖိုင် ကာဘာ တစ်ခု ပေးပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ.ချုပ် အလံ ပုံနှိပ် ထားပါတယ်။
စားပွဲပေါ်က စာရွက် စာတမ်းတွေမှာ ကိုယ့်အမည် ရှာပြီး ရောက်ရှိကြောင်း လက်မှတ်ထိုးတော့ ရင်ထိုးတံဆိပ် ဖဲပြား တစ်ခု ပေးပါတယ်။ အမည်နဲ့ မြို့နယ်ပါတဲ့ ပလတ်စတစ် ရင်ထိုး တစ်ခု ပေးပါတယ်။ ဒါတွေကို လူငယ်တွေ အကူအညီနဲ့ တပ်ဆင်ပြီး ကျနော် ခန်းမထဲ ဝင်လိုက်ပါတယ်။
ဂန္ဒီခန်းမကို အရင်က တခါမှ မရောက်ဖူးပါ။ အခန်းရဲ့ အပြင်အဆင်ကို ကြည့်လိုက်တော့ စင်မြင့် ရဲ့ နောက်ခံ အားလုံး အနီရောင် ခြယ်ထားပြီး၊ အလယ်မှာ အဖွဲ့ချုပ် အလံ ချိတ်ထား ပါတယ်။ အလံရဲ့ အပေါ်မှာတော့ ဗိုလ်ချုပ် အောင်ဆန်း ဂျပန်ခေတ် စစ်ဝတ်စုံနဲ့ ရောင်စုံ ဓာတ်ပုံကြီး ချိတ်ထားပါတယ်။ ဘေး နှစ်ဖက် မှာတော့ ပြည်ထောင်စု အလံနှစ်ခုစီနဲ့ အဖွဲ့ချုပ် အလံ တစ်ခုစီ တိုင်ထူပြီး စိုက်ထား ပါတယ်။
အလယ်မှာ သဘာပတိ နေရာ ရှိပြီး ရှေ့ဘက်မှာ စကားပြော စင်မြင့် ရှိပါတယ်။ ဘယ်ဘက် အစွန်နားမှာ အခမ်းအနားမှူး စင်မြင့် ရှိပါတယ်။ ပရိသတ်နဲ့ မျက်နှာချင်းဆိုင် စင်မြင့်ရဲ့ ဘေးနှစ်ဘက် မှာတော့ လက်ဝဲဘက်က ဦးတင်ဦး ပုံနဲ့ လက်ယာဘက်က ဒေါ်အောင်ဆန်းစုကြည်ပုံ ဆေးရောင်စုံ ပန်းချီကားကြီးများ ချိတ်ဆွဲ ထားပါတယ်။ ဘေးဖက် နံရံတွေမှာတော့ မူလ အဆင်အပြင် ဖြစ်မဲ့ လက်ဝဲဘက် နံရံမှာ ဂန္ဒီကြီးရဲ့ ပုံနဲ့ ဂန္ဒီကို ဦးနုက တွေ့ဆုံနေတဲ့ ဓာတ်ပုံကြီးတွေ၊ လက်ယာဖက် မှာတော့ ဂန္ဒီနဲ့ ဒေါက်တာ ရာဘင်ဒြာနတ်တဂိုးတို့ ဓာတ်ပုံကြီးများ ချိတ်ဆွဲ ထားပါတယ်။ ခန်းမတိုင်းရဲ့ တိုင်တိုင်းမှာတော့ အဖွဲ့ချုပ် အလံများ ကပ်ထား ပါတယ်။ ခန်းမကို နှစ်ပိုင်း ခွဲထားပြီး နောက်ပိုင်းမှာ ထမင်းစားပွဲတွေ ပြင်ထားတာမို့ စားသောက်ခန်း ခွဲထား တယ်လို့ ထင်ရပါတယ်။ ရှေ့ပိုင်းမှာ ကိုယ်စားလှယ်တွေနဲ့ ပရိသတ် အတွက် ထိုင်ခုံတွေ ချထားပြီး သတင်းစာ ဆရာတွေ၊ လူမျိုးစု အဖွဲ့အစည်း များက ဧည့်သည် တွေ လာကြပါတယ်။ နိုင်ငံခြားသားများလဲ တွေ့ရပါတယ်။ (၉)နာရီမှာ အခမ်းအနား စကြောင်း အခမ်းအနားမှူး ဦးစိန်လှဦးက ကြေညာပါတယ်။ သဘာပတိ အဖြစ် ဦးကြည်မောင်က ဆောင်ရွက်ပါတယ်။
အပြင်မှာတော့ ဂန္ဒီခန်းမနဲ့ ကပ်လျက် ဗိုလ်အောင်ကျော်လမ်းနဲ့ ကုန်သည်လမ်း ဘက်မှာ အဖွဲ့ချုပ် လူငယ် လုံခြုံရေး တာဝန်ခံတွေက အဆောက်အဦ မျက်နှာစာ ပလက်ဖောင်း ပေါ်မှာ ရှိပြီး၊ လမ်းအလယ် မှာတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေတန်းစီ ရှိနေပါတယ်။ လမ်း ဟိုဖက် ပလက်ဖောင်း နှစ်ခုမှာတော့ အများ ပြည်သူ ကျောင်းသားနဲ့ ရဟန်းရှင်လူ ကြိတ်ကြိတ် တိုးအောင် ရှိနေပါတယ်။ အေးအေး လူလူ ထိုင်နေတဲ့ သူ ဂန္ဒီခန်းမရဲ့ တတိယထပ်ကို လှမ်းမျှော် နေသူ၊ လုံခြုံရေးတွေရဲ့ အခြေအနေကို အကဲခပ်နေသူ . . စသဖြင့်ပေါ.။ ဒီနေ့မှာ ဒီလမ်းတွေကို ကားတွေ မသွားရအောင် ပိတ်ထားတာမို့ လမ်း အန္တရာယ် ကင်းကင်းနဲ့ အပေါ်ကို လှမ်းမျှော် ကြည့်နေနိုင်တာပါ။
သဘာပတိအဖွင့်မိန့်ခွန်း
သဘာပတိ ဦးကြည်မောင်က မိန့်ခွန်း ပြောပါတယ်။ ၁၉၉ဝ ပြည့်နှစ် မေလ (၂၇)ရက်နေ့က တပြည်လုံးမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေနဲ့ အဖွဲ့ချုပ် ဗဟို ဦးစီးအဖွဲ့ဝင်တို့ တွေ့ဆုံတဲ့ပွဲပါ။ ဒီလောက်များများ အရွေးခံ ရတဲ့ ကိုယ်စားလှယ်ကြီးတွေကို ကြည့်ပြီး “အော် သူတို့ ပါ ဒီ အစည်းအဝေးကြီးမှာ ရှိနေရင် ဘယ်လောက် ကောင်းလိုက် မလဲ” လို့ ဆိုလိုက်တော့ ခန်းမထဲမှာ လက်ခုပ်သံ တဖြောင်းဖြောင်း ညံသွားပါတယ်။ ခန်းမထဲက လက်ခုပ်သံ စဲပေမဲ့ အပြင်လမ်းမပေါ်က လူအုပ်ရဲ့ ပိုမို ကျယ်လောင်တဲ့ လက်ခုပ်သံက မစဲသေး ပါဘူး။
“ကျနော်တို့ အားလုံး မြန်မာပြည်ရဲ့ နိုင်ငံရေး သမိုင်းမှာ အလွန် အရေးကြီးတဲ့ အခန်းကဏ္ဍတခုကို စတင် ဆောင်ရွက် နေကြပါတယ်။ လွန်ခဲ့တဲ့ လ (၂ဝ)လောက်က နဝတ အစိုးရက တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့ တာဝန်တစ်ရပ်ကို ဝိုင်းဝန်း ကူညီပြီး အပြီးသတ် နေတာလဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့ ကျနော် ရွေးကောက်ပွဲ ကျင်းပ ပေးပါမယ်၊ မယုံ မရှိကြပါနဲ့။ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် ကြပါ။ အင်အား အများစုအနိုင်ရတဲ့ အဖွဲ့ကို အာဏာ လွှဲပေး မှာပါ။ ပြီးရင် ကိုယ်တို့ တာဝန်ပြီးလို့ တပ်စခန်း ပြန်ရုံပေါ့ ဆိုတဲ့ တာဝန်ကို ကျနော်တို့ ဝိုင်းဝန်း ကူညီ အပြီးသတ်ပေးတာပါ။ ဒါ အဓိက အနှစ်သာရပါ။ (လက်ခုပ်သံများ)
(လမ်းမပေါ်မှလက်ခုပ်သံများ)
ကျနော်တို့ နဲ့ နဝတ အကြား ဘာပြသနာ ရှိသလဲ။ ကျနော်ရှာကြည့်တယ်။ ဘာ ပြသနာမှ မရှိပါဘူး။ နဝတက ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပေး တာဟာ ဒီမိုကရေစီ တည်ဆောက်ချင်လို့ပါပဲ။ ကျနော်တို့ ကလည်း ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မယ်လို့ မူဝါဒ ချထားတယ်။ အတူတူ ပါပဲ” (လက်ခုပ်သံများ)
နဝတက တို့တာဝန် အရေးသုံးပါး လို့ ဆိုတယ်။ ကျနော်တို့လည်း ပြည်ထောင်စုကြီး မပြိုကွဲရေး ပါဘဲ။ တိုင်းရင်းသား အားလုံး သွေးစည်း ညီညွတ်ရေး ပါပဲ။ ပြည်သူ့ အချုပ်အခြာ အာဏာ တည်မြဲရေး ပါဘဲxxx
(လက်ခုပ်သံများ) (လမ်းမပေါ်မှလက်ခုပ်သံများ)
ကျနော်တို့က ဒီမိုကရေစီ ထူထောင်ရေးမှာ မပါမဖြစ်တဲ့ ပြည်သူတို့ရဲ့ လွတ်လပ်ခွင့်ကိုပါ ထည့်ထား ပါသေးတယ်xxx ပြည်သူတွေရဲ့ အချုပ်အခြာ အာဏာကို တည်မြဲအောင်က ပြည်သူတွေ လက်ထဲကို ဒီအာဏာ ပြန်ပေးပြီး ၊ပြည်သူက ရွေးချယ်တဲ့ သူတွေကို အလှည့်ကျ အာဏာအပ်တဲ့နည်းပါ။ ဒါ ဒီမိုကရေစီ ရွေးကောက်ပွဲ နည်းပါ။ ဒီ ရွေးကောက်ပွဲမှာ ပြည်သူက အာဏာ အပ်ချင်သူကို တခဲတနက် ရွေးချယ်ခဲ့ ပြီးပါပြီ။ ဒါ ဆက်လုပ်ဖို့မှာ ပြည်သူလူထုရဲ့ အထင်က တိုးတက်မှု နှေးကွေး နေတယ်။ အင်မတန်မှ နှေးကွေးလွန်းတဲ့ အပြင် ပြသနေတဲ့ အရိပ်အယောင်တွေကြောင့် ပြည်သူလူထုက အလွန် စိတ်ပူ လာ ပါတယ်။ ကျနော်တို့ကိုလဲ အားမလို အားမရ ဖြစ်နေကြပါတယ်။
(လက်ခုပ်သံများ၊ အပြင်မှလက်ခုပ်သံများ)
ဦးကြည်မောင်ရဲ့ မိန့်ခွန်းကို နားထောင်ရင်း ကျနော့် စိတ်တွေ တက်ကြွ လာပါတယ်။ ဒီ ပဏာမ ညီလာခံကြီး မစခင် ဒေါ်အောင်ဆန်းစုကြည် မလွတ်သေးလို့၊ တို့တွေကို ရဲရဲတင်းတင်း၊ မှန်မှန်ကန်ကန် ဦးဆောင် သွားနိုင်သူ ရှိမှ ရှိပါ့ မလားလို့ တထင့်ထင့် ဖြစ်နေတာတွေ ပြေလျော့သွားပါပြီ။
ဦးကြည်မောင်ကို ကျနော် ယုံကြည် သွားပါပြီ။ ဒီ ခန်းမထဲက ကိုယ်စားလှယ် အတော်များများလဲ ဦးကြည်မောင်ရဲ့ ဦးဆောင်မှုကို လက်ခံစ ပြုလာပြီလို့ ထင်ပါတယ်။ အပြင်ဘက် လမ်းပေါ်က ပရိသတ်ကလဲ ဒီလိုပဲ ရှိလိမ့်မယ်လို့ ထင်ပါတယ်။
နောက်ဆုံးတော့ အဖွဲ့ချုပ်က တွေ့ဆုံ ဆွေးနွေးရေးကို ကိုင်စွဲ ထားတာကို ပြောပါတယ်။
“ဒါပေမဲ့ အခုကိုယ့်ဖက်ကသာ ပြော နေရတာ၊ နှစ်ဖက် ဆွေးနွေး ရတာ မဟုတ်တော့ အဖြေ မထွက် ဖြစ်နေတယ်။ ပြဿနာများ ပြေလည်အောင် ဖြေရှင်းနိုင်တဲ့သူမှ တကယ်တော်တာ။ ပြေလည်အောင် ပြဿနာကို မဖြေရှင်းနိုင်ရင် သူ့ဟာသူ မိုးလားကဲလား ဘာပဲပြောပြော (သူ့ထုံးစံ အတိုင်း ပြုံးဖြီးဖြီးနဲ့ လက်တဖက်ထဲ လက်ခုပ်တီးဟန် လုပ်ပြကာ) ဒါ လုပ်နေတယ်လို့ပဲ ကျနော် မြင်တယ်..” လို့ ဆိုတော့ အခန်းထဲက ဝါးကနဲ ပွဲကျသွားပြီး လက်ခုပ်တွေ တီးကြပါတယ်။
“ဘယ် မြည်မလဲဗျ”
အပြင်လမ်းပေါ် ပရိသတ်က ဒါကို မမြင်ရတော့ “ဘာတွေ ပြောတာလဲ ပြန်ပြော ပါလို” အော်သံတွေ ထွက်လာ ပါတယ်။
ဒီတော့ သူက “လက်တဖက်ထဲ လက်ခုပ်တီးကြည့်တာဗျာ… ကျန်တဲ့ လက်က လှုပ်လို့ မရလို့ အသံမမြည်ဘဲ ဖြစ်နေတာ” လို့ ပြောပါတယ်။ ဒီတော့မှ အပြင်က လက်ခုပ်သံတွေ ထွက်လာပါတယ်။
သဘာပတိ မိန့်ခွန်းပြီးတော့ ခဏနားပြီး ဦးကြည်မောင်က သံတမန်တွေနဲ့ ဧည့်သည်တွေကို လိုက် နှုတ်ဆက်ပါတယ်။ ကျနော်တို့တွေလဲ ခြေဆန့် လက်ဆန့် လုပ်ရင်း အပြင်ဘက် ကုန်သည်လမ်းနဲ့ ဗိုလ်အောင်ကျော်လမ်း ပလက်ဖောင်းတွေပေါ်ကို လှမ်းကြည့်လိုက်တော့ ပရိသတ်က လမ်းအလယ်က လက်နက်ကိုင် အဖွဲ့တွေနဲ့ လက်တကမ်း အထိ ရောက်နေပြီ။ ဒီအပေါ်က ကိုယ်စားလှယ်တချို့ ပြတင်းပေါက်ဆီ ထွက်ကြည့်ရင် အောက်က ဝိုင်း လက်ခုပ်တီး နေကြတော့ အခမ်းအနားမှုး ဦးစိန်လှဦးက “ကိုယ်စားလှယ်ကြီး များ ပြတင်းပေါက်ဘက် မသွားကြပါနဲ.´´ လို့ တားနေရပါတယ်။
ဒီ အစည်းအဝေး ခဏနားလို့ ထကြ သွားကြ လာကြနဲ့ အောက်က ပရိသတ်ကလည်း လက်ခုပ်တွေ တီးနေကြတော့ အောက်ဖက် ကမ်းနားလမ်းဆီက အဆောက်အဦတခုရဲ့ အမိုးပေါ်မှာ လက်နက် အပြည့်အစုံနဲ့ စစ်သားတွေ အပြိုင်းအရိုင်း ထလာကြတာ တွေ့ရတယ်။ အစက သိုသို ဝှက်ဝှက် နေနေတဲ့ပုံပဲ။
“ကိုယ်စားလှယ်ကြီးများ ခင်ဗျား xxx ကိုယ့်နေရာ ကိုယ် ယူကြပါ။ အစည်းအဝေး ပြန်စပါမယ်” ဆိုတော့မှ နဲနဲ ငြိမ်ငြိမ် သက်သက် ပြန် ဖြစ်သွားတယ်။ ဒီတော့ အစည်းအဝေး ပြန်စပြီး ဒီအချိန်မှာ ရောက်ရှိလာတဲ့ သဝဏ်လွှာများကို အခမ်းအနားမှူးက ကြေညာပြီး မှတ်တမ်း တင်ပါတယ်။
(အစည်းအဝေး ဆက်လက်ကျင်းပတဲ့ ကျန် အစီအစဉ်များကိုတော့ ခေတ္တ ချန်လှပ်ခဲ့ပါမယ်။)
ညနေ ၄နာရီခွဲမှာ ပထမနေ့ အစည်းအဝေးကို ရပ်နား လိုက်ပါတယ်။ ဒီအချိန်ကျမှဘဲ တနေ့လုံး ညိုနေတဲ့ မိုးဟာ သဲသဲမဲမဲ ရွာချ လိုက်ပါတယ်။ ဂန္ဒီခန်းမ လှေကားက ဆင်းလာတဲ့ ကိုယ်စားလှယ်ကြီးတွေဆီကို လမ်းဘေး ပလက်ဖောင်းပေါ်က တနေ့လုံး စောင့်ပြီး အားပေးနေတဲ့ ပရိသတ်က ပြိုဆင်းလာပါတယ်။ ကိုယ်စားလှယ်များ ထွက်နိုင်အောင် အလယ်က လမ်းဖွင့်ပေးပြီး ဘေး နှစ်ဖက်က လူထုကြီးက ကြိုဆို နေပါတယ်။ မိုးပေါက်တွေက တအားမို့ ထီးဖွင့်မယ် လုပ်တော့ “လူထုကြီးက ကိုယ်စားလှယ်ကြီးတွေကို ကြည့်ချင်မြင်ချင်လို့ ကြိုဆို နေတာပါ။ ထီးမဆောင်းပါနဲ့” လို့ လုံခြုံရေး တာဝန် ယူထားတဲ့ လူငယ်များက သတိပေးလို့ ဒီအတိုင်း မိုးရွာထဲ ဆင်းလိုက်ပါတယ်။ လူထုကြီးကလဲ ထီး မဆောင်းကြပါ။ လူထုကြီးကော ကိုယ်စားလှယ်ကြီးများပါ မိုးရေ စိုရွှဲပြီး အေးမြ သွားပါတယ်။
“ကိုယ်စားလှယ်ကြီးများ ကျန်းမာပါစေ”
“ကိုယ်စားလှယ်ကြီးများကို လေးစားပါတယ်”
“ကိုယ်စားလှယ်ကြီးများကို ယုံကြည်ပါတယ်”
ဆိုတဲ့ အသံတွေ အပြင် လက်ကိုဖမ်းဆွဲတဲ့သူ၊ ကိုယ်လုံးကို ဆီးဖက်တဲ့ သူတွေနဲ့ တရွေ့ရွေ့ပဲ လူစီးကြောင်းကြီး အတိုင်း ထွက်လာရပြီး၊ ဗိုလ်အောင်ကျော်လမ်း အတိုင်း လူထုကြီး အကြားက လမ်းလျှောက် ရတုန်းပါပဲ။ မဟာဗန္ဓုလလမ်းနား ရောက်မှပဲ ကျနော်တို့အကြားမှာ တရွေ.ရွေ. မောင်းလာတဲ့ နောက်ဖွင့် ကားကလေးတွေ ပါလာပြီး “ကားပေါ် တက်လိုက်ခဲ့ပါ၊ ဆင်းချင်တဲ့ နေရာရောက်မှ ဆင်းပါ´´လို့ အဘိယာစကာပြုတာကြောင့် နီးတဲ့ ကားတစီးပေါ် တက်လိုက်ပါတယ်။ ကားပေါ်ရောက်တော့မှ တကိုယ်လုံး စိုရွှဲနေပြီမို့ တိုက်ပုံ အင်္ကျီကို ချွတ်ပြီး အထဲက လက်ရှည် အင်္ကျီကို လက်ခေါက် တင်လိုက်တယ်။ လက်ကိုင်ပဝါနဲ့ ရေတွေကို သုတ်လိုက်တယ်။ ဒီအချိန်မှာ မိုးတွေရွာပြီး ရွှဲနေတာပဲ ခပ်ကောင်းကောင်းပါ။ ဘာပြုလို့လဲဆိုတော့ မျက်လုံးထဲက မျက်ရည်တွေက ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေလို့ပါ။ ငိုတာ မဟုတ်ဘူး ဆိုတာ သိပေမဲ့ မျက်ရည်ကတော့ ထိန်းမရပါ။
အနော်ရထာလမ်း ရောက်မှ လမ်းကြုံစီးတဲ့ ကားလေးပေါ်က ဆင်းပြီး (၃၃) ဘတ်စ်ကားနဲ့ ပြန်ခဲ့ပါတယ်။ ဒီနေ့တော့ တည်းအိမ်ရောက်မှ ဗိုလ်ချုပ် ခင်ညွန့် ရဲ့ ၁/၉ဝ ကြေညာ စာတမ်းကို သေသေချာချာ ဖတ်ရပါတယ်။ တမင်တကာ ကျနော်တို့ (၂၈) (၂၉)နေ့ လုပ်မှာကို ကြိုပြီး (၂၇) ရက်နေ့စွဲနဲ့ ထုတ်လိုက် တာပါ။ ဒါလဲ ကျနော်တို့ ဘက်က ကြိုတင် စီစဉ် ထားတဲ့ အချက်အလက်တွေ ထဲက ပေါက်ကြားပြီး ကာကွယ် ခြိမ်းခြောက်တာတွေ ပါတယ်။ ဒီ ၁/၉ဝ ဟာ ကျနော်တို့ရဲ့ ဂန္ဒီ ညီလာခံကို တေ့ဖြုတ်သလို တဖက်သတ် တင်ပြ ထားတာမို့ သူ့အထဲမှာ နှစ်ဘက် ညှိနှိုင်းရနိုင်မယ့် အချက်ကိုတောင် လတ်တလော ရှာမရပါ။ ရှာချင်စိတ်ထက် ဒေါသထွက်စိတ် တဖက်သတ် အနိုင်ကျင့်မှုကို မခံမရပ်နိုင်တဲ့ စိတ်နဲ့ “အလကား…၁/၉ဝ ” လို့ … ပစ်ချ ထားလိုက် ပါတော့တယ်။ ။
+++++
ဂန္ဒီခန်းမ အစည်းအဝေး ပထမနေ.

++++++ ++++++++++++++++ +++++++

တကယ်ကောင်းတဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန် သမိုင်းမှတ်တမ်းလေးပါ။
ReplyDeleteဒါပေမဲ့ ၁၉ နှစ်ကြာပြီးမှ ပြန်ဖတ်ရတော့ ဘယ်လိုပြောရမလဲ၊
လပေါင်းများစွာ အဖုံးဖွင့်ထားတဲ့ ဘီယာ ကိုသောက်ရ သလိုပါပဲ။
လွမ်းသေးတော့ တယ်ဗျာ။