05 July 2009

Maung Shwe - Burmese in solidarity to free Burma - part 2


“အသံညီပြီး အလုပ်တူဖို့” အတွက် “အမြင်တူပြီး အတွေးညီကြပါစို့”

အပိုင်း ၂

မောင်ရွှေ

ဇူလိုင် ၅၊ ၂၀၀၉

၂၇။ ဆောင်းပါး အပိုင်း(၁)မှာ လူထုတော်လှန်ရေးကို သရုပ်ခွဲကြည့်ရင် အဆင့်(၃)ဆင့် ပါဝင်ကြောင်းနဲ့ မြန်မာ့ ဒီမိုကရေစီအရေးအတွက် လူထုအားနဲ့ အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ ဖြစ်စဉ်များကို လေ့လာ ကြည့်ရင်း အများတောင်းတကြတဲ့ အောင်မြင်မှု ပန်းတိုင်နဲ့ ယနေ့ လက်ရှိအနေအထားတို့ အကြား လစ်ဟာနေတဲ့ ကွက်လပ်များကို ဖေါ်ထုတ်ရေးသားခဲ့ပါတယ်။ ယခု အပိုင်း(၂)ကတော့ အဲဒီ ကွက်လပ်နေရာများကို ဖြည့်စွက် နိုင်ကြဖို့အရေးကို ရှေးရှု့ပြီး ပေါ်လာတဲ့ အတွေးများ၊ ရှု့မြင်သုံးသပ်ချက်များကို ထပ်မံ တင်ပြသွားမှာ ဖြစ်ပါတယ်။

၂၈။ မြန်မာ့ဒီမိုကရေစီအရေး လူထုတော်လှန်ရေးကြီးရဲ့ ရှည်လျားတဲ့ ဖြစ်စဉ်နဲ့အတူ ပါဝင်ဆောင်ရွက်နေကြတဲ့ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို လေ့လာကြည့်ရင် နိုင်ငံရေး ယုံကြည်မှု အသွေးအရောင်၊ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်တဲ့ နယ်ပယ်၊ အထူးပြု လေ့လာတဲ့ ကဏ္ဍ၊ ရည်မှန်းထားတဲ့ ပစ်မှတ်၊ စသည်တို့ဟာ သဘာဝကျစွာ စုံစုံလင်လင် ပါဝင်နေတာကို စာဖတ်သူများ မြင်တွေ့ပြီးသား ဖြစ်ပါတယ်။

ယခုလို ကွဲပြားခြားနားမှုတွေ ပါရှိနေခြင်းက လူထုတော်လှန်ရေးမှာ တဆင့်ပြီး တဆင့် ပြီးမြောက် အောင်မြင်သွားဖို့အတွက် လိုအပ်နေတဲ့ စုပေါင်းအား Collective Force တစ်ခု ရရှိနိုင်ဖို့ အကောင်းဆုံးအခြေအနေလို့ ယူဆမိပါတယ်။

စုပေါင်းအား ဆိုတာအတွက် တဆင့်တိုးလို့ တွေးကြည့်ပြန်တော့ အခြေအနေတစ်ရပ်အပေါ် တူညီတဲ့ ရှု့မြင်သုံးသပ်မှုတစ်ခု ရှိနေဖို့က မလွဲမသွေ လိုအပ်လာပြန် ပါတယ်။ ဒီ့အတွက် မြန်မာ့ဒီမိုကရေစီအရေးမှာ တူညီတဲ့ရှု့မြင်သုံးမှုတစ်ခု ဖြစ်ပေါ်လာရေးကို ရှေးရှု့ပြီး အောက်ပါ အတွေးပုံစံတစ်ခုကို တင်ပြချင်ပါတယ်။

A Mental Model သို့မဟုတ် အတွေးပုံစံတစ်ခု

၂၉။ အမြင်တူပြီး အတွေးညီ ကြဖို့အတွက် အသုံးဝင်မယ့် အတွေးပုံစံတစ်ခုလို့ ယူဆမိပါတယ်။ မြန်မာ့ဒီမိုကရေစီ အရေးကို ရှု့မြင်သုံးသပ်ရာမှာ အဓိကအစိတ်အပိုင်းကြီး (၃)ခုကို မြင်တွေ့မိပါတယ်။ လူထု၊ မြန်မာနိုင်ငံရေး လောက၊ ပြင်ပရပ်ဝန်းဆိုပြီး အမည်ပေးလိုက်ပါတယ်။

ပြင်ပရပ်ဝန်းကနေ မြန်မာ့နိုင်ငံရေးလောကအပေါ် အကျိုးသက်ရောက်မှု များကို တွန်းအား Driving Forces များနဲ့ ဖိအား Pressures များလို့ ခွဲခြားရှု့မြင်ထားပါတယ်။ ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နည်းပညာအပြောင်းအလဲများက မြန်မာ့နိုင်ငံရေး လောကအပေါ် တွန်းအားများကို ဖန်တီးသူဖြစ်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများကိုတော့ မြန်မာ့နိုင်ငံရေး လောကကို ဖိအားပေးနေသူများအဖြစ် သုံးသပ်ထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံးတို့ကို ဒိုင်လူကြီးနေရာမှာ ရှိသူများလို့ မြင်မိပါတယ်။ မြန်မာ့နိုင်ငံရေးလောကထဲမှာတော့ Players များ အများအပြားရှိနေပြီး အဓိကအားဖြင့် နအဖနဲ့ သူ့နောက်လိုက်များ၊ အတိုက်အခံ နိုင်ငံရေးပါတီများနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ တပ်မတော်နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဆိုပြီး ခွဲခြားသုံးသပ် ထားပါတယ်။

၃၀။ လူထုကြီးဟာ အားလုံးရဲ့ အလယ်မှာ ရှိပါတယ်။ လူထုအတွက် အလုပ် လုပ်နေကြတာပါလို့ အားလုံးက ပြောနေကြသလို လူထုကလည်း ဘယ်သူ ဘာလုပ်နေတယ်ဆိုတာကို မျက်ခြေမပြတ် မြင်တွေ့နေသူ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးလောကထဲက အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များရဲ့ ဆောင်ရွက်ချက်များဟာ လူထုအပေါ် အကောင်း အဆိုး အကျိုးသက်ရောက်မှုများ ရှိနေပြီး လူထုကြီးကလည်း အဲဒီ ဆောင်ရွက်ချက်များကို ကောင်းတယ်/ ဆိုးတယ်၊ လက်ခံတယ်/ လက်မခံဘူး ဆိုတာ ဆုံးဖြတ်သတ်မှတ် ပေးမယ့်သူဖြစ်ပါတယ်။

မြန်မာနိုင်ငံရေးလောက အတွက် အပြောင်းအလဲတစ်ခု ဖြစ်လာစေဖို့ အဆုံးအဖြတ် ပေးနိုင်တဲ့သူဟာ လူထုကြီးဖြစ်ပြီး လွတ်လပ်စွာ ဆုံးဖြတ်ခွင့်များ အတွက် အစဉ်တစိုက် တောင်းဆိုနေသူ ဖြစ်ပါတယ်။

ပြင်ပရပ်ဝန်းအပေါ် လေ့လာသုံးသပ်ခြင်း

၃၁။ ကမ္ဘာကြီးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နည်းပညာ စတဲ့ ကဏ္ဍအသီးသီးမှာ ဖြစ်ထွန်း၊ ပေါ်ပေါက်၊ ပြောင်းလဲနေတဲ့ အခြင်းအရာများဟာ အဲဒီ ပြင်ပရပ်ဝန်းဆိုတဲ့ နယ်ပယ်ထဲမှာ ရှိနေကြပါတယ်။

စစ်အေးတိုက်ပွဲအပြီး ကမ္ဘာ့အင်အားချိန်ခွင်လျှာ အပြောင်းအလဲများ၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အတွေးအခေါ် အယူအဆ အပြောင်းအလဲများ၊ ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံများ ပိုမိုများပြားလာမှုနဲ့အတူ Globalization စတဲ့ အခြေအနေများဟာ မြန်မာ့နိုင်ငံရေးလောကရဲ့ ပြင်ပရပ်ဝန်းထဲမှာ ရှိနေကြပါတယ်။

အဲဒီ အခြေအနေတွေကြောင့် ပေါ်ပေါက်လာတဲ့ တွန်းအားများက ဒီမိုကရေစီစနစ် ကျင့်သုံးဖို့၊ လူ့အခွင့်အရေးများကို တန်ဖိုးထား လေးစားဖို့၊ တံခါးဖွင့် ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးဖို့၊ ဗဟိုချုပ်ကိုင်မှု လျော့ချဖို့၊ ပုဂ္ဂလိက အခန်းကဏ္ဍကို မြင့်တင်ဖို့၊ ကုန်သွယ်ရေး လွတ်လပ်ခွင့်တွေ ကျင့်သုံးဖို့၊ စီးပွားရေး လူမှုရေးနဲ့ ပတ်ဝန်းကျင်ရေးရာ ကဏ္ဍတွေမှာ ရေရှည်တည်တံ့စေမယ့် ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုဆောင်ရွက်ဖို့၊ စတဲ့အချက်များ ဖြစ်ပါတယ်။

၃၂။ အဲဒီ တွန်းအားများဟာ ၁၉၈၀ခုနှစ်များတတည်းက ကမ္ဘာတစ်ဝှမ်းလုံးမှာ သိသိသာသာ ပေါ်ပေါက်ခဲ့ပါတယ်။ ခေတ်အလိုက် ပေါ်ပေါက်လာစမြဲ တွန်းအားတွေကို လိုက်လျော်ညီထွေ လက်ခံနိုင်စွမ်းရှိတဲ့ နိုင်ငံရေးစနစ်ကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေမှာတော့ ပြုပြင်ပြောင်းလဲမှုတွေ သာသာယာယာ ဖြစ်ထွန်းခဲ့ပြီး အာဏာရှင်နိုင်ငံ အချို့မှာ လူထုအုံကြွမှုများနဲ့အတူ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။

ကျနော်တို့ နိုင်ငံရဲ့ ၁၉၈၈ခုနှစ် ပြုပြင် ပြောင်းလဲရေး တောင်းဆိုမှုကတော့ ယနေ့ထက်တိုင်အောင် မအောင်မြင်နိုင်သေးပဲ အထက်က တွန်းအားများဟာ မြန်မာနိုင်ငံရေးလောကအပေါ် ယနေ့အထိ သက်ရောက်နေဆဲ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲလုပ်လို့ အစိုးရသစ် ပေါ်ပေါက်လာခဲ့ပြီးရင်လည်း အဲဒီအစိုးရအပေါ် ပြုပြင်ပြောင်းလဲရေး တွန်းအားများ ဆက်လက် ကျရောက်နေမှာဘဲ ဖြစ်ပါတယ်။ ထိရောက် အောင်မြင်တဲ့ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ပေး နိုင်မှသာ ဒီတွန်းအားများ လျော့နည်း ပပျောက်သွားပါလိမ့်မယ်။

၃၃။ ၁၉၈၈ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့မှာ ‘န၀တ’က ဒီမိုကရေစီစနစ် ဖေါ်ဆောင်ပေးပါ့မယ်၊ စီးပွားရေး၊ ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးပါ့မယ်၊ စသည်ဖြင့် ဂတိတွေပေး၊ ကြေညာချက်တွေ ထုတ်ပြီး နိုင်ငံအာဏာ ရယူ ခဲ့ပါတယ်။

ဒါပေမယ့် အာဏာရှင်စနစ်နဲ့ ဆက်ပြီး စခန်းသွားနေတာကြောင့် ဒီမိုကရေစီ တောင်းဆိုသူ အတိုက်အခံ အဖွဲ့အစည်းများနဲ့ နအဖ(န၀တ) အကြား ပဋိပက္ခအသွင် ဆောင်လာပြီး နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှုမရှိတဲ့ နိင်ငံ၊ (Failed State) ဘ၀ကို ယနေ့ ရောက်ခဲ့ရပါပြီ။

နအဖကလည်း တရုပ်နဲ့ ရုရှကို အဖေကယ်ပါ၊ အမေကယ်ပါ လုပ်သလို့ ဒီမိုကရေစီစနစ် တောင်းဆိုကြသူများကလည်း အမေရိကန်နဲ့ သူ့အဖွဲ့သားများကို ကယ်ကြပါဦး၊ ဆောင်ရွက်ပေးကြပါဦးလို့ ပြောနေကြရတဲ့ အဖြစ်ပါ။ အဲဒီ Failed State ဘ၀ ရောက်ရခြင်းရဲ့ နောက်ဆက်တွဲ ရလဒ်ကတော့ လက်ရှိတွန်းအားများအပြင် ပြင်ပရပ်ဝန်းမှာ ရှိသူများရဲ့ ဖိအားများ ပေါ်ပေါက် လာရပါတယ်။

၃၄။ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊၊ ကလေးစစ်သားပြဿနာ၊ အတင်းအကြပ် လုပ်အားပေးစေခိုင်းမှု ပြဿနာ၊ ရွေ့ပြောင်းနေထိုင်ကြရသူများအရေးနဲ့ ဒုက္ခသည် ပြဿနာ၊ စသည့် ပြဿနာများကို ဖြေရှင်းပေးဖို့၊ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို လေးစားဖို့၊ အကျဉ်းကျခံနေရတဲ့ အတိုက်အခံ နိုင်ငံရေးသမားများကို လွှတ်ပေးဖို့၊ အားလုံးပါဝင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းများကို ဆောင်ရွက်ဖို့ စတဲ့ အကြောင်း အရာများက နအဖအပေါ် သက်ရောက်နေတဲ့ ဖိအားများ ဖြစ်နေပြီး ထိရောက်တဲ့ ခေါင်းဆောင်မှုနဲ့ ညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စတဲ့ အချက်များကလည်း အတိုက်အခံ အဖွဲ့အစည်းများအပေါ် ကြရောက်နေတဲ့ ဖိအားများ ဖြစ်ပါတယ်။

၃၅။ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်များမှာ သြဇာလွှမ်းမိုးနေတဲ့ အစိုးရများ၊ နိုင်ငံစုံ စီးပွားရေး ကော်ပိုရေးရှင်း ကြီးများ၊ အပြည်ပြည်ဆိုင်ရာ လူမှုဂရုဏာ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ စံနှုန်းများအပေါ် အစိုးရများရဲ့ လိုက်နာဆောင်ရွက်မှုများအား ဖေါ်ထုတ်တင်ပြကြတဲ့ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ မြန်မာ့နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအတွက် အရေးဆိုပေးနိုင်အောင် ဖွဲ့စည်းထားကြတဲ့ ကင်ပိန်း အဖွဲ့အစည်းများ၊ နိုင်ငံရေး/ စီးပွားရေး/ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သဘောတရား၊ အယူအဆ၊ သီအိုရီတွေ ဖေါ်ထုတ် နေကြတဲ့ ကမ္ဘာ့တက္ကသိုလ်ကြီးများကို မြန်မာ့နိုင်ငံရေးလောကရဲ့ ပြင်ပရပ်ဝန်းမှာ အခြေချနေသူများ သတ်မှတ်နိုင်ပါ တယ်။

သူတို့ တစ်တွေဟာ ပြင်ပရပ်ဝန်းထဲမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်နိုင်စွမ်း ရှိသလို မြန်မာ့နိုင်ငံရေး လောကကို သက်ရောက်နေတဲ့ ဖိအားများကိုလည်း အတိုးအလျော့ လုပ်နိုင်စွမ်း ရှိပါတယ်။ မြန်မာ့နိုင်ငံရေးလောကထဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေတာ မဟုတ်ပေမယ့် သူ့နည်း သူ့ဟန်နဲ့ မြန်မာ့နိုင်ငံရေးလောကထဲက Players များ အပေါ်၊ မြန်မာ့နိုင်ငံရေးလောက တစ်ခုလုံး အပေါ် ဖိအားများ၊ အထောက်အပံ့ အကူအညီများ ပေးစွမ်းနိုင်သူတွေ ဖြစ်ကြပါတယ်။

၃၆။ မြောက်အမေရိက၊ ဥရောပ၊ သြစတြေးလျနဲ့ အရှေ့တောင်အာရှရှိ ဒီမိုကရေစီထွန်းကားနေတဲ့ နိုင်ငံတွေက အစိုးရများကို လက်ရှိ ပြုပြင်ပြောင်းလဲရေး တွန်းအားများအပေါ် အပြုသဘောဆောင်သူများ၊ နအဖအပေါ် ဖိအား ပေးနေသူများ အဖြစ် မြင်တွေ့ရပါတယ်။ ဒီလိုဖြစ်ရတာကလည်း ကမ္ဘာတစ်ဝှမ်း ဒီမိုကရေစီစနစ် ထွန်းကားရေးဟာ အမေရိကန်နဲ့ သူ့အဖွဲ့သားများရဲ့ အခြေခံကျတဲ့ အမျိုးသားရေး အကျိုးစီးပွား ဖြစ်ပါတယ်။ ဒါပေမယ့် ရုရှ၊ တရုပ်တို့နဲ့ ယှဉ်ပြိုင်နေတဲ့ပွဲမှာ မြန်မာနိုင်ငံရဲ့ ပထ၀ီနိုင်ငံရေး အခြေအနေနဲ့ ဒေသတွင်း အင်အားချိန်ခွင်လျှာ ထိန်းညှိရေးတို့က သူတို့အတွက် ပိုမိုဦးစားပေးစရာ ဖြစ်နေကြပြီ။ ဒီအတွက်ကြောင့် အတိုက်အခံ အဖွဲ့အစည်းများ ထံက သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲရေး ရလဒ်တွေကို မမြင်မတွေ့ နိုင်တော့ဘူးလို့ ယူဆလာခဲ့ရင် စစ်အုပ်စုနဲ့ ပိုမိုထိတွေ့ဖို့ ဦးတည်ကြလိမ့်မယ်လို့ ယူဆမိပါတယ်။

၃၇။ ၂၀၀၈ခုနှစ် လူထုဆန္ဒခံယူပွဲအပြီးမှာ နအဖနဲ့ ပိုမိုထိတွေ့ဆက်ဆံရေး လမ်းကြောင်းကို ဦးတည်လာခဲ့ခြင်းက ဒီအချက်က အထက်ပါ ယူဆချက်ကို သက်သေပြ နေပါတယ်။ ယနေ့ ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံရမှုအပေါ် ပြန်လည်တိုးမြင့်လာတဲ့ အနောက်အုပ်စုရဲ့ ဖိအားများဟာ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ စခန်းသွားရတော့မယ့် မြန်မာပြည်အတွက် နောက်ဆုံးပိတ် ဈေးဆစ်ပေးတဲ့သဘောလို့ ယူဆမိပါတယ်။ ဒီမိုကရေစီ အရေး လှုပ်ရှားသူများ၊ အတိုက်အခံ အဖွဲ့အစည်းများက ယနေ့ အခြေအနေကို အကျိုးရှိအောင် အသုံးမချနိုင်ရင် နအဖနဲ့ ပိုမိုထိတွေ့ ဆက်ဆံရေး လမ်းကြောင်းကို ပြန်ရောက်သွားမှာ မလွဲဧကန် ဖြစ်မယ်လို့ ယုံကြည်မိပါတယ်။

၃၈။ ရုရှအစိုးရနဲ့အတူ အိမ်နီးနားချင်းတွေဖြစ်တဲ့ တရုပ်၊ အိန္ဒိယနဲ့ အာဆီယံအဖွဲ့ဝင် ဗီယက်နမ်နဲ့ လာအို အစိုးရ များ ကတော့ ပြုပြင်ပြောင်းလဲရေး တွန်းအားများ အပေါ်မှာ မသိကျိုးကျွံ ပြုနေသူများ အဖြစ် မြင်တွေ့ နေရပါတယ်။ တရုပ်နဲ့ ရုရှနိုင်ငံများရဲ့ မြန်မာပြည်အပေါ် သဘောထားကို ကြည့်ရင် သူ့တို့ရဲ့ အမျိုးသားရေး အကျိုးစီးပွားအတွက် အထောက်အကူ ဖြစ်စေမယ့် အခြေအနေတစ်ခု မြန်မာပြည်မှာ ဖြစ်ထွန်းနေဖို့က ဦးစားပေး ဖြစ်ပြီး နအဖဟာ ဒီအခြေအနေကို တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းထားပေးနိုင်သူလို့ ယူဆ ထားတဲ့အတွက် စစ်အစိုးရကို ကျောထောက် နောက်ခံ လုပ်ပေးနေတဲ့ အခြေအနေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် နအဖ စစ်အစိုးရ အခက်အခဲ မတွေ့ရလေအောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဒိုင်သူကြီးအလုပ်ကို ဟန့်တား ပိတ်ပင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ၁၉၉၀ ရွေးကောက်ပွဲရလဒ် ပေါ်ထွက်လာပြီးတဲ့နောက် NLD ရုံးချုပ်ကို အရင်ဆုံး ရောက်လာပြီး ဂုဏ်ပြု စကားပြောခဲ့တဲ့ သံတမန်ဟာ တရုပ်သံရုံးကဆိုတာ မေ့ထားလို့မရပါဘူး။ ဆိုလိုတာက တရုပ်၊ ရုရှအစိုးရ များဟာ ပြည်တွင်း နိုင်ငံရေးအင်အား ချိန်ခွင်လျှာကို ကြည့်ပြီး သူတို့ရဲ့ အမျိုးသားရေး အကျိုးစီးပွား အတွက် အလုပ်လုပ်ကြပါလိမ့်မယ်။ စစ်အာဏာရှင်များကို မျက်စိမှိတ်ပြီး တသက်လုံး ထောက်ခံကြမယ့်သူများ မဟုတ်ပါ။ အတိုက်အခံများမှ အင်အားချိန်ခွင်လျှာ ပြောင်းအောင် စွမ်းဆောင်ပြနိုင်ရင် အတိုက်အခံများထံ လာရောက် ချဉ်းကပ်ကြမည့်သူများ ဖြစ်ပါတယ်။

၃၉။ ပြင်ပရပ်ဝန်းထဲမှာ အထက်က ဖေါ်ပြခဲ့တဲ့ အစိုးရများ၊ အဖွဲ့အစည်းများအပြင် မြန်မာ့ နိုင်ငံရေးလောကရဲ့ အခြေအနေများအပေါ် သြဇာလွှမ်းမိုးပြီး မြန်မာ့နိုင်ငံရေးလောကထဲက Players များ လိုက်နာကျင့်သုံးရမယ့် ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်စွမ်းရှိသူ အဖွဲ့အစည်းများလည်း ရှိနေပါသေးတယ်။ ဒိုင်သူကြီးများလို့ ဆိုပါရစေ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး (ICC)၊ အာဆီယံအဖွဲ့ စတာတွေဖြစ်ပါတယ်။ ပြင်ရပ်ဝန်းအတွင်းက ဒိုင်သူကြီးများရဲ့ ကဏ္ဍကို လေ့လာရင် လုံခြုံရေး ကောင်စီကို တင်ပြနေတဲ့ စစ်အစိုးရ အပေါ် နည်းလမ်း အသီးသီးနဲ့ ပိတ်ဆို့အရေးယူရေး တောင်းဆိုမှုတွေ၊ စစ်အာဏာရှင် တစ်စုရဲ့ လူ့အခွင့်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြောင်းအရာများ အပေါ် စနစ်တကျ ကျူးလွန်ဖေါက်ဖျက်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး (ICC) ကို တင်ပြရန် ပြင်ဆင်နေကြခြင်းများဟာ ဒိုင်သူကြီးဖြစ်သူရဲ့ အဆုံးအဖြတ် ကြောင့် မြန်မာ့နိုင်ငံရေး လောကအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဘက်တော်သားများအတွက် အရေးသာစေဖို့ ကြိုးပမ်းမှုများ ဖြစ်ပါတယ်။

၄၀။ ယနေ့လက်ရှိအခြေအနေမှာ လုံခြုံရေးကောင်စီနဲ့ (ICC) တို့ထံ တင်ပြဖို့ အကြောင်းအရာကောင်းတွေ စုမိနေပါပြီ၊ ဒါပေမယ့် တရုပ်နဲ့ ရုရှရဲ့ ဗီတိုအာဏာသုံး စွက်ဖက်မှု လွတ်ကင်းမှသာ ဒိုင်လူကြီးတွေ အလုပ်လုပ်နိုင်မှာ ဖြစ်လို့ အတိုက်အခံ အဖွဲ့အစည်းများ အနေနဲ့ ဒီလမ်းကြောင်းက ပေါ်ထွက်လာမယ့် ရလဒ် အတိုင်းအဆကို တွက်ဆဖို့ လိုမှာဖြစ်ပါတယ်။ အသေအချာ ပြောနိုင်တာက လုံခြုံရေးကောင်စီ သို့မဟုတ် ICC က နအဖအပေါ် အရေးယူမှုများ ပေါ်ပေါက်လာခဲ့ရင်၊ ဒီမိုကရေစီလိုလားသူ Players များအတွက် ကြီးစွာသော အထောက်အပံ့ တစ်ခုတော့ ဖြစ်လာမှာ အသေအချာပါ၊ ဒါပေမယ့် ဒီနည်းလမ်းနဲ့ ကြိုးစားမှုများဟာ ပြင်ပရပ်ဝန်း ထဲမှာ ဖြစ်ပျက်နေတာ ဖြစ်ပြီး မြန်မာဒီမိုကရေစီ တိုက်ပွဲအတွက် အဆုံးအဖြတ် ဖြစ်လာဖို့ အလွန်ခဲယဉ်းလှပါတယ်။ ဘောလုံးစကားနဲ့ ပြောရရင် စစ်အစိုးရကို အနီကဒ်၊ အ၀ါကဒ်သာ ပြနိုင်မှာ ဖြစ်ပြီး ဒီမိုကရေစီလိုလားသူ မြန်မာ့နိုင်ငံရေး လောကအတွင်းက Players များက အနိုင်ဂိုး မသွင်းနိုင်ပဲနဲ့ ပြိုင်ပွဲမှာ အနိုင် မရနိုင်ပါ။

၄၁။ ယခု Model အရ ကြည့်ရင် သူတို့ ပါဝင်မှုများဟာ ကျနော်တို့ရဲ့ မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှုမှာ တွန်းအားများ အားကောင်း၊ အားလျော့စေဖို့၊ ဖိအားများ အတိုး၊ အလျော့ ဖြစ်စေဖို့၊ ဒိုင်သူကြီးများထံမှာ မြန်မာ့ဒီမိုကရေစီ ဘက်တော်သားများအတွက် သက်သေလိုက်တာ၊ လျှောက်လဲချက် ပေးတာ၊ အဟန့်အတား လုပ်တာများကို ဆောင်ရွက်ပေးနိုင်သူများ ဖြစ်ပါတယ်။ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် တကယ် အလုပ်လုပ်ရမယ့် မြန်မာ့နိုင်ငံရေး လောကထဲက Players များ မဟုတ်ပါ၊ တနည်းအားဖြင့် ပရိသတ်များသာ ဖြစ်ပါတယ်။ နိုင်ငံ ပြုပြင် ပြောင်းလဲရေး တကယ်ဖြစ်ဖို့ တာဝန်ရှိသူ၊ အမှန်တကယ် ဆောင်ရွက်နိုင်သူများက မြန်မာ့နိုင်ငံရေး လောက ထဲမှာသာ ရှိပါတယ်။

ပင်ပရပ်ဝန်းနဲ့ ပတ်သက်လို့ ပေါ်လာတဲ့ အတွေးအမြင်များ

(က) ပြင်ပရပ်ဝန်းထဲက ဖိအားများကို လူထုတော်လှန်ရေးရဲ့ အဆင့်တိုင်းမှာ အထောက်အကူရစေဖို့ ဦးတည်ပြီး ထိရောက်စွာ အသုံးချ နိုင်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လူထုတော်လှန်ရေး အဆင့်(၂)၊ တစ်နိုင်ငံလုံးက လူထုတန်းစားအစုံ ပူးပေါင်းပါဝင်လာစေခြင်းနဲ့ အဆင့်(၃) တပ်မတော်က လူထုနဲ့ ပူးပေါင်း ပါဝင်ခြင်းများ ဖြစ်လာဖို့အတွက် ပြင်ပရပ်ဝန်းက ဖိအားများကို အထောက်အကူ ဖြစ်စေအောင် အသုံးချနိုင်ရပါမယ်။

(ခ) အကြောက်တရားအောက်မှာ နေထိုင်နေရတဲ့ လူထုအနေနဲ့ အားကိုးရှာကြမှာ သဘာဝတစ်ခုပါ။ အဲဒီ အခြေအနေမှာ အပြည်ပြည်ဆိုင်ရာ ဖိအားများကို လိုတာထက် ပိုပြီးအမွန်းတင်ခြင်း၊ မျှော်လင့်ချက်များ အလွန်အကျွံပေးခြင်းက အားကိုးရှာနေရတဲ့ လူထုကို ဖိအားများအပေါ် မှီခိုမှု အလွန်အကဲ လာစေပြီး ကိုယ်တိုင် ကြိုးပမ်းအားထုတ်ရမည့် အရေးမှာ အားလျော့သွားနိုင်ပါတယ်။ ဒီအချက်က လူထုတော်လှန်ရေး အဆင့်(၂)တွေ ဖြစ်လာစေရေးမှာ အဟန့်အတားများ ဖြစ်လာပါလိမ့်မယ်။ ဒီ့အတွက်ကြောင့် ဖိအားများနဲ့ ပတ်သက်တဲ့ သတင်းစကား Message တွေ လူထုထံ အသိပေးကြတဲ့အခါ လူထုပါဝင်လှုပ်ရှားမှုအတွက် ခွန်အားဖြစ်စေမယ့် ပုံစံနဲ့ အသိပေးခြင်းက လူထုတော်လှန်ရေး အဆင့်တွေ မြင့်တက်လာစေဖို့ အထောက် အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။

(ဂ) နအဖစစ်အာဏာရှင်များရဲ့ တပ်မတော်အတွင်း ၀ါဒဖြန့်ချီမှု ပြုလုပ်ရာမှာ ဖိအားများနဲ့ ပတ်သက်ပြီး ပြည်ပ နိုင်ငံများရဲ့ မြန်မာပြည်၏ အချုပ်အခြာကို ထိပါးမှုအဖြစ် ပုံစံပြောင်း အသိပေးကြပါတယ်။ ဘယ်နိုင်ငံမှာ မဆို တပ်မတော်ဟာ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ဆိုတဲ့ ခံယူချက်ကို စံတစ်ခုအနေနဲ့ ထားကြတာမို့ နအဖ စစ်အာဏာရှင် များရဲ့ ပုံစံပြောင်း ၀ါဒဖြန့်ချက်ဟာ တပ်မတော်အတွင်းမှာ အတိုင်း အတာ တစ်ခုအထိ ခရီးရောက်ပါတယ်။ ရလဒ်ကတော့ လူထုတော်လှန်ရေးအတွက် အဆုံးသတ် အဆင့်ဖြစ်တဲ့ တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှုမှာ အဟန့်အတား ဖြစ်စေရပါတယ်။

(ဃ) ဒီမိုကရေစီဘက်တော်သားများအနေနဲ့ တပ်မတော်ကို အသိပေးရာမှာ တွန်းအားများ Driving Forces နဲ့ ဖိအားများ Pressures ကို ခွဲခြား မြင်သာအောင် ဆောင်ရွက်ပေးဖို့ လိုပါမယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေး တွန်းအားများက ကမ္ဘာကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်များကို အခြေခံလို့ သူ့ခေတ်နဲ့ အကောင်းဆုံးလို့ ယူဆထားတဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေးအခေါ်များ၊ တွန်းအားများ ဖြစ်ကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ တပ်မတော်အပါအ၀င် နိုင်ငံရေးပါတီများ၊ တိုင်းသူပြည်သားများ အားလုံးရဲ့ အလုပ် ဖြစ်ကြောင်းနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တွန်းအားများကို တပ်မတော်အတွင်းမှာ အကောင်းမြင်စေဖို့ ပိုမိုကြိုးစား ဆောင်ရွက်ကြရဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

(င) ဖိအားများနဲ့ပတ်သက်ပြီးတော့ တပ်မတော်ကို အသိပေးသင့်တာက အဲဒီ ဖိအားများ ဖြစ်ပေါ်လာရခြင်းဟာ နအဖ စစ်အာဏာရှင်တစ်စုရဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှု၊ အာဏာကို မလွှတ်တမ်း ချုပ်ကိုင်ထားမှုများကြောင့် ဗိုလ်သန်းရွှေ့နဲ့ လက်တစ်ဆုပ်စာ သူ့နောက်လိုက်များအပေါ် ကွက်ကွက်လေး ကျရောက်နေတာ ဖြစ်ကြောင်း တပ်မတော်တစ်ခုလုံး ပိုမိုသိရှိလာသင့်ပါပြီ။ သို့မှသာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် တပ်မတော်မှာ တာဝန်ရှိကြောင်းနဲ့ နအဖ စစ်အာဏာရှင် လက်တစ်ဆုပ်စာသည် တိုင်းပြည်ရဲ့ အဟန့်အတားများ ဖြစ်ကြောင်း တပ်မတော်သားများ ပိုမိုသိရှိ နားလည်လာကြပါမယ်။ ဒီအချက်များ တပ်မတော်အတွင်း ပိုမိုနားလည်လာကြလေ လူထုတော်လှန်ရေးရဲ့ အဆင့်(၃)ကို တက်လှမ်းနိုင်ဖို့ အခွင့်အလမ်း ပိုမို များပြားလာလေ ဖြစ်ပါလိမ့်မယ်။

(စ) အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး (ICC) ကနေ နအဖ စစ်ခေါင်းဆောင်များကို တစ်ဦးခြင်းစီ ဖိအားပေးခြင်းဟာ တပ်မတော်အတွင်း ပြုပြင်ပြောင်းလဲလိုသူ မြန်မာပြည်ရဲ့ ဗိုလ်ချုပ်ကြီးရာမိုစ့် အလောင်းအလျာများအတွက် အားတက်စရာ ဖြစ်စေပါလိမ့်မယ်။ တဖက်ကလည်း ဗိုလ်သန်းရွှေရဲ့ နောက်လိုက် လုပ်လိုသူများ အတွက်လည်း ထိရောက်တဲ့ သတိပေးချက် ဖြစ်လာမှာမို့ ICC လမ်းကြောင်း သည် တစ်ကမ္ဘာလုံးက မြန်မာတွေအနေနဲ့ အားကုန်ထုတ် ကြိုးပမ်းသင့်တဲ့ လုပ်ငန်းတစ်ခုပါ။ ICC လမ်းကြောင်း ပီပြင်လာစေဖို့ လုံခြုံရေးကောင်စီက ကော်မရှင်တစ်ရပ်ဖွဲ့စည်းကာ မြန်မာ့အရေး စုံစမ်း စစ်ဆေးဖို့ တောင်းဆိုခြင်းများကို အရှိန်အဟုန် မြင့်လုပ်ဆောင်သင့်တဲ့ အချိန်အခါ ရောက်နေပါပြီ။

၄၂။ ဆောင်းပါး ဒုတိယအပိုင်းကို အဆုံးသတ်ရရင် မြန်မာ့ဒီမိုကရေစီအရေးအတွက် လူထုအားနဲ့ တော်လှန်ရာမှာ လူထုကြီးတစ်ရပ်လုံးက တက်ကြွစွာ ပါဝင်လာကြမည့် လူထုတော်လှန်ရေး အဆင့် (၂)နဲ့ တပ်မတော်မှ ပါဝင်ပူးပေါင်း လာမည့် လူထုတော်လှန်ရေး အဆင့် (၃) တို့အတွက် ပြင်ပရပ်ဝန်းမှာ ရှိနေတဲ့ ဖိအားများက အထောက်အပံ့ ပေးနိုင်ပုံများနဲ့ အဟန့်အတား ဖြစ်နိုင်ပုံများကို တင်ပြခြင်း ဖြစ်ပါတယ်။ ဖိအားများနဲ့ ပတ်သက်ပြီး လူထုအတွင်း ဖိအားများအပေါ် အမှီအခိုဖြစ်နေမှု (Dependency) လျော့နည်းအောင်၊ နအဖက သူ့အပေါ်ကျရောက်လာတဲ့ ဖိအားများကို တပ်မတော်တစ်ခုလုံးအပေါ် ပုခုံးပြောင်းပေးနေခြင်းကို တပ်မတော်အတွင်းမှ လက်မခံကြဖို့၊ လူထုနဲ့ ပိုမိုနားလည်မှု ရှိလာဖို့ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အကြံပြု တိုက်တွန်းခြင်း ဖြစ်ပါတယ်။ အထက်ဖေါ်ပြပါ Model မှာ ပါရှိတဲ့ မြန်မာ့နိုင်ငံရေး လောကနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်မှုကို ဆောင်းပါး တတိယအပိုင်းအဖြစ် ဆက်လက်တင်ပြ သွားပါ့မယ်။ အသံညီပြီး အလုပ်တူကြဖို့ အမြင်တူပြီး အတွေးညီကြရအောင်။

၂၀၀၉ခုနှစ်၊ ဇူလိုင်လ (၂)ရက်

ကြာသပတေးနေ့

No comments:

Post a Comment