09 July 2009

Artist Htein Lin - Remembering Zarganar - 2

ကြောက်မွှေးပါ ဇာဂနာနဲ့ နှုတ် - ၂

ပန်းချီ ထိန်လင်း

ဇူလိုင် ၁၁၊ ၂၀၀၉

(ကောင်းကင်အင်တာနက်စာမျက်နှာက ယူပါတယ်)

mya pone na mar

အကျိုးများဘို့ အကြောင်းခံ စာစီ၊

တိုးပွါးလို့ ကောင်းရန် မြန်မာပြည်၊

အမျိုးသားတို့ ဒေါင်းအလံ လာပြီ။

အိုးဝေအိုးဝေ အိုးဝေ

အိုးဝေသံ စည်စည်၊ ညီစွာ၊ ပီစွာ၊ ချိုသာ စူးရှ၊

မြူးကြွတဲ့ တွန်ကျူးသံသည်

ထလော့မြန်မာ၊ အိုမြန်မာတို့

ဘာသာကို လေးစား၊ သာသနာကို အရေးထား၊

အမျိုးသား အန္တရာယ် ကာကွယ်စောင့်ရှောက် ရဲရဲတောက် ဟစ်ကြွေးသံမြည်။

ဒီအသိတရားခံယူပါသည်၊ ပြည်သူများနဲ့ တသားထဲညီ၊

မြပုဏ္ဏမာ မောင်နှမများက အမျိုးသားနေ့ထူး ဂုဏ်ပြုကြိုဆိုပါသည်။

(မြန်မာ့ရုပ်မြင်သံကြားမှ မြပုဏ္ဏမာ အငြိမ့်ခန်း)

၁၉၈၇ ခုနှစ် မြန်မာ့ရုပ်သံ အစီအစဉ်ကနေ ထုတ်လွှင့်ခဲ့တဲ့ အမျိုးသားနေ့ ဂုဏ်ပြုအငြိမ့်ခန်း အစီအစဉ်မှာ အပိတ် သီချင်းအတွက် ဇာဂနာ ကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်း ခင်ဗျ။

ဒါပေမဲ့ သူရေးတာလို့လည်း အဲဒီတုန်းက ၀င့်သိင်္ဂီက မပြောတော့ မသိခဲ့ဘူး ခင်ဗျ။ နောက်ပိုင်းနှစ်တွေမှာ ဒီပုဂ္ဂိုလ်နဲ့ တော်တော်တွဲပြီး အလုပ်တွေ လုပ်ဖြစ်ကြတဲ့အခါ သူ မကြာခဏ လက်တန်းဆိုဆိုနေတော့ စာသားတွေက ကောင်းလှ ပါလားဗျ ဘယ်သူရေးတာလဲ ဆိုတော့မှ မူပိုင် စပ်ဖြဲဖြဲ အမူအယာနဲ့ “အီစကိုလေ” လို့ ဖြေသဗျ။

ဒါဟာ သူ့ရဲ့ အနုပညာ ခံယူချက်ပါပဲ။ အဲဒီ အစီအစဉ်အဖွင့်မှာ ကိုလိုနီခေတ်က ၀ံသာနု လူရွင်တော်ကြီး ဦးချစ်ဖွယ် ရွတ်ဆိုခဲ့ဘူးတဲ့ လင်္ကာကြီးကို ရွတ်ဆိုခဲ့သလို သီချင်းတွေကလည်း ဦးဝင်းဦး၊ ဂီတလုလင် ဦးကိုကိုတို့ ရေးပေးတဲ့ အမျိုးသားနေ့ သီချင်းတွေ ခင်ဗျ။ သပိတ်မှောက် ကျောင်းသားတွေကို ဂုဏ်ပြုတဲ့ စာသားတွေချည်း ဖြစ်သလို လူရွှင်တော်တွေကလည်း ပင်နီတိုက်ပုံတွေနဲ့ ယောလုံချည်တွေကို တောင်ရှည်အဖြစ် ၀တ်ထားကြသဗျ။ ဇာတ်ခုံ နောက်ခံမှာတော့ အလွန်ခံ့ညားလှပတဲ့က ဒေါင်းပုံကြီးနဲ့ခင်ဗျ။ အဲဒီအချိန်က ရုပ်သံခေတ်ဦးဆိုတော့ လူတွေရော စက်တွေပါ ချို့ယွင်းမှုတွေက ရှိတာကိုး။ အဲဒါကို နောက်ပြောင်ထားတဲ့ ပြက်လုံးတစ်ခုလည်း ပါသဗျ။

dancer with peacock backdrop

(မြန်မာ့ရုပ်မြင်သံကြားမှ မြပုဏ္ဏမာ အငြိမ့်ခန်း)

လိုရင်းပြောရရင် ဇာဂနာက သတင်းကြေညာသူ လုပ်ပါတယ်။ မကြေညာခင် ကင်မရာမင်း လုပ်တဲ့ဖိုးဖြူနဲ့ ငှက်ပျောကြော်တို့ကို ကင်မရာတွေ၊ စက်တွေကို စစ် ခိုင်းပါတယ်။ တကယ် ကြေညာတော့ အခမ်းအနား တစ်ခုမှာ ဆုပေးသူ အရိုင်းနဲ့ ဆုတက်ယူတဲ့ ကင်းကောင်နဲ့ ဂေါ်ဇီလာတို့ရဲ့ ပုံတွေ ပြတဲ့အခါ အစပိုင်းတော့ ရှေ့သွားသလိုလိုနဲ့ နောက်ပိုင်းမှာ နောက်ပြန်ကြီးတွေ လမ်းလျှောက်နေကြတာ၊ တလွဲတချော်တွေ ဖြစ်နေတာတွေကြောင့် တ၀ါးဝါး ပွဲကျ ကြသဗျ။

ကင်မရာတွေ ပေါ်ခါစမှာ ကင်မရာတွေရဲ့ စွမ်းအင်ကို အားပြုထားတဲ့ ပြက်လုံးပါ။ သာမန်ကြည့်ရင်တော့ မြန်မာ့ ရုပ်မြင်သံကြားက စက်တွေကို နောက်ပြောင်သရော်ထားတဲ့ ပြက်လုံးပါပဲ။ ဒါပေမဲ့ အဲဒီခေတ်က ဗိုလ်နေ၀င်းရဲ့ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် အစိုးရ လုပ်သမျှ “ခါးတောင်းကျိုက် တခြား၊ ဖင်တခြား” ဖြစ်နေတာကို မီးမောင်းကြီး ထိုးပြ နေသလို ဖြစ်နေသဗျ။ အဲဒီတုန်းက အမျိုးသားနေ့ အငြိမ့်ခန်းဟာ ခုပြန် စဉ်းစားကြည့်တဲ့ အခါ (၈၈) အရေးတော်ပုံကြီးရဲ့ ရှေ့ပြေး နိမိတ်ပုံရိပ်တွေပါလားလို့ အတွေးပွားမိပါ သဗျ။

အားလည်းနာတယ်၊ ခင်လည်း ခင်တယ် …

zaganar  ah yine

(မြန်မာ့ရုပ်မြင်သံကြားမှ မြပုဏ္ဏမာ အငြိမ့်ခန်း)

သူကိုယ်တိုင် သူတို့ တချိန်က ပြက်ခဲ့တဲ့ ပြက်လုံးတွေကို ရေးပြီး မိုးမခ စာမျက်နှာပေါ်မှာ တင်ထားသဗျ။

ခုကတော့ သူ ဖြတ်သန်းခဲ့တဲ့ မြန်မာ့ ရုပ်မြင်သံကြားအငြိမ့် တစ်ခေတ်မှာ ပြက်ခဲ့တဲ့ ပြက်လုံး တစ်ချို့ကို ပြန် နည်းနည်းပွား ကြည့်တာပါ။

ခြုံ ကြည့်ရင် လူထု နေ့စဉ်ဘ၀ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေ အပေါ်မှာပဲ အခြေခံ ထားတာတွေ့ရ သဗျ။ ကျူရှင်ဆရာတွေ မှိုလိုပေါက်ပြီး ကျူရှင် ပညာရေးခေတ်ကြီး ဖြစ်နေတဲ့အခါ ကျူရှင်ဆရာ လှောင်တဲ့ ပြက်လုံးနဲ့ ထောက်ပြခဲ့တာ ပြောခဲ့ပြီးပါပြီ။

အထူးကု ဆေးခန်းကြီးတွေ ပေါ်လာပြီး လူနာတွေကို ရိုက်စား လုပ်လာတဲ့အခါမှာ ဇာဂနာက အထူးကု ဆရာဝန်ကြီးအဖြစ် ထွက်လာပြီး လာသမျှ လူနာတွေကို အင်္ကျီပါးပါးလေးဝတ် ဆိုတာပဲ ပြောပြီး ပိုက်ဆံတွေ နင်းကန် ယူတဲ့ ပြက်လုံး ထွက်လာ သဗျ။ မနက်လင်းတော့ လူတိုင်း ပါးစပ်ဖျားမှာ အင်္ကျီ ပါးပါးဝတ် ဆိုတာပဲ။

မြန်မာနိုင်ငံမှာ ဇာတ်မင်းသား ငယ်ငယ် ချောချောလေးတွေ အရမ်းခေတ်စားလာပြန်တော့ ကိုစုတ်ချွန်းကို ပေါင်ဒါတွေ “ဖွေး” နေအောင် ရိုက်ပြီး …. ဇာတ်မင်းသား သိန်းဇော်ရဲ့ နာမည်ကျော် သီချင်း အလိုက်ဖြစ်တဲ့ “ဇာတ်မင်းသားလေး သိန်းဇော်၊ သိန်းဇော် တိုင်းပြည်က မျှော်” ဆိုတဲ့ အလိုက် အတိုင်း .. “ဇာတ်မင်းသားလေး စုတ် .. စုတ် .. ချွန်း နော် .. တိုင်းပြည်ကမျှော်” ဆိုပြီး ကန်စွန်းရွက်စည်းကြီးကိုင် ပွဲထုတ်ခဲ့ သဗျ။

စာပေလောကမှာ စာရေး ဆရာမငယ်ငယ်လေးတွေပဲ ခေတ်စားလာပြီး စာပေအကြောင်း ဘာမှ နားမလည်ဘဲ၊ ငွေနဲ့ “ရှဲဒိုး” ၀တ္ထုတွေဝယ်ပြီး နာမည်ကြီးနေတဲ့ စာရေး ဆရာမတွေကို သရော်တဲ့ ပြက်လုံးဆို ထိမိလွန်းသမို့ စာပေလောကမှာ ဒီနေ့ထိ ကြုံတိုင်း ပြောဖြစ် နေကြသဗျ။

ဇာဂနာက စာရေး ဆရာမလေး လုပ်တဲ့ လူရွှင်တော် ကိုအရိုင်းကို တခြား ဘယ် စာရေး ဆရာတွေကို ကြိုက်လဲလို့ မေးတဲ့အခါ ..

“စာရေးဆရာမကြီး ဒေါ်မြသန်းတင့် ရေးတဲ့ “ဓါးတောင်း၍ မိမိ လည်ပင်းကို မိမိ ဖြတ်မည်” ဆိုတဲ့ ၀တ္ထု မီး အရမ်းကြိုက်တယ်”

လို့ ဖြေတဲ့ ပြက်လုံးဆိုရင် စာရေး ဆရာတွေကြားမှာ ဒီနေ့အထိ ရေနွေးကြမ်း “သီး” အောင် ရီရတဲ့ ပြက်လုံး တစ်ခု အဖြစ် တွင်ခဲ့ သဗျ

(မြန်မာ့ရုပ်မြင်သံကြားမှ မြပုဏ္ဏမာ အငြိမ့်ခန်း)

ဒီ ဖန်သားပြင်ပေါ်က သူ့ ပြက်လုံးတွေနဲ့ ပတ်သက်လို့ မန္တလေး စင်ပေါ်က ပြက်လုံးတွေကို နှစ်သက်ကြတဲ့ ပရိတ်သတ်က ကင်မရာ အထူးလုပ်မှုတွေ အ၀တ်အစား အပြင်အဆင်တွေပေါ် အားကိုးလွန်းတယ် ဆိုတဲ့ ဝေဖန်မှုတွ ရှိခဲ့ပါတယ်။ ပုံစံ သစ်ကိုး ဗျ။

တိတိလင်းလင်း စာမျက်နှာပေါ်မှာ ဝေဖန်ခဲ့သူထဲက တစ်ယောက်ကတော့ ဆရာစိန်ခင်မောင်ရီ ခင်ဗျ။ သောင်းပြောင်းထွေလာ မဂ္ဂဇင်းမှာ ဆရာက “ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ ခင်ဗျား” ဆိုတဲ့ ရုပ်ရှင် ဝေဖန်ရေး ဆောင်းပါးတွေနဲ့ နာမည်ကြီးနေချိန်။ အဲဒီ အချိန်ကလည်း မြန်မာ့ ရုပ်ရှင်က ဝေဖန် လောက်တဲ့ အဆင့်တန်းလည်း ရှိခဲ့သကိုး။

ဒါရိုက်တာ ဦးသုခ၊ ၀င်းဖေ။ ကြီးမြင့်၊ မောင်တင်ဦး၊ အောင်မြင့်မြတ်။ မောင်ဝဏ္ဏ၊ အေ၀မ်း မောင်လှမျိုး၊ စံရွှေမောင်၊ ၀င်းဦး။ သင်းသင်းယု၊ ဦးတင်ယု။ မင်းနိုင်၊ မောင်နန္ဒတို့ ဆိုတာက ဂရိတ်ကြီးတွေ လေဗျာ။ ဇာတ်ကားတွေက သောက်သောက်လည်း ထွက်တာ။ ခု ဒစ်ဂျစ်တယ်ခေတ် ရောက်ပါပြီဆိုကာမှ မြန်မာ့ ရုပ်ရှင်ဟာ “ကျီးနဲ့ ဖုတ်ဖုတ်” ဖြစ် သွားရရှာတာ အံ့တော့ အံ့သြ စရာ ပဲဗျ။ ထား ပါ။ လိုရင်း မရောက်မှာ စိုးလို့။

အဲဒီ အချိန် ဆရာစိန်ခင်မောင်ရီက ရုပ်မြင်သံကြား အငြိမ့်ခန်းကို သောင်းပြောင်းမှာ တစ်လ ထည့်ဝေဖန် ပါသဗျ။ ကျွန်တော် မှတ်မိနေတာက ဆောင်းပါး အဆုံးမှာ ဒီ ကလေးတွေ အငြိမ့်ဟာ အငြိမ့်စစ်စစ်ကို ကြည့်ရတာမျိုး မဟုတ်ဘဲ ရှေးက ရှိခဲ့တဲ့ အငြိမ့်ဆိုတာ ဒီလိုပဲလို့ ခုခေတ် လူတွေ သိရအောင် ၀င်သရုပ်ဆောင် နေသလိုပါပဲ ဆိုတာမျိုးနဲ့ သိမ်းထားတာဗျ။ အဲဗျာ လ အနည်းငယ်ကြာလို့ ရုပ်သံ အငြိမ့်ခန်းလည်းလာရော ကျုပ်တို့လူက ပြက်လုံးနဲ့ ဆရာစိန်ကို ပြန်တွယ်ပါလေရော။

(မြန်မာ့ရုပ်မြင်သံကြားမှ မြပုဏ္ဏမာ အငြိမ့်ခန်း)

ကိုသူရကို ရုပ်ရှင် တကား ပြတယ်ပေါ့။ အဲဒီမှာ ထပြီး ..

“ဟာ … ဒီ အခန်း .. ဒီ … လို ရိုက် ရ သလား၊ ဘာ လား။” ပြူး တူးပြဲတဲ လုပ်တော့ အရိုင်းက ကုမ္ပဏီ ပိုင်ရှင်လေ။

“ဆရာ … ဒီအုန်းနို့ခေါက်ဆွဲလေး စားပါဦး …” ဆို ကျွေးတော့၊ သူက ချက်ချင်း လေရော မျက်နှာပါ ပြောင်းသွားပြီး …

“အားလည်းနာတယ်၊ ခင်လည်း ခင်တယ် … ရုပ်ရှင်က ပညာပါလွန်းတော့ အံ့သြမိတာ” ဆိုတာမျိုးနဲ့ ဆရာစိန်ကို ကလိတာ။

မနက်လင်းတော့ လူတိုင်း ပါးစပ်ဖျားမှာ “အားလည်းနာတယ်၊ ခင်လည်း ခင်တယ်” ဆိုတာ ချည်း ဖြစ်ကုန်တဲ့အထိပဲ။

ဆရာစိန်ဝေဖန်ရေးက သိပ်စွာလာတော့ ရုပ်ရှင်သမားတွေက သူတို့ရုပ်ရှင်ကို အပြစ် မရှာအောင် လက်ဆောင်ပေး၊ ဘာပေး လုပ်ကြတာကိုး။ သူက အတွင်းသိဆိုတော့ အဲဒါကိုချတာ။ စာဖတ်ကြတဲ့ လူ တော်တော်များများက သိကြပါတယ်။ ဆရာစိန်ကို ဆော်ပြီ ဆိုတာ။

ဒါပေမဲ့ ပြည်သူလူထု အမြင်မှာကျ လက်ဆောင်ပေးရင် ချက်ချင်း လေသံ ပြောင်းတတ်တဲ့ မဆလခေတ် ဗျူရိုကရက်တွေကို သရော်ထားသလို ဖြစ်နေတာမို့ လူတိုင်းက ထစ်ကနဲရှိ “အားလည်းနာတယ်၊ ခင်လည်း ခင်တယ်” ဆိုပြီး သူ့လေသံအတိုင်း တုပြီး ပြောကြတဲ့အထိ အောင်မြင်ခဲ့တာ အမှတ်ရနေမိသဗျ။ ခုချိန်မှာ ဆရာစိန်လည်း မရှိတော့ပါဘူး။ ပြန်ပြောဖြစ်တာကတော့ ဇာဂနာ၊ သူ့ပြက်လုံးတွေနဲ့ ဆက်စပ် နေတဲ့ သူ့ဝန်းကျင်ကြားက ဆက်နွယ်နေမှုတွေထဲက တစ်ခုကို နမူနာ တစ်ခု ထုတ်ပြတာ ရယ်ပါ။

ဖန်သားပေါ်မှ လူထု ကြားသို့

ဟေး … လာ သွားကြ ရအောင်(ဟေး … လာ သွားကြ ရအောင်)

ရင်ခုန်သံ၊ နရီမှန်၊ ဝေယံ မိုးထိညံ၊

စည်တိုသံ ဆူဆူညံ၊ ပျော်ရွှင်ခြင်းရဲ့ အသံ၊

ယောင်းမရေ၊ သူငယ်ချင်း ပွဲကို သွားရအောင်၊

ယောက်ဖရေ သူငယ်ချင်း၊ ပွဲကို သွားရအောင်၊

သူရေးတဲ့ သီချင်းကို သူ့ရွာစား စိန်မြင့်ခိုင်က စည်တိုတွေ၊ ခြူသံတွေနဲ့ လှည်းတန်းကြီး ပွဲကြည့်ရအောင် လာနေတာ မြင်ယောင်လာအောင် တီးခတ်ထား သဗျ။

(မြန်မာ့ရုပ်မြင်သံကြားမှ မြပုဏ္ဏမာ အငြိမ့်ခန်း)

အဲဒီလို သီချင်းတွေနဲ့ ဖန်သားပြင်ပေါ်က “မြပုဏ္ဏမာ”ဟာ ပြည်သူ့ရင်ခွင်ထဲ ဆင်းလာ သဗျ။

၁၉၇၈ နဲ့ ၁၉၈၈ နှစ် ကြား ဆယ်စုနှစ် ကာလဟာ မြန်မာ့ ဇာတ်သဘင် လောကရဲ့ နေ၀င်ခါနီး ရွှေခေတ်ကြီးလို့ ပြောရမဗျ။ ရွှေခေတ်ကြီးလို့ ပြောရတာက ၈၈ လည်း ပြီးရော နွားချေးပိုးထိုးခေတ်ကြီးကို ချက်ချင်း ရောက်သွားတာကိုး။ ဇာတ်ပျက် ဆိုတာ အဲဒီမှာ စတာ။

ထားပါတော့။ ၈၈ အကြို ဆယ်နှစ် ကာလကို သဘင် ရွှေခေတ် ပြောရတာက ဂရိတ် ဦးဖိုးစိန်၊ အောင်ဗလကနေ ရွှေမန်း တင်မောင်၊ စိန်အောင်မင်း၊ မြို့တော် သိန်းအောင်ခေတ် နောက်ပိုင်းမှာ အရှိန်လျှော့လာတဲ့ မြန့်မာ ဇာတ်သဘင်ဟာ ၁၉၈၀ လွန် နှစ်တွေမှာတော့ ဒုတိယမျိုးဆက်တွေနဲ့ အလွန် အားကောင်းလာသဗျ။

ဦးဖိုးစိန် မျိုးဆက် ရဲစိန်၊ ညီဝင်းစိန်တို့ရဲ့ စိန်မဟာ သဘင်၊ ရွှေမန်း မျိုးဆက် ၀င်းဗိုလ်၊ ဆန်းဝင်း၊ ၀င်းမောင်၊ ချမ်းသာတို့ရဲ့ သစ္စာ၊ မေတ္တာ ရွှေမန်း သဘင်၊ ရွှေနန်းတင် သား နန်းဝင်း၊ နန်းခင်မွှေးတို့ရဲ့ ရွှေနန်းသဘင်၊ စိန်မာဒင် သား မိုးဝင်း၊ မိုးမင်းတို့ရဲ့ မဟာရန်ကုန် စံပြသဘင်၊ ဘီအီးဒီ အောင်သိုက်နဲ့ သား ဇော်ဝင်းမောင်တို့ရဲ့ အောင်ပွဲသဘင်၊ မောင်ယဉ်အောင် ဇာတ်စီးတဲ့မြို့တော် အင်အားသစ်၊ အဆိုတော် တွံတေး သိန်းတန်နဲ့ ဟင်္သာတ ထွန်းရင်တို့ရဲ့ ရုပ်ရှင် ဂီတ ပြဇာတ်သဘင်၊ ကဗျာလည်းရေး ဇာတ်လည်းကတဲ့ မောင်သိန်းဇော်ရဲ့ သိန်းဇော် မန္တလေး ဇာတ်ပွဲ၊ မောင်စိတ္တ၊ မိုးဒီ၊ မော့စ်တို့ရဲ့ ကျွန်တော့်သဘင်။

ဒါ မှတ်မိသလောက် ဇာတ်ကြီးတွေ။ ဇာတ် အသေးလေးတွေက အများကြီး။ ဇာတ်ရာသီဆို ရန်ကုန်မြို့မှာတင် ဇာတ်ရုံတွေက (၂၀) နီးပါး ရှိတာ ကလား။ ပြည်ထောင်စု ကွင်း၊ ပဲခူး ရွှေမောဓော၊ မန္တလေး ကျောက်တော်ကြီးပွဲတွေ ဆို ရုံတွေ (၇) ရုံ၊ (၈) ရုံ ယှဉ်ဆောက်ပြီး အပြိုင်ကြဲကြတာ။

အဲလို ပြိုင်နိုင်ဘို့ လူအား၊ ငွေးအား သုံးပြီး ဂိတ်ရှိုးတွေ၊ မီးတွေ၊ ကားတွေ “ဆန်း” နိုင် သမျှ “ဆန်း” အောင်၊ ပြဇာတ်တွေကိုလည်း နာမည်ကြီး စာရေး ဆရာတွေရဲ့ ၀တ္ထုတွေကို ၀ယ်ပြီး တင်ကြတာကိုး။ ဆရာ မြသန်းတင့်ရဲ့ ဓါးတောင်တို့၊ ဆရာ ပါရဂူရဲ့ အမ္ဗပါလီတို့။ ချစ်ဦးညိုရဲ့ လင်္ကာဒီပ၊ နွမ်ဂျာသိုင်း၊ ငြိမ်းကျော်၊ နုနုရည် (အင်းဝ)တို့ရဲ့ နာမည်ကြီးပြီးသား ၀တ္တုတွေ ဈေးကြီးပေး ၀ယ် “က” ကြသဗျ။ အဲဒီအချိန် သဘင်မဂ္ဂဇင်း၊ ရုပ်ရှင်အောင်လံ မဂ္ဂဇင်း၊ ရွှေအောင်လံ မဂ္ဂဇင်းတို့ဆိုတာက သဘင် အကြောင်းတွေချည်း ဖေါ်ပြကြတာ။ အရေးတယူ ရေးရလောက်အောင်လည်း တခမ်းတနား လုပ်ကြတာကလား။

အဲလို အခြေအနေမျိုးမှာ “မြပုဏ္ဏမာအငြိမ့်” ဟာ ဇာတ်ကြီးတွေ “က” တဲ့ ရုံပွဲတွေကို ၀င်တိုးလာတာ။ အငြိမ့်ဆိုတာ ဒီလိုပဲ လမ်းပေါ်၊ ဇာတ်ခုံ ခွထိုးပြီး ဗလာပွဲပဲ “က” ကြတဲ့ ထုံးစံပဲ ရှိသဗျ။ ရုံပွဲ တိုးလောက်အောင်လည်း ဘာ အပြင်အဆင် ဘာ အခမ်းအနားမှလည်း ထူးထူးထွေထွေ မလုပ်ထား ပါဘူး။ သိသလောက် မီးခွင် ကားခွင်တွေတောင် တခြား ဇာတ်တစ်ခုက ငှါးထားတာပါ။ လူအင်အားဆိုလည်း ရှိတဲ့ လူရွှင်တော် ၆ ယောက်နဲ့ မင်းသမီးအပြင် အဆိုတော် ကိုမြကြီးတို့ သားအဖ၊ နောက် ကိုဇော်မင်းလေး၊ အဆိုတော် ကိုမောင်မောင်ခင်နဲ့ ဇနီး အန်တီ ရွှေကူမေနှင်းတို့ လောက်ပဲ ရှိတာပါ။ အဲဒီလို အငြိမ့်အဖွဲ့လေး တစ်ဖွဲ့က ဇာတ်ကြီးတွေနဲ့ ပြိုင်ပြီး ရုံကြီးတွေမှာ ၀င်တိုးပြီး ရုံပြည့် ရုံလျှံ အားပေးမှုကို ရရှိတာ အလွန် အံ့သြစရာ ကောင်းလှပါတယ်။

ဒီနေရာမှာ ခဏနားပြီး ကျွန်တော့် အကြောင်းလည်း နည်းနည်းပွားချင် သဗျ။ ၁၉၈၇ နှစ်လယ်လောက်မှာ မိုးနတ်သူဇာ အငြိမ့်မှာ ကနေတဲ့ လူရွှင်တော် ပိန်ပိန် (စိန်ဂျွန်း အောင်ကျော်ဦး)ကို မြ၀တီမဂ္ဂဇင်းက အယ်ဒီတာအဖြစ် ခန့်အပ် ခံရသဗျ။ ထုံးစံအတိုင်း မြ၀တီမဂ္ဂဇင်းဆိုတာက အစိုးရ မဂ္ဂဇင်းဆိုတော့ ချက်ချင်း အရာရှိဖြစ်သွားတော့ ကိုပိန်ပိန်ဟာ အငြိမ့်ခုံကို ကျောခိုင်းသွားရသဗျ။

လစ်လပ်သွားတဲ့ ပိန်ပိန့် နေရာမှာ ထိန်ထိန် (ကျွန်တော်)နဲ့ ပြန် အားဖြည့်မယ် ဆိုပြီး “မိုးနတ်သူဇာ” က ဆရာ ဦးနေ၀င်း (ကဗျာဆရာ မောင်နံ့သာ) က တဆင့် ကမ်းလှမ်းလာတဲ့ နောက်မှာ “မိုးနတ်သူဇာ” အဖွဲ့ထဲမှာ ချစ်စရာ၊ စုတ်ချွန်း၊ တက်တူ၊ ချွန်စက်တို့နဲ့ အတူ “က” ဘို့ လက်ခံလိုက် သဗျ။

ပြောရရင် “မိုးနတ်သူဇာ” လူရွှင်တော်တွေ အနေနဲ့က ပြက်လုံး အသစ်မလုပ်နိုင်ဘဲ ကိုသူရ လုပ်ခဲ့တဲ့ အရှိန်နဲ့ပဲ လိမ့်နေကြတာပါ။ ဒါကြောင့်လည်း ကျွန်တော့် အနေနဲ့ လူကသာ “မိုးနတ်သူဇာ” မှာဖြစ်နေပေမဲ့ “မြပုဏ္ဏမာ” ပွဲ ရန်ကုန်ထဲ ရှိတာနဲ့ သွားပြီး ကြည့်ဖြစ်တာ များသဗျ။

(မြန်မာ့ရုပ်မြင်သံကြားမှ မြပုဏ္ဏမာ အငြိမ့်ခန်း)

ရှေ့ပိုင်းအဆို ကိုမြကြီးကိုလည်း ပရိတ်သတ်က တခဲနက် အားပေးကြသဗျ။ အဲဒီကာလ မတိုင်ခင်လေးမှာပဲ အဆိုတော် လွှမ်းမိုးရဲ့ “မခင်နှင်းဆီ” သီချင်းက “ပေါက်” ထားတာကိုး။ ကိုမြကြီး ထွက်လာတဲ့အခါ “မခင်နှင်းဆီ” ရဲ့ “မူလ” အကိုကြီးဆိုတော့ အားပေးကြတာ ပေါ့ဗျာ။ ကိုအရိုင်းက ခင်မောင်ရင်ရဲ့ နာမည်ကျော် “တောသားကြီး” သီချင်း၊ ကိုသူရကတော့ သိကြတဲ့အတိုင်း အောက်ပြည် အောက်ရွာကို ရှမ်းဘုန်းကြီး တစ်ပါး ကြွလာတဲ့အခါ ဆိုတဲ့ “လ” အက္ခရာတွေပါတဲ့ ဟာသ သီချင်းဆိုသဗျ။

ကျွန်တော်ဟာ ငယ်ငယ်ကတည်းက ဇာတ်ဆို လာသမျှ မလွတ်တမ်း ကြည့်ခဲ့သဗျ။ ဒါပေမယ့် ခု “မြပုဏ္ဏမာ”ကို အားပေးတဲ့ ဇာတ်ပရိသတ်ရဲ့ အားပေးပုံမျိုး တသက်မတွေ့ ဖူး .. ပါဘူးလို့ ပြောချင် သဗျ။ လက်ဝှေ့ ပွဲ၊ ဘောလုံးပွဲ ပရိတ်သတ်မျိုးနဲ့ ပိုတူ သဗျ။

အထူးသဖြင့် ဗိုလ်နေ၀င်းရဲ့ ပါတီ အရေးပေါ် ညီလာခံကို ကောင်းကောင်းကြီး သရော်ထားတဲ့ “သူတောင်းစား ညီလာခံ” ပြဇာတ်ပါ ပြက်လုံး တစ်လုံး ပြက်ချလိုက်ရင် အောက်ကပရိတ်သတ်က ဘောလုံးပွဲမှာ “ဂိုး” ၀င် သွားသလို အားရပါးရ အားပေးကြတာ ကြည့်ပြီး ကြက်သီးဖြန်းဖြန်း “ထ” မိရသဗျ။

ငွေစက္ကူတွေကို တရားမ၀င် ကြေညာထားလို့ လူထုက မကြေမနပ် ဖြစ်နေချိန် သူတောင်းစားတွေက ညီလာခံမှာ အကြွေရှားလာလို့ (၅) ပြား၊ (၁၀) ပြား သနားပါ အစား (၅) ကျပ် (၁၀) ပြောင်း တောင်းဘို့ ဆွေးနွေးကြတော့ ဥက္ကဌလုပ်တဲ့ “ဇာဂနာ” က …..

“ဆယ်တန်တော့လည်း ခပ်လှုပ်လှုပ်ပဲကွ”

လို့ .. ပြောတဲ့အခါ ပရိတ်သတ်က ၀ုန်းကနဲ အားပေးကြတာများဆို၊ လူရွှင်တော်တွေကိုယ်တိုင် ပရိတ်သတ် ငြိမ်အောင် ပြန်စောင့်ရတဲ့ အထိပါပဲ။

ကျွန်တော် သွားတဲ့အခါတိုင်း ပရိတ်သတ်က ရုံကွဲတဲ့အထိ အားပေးသဗျ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့် အတွက်တော့ ပွဲကြည့်နိုင်ဘို့ စင်ပေါ်မှာ တစ်နေရာရာတော့ စီစဉ် ပေးထားပါတယ်။ တစ်ခါတော့ “မြပုဏ္ဏမာ” ကို ပရိတ်သတ် ဘယ်လို အားပေးတယ် ဆိုတာ လိုက်ကြည့်စေချင်တယ် ဆိုပြီး ကိုချစ်စရာကို ခေါ်လာတော့ ပါလာ သဗျ။ ကိုသူရက “ဟာ … ဒို့ အကိုကြီး ပွဲလာကြည့်တယ်” ဆိုပြီး အားရ၀မ်းသာ နေရာလုပ်ပေးရှာ သဗျ။

အဲ နောက်ပိုင်းလည်း ရောက်တော့ စင်ပေါ်က ကြည့်ရတာ ရိုးတယ် အောက်ဆင်းပြီး ပရိတ်သတ်နဲ့ ကြည့်ရတာ ပိုကောင်းတယ်ဆိုပြီး ဆင်းကြည့်ရာ က (“ဖွန်” ကလည်း နည်းနည်း ကြောင်ချင် လာတာ။ (၁၉) နှစ်သားကိုး) မှေး ကနဲဖြစ်သွားပြီး တော်တော် အေးလို့ပြန် နိုးလာတဲ့အခါ အပေါ်က အနွေးထည်ရော၊ အောက်က ရှပ်အင်္ကျီရော၊ လည်ပတ် မာဖလာလေးပါ ဘယ်သူ ချွတ်ယူသွားမှန်း မသိဘဲ၊ စွတ်ကျယ် လက်ပြတ်လေးနဲ့ ပုဆိုးလေးပဲ ကျန်သဗျ။ ပုဆိုးကိုတော့ ခြုံကွေး နေတာမို့ ချွတ်ရ ခက်လို့ ချန်ခဲ့ဟန်တူပါရဲ့။ ဒီဇင်ဘာလကြီး အေးက အေး။ လူ ထောင်နဲ့၊ သောင်းနဲ့ ချီ ပွဲကြည့်နေတဲ့ လူအုပ်ထဲ ခံရတာမို့ ရှက်တာနဲ့ စင်ပေါ် ပြန်တက်ပြီး သူတို့လည်း မပြောတော့ဘဲနဲ့၊ ကိုချစ်စရာကို အသာလက်တို့ပြီး ချမ်းချမ်းစီးစီးကြီး လိုင်းကားစီး ဇွတ်ပြန်ဘို့ ပြောရတာပေါ့။

ကိုချစ်စရာက မောင်သူရတို့နဲ့ ပြန်ရအောင် လုပ်နေပါသေးတယ်။ မှတ်မှတ်ရရ မြောက်ဥက္ကလာကနေ လှည်းတန်းကို ပြန်ရတာ ခင်ဗျ။ ကျောင်းထဲက အဆောင်မှာ နေ နေ တာကိုး။ လမ်းမှာ ကားတွယ်စီးနေတုန်း သတိရလို့ အချိန်ကြည့်လိုက်တော့ လက်မှာ ပတ်ထားတဲ့ (အဆောင် ဖဲဝိုင်း အဆက်ဆက်၊ သက်ဆိုးရှည်ခဲတဲ့) ကျူအင်(န်)ကျူ (Q&Q) နာရီကိုပါ ဖြုတ်သွားတာကို သိလိုက်တော့ ယောင်ပြီး ဟိုင်းလတ်လိုင်းကား လက်တန်းကို မလွတ်မိအောင် မနည်း သတိထား လိုက်ရကြောင်းပါ ခင်ဗျား။

ကျွန်တော့်အတွက်တော့ တစ်သက် မမေ့နိုင်သော “မြပုဏ္ဏမာ” .. ည .. ပါခင်ဗျား။

ဆက်ပါဦးမယ်။

ပန်းချီ ထိန်လင်း

No comments:

Post a Comment