မောင်မောင်ဝမ်း
နိုဝင်ဘာ ၁၂၊ ၂၀၁၀
ကျနော့်ခေါင်းတွေ တော်တော်ကြီးသွားတယ်။ ဘာလုပ်ရမှန်း မသိတော့ဘူး။ ဒါနဲ့ အိမ်ထဲကို ပြေးဝင်သွားတော့ အန်တီက ဒေါ်မြင့်မြင့်ကြွေနဲ့ စကားပြောနေတယ်။ ကျနော် ထပ်ပြောရကောင်း၊ မပြောရကောင်း စဉ်းစားနေရင်းက ဘကြီးမိုး (စာရေးဆရာ မောင်မိုးသူ) က ဘေးနားရောက်လာတယ်။ အကြောင်းစုံကို ဘကြီးမိုးကို ပြောပြလိုက်တယ်။ ပြောလို့မှ မဆုံးခင် ကျောင်းသားအုပ်ကြီးက ဒေါ်မြင့်မြင့်ကြွေ အိမ်ရှေ့ကို ရောက်လာကြပြီး ဒေါသသံတွေ အော်ဟစ်သံတွေနဲ့ လုံးထွေးနေတဲ့အသံတွေက မိုးမွှန်လို့ ထွက်လာလိုက်တာ --- ---။
“ဒေါ်မြင့်မြင့်ကြွေ၊ ခင်ဗျား လူပါးမဝနဲ့ - ခင်ဗျားဟာ အခွင့်ရေးသမား - အန်တီကို လမ်းကနေ ဖြတ်လုထားတယ်။ ကျုပ်တို့ လုံးဝ မကျေနပ်ဘူး”
ဝုန်း --- ဝုန်း --- ဝုန်း ဆို အိမ်ရှေ့ဝင်းထရံကြီးကို ရိုက်ချိုးကြတော့တယ်။ ကျနော်တို့ ကျောင်းသားအဖွဲ့နဲ့ သုံးရောင်ခြယ်အဖွဲ့က (ကျနော်မှတ်မိသလောက်) ကိုဝင်းသိန်း (ယခု နော်ဝေ)၊ ကိုမိုးကျော်သူ (ယခု ဆန်ဖရန်စစ္စကို - အမေရိကား)၊ ကိုကျော်သူရကိုကို၊ နောက် အန်တီစု ကားမောင်းလိုက်လာတဲ့ ကိုမျိုးသိန်း ပါမလား မသိဘူး၊ ကိုပါကြီး။ (နှစ် ၂၀ ကျော်တောင်ရှိပြီဆိုတော့ လူတွေ ဝေဝေဝါးဝါးဖြစ်နေလို့ - ခွင့်လွှတ်ပါ။) ကျနော်တို့အားလုံး ဝိုင်းဖျန်ဖြေကြတယ်။ ဒေါ်မြင့်မြင့်ကြွေက အိမ်ထဲက မထွက်ရဲ ထွက်ရဲနဲ့ ပြူတစ်ပြူတစ်လုပ်ရင်းက လှမ်းအော်တယ်။
“ငါ့အိမ်ကို ဖျက်စီးတာ တရားစွဲမယ် - တရားစွဲမယ်”
“တရားစွဲရုံမကလို့ သေနတ်နဲ့ပစ်သတ်လည်း ဂရုမစိုက်ဘူး။ အန်တီကို ကျနော်တို့ဆီ ခုလွှတ်ပေး”
“အိမ်ထဲ ဝင်ရဲဝင်လာခဲ့ - မင်းတို့ အားလုံးကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲမယ်”
“ကောင်မ .. လူပါးမဝနဲ့ - ပါးတက်ကိုရိုက်ဦးမယ်” ဆိုတဲ့ မိန်းကလေးငယ်တွေရဲ့အသံကလည်း စူးစူးရှရှ။ ကျနော်က ဒေါ်မြင့်မြင့်ကြွေဆီ ပြေးသွားရင်း ...
“အန်တီ ပြန်ပြောမနေပါနဲ့။ အန်တီက လူကြီးပဲ။ နားလည်ပေးလိုက်ပါ။ အန်တီ ဆက်ပြောမယ် ဆိုရင် ပြဿနာတွေ ဒီထက် ပိုဆိုးလာလိမ့်မယ်။ ပြီးတော့ ကျနော်တို့ဒေသတခုလုံး သိက္ခာလည်း အဖတ်ဆည်မရအောင် ကျတော့မယ် ”
ဒေါ်မြင့်မြင့်ကြွေ ဘာမှပြန်မပြောနိုင်တော့ဘူး။ တခါ ကျနော် ကျောင်းသားအုပ်စုတွေဆီ ပြန်ပြေးပြီး ညှိနှိုင်းရတော့တယ် --- ---။
“ကျနော် စကားနည်းနည်းလောက်ပြောချင်ပါတယ် - ပြောခွင့်ပြုပါ” ဆိုတော့ အားလုံး ခေတ္တငြိမ် သွားကြတယ်။
“ခင်ဗျားတို့ ဘာဖြစ်ချင်သလဲ။ ဖြစ်ချင်တဲ့ဆန္ဒတွေ ကျနော့်ကိုပြောပြပါ။ ကျနော် ညှိနှိုင်းလို့ရမယ် ဆိုရင် ညှိနှိုင်းပေးချင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အုံကြွနေမယ်ဆိုရင် ကိုယ့်ဒေသကိုယ် အိုးမဲသုတ်သလို ဖြစ်ပါလိမ့်မယ်။ အန်တီစုက ဒီနေရာကို ခဏပဲလာနိုင်တာပါ။ ရောက်တဲ့အခိုက်လေး စိတ်ချမ်းသာပါစေ …။ ခင်ဗျားတို့ ဘာဖြစ်ချင်သလဲ။ ပြောပါ”
“အန်တီ့ကိုကြိုဆိုဖို့ ကျနော်တို့ အကြီးအကျယ် လုပ်ထားပါတယ် … …။ လူထုကြီးကလည်း အန်တီ လာမှာကို ခုထိစောင့်နေကြတုန်းပါ …။ အန်တီစု အမြန်လာပါ …။ လူထုကြီး ကြိုနေပါတယ်”
“ဟုတ်ပါတယ် … … ဟုတ်ပါတယ် … … အန်တီလာခဲ့ပါ” ဆိုတဲ့အသံကြီးက တပြိုင်နက်ထဲ ထွက်လာတယ်။
“ဟုတ်ပြီ … … ဒါဆို ကျနော် အန်တီစုကို အကြောင်းကြားပေးပါ့မယ်”
(အကြောင်းကြားပေးပါ့မယ်ဆိုတာ တာဝန်အရသာ ပြောရတာပါ။ အသံတွေ ဒီလောက်ညံပြီး ရုတ်ရုတ်သဲသဲဖြစ်နေတာ အန်တီက သိနေပြီးသား)
“ဟေး … … … ဟေး”။ အသံတွေက ဆူညံဆဲ။
ကျနော် အန်တီ့ဆီကို ခပ်သုတ်သုတ် ပြေးဝင်သွားတော့ --- --- --- --
“သား … … အန်တီ အခုပဲလာမယ်လို့ ကျောင်းသား လူငယ်တွေကို ပြောလိုက်ပါ”
အန်တီက ကျနော်ဘာမှ မပြောရသေးခင် ဆိုင်းမဆင့် ဗုံမဆင့်ပြောချလိုက်တယ်။ ကျနော်လည်း ဘာမှ စောဒကတက်မနေနိုင်အားတော့ဘူး။ အပြေးဆင်းသွားရင်း ... ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း ..။ အားရပါးရကြီး အသံကုန် အော်ပြောပစ်လိုက်တယ်။
“အန်တီစုက ကျနော့်ကိုပြောပါတယ် … အခုချက်ခြင်းပဲ သူ လာမယ်တဲ့”
“ဟေး … ဟေး … ဒေါ်အောင်ဆန်းစုကြည် --- ကျန်းမာပါစေ။ ဒေါ်အောင်ဆန်းစုကြည် ---သက်တော်ရာကျော် ရှည်ပါစေ”
“ဖြောင်း -- ဖြောင်း -- ဖြောင်း -- ဖြောင်း” နဲ့ လက်ခုပ်သံတွေ ဆူညံသွားတော့တာပါပဲ။ အန်တီနဲ့ ဒေါ်မြင့်မြင့်ကြွေတို့နှစ်ဦး စကားတွေပြောနေတာကို အဝေးက လှမ်းမြင်နေရတယ်။ ပြီးတာနဲ့ အန်တီက ကားပေါ် ချက်ခြင်းတက် ... မြို့ထဲဘက်ကို ဦးတည်မောင်းနှင်လာခဲ့ပါတယ်။ ကျနော်ပါလာတဲ့ကားက အန်တီကားတန်းရဲ့ ရှေ့ဆုံးမှာ မောင်းလာတယ်၊ တနေရာလည်းရောက်ရော စောစောက ကျောင်းသား အုပ်ကြီးကိုတွေ့လိုက်တော့ ကျနော့်ကားကို အရှိန်လေးလျှော့ပြီး လက်မထောင်ပြလိုက်တယ် ---။
“အန်တီ လိုက်လာပြီ” ကျောင်းသားအုပ်ကြီး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး …
“အန်တီစု လာပြီ … … … အန်တီစု လာပြီ”
“အန်တီစု --- ကျန်းမာပါစေ --- အန်တီစု --- ကျန်းမာပါစေ”
အသံတွေ ထပ်တခါ ဆူညံသွားပြန်တယ်။ ငြိမ်သက်နေတဲ့မြို့လယ်လည်း လှုပ်ခတ်သွားပုံရတယ်။ အန်တီစုကားကိုကြည့်လိုက်တော့ အန်တီက လူအုပ်ကြီးကို အပြုံးနဲ့ အားပါးတရ လက်ဝှေ့ယမ်း နှုတ်ဆက် နေလေရဲ့။ ကျန်းမာပါစေဆိုတဲ့ အသံတွေက ထပ်ခါထပ်ခါ။ အဲဒီကျမှ ကျနော်လည်း သဘောပေါက်တော့ တယ်။ လူထုကြီးကြိုဆိုနေပုံများ ကြက်ပျံလို့တောင်မကျ ... ဆိုတဲ့ အမွှန်းတင်ချက်နဲ့ အမွှန်းတင်မိမယ် ဆိုရင်တောင် မလွန်လောက်ပါဘူး၊ တကယ့်လူထုနဲ့က ခုမှတွေ့တာကိုး။
စောစောက ဒေါ်မြင့်မြင့်ကြွေအိမ်မှာက ဧည့်သည်တယောက်ရောက်လာလို့ ကြိုတဲ့အနေထား လောက်ပဲရှိတယ်။ အန်တီလာတဲ့ ခရီးစဉ်တိုင်း လူထုကြီးက လှိုင်းလုံးကြီးပမာ ကြိုနေတဲ့အချိန်မှာ ချောက်မြို့ရောက်တော့ ဘယ်လိုများဖြစ်သွားတာပါလိမ့် ... ဆို စိတ်ထဲကတောင် ထင်နေမိသေးတယ်။ မြို့လယ်မှာ အန်တီစုက လူထုကို မိန့်ခွန်းတွေ ပြောတယ်။ အဲဒီအချိန်မှာ အလင်းရောင်က တော်တော် ပျောက်နေပြီ။ တချိန်က မီးမငြိမ်းမြို့လို့ တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ မြေလတ်ဒေသရဲ့ ချောက်မြို့လယ်က အလင်းရောင် ခပ်မှိန်မှိန်အောက်မှာ မမောမပမ်း လူထုကြီးဆီကို အရောက်လာခဲ့တဲ့ အန်တီ့ကို ကျေးဇူတင်လို့ မဆုံးပါဘူး။
ပြီးတော့ မြို့လယ်တနေရာက တိုက်အိမ်ခြံဝင်းကြီးအတွင်းမှာ ဧည့်ခံပွဲလုပ်ခဲ့တယ်။ တကယ့်ကို ကြီးမားခမ်းနားထည်ဝါစွာ ပြင်ဆင်ထားတဲ့ အခမ်းအနားတခုပါ။ အန်တီနဲ့ မြို့နယ် NLD အလုပ်အမှုဆောင်တွေ၊ မြို့မိမြို့ဖတွေ မိန့်ခွန်းတွေပြော၊ ညစာကို အဲဒီနေရာမှာပဲ စားခဲ့ကြတယ်။ အန်တီလည်း ချောက်မှာ ညအိပ်မယ်လေ။ ထမင်းလည်းစားပြီးရော မသိင်္ဂီက ကျနော့်ကိုခေါ်ပြောတယ်။
အန်တီ ဒီနေရာမှာ ညမအိပ်ဘူး ... တဲ့။ ကြားအိမ်တအိမ် စီစဉ်ပေးပါ .. တဲ့။
ကျနော် အားချင်းစီစဉ်ရတော့တယ်။ အဆင်သင့်စွာပဲ ရေနံချောင်း NLD အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသောင်းရီ ဆိုတာက အရင် ချောက်မြို့သား၊ သူပါလာတော့ သူ့မိဘအိမ်ကို ချက်ခြင်းစီစဉ်ပေး လိုက်တယ်။ အဲဒီအိမ်ကိုမသွားခင် အန်တီက ချောက်ကကျောင်းသားလူငယ်တွေနဲ့ စကားတွေဖောင်ဖွဲ့။ ဆုံးမစကားတွေ ပြောကြား။ အန်တီနဲ့ပါလာတဲ့ သုံးရောင်ခြယ်အဖွဲ့နဲ့ ကျန်တဲ့သူတွေက အဲဒီတိုက်မှာပဲ ညအိပ်ကြတယ်။ အန်တီက တခြားတနေရာ ရွှေ့လာခဲ့တယ်။ အများစုရဲ့ဆန္ဒကိုလိုက်နာ အနည်းစုရဲ့ ဆန္ဒကို လေးစားဆိုတာ ဒါမျိုးများလား။ အန်တီ ညအိပ်မယ့်အိမ်ရောက်သည်အထိ ချောက်မြို့ ကျောင်းသားတွေက ပါလာတယ်။ တခါ အန်တီက စကားတွေ ဆက်ပြောဖြစ်ပြန်ရော။ အန်တီပြောသွားတဲ့အထဲမှာ မမေ့နိုင်တဲ့ စကားလေး။
“ကောင်းတာကိုလည်း အသိမှတ်ပြုရဲရမယ်၊ ဆိုးတာကိုလည်း ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောရဲရမယ်။ အဲဒါ သတ္တိပဲ .. တဲ့”
ဒီစကားရပ်ကိုကြည့်မယ်ဆို သိပ်ဆန်းပြားတာ မပါ ပါဘူး။ ဒါပေမယ့် လက်တွေ့မှာတော့ ကျင့်ကြံဖို့ တော်တော်ခက်တဲ့ကိစ္စပါ။ ကျနော် အမှန်ဝန်ခံရရင် ဒီစကားရပ်ကို အသက် ၄၀ ကျော်နေတာတောင်မှ ကျင့်ကြံဖို့ ခက်နေဆဲပါ။ လူ့ရဲ့သဘာဝကိုက ဆိုးတာဆိုရင်တောင် ထုတ်ဖော်ပြောဆိုဖို့ မခက်တတ်ပေမယ့် ကောင်းတာကို အသိမှတ်ပြု၊ ချီးကျူးပြောဆိုဖို့ကိုတော့ အတော်ဝန်လေးတတ်ကြပါတယ်။
ကျင့်ကြံအားထုတ်ဖို့ ဆုံးဖြတ်လုပ်ဆောင်တဲ့အချိန်များမှာတောင်မှ တခါတရံ ကောင်းတာလုပ်တဲ့ သူများဆိုရင် အသိမှတ်ပြုထုတ်ဖော်ဖို့ ဝန်လေးတတ်တဲ့စိတ်က မေ့လျှော့ပြီး ပိတ်ဆို့ထားဆဲပါ။ သတိပြန်လည်လာပြီဆိုမှ တော်တော်ရှက်မိပါတယ်။ အဲဒါဘာလို့လည်းဆိုတော့ သတ္တိမရှိလို့ဆိုတာ သေချာပါတယ်။
ဒီလိုနဲ့စကားတွေပြောနေရင်းက မသိင်္ဂီက ကျနော့်ကို ဒီအိမ်ရဲ့ဖုန်းနံပါတ်လာတောင်းလို့ (ရန်ကုန်နဲ့ အဆက်သွယ်လုပ်မယ် ထင်ပါရဲ့) ကျနော် တောင်းပေးလိုက်တယ်။ မသိင်္ဂီလည်း အဆက်သွယ်ရသွားပုံ ပေါ်တယ်။ ခဏကြာတော့ မသိင်္ဂီက အန်တီနဲ့ ကျောင်းသားတွေ စကားပြောနေတဲ့နေရာရောက်လာပြီး ကြားဖြတ် မေတ္တာရပ်ခံရင်း အန်တီ့ကို ပြောလိုက်တယ်။
ဆရာမိုက်ကယ်ဆီက ဖုန်းလာလို့ … တဲ့။ (အဲဒီအချိန်က အန်တီခင်ပွန်း မိုက်ကယ်အဲရစ် မြန်မာပြည်မှာ ရောက်နေလို့လား။ အင်္ဂလန်ကပဲ ဆက်တာလားဆိုတာတော့ ကျနော်လည်း မသိဘူး)
အန်တီက ပြန်ပြောလိုက်တယ်။
“လူထုနဲ့စကားပြောနေလို့ မအားဘူးလို့ ပြောလိုက်ပါ” … တဲ့။
ကျနော့်စိတ်ထဲ ဘယ်လိုခံစားသွားမိမှန်း မသိဘူး။ အဲဒီအကြောင်းကို ဘကြီးမိုး (စာရေးဆရာ မောင်မိုးသူ) က နောင်ဆို ပြောလို့ကိုမဆုံးတော့ဘူး။ တော်တော်မိုးချုပ်မှ အန်တီ အိပ်ရာဝင်သွားတယ်။ အဲဒီညကတော့ ကျနော်တို့ တညလုံးလောက်ကို မအိပ်ဖြစ်ကြပါဘူး။ ဘကြီးမိုး၊ ဒေါက်တာစိန်ဝင်း (ဝန်ကြီးချုပ် - အဝေးရောက် ညွန့်ပေါင်းအစိုးရ) စတဲ့သူတွေနဲ့ စကားတွေဖောင်ဖွဲ့လိုက်ကြတာ။
နှလုံးသားပုံရိပ် ဒိုင်ယာရီ (၂)
ကျနော် ၁၉၉၀ ကနေ နိုင်ငံရေးမှုနဲ့ ထောင်ကျလိုက်တာ ၁၉၉၄ နှစ်ကုန်ပိုင်းလောက်မှ ပြန်လွတ်လာတယ် (ဒါ ပထမအကြိမ်ပါ)။ အန်တီလည်း နေအိမ်အကျယ်ချုပ်ဘဝနဲ့နေလာလိုက်တာ ၁၉၉၅ ထဲမှာ တခါ ပထမအကြိမ် နေအိမ်အကျယ်ချုပ်ဘဝက ပြန်လွတ်လာတယ်။ အန်တီ မလွတ်ခင်မှာ ကျနော် ရန်ကုန်ကိုဆင်းလာပြီး ကျောင်းသားလှုပ်ရှားမှုတွေ ပြန်လုပ်ဖြစ်တယ်။
အဲဒီအချိန်ကာလများက နိုင်ငံရေးလှုပ်ရှားတဲ့ ကျောင်းသားတော်တော်များများ ထောင်ထဲ တောထဲ ရောက်သူရောက်၊ နိုင်ငံခြား ရောက်သူရောက်၊ တချို့လည်း ငြိမ်သွားပြီး စီးပွားရေးထဲ နစ်သူနစ်နဲ့ နည်းနည်း ရှားသွားတဲ့ကာလလို့ ပြောလို့များရနိုင်မလား မသိဘူး။ ကျောင်းသား သမဂ္ဂလှုပ်ရှားမှုတွေ လုပ်ဖို့ တော်တော်ကြိုးစားခဲ့ရတယ်။ ဒီလိုနဲ့ ကျနော်တို့ယုံကြည်ချက်တူရာ ကျောင်းသားများ စုရုံးမိကြပြီး ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းခဲ့ကြတယ်။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)ကို ရွေးချယ်ပြီး ခေါင်းစဉ်တပ်လိုက်တယ်။ အဲဒီထဲမှာပါလာတဲ့ ကျောင်းသားတော်တော်များများက နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ စိမ်းနေသေးတယ်လို့ ပြောလို့ရတဲ့ လက်ရှိကျောင်းတက်နေကြတဲ့ကျောင်းသားတွေပါ။ တကသ ကို ဗဟို အလုပ်အမှုဆောင်အဖွဲ့နဲ့ ဦးဆောင်ခဲ့ပေမယ့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးဆိုတဲ့နေရာတွေနဲ့ မလုပ်ခဲ့ဘူး။ စုပေါင်း ဦးဆောင်မှုနဲ့ပဲ လှုပ်ရှားခဲ့ကြတယ်။
အဲဒီကာလက ကျနော်တို့ကိုင်စွဲခဲ့တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေထဲမှာ အဓိက အကျဆုံး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အရေးတကြီးလုပ်ဆောင်ဖို့ လေးလေးနက်နက် မူချမှတ်ခဲ့တယ်။ ဒီကိစ္စကို တကသ အနေနဲ့ အင်တိုက်အားတိုက်လုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ သိပ်မကြာခင်မှာပဲ အင်မတန်မှ ဝမ်းသာစရာကောင်းတဲ့သတင်းက ထွက်ပေါ်လာတယ်။ အဲဒါက အန်တီစု နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီဆိုတဲ့ သတင်းပါ။ ကျနော်တို့ အရမ်းကိုဝမ်းသာကြတယ်။ တဆက်ထဲပါလာတဲ့သတင်း က (အမျိုးသားပြန်လည်ရင်ကြားစေ့ရေး)ကို လုပ်ဆောင်သွားမယ်လို့ဆိုတဲ့ အန်တီရဲ့အမှာစကားက ကျနော်တို့ရင်ထဲကို ပစ်ဝင်လာစေခဲ့တယ်။ ကျနော်တို့လုပ်ချင်တဲ့၊ ကျနော်တို့ဖြစ်ချင်တဲ့ဆန္ဒတွေက အန်တီနဲ့တော့ တသားတည်း ကျနေပြီ။ အန်တီနဲ့ အရမ်းတွေ့ချင်နေကြပြီ။ ဒါပေမယ့် အန်တီခမျာ လွတ်လာခါစဆိုတော့ ဘယ်လိုမှ အားလပ်ချိန်မရှိနိုင်လောက်အောင်ကို အလုပ်တွေ ဆက်တိုက်လုပ်နေရတော့ ကျနော်တို့ ချက်ခြင်းမတွေ့ဖြစ်ခဲ့ဘူး။
ဒီလိုနဲ့ နောက်နှစ်ပတ်လောက်ကြာမှ အန်တီနဲ့ တွေ့ဆုံဖြစ်ခဲ့တယ်။ အဲဒီနေ့က ကျောင်းသား ၂၀ လောက် ပါမယ်ထင်တယ်။ အန်တီက ကျနော်တို့ကို တွေ့တွေ့ခြင်း အပြုံးတွေ၊ နှစ်လိုဖွယ်ရာစကားတွေနဲ့ ကြိုဆိုလိုက်တော့ ကျနော်တို့ကြည်နူးလိုက်ကြတာ။ ကျနော်- ဦးဝင်းထိန် (ဗိုလ်ကြီးဟောင်း ဝင်းထိန်) NLD - ဦးတင်ဦးနဲ့ နောက် (အန်တီရဲ့ အနီးကပ်တာဝန်ယူဆောင်ရွက်ပေးနေသူ) နဲ့ ပြန်ဆုံရတယ်။ ဦးဝင်းထိန်နဲ့ ကျနော်နဲ့က အင်းစိန်ထောင် ကြိုးတိုက်ထဲမှာ ခဏအတူတူနေခဲ့ရသေးတယ်။ နောက် ကွဲသွားလိုက်တာ ကျနော်က သရက်ထောင်ရောက်သွားပြီး ပြန်လွတ်၊ အခုမှ ပြန်တွေ့ကြတယ်။ အဲဒီနေ့က ကျောင်းသား တွေနဲ့ အန်တီ အကြိုနှုတ်ဆက်တဲ့ သဘောလေးလောက်ပါပဲ။ ဒါပေမယ့် ကျနော်တို့က အန်တီ ပြောကြားခဲ့တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပဲခေါ်ခေါ် ... အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ပဲ သုံးသုံး ... အဲဒါကို အကြွင်းမဲ့ထောက်ခံကြောင်းပြောတော့ အန်တီက ယနေ့အချိန်မှာ အန်တီတို့နိုင်ငံမှာ တကယ်လိုအပ်နေတာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပဲ ... တဲ့၊ အန်တီက ကျနော်ကိုလှည့်ပြီး ---
“သားလည်း …. ဘဝတက္ကသိုလ်က ပညာတွေသင်လာပြီးခါမှ တော်တော်ရင့်ကျက်လာတယ်နော်”
“ဟုတ်မလားတော့ မသိဘူး အန်တီရဲ့ …၊ ဒါပေမယ့် ဘဝတက္ကသိုလ်က ဆရာတွေက အရိုက်တော့ကြမ်းတယ်” ဆိုတော့ အန်တီ အပါအဝင် အားလုံး ရယ်လိုက်ကြတာ။ ကျနော်က တဆက်ထဲ အင်းစိန်ထောင်တွင်းတုန်းက အရိုက်ခံရတဲ့အကြောင်းကို ပြောပြတယ်။ ထောင်ထဲကိုရောက်တော့ ဘဝမှာ တခါမှလည်း ထောင်ဆိုတာ မရောက်ခဲ့ဘူး၊ ဒါ ပထမဆုံး အတွေ့အကြုံ၊ အဲဒီအချိန်က ကျနော့်အသက်မှ ၂၀ ကျော်ပဲ ရှိသေးတယ်။ ပြောရရင် တိုက်ပိတ်ထားခံရတဲ့အချိန်တွေမှာပေါ့။ အင်းစိန်ထောင်ကိုရောက်လို့ ၃ ရက်မြောက်နေ့မှာ ကျနော်က ဆေးလိပ် အရမ်းကြိုက်တယ်။ ပြဿနာက နေ့ခင်း တန်းပိတ်ပြီဆို ဆေးလိပ်သောက်ချင်ရင် မီးခြစ်မရှိဘူး။ (အကျဉ်းသားတွေကို မီးခြစ်ကိုင်ဆောင်ခွင့် ပေးမထားဘူး။) နေ့ခင်းအိပ်ချိန်ပေးလို့ အခန်းတွေပိတ်ထားပြီဆို တော်ရုံ ဝါဒါဝန်ထမ်းတွေကလည်း လုံးဝ နီးပါးလောက် ရောက်မလာတတ်ဘူး။ ဒီတော့ ဆေးလိပ်အရမ်းငတ်တယ်။ ဒါနဲ့ ကျနော်က ဘာလုပ်သလဲဆိုတော့ ကျနော့်ကိုခြုံဖို့ပေးထားတဲ့ စောင်အနားက စုတ်နေတဲ့အပိုင်းကို ထပ်ဖြဲတဲ့ပြီး ကြိုးလေး ကျစ်လိုက်တယ်၊ ပြီးတော့ တန်းမပိတ်ခင်ရောက်လာတဲ့ ဝန်ထမ်းဆီက မီးခြစ်တောင်းပြီး ဆေးလိပ်မီး ညှိ။ အဲဒီ ဆေးလိပ်မီး ကနေမှတဆင့် ကျစ်ထားတဲ့ကြိုးစလေးနဲ့ မီးထပ်ညှိ၊ ပြီးတော့ အခန်းထောင့်နားလေးမှာ ဆွဲထားလိုက် တယ်။ အိပ်ရာတရေးနိုးရင် သောက်မယ်ပေါ့၊ မှေးခနဲ အိပ်ပျော်မယ်ကြံရုံရှိသေးတယ်။ ဝုန်းဒိုင်းကျဲတဲ့ အသံတွေ၊ မအေ နှမ ကိုင်တုတ်တဲ့အသံတွေနဲ့ ဆူညံလာတဲ့ ထောင်ဝန်ထမ်းတွေ အသံကြားလိုက်ရပြီး၊ ရောက်တဲ့နေ့တိုင်းမှာ ဒီအသံတွေကလည်း အချိန်နဲ့အမျှဆိုသလို ကြားနေရတော့ သိပ်ထူးဆန်းတယ် မအောက်မေ့တော့ပါဘူး၊ စောင်ခြုံကွေးနေတဲ့နေရာကတောင် ခေါင်းထောင်မကြည့်ဖြစ်ခဲ့ဘူး။ ကျနော့် အခန်းရှေ့နားလောက်ရောက်တော့ --- ---
“ဆရာ … ဒီအခန်းက မီးခိုးစလေးတွေ ထွက်နေတယ်”
“ဒါဆို ဖွင့်ကြည့် --- ဟိတ်ကောင် ... ... ထစမ်း”
ကျနော် သိလိုက်ပြီ၊ ကျနော် ညှိထားတဲ့ကြိုးစက မီးခိုးကလည်း ကျနော့်မျက်လုံးနဲ့တော့ မီးခိုးစ ထွက်တယ်ကို မထင်မိပါဘူး။ နောက်အားနည်းချက်တခုက ကျနော်က အနံ့သိပ်မရဘူး။ (မွေးရာပါ အားနည်းချက်ပေါ့။) အဲဒီတော့ ညှော်နံ့ဆိုတာကို သတိမထားမိခဲ့ဘူး။ အခန်းသော့ကိုဖွင့်ပြီး အခန်း စစ်လိုက်တော့ မီးညှိထားတဲ့ကြိုးစ တွေ့သွားပါလေရော။
“ထောင်ထဲမှာ --- ဒီလိုမလုပ်ရဘူးဆိုတာ --- မသိဘူးလား”
“မသိဘူး”
ကျနော်လည်း စိတ်ဦးတည်ရာ ဖြေချလိုက်တယ်။
“မသိရင် --- သိအောင်ပြောပြမယ် --- ဒီကောင့်ကို ထုတ်ခဲ့”
ကျနော့်ကို ချက်ချင်း ခေါင်းစွပ်အပြာကြီး စွပ်လိုက်တယ်။ နောက် ဘယ်ကိုခေါ်ထုတ်သွားမှန်းမသိ ဘူး၊ ရုံးခန်းလိုနေရာရောက်ခါမှ တခါရှေ့ဘက်ကို လက်ထိပ်ထပ်ခတ်တယ်။ ပြီးလည်းပြီးရော ကျနော့်ကို ဇွတ်အတင်းလှဲချပြီး --- “ ထောင်ထဲမှာ --- မီး မသုံးရဘူးကွ မှတ်ထား” ဆို ရာဘာတုတ်တွေနဲ့ ခေါင်းက လွဲလို့ ကျောပြင်နဲ့ပေါင်ရောက်တဲ့အထိ တန်းစီရိုက်လိုက်တာ သတိလစ်သွားမတတ် ခံစားလိုက်ရတယ်။
မှောက်လှဲထားတော့ လက်နှစ်ဖက်ကိုခပ်ထားတဲ့ လက်ထိပ်က ရင်ဘတ်ကြားမှာ နာတာကလည်း မပြောပါနဲ့တော့၊ ပြန်မဖြေလို့ ဆက်ခါဆက်ခါရိုက်တဲ့ အချက်ပေါင်းကလည်း မနည်းဘူး။ ပြန်ဖြေဖို့ နေနေသာသာ နာကျင်မှုကိုခံစားရလို့ သတိက လွတ်လွတ်သွားတာနဲ့ ဘာမှန်းကိုမသိတော့ဘူး။ အာရုံထဲမှာ အမှောင်ကျသွားလိုက်။ ပြန်သိလိုက်နဲ့။ နောက်ကျမှ ကျနော် ပြန်သိလိုက်ရတာ ကျနော့်ကို ထုတ်ရိုက်တာ အင်းစိန်ထောင်လောကမှာ နံမည်ကြီး ထောင်မှူး ဘိုကြည်။ အမှန်က ကျနော့်ကို ဦးချိုးလိုက်တာပါ။ အဲဒီ့အကြောင်း ကျနော်ကပြောပြတော့ စောစောက ရယ်ကြတဲ့သူတွေ ငြိမ်နေတာပဲ။ အန်တီရဲ့မျက်နှာက ချက်ခြင်း အိုကျသွားတယ် ---။
“သားအတွက် … အန်တီ စိတ်မကောင်းဘူး … အရွယ်နဲ့မလိုက်အောင်ကို နှိပ်စက်ခံခဲ့ရတာပဲနော်” ဆို အန်တီက ဦးဝင်းထိန်ဘက်လှည့်ပြောတော့ …
ဦးဝင်းထိန်က “တိုင်းပြည်အတွက် ပေးဆပ်တယ်လို့ပဲ သဘောထားလိုက်ပါ --- သေသွားတဲ့သူ တွေထက်စာရင် အသက်ရှင်နေတာကိုယ်က ကံကောင်းနေသေးတယ်၊ နိုင်ငံရေးဆက်လုပ်လို့ ရသေးတယ် လို့ မှတ်လိုက်ပေါ့ကွာ” တဲ့။
တကယ်ဆို ဦးဝင်းထိန်လည်း ထောင်ထဲမှာ တော်တော်ခံခဲ့ရတဲ့သူပါ။
ကျနော်က “ကျနော်တို့က အခုချိန်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးစားချင်နေတဲ့သူတွေ ဆိုတော့ --- ဒီလို ခံစားမှုတွေကို ခဝါချနိုင်ပါတယ်”
“ဒါကိုပြောတာပေါ့။ ကလေးတွေက လူကြီးစကားပြောပြီး --- လူကြီးတွေက ကလေးစကားတွေ ပြောနေတော့ ခက်တော့လည်း ခက်သား” လို့ အန်တီကပြောလိုက်တော့ ကျနော်တို့အားလုံး ပြုံးလိုက်ကြပါတယ်။ နောက်တော့ ကျနော်တို့ ကျောင်းသားတွေနဲ့ အန်တီ ၈. ၈. ၉၅ နေ့ဟာ ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့ဖြစ်တဲ့အတွက် အမှတ်တရ အထိမ်းအမှတ်အဖြစ် တွေ့ဆုံပေးဖို့ကိုတောင်းဆိုတော့ ချက်ခြင်းပဲ ခွင့်ပြုခဲ့ပါတယ်။ အပြန်လမ်းခရီးမှာတော့ အန်တီက ပညာရှင်တဦးရဲ့အဆိုကို ကိုးကား ပြောသွားတဲ့ ... ... ...
တဲလေးတွေရဲ့ကြားမှာ ပျဉ်ထောင်အိမ်နဲ့နေရတာ ရှက်စရာပါ။ ပျဉ်ထောင်အိမ်တွေရဲ့ကြားမှာ တိုက်နဲ့နေရတာ ရှက်စရာပါ ... ... တဲ့။ အဲဒီစကားရပ်က ကျနော်တို့အတွက် စဉ်းစားစရာပါ။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment