12 November 2010

Maung Maung One Article for Daw Su - 3

ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ (အပိုင်း - ၃)
မောင်မောင်ဝမ်း
နိုဝင်ဘာ ၁၃၊ ၂၀၁၀

၁၉၉၅ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ (ရှစ်လေးလုံး လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့) အန်တီစုရဲ့ နေအိမ်မှာ ကျနော်တို့ (တကသ) ကျောင်းသားတွေနဲ့ အန်တီတွေ့ဆုံပြီး ရှစ်လေးလုံး အထိမ်းအမှတ် စကားဝိုင်းလေး ကျင်းပကြတယ်။ ကျောင်းသားတွေက စုစုပေါင်း ၃၀ လောက် ရှိမယ်။ ဒီထဲမှာ ထူးထူးခြားခြား ကနေဒါနိုင်ငံသား ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တယောက်လည်းပါသဗျ။ သူကတော့ ကျနော်တို့ပြောဆိုနေတဲ့အချိန်မှာ ဘေးနားမှာထိုင်ပြီး နားမလည်သည့်တိုင်အောင် စိတ်ရှည်စွာ ထိုင်ပေးတယ်။ အဲဒီနေ့က တကသ ရဲ့ ဗမာလို။ အင်္ဂလိပ်လို ကြေငြာချက်ကို ဖတ်ပြတယ်။ အင်္ဂလိပ်လို ကြေငြာချက်ကို ဦးဝင်းထိန်က ဖတ်ပြတယ်။ အဓိက အချက်ကို ထုတ်ပြပါဆိုရင်တော့ -

“အမျိုးသားပြန်လည်သင့်မြတ်ရေးမှသည် တွေ့ဆုံဆွေးနွေးရေးဆီသို့” ဆိုတဲ့ ဦးတည်ချက်ပါပဲ။

အဲဒီနေ့ကစလို့ ကျနော်တို့ကျောင်းသားများအနေနဲ့ အန်တီစု အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်များနဲ့လက်တွဲပြီး ဒီ ဦးတည်ချက်ကို အကောင်ထည်ဖော်ဆောင်ရွက်ဖို့ သံဓိဌာန် ချမှတ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးချက် အခွေကို အသံဖမ်းထားပြီး တိတ်ခွေကူးဖြန့်ခဲ့တာ တော်တော် ပြန့်သွားပါတယ်။ ထွက်လာတဲ့ခွေကလည်း ရုတ်တရက်ကြည့်ရင် ကာဗာပုံတွေ ဘာတွေနဲ့ တော်တော် သားသားနားနားပါ။ အန်တီစုနဲ့ ကျနော်တို့ကျောင်းသားတွေ စုရိုက်ထားတဲ့ပုံကို ကာဗာလုပ်ထားတာ။ အမှန်က အဲဒီကာဗာက ဓာတ်ပုံကို တိတ်ခွေနဲ့ အံကိုက်လုပ်ပြီး ခေါက်ထဲ့ထားတာပါ။ အန်တီတောင်မှ အဲဒါကိုတွေ့သွားပြီး တော်တော်အံအားသင့်သွားတယ်။ ဒီအခွေက တော်တော်ပြန့်သွားတာကို အန်တီလည်း သိတယ်။ ဒါနဲ့ အန်တီက ကျနော့်ကို ပြောတယ်၊ “နောက်ထပ်တခါ ထပ်လုပ်မယ်..” တဲ့။ “သားမေးချင်တဲ့ မေးခွန်းတွေကို အန်တီကို ကြိုပေးထား။ သေသေချာချာ ထပ်လုပ်ရအောင် ...” တဲ့။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အန်တီကလည်း ကြားထဲမှာ မအား၊ ကျနော်လည်း သိပ်မကြာခင်ပဲ အဖမ်းခံရပြီး ဒုတိယအကြိမ် ထောင်ထဲဝင်သွားရလို့ပါ။

ပြောမယ်ဆို အဲဒီတိတ်ခွေကို နေ့ညမအား ကူညီဆောင်ရွက်ပေးရှာတဲ့ (ရုရှားပြန် - ကိုစောနု)။ သူက လှည်းတန်းမှာ အဆိုသင်တန်းဖွင့်ထားတာ၊ နာမည်ကြီးပါတယ်။ နာမည်ကျော် ပန်းချီ ပညာရှင် ချောအိသိမ်းက ဆက်သွယ်ပေးရင်းက သိရတာ။ သူ့ကို အရမ်းကျေးဇူးတင်ပါတယ်။ သူက ဘယ်လောက် စိတ်အားထက်သန်သလဲဆိုရင် သူ့ သင်တန်းပေးရေး အလုပ်ကိုတောင်ပစ်ပြီး ကျနော်တို့ကို ကူညီခဲ့တာ ဘယ်တော့မှ မမေ့ပါဘူး။ နောက်တယောက်က လက်ရှိအခြေအနေထိ ဗမာပြည်မှာ နာမည်ကြီးနေတဲ့ စတီရီယို အဆိုတော်တဦး (နာမည်ကိုတော့ လုံခြုံရေးအရ မပြောတော့ပါဘူး။) သူဆို သူ့ပိုက်ဆံနဲ့သူ စိုက်ထုတ် ကူးဖြန့် - အဲသလို လုပ်ခဲ့တာပါ။ သူ ဖြန့်ခဲ့တာ အခွေပေါင်းကို မနည်းပါဘူး၊ ပြောရရင်တော့ အသေးအဖွဲကစကူညီခဲ့တဲ့ ပြည်သူတွေ အများကြီးပါ။ နောက် အရေးကြီးတဲ့သူတယောက်က နာမည်ကြီး ဟစ်ဟော့ အဆိုတော် ဘာဘူနဲ့ နာမည်ကြီး မော်ဒယ်၊ သရုပ်ဆောင် သန္တာလှိုင်တို့ရဲ့အဖေ ဒေါက်တာလှိုင်မြင့်ပါ။ ပြောရရင်တော့ သူနဲ့ကျနော် နောက်ပိုင်းလည်းကျတော့ အမှုတွဲတွေဖြစ်ခဲ့ပြီး ထောင်ကျခဲ့ပါတယ်။

အန်တီက လွတ်လာခါစဆိုတော့ အလုပ်လုပ်ဆောင်ဖို့ လိုအပ်ချက်တွေ အများကြီးရှိလာပါတယ်။ အရေးတကြီး လိုအပ်နေတာ ကွန်ပြူတာပါ၊ အဲဒီသတင်းကို NLD လူငယ်တယောက်ဆီက ကြားကြားခြင်း ကျနော် ဆရာ ဦးလှိုင်မြင့်ကို ပြောပြခဲ့ပါတယ်။ ဆရာကလည်း မဆိုင်းမတွဘဲ သူ လှူမယ်ဆိုဆုံးဖြတ်ပြီး ရက်ပိုင်းအနည်းငယ်အတွင်းမှာပဲ ကွန်ပြူတာတွေဝယ်၊ လိုအပ်တဲ့ကွန်ပြူတာ အသုံးအဆောင်ပစ္စည်းတွေ ကို သိန်းတော်တော်အကုန်ခံပြီး တောင်ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခင် (ယခု - ထောင်ထဲ) က တဆင့် အန်တီစုကို လှူခဲ့ပါတယ်။ ကျောင်းသားလူငယ်တွေကိုလည်း တော်တော်ကူခဲ့တာပါ။ နောက် ကာလ သိပ်မကြာခင်မှာပဲ အဲသလိုလုပ်ရပ်များအတွက် အထွေထွေငြိုးချက်များနဲ့ နအဖဟာ အပြစ်ရှာ ထောင်ချပစ်လိုက်ပါတယ်။ အမှုထဲမှာ အန်တီဟောပြောချက် ဗွီဒီယိုခွေတွေကို ဖြန့်ချိလို့ (တရားမဝင် ဗွီဒီယိုခွေတွေ ဖြန့်ခြင်းပုဒ်မနဲ့) ထောင်ချတာလည်း ပါပါတယ်။ အန်တီစုကို ဝန်းရံခဲ့တဲ့သူတွေအတွက် ဒီလိုလည်း နှိပ်ကွပ်ခံခဲ့ရပါတယ်။ သဘောကတော့ မဝန်းရံရဲအောင်ပေါ့။ ပြောမယ်ဆို ဆရာဦးဝင်းတင် ပြောသလို “အစာလည်းမကြေ - ကမ္ဘာလည်းမကြေ” ပါပဲ။

အဲဒီကာလများက အန်တီ့အိမ်ရှေ့မှာကျင်းပတဲ့ အပတ်စဉ်ဟောပြောပွဲတွေကလည်း အတော့်ကို အောင်မြင်နေတဲ့ကာလပါ။ ကျနော်တို့ဆို တပတ် တပတ် စနေ တနင်္ဂနွေရောက်ဖို့ကိုပဲ မျှော်နေရတာ။ အဲဒီနေ့ဆို အန်တီအိမ်ရှေ့ (အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း)က လမ်းမပေါ်မှာ လူတွေပြည့်ကြပ်နေပြီ၊ တချို့ဆို နေ့လည် ၁ နာရီ ၂ နာရီလောက်ကထဲက ကြိုရောက်နေတာ။ အန်တီ့ကို မြင်ဖူးချင်လို့ဆိုတဲ့ သူများက သူထက်ငါ ရှေ့ဆုံးမှာ နေရာဦးကြတော့တာပဲ။ သူတို့ ဦးထားတဲ့နေရာ ယောင်လို့ ကိုယ် ရောက်မသွားနဲ့။ ရန်ထောင်လွှတ်တာ။

“အောင်မလေး တော် … ငါ စုစုကို တွေ့ချင်လွန်းလို့ လှိုင်သာယာကနေ ၁၂ နာရီလောက်ကထဲက ဘတ်စ်ကားကြပ်ကြပ် တိုးစီးလာပြီး ဒီမှာစောင့်နေရတာ … ဒီအချိန်ကျမှ ငါ့နေရာ လာမလုပါနဲ့ … ဖယ် … ဖယ်” ဆို မောင်းထုတ်တော့တာပဲ။ ဟောပြောပွဲက ၄ နာရီလောက်မှ စတာပါ။ သူတို့က အစောကြီး ကြိုလာကြတာ။

အတွေ့အကြုံလေးတခု သတိရနေသေးတယ်၊ အဖွားအိုတယောက်ရှိတယ်။ သူက အပတ်စဉ် အန်တီ့ဟောပြောပွဲကို အမြဲ မလွတ်တမ်းလာတယ်။ ရှေ့ဆုံးမှာ အမြဲနေရာယူပြီး အန်တီ ပြောသမျှတွေကို မျက်တောင်မခပ်၊ နားရွက်မလှုပ် နားထောင်တာ။ အန်တီက ဟောပြောပွဲစခါနီးပြီဆို အရင်ဆုံး “ ဟို အမေ ရောက်ပလား” ဆို မိုက်ကရိုဖုန်းကိုင်ပြီး စမေးတယ်။ မျက်လုံးကလည်း ဟိုရှာဒီရှာ လိုက်ရှာပေါ့၊ အဲဒါဆို အဲဒီအဖွားအိုက လက်ထောင်ပြတယ်။ (ကျောင်းသားများလိုပဲ --- ရောက်ပါပြီပေါ့။) အဲဒီအခါကျခါမှ အန်တီက ဟောပြောပွဲ စတယ်။

တနေ့ --- ကျနော်က အန်တီ့ဟောပြောပွဲအပြီး အဖွားအိုကို လဘက်ရည်ဆိုင်ခေါ်သွားပြီး မုန့်ဝယ်ကျွေးရင်း အင်တာဗျူးလုပ်မိတယ်။ အဖွားကပြောပြတာက “သူ တဲ့ … ဒီဟောပြောပွဲကို မလာရရင် ... နေကိုမနေနိုင်တာ” တဲ့ … သူ့သမီးတွေက “အမေ - အဖမ်းခံရလိမ့်မယ်” လို့ပြောတာတောင် တားမရဘူး။ အသက်က ၇၀ ကျော်ပြီ။ ဒါနဲ့ ကျနော်က -

“အဖွား - ပြီးခဲ့တဲ့အပတ်က အန်တီပြောသွားတဲ့ထဲမှာ အဖွားကြိုက်တာလေးရှိရင် ပြောပြစမ်းပါ” လို့ မေးတော့ -

“ငါ့ အဲဒါတွေ မမေးနဲ့။ ငါလည်း မသိဘူး။ ငါ အိမ်ပြန်ရောက်ပြီဆို အိမ်နားနီးချင်းတွေကလည်း မေးတာပဲ …။ စုစု ဘာတွေပြောသလဲ …။ ဘာလဲပေါ့ဟယ် … … ငါဘာမှ မပြောတတ်ဘူး။ … မှတ်လည်း မမှတ်မိဘူး”

“ဒါဆို ဟောပြောပွဲမှာ အဖွားက ဘာတွေ လာနားထောင်တာလဲ”

“ ငါ့ဖာသာ ငါ - ဘာနားထောင်ထောင်ပေါ့ဟဲ့ … ..၊ ဒါ ဒီမိုကရေစီပဲ” မဲ့ရွဲ့သွားပြီး -

“နင်တို့က စုံထောက်တွေလား”

“ဟာ … မဟုတ်ပါဘူး အဖွားရ …. သားတို့က ကျောင်းသားတွေပါ”

“အေး…. ဒါဆိုလည်းပြီးရော”

အဲဒီအဖွားအိုကို ကျနော့်စိတ်ထဲ ကြိတ်ပြီး တော်တော်ကြည်ညိုသွားမိတယ်။

“ငါက အရပ်ထဲက ကောင်စီတွေလည်း အပြတ်ပြောထားတာ (အမှန်ကတော့ ရ-ဝ-တ ကို ပြောတာပါ။) ဖမ်းချင်ဖမ်း - ကျုပ်ကတော့ သွားမယ် …။ စုစုမျက်နှာလေး တပတ်တခါ မမြင်ရရင် မနေနိုင်ပေါင်”

သာမန်ပြည်သူတယောက်ရဲ့ရင်ထဲက ရိုးသားစွာထွက်လာတဲ့အသံတွေပါ။ နောက် သူက ၉၀ ပြည့်နှစ်ရွေးကောက်ပွဲကာလက သူရဲ့နိုင်ငံရေးလှုပ်ရှားမှုအကြောင်း။ (စိတ်ဝင်စားဖို့ ကောင်းပါတယ်။) သူ့သမီးက အကြော်ရောင်းတယ်။ သူ့ဆိုင်က လမ်းဘေးမှာတဲလေးထိုးပြီး ရောင်းရတဲ့ဆိုင်ပါ။ မိသားစု ပြေလည်ရုံပဲ ဝင်ပါတယ်။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပခါနီးတော့ သူက မဲဆွယ်စည်းရုံးရေး လုပ်တယ်။ အကြော်ရောင်းနေတဲ့ သူ့သမီးကို ပြောလိုက်တယ်။ “ငါ့ကို ရွေးကောက်ပွဲ မပြီးမချင်း မုန့်ဖိုးပိုက်ဆံ မပေးနဲ့တော့။ အဲဒီအစား ငါ့ကို အကြော်ပဲပေး” ဆိုပြီး၊ အဲဒီအချိန်က သူက ဘယ်လို မဲဆွယ်သလဲဆိုတော့ သူ့သမီးဆိုင် အကြော်လာဝယ်သူတိုင်းကို “စုစု ပါတီကို မဲပေးရင် အကြော်တခု အပိုပေးမယ် ...” ဆိုပြီး အဲသလို မဲဆွယ်ခဲ့တာ။ (ဘယ်သူကမှ ခန့်ထားခြင်းမရှိတဲ့ NLD ရဲ့ စည်းရုံးရေးမှူး ကောင်းတယောက် ဖြစ်ခဲ့ပါတယ်။)

(ကျနော့်ကို ဒီတခုတော့ ခွင့်လွှတ်ကြပါ - အဲဒီအဖွားအိုနာမည် လုံးဝကို ဖော်လို့မရလို့ပါ။)

အဲဒီအချိန်က အန်တီ့ခြံရှေ့ဟောပြောပွဲတွေမှာ အမြဲရောက်နေတယ့်သူတွေ မှတ်မိကြမှာပါ။ ဒီအဖွားလိုပြည်သူတွေ မြန်မာနိုင်ငံမှာ အများကြီးရှိပါတယ်။ သူတို့နိုင်ငံရေးကို နားမလည်ဘူး၊ သမိုင်းတင်ဖို့ ကို စိတ်မဝင်စားဘူး၊ စစ်အာဏာရှင်ကို မကျေနပ်ချက် - ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်စိတ်၊ လေးစားရိုသေစိတ်တွေနဲ့ ဒီမိုကရေစီနိုင်ငံတော် ဖော်ဆောင်ရေးကို တတပ်တအား ပါဝင်ကြတယ်။ သူတို့ ခံယူချက် - ရပ်တည်ချက်က ပြတ်သားတယ်၊ နှစ်ဖက်မခွဘူး၊ အကျိုးစီးပွား မမျှော်လင့်ဘူး၊ စကားကြီးကြီး ကျယ်ကျယ်တွေနဲ့ ဆရာကြီးမလုပ်ဘူး။ ရိုးသားစွာ နိုင်ငံရေးကို ယုံကြည်ကြတယ်။ သိပ်ချစ်စရာကောင်းတဲ့ ပြည်သူတွေပါ။


နောက်တခုက ကမ္ဘာမှာ ဘယ်သူမှမကြားဖူးတဲ့ ဖြစ်ရပ်တခုကလည်း ရှိသေးတယ်ဗျ။ ကိုယ် ချစ်ခင်လေးစား ရိုသေတဲ့သူကို “ကျန်းမာပါစေ” ဆို ဆုတောင်းမိလို့ ထောင်နှစ်ရှည်လများ အချခံရတာ ကြားဖူးကြလား မသိဘူး၊ မြန်မာပြည်မှာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ အန်တီ့အိမ်ရှေ့ဟောပြောပွဲမှာ အန်တီ့ကို “ဒေါ်အောင်ဆန်းစုကြည် --- ကျန်းမာပါစေ” ဆိုပြီး ရှေ့ကတိုင်ပေးတဲ့သူတွေကို ထောင် ၇ နှစ်စီ တန်းစီပြီး ချပစ်လိုက်တယ်။ စီမံချက်နဲ့ကို ချတာ။ အဲဒီအမှုတွဲတွေကို ထောင်ထဲမှာ ကျနော်တို့ နာမည် ပေးထားတာ “ကျန်းမာပါစေ - အမှုတွဲများ” ဆိုပြီး။ ကျနော်မှတ်မိသလောက် ဒလက ကိုဘော့လုံး ခေါ် ကိုမြဟန်၊ ကိုသန့်ဇင် (ယခု အမေရိကား၊ တက္ကဆပ်ပြည်နယ်)၊ ဦးသောင်းအေး (ဖျာပုံ) စုစုပေါင်း ၃၀ လောက်ရှိမလား မသိဘူး။ ကျနော် အဲဒီအကြောင်းကို တခြားသူတွေကို ပြောပြတော့ မယုံကြဘူး၊ နိုင်ငံခြားသားတွေကို ပြောပြရင်တောင်မှ သူတို့က စစ်အစိုးရကိုမုန်းလို့ လုပ်ကြံပြောတယ်ပဲ ထင်ကြတာ။

ဒေါ်အောင်ဆန်းစုကြည် --- ကို “ကျန်းမာပါစေ” လို့ တိုင်မိရုံလေးနဲ့ ထောင်ချတယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ … ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ တခြားကိစ္စဆိုရင်တော့ ဟုတ်ချင်ဟုတ်မှာပေါ့ …” စသည် စသည်ဖြင့် တော်တော်များများက မယုံခဲ့ကြဘူး။ အမှန်ကတော့ တကယ်ကိုဖြစ်ပျက်ခဲ့တဲ့ကိစ္စဆိုတာ ကာယကံရှင်များနဲ့ နိုင်ငံရေး အသိုင်းဝိုင်းတခုလုံး သိကြပါတယ်။ စစ်အစိုးရဟာ အဲသလောက် ရက်စက်ခဲ့ပါတယ်။ ကျနော် ဇာတ်နာအောင်ပြောပြနေတာ မဟုတ်ပါဘူး။ သူတို့ခမျာ မိသားစုဘဝတွေ ပျက်၊ အိမ်ထောင်တွေကွဲနဲ့ ဘဝကိုခါးသီးစွာ ရင်ဆိုင်ခဲ့ရရှာတယ်။

ဖျာပုံက ဦးသောင်းအေးဆိုတဲ့ ပုဂ္ဂိုလ်ဆိုရင် စိတ်ဝေဒနာရှင် သူ့သားလေးကို ဆေးကုဖို့ ရန်ကုန် စိတ်ရောဂါကုဆေးရုံကို လာပို့တာ၊ အချိန်ရသခိုက် အန်တီစုဟောပြောပွဲကို လာနားထောင်ရင်း “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” လို့ အော်ဟစ်ဆုတောင်းပေးရုံလေးနဲ့ ထောင် ၇ နှစ်အချခံလိုက် ရတယ်။ ကျန်ခဲ့တဲ့ သူ့သား စိတ်ဝေဒနာရှင် ဘာတွေဆက်ဖြစ်သွားသလဲဆိုတာ ကျနော်လည်း မသိတော့ဘူး။

ကိုဘော့လုံး ခေါ် ကိုမြဟန်ဆိုသူနဲ့က ကျနော်နဲ့ အင်းစိန်တွဲဘက်ထောင် တိုက်ခန်းထဲမှာ အတူနေခဲ့ဖူးတယ်။ သူ စိတ်အားထက်သန်မှုကလည်း အထက်မှာ ကျနော်ဖော်ပြခဲ့တဲ့ အဖွားအိုလိုပဲ၊ အန်တီစု ဟောပြောပွဲပြီးလို့ “ဘာတွေပြောခဲ့သလဲ” မေး။ လုံးလုံး မသိတော့ဘူး၊ သူက အန်တီ့ဟောပြောပွဲအပြီး “ဒေါ်အောင်ဆန်းစုကြည် --- ကျန်းမာပါစေ” ဆို ရှေ့ကတိုင်ပေးရတာကို စွဲလန်းနေတာ။ (ခေတ်စကားနဲ့ပြောရရင် ငြိနေတာ။) သူ့ကိုဖမ်းတော့ အရက်နည်းနည်းလည်း မူးနေတယ်။ သူ့အိမ်ပြန်ရောက်သည်အထိ ထောက်လှမ်းရေးက နောက်ယောင်ခံလိုက်လာပြီး ည တော်တော်လေး မိုးချုပ်မှဝင်ဖမ်းတယ်။ ဖမ်းပြီးတော့ ထောက်လှမ်းရေးက မေးတယ်။

“မင်း … ကျန်းမာပါစေ ကို ဘယ်လိုတိုင်လဲ … လုပ်စမ်းပါဦး … သရုပ်ပြလေး” ဆိုတော့

သူက ရှေ့ကတိုင်ပြတယ်။ “ဒေါ်အောင်ဆန်းစုကြည် --- ---” နောက်က ဘယ်သူ့ဆီကမှ အသံ ပါမလာဘူး။ (ထောက်လှမ်ရေးတွေပဲ။ ဘယ်လိုလုပ် နောက်ကလိုက်ဆုတောင်းပေးလိမ့်မလဲ။) နောက်တခါ၊ နှစ်ခါ --- --- “ဒေါ်အောင်ဆန်းစုကြည် --- ---” လို့ ၂ ခါ ဆက်အော်လည်း နောက်က ဘယ်သူမှလိုက်မဆိုတော့ - အဲဒီတော့ သူက စိတ်မရှည်တော့ဘူးထင်ပါရဲ့။

“ဟာ … ဆရာတို့ကလည်း၊ ကျနော်ကရှေ့ကနေ ဒေါ်အောင်ဆန်းစုကြည်ဆို တိုင်လိုက်ရင် … “ကျန်းမာပါစေ” ဆိုတာလေး လိုက်ထောက်ပေးဦးလေ …။ ဒါမှ ပီပြင်မှာပေါ့” ဆိုပြီး ခပ်ထွေထွေလေး ပြန်ပြောလိုက်တာနဲ့ ထောက်လှမ်းရေးတွေက “အေး … ထောက်ပေးမှာပေါ့ လုပ်ပါဦး နောက်တခေါက် ဆိုတော့ သူက - သူ လုပ်ပြတာ သဘောကျတယ်ထင်ပြီး နောက်တခေါက် ထပ်အော်အပြီးမှာတော့ --- ထောက်လှမ်းရေး လက်သီးတွေ၊ တံတောင်တွေ --- ဒူးတွေ ဝင်လာတော့တာပဲ။ ကိုဘော့လုံးရဲ့အဖြစ်က အဲဒီလိုပါဆိုပြီး ထောင်ထဲရောက်တော့ သူက ကျနော်တို့ကို ရှင်းပြခဲ့တာ။

ထူးခြားချက်တခုကလည်း အန်တီ့အိမ်ရှေ့ ဟောပြောပွဲမှာ အတိုက်အခံ နိုင်ငံရေးအင်အားစု တော်တော်များများကို ပြန်ဆုံတွေ့ရခြင်းပါပဲ။ ထောင်ထဲ တောထဲနဲ့ ကွယ်လွန်သွားတဲ့သူတွေ နိုင်ငံရပ်ခြား ရောက်နေတဲ့သူတွေကလွဲရင် တော်တော်များများလောက် ဆုံဖြစ်ကြပါတယ်။ ကျနော်တို့ တကသ ကျောင်းသားတွေဟာ ကိုမိုးကြိုး (ယခု - ထိုင်းနိုင်ငံ မဲဆောက်မြို့က အလုပ်သမားရေးတွေလုပ်နေတဲ့ JACDB အဖွဲ့ရဲ့တာဝန်ခံ) နဲ့ ကိုထက်ရာဇာ (ယခင် DVB မဲဆောက်သတင်းထောက်ဟောင်း) တို့ ခေါင်းဆောင်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားလူငယ်များ အစည်းအရုံး (ဗကလစ) နဲ့ ချိတ်ဆက် လက်တွဲနိုင်ခဲ့တယ်။

လူငယ် ကျောင်းသားတွေ။ တက်ကြွလှုပ်ရှားသူတွေကို စည်းရုံးလှုံ့ဆော်ပြီး နိုင်ငံရေး လှုပ်ရှားမှုတွေ တွန်းတွန်းတိုက်တိုက် လုပ်ခဲ့တယ်။ အဲဒီအချိန်က နိုင်ငံရေးလောကနဲ့ စိမ်းစိမ်းအနေထားကနေ တကသ - ကို ဝင်ရောက်လှုပ်ရှားခဲ့တဲ့ ကျောင်းသားအချို့ ယနေ့ထက်တိုင် ပြည်တွင်းမှာ အမာခံလှုပ်ရှားဆဲပါ။ ကျနော်တို့ အဓိကထားလုပ်ဆောင်ခဲ့တာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ် ---။ အန်တီနဲ့ တွေ့ခဲ့တဲ့အချိန်က အဲဒီသဘောတရားကို ကျနော်က ရှင်းရှင်းလင်းလင်း မေးခဲ့တယ်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဘာလဲ၊ ဘာလို့ မဖြစ်မနေ လိုအပ်တာလဲ”

အဲဒီမေးခွန်းရဲ့အဖြေကို အန်တီက ဒီလိုပြောခဲ့ပါတယ်၊ “လွတ်လပ်ရေးမရခင်ရော - ရပြီးရော အချိန်ကစလို့ တမျိုးသားလုံးရဲ့ညီညွတ်ရေး (တနည်းအားဖြင့်) သင့်မြတ်ရေးဟာ ယနေ့ထိတိုင်အောင် ဖြေရှင်းနိုင်ခြင်း မရှိပါဘူး … တဲ့၊ ဖေဖေ (ဗိုလ်ချုပ်အောင်ဆန်း) လက်ထက်တောင်မှ အစွမ်းကုန် ကြိုးစားခဲ့သော်လည်းပဲ (ဗိုလ်ချုပ် လုပ်ကြံခံ သေဆုံးသွားတော့ ပိုဆိုးသွားတော့တာပေါ့) နောက်လူတွေမှာ ပိုဆိုးလာတာ အခုထိပါပဲ။ ဒီလိုသင့်မြတ်ရေးမရှိဘဲ တိုင်းပြည်ကို ထူထောင်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ (ဝန်ခံချက် - အန်တီပြောသွားတာ ဒီသဘောတရားပါ - စကားလုံးအားဖြင့်တော့ တိကျချင်မှတိကျပါလိမ့် မယ်။) ဒီကိစ္စကို ခက်ခက်ခဲခဲ ကြိုးစားကြရမှာပါ။

“ဘယ်သူတွေနဲ့ ဘယ်လိုသင်မြတ်ရမှာလဲ”

ဒါရဲ့ အဖြေကတော့ -- ယနေ့တိုင်းပြည်မှာ လိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ - NLD အပါအဝင် အတိုက်အခံ အင်အားစုတွေရယ်။ လက်ရှိ နအဖ စစ်ခေါင်းဆောင်တွေရယ်။ တိုင်းရင်းသား လက်နက်ကိုင်နဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ညီညွတ်ရေး၊ သင့်မြတ်ရေးပါ။

ကျနော်တို့အဖို့ကတော့ ဒီလောက်ခက်ခဲပြီး နှစ်ပေါင်းများစွာ ဖြေရှင်းခဲ့တာတောင် မပြေလည်နိုင်ခဲ့ တဲ့ ပြန်လည်သင့်မြတ်ရေးဆိုတာကို ကြိုးစားဖို့ဆိုတာ အိပ်မက်တခုကို မက်နေရသလိုပါပဲ။ ဒါပေမယ့် ယုံကြည်ချက်တခုတော့ ရှိပါတယ်။ လက်တွေ့ဆိုတာ စိတ်ကူးအိပ်မက်တွေက လာကြတာပါ။ အန်တီစုလို လူထုခေါင်းဆောင်တယောက် မားမားမတ်မတ် ရပ်တည်ပေးထားတဲ့အတွက် အများကြီးတော့ အားရှိစေခဲ့ ပါတယ်။ နောက်တခုက ဒီကိစ္စကိုဆောင်ရွက်ရတာဟာ ကြိုးတန်းပေါ် လမ်းလျှောက်ရသလိုပါပဲ။ အချိန်မရွေး ပြုတ်ကျသွားနိုင်ပါတယ်။

သေချာတာတခုကတော့ နောက်ဆုံး ကျနော် ထောင်ထဲပြုတ်ကျသွားပါတယ်။ တချို့ ရိုးသားစွာ ဆောင်ရွက်ချက်တွေအပေါ် ကြီးမားစွာ အထင်မှားခြင်းဆိုတဲ့ အရာတွေနဲ့ ရင်ဆိုင်ခြင်းခံခဲ့ရပါတယ်။ အဲဒီအကြောင်း ဆက်လက်တင်ပြပေးပါဦးမယ်။ ဒါပေမယ်လို့ အန်တီစုရဲ့အမှာစကားက ကျနော်တို့ နှလုံးသားထဲ ပဲ့တင်သံ ထပ်ခါ ထပ်ခါ ရိုက်ခတ်စေခဲ့ပါတယ်။

အဲဒါက --- ---

“နိုင်ငံရေးကို နှလုံးသားနဲ့ မလုပ်ပါနဲ့။ ဦးနှောက်နဲ့ လုပ်ပါ …” တဲ့။

“နိုင်ငံရေးကို နှလုံးသားနဲ့ မလုပ်ပါနဲ့။ ဦးနှောက်နဲ့ လုပ်ပါ ...” တဲ့။

ဆက်လက်ဖော်ပြပါမယ်။

2 comments:

  1. ရင်းမြစ်=www.hittai.net လို့ ဖြည့်ပေးစေချင်ပါတယ်။

    ReplyDelete
  2. ဒါမျိုး စာတွေ များများဖတ်ခြင်တယ် ၊ မိုးမခက နေ အစအဆုံးလုပ်ပေးပါ့လား၊
    ကိုမောင်မောင်ဝမ်း တို့ဆိုတာ တကယ်ခေါင်းဆောင်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေပါ။

    ReplyDelete