29 October 2010

Yan Win (Taung Da Gar) – Bagan Cedi myar

ပုဂံမြို့ဟောင်းက ရှေးဟောင်းဘုရားစေတီများ (၃)
မြေပေါက်စေတီပုထိုးများ
ရန်ဝင်း (တောင်တံခါး)

အောက်တိုဘာ ၃၀၊ ၂၀၁၀

သက္ကတဘာသာ စဲတျ နဲ့ ပါဠိဘာသာ စေတိယ က စေတီ ဆိုတဲ့ ဝေါဟာရ ဖြစ်လာပါတယ်။ ဓာတ်တော် ကိန်းဝပ်ရာ မြင့်မြတ်တဲ့နေရာဖြစ်ပါတယ်။

စေတီတွေမှာ ဌာပနာထားတာတွေကိုမူတည်ပြီး ဓာတုစေတီ၊ ပရိဘောဂစေတီ၊ ဥဒိဿစေတီ နဲ့ ဓမ္မစေတီ လို့ အမှတ်အသားရှိပါတယ်။ ပရိနိဗ္ဗာန်ပြုပြီးတဲ့ ဗုဒ္ဓကိုရည်မှန်းပူဇော်ဖို့ ဓာတုစေတီတွေကို စပြီး တည်ကြတယ်။ စေတီတွေမှာ ဗုဒ္ဓရဲ့ သရီရ ဓာတ်တော်အမျိုးမျိုး၊ ဆံတော်၊ စွယ်တော်နဲ့ မြတ်နိုးရာရာ ရတနာတွေကိုပါ ဌာပနာလေ့ရှိတယ်။

ပုဂံခေတ်က စေတီတွေကို မြေပေါက်စေတီတွေအနေနဲ့သာမကပဲ ဂူဘုရားတွေအထက်မှာလည်း ကွမ်းထောင်ပုံစံအစား စေတီပုံကိုထည့်ပြီး တည်ဆောက်ခဲ့ကြတယ်။ ပုဂံမြို့ရှေးဟောင်းစေတီတွေက အချိုးအစားကျနပြေပြစ်ပါတယ်။ ဒါကြောင့်ပဲ ပုဂံမြို့ဟောင်းက ရှေးဟောင်းစေတီတွေကို နမူနာပုံစံယူပြီး နောက်ပိုင်း ခေတ်အဆက်ဆက်မှာ စေတီတွေကိုတည်ကြတယ်လို့ ခန့်မှန်းနိုင်ပါတယ်။

ပုဂံခေတ်နံရံဆေးရေးပန်းချီတွေကိုထောက်ထားပြီး ပုဂံခေတ် ခေါင်းလောင်းပုံ စေတီလုံးတွေရဲ့ အပေါ်ဆုံးမှာ ထီးဆိုတဲ့အစိတ်အပိုင်းမပါပဲ အထွတ်သာပါကြောင်း သိနိုင်ပါတယ်။ တခြား အစိတ်အပိုင်းတွေကတော့ ဒီကနေ့စေတီတွေရဲ့ အခြေခံအင်္ဂါရပ်တွေနဲ့ မကွာခြားလှပါ။ ပုဂံကစေတီတွေမှာ ဒကနေ့တွေ့မြင်နေကြရတဲ့ ထီးတွေက ၁၄ ရာစုနဲ့ နောက်ပိုင်းခေတ်တွေကျမှ ထပ်ပြီး ဖြည့်စွက်ထားတာတွေပါပဲ။

ပုဂံခေတ်ကစေတီတွေကို အမျိုးအစားထပ်ခွဲရရင် လုံးချောစေတီ၊ သီဟိုဠ်ပုံစေတီနဲ့ ခေါင်းလောင်းပုံ စေတီလုံးတွေ ဖြစ်ကြတယ်။

သမိုင်းတင် ပုဂံခေတ်ဦး ၁၁ ရာစု စောစောပိုင်းလောက်ကဖြစ်ဖြစ် အဲဒီခေတ်ထက်ပိုပြီးစောတဲ့ အချိန်ကဖြစ်ဖြစ် တည်ထားတယ်လို့ ခန့်မှန်းရတဲ့ စေတီတွေက ပုံစံရိုးရိုးစင်းစင်းနဲ့ လုံးချောတွေ ဖြစ်ကြတယ်။ သီရိခေတ္တရာ (ဂြီကွေတြ) က ဘောဘောကြီး၊ ဘုရားကြီး၊ ဘုရားမာ စေတီပုံစံမျိုးတွေနဲ့ ဆင်တူတယ်။ ဖြစ်နိုင်ခြေရှိတဲ့စေတီတွေကတော့ ငကျွဲနားတောင်းပုထိုး (၁၆ဝ၃/၉၁၁)၊ ဗူးဘုရား (၁၆၅၇/၉၆၁)နဲ့ ပေါက်ပင်ရာပုထိုး (၁၆၁၄/၉၉၂) တို့ ပါဝင်ပါတယ်။ သီရိပစ္စယာမြောက် ထူပါလေးဆူတန်း (၁ဝ၃၈/၄၂၈) က (၁ဝ၄၁/၄၃၁) အထိကိုလည်း အဲဒီစာရင်းထဲမှာထည့်နိုင်မယ်လို့ ထင်ရပါတယ်။

ငကျွဲနားတောင်းပုထိုး

ဗူးဘုရား

သီဟိုဠ်ကစေတီပုံစံကို နမူနာယူပြီးတည်ခဲ့တာဖြစ်လိမ့်မယ်လို့ ခန့်မှန်းယူဆထားတဲ့ စေတီပုံစံမှာ အောက်ပိုင်းက ခေါင်လောင်းပုံဖြစ်ဖြစ် သပိတ်မှောက်ပုံဖြစ်ဖြစ် ခံထားတယ်။ အဲဒီအထက်မှာ လေးထောင့်ပုံ ဓာတ်တော်တိုက် (ဓာတုဂဗ္ဘ၊ ဟာမိက)၊ လည်ပင်းသိမ်သိမ်တဆင့်၊ ဖောင်းရစ် စေတီအချွန်နဲ့ အထွတ် ပါလေ့ရှိတယ်။ အဲဒီပုံစံနဲ့တွေ့ရသမျှ စေတီတွေကို အခေါ်ရလွယ်ကူအောင် သီဟိုဠ်ပုံလို့ပဲ သုံးနှုန်းထားကြောင်း မှတ်သားရပါတယ်။ အဲဒီသီဟိုဠ်ပုံစေတီတွေမှာ ပုံစံနည်းနည်းချင်းစီ ကွဲပြားတာတွေကို တွေ့ရတယ်။

ခေါင်းလောင်းပုံ၊ သပိတ်မှောက်ပုံရဲ့ အောက်ဆုံးမှာ၊ အရိုင်းပုံအောက်ခံ ခံထားတဲ့ သီဟိုဠ်ပုံ စေတီတွေအနေနဲ့ ပေပင်ကျောင်းပုထိုး (၁၆၅၃/၉၅၇)၊ တာမဏိပုထိုးတွေကို တွေ့ရပြီး၊ လေးထောင့်ပုံ အောက်ခံ ခံထားတဲ့ သီဟိုဠ်ပုံတွေမှာ ဆပဒပုထိုး (၁၈၇/၁၄၅)၊ ငှက်ပစ်တောင်ပုထိုးငယ် (၁၆၄/၁၃၁-က) နဲ့ တောင်ဘီရွာ၊ အင်းဝကျောင်းဝင်းစေတီတွေကို တွေ့ရပါတယ်။

ပေပင်ကျောင်းပုထိုး

ဆပဒပုထိုး

ဖြတ်စရွှေဂူပုထိုး (၁၂၅ဝ/၅၈၅) နဲ့ စိမ်းညက်ညီမပုထိုး (၁ဝ၈၆-၄၅၈) တွေကတော့ ခြယ်လှယ်တာ များတယ်။ ဖောင်းရစ်တွေမှာ မျက်ရစ်ခပ်စိပ်စိပ်၊ ဓာတ်တော်တိုက် ဟာမိကကိုလည်း ခိုနန်းချိုးထောင့်တွေနဲ့ ဆောက်ထားလို့ ထူးခြားပါတယ်။

ဆင်ရုပ်ခံ သီဟိုဠ်ပုံစေတီတွေကတော့ စေတနာကြီး (စည်စနာ၊ စစ်စနာ၊ ရှစ်ရှနာ၊ ဂိဂ္နါ) (၉၈၇/၄၁၃) ပုထိုးနဲ့ ကဿပ ထူပါကြီး (၄၉၅/၂၈၇-က)တို့ဖြစ်ကြတယ်။ ပုဂံခေတ်က စည်စနာပုထိုး လို့ခေါ်ခဲ့ပုံရတဲ့ စေတနာကြီးပုထိုးက သီဟိုဠ်ပုံစေတီတွေထဲမှာ အကြီးဆုံးပါ။ မူလတုန်းက သိဝဟိန္ဒူ နတ်ကွန်းကို လွှမ်းခြုံပြီးတည်ခဲ့ပုံရတယ်လို့ မှန်းဆနိုင်ပါတယ်။ အုတ်တံတိုင်းကပဲ တဖက်စီမှာ ၃၈ဝ ပေ စီရှိတယ်။ ၁၆၂ ပေ စီရှိတဲ့ စေတီအောက်ခံပစ္စယံ မျက်နှာတဖက်စီမှာ ဆင်ရုပ်ရှေ့ပိုင်း စုစုပေါင်း ၃၉ခု စီရှိတယ်။ အသစ်ဖြည့်စွက်မပြုပြင်ခင်က သပိတ်မှောက်အထက်ပိုင်းမှာ လေးထောင့်ဓာတ်တော်တိုက် အထိပဲ ရှေးလက်ရာကျန်ခဲ့တယ်။

စေတနာကြီးပုထိုး ဓာတ်တော်တိုက်

မြင်းကပါပုထိုး (၁၃၂၈/၆၅၂) နဲ့ အနိရုဒ္ဓမင်းကြီးကောင်းမှု လောကနန္ဒာ (၁ဝ၂၃/၄၁၈-က) စေတီတွေကတော့ ခေါင်းလောင်းပုံစံတွေအထဲမှာ အစောဆုံးဖြစ်နိုင်ခြေရှိပါတယ်။

မြင်းကပါပုထိုး

လောကနန္ဒာ

အရိုင်းပုံအောက်ခံ စေတီလုံးတွေကို အတွေ့ရနည်းတယ်။ ပစ္စယံမပါသလောက်နဲ့ တည်ထားတဲ့ အိမ်ရာကျောင်း အနောက်ဘက်စေတီ (၂၁၁၆/၁၄၁၁) ပုံစံမျိုးပါ။ လေးထောင့်ပုံအောက်ခံ စေတီလုံးကိုတော့ အရွယ်အစားစားနဲ့ နေရာအနှံ့အပြားမှာ တွေ့ရပါတယ်။

ပုဂံခေတ်ရဲ့နောက်ပိုင်း ခေတ်အဆက်ဆက် နမူနာပုံစံယူပြီးတည်ကြတဲ့ ရှေးဦး စေတီလုံးပုံစံတွေထဲမှာ ပုဂံခေတ်ဦး ၁၁ ရာစု နှောင်းပိုင်းက အနိရုဒ္ဓမင်းကြီးကောင်းမှု ရွှေဆံတော်စေတီ (၁၅၃၆/၈၄၉)၊ ပုဂံခေတ်လည် ၁၂ ရာစုစောစောပိုင်းက ထိလိုင်မင်းကြီးကောင်းမှု ရွှေစည်းခုံစေတီ (၁/၁-က)၊ ၁၂ ရာစုနှောင်းပိုင်း နရပတိစည်သူ (ဒုတိယ စည်သူ) မင်းကြီးကောင်းမှု ဓမ္မရာဇကစေတီ (၉၃၇/၄၁၂-က) နဲ့ ပုဂံခေတ်နှောင်း ၁၃ ရာစုက တရုတ်ပြေးမင်းကောင်းမှု မင်္ဂလာစေတီ (၁၄၃၉/၇၅၂) တို့ကိုကြည့်ရင် အင်မတန် အချိုးအစားကျနလှကြောင်း တွေ့နိုင်ပါတယ်။

ရွှေဆံတော်စေတီ

အနိရုဒ္ဓမင်းကြီး စတည်ခဲ့ပြီး ထိလိုင်မင်းကြီး လက်စသတ်တည်ခဲ့တဲ့ ရွှေစည်းခုံစေတီပုံစံက နှောင်းခေတ်စေတီတွေရဲ့ စံနမူနာဖြစ်လာခဲ့ပုံရတယ်။ ပုဂံခေတ်နှောင်းပိုင်း စေတီကြီးနှစ်ဆူဖြစ်တဲ့ နရပတိစည်သူ (ဒုတိယ စည်သူ) မင်းကြီးရဲ့ ဓမ္မရာဇကစေတီ နဲ့ တရုတ်ပြေးမင်းရဲ့ မင်္ဂလာစေတီတွေက ရွှေစည်းခုံစေတီပုံစံနဲ့ ဆင်တူလှကြောင်းကို တွေ့နိုင်တယ်။

ရွှေစည်းခုံစေတီ

မင်္ဂလာစေတီ

ဓမ္မရာဇကစေတီ

ငါးမျက်နှာရှိတဲ့ ဓမ္မရာဇကစေတီ (၉၃၇/၄၁၂-က)က ရှေးဟောင်းပုဂံမှာတွေ့ရသမျှ ငါးမျက်နှာစေတီ/ဂူဘုရားအမျိုးအစား ၁၅ ဆူထဲမှာ အရွယ်အစား အကြီးဆုံးဖြစ်တဲ့အပြင်၊ မျက်နှာတခုစီမှာ အလတ်စားဂူဘုရားတဆူစီနဲ့ ဆက်စပ်တည်ဆောက်ထားလို့ ပုံစံထူးခြားပါတယ်။

တဆူအပေါ်မှာ တဆူထပ်ပြီးငုံလို့တည်ထားတဲ့ စေတီတွေတွေ့ရတယ်။ အပေါ်ကစေတီ ပြိုပျက်တဲ့အခါ အတွင်းကစေတီ ပေါ်ထွက်လာတာမျိုးကို ပေါ်တော်မူလို့ ခေါ်လေ့ရှိတယ်။ ပုဂံမှာ ပေါ်တော်မူ ၃၄ ဆူတွေ့ရှိပြီး အပြင်ထပ်တချို့ကို ရှင်းထားပါတယ်။ အပြင်ထပ်ကို အပြီးမရှင်းပဲ မြင်သာရုံ ပြထားတာတွေလည်း ရှိပါတယ်။ အသိများကြတာက နဂါးရုံပေါ်တော်မူ (၁၁၉၃/၅၃၁)၊ စကိုးဘဲပေါ်တော်မူ (၁၆၉ဝ/၉၉၂)၊ ၁၉၆၈-ပေါ်တော်မူ (၂၁၃၃/၁၄၂၇) နဲ့ နှစ်ထပ်မြိုစေတီ (၁ဝ၃၇/၄၂၆) တွေ ဖြစ်တယ်။

အတွင်းစေတီကို ပိုပြီးစောတဲ့အချိန်က တည်တာဖြစ်နိုင်သလိုပဲ တခေတ်ထည်း၊ တချိန်ထည်းမှာ တည်တာလည်း ဖြစ်နိုင်တယ်။ ထူးခြားတာက အတွင်းစေတီပျက်စီးလို့ ထပ်ပြီးငုံတာမျိုးမဟုတ်ပဲ အကောင်းပကတိရှိတဲ့ အတွင်းစေတီကို အပြင်စေတီနဲ့ထပ်ပြီးမံတဲ့ သာဓကတွေတွေ့ရတယ်။ အကောင်းပကတိရှိတဲ့ အတွင်းစေတီတွေကိုလေ့လာရလို့ အထူးသဖြင့် မူလ ပုဂံခေတ် စေတီတွေရဲ့ အပေါ်ဆုံးမှာ ဘာရှိခဲ့သလဲဆိုတာ သိနိုင်ပါတယ်။

နဂါးရုံပေါ်တော်မူ

ပုံစံထူးခြားလို့ သီးခြားဖော်ပြရမှာကတော့ သီရိပစ္စယာအရပ်က အရှေ့ဖက်လိပ် (၁ဝ၃ဝ/၄၂ဝ) နဲ့ အနောက်ဖက်လိပ် (၁ဝ၃၁/၄၂၁) နှစ်ဆူ ဖြစ်ပါတယ်။ ဖက်လိပ်လို့ နာမည်ရတာက မြင်ရတဲ့ ပုံစံတွေကြောင့် ဖြစ်ပါတယ်။ မူလတည်ထားတုန်းက အမိုးခုံးခပ်နိမ့်နိမ့်နဲ့ ပြန့်ကျယ်ကျယ်ရှိခဲ့တဲ့ပုံပါ။ အဲဒီ အမိုးခုံးတွေ ပြိုကျသွားပြီး အလည်ပိုင်း မဏ္ဍိုင်တွေပဲ ထိုးထိုးထောင်ထောင်ကျန်ရစ်တော့ ဖက်လိပ်နားတောင်းတွေနဲ့တူနေလို့ ရပ်ရွာကခေါ်ကြတဲ့အတိုင်းပဲ နာမည်တွင်နေပါတော့တယ်။ မူလတုန်းက အထက်ပိုင်းမှာ သီဟိုဠ်ပုံစေတီမျိုးဖြစ်ကြောင်းကို တွေ့နိုင်ပါတယ်။

အမိုးခုံးတွေပြိုကျသွားတဲ့နေရာမှာ ရှေးဟောင်းသုတေသနဌာနက ကွန်ကရစ်အမိုးသစ်နဲ့ နံရံတွေ ဆောက်ပြီး ထိန်းသိမ်းထားပါတယ်။ ဒီနေရာမှာတော့ မူလပုံစံ ဟုတ်မဟုတ်ဆိုတာထက် ဘာတွေကို ထိန်းသိမ်းရသလဲဆိုတာက ပိုပြီးအရေးကြီးပါတယ်။ မဏ္ဍိုင်တွေရဲ့ပတ်ပတ်လည်မှာ ကမ္ဗည်းစာကို ပါဠိဘာသာနဲ့ ထိုးထားပြီး နံပတ်စဉ်တွေနဲ့ ၅၅ဝ ဇာတ်ကွက်အပြည့်ပါတဲ့ မြေပုံ မီးဖုတ် အုတ်ချပ်တွေ ရှိပါတယ်။ အဲဒီမြေပုံတွေကို စဥ့်ရည်သုတ်မထားပါ။ ပုဂံဒေသတခုလုံးမှာ ဒီဖက်လိပ်နှစ်ဆူမှာပဲ တွေ့နိုင်ပါတယ်။ ပုဂံဒေသတဝိုက်မှာ အတွေ့ရများတဲ့ စဥ့်ရည်သုတ် မီးဖုတ် ၅၄၇ ဇာတ်ကွက် စဥ့်ကွင်းတွေနဲ့ ကွဲပြားတဲ့အချက်ဖြစ်ပါတယ်။

ရှေးမွန်စာနဲ့ရေးထိုးထားတဲ့ ကျောက်စာ အပိုင်းအစတွေကိုလည်း တွေ့ရဖူးတယ်။ အနောက်ဖက်လိပ်က နံရံတွေမှာ ရှေးမွန်စာနဲ့ ရေးထားတဲ့ စာတမ်းတချို့ကို တွေ့နိုင်သေးတယ်။ ၁၁ ရာစု နှစ်ဝက်လောက်ကတည်ထားတာ ဖြစ်နိုင်ခြေရှိပါတယ်။ ၁၉ဝ၆-၁၉ဝ၇ ခုနှစ်အတွင်းမှာ ဘုရားတွေကို ပြုပြင်ဖို့အတွက် ရှေးဟောင်းသုတေသနဌာနက အပြိုအပျက်တွေကို တူးဖော်ရှင်းလင်းတော့ အုတ်မြစ်တွေရဲ့အောက်မှာ အနိရုဒ္ဓမင်းကြီးခေတ်ထက် ရှေးပိုကျတဲ့ အုတ်ခုံတွေ တွေ့ရကြောင်း မှတ်သားရဖူးပါတယ်။

အရှေ့ဖက်လိပ်

ပုဂံမြို့ဟောင်းက ရှေးဟောင်းဘုရားစေတီအမျိုးမျိုးကို လေ့လာတဲ့အခါ ဗုဒ္ဓသာသနိက ယဉ်ကျေးမှုလက်ရာမျိုးစုံကို တစုတဝေးတည်းတွေ့ရတာကြောင့် လူမျိုးစုပေါင်းစုံပါဝင်တဲ့ ပုဂံသားတွေက ရှေးပုဂံကို ညီညီညွတ်ညွတ်နဲ့ တည်ဆောက်ခဲ့ကြတယ်လို့ အသေအချာ ပြောနိုင်ပါတယ်။

“နှလုံးမွန်၍

အားခွန်လက်မောင်း၊ ယောက်ျားကောင်းသို့

ရှေးဟောင်းပုဂံ၊ ပြည်ပေါက္ကံမှာ

နိုင်ငံသစ်ထူ၊ ဦးစွန်းလူခဲ့
ပြည်သူ ညီညွတ်သည်တကား။”


ကြည်အောင်
၁၉၆၄

အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း

(၁) ပုဂံမင်စာစုသုတေသနလုပ်ငန်း အစီရင်ခံစာ (ဗိုလ်မှူး ဘရှင်)၊ ၁၉၆၄
(၂) ပုဂံသွားမှတ်တမ်း (ရွှေကိုင်းသား)၊ မေလ၊ ၂ဝဝ၈
(၃) တနေ့တလံ ပုဂံဘယ်ပြေးမလဲ (ဒေါက်တာသန်းထွန်း)၊ သြဂုတ်လ၊ ၂ဝဝ၆
(၄) ပုဂံခရီးသည် (ပါရဂူ)၊ ဒု အကြိမ်၊ စက်တင်ဘာလ၊ ၂ဝဝ၈
(၅) ပုဂံ (စုပေါင်း)၊ ဧပြီ၊ ၁၉၉၉
(၆) ပုဂံရှေးဟောင်းသုတေသနလမ်းညွှန် (ဦးဗိုကေ)၊ ၁၉၈၁
(၇) သမိုင်းဝင် ပုဂံစေတီပုထိုးများ (ဦးသန်းဆွေ)၊ ၁၉၇၅
(၈) ပုဂံခေတ်ဗိသုကာလက်ရာများ (မင်းဘူးအောင်ကြိုင်)၊ ၁၉၈၅
(၉) Pictorial Guide To Pagan: 1971
(၁ဝ) Pagan: Art and Architecture of old Burma by Paul Strachan: 1996
(၁၁) Burma Art and Archaeology by Alexandra Green and T. Richard Blurton: 2002

No comments:

Post a Comment