06 August 2010

Daung ni – Always 88

ထာဝရ ရှစ်ဆယ့်ရှစ်
ဒေါင်းနီ
သြဂုတ် ၇၊ ၂၀၁၀

အဓိပတိ ရှစ်ဆယ့်ရှစ်ရေ …
သင်ဟာ -
ရာဇဝင်သက္ကရာဇ်မှာ တကြိမ်သာ လင်းလက်ပွင့်ဝေ
ရဲရင့် စွန့်လွှတ်ခြင်းတွေ ထာဝရ မွှေးပျံ့နေ၊

သင်ဟာ -
ဖိနှိပ်အုပ်စိုးသူတွေ ဦးခေါင်းကို နင်းချေဖြိုချ
စံပြသူရဲကောင်း အာဇာနည်ပေါင်းများစွာ မွေးခဲ့၊

သင်ဟာ -
နိစ္စဓူဝ တရံမလပ် နိုးဆွ သွန်းလောင်း
ငါတို့ရဲ့ -
သင်းကွဲအာရုံအပေါင်းကို စီးနင်းဒုန်းစိုင်း
ပုန်ကန်တော်လှန်ခြင်း မျိုးစေ့ ဝေစိုက်ခဲ့၊

သင့်ရဲ့အမည်နာမတော်ဟာ -
ခဏ အသက်တာမှာ အပုတ်နံ့ ဟောင်ထနေတဲ့
ပဉ္စမံနဲ့ ဒေါက်တိုင်တွေကို သွက်သွက်ခါ ကိုင်လှုပ်
ဆွေစဉ်မျိုးဆက် အိပ်မက်ဆိုးတွေနဲ့ သွေးပျက်စေခဲ့၊

သင့်ကို -
ခုတုံးလုပ် အမြတ်ထုတ်တဲ့ လောက်ကောင်တွေကို
နေရာအနှံ့ တရားစီရင် တလွှာခြင်း ခွာချ အရေဆုတ်
လမ်းပေါ်ပြခင်း ပြည်သူအပေါင်း နင်းချေ ကခုန်ကြစေ၊

အိုဘယ့် ရှစ်ဆယ့်ရှစ် -
သင့်ရဲ့ခန္ဓာတွင်းက တသွင်သွင် စီးဆင်းလျှံကျ
ကြုံးဝါး တောက်ခေါက်သံတွေ ဟီးထလှိုင်ကြွ
မြို့ပြ ကျေးလက် မကျန် စုစည်း ရှင်ပြန်ထစေခဲ့၊

သင်ဟာ -
အဖိနှိပ်ခံတို့ရဲ့ ဂန္ထဝင် ရဲဘော်ကောင်းကြီး
မျိုးဆက်သစ် လောင်းလျာတို့ရဲ့ လမ်းပြသခင်
မကျွတ်မလွတ်ကြယ်တွေရဲ့ အလင်းရှင်ဖြစ်ခဲ့၊

သင်ဟာ -
အာဃာတဖြေ စစ်ကျွန်ခံတေး လုံးဝမသီ
အတွေးအခေါ် အညံခံ လုပ်ဟန်ဖောက်ပြန်တာမရှိ
ကိုယ့်ရဲဘော်ကို ထိုးကြွေး ချန်ပြေးတာ မရှိ
ရင်ကိုဖွင့်ကာ ကျောကိုလမ်းခင်း တံတားထိုး
လက်ညှိုးမိုးပေါက် မျက်လုံးမီး ဒေါက်ထောင့်ဒဏ်
အပေါ်အောက် ရပ်ရှစ်မျက်နှာ မဲ့ရွဲ ခနဲ့ ရိသံကြံကြံခံ
မြေကိုလှန် ရေကိုဆန် အာကာယံ ထိုးဖောက်တက်ခဲ့၊

၂၂ တဲ့လား
ဝိဉာဉ်တော်အပေါင်းရေ -
အသစ်တွေတိုး အဟောင်းထဲက
အကောင်းတွေ ရွေးစိစစ်
တရစ်ရစ်နဲ့ တဖြစ်ဖြစ်
တငွေ့ငွေ့ကျွမ်းလောင် ဆင့်ကာပေါက်ကွဲ
နင်းပြားတွေ ရင်ထဲက တားမရတဲ့
ဆန္ဒသောက မီးတောင်ရှင်တွေ၊

၂၂ နှစ် ရောက်ပြန်ပြီ
ကိုဖုန်းမော်ရေ -
အပြန်လမ်း ထမ်းပိုးသယ်လာတဲ့
နှောင်ကြိုးမဲ့ တိုက်ငှက်ကောင်းတွေ
နုပျိုလှပမှုတွေ ကျွတ်ကြွေလွင့်ထွက်
ရင့်ကျက် တည်ငြိမ်မှုတွေ ဖွံ့ဖြိုးတိုးဆက်
ဇာတ်သိမ်းခန်း ပီတိပန်းတွေ လင်းလက်စေ၊

နှစ်ဆယ့်နှစ်တဲ့ -
မဝင်းမော်ဦးရေ …
ရင်တွင်းဒိုင်ယာရီ တမျက်နှာချင်းဖတ်ဖြေ
မကြေ မပြေ မရှုံး အလံမလဲသေးဘူး၊

၈၈ ရေ …
သင်ဟာ -
ဒဏ်ရာဗလပွဝတ်ရုံနဲ့ ရှင်သန်ခြင်းအလံကိုင်
သိက္ခာတော်ရ အောင်ခြင်းမင်္ဂလာ နံနက်ခင်း
သစ္စာလက်တွေကို ဖေးမ တွဲကိုင်ချီတက်
ရန် ငါ ရိတ်သိမ်းပွဲတော် ကျင်းပရမှာကို
တိုင်းပြည်ဆန္ဒတည်သရွေ့  စွဲမြဲယုံကြည်ထားတယ်။

ဒေါင်းနီ
ဝ၈-ဝ၁-၂ဝ၁ဝ ခုနှစ်

No comments:

Post a Comment