တင်မြိုင်စိုး (ကောလိယ)
သြဂုတ် ၇၊ ၂၀၁၀
သြဂုတ် ၇၊ ၂၀၁၀
ပတ်ဝန်းကျင်တခုလုံးကို လေရူးက ရိုက်ပုတ်လိုက်တယ်။ ငြိမ်သက်နေတဲ့ရေထဲ ခဲကျသွားသလိုပဲ။ မြေပြင်မှာ လဲလျောင်းနေတဲ့ သစ်ရွက်ခြောက်ကအစ လန့်ဖျပ်ခုန်ပေါက်နေလိုက်တာ မျက်စေ့ထဲ မြင်ရသမျှ ဝရုန်းသုန်းကားနဲ့။
ဖွင့်ထားတဲ့ ပြတင်းတံခါးကနေ အပြင်ဘက်ကို လှမ်းမြင်ရတဲ့မြင်ကွင်းမှာ လေပွေရဲ့ ချီမခြင်းခံရတဲ့ ဖုန်၊ သစ်ရွက်၊ ကြွပ်ကြွပ်အိတ်ကအစ ဒရောသောပါးနဲ့ ဝဲပျံနေကြတယ်။ တံခါးပေါက်ကို မျက်စေ့ကခွာပြီး အဆောက်အဦထဲရှိ လူနာများထံ မျက်စေ့ကရောက်ပြန်တော့ အရိုးပေါ်အရေတင် ချိနဲ့နဲ့ လူနာရဲ့ဝေဒနာခံစားနေမှုက မျက်စေ့ ပြတင်းထဲကနေ စိတ်အိမ်ထဲဝင်လာပြန်တယ်။ လောကကြီးတခုလုံးကို ရောဂါသစ်တွေက လေပွေလို ဝှေ့ရမ်းနေပါရော့လား။
နောက်တကပ်က လက်နက်တွေကြောင့် သေကြေပျက်စီးတာ ပစ်ကြခတ်ကြလို့ ဘဝတွေ ပျက်စီးတာကို သတ္ထန္တရကပ် လို့ ခေါ်တယ်။ ဒီကပ်ကြီးကတော့ ဒေါသကြောင့်ဖြစ်ရတယ်။ ဒေါသနဲ့ပြဿနာတွေကို ဖြေရှင်းရင် ဒီကပ်ဆိုက်ရောက်ရတယ်။
နောက်တကပ်ကတော့ ရောဂန္တရကပ် လို့ ခေါ်တယ်။ အနာရောဂါတွေ ထူပြောပြီးတော့ ရောဂါတွေကြာင့် လူတွေ သေကြေ ပျက်စီးကြတာ။ ဒီကပ်ကတော့ လူတွေ မောဟတရား များပြားလာရင် ဖြစ်ရပါတယ်။ မောဟ ဆိုတာ မသိမှု၊ မိုက်မဲမှု ကိုခေါ်တာ။ လုပ်သင့်တာ မလုပ်သင့်တာကို ခွဲခြားနိုင်တဲ့ဉာဏ်မရှိတာကို မောဟ လို့ ဆိုရမှာပါ။ မလုပ်သင့်တာတွေလုပ်မိလို့ရောဂါတွေရ ကြတယ်။
ဆယ့်လေးရက်တကြိမ် ပြုလုပ်နေကြတရားပွဲမှ ဆရာတော်၏ အသံက အဆောက်အဦထဲကနေ မိမိ နေရာ ဆေးရုံဆောင်သို့ တိုးဝင်လာတယ်။ အကျဉ်းသားများရဲ့စာရိတ္တအတွက် ပြုလုပ်နေကြတရားပွဲမှ တချို့ ဆရာတော်များကတော့ တော်တော် ထိထိရောက်ရောက် ဟောပြနိုင်တယ်။ ဘဝနဲ့ကိုက်ညီတော့ တရားနဲ့ ဘဝ တထပ်တည်းကျသွားတယ်။ လူတွေလည်း တရားနဲ့နေတတ်သွားတာပေါ့။ အခု ဆရာတော်ရဲ့ တရားကကော ဘာတွေနဲ့ အဟပ်ညီသွားသလဲလို့ တွေးဆကြည့်နေမိတယ်။ အရိုးပေါ် အရေတင်နေတဲ့မြင်ကွင်းက စိတ်ထဲကနေ ခုန်ထွက်လာတယ်။ အကျဉ်းစခန်းထဲ နေထိုင်မှုဘဝက ခေတ်သစ်ရောဂါတွေအတွက် အပြည့်အဝ တံခါးဖွင့်ထား သလိုပါလား။ ထောင်ထဲက လူဆိုးနှစ်ရှည်ထောင်ကျသူများရဲ့အဖြစ်ကတော့ ရောဂါရဖို့ နည်းလမ်းတွေ အားလုံးကို လုပ်ဆောင်နေကြတယ်။ အသက်ငယ်ငယ် ကလေးထောင်ကျတွေအတွက်ကလည်း ထိတ်လန့်စရာပါ။ ကိလေသာ မုဆိုးတို့၏ ပစ်ကွင်းထဲက သားကောင်တွေ ဖြစ်နေရရှာတယ်။ ရမ္မက် ဈေးကွက်မှာ ကိလေသာပွဲစားတွေရဲ့ ကာမ ရောင်းကုန် ဖြစ်နေရတယ်။ ဒီဈေးကွက်ကလည်း နံရံ လေးဘက်ကြားမှာ အာဏာပိုင်တွေရဲ့ မသိကျိုးကျွံမှုကြောင့် ခေတ်အဆက်ဆက် တည်ရှိ ကြီးထွားနေတာ။ ဘယ်အလုပ်လုပ်ရင် ဘာအကျိုးတွေရမယ်ဆိုတဲ့ အသိမရှိခြင်းက ရောဂါတွေကို တံခါးဖွင့်ထားသလိုပါပဲ။ ဆရာတော်ဟောတဲ့ တရားထဲက မောဟ တရားက ရောဂန္တရကပ်ကို ဒီနေရာမှာ အကြီးမကျယ် ဖိတ်ခေါ်နေပြီ။
သူ့ကို ကျွန်တော်တို့ တညီတညွတ်ပေးထားတဲ့နာမည်က ဂုရုကြီး။ ကျွန်တော်တို့က သူ့ကို သက်ရှိ စာကြည့်တိုက်ကြီးအဖြစ် သတ်မှတ်ထားကြတယ်။ ဝတ္ထုပေါင်းမြောက်များစွာကို နှုတ်နဲ့ပြောကြားခဲ့တာ အုပ်ရေ မနည်းတော့ပါဘူး။ တီဗီ မရှိ၊ ရေဒီယို မရှိ ဒီအရပ်မှာ ဂုရုကြီးရဲ့ဝစီဒါနက အားလုံးကို အကျိုးရှိစေတယ်။ မျိုးစုံအောင် အချိန်ဖြုန်းကြတဲ့အထဲမှာ ဂုရုကြီး မျှဝေတဲ့အချိန်ကို အသုံးပြုမှုက လူတွေရဲ့နှလုံးသားထဲအထိ တိုးဝင်နေတာ သေချာတယ်။ ဒီနေ့ ဂုရုကြီး ဗီဒီယိုရုံမှာ ခါတိုင်းလိုပဲ လူစည်တယ်။ ဝတ္ထုပေါင်းများစွာကို နှုတ်နဲ့ သရုပ်ဖော်နေတာ။ တခန်းလုံး စိတ်ဝင်တစားရှိကြတယ်။ ပြောခဲ့တဲ့ ဝတ္ထုတွေကလည်းကြည့်ဦး။ အပြင်မှာ ရှာမရတဲ့ ရှားပါးစာအုပ်တွေလေ။ ဗန်းမော်တင်အောင်ရဲ့ မြိုင်၊ ဒဂုန်တာရာ ရဲ့ မေ၊ အောင်လင်းရဲ့ အရိုင်းစပယ် ဒီလို မြန်မာနာမည်ကြီး ဝတ္ထုတွေပါသလို ရုရှားက စစ်နှင့်ငြိမ်းချမ်းရေး ဘရာသာ ကရာမဇော့ လို ဝတ္ထုမျိုး၊ အမေရိက က လေရူးသုန်သုန် လိုမျိုး တရုတ်ပြည်နောက်ခံ ဟန်စုရင် ရေးတဲ့ဝတ္ထုမျိုးတွေပြောခဲ့တာ နည်းနည်း နှောနှောမှ မဟုတ်တော့တာ။ ဇာတ်ပွဲတပွဲပြီးရင် ပွဲထဲက စကားလုံးတွေကို အရပ်ထဲမှာ ရက်တော်တော်ကြာတဲ့ အထိ ပြောကျန်ရစ်သလို ဂုရုကြီး ဗီဒီယိုရုံထွက်စကားလုံးတွေဖြစ်တဲ့ ဆွန်ညာ တို့၊ နာတာရှာ တို့ နောက် စကားလက်အိုဟာရာ ရစ်ဘတ်တလာ တို့ဆိုတာ လူပြောများတဲ့ နာမည်တွေဖြစ်တယ်။ မြိုင်ထဲက ကိုတင်ဦး တို့၊ အရိုင်းစပယ်ထဲက ဘခက် တို့ဟာလည်း ရေပန်းစားတယ်။ ဝတ္ထုရသကိုပါ မပျက်အောင် ပြောနိုင်တော့ ပြောတိုင်းလူက ရုံပြည့်ရုံလျှံ လို့ ဆိုရမယ်။ ဒီနေ့လည်း နတ်နွယ်ရဲ့ အများနဲ့တယောက် ကို သူ ပြောတယ်။ ဇာတ်လမ်းတခုလုံးရဲ့အဆုံးမှာတော့ ပရိသတ်အားလုံးရဲ့ခံစားမှုတွေက ပင့်သက်အဖြစ် ထွက်လာကြတယ်။
“ကောင်းလိုက်တဲ့ ဝတ္ထုကွာ”
စကားလုံးမဲ့သက်ပြင်းအပြင် စကားလုံးနဲ့ အာမေဋိတ်တွေပါ လျှံကျလာတယ်။ လူတွေလည်း လှုပ်လှုပ်ရှားရှားနဲ့ ဖြစ်လာတယ်။ စကားသံတွေလည်း ဟိုသည်က ထွက်လာတယ်။
“ဇာတ်လမ်းကလည်း ကောင်း၊ အပြောကလည်း ကောင်းဟေ့”
အားလုံးပြောကြတာကတော့ ဂုရုကြီးကို ချီးမွမ်းကြတာပါပဲ။ လူတဦးက ဒီလိုပြောတယ်။
“ကျနော်ကတော့ ရောဂါကုသရေးဆေးရုံကို ဖွင့်ထားပြီး အခြားတဖက်မှာလည်း ရောဂါဖြစ်ပွားမယ့် အန္တရာယ်ရှိတဲ့အလုပ်တွေကို ဒီ အရင်းရှင်ကုမ္ပဏီ က သိသိနဲ့လုပ်နေတာ အံ့သြလို့မဆုံးဘူး”
ကျနော့်ရင်ထဲမှာတော့ မြန်မာ့နိုင်ငံရေးနဲ့ဆက်စပ်ပြီး တွေးနေမိတယ်။ ဒီဝတ္ထုကနေ ဆင့်ပွားတွေးတာပါ။ အစိုးရက ရောဂါကာကွယ်ရေးဆိုပြီး လူကြားအောင် ဟန်ရေးပြနေပေမယ့် ထောင်လိုနေရာမျိုးမှာ ရောဂါ ပြန့်ပွားရေးကို ဆိုးဆိုးဝါးဝါး လုပ်နေကြတာကို ချိတ်ဆက်တွေးနေမိတယ်။ ဒါကို တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရက ဘာကြောင့် လက်ပိုက်ကြည့်နေရတာလဲ။ နိုင်ငံရေးသမားတွေရဲ့ ထောင်ထဲနေမှုထိုင်မှုကို အသေးစိတ် သိအောင် အမြဲလုပ်နေတဲ့ အစိုးရက လူတွေအန္တရာယ်ရှိတဲ့ ဒီလုပ်ရပ်ကိုဘာကြောင့် မသိကျိုးကျွံပြုနေတာလဲ။
“အကို စိတ်ဝင်စားတယ်ဆိုလို့ လာခေါ်တာ”
ကျနော်က အရုပ်ထိုးတဲ့ကိစ္စကို စိတ်ဝင်စားတယ်ဆိုလို့ကောင်လေးက လာအကြောင်းကြားတယ်။
“လိုက်ခဲ့ရမှာလား”
ကျနော်ကမေးတော့ သူက ခေါင်းညိတ်ပြတယ်။ ထောင်ထဲမှာက အရုပ်မျိုးစုံ ထိုးတတ်ကြတယ် မဟုတ်လား။ တချို့လည်း ကျောကုန်း၊ တချို့လည်း ရင်ဘတ်၊ လက်မောင်း၊ ပေါင် အရုပ်ထိုးကောင်းမယ့် နေရာလွတ်မှန်သမျှ အရုပ်မျိုးစုံ ထိုးကြတယ်။ တချို့က ကျားရုပ်၊ တချို့က ဘီလူးရုပ်၊ နောက် ငှက်ရုပ်၊ လူရုပ် မျိုးစုံအောင် ထိုးကြတယ်။ ပန်းချီ ကောင်းကောင်းဆွဲတတ်သူက ပုံဆန်းဆန်း ဆွဲမယ်။ ထိုးတဲ့သူက ထိုးမယ်။ ထိုးခ ဆေးလိပ် နှစ်ဆယ်၊ အစိတ် အရုပ်ပေါ်မူတည်ပြီး ပေးရတယ်။ တချို့ဆို စာတန်းမျိုးစုံ ထိုးကြပြန်တယ်။ စာတန်းတွေက စိတ်ရဲ့ပြတင်းပေါက်လို့တောင် ပြောရမလိုပဲ။ ကိုယ့်ဇာတ်လမ်းရဲ့ တစိတ်တဒေသဟာ စာတန်းမှာ ပေါ်နေတယ်။
ရဲဘက်စခန်းက ပြန်လာသူက ‘သေရွာပြန်အမေ့သား နောင်တရပါပြီ’ တဲ့။ ပေါ်တာက ပြန်လာသူကဆို ‘လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ’ တဲ့။ ပိန်ပိန် နဲ့တယောက်ဆို ‘အချစ်ရေ နင့်ကြောင့်’ တဲ့။ စာတန်းလေး တတန်းပေမယ့် သူတို့ရဲ့ဘဝ တစိတ်တပိုင်းကို လှစ်ပြနေသလိုပဲ။ ဒါကြောင့် ထိုးထားတဲ့ စာတန်းလေးတွေကို စိတ်ဝင်စားတာ။ ခပ်ဝဝ ဗိုက်ပူပူ ကျောင်းဆရာကဆို ‘မတရုတ်မရေ နင့်ကို ငါလွမ်းတယ်’ ဆိုပဲ။
အရုပ်ထိုးတဲ့ဆီရောက်တော့ လူတယောက် အားယားမှောက်ပြီး အရုပ်အထိုးခံနေတယ်။ ထိုးတဲ့သူက ကျောကုန်းကို ခွလို့ပေါ့။
သူတို့အနားရောက်တော့ ခေါ်လာတဲ့ ကောင်လေးက အရုပ်ထိုးတဲ့သူနဲ့မိတ်ဆက်ပေးတယ်။
“အကို ဒီဆရာက စိတ်ဝင်စားလို့ တဲ့”
ကျနော့်ကို သူ လှမ်းကြည့်ပြီး
“ထိုးမလို့လား”
စုတ်ထိုးရင်းက လှမ်းမေးတယ်။
“ကြည့်ပါဦးမယ်”
ငြင်းတာလည်းမဟုတ်၊ ဝန်ခံရာလည်း မရောက်အောင် စကားလုံးရွေးပြီး ဖြေလိုက်တယ်။ အတူပါလာတဲ့ ကောင်လေးက
“ဘီလူးရုပ်က လှရဲ့လား”
ကျနော်က ခေါင်းညိတ်ဖြေပြီး စိတ်ဝင်စားစွာနဲ့ အရုပ်ထိုးတာကို စိုက်ကြည့်နေတယ်။ သူက
“မျက်လုံးကို အနီရောင် ထိုးမယ်၊ ဒါပြီးရင် လက်စသတ်ပြီ”
အရုပ်အထိုးခံသူရဲ့ ကျောကုန်းမှာ ဘီလူးရုပ်ကြီးက ကြွကြွရွရွ ပေါ်နေတယ်။ သွေးတွေကလည်း စီးကျလို့။ စုတ်တံကို ဆေးခွက်ထဲထိုးစိုက်လိုက် ကျောပြင်ကိုထိုးလိုက်နဲ့ အလုပ်ရှုပ်နေတယ်။ ကျနော် စိုးရိမ်သွားတယ်။ ဒါနဲ့
“ခင်ဗျားတို့ ဒီအပ်နဲ့ပဲ နောက်လူကိုထိုးတာလား”
ကျနော့်ကို အရုပ်ထိုးသူက တချက်ကြည့်ပြီး
“ကျနော်တို့ ဒီလောက်တော့ နားလည်ပါတယ်ဗျာ၊ အပ် အသစ်လဲတာပေါ့”
“အော်”
ကျနော်က ရင်ထဲပေါ့သွားဟန်ဖြင့် အာမေဋိတ်ကို ပြုလိုက်တယ်။
“ဒါနဲ့ ဆေးကရော အသစ်မလဲဘူးလား”
ကျနော် စိတ်ထဲမရှင်းတာကို မေးလိုက်မိတယ်။
“အပ် အသစ်လဲပြီးပြီပဲဗျာ ဘာလိုသေးလဲ”
ကျနော့်စိတ်မြင်ကွင်းထဲမှာ ကျောကုန်းက သွေးတွေ။ နောက် စုတ်တံ နှစ်လိုက်တဲ့ ဆေးခွက်။ ကျနော်တို့ စကားမဆုံးခင်မှာပင် ဆေးထိုးမှုပြီးဆုံးသွားတယ်။ အားယားမှောက်သူက
“အားပါးပါး”
ညည်းတွားသံထွက်လာသော်လည်း ပြုံးရွှင် ကျေနပ်နေတယ်။
“တော်တော်နာလား”
ကျနော့်အမေးကို ပါးစပ်ထဲက ကွမ်းယာထွေးထုတ်ပြီး
“အင်း နည်းနည်းပေါ့”
သူ ဖြေကြားဟန်က နာပေမယ့် ကိစ္စမရှိပါဘူးဗျာ လို့ ပြောနေသလိုပဲ။
“နောက်မှလာခဲ့မယ်ဗျာ”
နှုတ်ဆက်စကားပြောပြီး ထွက်လာတယ်။ တော်တော်လှမ်းလှမ်းရောက်မှ နောက်ပြန်လှည့်ရင်း
“ဆေးတွေကို မလဲဘူးနော်”
ကျနော်က စိုးရိမ်စိတ်နဲ့ မေးလိုက်မိတယ်။ ကောင်လေးပြန်ဖြေတဲ့စကားကြောင့် ကျနော့်ရင်ကို ပိုပြီးတော့ နောက်ကျိသွားစေတယ်။
“အကိုရယ် ထောင်ထဲ ပစ္စည်းတခုဝင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ အကို့ ကို ထိုးချင်လာအောင် အပ် အသစ်လဲတယ်လို့ ပြောလိုက်တာ အပ်လည်းမလဲဘူး၊ ဆေးလည်း ဒီအတိုင်းပဲ”
ကျနော် ဆရာဝန်ကြီးအခန်းမှာ သွေးပေါင်ချိန်ဖို့ စောင့်နေတယ်။ ဆေးဝန်ထမ်းလည်း မလာသေးတော့ ရောဂါ ကာကွယ်ရေး ကြော်ငြာပိုစတာတွေကို လျှောက်ဖတ်နေမိတယ်။ ငှက်ဖျား၊ တီဘီ၊ HIV အစုံပဲ။ ပိုစတာတွေကို ကြည့်ရင်း ကိုယ့်ဘာသာ မေးခွန်းတွေ မေးနေမိတယ်။ ဒီအထဲက သတိပေး ပညာပေး အကြောင်းအရာတွေကို ဒီနံရံ လေးဘက်ကြားကလူတွေ ဘယ်လောက်များ ခေါင်းထဲကို ထည့်သွားကြပြီလဲ။ အပြင်ပြန်ရောက်ကြမည့်သူ တော်တော်များများကတော့ သေမင်းရဲ့အမြန်ဆုံးလာဖို့ ဆင့်ခေါ်စာကို ကိုယ်ထဲထည့်သွားကြပြီ။ ထောင်ဆိုတာကို ရောဂါဖြန့်ဖြူးရေးဋ္ဌာနကြီးအဖြစ် မရောက်ရောက်အောင် အစိုးရက ခွင့်ပြုထားသလို ဖြစ်နေတာ ကြာပြီပဲ။ ဂုရုကြီးပြောတဲ့ ရောဂါကာကွယ်ရေးကို ပြထားပေမယ့် တချိန်ထဲမှာပဲ ရောဂါဖြန့်ဖြူးရေးကို လုပ်နေတဲ့ ဝတ္ထုဇာတ်လမ်းက ဒီမှာလည်း ဖြစ်နေပါလား။ ထောင်အခေါ် ဂျို မွေးတယ်လို့ပဲ ပြောပြော၊ ကလေး မွေးတယ် ဆိုဆို ကိလေသာ ဈေးကွက်ထဲက ရောင်းသူ ဝယ်သူ နှစ်ဦးလုံး၊ နောက် ဒီအထဲက ဆေးမင်ကြောင်ထိုးသူများ …
ကျနော် အတွေးမဆုံးခင်မှာဘဲ ဆရာဝန်ကြီး ဝင်လာတယ်။
“သွေးပေါင်ချိန်ဖို့ လာစောင့်နေတာလား”
ကျနော်က ဟုတ်ကဲ့ လို့ပြောပြီး ရပ်နေတုန်းမှာပဲ ဆေးဝန်ထမ်းက လိုက်ဝင်လာတယ်။ ပြီးတော့ ဆရာဝန်ကြီး စားပွဲရှေ့ရပ်ပြီး သတင်းပို့တယ်။
“ပေါ့ဇစ်တစ် တဲ့ ဆရာ “
စာရွက်တရွက်ကို ဆရာဝန်ကြီးရှေ့တင်ပေးပြီး နှုတ်ကပါ တခါတည်း ပြောတယ်။
“ရောဂါက သေချာပြီးသားပဲ တရားဝင်ဖြစ်အောင်လို့ စစ်ခိုင်းရတာ၊ ကဲ ငါတို့ပေးနိုင်တာကတော့ မာသာထရီဇာ ထရိမင့်ပဲဟေ့”
ဆရာဝန်ကြီးက ဝန်ထမ်းခေါ်ပြီး ချက်ခြင်း အပေါ်ထပ်ကို တက်သွားတယ်။ ကျနော်က သတင်းလာပို့တဲ့ ဝန်ထမ်းနားကပ်ပြီး
“ကိုဝကြီး ဟိုလူလား”
ဆေးဝန်ထမ်းက ခေါင်းညိတ်ပြပြီး ဆရာဝန်ကြီးနောက်ကို ခပ်မြန်မြန်လေး လိုက်သွားတယ်။
ကျနော်အနားကို ရောက်တော့ သူ ကြိုးစားပြီး အသက်ရှူနေတာကိုတွေ့ရတယ်။ ဘေးမှာ အသာထိုင်ပြီး
“ညီလေး ဘာစားချင်လဲ ပြော”
ကျနော်က မေးတော့ သူ မျက်လုံးဖွင့်ကြည့်တယ်။ သူစားချင်တာ ကျနော့်ကိုပြောနေကြ။
“နို့ နည်းနည်း သောက်ချင်တယ်”
သူ့အသံက တော်တော်တိုးနေပြီ။ ဝမ်းသွားနေတာနဲ့ နို့ဖြစ်ပါ့မလားလို့ အစကတော့ စိုးရိမ်သေးတယ်။ ဆရာဝန်ကြီးက ဘာဖြစ်ဖြစ် စားချင်ရင် ကျွေးသာကျွေးလို့ ခွင့်ပြုထားပြီးပြီ။ ဆရာဝန်ကြီးပြောတဲ့ မာသာထရီဇာ ထရိမင့် ဆိုတာက လူတိုင်းလုပ်နိုင်တဲ့ ကိစ္စမဟုတ်လား။ ပို အရသာရှိအောင် နို့မှုန့်ကို ထပ်ထည့်လိုက်တယ်။ အေးအောင် ခဏထားပြီး သူ့ကို တိုက်တယ်။ သောက်သာအောင် ခေါင်းအုံးကို နည်းနည်းမြှင့်ပေးပြီး နို့ခွက်ကို ထိန်းပေးထားတယ်။ နို့တချို့တဝက်ကဖိတ်ပြီး အင်္ကျီပေါ်ကို ကျကုန်တယ်။ ရေနည်းနည်းသောက်ပြီး မျက်လုံးကို မှိတ်ထားတယ်။
“အင်္ကျီလဲဦးမှ ညီလေး၊ အကို လဲပေးမယ်”
သူ ခေါင်းအုံးအောက်က အင်္ကျီတထည်ကို ယူလိုက်တယ်။ ပေနေတဲ့အင်္ကျီကို ဘေးနားမှာထားပြီး ဝတ်ပေးဖို့ ပြင်လိုက်တယ်။ ခန္ဓာကိုယ်ပေါ်မှာ ဝဲလိုလို၊ ပွေးလိုလိုနဲ့ အသားတွေက ခြောက်ပြီး ပတ်ကြားအက်လိုဖြစ်နေတာ
နေရာအနှံ့ပဲ။ ကျောကုန်းက ကျားရုပ်ကြီးက မာန်ဖီနေလိုက်တာ သရုပ်ပါတယ် ဆိုရမယ်။ သူက နှစ်ရှည် အကျဉ်သားဆိုတော့ သူ့ရဲ့ ထောင်ထဲနေထိုင်မှုကို အားလုံးသတင်းကြားပြီးသား။ ရောဂါရလောက်တဲ့ အင်္ဂါရပ်တွေက သူ့မှာ ပြည့်စုံပြီးသား။ ည ၉ နာရီထိုးတော့ သူ ဆုံးတယ်။ သူ့အလောင်းကို စိတ်မကောင်းစွာနဲ့ပဲ ကြည့်နေမိတယ်။ သူ အမြတ်တနိုးထမ်းပိုးထားတဲ့ ကျားတကောင်က သူ့အသက်ကို ကိုက်ချီသွာပါရော့လား။ ။

+++++
ဒီကနေ့ဟောမယ့်တရားက ကပ်သုံးပါး အကြောင်းပါ။ ကပ်ဆိုက်တယ် စသဖြင့် လူတွေပြောနေကြတဲ့စကား ပရိသတ်တို့ ကြားဖူးကြမှာပါ။ ကပ်ဆိုတာ ပါဠိလို ကပ္ပ ဆိုတဲ့ စကားကနေ လာတာဖြစ်တယ်။ ဒီတော့သူ့ အဓိပ္ပာယ်ကဘာလဲဆိုတော့ ဘုန်ကြီး ပြောပြမယ်။ ကပ္ပဆိုတာ ပျက်စီးခြင်းပါ။ ပျက်စီးခြင်း သုံးမျိုးရှိတယ်။ အစာရေစာငတ်မွတ်ခြင်းကြောင့် သေကြေကြတာ၊ ဒုဗ္ဘိက္ခန္တရကပ် လို့ ခေါ်တယ်။ ဒါကတော့လူတွေမှာ လောဘတရားတွေ ကြီးမားလာရင် လောကကို လောဘ ဦးဆောင်ရင် ဒီကပ်ကြီး ဆိုက်ရောက်တတ်တယ်။

ထောင်တွင်းမြင်ကွင်း တချို့ကို ခံစားရေးဖွဲ့ပါတယ်။
သရုပ်ဖော် - အောင်ထက်
သရုပ်ဖော် - အောင်ထက်
No comments:
Post a Comment