ရန်ဝင်း (တောင်တံခါး)
အောက်တိုဘာ ၂၃၊ ၂၀၁၀
အောက်တိုဘာ ၂၃၊ ၂၀၁၀
“မီးမြင်းမိုရ်နှင့်
ဝါဆိုကင်းလွတ်၊ သီတင်းကျွတ်မို့၊
ဘုံထွတ်ကယ်ဦးကင်၊ ဖွင့်စံပယ်ရွှင်သော့ခါ”
မဟာအတုလမင်းကြီး
ဝါဆိုကင်းလွတ်၊ သီတင်းကျွတ်မို့၊
ဘုံထွတ်ကယ်ဦးကင်၊ ဖွင့်စံပယ်ရွှင်သော့ခါ”
မဟာအတုလမင်းကြီး
ကျောင်းတိုက်အသီးအသီးမှာ သီတင်းသုံးနေထိုင်ကြတဲ့ သံဃာတော်တွေကို ဝါဆိုလပြည့်ကျော် တရက်နေ့ကစလို့ နေရာအနှံ့အပြား ခရီးမသွားကြပဲ သုံးလအကြာ ဝါကပ်တော်မူကြဖို့ ဗုဒ္ဓက ပညတ်တော်မူပါတယ်။ ဗုဒ္ဓကိုယ်တော်တိုင်လည်း ကျောင်းတိုက်တခုခုမှာ ဝါဆိုတော်မူပါတယ်။ ဝါကပ်တဲ့ သံဃာတော်တွေ သီတင်းဝါလက ကျွတ်လွတ်တော်မူကြတဲ့အချိန်အခါကို သီတင်းကျွတ်လို့ ခေါ်ပါတယ်။
သီတင်းကျွတ်တဲ့အခါမှာ ပဝါရဏာ လို့ခေါ်တဲ့ ရဟန်းသံဃာအချင်းချင်း အပြစ်ကြီးငယ်ရှိရင် ခွင့်လွှတ် သည်းခံကြပါလို့ မေတ္တာရပ်ခံ ခွင့်ပန်တဲ့ပွဲကို လုပ်ကြရပါတယ်။
သီတင်းတခါကျွတ်ပြီးပြီဆိုရင် ရဟန်းအဖြစ်မှာ တဝါရပြီလို့ သုံးနှုန်းပါတယ်။ သံဃာတော်တို့ရဲ့ ရဟန်းဘောင်မှာရှိတဲ့ သက်တန်းကို တဝါ၊ ၂ ဝါ၊ ၃ ဝါ စသဖြင့် ဝါနဲ့ သတ်မှတ်ပါတယ်။ ဗုဒ္ဓက ၄၅ ဝါ ရခဲ့ပါတယ်။
ဗုဒ္ဓအဖြစ်ရောက်တော်မူအပြီး၊ ခုနှစ်ဝါမြောက် ဝါ ကို တာဝတိံသာနတ်ပြည်မှာ ဂေါတမဗုဒ္ဓ ဝါဆိုတော်မူပါတယ်။ မယ်တော်အဖြစ်တော်စပ်ခဲ့တဲ့ သန္တုဿီတနတ်သားနဲ့ နတ်ဗြဟ္မာပရိတ်သတ် အပေါင်းကို တဝါတွင်းလုံး အဘိဓမ္မာ တရားဟောခဲ့တယ်။ အဲဒါကြောင့် သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့လို့ ခေါ်ပါသေးတယ်။
သံယောဇဉ်မှန်သမျှ အပြီးတိုင် ဖြတ်တောက်တော်မူပြီးခဲ့တဲ့ ဗုဒ္ဓကိုယ်တော်တိုင်ကတောင်မှ မိခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ အနန္တကျေးဇူးတော်ကို အလေးထားဂုဏ်ပြုတဲ့အနေနဲ့ နောက်ဆုံးဘဝမှာ မိခင်အဖြစ် တော်စပ်ခဲ့ဖူးတဲ့နတ်သားကို တဝါတွင်းလုံး တရားဟောကြားခဲ့ခြင်းပါပဲ။ မိမိအပေါ်မှာတင်ရှိခဲ့တဲ့ မိခင်ရဲ့ ကျေးဇူးအတွက် ပြန်လည်သိတတ်ခြင်းကို ဗုဒ္ဓက ပြသခဲ့ပါတယ်။
တာဝတိံသာနတ်ပြည်မှာ တရားဟောအပြီး သင်္ကဿနဂိုရ် လူ့ပြည်ကို ပြန်လည်ဆင်းကြွလာတဲ့ အကြောင်းက ဗုဒ္ဓဖြစ်တော်စဉ်တွေအထဲမှာ ထူးခြားပါတယ်။ အဲဒီအချိန်မှာ ဆီမီးထွန်းညှိပြီး ဗုဒ္ဓကိုကြိုဆို ပူဇော်ခဲ့ကြရာကစခဲ့ပြီး၊ ဒီကနေ့ မြင်းမိုရ်ပွဲလို့ခေါ်ကြတဲ့ မီးပုံးတွေအဆင့်ဆင့်၊ မီးရောင်စုံအမျိုးမျိုးတွေနဲ့ ပူဇော်ပွဲအလေ့အထ ဖြစ်လာခဲ့တယ်။ တချို့အရပ်ဒေသက တာဝတိံသာပွဲလို့ ခေါ်ကြတယ်။
တာဝတိံသာက ဆင်းကြွပုံကိုလည်း လက်မှုပညာ၊ စာပေ ကဗျာ အမျိုးမျိုးနဲ့ ပူဇော်ခဲ့ကြတယ်။ လက်မှုပညာ အလုပ်အဆောင်တွေထဲမှာ တွေ့ရလေ့ရှိတာက လှေကားပုံစံပေါ်က ဆင်းကြွလာတဲ့ဗုဒ္ဓ၊ ဗုဒ္ဓရဲ့တဖက်တချက်မှာ သိကြားမင်း၊ ထီးဆောင်းပေးနေတဲ့ ဗြဟ္မာမင်း၊ နတ်ဗြဟ္မာ၊ လူထုပရိတ်သတ်တွေဖြစ်ပါတယ်။
အစောဆုံးအနေနဲ့ အိန္ဒိယပြည်မှာတွေရတဲ့ တာဝတိံသာကဆင်းကြွပုံ သဲကျောက်ရုပ်ကြွကို IKSHVAKU PERIOD ၃ ရာစုနှစ်တဝက်လောက်က ထုလုပ်ထားကြောင်း သမိုင်းသုတေသီများက မှန်းဆထားကြပါတယ်။
Buddha’s Descent From the Trayastrimsha Heaven,
Ikshvauk period, second half 3rd century,
India Andhra Pradesh Nagarjunakonda Limestone
Ikshvauk period, second half 3rd century,
India Andhra Pradesh Nagarjunakonda Limestone
မြန်မာပြည်မှာတော့ ကရင်ပြည်နယ် ကော့ဂွန်းဂူမှာတွေ့ရတဲ့ တာဝတိံသာနတ်ပြည်က ပြန်လည်ဆင်းကြွလာတဲ့ဟန် သဲကျောက်ရုပ်ကြွနှစ်ခုကို အစောဆုံးလက်ရာအဖြစ်နဲ့ တွေ့ရှိထားပါတယ်။ ၁ဝ-၁၁ရာစု လောက်မှာထုထားတယ်လို့ ခန့်မှန်းရတယ်။ ပိုပြီးစောတာတွေ မြန်မာနိုင်ငံထဲမှာ တွေ့ရှိနိုင်သေးပေမယ့် ဒီကနေ့အထိတော့ အစောဆုံးတွေ့ရတဲ့ အထောက်အထားတွေပါ။ အပျက်အစီး သိပ်များပေမယ့် အကောင်းကျန်တဲ့အပိုင်းတွေက အင်မတန်ပြတ်သားပြီး လက်ရာသိပ်ကောင်းတယ်။ ဒါကြောင့်ပဲ သေသေချာချာ မှန်းဆနိုင်ပါတယ်။
သဲကျောက်ရုပ်ကြွ (၁) မှာ ညာလက်က ဝိတက္ကမုဒြာ၊ ဘယ်လက်က ဝရဒမုဒြာနဲ့ ပြထားတဲ့ ဗုဒ္ဓကို အလည်မှာထားပြီး၊ သိကြားမင်းနဲ့ ဗြဟ္မာမင်းတို့က ရံထားတယ်။
အပျက်အစီးကပိုများပေမယ့် သဲကျောက်ရုပ်ကြွ (၂)မှာ၊ ဗုဒ္ဓရဲ့ ဘယ်ဘက် သင်္ကန်းအနားပေါ်က ရှေးမွန်စာ ၂၃ ကြောင်းနဲ့ ညာဘက်သင်္ကန်းအနားပေါ်က ရှေးမွန်စာ စာကြောင်းတချို့ပါတဲ့ အပိုင်းကိုတွေ့ ရလို့ သိပ်အရေးပါပါတယ်။ အဲဒီရုပ်ကြွတွေက မွန်လက်ရာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
သုံးထားတဲ့ သဲကျောက်အမျိုးအစားနဲ့ လက်ရာပုံစံကလည်း တခုထဲဖြစ်လို့ တခေတ်ထည်းမှာ ထုလုပ်တာဖြစ်နိုင်တဲ့ တတိယမြောက်ရုပ်ကြွကို သထုံမြို့ ရွှေစာရံ အနောက်မြောက်မှာရှိတဲ့ ဓမ္မာရုံမှာ တွေ့ရတယ်။ အဲဒီကျောက်ပြားရုပ်ကြွမှာပါတဲ့ ရှေးမွန်စာ စာကြောင်းတွေက ကော့ဂွန်းဂူမှာတွေ့တဲ့ ကျောက်ပြားရုပ်ကြွ (၂) ရဲ့ စာတွေအတိုင်းပါ။
အဲဒီတာဝတိံသာနတ်ပြည်က ပြန်လည်ဆင်းကြွလာတဲ့ဟန်ကို ပူဇော်ထားတဲ့ ရှေးဟောင်းပုဂံခေတ် လက်ရာတွေကို တွေ့ရတယ်။ မဟာကရုဏာမုဒြာနဲ့ ထင်ထင်ရှားရှား လက်ရာကောင်းမွန်တဲ့ ပန်းပုရုပ်ကြွအနေနဲ့ ၁၂ ရာစုစောစောပိုင်း ပုဂံခေတ်လက်ရာကို အာနန္ဒာဂူဘုရား (၂၁၇၁/၁၄၆၅) မှာ တွေ့ရပါတယ်။
အင်မတန်ကြည်လင်ပြတ်သားတဲ့ နံရံဆေးရေးပန်းချီအနေနဲ့ ၁၂ ရာစု စောစောပိုင်း ပုဂံခေတ် လက်ရာ မြင်းကပါ ဂူပြောက်ကြီးဂူဘုရား (၁၃၂၃/၆၄၇) မှာ တွေ့ရပါတယ်။ မဟာကရုဏာမုဒြာနဲ့ အထင်အရှားတွေ့ရပါတယ်။ ပုဂံမြို့ဟောင်းက တခြားဂူဘုရားတွေမှာလည်း ဆင်ဆင်တူတာတွေ ရှိပါသေးတယ်။
တာဝတိံသာနတ်ပြည်က ဗုဒ္ဓ ပြန်လည်ဆင်းကြွလာတဲ့ဟန်
နံရံဆေးရေးပန်းချီ၊ ၁၂ ရာစု ပုဂံခေတ်၊
မြင်းကပါ ဂူပြောက်ကြီးဂူဘုရား၊ ပုဂံ
ပုဂံမြို့ဟောင်းတနေရာမှာ အကောင်းပကတိတွေ့ရှိရတဲ့ ပုဂံခေတ်လက်ရာ ရှားရှားပါးပါး သစ်သားပန်းပုကိုတော့ ပုဂံပြတိုက်မှာ ထိန်းသိမ်းထားပါတယ်။
‘သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး’ ဆိုတဲ့ ရှေးခေတ် ၁၂ လရာသီ မိုးဖွဲ့လင်္ကာအတိုင်း၊ သီတင်းကျွတ်လမှာရွာတဲ့မိုးက ဘုရားစေတီတွေရှေ့မှာရှိတဲ့ ဆွမ်းသင်ပုတ်ပလ္လင်တွေကို သန့်ရှင်း ဆေးကြောပေးသလိုပဲ သည်းသည်းမည်းမည်းကြီး ရွာစွေလေ့ရှိတယ်။ ပလ္လင်ဆေးမိုးက အညစ်အကြေးတွေကို သန့်ရှင်းပေးသလို၊ တိုင်းသူပြည်သားအပေါင်းကလည်း ဆီမီး မြင်းမိုရ်ပွဲ ခြိမ့်ခြိမ့်သည်းသည်း မစဲအောင် ထွန်းညှိပြီး ဗုဒ္ဓကိုပူဇော်ကြ၊ ဆုတောင်းကြတာပါပဲ။
သီတင်းကျွတ်အချိန်အခါကစလို့ မြန်မာပြည်တပြည်လုံး မြူမှောင်ဝေးကင်း၊ သန့်ရှင်းဖြူစင်၊ အမှောင်ခွင်းလို့ အလင်းကိုဆောင်နိုင်ကြပါစေ။
“တိုင်းခွင်ကြီးအောင်ချာမှာ
ဆီမီးဝါထိန်ထိန်ဝင်းလို့၊ လင်းလှတယ်လေး။”
မဟာအတုလမင်းကြီး
ဆီမီးဝါထိန်ထိန်ဝင်းလို့၊ လင်းလှတယ်လေး။”
မဟာအတုလမင်းကြီး
အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း
(၁) ဆယ့်နှစ်ရာသီ စာပန်းချီ (ဒဂုန် နတ်ရှင်)၊ ၁၉၆၇
(၂) တဆယ့်နှစ်လမိုး (ဒဂုန် ဦးစန်းငွေ)၊ ၁၉၇၂
(၃) မြန်မာ့ရိုးရာ ပဋိမာသိပ္ပံပညာ၊ မုဒြာများ (စဝ်ထွန်းမှတ်ဝင်း)၊ ၁၉၇၇
(၄) Pictorial Guide to Pagan: 1971
(၅) Historical Sites In Burma (Aung Thaw): 1978
(၆) Burma Art and Archaeology by Alexandra Green and T. Richard Blurton: 2002
No comments:
Post a Comment