04 August 2010

Maung Aung Pwint’s Poem

လူမ တောင်ဇလတ်ဖြူ
မောင်အောင်ပွင့်
သြဂုတ် ၄၊ ၂၀၁၀

ငါ့အပျိုမ မင်းရဲ့ဝတ်စုံဟာတောင်
ငါ့မျက်စိထဲ သိပ်တင့်တယ်လှပတယ်
နာသုံးနာနဲ့ မေတ္တာနဲ့ ပညာဝေငှတဲ့ သင်္ကေတ
နို့လို အဖြူရောင် တောလိုတောင်လို အစိမ်းရောင်
မင်းအလုပ်က ဖြူစင်တယ် မင်းစိတ်နေက ကြီးမြတ်တယ်
ဒါလောက် လောကဓံလေရိုင်းတဝူးဝူးထဲ
မင်းက နွမ်းမသွားဘူး
ငါ့ရဲ့မင်းကို ဘယ်ပန်းနဲ့ နှိုင်းရပါ့ နှိုင်းရပါ့
ဆယ်စုနှစ် နှစ်စုသာ ကြာသွားရော
ကဗျာဆရာငါ ကိုယ့်ကိုယ်ကိုယ် အားမရဖြစ်ရ
အိပ်မက် မက်သလိုကနေ ဒီတောင်နား ရောက်သွားမှ
တောင်ပေါ်လေရိုင်းထဲမှာ ငါ့အချစ်ပန်းကို တွေ့ရပြီ
မင်းဟာ တောင်ဇလတ်ဖြူ
ဒီတောင်ပေါ် လေရိုင်းတွေကြောင့်ပဲ မင်းသန့်စင်နေတော့တာ။

ချစ်သူပါးက သနပ်ခါး နမ်းမဝဘူး
ချစ်သူ့ပါးက နံသာလနှစ်စင်း ရှုမဝဘူး
ဒို့ရဲ့ လစ်ဗင်းတူဂဲလ်သား ဂျူးရဲ့ဝတ္ထု ‘အမှတ်တရ’ ထက်စောတော့မပေါ့
ပြောပြရင် မောသွားမယ်
ဆတ်နဲ့ မဒမ်ဒီဗိုဗွား ဖျားသွားမယ်
အဲဒိတုန်းက ကန်တော်ကြီးဟာ ဒို့ရဲ့မနက်ခင်း ဧဒင်ဥယျာဉ်၊
အဲဒိတုန်းက ခရေပင်ပေါက်ကလေးတွေ
သမီး ၁၄ နှစ်အရွယ်ရောက်လို့ သူနဲ့ဒို့ တခေါက်ပြန်ရောက်သွားတော့
အပွင့်တွေ အသီးတွေဝေလို့
အဲဒိတုန်းက အရွက်ကလေး နှစ်ရွက်သာ ထွက်သေးတဲ့
အပင်ပေါက်ကလေး ဒို့နှစ်ဦး
အခုတော့ မိသားစုတောအုပ် စည်ဝေလို့
ဒို့မျက်ရည် ဒို့ချွေးတွေနဲ့
ပိုစိမ်းလန်း ပိုမွှေးပျံ့နေသလား တောင်ဇလတ်ဖြူ။

“ပုသိမ်မှာ မောင်အောင်ပွင့် ဇနီး နန်းညွန့်ရွှေ
သား မောင်ကြီးငြိမ်းချမ်း သမီး လုံမငြိမ်းချမ်း
မချမ်းသာပေမယ့် လွမ်းစရာကွဲ့” လို့
အောင်ဝေးလွမ်းထားတဲ့ ဒို့မိသားစု
တယောက်မကျန် ခွေးကိုက်ခံရဖူးတာ နာလှတယ်
(ခွေးလေခွေးလွင့်ကလည်း တယ်ပေါကိုး)။

ရွာထိပ်က ခွေးဟောင်သံ တရွာလုံးထိတ်လန့်ကုန်ကြရတယ်လို့
ငြိမ်းချမ်းရေး မရှိလိုက်ပုံများ
လမ်းထိပ်က ခွေးဟောင်သံ
စားလက်စ မိသားစု ညစာ စားပွဲကို လှုပ်ခါယိုင်ရွဲ့သွားစေတယ်
ငြိမ်းချမ်းရေး မရှိလိုက်ပုံများ။

ဆရာကြီးမင်းသုဝဏ် ‘သပြေညို’ ကဗျာ
ဆယ်နှစ်တိတိကျကြာ တိုက်ဆိုင်ပုံမျိုး
ငါ့ ‘ငြိမ်းချမ်းရေး ညစာ’ ကဗျာ ဆယ်နှစ်မက ကြာပင်ကြာငြား
ငြိမ်းချမ်းရေးညစာ တပြည်လုံး တနေ့တော့ စားကြရမယ်
ငါ ယုံကြည်တယ် တောင်ဇလတ်ဖြူ။

မမှတ်မိနိုင်သေးတဲ့ အရွယ်ကတည်းက
ပြည်တွင်းစစ်မီးတောက် မီးလျှံတွေကြား ပျောက်သွားတဲ့ ငါ့အမေ
ဒီတော့ မင့်မျက်နှာကိုပဲ ငါ့အမေမှတ် လွမ်းပါရစေ
မင်းဟာ င့ါအမေမလေး ငါ့အချစ်မ
င့ါမြတ်နိုးမှုကို အန်ထုတ်ပြရရင် မင်းဟာ ငါ့ကဗျာမ
မင်းရဲ့ အသားအရောင်ကိုတောင် ငါစွဲလန်းတယ်
မင်းဟာ တောင်ဇလတ်ဖြူ
မင်းရဲ့ကိုယ်သင်းနံ့ကို ငါ ခုံမင်တယ်
မင်းဟာ တောင်ဇလတ်ဖြူ။

တောင်ဇလတ်ဖြူရေ …
မြင်မြင်ချင်း ဘာကြောင့်ချစ်ရတာလဲတဲ့
မင်းမို့မေးပဲ မေးတတ်ပလေတယ်
ငါက ရှေးရေစက်ကြောင့်လို့ပြောမယ့် လူစားလား
ခံစားမှုနဲ့မေးသူကို ခံစားမှုနဲ့ဖြေ တနေကုန်လို့ ပြီးမလား
တောင်ဇလတ်ဖြူရေ …
သူ ချစ်ပုံပြောပါတယ်
ချစ်သူတွေကို ချစ်တာ လောကကြီးကို ချစ်တာ
သူက ခုဘဝမှာပဲ ပုံအောချစ်သွားချင်ရဲ့
နောင်ဘဝကျ ချစ်ရဦးမယ်
ငှက်ဖြစ်တောင် တကိုင်းတည်း နားကြဦးမယ်
အဲဒါက ဒီဘဝလောက် သေချာတာမှ မဟုတ်တာ။

အတိုင်းအဆမဲ့ထဲကို မဆုံးတော့တဲ့ အတွေးချည်မျှင်မချချင်ဘူး
တမလွန်ဘဝဆိုတာဆီ ဘာဆိုဘာမှ ပုံမချချင်ဘူး
ဒီလူ့ဘုံကို ခုံမင်မက်မော အတောသတ်နိုင်မလား တောင်ဇလတ်ဖြူ။

လူတွေရှင်သန်ဖို့ကို တပ်မက်ကြရဲ့
ဘာကြောင့်ဘဝကို မချစ်ရဲကြတာလဲ
ကြည်အေးရဲ့ ‘သစ္စာသစ်’ ဖတ်ဖြစ်ကြစေချင်တယ်
ဖတ်ပြီးရင်လည်း ထပ်ထပ် ဖတ်ကြစေချင်တယ်
သေဖို့ ကြောက်လှချည့်
အဲဒိကြောက်ဖို့ကိုပဲ ကြောက်လို့ မေ့ထားကြ
ဘဝမှာ တပ်မက်သင့်တာ တပ်မက်ကြ
ကြောက်ရွံ့သင့်တာ ကြောက်ရွံ့ကြ
ဒီလိုမဟုတ်လား တောင်ဇလတ်ဖြူ။

ဆောင်းညမှာ မင်းကိုယ်က မွှေးတယ် နွေးတယ်
နွေညမှာ မင်းကိုယ်က မွှေးတယ် အေးတယ်
ဒီနှစ်ခုလေးကြောင့်နဲ့တောင် မင်းနဲ့မခွဲချင်ပါဘူးကွာ
သနပ်ခါး ကသက်ကယက်နဲ့ မင့်ခြေခုံကို ငါနမ်းရှိုက်လိုက်တယ်ဆိုရင်
ငါ့ကို ဘဝပုံအပ်သူကို ငါ အရိုအသေပြုတာ
လူ့ကိုယ်ကို အောက်ပိုင်း အထက်ပိုင်း အယုတ်အမြတ်ခွဲတာကို
ငါ သဲသဲကွဲကွဲ ဆန့်ကျင်ပြလိုက်တာ၊
ယောက်ျားနဲ့ မိန်းမ၊ ယောက်ျားမှ မြင့်မြတ်တယ် အဆိုကို
ငါ့နည်း ငါ့ဟန်နဲ့ ပုန်ကန်ခြားနားပြတာ။

တောင်ဇလတ်ဖြူရဲ့ ကလေးတွေ အရိပ်ရအောင်
ပိတောက်ပင် စိုက်ပေးဖူးတယ်
မျက်မမြင် သူဆင်းရဲမလေးကို မျက်မမြင်ကျောင်း ပို့ဖူးတယ်
လမ်းစရိတ်ပြတ်သူကို ထောက်ပံ့ဖူးတယ်
ဆာနေသူကို ထမင်းကျွေးဖူးတယ်
ချမ်းနေသူကို စောင်မျှပေးဖူးတယ်
လမ်းပေါ်က ပုလင်းကွဲကို ကောက်ဖယ်ဖူးတယ်
ဒီလို ဒီလောက် သေးဖွဲတဲ့ ကောင်းမှုတွေလောက်နဲ့တော့
ငါ့အလောင်းစင် ရွှေထီးလေးလက် မဆင်ရမှာ ငါသိရဲ့။

ငါ့တိုင်းပြည် ငါ့ပြည်သူတွေအတွက်
‘ငြိမ်းချမ်းရေညစာ’ ငါ ရှာတယ်
ငါ့ကောင်းမှုဝေစုတိုင်းမှာ ငါ့မိသားစုပါတယ်
ငါစိုက်တဲ့အရိပ်အောက်မှာ ကလေးတွေပျော်
ဒါလောက်ဆို ငါ တော်ပြီ တောင်ဇလတ်ဖြူ။

ပြည်သူတွေရဲ့ နာကျင်တဲ့နှလုံးသားအပေါင်းနဲ့
ငါ့နှလုံးသားအတူခုန် မင်းလည်း အတူခုန်တယ်
‘ငြိမ်းချမ်းရေးညာစာ’ ငါ ဆာသလို မင်းဆာတယ်
တောင်နဲ့ မြောက်တန်း ဒို့အိမ်ရှေ့လမ်းကလေး ငြိမ်းချမ်းစေဖို့
တပြည်လုံး ငြိမ်းချမ်းပါမှာလို့ ငါ သိသလို မင်းသိတယ်
သေနတ်သံ မကြားရတိုင်း ငြိမ်းချမ်းရေး မဟုတ်ပါလားလို့
ငါ ယုံသလို မင်းယုံတယ်
မင်းဟာ ငါ့နံရိုးတချောင်းရဲ့ ငါ့ကိုယ်ပွား
မင်းဟာ လူမအစစ်ပဲ တောင်ဇလတ်ဖြူ။

တိုက်တိုက်ဆိုင်ဆိုင်
ငါ့ ၅၉ နှစ်မြောက် မွေးနေ့ပွဲလေးကျင်းပနေတုန်း
ငါ့ယာဘက် အံသွားတချောင်း ဗွေဆော်ဦး ကြွေတယ်
ဒီနေ့မှာပဲ ယာဆာအာရာဖတ် သေတယ်
သူသေတာ သူ့တရား သေတာမဟုတ်
ငါ့အံသွားကြွေတာ ငါ့တရား ကြွေတာမဟုတ်
ဒီ ၂၀၀၄ ခုနှစ်ထဲမှာ မြေးနှစ်ယောက်ရတော့မယ့် သတင်း
ကမ္ဘာ့ဆုနှစ်ဆုရတဲ့သတင်း ရတယ်
ငါ့မြေးနှစ်ယောက်အတွက် ငါ့ပြည်တွေအတွက်
ငါ လမ်းလျှောက်လေ့ကျင်ခန်း မနက်တိုင်းပိုလုပ်နေပြီ တောင်ဇလတ်ဖြူ
ငါ့ခြေလှမ်းတွေကို ငါ
ပိုယုံကြည်သထက် ပိုယုံကြည်တယ် တောင်ဇလတ်ဖြူ။

မှတ်မိလား ဇီးချိုင်ပင်လယ်ကမ်းခြေမှာ မင်းရယ် သမီးရယ် ငါရယ်
သမီးအလယ်မှာထား ခြေလှမ်းအဖြောင့်ပြိုင်ကြတာ
“စိတ်ကောင်းရှိသူမှ ခြေလှမ်းဖြောင့်တန်းတာနော်” လို့
ငါက ကျီစယ် စလိုက်သေး
ဒို့တွေ အဝေးကြီးလျှောက်ခဲ့ကြပြီး နောက်ပြန်ကြည့်ကြတော့
ငါ့ ဘယ်ညာခြေလှမ်းတွေသာ
ဟိုး အဝေးဆီမှာ မျဉ်းတဖြောင့်တည်းဖြစ် ဖြောင့်လို့ တန်းလို့
မျက်လုံး အဝိုင်းသားလေးဖြစ်သွားတဲ့
မင်းတို့ကို ငါ့လျှို့ဝှက်ချက် ပြောပြရတယ်
ကိုယ်လျှောက်မယ့် တူရူအဝေးကြီးမှာ အမှတ်အသားတခုပြု
အဲဒီကို မျက်ခြည်မပြတ်တမ်း စူးစိုက်ကြည့် လျှောက်ပါလို့၊
ဒီတခါ ပြန်လျှောက်ကြတော့
ဒို့သုံးဦးသား ဖြောင့်တန်းသွားပါရောလား
‘ခြေလှမ်းဖြောင့်သူ စိတ်ကောင်းရှိတယ်
စိတ်ကောင်းရှိသူ ခြေလှမ်းဖြောင့်တယ်’ တောင်ဇလတ်ဖြူ။

လိုတရသတဲ့၊ လာဘ်ရွှင်သတဲ့၊ ၁၁ မီးငြိမ်းသတဲ့၊
အမွှေးတိုင် ကြော်ငြာတွေဆိုတာ
မီးခိုးတွေ မိုးမွှန်နေတော့တယ်
‘အကြောတို့ ကြွက်သားတို့က ဆုတောင်းတာထက် သစ္စာရှိတယ်’
မာယာကော့စကီးစကား စွဲမြဲတာ ငါ မှားတယ်
ကာဗွန်ငွေ့တွေကို ကျန်းမာရေးအမြင်နဲ့ကြည့်တာ ငါ မှားတယ်
အမွှေးတိုင်လုပ်ဖို့ ခုတ်လှဲခံ မန်းကျည်းပင်ကြီးတွေကို
သဘာဝဝန်းကျင်အမြင်နဲ့ နှမျောတာ ငါ မှားတယ်
၂၁ ရာစုရောက်တဲ့အထိ
မင့်လက်ချောင်းလေးတွေ မြေဖြူစွန်းပေတုန်း
မြေဖြူမှုန်တွေကို ကလေးတွေနဲ့အတူ မင်းရှူနေရတုန်း
အဲဒါကို အကြီးအကျယ်သဘောမတူတာ ငါမှားတယ်
ငါဟာ အဲဒီလိုအမှားတွေနဲ့လူပါ တောင်ဇလတ်ဖြူ။

တနေ့ခင်းသား ဝုန်းခနဲ
အုတ်ခဲတပိုင်း သူ့အလိုလို ပြုတ်ကျ၊ ကြမ်းပြင်ချိုင့်ခွက်သွားပါရော
အိပ်နေမိရင် ငါ့ခေါင်းတည့်တည်ထိမှာ၊ ထိုင်နေလို့သာ
ကံကောင်းကံဆိုးဆိုတာ အိပ်ခြင်း ထိုင်ခြင်းနဲ့လည်း ဆိုင်သကိုး
အဲဒါ နည်းနည်း ရိုးမနေဘူးလား
ဆရာစံတို့ခေတ်ကတည်းက အကျဉ်းတိုက်တွေ
လူကိုလူက ချုပ်နှောင်တဲ့ ဓလေ့
အုတ်အင်းဂတေထက်တောင် ခိုင်နေပါရောလား
ဒီည ငါ ခေါင်ရင်း ခြေထိုးအိပ်လိုက်တယ်
ဟုတ်တယ်၊ ဒင်းကို ဒီကံတရားဆိုတာကြီးကို
ခေါင်းမပေးဘူး ခြေပဲ ပေးမယ် တောင်ဇလတ်ဖြူ
ငါက ဒီလိုလူစား။

လက်တဖက်က ဂန္ဓမာပန်း ဆွတ်ဆွတ်ဖြူတွေကို
ရင်ခွင်ထဲမှာ ပွေ့ဖက်ထားလို့
နောက်လက်တဖက်က အပြည့်အမောက်ဆွဲခြင်းကို ဆွဲလို့
ခေါင်းပေါ်မှာ ဖီးကြမ်းငှက်ပျောထိန်ထိန်ဝါကို ပန်လို့
ပါးနှစ်ဖက်မှာတော့ နံ့သာလနှစ်စင်း ဝင်းလို့ ထင်းလို့
လမ်းတလျှောက်လုံးက နှင်းတွေကိုပါ
ကောက်ကောက်ပါအောင် ခေါ်ခဲ့သေးတယ်
အဲဒိဆောင်းမနက်ခင်း မင်းဈေးပြန်မြင်ကွင်း
ငါ့ရင်ထဲက ပန်းချီကား
ငါ ဘယ်သွားသွား ဘယ်ရောက်ရောက်
ဘယ်တော့မှမပျောက်တော့ပါဘူးကွာ။

အိမ်ဦးခန်းက ဘုရားစင်ကို ‘ဘုရားစင်’ လို့
လူတကာခေါ်သလို ငါခေါ်မိတာကို
‘ဘုရားကျောင်း’ လို့ ခေါ်ပါတဲ့ မင်းသင်ပေးတယ်
ဘုရားကျောင်း၊ ဘုရားကျောင်း၊ ဘုရားကျောင်း
ဟုတ်ကဲ့ပါ ဆရာမ
နေပူထဲသွားရင် ဦးထုပ်ဆောင်းပါတဲ့
ဟုတ်ကဲ့ပါ ဆရာမ
လ္ဘက်ရည်မသောက်နဲ့၊ ပန်ကရိယထိတယ်
ဆောင်းပါးတပုဒ်မှာ တွေ့တယ်တဲ့
ဟုတ်ကဲ့ပါ ဆရာမ
အားနားမှုများတာ မကောင်းဘူးတဲ့
ဟုတ်ကဲ့ ဆရာမ
မင်းဟာ ငါ့ဆရာမ၊ မင်းဟာ ငါ့မိခင် ငါ့နှမ၊
ငါ့အချစ်မ၊ ငါ့ ကဗျာမ၊
မင်းဟာ ငါ့ဆောင်းနံနက်ခင်း၊ ငါ့လမင်း
မင်းဟာ ငါ့ဥယျာဉ်တော်။

ဟိုတခေါက် ထောင်ဝင်စာ တွေ့ကြတုန်းက
‘အိမ်ထောင်သက် ၃၀ ကျော်မှာ
ထက်ဝက်ကျော်ကျော် အတူမနေရဘူး’ တဲ့
မင်းရယ် သံယောဇဉ်ဖွဲ့ ညည်းငြူသွားရဲ့
မြို့ပြေးဘဝ၊ အကျဉ်းသားဘဝတွေ နုတ်လိုက်တော့
ဟုတ်လိုက်လေ တောင်ဇလတ်ဖြူရေ …
ရိုးမြေကျ မကွဲမကွာ ပေါင်းရအောင်လို့တဲ့
မင်းလေ မင်းနဲ့ ငါ့နေ့နံ နှစ်ခု ဘုရားထု ပြီး ရွှေချ
ဘုရားကျောင်းမှာကိုးကွယ်
ပလ္လင်ပေါ်မှာ မင်းနေ့နံညောင်သား
ဆင်းတုက ငါ့နေ့နံ အုန်းနှဲသား
ဒို့နှစ်နံစပ်ဘုရားရဲ့ ပလ္လင်နေရာမှာ မင်းမှမင်း၊
ငါ ခရီးထွက်မယ်ပြင် အင်္ကျီကြယ်သီးတွေ တပ်ပေးတတ်တယ်
မင်းလက်နဲ့ထိလိုက်မှ ငါ့ရင်ဘတ်ထဲက
ငါ့အင်ငါ့အားတွေ မဖိတ်စင်တော့တာ
ငါ့ခြေဦးမှာ ဖိနပ်နှစ်ဖက်ယှဉ် အသင့်ချပေးတတ်တယ်
ကမ္ဘာပတ်နိုင်တဲ့ သတ္တိသွေးတွေ ငါ့ကိုယ်ထဲစီးဆင်းလှည့်ပတ်ပြီ
ကမ္ဘာပတ်ဖို့ဟာ ဒို့အိမ်ရှေ့ကနေ ငါ့ခြေတလှမ်းစရမှာ
မင်းက ငါ့ပါရမီဖြည့်ဖက် အမွန်စင်စစ်ဖြစ်လေရဲ့။

သူတို့ကတော့ ငါ့ကို သင်းသတ်သလို သတ်နေတဲ့အပြင်
ငါ့အထုပ္ပတ္တိကိုပါ ဖျက်ဆီးနေကြတာ
ဆရာဇော်ဂျီစကား ကြားယောင်တယ်
“စစ်ကြီးက သိပ္ပံမောင်ဝကိုသာမက
သူ့အထုပ္ပတ္တိကိုပါ ဖျက်ဆီးပစ်တယ်” တဲ့
အလျဉ်းသင့်လို့ ဆက်နွယ်တာတောင် ငါ့အမည်သုံးစွဲခွင့် မရလို့
မောင်သင်းခိုင်နဲ့ ငခါး(ကွမ်းခြံကုန်း)တို့က
‘အလွမ်းပင်တော ကဗျာဆရာ’ တဲ့
မြဆင့်ချယ်တို့က ‘ငါးရိုးနင်တဲ့ ငွေလမင်း’ တဲ့
‘ပုရွက်ဆိတ်’ လို့ သင်္ကေတ ပြုသူက ပြု
ဟုတ်တယ်၊ ငါဟာ ပုရွက်ဆိတ်တကောင်ပဲ
“ပျင်းရိသူမြင်ရင် ပုရွက်ဆိတ်ထံ အသွားခိုင်းပါ”
ခရစ်ကျမ်းတော်လာ စကား
ငါ ဦးထိပ်ထားတယ် တောင်ဇလတ်ဖြူ။

ငါ့ဆီမှာ ဆီးချိုရှိနေမှန်း
ငါ့ပုရွက်ဆိတ်တွေကပဲ ကျေးဇူးပြုကြ
ငါ့ဆီးမှာ အုံပြ အသိပေးကြလို့ ငါ စ,သိရတာ။

ပုရွက်ဆိတ်တွေကို လူထုသင်္ကေတာပြု
ငါကဗျာတွေ ရေးခဲ့တယ်
၁၉၈၇-၈၈၊ ၁၃၅၀ ပြည့် အရေးတော်ပုံ ကာလနီးလေးမှာပေါ့
စပယ်ဖြူကဗျာပန်းရုံမှာ ပုရွက်ဆိတ်တွေ အုံခဲသွားရော
အဲဒိကတည်းက ငါ့ကို ပုရွက်ဆိတ်ကြီးလို့
ငါရောက်လေရာမှာ
ကဗျာချစ်သူတွေက ခေါ်တတ်ကြတယ် တောင်ဇလတ်ဖြူ။

ခရစ်တော်လဲကျရာ
မယ်တော်မာရီယာ အူယားဖားယားပြေးသွားတဲ့
ခြေလှမ်းတွေထက် မလျော့တဲ့မေတ္တာနဲ့
၁၉၉၉ အောက်တိုဘာ ၃ ရက်နေ့မှာ ငါ လဲပြိုတော့
အမေနဲ့သမီး သုတ်သီးသုတ်ပြာ ပြေးလာလိုက်ကြတာ၊
တခါလာ မတွေ့ရ၊ နှစ်ခါလာ မတွေ့ရ၊ သုံးခါလာ မတွေ့ရ
လေးခေါက်မြောက်မှ တွေ့ကြရတော့တယ်
မဒ္ဒီရဲ့ ချစ်သူတို့ဆီခရီး
မြွေကြီး ကျားကြီး တားဆီးထားသလိုမျိုးကိုး။

သား မောင်ကြီးငြိမ်းချမ်း၊ သမီး လုံမငြိမ်းချမ်း
သူတို့သက်တမ်းအတွင်း ငြိမ်းချမ်းရေး ဝေးသေးတယ် ထား
(ကမ်းကုန်အောင်ပြောတာပါ)
ဒို့မြေး ‘ငြိမ်းချမ်းခေတ်’ တို့ကာလာမှာတော့
ငြိမ်းချမ်းရေး ပြေးမလွတ်ဘူး
တိုင်းပြည်ငြိမ်းချမ်းရေး ရမရ ဘယ်သူလောင်းရဲလဲ၊ လာ
ငါ့က ငြိမ်းချမ်းရေး ရမယ့်ဘက်က
မာရ်နတ်ကို မာရ်နတ် မာရ်နတ်လို့ တစာစာခေါ်ရင်
မာရ်နတ် နားမခံသာလို့ ပြေးရော
ငြိမ်းချမ်းရေးကို ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးလို့
ဂါထာရွတ်သလို ရွတ်နေရင်
ငြိမ်းချမ်းရေးက နားဝင်ချိုလို့ ပြေးလာရော
ငါ့ကိုယ်တွင်းမှာ အောက်စီဂျင်နဲ့ ငြိမ်းချမ်းရေး
ရောနှောစီးဆင်းလည်ပတ် တဖျင်းဖျင်း ထနေတယ်
၂၀၀၅ မတ် ၂ ရက်နေ့မွေး ဒို့မြေးဦး သားယောက်ျားကို
‘ငြိမ်းချမ်းခေတ်’ လို့ ငါ အမည်ပေးလိုက်ပြီ တောင်ဇလတ်ဖြူ
မောင်ကြီးငြိမ်းချမ်း၊ လုံမငြိမ်းချမ်း ဘယ်သူနောက်ထပ်မွေးမွေး
ကျားဆိုရင် ‘ငြိမ်းချမ်းခေတ်လူ’
မဆိုရင် ‘ငြိမ်းချမ်းခေတ်သူ’
သူတို့ညီအကိုချင်းတွေ သူတို့မောင်နှချင်းတွေ
သူတို့အမည်တွေ တူနေကြပစေ
သူတို့ဖိုးဖိုး ငြိမ်းချမ်းရေး ယုံကြည်ခဲ့ ချစ်ခဲ့တာ
အဲဒိလောက် သည်းခဲ့ ရူးခဲ့သကွဲ့ တောင်ဇလတ်ဖြူရဲ့။

မင်း မကြာခဏ ပြောလေ့ရှိတယ်
သေရမယ်ဆိုရင် ငါ့အရင် မင်းသေချင်တယ်တဲ့လေ
မင်းငါ့ကို လွမ်းမကျန်ရဲတာလား
‘ဝန်ကတော်သေ တကျပ်၊ ဝန်ကြီးသေ တမတ်’
မျက်နှာကြီးရာ မြော်မြင်တတ်တဲ့ လောကဓံကို
မင်း ရင်မဆိုင်ချင်တာလား
အောက်ချင်း ငှက်ဖို ငှက်မ သစ္စာထားကြသလိုတဲ့
တကောင်သေရင် တကောင်လိုက်သေတယ် ဆိုတာ
တကယ်ဟုတ်ရဲ့လား
တကောင့်နောက်က တကောင်လိုက်သေတာ
သစ္စာတရားလား တောင်ဇလတ်ဖြူ
ငါသေရင် မင်းလောကထဲမှာ
အလွမ်းရဲရဲ အနေမြဲမြဲ ကျန်ရစ်ပါ
မင်းသေရင် ငါ လောကထဲ အနေရဲရဲ ကျန်ရစ်မယ်
သစ္စာတရားဟာ ရှင်လျက်စောင့်စည်းရတာမျိုးဆိုတာ
သက်သေထူပြမယ် တောင်ဇလတ်ဖြူ
အဖိုးကြီးက အဖွားကြီးကို လွမ်း၊ အမယ်ကြီးက အဖိုးကြီးကို လွမ်း
လွမ်းစရာရှိလို့ လွမ်းရတယ်၊ လွမ်းကြမယ် တောင်ဇလတ်ဖြူ
ဒီသား ဒီသမီး ဒီမြေး ဒီမြစ်တွေနဲ့ လောကကြီးကို ချစ်မဝဘူး
ဒို့အချစ်ကို ဘာကြောင့်မှာ ချုံ့မပစ်ဘူး
ရှင်သန်းခြင်းကို မသေမချင်း ချစ်နေမယ်
ဒီလူ့ဘုံကို
ခုံမင်မက်မော အတောမသပ်ဘူး တောင်ဇလတ်ဖြူ။

မင်းဟာ ငါ့မိခင် ငါ့နှမ
ငါ့ အချစ်မ ငါ့ကဗျာမ
မင်းဟာ ငါ့ ဆောင်းနံနက်ခင်း၊ ငါ့ လမင်း
မင်းဟာ ငါ့ ဥယျာဉ်တော်။ ။

သရုပ်ဖော် - အောင်ထက်

No comments:

Post a Comment