အကို ဖားထွက်ရိုက်သလိုမျိုး
လူဗိုလ်
စက်တင်ဘာ ၂၇၊ ၂၀၀၉
(၁)
ခုလိုမျိုးမိုးဦးညတွေမှာ သံစုံတီးဝိုင်းဆန်ဆန် ဖားအော်သံတွေကြားရပြီဆိုရင် ကျနော့်အကို့ကို သွားသွားသတိရ မိတယ်။ အကိုက ကျနော်တို့မောင်နှမတွေထဲမှာ ဒုတိယ။ ကျနော်နဲ့က တယောက်ခြား။ မောင်နှမတွေက တယောက်နဲ့ တယောက် ၅ နှစ်လောက်စီ ခြားကြတော၊့ အကိုနဲ့ကျနော်က ၁၀ နှစ်လောက် အသက်ကွာတယ်။ ကျနော်တို့ကြားမှာ အမဖြစ်နေတော့ အကိုနဲ့ကျနော်က ယောက်ျားလေးချင်း ပြောဖော်ဆိုဖော်လေ။ အသက်ကကွာတော့ သူငယ်ချင်းပေါင်း တော့လည်း မဖြစ်ခဲ့။ အကိုကြီးအဖရာ လိုလို။ ဆရာတပည့်လိုလို ဆက်ဆံရေး။
အလွယ်ပြော ပြောရရင် ခပ်ငယ်ငယ်ကဆိုပါတော့ဗျာ။ ကျနော်က ၅ တန်းကျောင်းသား။ အကိုကတော့ ၁၀ တန်း ကို (ခ) အဆင့်နဲ့အောင်ထားပြီး ရပ်ကွက်သမ၀ါယမဆိုင်မှာ စာရေးဝင်လုပ်ရင်း ၁၀ တန်းကိုပြန်ဖြေနေတဲ့ အချိန်ပေါ့။ အကိုက ကျနော်တို့ကို ညည စာသင်ပေးတတ်တယ်။ သူ့လစာလေးထဲက ကျနော်တို့လိုအပ်မယ့် ကျောင်းသုံးပစ္စည်း လေးတွေ ၀ယ်ဝယ်ပေးတတ်တယ်။ မုန့်ဖိုးလေးတွေ မကြာမကြာပေးတတ်တယ်။ အထူးသဖြင့် ပန်းချီဝါသနာပါတဲ့ ကျနော့် ကို ပုံဆွဲစာအုပ်တို့၊ ရောင်စုံခဲတံတို့ဝယ်ပေးတတ်တယ်။ ဒါအပြင် ရွှေသွေးတို့၊ တေဇတို့ကိုလည်း ပုံမှန်ဝယ်ပေးလေ့ရှိတယ်။
ဒီတော့အကိုက ကျနော်တို့အတွက် လေးစား၊ အားကိုးရာ။ အကို့စကားဆို ကျနော်တို့နားထောင်ကြတယ်။ လေး လေးနက်နက်လည်းခံယူကြတယ်။ ပြောကြစတမ်းဆို အဖေတို့အမေတို့ထက်တောင် အကိုစကားကအောင်တယ်။
တမနက်။ တိတိကျကျပြောရရင် သောကြာနေ့မနက်၊ ကျနော်တို့ကျောင်းသွားဖို့ ပြင်နေချိန်။ အကိုလည်း ရုံးသွား ခါနီး။ တခုခုပြောချင်နေတဲ့မျက်နှာနဲ့ အကို ကျနော့်အနားကိုကပ်၊ ပုခုံးကိုတချက်ပုတ် ပြီး …
ညီလေ့း့  အကို ဒီညဖားထွက်ရိုက်မယ်ကွ တဲ့။
ဒီလောက်သာပြောပြီး အိမ်ပေါ်ကဆင်းသွားတဲ့ အကို့ကျောပြင်ကိုကြည့်ရင်း ကျနော့်အတွေး၊ စိတ်ကူးတွေက အကို ဖားရိုက်မထွက်ခင် ဖားတွေလိုက်ရိုက်နေပြီ။ အကို့ဖားတွေကို မမြင်ရသေးခင် ဖားသားဟင်းတွေကို စားနေမိပါပြီ။
ဟုတ်တယ်။ ကျနော်ကဖားသားဟင်းဆို သိတ်ကြိုက်တာ။ ဖားကိုအချောက်လှမ်းပြီး အကောင်လိုက်ပဲကျော် ကျော်၊ နုတ်နုတ်ဆင်းပြီး ငြုပ်သီးများများ၊ ကြက်သွန်များများနဲ့ ဘာလချောင်ကျော်သလိုပဲ ချက်ချက် ကြိုက်တယ်။ ကြက် သွန်ဖြူဥလေးတွေလိုလို အရေခွံကျွတ်နေတဲ့ ဖားခြေထောက် ကြွက်သားလေးတွေကို အကြိုက်ဆုံးပဲ။ မာပြင်းပြင်းလေး။
အကိုဖားထွက်ရိုက်မယ်ဆို့  တ၀စားရဦးတော့မှာပေါ့။
(၂)
နို့ဖိုးဒုက္ခသည်စခန်ုးထဲရောက်ကတည်းက ကျနော်ကကျောင်းဆရာ။ ကျနော် BLC မှာအလုပ်လုပ်နေစဉ် လုပ်ငန်း အရ အဆက်အစပ်ရှိခဲ့တဲ့ မငယ်က ဒီနို့ဖိုးဒုက္ခသည်စခန်းမှာ စခန်းပညာရေးကော်မတီဝင်။ စခန်းထဲ ရောက်တာနဲ့ ကျနော် လည်းအလုပ်ရှိရအောင်၊ သူတာဝန်ယူထားရတဲ့ ကျောင်းဆရာရှာဖွေရေးလုပ်ငန်းလည်း အဆင်ပြေအောင်စီစဉ်လိုက်တာ။ ကျနော် ဒုက္ခသည်စခန်းထဲရောက်တာ ၃ နှစ်ကျော်ပြီ။ မငယ်တောင် ဆွီဒင်နိုင်ငံကိုထွက်သွားတာ ၂ နှစ်ပြည့် တော့မယ်။
နို့ဖိုးမိုးနဲ့ကျနော်နဲ့ကမတဲ့ဘူးဗျ။ ကျနော်ကလည်း အအေးဒဏ်မခံနိုင်။ နို့ဖိုးမိုးကလည်း တနှစ် မှာ ၆ လကျော် ကျော်လောက်ရွာတယ်။ ရွာပြီဆိုရင်လည်းတပတ်နှစ်ပတ် ဆက်တိုက်။ ဒီတော့ အဆုပ်ခဏခဏပွတတ်တဲ့ကျနော် မိုးရွာထဲ ကျောင်းနဲ့အိမ်နဲ့ကို တနေ့ ၄ ခေါက်လောက် ပုံမှန်အသွားအပြန်လုပ်နေရတော့ ခြေအေးလက်အေးဖြစ်။ ခေါင်းကို မိုးမိတာ များရတဲ့အထဲ စာသင်ချိန်တွေမှာ ဘလက်ဘုတ်ကိုဖျက်လိုက်တိုင်း မုန်တိုင်းထထသွားတတ်တဲ့ မြေဖြူမှုန့်တွေက ကျနော့် နှာခေါင်းထဲ အလုအယက်ပြေး ပြေးဝင်တတ်ကြတော့  ။
ကျနော်ကိုယ်တိုင်ပဲ ကျောင်းအုပ်ကတဆင့် စခန်းပညာရေးမှူးဆီ ထွက်စာတင်လိုက်ပါတယ်။ ရောဂါကြောင့် ကျောင်းမကြာမကြာပျက်နေရတာက တကြောင်း၊ ကျနော့်ဆီကရောဂါတွေ ကလေးတွေဆီ ကူးဆက်သွားမှာစိုးရိမ်မိတာက တကြောင်း၊ ဒီနှစ်ကြောင်းကြောင့်ပဲ ကျောင်းဆရာအဖြစ်ကို နိဂုံးချုပ်ခွင့်ြ့ပုပါရန် ဆိုပြီ့း့ ။
(၃)
ပြဿနာကခုမှ စတယ်။ ဒုက္ခသည်စခန်းမှာ အလုပ်အကိုင်မရှိတော့ ၀င်ငွေမရှိ။ ၀င်ငွေမရှိတော့ စားဝတ်နေရေး ကြပ်တည်း။ နောက်ဆက်တွဲဆိုးကျိုးက အိမ်တွင်းရေးပြဿနာတွေတက်။ ဒီတော့ အလုပ်ရှိဖို့ လိုလာပြန်တာပေါ့။
ဝင်ငွေရမယ့်အလုပ်ပဲခက်တာပါ။ ငွေမရမယ့်အလုပ်ကတော့ ပေါမှပေါ။ ကျနော်က ဒီအလုပ်မျိုး ဆိုကျွမ်းကျင်ပြီး စိတ်လည်းဝင်စားတယ်။ စိတ်ဝင်တစားရှိလေ အလုပ်ကလည်းများလေပဲ။
ခုတလောကျနော့်မှာ အလုပ်တွေက အတော့ကိုများတာ။ ကျနော့်လို ၀င်ငွေမဲ့အလုပ်မျိုး ၀ါသနာပါတဲ့လူနဲ့ တွေ့ရရင် ကောင်းမယ်။ ကျနော်တယောက်ထဲမနိုင်တော့ တွဲလုပ်ချင်လို့။
ပထမဆုံး ကျနော်လုပ်ချင်တဲ့အလုပ်က ဒီမိုကရေစီယဉ်ကျေးမှုစစ်တမ်း ကောက်ယူဖို့။ ကျနော်တို့နိုင်ငံမှာ ဒီမိုက ရေစီတော်လှန်ရေးကြီးစခဲ့တာ အနှစ် ၂၀ ကျော်ပြီ။ ဘာကြောင့် ဒီမိုကရေစီနဲ့ မနီးစပ်သေးတာလဲ။ ဘာတွေအားနည်းခဲ့ လို့လဲ။ ဘယ်သူတွေမှာတာဝန်ရှိလဲ။ ဘာတာဝန်တွေမကျေခဲ့လို့လဲ ဆိုတာတွေကို အနည်းဆုံးသိဖို့လိုပြီ။ ပြန်သုံးသပ်ကြဖို့ လိုပြီ။ သဘောထားစစ်တမ်းတွေကောက်ဖို့ လိုပြီ။ ကျယ်ကျယ်ပျံ့ပျံ့လုပ်နိုင်လေ အကျိုးရှိလေပဲ။ လူတန်းစား၊ အလွှာ၊ နေရာ စုံလေကောင်းလေပဲ။ တစု၊ တဖွဲ့၊ တဖက်ထဲရဲ့အသံချည်းသက်သက်ဆိုရင်လည်း အဖြေမှန်းနဲ့နီးစပ်ဖို့မလွယ်ဘူး။ ဆင်ခြေတွေပဲ များနေဦးမှာ။
ဒုတိယတခုက ဖြတ်သန်းမှုသမိုင်းလေးရေးချင်တဲ့ကိစ္စပါ။ ကျနော်က ABSDF ရဲဘော်ဟောင်းဆိုပေမယ့် အများ သိနေကြတဲ့ ကရင်ပြည်နယ်က ABSDF မဟုတ်ဘူး။ ဟိုး ရှမ်းပြည်နယ်၊ ပအိုဝ့်နယ် မြေက ABSDF။ တပ်ရင်အနေနဲ့တော့ (၆၀၁) တပ်ရင်း။ အောင်ဟမ်းရိုင်းတပ်ရင်းလို့လည်းခေါ်တယ်။ ဒါက ပအိုဝ့်လိုခေါ်တာ။ အဓိပ္ပါယ်က ရဲရင့်အောင်မြေ တဲ့။ ကျနော်တို့တပ်ရင်းမှာလည်း ထူးခြားတဲ့ဖြတ်သန်းမှုသမိုင်းလေးတွေ ရှိတယ်။ ဥပမာ ကျနော်တို့တပ်ရင်း ABSDF မဖြစ်ခင် က ဒီမိုကရက်တစ် လူငယ်များတပ်မတော် Democratic Youth Army ဆိုပြီးစ ဖွဲ့စည်းခဲ့တာမျိုး။ PNA ပအိုဝ့်တပ်မတော် စစ်အစိုးရဆီ အလင်းပြန်ဝင်သွားတော့ ကျနော်တို့တပ်ရင်းတခုလုံး ထွက်ပြေးရတဲ့အဖြစ်တွေ။ ဒါမျိုးလေးတွေကို မှတ်တမ်း တင်ချင်တာ။ ခုဆို ကျနော်တို့တပ်ရင်းဆိုတာ နာမည်တောင်မရှိတော့ဘူး။ ရဲဘော်တွေလည်း အကုန်နီးပါး မရှိကြတော့ဘူး။ မှတ်တမ်းတင်မယ့်လူသာ မရှိရင်၊ ကျနော်တို့သမိုင်းတွေဟာ ဖြစ်ပျက်ဆိုတဲ့ဖြစ်စဉ်ထဲ ခဏလေးအတွင်း လွယ်လွယ်နဲ့ပဲ ပျောက်ပျက်သွားတော့မှာပေါ့။ နောင်းလူတွေအတွက် တစုံတရာ မှတ်တမ်းရှိဖို့လိုမယ် ထင်လို့ပါ။
နောက်တခုက တတိယအမြင်နဲ့ သဘောထားလေးတွေကို ထူးခြားတဲ့အခြေအနေအလိုက် ထုတ်ပြန်ဖို့ကိစ္စ။ စစ်အစိုးရအဆက်ဆက်ရဲ့ သဘောထားတွေကိုသိပြီး တော်လှန်ခဲ့ကြတဲ့ ကျနော်တို့ဟာ၊ အတိုက်အခံအင်အားစုတွေရဲ့ သဘောထားအမြင်တွေကိုလည်း ရိပ်မိနေကြပြီလေ။ ဒီတော့ ၂ ဖက်အမြင်၊ သဘောထားတွေကို သိနေတဲ့လူတွေက ပို ပြည့်စုံမယ့်အမြင်သစ်တခုကို ပြပေးခဲ့ဖို့လိုလိမ့်မယ်။ တာဝန်လည်းရှိတယ်။ တဖက်ဖက်ကိုယိမ်းပြီး အခြေအနေအရ တင်ပြ နေကြတာတွေရှိခဲ့ပေမယ့် ဒါမျိုးကို တတိယအမြင်လို့ မပြောနိုင်ပါဘူး။
ကျနော်ဆိုလိုတဲ့တတိယအမြင်ဆိုတာက ဘက်နှစ်ဖက်လုံးကို ကန့်ကွက်ခြင်း၊ ထောက်ခံခြင်းနဲ့ ဆန့်ကျင်ခြင်းတွေ ကင်းဖို့လိုလိမ့်မယ်။ လိုနေတဲ့ကွက်လပ်ကို ရှာဖြည့်ပြဖို့ပဲဖြစ်ရမယ်။ အပြုသဘောနဲ့ ဘက်လိုက်မှုကင်းဖို့လည်း လိုမယ်။ ဘာကြောင့်လည်းဆိုတော့ ဘက်နှစ်ဖက်လုံးမှာ ဆုပ်ကိုင်ထားကြတဲ့ အမှန်ဆိုတာတွေရှိနေကြပေမယ့် အမှားတို့၊ အားနည်း ချက်တို့မကင်းကြဘူးလေ။ အနည်းအများပဲ ကွာမှာ။ ဒီအခြေခံပေါ်ကရေးချင်တာ။ တဖက်အမြင်တွေထက်တော့ ပြည့်စုံ မယ်လို့ ယုံတယ်။
သေးသေးဖွဲဖွဲအလုပ်လို့ ပြောရမယ့်ဟာတွေကလည်း အများသား။ မြန်မာပြည်သူကြီးရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ဒုက္ခ သည်ဘ၀တွေအကြောင်းလည်း မှတ်တမ်းတင်ထားချင်တယ်။ ဒုက္ခသည်ထဲကမှ အတိုက်အခံဟောင်းတွေရဲ့ ဖြစ်တည်မှု တွေ။ ဥပမာ အကြမ်းဖက်အဖြစ်အသတ်မှတ်ခံထားရပြီး အမေရိကန်နိုင်ငံရဲ့ ဟိုး(Hold) လုပ်ခံထားရတဲ့အခြေအနေတွေ။ နစ်နာမှု၊ ခံစားချက်တွေ။ ဒီကိစ္စတွေက မီဒီယာတွေကလည်းစိတ်မ၀င်စား၊ အဖက်ဖက်ကပိတ်ပင်ထားကြတော့ တိတ်တိတ် လေး ကြိတ်ခံစားနေကြရတဲ့ အဖြစ်အပျက်တွေလေ။
ကျနော်လုပ်ချင်တာတွေက ငွေကုန်ဖို့သက်သက်။ မနောကံ၊ ၀ဇီကံကို ကျော်လိုက်တာနဲ့ ငွေမကုန်ရတာ မရှိ။ စာရေးတာကအစ စာရွက်၊ ဘောပင်၊ ညဖက်စာရေးနိုင်ဖို့မီးခ တခုခု။ ဒါတင်မကဘူး စာရိုက်ဖို့ ကွန်ပျူတာခ၊ အီးမေးနဲ့ လှမ်းပို့နိုင်ဖို့ အင်တာနက်ခ။ ဒါတောင် အသံဖမ်းဖို့၊ ဓါတ်ပုံမှတ်တမ်း ယူဖို့တို့မပါသေးဘူး။ ကျနော်တို့အတွက်ပဲ ခက်နေ တာပါ၊ တချို့အတွက်တော့ ဒါတွေက အလျှံအပယ်။
တကယ်လိုအပ်တဲ့သူကို တတ်နိုင်သူတွေက ကူညီ၊ ဝေမျှတတ်ကျတဲ့ယဉ်ကျေးမှု ကျနော်တို့ကြားမှာ ထွန်းကား လာမယ် ဆိုရင်တော့  ။
(၄)
မိသားစုစားဝတ်နေရေး၊ စိတ်ဝင်စားရာ အကောင်အထည်ဖော်နိုင်ရေး၊ ဒါတွေအတွက် လိုနေတာက ငွေ။ ဒီငွေကို ရှာဖို့ကိစ္စကကျနော့်အတွက် မဟာအခက်အခဲ။ မကျွမ်းကျင်ဆုံးနဲ့ စိတ်မ၀င်စားဆုံး။ ဒါကြောင့်ပဲ အပူတွေ အကူးခံထားရတဲ့ ရဲဘော်ရဲဘက်တွေက အကြံပေးကြပါတယ်။
ခင်ဗျားက စာလေးဘာလေး ရေးတတ်တော့ ၀တ္ထုလေး၊ ဆောင်းပါလေးတွေရေးပြီး ပိုက်ဆံရမယ့်ဝက်ဆိုက်တွေ ကို ပို့ကြည့်ပေါဗျာ တဲ့ 
ဒီအကြံက လက်ခံချင်စရာ။ ဒီလိုနည်းတွေနဲ့ပဲ ဒုက္ခသည်စခန်းမှာ ရပ်တည်နေကြတဲ့ လူတချို့လည်းရှိလေရဲ့။ တချို့ ဒေါ်လာစားတွေရှိသလို၊ ကဗျာတပုဒ် ၃၀၀၊ ၀တ္ထုတပုဒ် ၅၀၀ တွေနဲ့ အဆင်ပြေနေကြသူတွေလည်း ရှိတာကိုး။
ခက်တာက ကျနော်ကစိတ်ပါပြီး ရေးချင်စိတ်ရှိလာမှ ရေးထွက်တာ။ နောက့့်  ကိုယ်စိတ်ဝင်စားတဲ့ အကြောင်း ကိုပဲ ရေးချင်တာ။ သေချာတာက ဟိုစပ်စပ်ဒီစပ်စပ်ရေးဖူးပေမယ့် ဘာတခုမှ ပရော်ဖက်ရှင်နယ် မဖြစ်ဘူး။
လုပ်ချင်တာလေးတွေလုပ်နိုင်ဖို့ တချို့ကိစ္စကိုတော့ တွဲလုပ်ရမယ်ဆိုတဲ့ တကိုယ်တော်မူနဲ့ စာလေးတွေကို အားစိုက်ရေးဖွဲ့ကြည့်ပါတယ်။ ဖြစ်လာတာတွေလည်းရှိသလို ပျက်သွားတာတွေလည်း အပုံကြီး။
လုပ်ရင်းက ခုဆို မိသားစုအကြပ်အတည်းဘ၀ကို ကုန်ကြမ်းအဖြစ် ကြည့်မြင်တတ်လာပြီ။ စကားဝိုင်းတွေထဲမှာ ကုန်ကြမ်းရှာတတ်လာပြီ။ စာရွက်တဖက်လွတ်တွေကို တန်ဖိုးထားတတ်လာပြီ။ ဖရီးကွန်ပျူတာ သုံးနိုင်ခွင့်ကို ထွင်တတ် လာပြီ။ အင်တာနက်တက်နိုင်ခွင့်ကို ပျောက်ကျားပစ်တတ် နေပြီ။
ဒီနေရာမှာ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ဗိုလ်ကျားကို ပြေးသတိရမိတယ်။ မာနယ်ပလော ခေတ်ကောင်းချိန် လောက်က နာမည်ကြီးခဲ့တဲ့ ကဗျာဆရာ ဗိုလ်ကျားပေါ့။ မာနယ်ပလောတခွင်လုံးကို ဗိုလ်ကျားရဲ့ကဗျာတွေက နေရာယူ ထားတာ။ သစ်ပင်တွေ၊ နံရံတွေတိုင်းမလွတ်ဘူး။ ကင်းစောင့်နေတဲ့ ရဲဘော်လေးတွေ၊ ထမင်းချက်နေတဲ့ စားဖိုမှူးတွေရဲ့ လက်ထဲအရောက် သူ့ကဗျာတွေကို ဖြန့်ချိနိုင်တယ်။ အခြားစာစဉ်၊ စာစောင်တွေ ပုံမှန်ထွက်နိုင်ဖို့ ခက်ကောင်းခက်နေ ကြမယ်။ ဗိုလ်ကျားရဲ့ သက္ကဌစာစဉ် ကတော့ ပုံမှန်ပဲ။
ရလဒ်ကတော့ ဗိုလ်ကျားဆို ဘယ်ရုံးကမှ အ၀င်မခံကြတော့။ ဗိုလ်ကြားလာရင် စာရွက်တောင်းတတ်လို့၊ စာရွက် ဖိုး တောင်းတတ်လို့၊ စာရွက်ထုတ်တွေ ပျောက်တတ်လို့ တဲ့။
ခုလည်း ကျနော့်ကို ရပ်နီး၊ ရပ်ဝေးမိတ်ဆွေများကအစ ရှောင်လာကြပါပြီ။ အသေးအမွှားလို့ပြောရမယ့် ပရင့် ထုတ်တဲ့အချိန် ရိုက်ထားတဲ့စာ မှားနေတာမြင်လို့ တလုံးနှစ်လုံးကို ပြင်ဆင်ခွင့်လေး တောင်းရင်တောင်
ခင်ဗျား တလုံးနှစ်လုံးကို ကြောက်နေပြီဗျာ တဲ့  ။
(၅)
အကူအညီတွေခေါင်းပါးလာတော့ ခိုင်ထူးသီချင်းထဲကလိုပဲ မင်းလောက်ကိုယ့်အပေါ် ဘယ်သူ မှမကောင်းဘူး ဆိုတဲ့ ဓါတ်ပြားဟောင်းကိုပဲ ပြန်ဖွင့်ရတာပေါ့။ ဇနီးသည်ကိုမြှုပြီး စားစရိတ်မရှိမယ့်ရှိမယ့်ထဲက ရေညှစ်ရတာပေါ့။
မိန်းမရယ့့်  ငါ့စာမူခလေးရရင် ပြန်ပေးပါမယ်ကွာ။ စာသွားရိုက်ဖို့ လိုနေလို့ပါ။
ငါ့စာမူလေးပို့ချင်လို့ အင်တာနက်ဖိုးလေး ခဏ သွားချေးထားပေးပါကွာ။
စာမူခရတာနဲ့ ပြန်ပေးမယ် စိတ်ချ့ 
ဒီတခါ နောက်ဆုံးပါကွာ့ 
စာမူခ ရခြင်း၊ မရခြင်းက မသေချာပေမယ့် အရင်းအနှီးကတော့ ဒီနဲ့တင် ရပ်မနေပါဘူးဗျာတို့။
စာရေးဖို့ကြိုးစားမှ ညဖက်ညဖက် ကလေးတွေကို စာသင်ပေးနေကျက မသင်ဖြစ်တော့။ ဒါ့အပြင် စာလာလာ မေးပြီဆိုရင်လည်း ရထားတဲ့စိတ်ကူးအတွေးလေး ပျက်သွားမှာစိုးလို့ အော်ရ၊ ငေါက်ရ။
ငါ့ဆီမလာကြနဲ့၊ သွာ့း့  နင်တို့အမေကို သွားမေးကြ
ခဏလောက် တိတ်တိတ်လေးနေပေးကြပါ။ ဒီမှာ အာရုံလေး ပျောက်မသွားအောင်လို့ …
စကားပြောဖော်၊ ဆွေးနွေးဖော် မိတ်ဆွေတွေနဲ့လည်း ဆက်ဆံရေးကျဲလာပြီ။ တွေ့ဖြစ်ရင် စကားပြောဖြစ်နေမှာမို့ အိမ်ရှေ့မှာ စာမရေးရဲပဲ၊ အခန်းမှောင်မှောင်ထဲ စာခိုးရေးရတာလည်း တဒုက္ခ။
ခါတိုင်းလုပ်နေကျ အဖွဲ့အစည်းအလုပ်တွေလည်း ပျက်ကွက်တာများပြီလေ။ စိတ်ရောကိုယ်ပါ အားတက်သရော ထူထောင်ခဲ့တဲ့ ဗမာအမျိုးသားအသင်းရဲ့ လုပ်ငန်းတွေနဲ့လည်း ကင်းကွာသွား။ တိုင်းရင်းသားရင်ပြင် သင်တန်းကျောင်းနဲ့ လည်း ခပ်စိမ်းစိမ်းဖြစ်သွား။ ဒါတွေက ပေးလိုက်ရတဲ့ မထင်မရှား အရင်းအနှီးတွေပေါ့ဗျာ။
(၆)
တညနေလုံး အကိုဖားထွက်ရိုက်ဖို့ပြင်တဲ့ လက္ခဏာကို အရိပ်အရောင်တောင်မမြင်ရ။ ညဖက်ရောက်တော့လည်း အခန်းထဲမှာ စာထိုင်ရေးနေတာပဲ တွေ့နေရတယ်။ အကို မညာတတ်မှန်းသိပေမယ့် သံသယ၀င်ချင်ချင်။ အကို ဘယ်တော့ များ ဖားရိုက်ထွက်မလဲစောင့်ရင်းက ကျနော်သာ အိပ်ပျော်သွားခဲ့ရ။
မနက်နိုးနိုးချင်း မနေနိုင်မထိုင်နိုင် အကို့ကိုလိုက်ရှာပြီး မေးပစ်လိုက်တယ်။
ညက ဖားထွက်ရိုက်မယ်ဆို လို့ 
ဟုတ်တယ်လေ။ အိမ်မှာ ဖားတွေမှမတွေ့ရပဲ။ မနေ့ကတနေကုန် စိတ်ကူးယဉ်ခဲ့သမျှ အလကားဖြစ်ကုန်တာကိုး။
အကိုက ဘာမှပြန်မဖြေပဲ သူ့အခန်းထဲပြန်ဝင်သွားတယ်။ တအောင့်လောက်အကြာ ထွက်လာတော့ လက်ထဲမှာ လျှောက်လွှာစာရွက်တထပ်နဲ့။ ပြီးတော့ ပြောလိုက်သေးတယ်၊ ဖတ်ကြည့် တဲ့။
ရေးထားတဲ့စာက ၀တ္ထုနဲ့တူပါတယ်။ (ရ) မျက်နှာလောက်ရှိတယ်။ ခေါင်းစဉ်က ဒီည ဖားထွက်ရိုက်မယ် တဲ့။
စာဖတ်နေရာက ရုတ်ကရက်ခေါင်းထောင်လာတဲ့ ကျနော့်ကို ကြည့်နေတဲ့အကိုက လှမ်းပြုံးပြရင်း၊ ဆက်ဖတ့့်  ဆက်ဖတ် တဲ့။
ကျနော်ဖတ်ကြည့်ပြီး နားလည်လိုက်တာက ဖခင်တယောက် သူ့မိသားစုစားဖို့ ဖားထွက်ရိုက်တဲ့ အကြောင်း။ ဖားတညထွက်ရိုက်လို့ ရလာတဲ့ဖားတွေနဲ့ ပေးလိုက်ရတဲ့ အရင်းအနှီးတန်ဖိုးတွေကို ယှဉ်ပြထားတာ။ ဖာရိုက်ဖို့ မီးခွက်ထဲ ထည့်ရတဲ့ ရေနံဆီဖိုး၊ တညလုံးမိုးရွာထဲ မိုးမိခံရတဲ့ဒုက္ခ၊ ကြုံတွေ့ရတတ်တဲ့ မြွေအန္တရာယ်တွေနဲ့ အိမ်မှာချန်ထားခဲ့ရတဲ့ သားသမီးတွေအပေါ် ပျက်ကွက်မှု၊ ဒါတွေကိုရေးထားတာ။
ကျနော်တော့ ဒီလို တခါမှ ဒါတွေ မတွေးမိပါဘူး။ အကိုရေးသလို ဖားရိုက်ထွက်သူတိုင်းလည်း စဉ်းစားမိကြမယ်လို့ မထင်ဘူး။ ဒီလိုသာ လိုက်တွက်နေမယ်ဆိုရင် ဖားရိုက်တဲ့သူတောင် ရှိတော့မှာမဟုတ်ဘူး။
ဟာ့  အကို့ ဖားရိုက်ထွက်မယ် ဆိုတာကြီးကလဲ့ ။
၀၇ ၊ ၀၉ ၊ ၀၉
No comments:
Post a Comment