19 July 2010

19 july in SPDC era

စစ်အစိုးရလက်အောက် ပျောက်ကွယ်မှေးမှိန်လာတဲ့ အာဇာနည်နေ့
VOA
ဇူလိုင် ၂၀၊ ၂၀၁၀

[ဦးသန်းလွင်ထွန်း၊ ဦးဝင်းဖေ၊ ဦးမြင့်ဝေ စကားဝိုင်း]

ယခုနှစ် အာဇာနည်နေ့တွင် တွေ့ရသော NLD အဖွဲ့ဝင်တချို့ (ဓာတ်ပုံ - AP)

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာ ကွယ်လွန်သူ နိုင်ငံတော်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတဲ့ အာဇာနည်နေ့ အခမ်းအနားတွေဟာ အခုနောက်ပိုင်းကာလတွေမှာ အကျဉ်းချုံးလုပ်လာတာကို တွေ့ရပါတယ်။ တဘက်မှာ နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် နေပြည်တော်မှာ တပ်မတော်နေ့နဲ့ ပတ်သက်တဲ့ အခမ်းအနားတွေကို ကြီးကျယ် ခမ်းနားစွာ ဆောင်ရွက်လာတာကို တွေ့ရပါတယ်။ ဒီအခြေအနေတွေက ဘာကြောင့်လဲ - မြန်မာနိုင်ငံမှာ အာဇာနည်ကြီးတွေရဲ့ ဂုဏ်သိက္ခာနဲ့ အမှတ်တရ ရှိနေမှုတွေကို တဖြည်းဖြည်း မှေးမှိန်သွားအောင် ဖော်ဆောင်နေတဲ့ သဘောတွေလား ဆိုတာကို ဒီတပတ် မြန်မာ့အရေး (ဒီမိုကရေစီ) ရေးရာကဏ္ဍမှာ ဦးသန်းလွင်ထွန်း က စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ဦးဝင်းဖေ နဲ့ မြန်မာ့တပ်မတော် (လေ) မှာ အမှုထမ်းဆောင်ခဲ့သူ တပ်မတော်သားဟောင်း ဦးမြင့်ဝေ တို့နဲ့ ဆွေးနွေး သုံးသပ် တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံမှာ နောက်ပိုင်း စစ်အစိုးရ တက်လာခဲ့ပြီးနောက်ပိုင်းမှာ အာဇာနည်နေ့ အခမ်းအနားတွေဟာ တဖြည်းဖြည်းနဲ့ အကျဉ်းချုံးလုပ်လာတာကို ဆရာ့အနေနဲ့ လေ့လာမိပါသလား။

ဦးဝင်းဖေ ။ ။ ဒါတွေက လူတော်တော်များများလည်း သတိထားမိကြပါတယ်။ ကျနော်အနေနဲ့ ဒါတွေက အကျဉ်းရုံး လုပ်တာထက် နည်းနည်း ရည်ရွယ်ချက်ရှိရှိနဲ့ မှေးမှိန်လာအောင် လုပ်နေသလားလို့ ကျနော် တွက်ပါတယ်။ ဒီလို တွေးတဲ့လူတွေ အများကြီး ရှိပါတယ်။ ဒီဟာ ဘယ်က စတယ်ဆိုတာလည်း လူတွေ သတိထားမိကြပါတယ်။ ကျနော်တို့ သတိထားမိကြတာကတော့ မဆလခေတ် စစ်တပ်ရဲ့ ဗိုလ်ချုပ် ခေါင်းဆောင်ကြီး နေဝင်း လက်ထက်ကတည်းက ဒီကိစ္စတွေ စပြီးတော့ ပေါ်လာတယ်လို့ ကျနော် ယူဆပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီတုန်းက စစ်တပ် အာဏာ သိမ်းချိန်ကတည်းက အာဇာနည်နေ့ နီးပြီ ဆိုရင် ဗိုလ်ချုပ်ကြီးနေဝင်း က ပြည်တွင်း ဆိုလည်း ခရီးဝေးဝေးကို သွားနေတတ်တယ်။ ဒါမှမဟုတ် ပြည်ပကို သွားနေတတ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက အာဇာနည်နေ့ကို ရှောင်တဲ့သဘော ရှိတယ်။ ဒါက အများ သိနေပြီး တော်တော်လေးကို လူသိများတဲ့ ကိစ္စက ဘာလဲဆိုတော့ ဗိုလ်ချုပ်ကြီးနေဝင်း နဲ့ ဗိုလ်ချုပ်အောင်ဆန်း က သိပ်ပြီး မသင့်ကြဘူး။ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ်ကြီးနေဝင်း ကို အများကြီး ဝေဖန်ခဲ့ဖူးတယ်။ ပြောရရင် ဆူပူခဲ့ဖူးတယ်၊ ကြိမ်းခဲ့ဖူးတယ်။ သူက အဲဒါကို သဘောမကျခဲ့ဘူး။ သူ အာဏာရလာတဲ့ အခါကြတော့ အနည်းနဲ့ အများ ဒါကို မကြိုက်ဘူး။ သို့သော် အဲဒီတုန်းက အာဇာနည်နေ့ကို မှေးမှိန်အောင် လုပ်တာတို့ မရှိပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီ မဆလခေတ်တုန်းက ကြုံတွေ့ခဲ့ရတာကတော့ အထူးသဖြင့် ဆရာပြောခဲ့သလို ဗိုလ်ချုပ်ကြီးနေဝင်း က အာဇာနည်နေ့ဆို တိုင်းပြည်အပြင် ထွက်ရှောင်နေတာတို့၊ ဒါတောင်မှ တိုင်းပြည်မှာ အာဇာနည်နေ့ ဆိုရင် အာဇာနည်ဗိမာန်ကို သံတမန်တွေ ဖိတ်ကြားတယ်၊ နိုင်ငံတော်ရဲ့ ဒုတိယ သို့မဟုတ် ထိပ်တန်း ခေါင်းဆောင်ကြီးတွေ သွားပြီး လွမ်းသူ ပန်းခွေချ အထိမ်းအမှတ်တွေ၊ ဂါရဝပြုတာတွေ ရှိပါတယ်။ အလားတူ လမ်းမှာတွေပေါ်မှာ ဥသြဆွဲတာ၊ အာဇာနည်နေ့ အထိမ်းအမှတ် သီချင်းတွေ ထုတ်လွှင့်ပေးခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါတွေက စစ်အစိုးရ နောက်ပိုင်းမှာ ပိုပြီးတဖြည်းဖြည်း လျော့ကျလာတဲ့ သဘောကို တွေ့ရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘန်ကောက်ရုံးမှာ ရှိတဲ့ ကိုမြင့်ဝေ အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဦးမြင့်ဝေ ။ ။ အဲဒီကိစ္စမှာ ဗိုလ်ချုပ်ကြီးသန်းရွှေက ဗိုလ်ချုပ်ကြီးစောမောင် ကျန်းမာရေးကြောင့် ရာထူးမှ အနားယူပြီးနောက် ဗိုလ်ချုပ်သန်းရွှေ အာဏာရလာတဲ့ ၁၉၉၂ ခုနှစ် (၆) လအတွင်း ဗမာ့တပ်မတော် တပ်မ အသီးသီးမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ဓာတ်ပုံတွေ အကုန်လုံးကို တပ်စခန်းရုံးများမှ ဖြုတ်ချဖို့ စအမိန့်ပေးခဲ့တာ။ အဲဒါ တပ်ထဲမှာတော့ ထင်ထင်ရှားရှား သိသိသာသာ ဗိုလ်ချုပ်နဲ့ ဗိုလ်ချုပ်ကြီးနေဝင်းတို့ရဲ့ သမိုင်းတွေကို ဖျောက်ဖျက်ဖို့ စကြိုးစားခဲ့တာ။ တပ်စခန်း အသီးသီးမှာ ဆိုရင် ဟိုတုန်းက အာဇာနည်နေ့ ဆိုရင် စစ်ရေးပြ အခမ်းအနားတွေ လုပ်ပြီးတော့ ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲ၊ ငြိမ်သက်စွာ အလေးပြုတာတွေ လုပ်ကြတယ်။ ဒီနေ့ တပ်စခန်း အသီးသီးမှာတော့ ဒါတွေ ၉၂ ခုနှစ် ကတည်းကစပြီး မကျင်းပကြတော့ဘူး။ အခုန ဆရာဦးဝင်းဖေ ပြောသလို အာဇာနည်ကုန်းမှာ နိုင်ငံတော်အဆင့်တွေ၊ သံတမန်အဆင့်တွေကို အကျဉ်းချုံး လုပ်လာခဲ့တာ အခုအချိန် အထိပါ။

ဦးသန်းလွင်ထွန်း ။ ။ နောက်တခုက အာဇာနည်လို့ ပြောလို့ရှိရင်တော့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပေါ့။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်တယ်ဆိုတဲ့ ပြောဆိုချက်တွေမှာ ကျနော်တို့ မြင်နေရတာက ငွေစက္ကူတွေမှာ ဗိုလ်ချုပ်ရဲ့ ရုပ်ပုံတွေ ပျောက်ကွယ်သွားခဲ့တာ ရှိပါတယ်။ ဆိုတော့ နိုင်ငံတနိုင်ငံရဲ့ ဗိသုကာ၊ နိုင်ငံရဲ့ အကျိုးကို ကိုယ်ကျိုးစွန့် ဆောင်ရွက်သွားခဲ့တဲ့ အာဇာနည်ကြီးတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာကို ကြည့်မယ်ဆိုရင် အမေရိကမှာဆိုရင် ဂျော့ရှ် ဝါရှင်တန် (George Washington) တို့ ပုံရိပ်တွေ အစ နိုင်ငံတကာမှာ ငွေစက္ကူတွေမှာ အထိမ်းအမှတ် အနေနဲ့ တန်ဖိုးထားတယ်။ အာဇာနည်နေ့တွေ၊ သူတို့ရဲ့ အထိမ်းအမှတ် အခမ်းအနားတွေကို တခမ်း တနားကြီး ကျင်းပပြီးတော့ နောင်လားနောင်သားတွေ အမှတ်ရနေအောင်၊ လေးစား အတုယူနိုင်အောင် လုပ်ကြတာ ရှိတယ်။ ဒါကို ဗမာပြည်မှာတော့ ဒီအချိန်အနေကနေ ဖြည်းဖြည်း နောက်ဆုတ်လာနေရတာလဲ။

ဦးဝင်းဖေ ။ ။ ဒီအချက်ကတော့ ရှင်းပါတယ်။ လူတွေလည်း တော်တော်လေး တွေးကြတာရှိပါတယ်။ ဒီဘက်မှာ စစ်အစိုးရက ၈၈ အရေးအခင်း နောက်မှာ စစ်အစိုးရနဲ့ အပြိုင်အဆိုင်ဖြစ်လာတဲ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ကိစ္စ၊ ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ်နေတယ်။ အပြိုင်အဆိုင်ကိစ္စမှာ ဒါ သူကို မှေးမှိန်အောင် လုပ်ချင်တဲ့ ကိစ္စ အစီအစဉ်ထဲမှာလည်း ပါနေပါတယ်။ ပါနေတော့ အာဇာနည်နေ့ ဆိုတာကလည်း တကယ့် ဦးဆောင် အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေတယ်။ ရှိနေတော့ တဘက်ကလည်း ဗိုလ်ချုပ်အောင်ဆန်း သမီးနဲ့က သူတို့နဲ့ အပြိုင်အဆိုင် (ဆန့်ကျင်ဘက်လို့ ပြောစရာ မလိုပါဘူး)။ ဒေါ်အောင်ဆန်းစုကြည် အခန်းကဏ္ဍကလည်း ပြည်တွင်းမှာလည်း လူထုရဲ့ ထောက်ခံမှု အများကြီးရတယ်။ ပြည်ပမှာလည်း သူကို ထောက်ခံမှု အများကြီးရတယ်။ တက်နိုင်သမျှ သူကို မှေးမှိန်အောင် ထောင့်မျိုးစုံက လုပ်ဖို့ ရှိပါတယ်။ အာဇာနည်နေ့နဲ့ ပတ်သက်လို့ကလည်း အချက်တချက်၊ ဒါလုပ်သင့်တယ်လို့ ယူဆတဲ့ အနေအထားလည်း ဒီလိုလည်း ပါတယ်။ နောက်တခုက စစ်အာဏာရှင် ကျင့်သုံးနေတာနဲ့ ပတ်သက်လို့ ဆန့်ကျင်ဘက် ကိစ္စ လူစုလူဝေး စုမယ့်နေရာကို မကြိုက်တော့ အာဇာနည်နေ့ အာဇာနည်ကုန်း ဆိုတာ လူစုလူဝေးက စုနိုင်တော့ ဒါတွေလည်း မကြိုက်တော့ အဲဒါတွေနဲ့ ပတ်သက်ပြီး နည်းနည်း မှေးမှိန်သွားအောင်၊ အားလျော့သွားအောင် လုပ်တဲ့ အနေအထားတွေ အများကြီး ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကျနော် လေ့လာမိတာကတော့ မှတ်မိတဲ့ ကိစ္စတခုက ၁၉၈၉ ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့။ အဲဒီ အချိန်က ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ခေါင်းဆောင်များ အာဇာနည်နေ့ကို ချီတက်ကြဖို့ စီစဉ်ထားကြပါတယ်။ ဒါက အာဇာနည်များကို ဂုဏ်ပြုတဲ့အနေနဲ့ လူထုညီညွတ်တဲ့ သဘောပြသတဲ့ သဘောဖြစ်တယ်။ ဒီကိစ္စမှာ မြန်မာစစ်အစိုးရက တားဆီးဖို့ လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပြီးတဲ့ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်လည်း အဲဒီနေ့က စပြီးတော့ အကျယ်ချုပ်တွေ စခံရတော့တယ်။

ဦးဝင်းဖေ ။ ။ ဒါက ထင်ရှားတဲ့ကိစ္စတွေပါ။ မှေးမှိန်အောင် လုပ်တဲ့ကိစ္စဟာ အာဇာနည်နေ့တွင် မဟုတ်ပါဘူး ကျန်တဲ့နေရာတွေ ကျောင်းသားတွေ အခန်းကဏ္ဍ မှေးမှိန်အောင် လုပ်တာလည်း ရှိပါတယ်။ သမဂ္ဂ အဆောက်အဦးကြီးကို ဖျက်ပစ်လိုက်တာ၊ ဖောက်ခွဲပစ်လိုက်တာ ဒါတွေလည်း ရှိတယ်။ ကျောင်းသားတွေ နဂိုက ရှိနေတဲ့ တက္ကသိုလ်နေရာတွေ ရန်ကုန် တက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ စက်မှုလက်မှု တက္ကသိုလ်တွေကို အကုန်လုံး ပြန့်ထွက်သွားအောင်၊ လူစုလူဝေး လုပ်လို့ မရအောင် လုပ်တာတွေ အများကြီးရှိပါတယ်။ အဲဒါတွေနဲ့ တညီတည်း ဒီလို လုပ်တယ်လို့ အဓိပ္ပာယ် ရှိပါတယ်။ ဒါပေမဲ့ လူထုအနေနဲ့က အာဇာနည်ဗိမာန်ကို အာဇာနည်နေ့မှာ ချီတက်ကြမယ်၊ အလေးပြုကြမယ် ဆိုရင် ဒါကို ဘယ်လို လုပ်မှာလဲ။ ဒါကို ဘယ်လိုတား၊ ဘယ်ဥပဒေနဲ့ အရေးယူမလဲ။ ဘုရားရင်ပြင်တော်ကို သွားသလိုပဲ သွားရမယ်။ ဒါက လူထုရဲ့ အစိတ်အပိုင်းက သက်သက်ဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု ပြောသလိုဆိုရင် မြန်မာနိုင်ငံမှာ စစ်အစိုးရ လက်အောက်မှာ အာဇာနည်တွေရဲ့ အခန်းကဏ္ဍက မှေးမှိန်နေသလို ဖြစ်နေပေမယ့် တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ရင်တော့ အထူးသဖြင့် မတ်လ (၂၇) ရက်နေ့ တပ်မတော်နေ့ ဆိုရင် နေပြည်တော်မှာ အကြီးအကျယ် အခမ်းအနားကြီးတွေ လုပ်ပြီးတော့ ကျင်းပကြပါတယ်။ အလားတူ တပ်မတော်နဲ့ ပတ်သက်လို့ လှုံ့ဆော်တဲ့ စာတမ်းတွေ၊ ကြေညာချက်စာတမ်းတွေ - တပ်မတော်ကို မြှင့်တင်ရေး ဂုဏ်ရောင်မြှင့်တင်တဲ့ ကိစ္စတွေက အမြဲတမ်း လုပ်ဆောင်နေတယ် ဆိုတော့ အာဇာနည်နေ့ အခမ်းအနား မှေးမှိန်သွားပေမယ့် စစ်တပ်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ အတော်လေး လုံးပမ်းနေတာကို တွေ့ရတယ်။ ဆိုတော့ တပ်မတော်သားဟောင်း တဦး ဖြစ်တဲ့ ကိုမြင့်ဝေ အနေနဲ့ အာဇာနည်တွေရဲ့ အခန်းကဏ္ဍနဲ့ တပ်မတော်အခန်းကဏ္ဍ နှစ်ခု ယှဉ်ပြီးတော့ ဘယ်လို ဖြစ်သင့်တယ်လို့ ယူဆပါသလဲ။

ဦးမြင့်ဝေ ။ ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ပထမဦးဆုံး ဗမာတပ်မတော်ရဲ့ ဦးစီးချုပ်၊ တပ်မတော်ရဲ့ဖခင် ဖြစ်တယ်။ တကယ်တော့ ဗိုလ်ချုပ်ကို တပ်မတော်ရဲ့ ပထမဦးဆုံး ဦးစီးချုပ်၊ တပ်မတော်ကို ထူထောင်ခဲ့တဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း အပေါ်မှာ ဗိုလ်ချုပ်သန်းရွှေ နဲ့ တချို့ တပ်မတော် ဗိုလ်ချုပ်တွေ ဒီနေ့ သစ္စာ ဖောက်နေတယ်။ ဒီလို သစ္စာဖောက်မှတော့ တပ်မတော်ကို ဦးစီးချုပ်ကို သစ္စာဖောက်တယ်၊ ဖခင်ကို သစ္စာဖောက်တဲ့ တပ်မတော်ဟာ ဒီနေ့ ဘယ်လောက်ကြီး တပ်မတော်နေ့ အခမ်းအနားကို စစ်သည်တွေ စစ်ရေးပြ အခမ်းအနား ပါဝင်တာ သောင်းနဲ့ ချီတက်နေလည်း ဒီတပ်မတော်ကြီးက ပြည်သူတွေထဲမှာ၊ တကမ္ဘာလုံးမှာ သူများ တံတွေးခွက်ထဲမှာ ပက်လက်မျောနေတယ်။ ဒီနေ့ စစ်သည်တွေထဲမှာ အရာရှိတွေ ကိုယ်တိုင် ကိုယ့်ကိုကိုယ် အရာရှိလို့ မပြောချင်၊ ငါ တပ်မတော်သားလို့ မပြောချင်ဘဝကို ရောက်နေရင် အဲဒီ အဆောင်အယောင်၊ အခမ်းအနားတွေထက် ဒီနေ့ တပ်မတော်ထဲမှာ တပ်စခန်း အသီးသီးမှာ ဗိုလ်ချုပ်ရဲ့ ဓာတ်ပုံတွေကို အရင်ဆုံး ပြန်ချိတ်ပြီး ကိုယ့်တပ်ရဲ့ ဂုဏ်သိက္ခာကို တပ်ထဲမှာ အရင် ပြန်ယူဆောင်ရပါမယ်။ ဘာကြောင့်လဲ ဆိုတော့ ဗိုလ်ချုပ်က ဗမာတပ်မတော်အတွက် စစ်သည်တော်ကောင်း တယောက်ဖြစ်တယ်၊ တကယ့် စံပြ တပ်မတော်သားကောင်းကြီး ဖြစ်တယ်။ အဲဒီ စံပြ တပ်မတော်သားကောင်းကြီးကို အတုယူပြီး ကျနော်တို့ တပ်မတော်သားတွေ အကုန်လုံးက လိုက်ပြီး ကျင့်သုံးနိုင်တဲ့ အခြေအနေကို ဖန်တီးမှ ဒီတပ်မတော်ကို ပြည်သူက လေးစားမယ်၊ တပ်မတော် အပေါ်မှာ ဂုဏ်ယူလာမှ တပ်မတော်က တောက်ပြောင်မှာ။ ဒါမှ ပြည်သူကလည်း ချစ်မှာ။ အဆောင် အယောင် အခမ်းအနားတွေ စစ်သည်ပေါင်း များစွာ ပြည်သူတွေ ပိုက်ဆံတွေ အများကြီး သုံးပြီး ကျင်းပနေလို့လည်း တပ်မတော်ရဲ့ ဂုဏ်သိက္ခာ မြှင့်တင်လာမှာ မဟုတ်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခု တပ်မတော်ထဲမှာ အာဇာနည်တွေကို အလေးပြုနေတုန်းပဲ မဟုတ်ဘူးလား။

ဦးမြင့်ဝေ ။ ။ အလေးပြုနေတုန်းကတော့ ဒုတိယ အချက်ဖြစ်တဲ့ နေ့စဉ် သီဆိုနေရတဲ့ သစ္စာအဓိဌာန် ၄ ချက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်များနဲ့ ကျဆုံးလေပြီးသော စစ်သည်တော်၊ တပ်မတော်သားများရဲ့ သစ္စာကို စောင့်သိ ရိုသေပါမည် ဆိုတဲ့နေရာမှာ အခုက ကျဆုံးလေပြီးသော တပ်မတော်သားများရဲ့ သစ္စာကို စောင့်သိရိုသေပါမည်ဟု ပါးပါးလေး ဖြစ်သွားတယ်။ အဲဒီအခါကျတော့ သစ္စာဆိုနေပေမယ့် ကျဆုံးလေပြီ တပ်မတော်သားလို့ပဲ ပြောခဲ့တယ်။ အာဇာနည်ခေါင်းဆောင်များနဲ့ စစ်သည်များဆိုတဲ့ သစ္စာဓိဌာန် ၄ ချက်က မှေးမှိန်သွားတယ်။ အဲဒီတော့ ဒီနေ့လက်ရှိ တပ်မတော်သားတွေ ကိုယ်တိုင်က ၉၂ ခုနှစ်မှာ ဗိုလ်ချုပ်သန်းရွှေ က ဗိုလ်ချုပ်အောင်ဆန်း ပုံကို တပ်စခန်း အသီးသီးက ပယ်ဖျက်ဖို့ ကြိုးစားတဲ့အချိန်မှာ ဘာဖြစ်လို့ မဆန့်ကျင်တာလဲ။ ဘာဖြစ်လို့ မကန့်ကွက်တာလဲ။ မိမိတို့ရဲ့ ဦးစီးချုပ်တွေကို တပ်မတော်တိုင်း၊ နိုင်ငံတိုင်းမှာ အလေးအနက် ထားတယ်။ အသိအမှတ်ပြုရတယ်။ မှတ်တမ်းထားရတယ်။ ဗိုလ်ချုပ်က ထူးခြားတဲ့ အာဇာနည် ခေါင်းဆောင် တဦး ဖြစ်တဲ့အတွက် ဘာကြောင့် ဗိုလ်ချုပ်ပုံကို ဖြုတ်ချခိုင်းတာကို ကျနော်တို့ တပ်မတော် တခုလုံး ငြိမ်သက်နေတာလဲ။

ဦးသန်းလွင်ထွန်း ။ ။ နှိုင်းယှဉ်ပြောရမယ် ဆိုရင် အထူးသဖြင့် ကိုယ်ကျိုးစွန့် အနစ်နာခံသူတွေရဲ့ ပုံရိပ်တွေကို ထင်ထင်ရှားရှား ပြသလိုက်ခြင်းအားဖြင့် ကိုယ်ကျိုးရှာ၊ စီးပွားရှာ ဖြစ်ရပ်တွေကို မီးမောင်းထိုးပြ ပြလိုက်သလို ဖြစ်သွားမှာ စိုရိမ်လို့ အခုလို ဖြစ်ရပ်တွေ ဖြစ်နေတာလား ဆိုတဲ့ အတွေးလည်း ပေါ်မိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဆရာဦးဝင်းဖေ အနေနဲ့ မှတ်ချက်ကလေး တခုလောက် ပြောပေးပါ။

ဦးဝင်းဖေ ။ ။ လုပ်တဲ့လုပ်ရပ်တွေမှာ ကျနော်တို့ ဗမာစကားပုံနဲ့ လိုရင်းကို ပြောချင်ပါတယ် - ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်နဲ့လေး ဆိုသလို ဒီလုပ်ရပ်တွေ တချိန်က ခေါင်းဆောင်တွေ၊ အာဇာနည်တွေကို မှေးမှိန်အောင် လုပ်၊ နောက် ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော် ဆိုသလို လုပ်တဲ့နေရာမှာ အမြတ်မရဘဲ အရှုံးထွက်နေတယ်။ ပြည်သူရဲ့အမြင်ကတော့ ဒီလိုဖြစ်နေတယ်၊ ဒီလိုတွေ မြင်ကြတယ်၊ ဒီလိုတွေ ပြောကြတယ်၊ ဒီလိုတွေ စိတ်မကောင်း ဖြစ်ကြတယ် ဆိုတာတွေကို မြင်ရတယ်။ ဒါတွေက ကျနော်တို့ အတော် အထင်အရှား တွေ့နေရတယ်။ တပ်တွေထဲမှာ ဆွေးနွေးကြတာ၊ ပြောကြတာတွေကို ကျနော်တို့ ကြားနေရပါတယ်။

[ မူရင်း - http://www1.voanews.com/burmese/news ]


No comments:

Post a Comment