22 September 2010

The Future is another country

Facebook နိုင်ငံတော်
သန်းထိုက်စိုး
စက်တင်ဘာ ၂၃၊ ၂၀၁၀

ဒေးဗစ်ကင်မရွန်းသည် ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်ပြီးသည့်နောက်၊ နိုင်ငံသူ နိုင်ငံသား သန်းပေါင်းများစွာတို့အတွက် ပို၍ တာဝန်ကျေသောသူဖြစ်အောင်၊ ပို၍ ထိနိုင်တွေ့နိုင်သောသူ ဖြစ်အောင် မည်သို့မည်ပုံ လုပ်ရမည်ကို အကြံ ပေးနိုင်မည့်လူအား ရှာဖွေခဲ့ကြောင်း သိရသည်။

ဒေးဗစ်ကင်မရွန်းသည် သူ လိုချင်သည့်အကြံဥာဏ်တွေကို အစိုးရထိပ်သီးပိုင်းက ဝါရင့်၊ သမ္ဘာရင့်ကြီးများဆီမှာ တောင်းခံခဲ့ပါသလား။ နိုး . . .၊ နိုး . . . မတောင်းခံခဲ့ပါ။ ကင်မရွန်းသည် မည်သူမှ မထင်မှတ်ထားသော လူတစ်ယောက်ဆီကို ဦးလှည့်ခဲ့လေသည်။ ထိုသူကား Facebook ကို တည်ထောင်သူ မာ့ခ်ကာဘတ် ဖြစ်၏။

Facebook သည် လူမှုဆက်သွယ်ရေး ဝက်ဘ်ဆိုက်တွေထဲတွင် အအောင်မြင်ဆုံး ဝက်ဘ် ဆိုက်ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့က အဖွဲ့ဝင် သန်းငါးရာ ပြည့်ကြောင်း Facebook က ထုတ်ပြန်ကြေညာခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းနှင့် Facebook တည်ထောင်သူ ကာဘတ်တို့သည် အွန်လိုင်းမှ တစ်ဆင့် ဗီဒီယို ကွန်ဖရင့်သဘော အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ လူမှုဆက်သွယ်ရေး ကွန်ရက်များက အစိုးရကို မည်သို့မည်ပုံ ကူညီနိုင်မည့် အကြောင်းများကို အဓိကထား ဆွေးနွေးသွားကြသည်။ ထိုဆွေးနွေးပွဲကို ကြည့်ရသည်မှာ နိုင်ငံ့ ခေါင်းဆောင်ကြီး တစ်ယောက်က ပုဂ္ဂလိက စီးပွားရေးသမား တစ်ယောက် ထံမှ အကြံ ဥာဏ်တောင်းတယ်လို့ ဆိုရမလား၊ နိုင်ငံအကြီးအကဲ တစ်ယောက်က အခြား အကြီး အကဲ တစ်ယောက်နဲ့ အကြံဥာဏ်ချင်း ဖလှယ်ကြသည်ဟု ဆိုရမလား။

Facebookကို နိုင်ငံတစ်နိုင်ငံအဖြစ် တင်စား ပြီး မစ္စတာဇူးကာဘတ်ကို ထိုနိုင်ငံ၏ အာဏာပိုင် ဟု တင်စားပြောရလျှင် တားချင်သူများ ရှိကောင်း ရှိနိုင်ပါသည်။ အကြောင်းမှာ Facebook တွင် နိုင်ငံ တစ်နိုင်ငံနဲ့ တူသော လက်ဆုပ် လက်ကိုင် ပြစရာ အထည်ဒြပ် မရှိသောကြောင့်တည်း။ သူ့မှာ မြေနေရာမရှိ၊ တရားဥပဒေ မရှိ။ ဥပဒေကို အသက် သွင်းပေးမည့် ဥပဒေဘက်တော်သားတို့လည်း မရှိ။ အုပ်ချုပ်ခံ နိုင်ငံသားလည်း မရှိ။ စည်းမျဉ်းစည်းကမ်းလည်း မရှိ၊ သူ့တိုင်းပြည်၏ ယဉ်ကျေးမှုအမွေအနှစ်လည်း လက်ညှိုးထိုးပြစရာမရှိ။ တခြား နိုင်ငံတွေမှာ နိုင်ငံသားခံယူဖို့၊ ပြန်နုတ်ထွက်ဖို့နဲ့နှိုင်းစာလျှင် Facebook နိုင်ငံတော်မှာတော့ နိုင်ငံသား ဖြစ်ဖို့၊ ပြန်နုတ်ထွက်ချင် ထွက်ဖို့သည် လွယ်လွန်းနေသည်။

Facebook ၏ အာဏာပိုင်ကြီး မစ္စတာဇူးကာဘတ်ရော၊ အဖွဲ့ဝင်ဒါရိုက်တာ လူကြီးများလည်း နိုင်ငံသားများ၏ မဲပေး ရွေးချယ်ခြင်း၊ မဲပေးဖြုတ်ချခြင်း အန္တရာယ်မှ လွတ်နေကြသည်။ Facebook အာဏာပိုင်များ ဂရုတစိုက် အစီရင်ခံရသည့်လူ ဆိုလို့ Facebook၏ ရှယ်ယာပိုင်ရှင်များသာ ရှိသည်။


သို့တိုင် အင်တာနက်သုံးစွဲသူ အတော်များများကတော့ Facebookသည် နိုင်ငံတော် တစ်ခု အလား ထင်မှတ်ရပါသည်ဟု ပြောကြသည်။ တစ်ယောက်နဲ့ တစ်ယောက် အသိမိတ်ဆွေ ဖွဲ့နိုင်တယ်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တယ်။ ဒါဟာ တကယ့် အပြင်က နိုင်ငံတော် တစ်ခုအတိုင်းပါပဲဟု ဖီလာဒဲလ်ဖီးယားပြည်နယ် ရှိ တမ်ပယ်တက္ကသိုလ် ဥပဒေ ပါမောက္ခ ဒေးဗစ်ပို့စ်က ပြောသည်။

အရင်က သတင်းစာတွေ၊ စာအုပ် စာပေတွေသည် လူတွေကို နိုးကြားစေ၊ ထကြွ တော်လှန်စေခဲ့ကြသလို၊ ယနေ့ခေတ် အင်တာနက် ကွန်ရက်တွေသည် လည်း ထိုသို့ ပြုလုပ်နိုင်မည်မှာ မလွဲဧကန် ဖြစ်သည်။

Code:Version 2.0 အမည်ရှိ စာအုပ်ကို ရေးသားသူ ဥပဒေပညာရှင် လောရင့်လက်ဆင်းကလည်း သူ့စာအုပ်ထဲတွင် ဤသို့ရေးထားသည်။ ယနေ့ခေတ် အင်တာနက်ကွန် ရက်တွေသည် ပထဝီနယ်နိမိတ် ဆိုတာတွေကို ရိုက်ချိုးလိုက်ပြီဖြစ်ကြောင်း၊ ယနေ့ခေတ်ကြီးတွင် မည်သူ တစ်ဦးတစ်ယောက်မျှ တစ်ကိုယ် ထီးတည်း နေလို့ မရနိုင်တော့ကြောင်း ရေးထားသည်။

Facebook ကို နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်မည်ဆို ထိုနိုင်ငံသည် ယနေ့စံနှုန်းနဲ့ဆို ကမ္ဘာပေါ်တွင် တတိယ လူဦးရေ အများဆုံးနိုင်ငံ ဖြစ်ပေလိမ့်မည်။ လာမည့် နှစ်အနည်းငယ် အတွင်းမှာပင် အဖွဲ့ဝင်ပေါင်း တစ်ဘီလီယံ ပြည့်ပါလိမ့်မည်ဟု မစ္စတာဇူးကာဘတ်က ယုံကြည်မှုအပြည့်ဖြင့် ပြောပါသည်။ ယနေ့ အချိန်ထိ Facebook လို အဖွဲ့ဝင် များပြားသည့် ဝက်ဘ်ဆိုက်မျိုး မပေါ်ဖူးသေးပါ။
အင်တာနက် နိုင်ငံများ၊ ကမ္ဘာပေါ်မှ နိုင်ငံများ၏ လူဦးရေ နှိုင်းယှဉ်ချက်

Facebook လို တကယ့်လောက နှင့် လေလှိုင်းပေါ်က လောကကို တစ်သားတည်းဖြစ်အောင် ပေါင်းပေးနိုင်သည့် အဖွဲ့ အစည်းမျိုးလည်း မပေါ်ဖူးသေးပါ။ သုံးစွဲသူများ၏ အမြင်အရတော့ Facebook သည် လွတ်လပ်မှုရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။


ကိုယ့်အထင်ကိုယ်လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ခွင့်ရှိသည်။ ထောက်ခံလိုတာကို ပွင့်ပွင့်လင်းလင်း ထောက်ခံနိုင်သလို၊ ကန့်ကွက်လိုတာကိုလည်း ပွင့်ပွင့် လင်းလင်း ကန့်ကွက် နိုင်သည်။ သို့သော် လွတ်လပ်တိုင်း ကောင်းပါမည်လား၊ စဉ်းစားစရာ ရှိလာသည်။ Facebook မှာရော တိုင်းပြည်တစ်ပြည်မှာပါ စည်းကမ်းဥပဒေတွေ မလိုအပ်တော့ဘူးလား။

စွန့်ဦးတီထွင် လုပ်ငန်းကြီးတစ်ခုဖြစ်သော Union Square Votures ကို တည်ထောင်သူ ဘရတ်ဒ်အာဟမ်ကတော့ လိုအပ်ကြောင်းပြောသည်။ ဥပဒေ စည်းကမ်းတွေရှိမှသာ ဝင်သုံးသူ တစ်ဦးချင်း တစ်ယောက်ချင်း အတွက်ရော၊ အသင်း အဖွဲ့ကြီးတွေအတွက်ပါ ကိုယ့်အချိန်တွေ၊ သတင်း အချက် အလက်တွေကို စိတ်ချလက်ချ မြှုပ်နှံ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်ဟု ပြောသွားသည်။

Facebook ကလည်း ထိုအချက်ကို လျစ်လျူရှုမထားခဲ့ပါ။ တကယ့်အပြင်က အစိုးရတွေ တိုင်းပြည်ကို နိုင်ငံရေးအရ လည်းကောင်း၊ စီးပွားရေးအရ လည်းကောင်း လမ်းကြောင်း ပေးသလို Facebook ကလည်း သူ့အွန်လိုင်း စီးပွားရေးကို လမ်းကြောင်းပေးဖို့ ကြိုးစားနေသည်။

ယခုနှစ် အစောပိုင်းတွင် Facebookသည် သူ့ဝက်ဘ်ဆိုက်ပေါ်တွင်Facebook ငွေကြေးကို သုံးစွဲနိုင်ဖို့ စီစဉ်ခဲ့သည်။Facebook ငွေကြေးကို ဖန်တီးရခြင်းမှာ သုံးသူများ အကျိုးအတွက် ဖြစ်ကြောင်း Facebook က ပြောပါသည်။

မိမိကို ထောက်ခံမဲပေး နေသူများအပေါ် လုံးလုံး မှီခိုနေရသော တကယ့်အပြင်က နိုင်ငံရေးသမားများလိုပင် Facebook သည်လည်း မိမိအဖွဲ့ဝင်များ၏ သဘောထား အမြင်ကို အချိန်ပြည့် တောင်းခဲ့ပြီး ဂရုစိုက်နေကြရသည်။ အသစ်ချမှတ်ချင်သည့် စည်းကမ်း၊ နည်းလမ်းများနှင့် ပတ်သက်ပြီး သုံးသူတွေ ကြိုက် မကြိုက်ကို အမြဲတမ်း စာရင်း ကောက်ယူ နေသည်။ ရှေ့ဆက်ပြီး ဘာစည်းကမ်းနည်းလမ်းတွေ ထုတ်ပြန်သင့်၊ ပယ်ဖျက် သင့်တာကိုလည်း အွန်လိုင်း ဆွေးနွေးပွဲများ လုပ်ပြီး အားလုံး ဝင်ရောက် ဆွေးနွေးခွင့် ပေးထားသည်။

တကယ့် နိုင်ငံရေးသမားကြီးများ အမှားနဲ့မကင်းသလိုပင် Facebook သည်လည်း အမှားနဲ့မကင်းခဲ့ပါချေ။ ပြီးခဲ့သည့်နှစ်က Facebook သည် သုံးစွဲသူ ကိုယ်တိုင်သာ သိခွင့်ရှိနိုင်သော တချို့ ကိုယ်ရေး အချက် အလက်များကို အခြားလူတွေပါ ဝင်ကြည့်နိုင်အောင် လုပ်လိုက်မိသဖြင့်၊ သုံးသူတွေ ပွမ်တာ တော်တော် ခံလိုက်ရသေးသည်။

မစ္စတာ ဇူးကာဘတ်သည် သူ့အိပ်မက်ဖြစ်သော ကမ္ဘာ့လူသုံးအများဆုံး လူမှု ကွန်ရက်တစ်ခု ထူထောင်ဖို့ ဟူသော အလုပ်ကိုတောင် အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီမို့၊ တစ်ဆင့်တက်၍ ကွန်ရက်မှာ စည်းမျဉ်းဥပဒေတွေ ရေးဆွဲဖို့ကိုလည်း အောင်မြင်အောင် လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

ပြီးခဲ့သော အဖြစ်အပျက်တွေကို ပြန်ကြည့်လျှင် လွတ်လပ်မှုရှိတိုင်းလည်း လူကြိုက်မများနိုင်ကြောင်းကို မြင်ရမည် ဖြစ်သည်။ My Space ကို ကြည့်ပါ။ ယခင်ကဆို My Space သည် Facebook ထက်တောင် လူကြိုက် များခဲ့ပါသေးသည်။ သို့သော် My space မန်နေဂျာများ သည် ဝက်ဘ်ဆိုက်ကို အစွမ်းကုန် လွတ်လပ်ရေး ပေးပြီး၊ အထိန်းအကွပ်မရှိ လွတ်လွတ် လပ်လပ်ဖြစ်အောင် လုပ်ချလိုက်သောအခါ၊ လွတ်လပ်လွန်းတာကြီးကို သုံးသူတွေ စိတ်ညစ်ပြီး အဖွဲ့ဝင်တွေ လျော့ပြီးရင်း လျော့သွားရတော့သည်။

လွတ်လပ်တယ်ဆိုတိုင်း မကောင်း၊ ထိန်းထိန်း သိမ်းသိမ်း လွတ်လပ်ခြင်းနှင့် ဗရမ်းဗတာ လွတ်လပ်ခြင်းကြားမှာ စည်းပါးပါးလေး တစ်ကြောင်း တားလျက်ရှိသည်။ ထိုစည်းကို ဘယ်နေရာမှာ ဆွဲကန့်ထားရမည်ကို သိတတ်ဖို့ လိုသည်။ ဘယ်နားထိသာ လွတ်လပ်ရမည်၊ ဘယ်နား ရောက်ရင်တော့ စည်းဆွဲပြီး ပိတ်လိုက်ဖို့ လိုပြီကို မသိလျှင် My Space လို လူတွေချဉ်တာ ခံရလိမ့်မည်။

အင်တာနက်ကွန်ရက်သည် ပထဝီ အနေအထား အကန့်အသတ်ဘောင်၊ နိုင်ငံနယ်နိမိတ်တွေကို ရိုက်ချိုးပစ်သည် မှန်သော်လည်း၊ တကယ့်အစိုးရတွေမှာ ထိုကွန်ရက်ကို အသက်မဲ့သွားစေမည့် ဝှက်ဖဲကလေးများ ရှိကြဆဲ ဖြစ်ပါသည်။ ဥပမာ- တရုတ်ပြည်မှာ Facebook ကို ပိတ်ထားသည်ကို မြင်နိုင်သည်။ မေလတုန်းကလည်း ပါကစ္စတန်က Facebook ကို ယာယီ ပိတ်ပစ်ခဲ့သည်။

Facebook က မာစတာကြီးများ အပြောအရ သူတို့ ရည်မှန်းချက်မှာ ကမ္ဘာ့ရွာကြီးထဲက ရွာသူရွာသားများကို တစ်ဦးနဲ့တစ်ဦး နီးနိုင်သမျှ နီးအောင် ကပ်ပေးနိုင်ဖို့ဖြစ်ကြောင်း သိရပါသည်။ Facebook ကြောင့် လူအချင်းချင်း ပိုဆက် သွယ်နိုင်လာတာကြောင့် ပေါ်ထွက်လာတဲ့ အကြောင်းအရာသစ်၊ အိုင်ဒီယာအသစ်တွေဟာ အများကြီးပါ။ နောင်မျိုးဆက်တွေ လက်ထက်လောက်မှ ဖြစ်နိုင်မှာပါလေလို့ ကျွန်တော်တို့ ခန့်မှန်းထားတာတွေဟာ Facebook ကြောင့် အခု မျိုးဆက်မှာတင် ဖြစ်လာတာတွေ ရှိပါတယ်ဟု အင်ဒီယားနား တက္ကသိုလ်မှ ပါမောက္ခ အပ်ဒွပ်ကတိစ်ထရိုနိုဗာက ပြောသည်။

Facebook သည် အစိုးရအဖွဲ့အစည်းတွေနဲ့လည်း ဝန်ဆောင်မှု ပေးနိုင်တာချင်း အပြိုင် ဖြစ်လာသည်ကို တွေ့ရသည်။ ထို့ကြောင့် လူမှု ဆက်သွယ်ရေး ကွန်ရက်တွေသည် နိုင်ငံရေးပိုင်းမှာရော ဘယ်လောက် လွှမ်းမိုးမှု ရှိလာမလဲ စောင့်ကြည့်ကြရမည်။ လောလောဆယ် မြင်နေရသလောက်ဆို လူမှုရေးကွန်ရက်တွေသည် ဆွေးနွေးပွဲတွေ ကျင်းပနိုင်အောင် အများကြီး ကူညီနိုင်သည်ကို တွေ့နိုင်သည်။ စည်းရုံးရေးတွေလည်း အများကြီး ထိထိရောက်ရောက် လုပ်နိုင်သည်။ ပြီးတော့ အစိုးရတွေ ပြဌာန်းလိုသော စည်းမျဉ်း ဥပဒေသစ်များကို လူမှုကွန်ရက် ဝက်ဘ်ဆိုက်များမှတစ်ဆင့် လူထုထံ ပဏာမ တင်ပြပြီး သဘောထား မည်သို့ရှိကြောင်း လေ့လာလို့ ရနေပြီ။

သံတမန် ဆက်ဆံရေး အတော်များများ၏ ပုံစံအတိုင်း ယခု ကြည့်နေသော်လည်း၊ မကြာခင် တစ်ခုခုသော အကြောင်းကြောင့် ကြည့်နေသူချင်းပင် ရန်သူပမာ ဖြစ်သွားတတ်သလိုပင်။ ယခုလည်း ထိုဆွေးနွေးပွဲပြီးလို့ ရက်အနည်းငယ်ပဲ ရှိသေးသည်၊ ဗြိတိန်အစိုးရသည် Facebook ကို ကန့်ကွက် ရှုတ်ချလိုက်သည်ကို တွေ့ရပြန်ပါသည်။ လူသတ်သမားတစ်ယောက်က သူသတ်ခဲ့သည့် အကြောင်းတွေ၊ ဓာတ်ပုံတွေကို Facebook မှာ တင်တာကို Facebook က ဖြုတ်ချမပစ်ဘဲ ခွင့်ပြုထားလို့ဟု သိရပါသည်။ နောက်တော့ တင်တဲ့လူကပဲ သူ့ဘာသာ ပြန် ဖြုတ်ချသွားသည်ကို တွေ့ရသည်။ Facebook ကတော့ ဖြုတ်ချပစ်ဖို့ ငြင်းခဲ့ပါသည်။

Facebook ဟာ တရားစီရင်တဲ့နေရာ မဟုတ်ပါဘူး။ Facebook ဆိုတာ လူတိုင်းလူတိုင်း ကိုယ့်အထင်အမြင်ကို လွတ်လပ်စွာ တင်ပြခွင့်၊ ဆွေးနွေးခွင့် ရှိတဲ့ နေရာပါဟု Facebook က ပြောသွားသည်။

မစ္စတာဇူးကာဘတ်ကား တကယ့် ပထဝီ မြေကြီးကို ပိုင်စိုးသော အာဏာပိုင်တစ်ယောက် မဟုတ်သော်လည်း၊ လေလှိုင်းပေါ်က သူ့နိုင်ငံတော်ကြီးကိုတော့ မည်သူ တစ်ဦးတစ်ယောက်၏ သြဇာ အာဏာအောက်ကိုမှ အရောက်ခံမည် မဟုတ်ကြောင်း အထက်ပါ စကားက ကောင်းကောင်း သက်သေပြနေလေသည်။

မူရင်း။ ။ The Future is another country (The Economist)

http://www.ecovisionjournal.com/article/index.php?year=4&month=9&VOL=95 တွင် တွေ့ရသော ဆောင်းပါးကို ကူးယူ ဖော်ပြပါသည်။

No comments:

Post a Comment