22 September 2010

Htun Win Nyein – Thakhin Ohn Myint


အချိုးအကွေ့များထဲမှာ သခင်အုန်းမြင့် တိုးတက်ရေးသတင်းစာ ထုတ်ခဲ့စဉ်က
ထွန်းဝင်းငြိမ်း
စက်တင်ဘာ ၂၃၊ ၂၀၁၀
 (တစ်) လက်ပံတန်း မှ ရေကျော်သို့
လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်လောက်က လက်ပံတန်းမြို့ အစိုးရအထက်တန်းကျောင်းမှ ကျောင်းသားလေး တဦးသည် တို့ဗမာအစည်းအရုံးမှ စာရွက်များကို ကျောင်းထဲတွင် ဖြန့်ဝေခဲ့လေသည်။ ထိုစာရွက်တွင် (မူရင်းသတ်ပုံ အတိုင်း)
ဗမာပြည်သည် - တို့ပြည်။
ဗမာစာသည် - တို့စာ။
ဗမာစကားသည် - တို့စကား။
တို့ပြည်ကို - ချစ်ပါ။
တို့စာကို - ချီးမြှင့်ပါ။
တို့စကားကို - လေးစားပါ။
        ဟူ၍ ရိုက်နှိပ်ထားသည်။ ထိုကြွေးကြော်သံများသည် မြန်မာတနိုင်ငံလုံးကို ကိုလိုနီလက်အောက်မှ လွတ်မြောက်စေရန် အမျိုးသားရေးစိတ်လှုံ့ဆော်ပေးသော စာတန်းများဖြစ်သည်။ စာရွက်များကို ဝေခဲ့သော ကျောင်းသားလေးမှာ ယခုအခါ အသက် ၉၁ နှစ်အရွယ် အဘိုးအိုတဦး ဖြစ်နေချေပြီ။
သူ့ကို သခင်အုန်းမြင့်ဟု လူသိများသည်။
တိုးတက်ရေး ဦးအုန်းမြင့်ဟုလည်း ခေါ်ကြသည်။ အချို့က ဦးလေး အုန်းမြင့်ဟု ခေါ်သည်။ ကျွန်တော်တို့က အဘ ဟု ခေါ်လေ့ရှိသည်။ သခင်အုန်းမြင့်ကို ၁၉၁၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အဘ ဦးမိုးကောင်း၊ အမိ ဒေါ်အေးတင်တို့မှ လက်ပန်းတန်းမြို့၌ မွေးဖွားခဲ့သည်။ အထက်တန်းကျောင်း၌ စာရွက်များဝေစဉ်က ၁၉၃၃ ခု နိုဝင်ဘာလဖြစ်သည်။
“အဲဒီအချိန်တုန်းက လက်ပံတန်း ကျောင်းအုပ်ကြီး ဦးလှတင်က တို့ဗမာအစည်းအရုံး သခင်တွေရဲ့စာရွက်တွေကို ကျောင်းထဲမှာမဝေဖို့ သတိပေး ဆုံးမခဲ့တယ်။ အဲဒီစာရွက်တွေက သခင်ဗစိန်ဆီကနေ သခင်တင်အုန်း ယူလာတာ။ နောက် တရက်ခြားလောက်နေတော့ ကျောင်းဝင်းအပြင်လမ်းပေါ်မှာ စာရွက်တွေထပ်ဝေနေတာကို သိသွားလို့ ကျောင်းအုပ်ကြီး ဦးတင်လှက ကျောင်းသားနဲ့မဆိုင်တဲ့ အလုပ်ကို မလုပ်ဖို့၊ နောင်ထပ်လုပ်ရင် ကျောင်းက ထုတ်ပစ်မယ်လို့ ပြင်းပြင်းထန်ထန် သတိပေးခံရတယ်။ ဆရာကြီးက ကျောင်းထဲမှာမဝေရဘူးဆိုလို့ ကျောင်းပြင်မှာ ဝေမိတာပါ။ နောင် ကျောင်းနေစဉ်အတွင် ဒါမျိုးမလုပ်ပါလို့ ကတိပေးခဲ့ရတယ်။ ၁၉၃၄ ခု မတ်လမှာ အောင်စာရင်းထွက်တော့ ၁၀ တန်းအောင်ပေမယ့် (ခ) အဆင့်ဖြစ်နေတာနဲ့ ကျောင်းဆက်တက်ဖို့ ရန်ကုန် ဆင်းလာခဲ့တယ်။”
အဘ၏အသံက သူ၏ပါးလှပ်လှပ်ခန္ဓာနှင့် မလိုက်အောင် ခွန်အားရှိနေဆဲပင်။ မီးခိုးရောင်သန်းနေသော ဆံပင်များကို နောက်လှန်၍ ဖီးထားသည်။ ကော်ကိုင်းမျက်မှန်အောက်မှ သေးသွယ်ပြီး စူးရှသည့် သူ၏မျက်လုံးများက ကျွန်တော်တို့၏ရင်ထဲသို့ ထိုးဖောက်မြင်နေရသလို ခံစားရသည်။ အဘသည် ကျွန်တော်တို့ကို လက်ခံတွေ့ဆုံပြီး သူ၏ ဖြတ်သန်းမှုများကို ပြောပြနေစဉ်၌ ဇရာကိုမေ့ထားလိုက်ပုံရသည်။
“ဆေးကျောင်းမှာ စာရင်းသွင်းပြီး ကျောင်းမတတ်ဖြစ်ဘဲ မြန်မာ့အလင်းသတင်းစာ၊ ဈေးနှုန်းသတင်းစာတိုက် နောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ မျိုးညွန့်မဂ္ဂဇင်းတွေမှာ တဝဲလည်လည် ယောင်ပေပေနဲ့ နေခဲ့တာပေါ့။ ဂျာနယ်ကျော်ဦးချစ်မောင်က ကျွန်တော့်ဆရာအရင်းလေ။ လက်ပံတန်းကျောင်းမှာ ကျွန်တော် သုံးလေးတန်းကတည်းက သူက ကျောင်းဆရာဖြစ်နေပြီ။ ကျွန်တော် ဆယ်တန်းအောင်တော့ သူက မြန်မာ့အလင်းမှာ အယ်ဒီတာဖြစ်နေတယ်။ ရန်ကုန်ဆင်းလာတဲ့အခါ ဆရာဦးချစ်မောင်၊ ပန်းချီအုန်းလွင်တို့နဲ့အတူ ရေကျော် နှင်းပန်းလမ်း အမှတ် ၁၈ မှာ နေတယ်။ အဲဒီအခန်းမှာ နောင် တိုးတက်ရေးနဲ့ ဗမာ့ခေတ်မှာ အယ်ဒီတာလုပ်သွားတဲ့ ကိုကိုလေး၊ ကိုထွန်းဖေ (နောင် သခင်တင်ဖေ)၊ ဆရာထွန်းကြိုင် (ABC ပစ္စည်းငှားဌာန ၃၃ လမ်း) တို့နဲ့ အတူနေခဲ့တယ်။ ဈေးနှုန်းသတင်းစာတိုက်၊ မြန်မာ့အလင်း သတင်းစာတိုက်တွေမှာ သတင်းစာ အယ်ဒီတာအဖွဲ့ လုပ်ငန်းတွေကို တွေ့မြင်ခဲ့ရတယ်။”
“၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်ကစပြီး ကိုလှဖေ (နောင် ဗိုလ်လက်ျာ)၊ ကိုအုန်း ( နောင် သံအမတ်အငြိမ်းစား) တို့နဲ့ စတင်ကျွမ်းဝင်ခဲ့တယ်။ နောက်ပိုင်းမှာ ကိုအောင်ဆန်း၊ ကိုမြစိန်၊ ကိုကျော်ငြိမ်း၊ ကိုထွန်းရွှေ၊ ကိုလှရွှေတို့နဲ့ အထူး ရင်းနှီးခဲ့တယ်။ ၁၉၆၃ ခုနှစ်ထဲမှာ ‘မမြန် မမာသော နှေးပြော့များ’ ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ်ဖော်ပြပါရှိခွင့် ရခဲ့တယ်။ နောက် ဈေးနှုန်းသတင်းစာမှာ ဆယ့်နှစ်ရာသီပြုံး၊ မြင့်အုန်း စတဲ့ ကလောင်အမည်တွေနဲ့ ဆောင်းပါးတိုကလေးတွေနဲ့ နေ့စဉ် အခန်းဆက် ဝတ္ထုရှည်တပုဒ် ဖော်ပြပါခဲ့ဖူးတယ်”
(နှစ်) နေ့စဉ်သတင်းစာအစ တိုးတက်ရေးက
အဘက ပြောလက်စ စကားကို ခဏရပ်လိုက်ပြီး သစ်သားဆက်တီခုံကိုမှီ၍ အနားယူလိုက်သည်။ သူ၏ လက်များကို တုတ်ကောက်ပေါ်တွင် တင်ထားသည်။ လက်ချောင်းများမှာ အရိုးပေါ်အရေတင်ရုံမျှသာ။ လက်ဆစ်များတွင် တွန့်ခေါက်နေသော အရေးအကြောင်းများက ရင့်ကျက်မှုနှင့်အတူ နေရာယူလျှက်ရှိသည်။ ထို လက်ချောင်းများသည် ကလောင်ကို ကိုင်စွဲခဲ့သည်။ ခွန်အားရှိသောစာများဖြင့် ပြည်သူလူထုကို အလုပ်အကျွေးပြုခဲ့သည်။ ထိုကလောင်ဖြင့် တိုးတက်ရေးသတင်းစာတွင် ဖြတ်သန်းခဲ့ရသော နေ့ရက်များကို ဖြေးညှင်းစွာ ပြောပြနေသည်။
“ကျွန်တော်တို့ တိုးတက်ရေးလုပ်ခါစက ဆရာဦးချစ်မောင်က မြန်မာ့အလင်းမှာ အယ်ဒီတာလေ၊ ဒါပေမယ့် သူလည်းပဲ အဒမ်ဆင် သင်္ဘောမြုပ်တဲ့သတင်းကိစ္စနဲ့ ပြဿနာဖြစ်နေချိန်ပေါ့။ အဲဒီအချိန်မှာ ကျွန်တော်က ဂျာနယ်ကျော်မှာ လုပ်နေပြီ။ ဂျာနယ်ကျော်က ကျွန်တော့်နာမည်နဲ့ ထုတ်ခဲ့တာ။ တိုးတက်ရေး ဂျာနယ်ဆိုပြီး စထုတ်တုန်းကလည်း ကျွန်တော့်နာမည်နဲ့ပဲ။ တိုးတက်ရေး ဂျာနယ်ကို စထုတ်ခဲ့တဲ့သူက ကာယဗလ ဦးရှိန်ရဲ့ညီ ဦးစိန်။ သူက ကာယဗလ ဦးဇော်ဝိတ်တို့ အုပ်စုပေါ့။ သူတို့အကြံဉာဏ်တွေ အများကြီးပါပါတယ်။ အဲဒီမှာ စက်ဆရာ၊ ကားဆရာ၊ ဖြန့်ချီရေး အကုန်လုံး သူတို့လူသိုက်တွေပဲ။ တိုးတက်ရေး သတင်းစာတိုက်က ကုန်သည်လမ်းနဲ့ မဟာဗန္ဓုလလမ်းကြား ၃၇ လမ်းမှာ စခဲ့တာ။ ဟိုတုန်းက ဘုံဘေ ရက်စတောရင့် ရှိတဲ့ဘက်ပေါ့။ အခုတော့ ထီရုံးပေါ့။ နောက်ပိုင်းမှာ ပြန်ကြားရေးဌာန ညွှန်ချုပ်ဖြစ်သွားတဲ့ ကိုကျော်စိုးတောင်မှ အဲဒီနေရာမှာပဲ အင်္ဂလိပ်လို ဘားမားဒိုင်ဂျက်ဆိုပြီး ထုတ်ခဲ့သေးတယ်။ သူတို့က ပထမထပ်၊ တိုးတက်ရေးက အပေါ်ထပ် တခန်းနဲ့ အောက်ထပ် ၂ ခန်းပေါ့”
“တိုးတက်ရေးသတင်းစာစလုပ်မယ်ဆိုတော့ ဦးစိန်က ဦးအုန်းဖေ (တက်တိုး) ကို ခေါ်ပြတာ။ သူက စိတ်မဝင်စားတာနဲ့ ဦးချစ်မောင်ဆီ အကူအညီတောင်းတယ်။ ဆရာ ဦးချစ်မောင်က ကျွန်တော်ကို မင်းသွားရင် ကိုလေး ခေါ်သွားလိုက်ဆိုပြီး ပြောတယ်။ အယ်ဒီတာချုပ်က ဦးထွန်းသန်းပေါ့။ ကိုလေးဆိုတာ နောင် ‘ဗမာ့ခေတ်’ ရောက်သွားတဲ့ အယ်ဒီတာ။ အဲဒီတုန်းက သူက ဦးချစ်မောင်ရဲ့ဘော်ဒါ လူပျို၊ အိမ်မှာ ဘာအလုပ်မှရှိတာမဟုတ်ဘူး။ ဆရာဦးချစ်မောင်လွှတ်လိုက်တာနဲ့ ကျွန်တော်ရယ်၊ ကိုလေးရယ်၊ ဦးထွန်းသန်းရယ် သုံးယောက်နဲ့ တိုးတက်ရေးသတင်းစာကို စခဲ့တယ်။ ဦးစိန်က အလွန်စေ့စပ်သေချာတဲ့သူ ပထမဆုံး တိုးတက်ရေး မဂ္ဂဇင်းထုတ်ပြီးမှ တိုးတက်ရေးသတင်းစာထုတ်တာ။ သူက ‘ကြီးပွားချမ်းသာရေး’ ဆိုတဲ့ စာအုပ်ရေးခဲ့ဖူးတယ်။ ကျောင်းသုံးစာအုပ်တောင် ဖြစ်ခဲ့ဖူးတယ်။ သူ့ပုံက အသားမဲမဲနဲ့ သူ့အကို ဦးရှိန်နဲ့ ဘာမှမဆိုင်ဘူး။ ဦးရှိန်က ကျစ်ကျစ်လစ်လစ်နဲ့ ဒေါင်ကောင်းကောင်း။ ဦးစိန်က ဘယ်လောက်စေ့စပ်သလဲဆိုရင် ဘလောက်အဟောင်းတွေကို လွှင့်မပစ်ဘူး။ အယ်ဒီတာစာရေး ဦးသန်းဖေဆိုတဲ့ ဘုန်းကြီးလူထွက်၊ စေ့စပ်သေချာတဲ့ လူရိုး လူအေးကြီးကို စာတအုပ်နဲ့ စာရင်းလုပ်ခိုင်းထားတယ်။ အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင်တို့၊ ကျောင်းသား ခေါင်းဆောင်တို့ရဲ့ပုံတွေကို သပ်သပ် သေသေချာချာ နံပါတ်ထိုးပြီး သိမ်းထားတာ။ မကြာခဏ ပြန်ပြန်သုံးတယ်။”
“၁၉၃၈ မှာ ရွှေဘိုက ဦးရွှေဖီဆိုတဲ့သူက မော်လဝီနဲ့ ယောဂီစာအုပ် ဒုတိယအကြိမ်ပြန်ထုတ်လို့ ဒုတိယအကြိမ် ကုလားမြန်မာ အဓိကရုဏ်းဖြစ်တော့ ကျွန်တော်တို့က မိုက်မိုက်ကန်းကန်းပဲ၊ တိုက်က ကားနဲ့ ကားသမားကိုခေါ်ပြီး လမ်းမှာ သစ်တုံးတွေ ချပြီး လမ်းပိတ်ထားတာတွေကို လွတ်အောင်မောင်းပြီး သတင်းလျှောက်ယူတယ်။ နောက်ပြီး ချက်ချင်းရေးထည့်တာ။ အဲဒီလို လုပ်ခဲ့တာ။ ကုလားမြန်မာဖြစ်တဲ့အရှိန်ကြောင့် ၃၇ လမ်းရုံးကို ပန်းဆိုးတန်းအလယ် ဘလောက် ဟိုက်ကုတ်နဲ့မျက်နှာချင်းဆိုင်လောက်က အခန်းမှာ ပြောင်းရတယ်။ အဲဒီနားမှာ စားသောက်ဆိုင်နဲ့ ကုလားစာအုပ်ဆိုင်တဆိုင် ရှိတယ်။ အဲဒီကနေမှ ဗိုလ်ချုပ်လမ်းနဲ့ သိမ်ဖြူလမ်းထောင့် စတော့ဂိတ်ကုန်းဆင်းနားက အခု တိုင်းရင်းဆေးရုံနားကို ပြောင်းတာ။ အဲဒီအချိန်မှာ တိုးတက်ရေးက တော်တော်အရှိန်ရနေပြီ။ အဲဒီတော့မှာ ဆရာဦးချစ်မောင်ရဲ့ညီ ဦးသန်းထွန်းဆိုတာ အယ်ဒီတာအဖွဲ့ထဲ ရောက်လာတာ။ ကိုထင်ကြီး (တက္ကသိုလ် ထင်ကြီး) မဆုံးခင်တုန်းက သူရေးတဲ့ မြန်မာနိုင်ငံ သတင်းစာများအညွှန်းစာအုပ်ထဲမှာ တိုးတက်ရေးသတင်စာ အယ်ဒီတာ စာရင်းကို ဖော်ပြတော့ ကိုသန်းထွန်းက အရင်ဖြစ်နေပြီး ခင်ဗျားက ဒုတိယဖြစ်နေတယ်၊ သူရေးမိတာ ရှေ့နောက်လွဲနေတယ်လို့ ပြောပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်အိမ်က ပိုက်ဆံပို့ပေးနေတော့ ရတဲ့လခနဲ့သုံးတာမဟုတ်ဘူး။ အိမ်ကပေးတဲ့ ပိုက်ဆံနဲ့ သုံးနေတာဆိုတော့ သတင်းစာတိုက်မှာ အချိန်ပြည့်လုပ်နေတာ။ မနက်တခေါက် ဆင်းလိုက်၊ နေ့လည်တခေါက် ပြန်ဝင်ပြီး လုပ်လိုက်၊ ညအိမ်မပြန်ခင် အယ်ဒီတာစားပွဲ ဝင်ထိုင်လိုက် လုပ်ပေးနေတာကိုး။ ဦးစိန်က သိပ်သဘောကျတာပေါ့။”
“ဟိုတုန်းကတော့ ရန်ကုန်မှာ စနေနေ့ဆိုရင် မြင်းပွဲရှိတယ်။ သတင်းစာတွေက မြင်းပွဲသတင်းပါပြီး တနင်္ဂနွေနေ့ ပိတ်တာများတယ်။ ပိတ်လည်းပိတ်ကြတယ်။ သတင်းစာဆိုတာ နောက်မကျရဘူး။ စာဖတ်သူကို အချိန်မီသတင်းပေးနိုင်ဖို့ လိုတယ်။ သတင်းစာဆိုတာ နေ့တိုင်းထွက်ရင် ပိုကောင်းမှာပဲဆိုပြီး စမ်းကြည့်တာ။ သိပ်ဟန်ကျသွားတယ်လေ။ ကျွန်တော် တို့ကလည်း အဲဒီအချိန်က အလုပ်တွေကို အကုန်သိမ်းကြုံးလုပ်နေတော့ နေ့စဉ်ထုတ်အတွက် အခက်အခဲမရှိတော့ဘူးပေါ့။ ဒါကြောင့်မို့ တိုးတက်ရေးကစပြီး နေ့စဉ်ထုတ်သတင်းစာကို ထုတ်ခဲ့တာလို့ ပြောနိုင်တာပေါ့။”
 (သုံး) သုခဝတီလမ်းက ဧည့်ခန်းထဲမှာ
စူနီယမ်ပတ်ခ် ဟုခေါ်သော ရန်ကင်းအနောက်ပိုင်းတွင် လမ်းနီလေး မှတ်တိုင်အနီး၌ သုခဝတီလမ်း ရှိသည်။ ထိုလမ်းထဲသို့ ကမ္ဘာအေးလမ်းဘက်မှဝင်လာလျှင် ညာဘက်ခြမ်း၌ အမှတ် ၃ ဘီ ခြံဝင်းမှာ အဘဦးအုန်းမြင့်၏အိမ် ဖြစ်သည်။ ခြံထဲတွင် သံပုရာပင်၊ အုန်းပင်နှင့် မာလကာပင်များစိုက်ထားသည်။ အလှစိုက်ရွက်လှပန်းပင် အတော်များများရှိသည်။ အိမ်ရှေ့၌ စိုက်ထားသော သံပုရာပင်များမှ သံပုရာသီးများကိုခူးကာ လာသောသူများကို လက်ဆောင်ပေးတတ်သည်။ ခြံဝင်းအတွင်းအိမ်နောက်လက်တွင် အမျိုးသမီး ဘော်ဒါဆောင်ရှိသည်။ ၁၉၅၀ ဝန်းကျင်မှ ဗိသုကာလက်ရာဟု ယူဆရသော ထူထဲသည့်အုတ်နံရံများဖြင့် ဖွဲ့စည်းထားသည့် အဘ၏အိမ်မှာ ငြိမ်ဆိတ်၍နေသည်။ အဘက ကျွန်တော်တို့ကို ဧည့်ခန်းတွင် လက်ခံတွေ့ဆုံသည်။ သူထိုင်နေသော သစ်သားဆက်တီခုံ၏နောက်တွင် ဆုတံဆိပ်များ၊ ဂုဏ်ပြုလက်မှတ်များ ထည့်ထားသော မှန်ကောင်တာ တခုရှိသည်။ ထိုအထက်တွင် ပင်နီတိုက်ပုံဝတ်ထားကာ ကွမ်းအစ်၊ ကွမ်းညှပ်နှင့် ထိုင်နေသော ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ဓာတ်ပုံ ရှိသည်။ အခန်းထောင့်တွင် ဂန္ထဝင်ဆန်လှသော မတ်တပ်ပန်ကာ အဟောင်းကြီးတလုံးရှိသည်။
အဘက ကျွန်တော်တို့အတွက် ကော်ဖီဖျော်ခိုင်းရင်း ပြောလက်စစကားကို ဆက်သည်။
“တိုးတက်ရေးစထွက်တဲ့အချိန်က မြန်မာ့အလင်းက ထိပ်တန်းသတင်းစာပေါ့။ သူရိယက ဒုတိယလိုက်တယ်။ ကျန်တဲ့သတင်းစာတွေရှိပေမယ့် တဖြည်းဖြည်း ရုပ်သွားကြတယ်။ တိုးတက်ရေးထုတ်တော့ ၂ ပြားကနေစပြီး ရောင်းတယ်။ နောက်မှ တဖြည်းဖြည်း ဈေးမြင့်လာတာ။ မြန်မာ့အလင်းနဲ့သူရိယက ငါးပြားနဲ့ရောင်းတာ။ စစ်ဖြစ်တဲ့အချိန် ၁၉၄၂ ကျတော့ တိုးတက်ရေးက မြန်မာ့အလင်းစောင်ရေအရ မိတော့မယ်။ မြန်မာ့အလင်းက စောင်ရေများတော့ ကြော်ငြာလည်း များတယ်။ စောင်ရေဘယ်လောက်များတယ်ဆိုတာ ပြောချင်တော့ စာရင်းစစ်အဖွဲ့ရဲ့ ထောက်ခံချက်ကို သတင်းစာထဲ ထည့်ကြော်ငြာတယ်။ ကျွန်တော်တို့လည်း စောင်ရေသောင်းချီလာတော့ အဲဒီလိုပဲ စာရင်းစစ်ကြေငြာထည့်ခဲ့ဖူးတယ်”
“၁၉၃၈ ကုလားမြန်မာ အဓိကရုဏ်းဖြစ်တော့ ကျွန်တော့်အိမ်မှာ လူစုံတယ်။ ကိုဗဟိန်းကလည်း ရန်ကုန် ရောက်လာပြီ။ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်အောင်ဆန်းတို့ လာဆုံကြတယ်။ ဦးချစ်မောင်အိမ်ထောင်ပြုသွားတော့ ကျွန်တော်က ဇဝန (ကိုသိန်း)နဲ့နေတယ်။ ၃၇ လမ်းအမှတ် ၄၉ မှာ နေကြတာ။ အခု ဘဝတက္ကသိုလ်စာအုပ်တိုက်ရဲ့ အပေါ် ထပ်ပေါ့။ ကာထားတဲ့နံရံက သစ်သားလျှာထိုးတွေ၊ ရှေ့မှာဝရန်တာရှိတယ်။ ကျွန်တော်တို့နဲ့ ကပ်ရက်အခန်းမှာ မြန်မာ့အလင်းသတင်းထောက် ဦးကျော်မင်းနေတယ်။ သူ့သားလေးက အပါ တဲ့။ ဦးကျော်မင်းက အပြောကောင်းတယ်။ အိမ်ရှေ့ဝရန်တာလေးကို အပါ လာလို့ရအောင် ဆက်လိုက်တယ်။ သူ့သားလေး အပါက လာပြီး ဟိုမေးဒီမေး မေးတယ်။ ဇဝနက ကလေးချစ်တတ်တယ်။ မူးတာတော့ တချိန်လုံး မူးနေတာပဲ။ မမူးရင် သိပ်ကောင်းတယ်။ အပါ ပုံပြောမယ် ဆိုတဲ့စာအုပ်က အဲဒီကလေးမေးတာ ပြောတာတွေကို ပြန်ရေးတာ။ အဲဒီတုန်းက ကျွန်တော်တို့နှစ်ယောက်ထဲ နေတာ။ နောက်တော့ သခင်နုတို့၊ ကိုသိန်းဖေ (သိန်းဖေမြင့်)တို့ ရောက်လာကြတာပဲ”
“အဲဒီအချိန်က တို့ဗမာအစည်းအရုံးကလည်း အရှိန်ကောင်းနေချိန်မှာ ကျွန်တော်က အနယ်နယ်အရပ်ရပ်က တို့ဗမာအစည်းအရုံးဝင်တွေကို အကျိုးတော်ဆောင် သတင်းထောက်ဆိုပြီး ခန့်ထားပေးတယ်။ သူတို့ကလည်း သူတို့သတင်းပါရင် ကျေနပ်ကြတာပေါ့။ ပိုက်ဆံမယူကြပါဘူး။ ၁၃၀၀ ပြည့်အရေးတော်ပုံကလည်း စခါစဆိုတော့ တိုးတက်ရေးသတင်းစာက တို့ဗမာအစည်းအရုံးရဲ့ ကြွေးကြော်သံလိုဖြစ်သွားပြီး တဟုန်ထိုး စောင်ရေတွေ တက်သွားတယ်။ တချို့သတင်းတွေကျတော့ နည်းနည်းပါးပါး ထိခိုက်တဲ့သူတွေ ထိကြတာနဲ့ အကျိုးတော်ဆောင် နယ်သတင်းထောက်တွေကို ကိုယ်ပိုင်နံပါတ်နဲ့ အမှတ်အသားလုပ်ပြီး သူတို့သတင်းရဲ့ အောက်ခြေမှာ ဖော်ပြပေးခဲ့တယ်။ အဲဒီတုန်းက တခြားသတင်းစာတွေမှာ အဲဒီလို စနစ်မရှိသေးဘူး။ ကျွန်တော်တို့ တိုးတက်ရေးက အဲဒီလို စလိုက်တာကို ဦးစိန်ကလည်း သဘောကျတယ်။”
“မြန်မာ့အလင်းဆိုရင် အဲဒီတုန်းက သတင်းတွေအတွက် အဲဒီလိုလုပ်တာမျိုး မရှိသေးဘူး။ မြန်မာ့အလင်းရဲ့ မန္တလေးသတင်းကိုယ်စားလှယ်က ဦးကိုကိုလတ် ထင်တယ်။ သတင်းထောက်လည်း သူပဲ။ သူ့မှာလက်သပ်မွေးထားတဲ့ တပည့် သတင်းထောက်တွေတော့ ရှိမှာပေါ့။ ဒါပေမယ့် သူတို့သတင်းဆိုတာကို နာမည်တို့၊ အမှတ်အသားတို့ တပ်ပေးတာမျိုး မရှိဘူး။ ကျနော်တို့တိုးတက်ရေးရဲ့ မန္တလေးသတင်းထောက်က ကုလားမူစလင်နဲ့တူတယ်။ မြန်မာစာသာ ပီသအောင်မရေးတတ်တာ၊ သတင်းတွေကတော့ သိပ်ကောင်းတာပဲ။ ကျွန်တော်တို့က သူ့သတင်းတွေကို ပြင်ရေးရတယ်။ သူ့သတင်းဆိုရင် သူ့နံပါတ်နဲ့ဖော်ပြပေးခဲ့တယ်။ ဆရာဦးချစ်မောင်က မြန်မာ့အလင်းကထွက်ပြီး ဂျာနယ်ကျော်မှာလုပ်တော့ ကျွန်တော့်ကိုပြန်ခေါ်သေးတယ်။ ကျွန်တော်က တိုးတက်ရေးမှာ ပျော်နေပြီဆရာလို့ ပြောခဲ့တယ်။ ဒါပေမယ့် ဂျာနယ်ကျော် မှာ အခန်း ၂ ခန်းရေးပေးခဲ့ပါတယ်။ ဂျာနယ်ကျော်စထွက်ထွက်ချင်းမှာ ဆရာဦးချစ်မောင်က “ဤအချက်များကို မကျေနပ်” “နယ်များတွင် မည်သို့ဖြစ်ပျက်နေသနည်း” ဆိုတဲ့ သတင်းကဏ္ဍစုံကို စရေးပြတယ်။ ကျွန်တော်က နောက်အပတ်မှာ သူ့ပုံတူလိုက်ပြီးတော့ ရေးခဲ့တာပါ။ တိုးတက်ရေးလုပ်နေရင်း အဲဒီ ၂ ခန်းကို အချိန်တော်တော်ကြာကြာ ရေးပေးခဲ့တယ်။ တိုးတက်ရေးသတင်းစာပိုင်ရှင် ဦးစိန်ကလည်း ဂျာနယ်ကျော်က အင်္ဂလိပ်ကိုဆော်တာ လက်သံပြောင်တော့ အစိုးရက အရေးယူရင် ထုတ်ဝေသူဖြစ်တဲ့ ကျွန်တော့်ကိုပါ အယ်ဒီတာချုပ် ဦးချစ်မောင်နဲ့အတူ အရေးယူခံရမှာစိုးတယ်။ အရေးယူခံရရင် တိုးတက်ရေး အလုပ်တွေလည်း ထိခိုက်နိုင်တာကိုး။”
 (လေး) ၁၃၀၀ ပြည့် နိုင်ငံရေးမျိုးဆက်
 အဘသည် သတင်းစာဆရာဟောင်းတဦးပီသစွာ သမိုင်းအချက်အလက်များကို ပြောသည်အခါတွင် ဘယ်စာအုပ်နဲ့ တိုက်ကြည့်လိုက်၊ ဘယ်စာအုပ်မှာ ဘယ်လိုဖော်ပြထားတယ် အစရှိသဖြင့် ညွှန်တတ်ပါသည်။ ကျွန်တော်တို့ နှင့် ပြောနေချိန်တွင် အချို့သောလူနာမည်များနှင့် သက္ကရာဇ်အနည်းငယ်လောက်သာ မေ့နေသဖြင့် ဘယ်မှာကြည့်လိုက် ဆိုပြီး ညွှန်းသည်မှလွဲရင် အတော်များများ မှတ်မိနေပါသေးသည်။ ကျွန်တော်တို့ကိုရှင်းပြနေရင်း မကြာခဏ ဆီးထသွားသည်။ ပြန်လာလျှင် မေးသမျှကို ဆက်၍ဖြေသည်။ အဘက ထိုင်ထသွားလာရာတွင် သူ့ကို လူတွဲသည်ကို မကြိုက်ပါ။ သူသည် ပြင်းပြသော စိတ်အလေ့အကျင့်နှင့် ရှင်သန်လာခဲ့သူမဟုတ်လား။
ကျွန်တော်တို့သည် သမိုင်းရေဆန်ကို လှော်ခတ်ခဲ့သူ ဝါရင့်သတင်းစာဆရာ (သို့မဟုတ်) ၁၃၀၀ ပြည့်အရေးတော် ပုံမှ မွေးဖွားပေးလိုက်သည့် နိုင်ငံရေးမျိုးဆက်တဦးကို တွေ့နေရသည်။ ကျွန်တော်တို့ဆိုသည်မှာ True News သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုသောင်းထိုက်နှင့် ကျွန်တော်ဖြစ်သည်။ ကျွန်တော်တို့သည် သက်ရှိသမိုင်း အဘိဓာန်ထဲမှ အချိုးအကွေ့စာမျက်နှာများကို ဖတ်ကြားနေကြခြင်းလည်း ဖြစ်နိုင်ပါသည်။ အတိတ်မှအတွေ့အကြုံများသည် ယနေ့အတွက် သင်္ခန်းစာကောင်းများဖြစ်သလို အနာဂတ်အတွက် လမ်းညွှန်များလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
“အဲဒီလို တိုးတက်ရေးသတင်းစာ ထုတ်ခါစ ၁၉၃၈ ခု ဧပြီလထဲမှာ ပုသိမ်မြို့မှာကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ကွန်ဖရင်ကို ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုသန်းထွန်း၊ ကိုကွန့်တို့နဲ့အတူ အုပ်စုလိုက်တက်ခဲ့တာပဲ။ မြို့ခံ ပုသိမ်သား ကိုမြစိန် (နောင် သံအမတ်)၊ ကိုသိန်းဆွေ (နောင် ဗိုလ်သိမ်းဆွေ)၊ ဆရာတော် ဦးသာသန၊ မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကိုအေးမောင်၊ ကိုသန်းတို့နဲ့ ရင်းနှီးခဲ့ရတယ်။ ပုသိမ်ကွန်ဖရင်အပြီး မော်တင်စွန်းကိုသွားပြီး ဘုရားဇရပ်မှာ နွေရာသီစခန်းဖွင့်ခဲ့ကြတယ်။ အပန်းဖြေသွားကြတာမျိုးမဟုတ်ဘဲ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုသန်းထွန်းတို့က နယ်က ကျောင်းသားကိုယ်စားလှယ်တွေကို နယ်က သခင်တွေနဲ့ တိုင်ပင်ပြီး နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုတွေလုပ်ဖို့ ကျိတ်ပြီး တိုင်ပင်ဆွေးနွေးခဲ့ကြတာပါ။ အဲဒီကွန့်ဖရန်ရဲ့ ထူးခြားချက်က သခင်ကိုယ်တော်မှိုင်းကို ကိုအောင်ဆန်းကိုယ်တိုင်သွားပြီး ဖိတ်ခဲ့တာ။ ကိုဗဟိန်းနဲ့ ကိုသန်းထွန်းလည်း အတူပါသွားတာပေါ့။ အဲဒီအချိန်ကတည်းက ကိုအောင်ဆန်းကို သခင်ကိုယ်တော်မှိုင်းနဲ့ တို့ဗမာအစည်းအရုံးဋ္ဌာနချုပ်မှာရှိတဲ့ အမှုဆောင်တဖွဲ့လုံးက သခင်အဖြစ် အသိအမှတ်ပြုထားပြီး သား၊ တို့ဗမာအစည်းအရုံးခေါင်းဆောင်ပိုင်းမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ကမ်းလှမ်းထားပြီးသားပါ။ နောက်ထပ် ထူးခြားတာက ကွန်ဖရင့်ကို ကာယဗလ ကိုဇော်ဝိတ်ကြီး ပါလာတာပဲ။ သူကလည်း တို့ဗမာအစည်းအရုံးသခင်တွေရဲ့ ညီလာခံတွေ၊ ကျောင်းသားညီလာခံတွေမှာ ကျွန်တော့်လိုပဲ အသုံးချခံတယောက်ပေါ့။ ကိုဇော်ဝိတ်ကြီးက ဒီတခေါက်မှာတော့ ကျောင်းသားကိုယ်စားလှယ်အားလုံးကို လူအုပ်လူထုနဲ့ ချီတက်တဲ့ ကျန်းမာရေးလေ့ကျင့်ခန်း ခေါင်းဆောင်ပေါ့။ ပင်လယ်ကမ်းစပ်က သောင်ပြင်ပေါ်မှာ နောင်တနေ့ နယ်ချဲ့တိုက်ပွဲမှာ လက်နက်ကိုင်ကြမယ့် ကျောင်းသားတွေကို လက်နက်မဲ့ ကာယလေ့ကျင့်ခန်းအတွက် တာဝန်ယူပေးခဲ့တာပေါ့။”
“၁၉၃၇ ခုနှစ်တုန်းကလည်း မန္တလေးမှာလုပ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားကွန်ဖရင်ကို လိုက်ခဲ့ဖို့ ကိုအောင်ဆန်းနဲ့ ကိုသန်းထွန်းတို့က ခေါ်တယ်။ ဆရာဦးချစ်မောင်ကလည်း လိုက်သွားဖို့တိုက်တွန်းတာနဲ့ အဖော်လိုက်သွားခဲ့တယ်။ ကျွန်တော်ကလည်း အသားလွတ်လိုက်ရတာထက် ပုံနှိပ်ပြီးစ ပူပူနွေနွေး ကာလကတ္တား သိန်းဖေ (သိန်းဖေမြင့်) ရဲ့ “တက်ဘုန်းကြီး” ဝတ္ထုစာအုပ် ၁၅၀ လောက်ခရီးသွားဟန်လွဲ ရောင်းပေးမယ်ဆိုပြီး မြန်မာ့အလင်းတိုက်က ယူသွားပါတယ်။ ကွန်ဖရင့်သာပြီးသွားရော အုပ် ၂၀ ပြည့်အောင် မရောင်းခဲ့ရပါဘူး။ ဆရာဦးချစ်မောင်ကတော့ မသွားခင်ကတည်းက ပြောပါတယ်။ မန္တလေးက ဘုန်းတော်ကြီးမြို့တော်မို့ ပြဿနာဖြစ်မှာစိုးလို့ ယူမသွားဖို့ တားသေးတယ်။ ဒီနေရာမှာ ကြုံလို့ပြောရဦးမယ်။ တခါက ဂျာနယ်တစောင်မှာ ကျွန်တော်က ဦးချစ်မောင်အဖေ က မူစလင်လို့ပြောလိုက်တာကို အဖေဆိုတာပြုတ်သွားပြီး ဦးချစ်မောင်က မူစလင်ဆိုပြီး ပါသွားတယ်။ ဦးချစ်မောင်က ဗုဒ္ဓဘာသာကို ဘယ်လောက် ယုံကြည်သက်ဝင်သလဲဆိုရင် တော်ရုံတန်ရုံ ဓမ္မကထိက လိုက်မမီဘူး။ ဘုရားတရားလည်း သိပ်ကြည်ညိုတယ်။ သူအိမ်ထောင်မပြုခင်တုန်းက သူ့အိမ်မှာ ကျွန်တော်တို့က နေတာ။ လူပျိုတွေချည်းပဲ။ ကျွန်တော်တို့က တနင်္ဂနွေနေ့ဆိုရင် ပိုကာဆွဲကြတယ်။ ဆရာဦးချစ်မောင်က လပြည့်လကွယ် အခါကြီး ရက်ကြီးတွေဆို ညတိုင်း ဘုရားသွားတယ်။ ဆရာက အဲဒီလို ဘာသာတရားကို အလေးအနက်ထားတယ်ဆိုတာ ဘယ်သူမှ သိပ်မသိကြဘူး။ ဦးချစ်မောင်အကြောင်းရော သူ့အဖေအကြောင်းရောပါတဲ့ စာအုပ်တွေ ပြန်ရှာပြီးလုပ်မယ်ဆိုရင် စာအုပ်တအုပ် ဖြစ်နိုင်လောက်တယ်။”
“၁၉၄၀ ပြည့် မတ်လကျတော့ သခင်အောင်ဆန်း ခေါင်းဆောင်တဲ့ တို့ဗမာအစည်းအရုံးကိုယ်စားလှယ်အဖွဲ့မှာ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်သန်းထွန်း၊ သခင်တင်မောင်(ပန်းတနော်)၊ သခင်အုန်းဖေ(ဝါးခယ်မ)၊ သခင်ခင်အောင်၊ သခင်ဗ (သံလျှင်)၊ သခင်ဆင်းဂုပတား၊ ကိုထွန်းရှိန် စတဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ ကျွန်တော်ပါ အိန္ဒိယပြည်လုံးဆိုင်ရာ အမျိုးသားကွန်ဂရက် ရမ်းဂါးညီလာခံကြီးကို တက်ရောက်ခွင့်ကြုံရပါတယ်။ ကိုယ်စားလှယ်အဖွဲ့ဟာ တို့ဗမာအစည်းအရုံးကြီးက ပေးလိုက်တဲ့ ၅၃ ကြိမ်မြောက် အိန္ဒိယကွန်ဂရက် ကွန်ဖရင်ကို ပေးတဲ့ သဝဏ်လွှာနဲ့ တို့ဗမာအစည်းအရုံးရဲ့ ကြေငြာချက်စာတမ်းတွေကို ယူဆောင်ခဲ့ကြတယ်။ အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၊ ပန်ဒစ်နေရူး၊ ဆူဘတ်ချန်ဒရာဘို့စ် စတဲ့ ခေါင်းဆောင်တွေအပြင် အလုပ်သမားခေါင်းဆောင်တွေ၊ ကွန်မြူနစ် ခေါင်းဆောင်တွေ၊ သန်းကြွယ်သူဌေးအမတ်တွေကို တွေ့ခဲ့ရသေးတယ်။ အိန္ဒိယပြည်အနောက်မြောက် ကိုင်ဘာ တောင်ကြားက နယ်စပ်ဒေသအထိသွားပြီး နယ်ခြားဂန္ဒီကြီးလို့ နာမည်ကြီးနေတဲ့ ခန်အဗ္ဗဒူလ်ကဖားခန် (ရှပ်နီတပ် ခေါင်းဆောင်ကြီး) နဲ့ သွားတွေ့ခဲ့ကြသေးတယ်။ သူက ရွှံနဲ့လုပ်ထားတဲ့ အိမ်ထဲမှာပဲနေတယ်။ အိမ်ထောင်ပရိဘောဂ၊ စားပွဲ၊ ကုလားထိုင်၊ ဘီရိုစတဲ့ တခမ်းတနား အသုံးအဆောင်တွေ လာမှမရှိဘူး။ သူ့ကိုယ်ပိုင်ပစ္စည်း ပစ္စယ အထူးအထွေ မရှိဘူး။ ငွေကြေးမရှိဘူး။ မက်မောမှုလည်း မရှိဘူးလို့ သိရတယ်။ ခန်အဗ္ဗဒူလ်ကဖားခန်က အိန္ဒိယပြည် အနောက်မြောက်နယ်ခြား ဒေသမှာ သီးခြားပထန်အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တည်ထောင်ခွင့်ရဖို့ ၁၉၂၉ ခုနှစ်ကတည်းက ရှပ်နီတပ် ထူထောင်ဖွဲ့စည်းပြီး တိုက်ပွဲဝင်နေတဲ့ ပထန်မျိုးချစ်ခေါင်းဆောင်ကြီးဖြစ်တယ်။ ရှပ်နီတပ်သားသောင်းကျော် ရှိတယ်။ ကြွေးကြော်သံက အကြမ်းမဖက်ရေးဖြစ်ပေမယ့် ပထန်အမျိုးသားတိုင်း အလုပ်လုပ်ရာ သွားလေရာမှာသာမက အိမ်မှာကို သေနတ်လွယ်ထားတတ်ကြတဲ့သူတွေလေ။”
“သခင်အောင်ဆန်းနဲ့ သခင်သန်းထွန်းတို့က သေနတ် ဘယ်ပုံဘယ်နည်းရလဲ၊ ရှပ်နီတပ်တွေကို ဘယ်လို အထောက်အပံ့ပေးသလဲ၊ ဗြိတိသျှအစိုးရက သေနတ်ကိုင်လို့ မဖမ်းဘူးလား၊ ရှပ်နီတပ်သား အင်အားဘယ်လောက်ရှိသလဲ၊ စည်းရုံးပုံ၊ လူစုပုံ၊ လေ့ကျင့်ပုံ၊ ထောက်ပံ့ပုံ၊ ဆက်သွယ်ပုံ၊ စတာတွေအပြင် အင်္ဂလိပ်နဲ့ မပူးပေါင်း မဆောင်ရွက်ရေး၊ အကြမ်းမဖက်ဆန္ဒပြ အာဏာဖီဆန်ရေး လမ်းစဉ်နဲ့ ရှပ်နီတပ် စည်းရုံးထားတာနဲ့ဆိုရင် ဆန့်ကျင်မနေဘူးလားလို့ မေးကြ တယ်။ ခန်အဗ္ဗူဒူလ်ကဖားခန်က မဟတ္တမဂန္ဒီကြီးရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး၊ အင်္ဂလိပ်နဲ့ မပူးပေါင်းရေးဝါဒကို အခုထိ ယုံကြည်ကြောင်း၊ ရှပ်နီတပ်ဖွဲ့စည်းရုံးထားတာက ပထန်လူမျိုးတွေ စည်းစည်းလုံးလုံး ညီညွတ်စွာတိုက်ပွဲဝင်ရန် အသင့်ပြင်ဆင်ဖို့ဖြစ်ကြောင်း၊ လွတ်လပ်ရေးကို မရရအောင် ရတဲ့နည်းမျိုးစုံနဲ့ တိုက်ပွဲဆင်နွဲသွားဖို့ ပြင်ဆင်နေခြင်း ဖြစ်ကြောင်း၊ သေနတ်ကိုင်နေတာက နယ်ခြားဒေသတောင်ပေါ်သားတွေရဲ့ နဂိုသဘာဝအတိုင်း ကိုင်ထားတာဖြစ်တယ်။ အထူးအဆန်းမဟုတ်ပါဘူးဆိုပြီး အားရပါးရ ရယ်မောပြီး ပြောတာကို တွေ့ခဲ့ရတယ်။ နယ်ခြားဂန္ဒီကြီး နှုတ်ဆက်ပြီး တဲအပြင် ရောက်တာနဲ့ သခင်အောင်ဆန်းက ဟေ့ ဒီအဖိုးကြီးလို Model ဖြစ်ဖို့လိုတယ်လို့ပြောတော့ သခင်သန်းထွန်းက စံပြပဲ ဆိုပြီး မှတ်ချက်ချသေးတယ်။”
(ငါး) ကိုယ်ကျိုးစွန့်တဲ့ သခင်တွေ
 အဘက စကားကို ရှည်လျားစွာပြောလိုက်ရသဖြင့် အနည်းငယ် မောသွားဟန်ရှိသည်။ သူက ရေအနည်းငယ်သောက်လိုက်ပြီး “ခင်ဗျားတို့ အချိန်ရော ရရဲ့လား၊ ကျုပ်က ဂျာနယ်တွေ ဖတ်လိုက်၊ ဆေးသောက်လိုက် လုပ်နေရတာပဲ။ အစားလည်း အများကြီး မစားနိုင်တော့ပါဘူး။ ကျွန်တော်ကတော့ ကိုယ်ကိုယ်ကို နောက် ၃ လလောက်ပဲ နေရမယ်လို့ မှန်းထားတာ။” ဟု ဆိုကာ တိုးတက်ရေးနှင့် ပတ်သက်သော အကြောင်းများကို ဆက်၍ ပြောပြနေပါသေးသည်။
“ရမ်းဂါးညီလာခံမသွားခင်က ဗိုလ်အောင်ကျော် အရိုက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုးတက်ရေးမှာ ဆီမီးခွက် ကလောင်နာမည်နဲ့ ကျွန်တော်က “ရန်သူများကို ကလဲ့စားချေကြလော့” ဆိုတဲ့ ဆောင်းပါးရေးခဲ့တယ်။ အဲဒီဆောင်းပါးကြောင့် တိုးတက်ရေးသတင်းစာကို အင်္ဂလိပ်အစိုးရက အာမခံကြေး ၃၀၀၀ ကျပ်တောင်းခံရတယ်။ တိုက်ပိုင်ရှင် ဦးစိန်က သိပ်စိတ်ဆိုးတယ်။ ကျွန်တော့်ကို ဒီဆောင်းမျိုးထည့်ရင် ဒီလိုဖြစ်မယ်ဆိုတာ သိရက်နဲ့ ဘာညာ ပြောတာပေါ့။ ထုံးစံအတိုင်း ကျွန်တော်ကလည်း စပ်ဖြဲဖြဲနဲ့ ဦးစိန် ဒီကိစ္စကို အယ်ဒီတာချုပ် ဦးထွန်းသန်းနဲ့ ပြောပါ။ ပြီးရင် ကျွန်တော့်ကို မကျေနပ်ရင်ထုတ်ပစ်ပါ။ အဲဒီလို ထုတ်ပစ်ပြီးတဲ့အခါ ကျွန်တော်နဲ့ဦးစိန်ပြောစရာရှိတာ ပြောတာပေါ့လို့ ပြောလိုက်ပါတယ်။ ဦးထွန်းသန်းက ကျွန်တော့်ကိုခေါ်ပြီး နောက်ကို ဒီလိုကြမ်းတဲ့ဆောင်းပါးမျိုး မရေးသင့်တဲ့အကြောင်း၊ ထည့်လည်းမထည့်သင့်တဲ့အကြောင်း ရှင်းပြပြီး သြဝါဒပေးတာပေါ့။ ဦးစိန်လည်း ကျွန်တော့်နဲ့ မျက်နှာချင်းမဆိုင်တော့ပါ ဘူး။ ဒါပေမယ့် တိုးတက်ရေးကတော့ အဲဒီဆောင်းပါးကြောင့် သတင်းစာကို နှစ်ခါထပ်ရိုက်ရလောက်အောင် စောင်ရေ ထိုးတက်သွားခဲ့တယ်။ သခင်တိုင်းကြိုက်တဲ့ တိုးတက်ရေးဖြစ်သွားခဲ့တယ်။”
အိန္ဒိယကပြန်လာပြီး သခင်အောင်ဆန်းတို့က တို့ဗမာအစည်းအရုံးကြီးရဲ့ သာယာဝတီညီလာခံကြီးမှာ လုံးဝလွတ်လပ်ရေးဦးတည်ပြီး လူထုကို လှုံ့ဆော်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ တို့ဗမာအစည်းအရုံးခေါင်းဆောင်တွေကို အင်္ဂလိပ်အစိုးရက ဆက်တိုက်ဖမ်းတော့တာပဲ။ အဲဒီအချိန်မှာ ကျွန်တော်နဲ့ အတူတွဲကြတဲ့ သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုးတို့လည်း ဖမ်းခံတဲ့ထဲပါသွားတော့ တိုးတက်ရေးတိုက်ပိုင်ရှင် ဦးစိန်ကလည်း ကျွန်တော့်ကို သိပ်ပြီး အမြင်မကြည်မလင်တော့တာနဲ့ သူ အလုပ်မဖြုတ်ခင် ကျွန်တော်က နုတ်ထွက်လိုက်တယ်။ အဲဒီတုန်းက တိုးတက်ရေးသတင်းစာက နေ့စဉ် စောင်ရေ နှစ်သောင်းကျော်တယ်။ တိုးတက်ရေးက စစ်ဖြစ်မှရပ်သွားတာ။ စစ်ပြီးတော့ ပြန်ထွက်ပေမယ့် မစွံတော့ဘူး။ တိုးတက်ရေးရပ်သွားတော့ ဂျာနယ်ကျော်ကို စစ်အတွင်းမှာ ထွက်ဖို့လုပ်သေးတယ်။ ဆရာဦးချစ်မောင်က ကျွန်တော့်ကို ခေါ်သေးတယ်။ အတူလာနေဖို့ခေါ်တာ။ အဲဒီအချိန်က ကျွန်တော်အိမ်ထောင်ပြုပြီးပြီ။ မင်းအမျိုးသမီးပါခေါ်လာပြီး အတူအလုပ်လုပ်၊ တအိုးတည်းစားပေါ့လို့ ပြောတယ်။ ဦးချစ်မောင်က ကျွန်တော့်ကို သိပ် အားကိုးတယ်။ ချစ်လည်း ချစ်တယ်။ သူ့သည်းညည်းကိုခံပြီး ကျွန်တော်က ဆရာအနေနဲ့ လေးလေးစားစား အလုပ်လုပ်ပေး တယ်။ ကိုသန်းထွန်းတို့က ခင်ဗျားမို့လို့ဗျာ၊ ချေးအထပ်ထပ်တင်နေတဲ့ အင်္ကျီအဖြူကြီးကို ပင်မင်းမပေးဘဲ လျှော်ပေးတယ်။ တကယ်တော့ ဆရာဦးချစ်မောင်က ပင်မင်းပေးဖို့တောင် သူ့မှာအချိန်မရှိဘူး။ ဝတ်တော့လည်း ပင်နီအဖြူအကြမ်းကြီးတွေ ဝတ်တယ်။”
“ကျွန်တော်က ဟိုတုန်းကတည်းက အဝတ်အစား နည်းနည်းတော့ ဇီဇာကြောင်တယ်။ ကောင်းကောင်း နေချင်တယ်၊ ကောင်းကောင်းစားချင် ဝတ်ချင်တယ်။ ဒါ အရေးအကြီးဆုံးပဲ။ ကိုယ်လည်းတတ်နိုင်သမျှ အဲဒီလိုနေရအောင် လုပ်တယ်။ သူများတွေကိုလည်း ကျွန်တော့်လိုပဲ ဖြစ်စေချင်တယ်။ တချို့သခင်တွေကဆိုရင် ကျွန်တော့်ကို မကြည်ကြဘူး။ ဘာလို့လဲဆိုတော့ သူတို့ ပင်နီ၊ ပင်နီ ဆိုပြီးဝတ်ကြပေမယ့် ကျွန်တော်က မဝတ်ဘူး။ ဒါပေမယ့် အဲဒီသခင်တွေက တော်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် အနယ်နယ်အရပ်ရပ်မှာ ကိုယ့်အတိုင်းအတာနဲ့ကိုယ် ကိုယ်ကျိုးစွန့်ကြခဲ့တယ်။ ဒါကြောင့်မို့ လည်း လွတ်လပ်ရေးရအောင် စွမ်းဆောင်နိုင်ခဲ့ကြတယ်။”
တိုးတက်ရေး သခင်အုန်းမြင့် ခေါ် အဘနှင့် ကျွန်တော်တို့ စကားလက်စသပ်လိုက်ကြသောအခါ ညနေစောင်းခါနီး နေပြီဖြစ်သည်။ အဘကိုကန်တော့၍ ကျွန်တော်တို့ ပြန်လာကြသောအခါ နှစ်ယောက်သား စကားသိပ်မပြောဖြစ်ကြဘဲ နှုတ်ဆိတ်၍နေမိကြသည်။ ကျွန်တော်တို့၏ အာရုံများထဲတွင် တိုးတက်ရေး၊ ၁၃၀၀ ပြည့် အရေးတော်ပုံ၊ ရမ်းဂါးညီလာခံ၊ ပုသိမ်ကွန်ဖရင့်၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်း အစရှိသည့် ပုံရိပ်များက တဖျပ်ဖျပ်နှင့် …။
 ထွန်းဝင်းငြိမ်း
14.9.09
 ပန်းချီ - မောင်ညိုဝင်း

No comments:

Post a Comment