14 September 2010

Dr Maung Ba Chit - The Lion & the Woodpecker

သူ့အရင်က တကောင် သူက တကောင်
ဒေါက်တာ မောင်ဘချစ်
စက်တင်ဘာ ၁၅၊ ၂၀၁၀

လောကကြီးဟာ အင်မတန်ရှုပ်သည်။ အာဏာရထားသူများက ပိုပြီးရှုပ်ထွေး နေတတ်သည်။
သက်ရှူနေသမျှ လူအများအတွက်လည်း ရှုပ်ပါသေးသည်။
ကိုယ်မရှုပ်ပေမယ့် သူ ရှုပ်သည်။
ကိုယ်ရှုပ် သူရှုပ်ဆိုလျှင် ပိုရှုပ်သေးသည်။
ခု ရွေးကောက်ပွဲ။
လူမိုက်ကို ဝေးဝေးရှောင်
ဝေးဝေးမရှောင်နိုင် မနေနိုင်သူများက ဝင်ရွေးပါသည်။
တဖြည်းဖြည်းနှင့် အတွင်းရောက်အောင် ကြိုးစားလိုကြသည်။
ပြည်သူ့ဒုက္ခကို သူတို့ ကယ်လိုကြသည်။
သို့သော် ...

x x x

တခါက ခြင်္သေ့တကောင် အရိုးစူးသည်။
အင်မတန် ခံရခက်သည်။
သူအော်နေသောကြောင့် သစ်တောက်ငှက်က မေးသည်။

“ဘာလို့ဒီလောက်အော်နေတာလဲ၊ စတိတ်ရှိုးအတွက် လေ့ကျင့်နေတာလား။ လီယိုနတ်မောင်မောင်လွင်တို့ ဝိုင်းစုခိုင်သိန်း တို့ ပြန်ကုန်ပြီ”

“ကျုပ်ပါးစောင်ထဲမှာ အရိုးဝင်နေတယ်ထင်ပါ့”

“အင်း၊ ဒါဆိုရင် နယူးယောက်က သွားဆေးခန်း သွားမှာလား”

“ဘာ”

“မိုးမခထဲမှာ ကြော်ငြာပါတယ်”

“ဘာတွေပြောတောလဲ၊ ဒီမှာ နာရတဲ့ကြားထဲ”

“ဒါဆိုလည်း အရှင် ပါးစပ် ဟထားပါ၊ ကျွန်ုပ် ဝင်ကြည့်ပေးမည်”

ခြင်္သေ့ ပါးစပ်ဟထားသည်။
ခြင်္သေ့ပါးစပ်သည် နံလှသောကြောင့် သစ်တောက်ငှက်သည် နှာခေါင်းစည်းကို စည်းကာ ဝင်သွားလေသည်။
သစ်တောက်ငှက်က ခြင်္သေ့ ခံတွင်း ဝင်ကာ ကြည့်သည်။ ပြီးတော့ အပြင်ထွက်လာကာ ပြောသည်။

“နံလိုက်တာ ၊ အဲလေ ခင်ဗျား အရိုးစူးနေတာက ဟိုး အတွင်းထဲမှာပါလား။ လည်ချောင်းမှာ စူးဝင်နေတယ်”

“ကောင်းပြီလေ၊ လည်ချောင်းက အရိုးကို နှုတ်လိုက်ပါ”

သစ်တောက်ငှက်သည် ခံတွင်းထဲကို နောက်တကြိမ်ဝင်ကာ အရိုးကိုနှုတ်သည်။

“ယံကမာလေ ပူးလီးဆံခပ်
... ၊ ဘေးလေးဆပ်... ၊ ဘေးလေးဆပ်...

(ရှေးခေတ် ဂေါ်ရင်ဂျီ ကုလားများ အလုပ်လုပ်ရာတွင်ဆိုသော သီချင်းဖြစ်သည်။ နောက်လူတွေ မှတ်သားနိုင်ဖို့ စေတနာရှေ့ထား ဖော်ပြပါသည်။ အမြင်ကပ်ကြကုန် ... မောင်ဘချစ်)
သစ်တောက်ငှက်သည် ချွန်ထက်နေသောအရိုးကို အားစိုက်ကာ ဆွဲထုတ်လိုက်သည်။

“ပြွတ်
... ” အရိုးထွက်လာသည်။

“သြော်
... ၊ ကောင်းသွားပြီပဲ”

ခြင်္သေ့ နေသာထိုင်သာ ရှိသွားသည်။ မငြီးငြူနေတော့။
ဘာမပြော ညာမပြော ထွက်သွားလေသည်။ (ခြင်္သေ့မထံ သွားဆရာဝန်ခ သွားတင်ဟန်တူသည်)
ခြင်္သေ့နှင့် သစ်တောက်ငှက်တို့ မဆုံဖြစ်ကြတော့။
နောက်တကြိမ် ခြင်္သေ့နှင့် သစ်တောက်ငှက် ဆုံကြသောအခါ သစ်တောက်ငှက်က ခြင်္သေ့ကို မေးသည်။

“ဘယ့်နှယ့်လဲ၊ နေသာထိုင်သာရှိရဲ့လား”

“ကောင်းသွားပြီဗျ”

“ဒါဆို ဗျူဆလွန်းတို့၊ အနှိပ်ခန်းတို့ ခါရာအိုကေးတို့ သွားနိုင်ပြီပေါ့”

“တိုးတိုး
... ... ... မဒမ်ခြင်္သေ့ (ဒိုင်ကျော်ကျော်) ရောက်နေတယ်”

“ခုလို အဆင်ပြေတာ ကျုပ်လုပ်ပေးလိုက်လို့လေ။ ခင်ဗျား ကျေးဇူးတင်စကားလေး ဘာလေး မဆိုချင်ဘူးလား”

“ကျေးဇူးတင်ရမယ်
... ဟုတ်လား ... ၊ မင်းကသာ ခြင်္သေခံတွင်းက နှစ်ကြိမ်တိုင်တိုင် လွတ်မြောက်လာတာကို ကျေးဇူးတင်ဖို့ ကောင်းတယ်”

ဘယ့်နဲ့ရှိစ။

x x x

ခြင်္သေ့သည် တိရစ္ဆာန်ပင် ဖြစ်သည်။ သူ၏အတွေးသည် တိရစ္ဆာန်အတွေးသာ ဖြစ်သည်။
အသက်ရှင်ခွင့် ပေးသည်ကိုပင် ကျေးဇူးတင်ပါ။
ရွေးကောက်ပွဲလုပ်ပေးသည်ကို ကျေးဇူးတင်ပါ။ လှုပ်ရှားမှ မုန့်စားရမည်။
ရပ်ကွက်တွေထဲမှာ တို့တတွေ လမ်းတွေ ခင်းပေးနေသည် မဟုတ်ပါလား။
မြန်မာအင်ဂျင်နီယာများဖြင့်သာ လမ်းခင်းသည်။
လမ်းမကြီးတွေ ပျက်တယ် ဟုတ်လား။ ဝင်ဒါမီယာတို့ ရွှေတောင်ကြားတို့ လမ်းပျက်တယ် ဟုတ်လား။
ကျုပ်တို့ လုပ်သားပြည်သူတွေနေတဲ့ ရပ်ကွက်တွေကို လမ်းခင်းပေးတာ။ အဲဒီရပ်ကွက်တွေထဲ ရေတွန်းလှည်းပဲ ဝင်တာ။
ဒါ အခြေခံကျတာပေါ့ဗျ။
ကြံ့ဖွတ်သည် ပြည်သူ့ပိုက်ဆံတွေဖြင့် ကပ်တရာတွေကိုဝယ်ကာ တဝက် စားသည်။
ထို့ကြောင့် လမ်းများတွင် ကပ် ၅ဝ သာ ကျန်တော့သည်။
လမ်းတံတားအင်ဂျင်နီရာက နောက်ထပ် စားသည်။
ကပ်တရာလမ်းသည် ကပ် ၂၅ သာ ကျန်တော့သည်။
ဒါကြောင့် ကွန်ဂရိလမ်းတွေကို ခင်းပြန်သည်။
မြန်မာအင်ဂျင်နီယာများဖြင့်သာ တံတားတွေ ဆောက်သည်။
မြန်မာကော်မရှင်ဖြင့်သာ ရွေးကောက်ပွဲ ကျင်းပသည်။
မောင်ဘချစ်တို့ ဘာလိုသေးလဲ။

x x x

မောင်ဘချစ်တို့ ရန်ကုန်မြို့ကြီး မီး တခါတခါလာသည်။
ရေတခါတခါ လာသည်။
ဒါကို မောင်ဘချစ်တို့က ကျေးဇူးတင်ရပေမည်။

“တို့နေပြည်တော်ကိုတော့ မတုနဲ့
...

ခြင်္သေ့ကြီးက မပြောသော်လည်း ပြောဟန်ပြုသည်။
မင်းတုန်းမင်းကြီးလက်ထက် ဘယ်မှာ လမ်းမီးတွေ ရှိလို့လဲ၊ လျှပ်စစ်မီး တခါတခါရတာ ကျေးဇူးတင်ဖို့ ကောင်းသည် တဲ့ ..

x x x

မောင်ဘချစ်တို့ အကြွေလို့ သဘောထားသည့် ၁၀၀ တန် ၂ဝဝ တန်နဲ့ ၅၀၀ တန်တို့ဟာ ကျွန်သုတ်တဲ့ လက်သုတ်ပုဝါလို ဖာတရာနှင့်။
ထိုပိုက်ဆံတွေကို ဓာတ်ခွဲကြည့်လျှင် အီကိုလိုင်း၊ ဆစ်ဖလစ်၊ ဟိုက်ပါတိုက်တစ်ဘီပိုး။ အမျိုးမျိုး ရှိနေသည်ကို တွေ့ရသည်။
ပိုက်ဆံများသည် ပိုးမွေးရာပိုး ဖြန့်ဖြူးရာဌာန ဖြစ်သည်။
ရောဂါဖြစ်ရင်လည်း ရပါသေးသည်။
သာကဒိုး သေသွားလို့ပေါ့။
နို့မိုဆို စူလာနဖာနဲ့ ဗီးစပ်ရွက်တွေ တိုက်နိုင်သည်။
ထိုအရွက်များ နိဗ္ဗာန်ရွက်များဟု ခေါ်သင့်သည်။ ဘဝကူး ကောင်းသည်။
ခုလည်း ရောဂါကို မြန်မာတွေ မကြောက်ကြပါ။
ကွမ်းယာဆိုင်မှာ စပ်ဆေး သောက်လိုက်ရုံပင်။
ဆေးမရှိသော ဆေးရုံများကို ထားပေးထားသည်။
ရောဂါဖြစ်လာလို့ကတော့ ... အဲလေ ဘဝကူးကောင်းပါသည်။

x x x

ခြင်္သေ့ကြီးက ဆိုသည်။
မြန်မာ့စီးပွားရေး ဦးမော့လာပြီ၊ ဦးမော့မှာပေါ့၊ (ပဲ့နစ်သွားပြီကိုး။)
ခြင်္သေ့မိသားစုက ဆိုသည်။ “တို့ကတော့ ချမ်းသာပါသတဲ့”
သီချင်းထဲမှာ ပြောထားတာပဲ မဟုတ်လား။ တို့ဘိုးဘွား အမွေစစ်တွေလေ။
“အမွေကို ငါပိုင်၏” ခြင်္သေကြီးက ဆိုသည်။
မြေပေါ်မြေအောက် သယံဇာတများကို ရောင်းစားတာ ငါရဲ့လုပ်ပိုင်ခွင့်လေ။
ရွှေတွင်း ငွေတွင်း ပယင်း ဒုတ္တာ … ဖားတွေ မြွေတွေမကျန် သူပိုင်သတဲ့။

x x x

ခုတလော ခြင်္သေကြီး ဓာတ်ပုံတွေကို တွေ့သည်။
သူ တရားတွေ ထိုင်သည်။
ဗုဒ္ဓဂယာတွင် ထိုင်သည်။ တရုတ်တွင်လည်း ထိုင်သည်။
ကောင်းလှောက်တေး။ ကောင်းလှောက်တေး။
သာဓုခေါ်ရပါ၏။
ခုမှတော့ အရှင်မထွက်နိုင်တော့။
အသေထွက်နဲ့သာ ထွက်သွားပါမည်။
သူထွက်တော့လည်း နောက်တကောင် တက်မှာပေါ့။
သူ မတက်မီက စောမောင် ...။
စောမောင် မတက်မီက မောင်မောင် ...။
မောင်မောင် မတက်မီက စိန်လွင်။
စိန်လွင် မတက်မီက နေဝင်း ...။
စစ်အာဏာရှင်တွေ အရင်ကလည်း အသေထွက် ခုတော့လည်း အားလုံး အသေထွက်ကုန်ပါပြီ။
သူထွက်တော့လည်း နောက်တကောင် ...
သူ့အရင်က တကောင် သူက တကောင် ...။ ။

No comments:

Post a Comment