အဘမမီလိုက်တဲ့ နောင်နှစ်ခါ တန်ဆောင်မုန်း
အရှင်ဇဝန
နိုင်ငံရေးအကျဉ်းသားဟောင်း
စက်တင်ဘာ ၁၄၊ ၂၀၁၀
ဆယ့်ခြောက်နှစ်တာကာလ နံရံလေးဘက်ကြား သော့အထပ်ထပ်ရဲ့ နောက်ကွယ်သို့ ပို့ဆောင်လို့ လောကကြီးနဲ့ အဆက်အသွယ် ဖြတ်ထားခံရသူတယောက်အတွက် အသိအမြင်အသစ်များ အတွေ့အကြုံအသစ်များ ရရှိနိုင်တာကတော့ သမိုင်းဖြတ်သန်းမှု ကြီးမားတဲ့ ကိုယ်တိုင်လည်း ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးများနှင့် နေထိုင်ခွင့်ရခြင်းပါပဲ။ ဒီပုဂ္ဂိုလ်ကြီးတွေကို သက်ရှိသမိုင်းစာအုပ်ကြီးလို့ ညွှန်းဆိုချင်တယ်။ သူတို့တွေ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍတွေ ဖြစ်ရပ်တွေက တချို့ လည်း မှတ်တမ်းတွေ ရှိချင်ရှိမယ်။ တချို့လည်း မှတ်တမ်းတွေ မရှိနိုင်ဘူး။ ဒါပေမယ့် သူတို့ကတော့ သူတို့ ကြုံတွေ့ခဲ့သမျှ အားရပါးရ ပြောပြနေကြတုန်းပဲ။
အဘကို စတင်သိရှိတဲ့နေ့ကတော့ မှတ်မှတ်ရရ ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီ ၂၂ ရက် လင်းအားကြီးအချိန်၊ အင်းစိန်တထောင်လုံး ဇန်နဝါရီ ၂၂ ရက် ည ၁၂ နာရီလောက်ကတည်းက ရုတ်ရုတ်သဲသဲနဲ့ အလုပ်ရှုပ်နေကြတဲ့အချိန်ပေါ့။ အင်းစိန်ထောင်ထဲမှာ ပြည့်ညပ်နေတဲ့လူတွေကို နယ်ထောင်တွေဆီခွဲပြီး ပို့တတ်တဲ့ ထုံးစံအတိုင်း အခု နယ်ထောင်တွေပို့ဖို့ တထောင်လုံး အလုပ်တွေ ရှုပ်နေကြတယ်။ အင်းစိန်ထောင် မိန်းဂျေးလ်မှာ လူတွေစုပြုံလို့၊ လေးဘက်လေးတန်ကလည်း မီးမောင်းကြီးတွေ ထိုးထားတာ လင်းထိန်လို့၊ ကိုယ့်အခန်းလေးထဲက ထောင်ဝင်စာချိန်ကလွဲလို့ အပြင်ထွက်ခွင့် မရကြသူတွေဟာ ခုတော့ တယောက်နဲ့တယောက် အားပါးတရ စကားတွေပြောလို့ ဆူညံနေကြတယ်။ အမှုတွဲချင်းပေမယ့် မျက်နှာချင်းဆိုင် စကားပြောခွင့်ဆိုတာ ရတာမဟုတ်ဘူး။ အခန်းနီးချင်းပေမယ့် တယောက်နဲ့တယောက် အသံသာကြားပြီး ရုပ်မမြင်ဖူးကြသူတွေတောင် ရှိတယ်။ အခု ထောင်ပြောင်းတော့မယ့်အချိန်မှာတော့ တထောင်လုံးရှိတဲ့ ပြောင်းဖို့စာရင်းပါ သူတွေကို အင်းစိန် မိန်းဂျေးလ်မှာ စုရုံးထားလိုက်တယ်။ အဲဒီနေ့က ထောင် ၃ ထောင်ကို ပြောင်းဖို့အတွက် အုပ်စုခွဲ ထားကြတယ်။ ကိုယ်ပါတဲ့အုပ်စုဟာ ဘယ်ထောင်ကိုပြောင်းမယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ သတ်မှတ်ထားတဲ့အုပ်စုထဲ စာရင်းခေါ်ပြီး တစုတဝေးတည်း ထိုင်ခိုင်းထားလို့သာ ကိုယ့်အုပ်စုနဲ့ကိုယ် ဖြစ်နေတာ။ နောက်တော့ တအုပ်စုချင်းကို ဘူးတံခါးဘက်ကို ခေါ်ထုတ်တယ်။ ဘူးတံခါးဝမှာ ကိုယ့်အုပ်စုအလိုက် ခွဲထိုင်ကြရတယ်။ အဲဒီအချိန်မှာ ခါးကုန်းကုန်းနဲ့ အဘိုးအိုတယောက်ဟာ ဦးဇင်းတို့အုပ်စုထဲမှာ ပါလာတယ်။ အိုမင်းမစွမ်းဖြစ်နေတဲ့ ဒီအဘိုးအိုရဲ့ ပစ္စည်းဝန်စည်စလှယ်တွေ ကို နီးစပ်ရာအားလုံးက ဝိုင်းသယ်ပေးကြတယ်။ ဇရာရဲ့နှိပ်စက်မှုကို အပြင်းအထန်ခံစားနေရတဲ့ ဒီ အဘဟာ ဦးဇင်းတို့လိုပဲ နိုင်ငံရေး အကျဉ်းသား တဲ့။ တအောင့်လောက်အကြာမှာ လမ်းကြောင်းမှာ လုံခြုံရေးတာဝန်ယူဖို့ ရဲတွေရောက်လာတယ်။ အဲဒီရဲတွေကို “ခင်ဗျားတို့ ဘယ်အဖွဲ့လဲလို့ ” ထောင်အာဏာပိုင်တယောက်ရဲ့ မေးလိုက်သံ ကြားရတယ်။ ရဲတွေက “ကျွန်တော်တို့ တောင်ငူ” ဆိုတဲ့ စကားအဖြေကိုပြောတော့ တောင်ငူဆို ဒီအဖွဲ့ ဆိုပြီး ဦးဇင်းတို့အဖွဲ့ကို လက်ညှိုးထိုးပြ တယ်။ အဲဒီတော့မှ အားလုံး တောင်ငူကို သွားရတော့မယ်မှန်း သိလိုက်ရတော့တယ်။ ကျန်တဲ့နှစ်ဖွဲ့ကတော့ ဘယ်နေရာ တွေမှန်း မသိကြသေးဘူး။ ခန့်မှန်းခြေနဲ့ သရက်၊ သာယာဝတီလို့ မှန်းဆပြီး ပြောနေသံကို ကြားရတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်တွေကတော့ တောင်ငူဆိုတာ ကျိန်းသေသွားပြီ။ တောင်ငူသွားမယ့် အချုပ်ကားပေါ်တက်တော့ အခက်အခဲဆုံး သူကတော့ အထူးပြောနေစရာလိုမယ် မထင်ဘူး။ အိုမင်းမစွမ်းဖြစ်နေတဲ့ ခါးကုန်းကုန်း အဘိုးအိုပဲ။ အဘအတွက် အားလုံး က ကူညီဖေးမကြရင်း ကားပေါ်မှာ အဘ သက်တောင့်သက်သာရှိမယ့် အနေအထားကို အားလုံး ဝိုင်းဝန်းဖန်တီး ပေးကြတယ်။ အဘကတော့ ဇရာကပေးတဲ့ ဒုက္ခရော၊ အာဏာရှင်ကပေးတဲ့ အခက်အခဲ အကြမ်းအတမ်းကိုရော မလွဲမသွေ ရင်ဆိုင်ရမယ့်ဖြစ်စဉ်တခုလို သဘောထားတဲ့ပုံပေါ်နေတယ်။ ကျွန်တော်တို့ ကားပေါ်မှာ လူအားလုံး အယောက် ၂၀ ဟာ ကျပ်ညပ်ပြီး ရန်ကုန်တောင်ငူ ခရီးကို လာခဲ့ကြတယ်။ ပဲခူးသားတွေပါတဲ့ ၉ လေးလုံးအတွဲက သူများ ပဲခူးကို ဖြတ်တော့ “ကျွန်တော်တို့ တောင်ငူ ပြောင်းသွားပြီ။ အိမ်ကို ပြောပေးကြပါ” လို့ ကိုယ့်နာမည်တွေ တပ်ပြီးတော့ လမ်းပေါ်က လူတွေကိုအော်ပြီး အကူအညီတောင်းကြတယ်။ လမ်းမပေါ်ကတချို့က အံ့သြတကြီးနဲ့ ကြည့်နေကြတယ်။ ဒိုက်ဦး ရောက်တော့ သူများတွေအော်သလို အော်ချင်လာတာနဲ့ ဦးဇင်းလည်း မြင်တွေ့သမျှ ဆိုက်ကားသမားတွေကို “ဦးဇဝန တောင်ငူပြောင်းသွားပြီ၊ စိန်ပန်းကျောင်းကို ပြောပေးပါ” ဒီအသံကို တကားလုံး ဝိုင်းအော်ကြတယ်။ ဆိုက်ကားသမားတွေ ကလည်း သဘောပေါက်ကြောင်း ခေါင်းညိတ်ပြတယ်။ ဒီလိုနဲ့ ဖြူးရောက်တော့ တခါ အော်ဖြစ်သေးတယ်။ တောင်ငူထောင် ရောက်တော့ အခန်းတွေခွဲပြီး လူတွေ ထည့်ကြတယ်။ ဦးဇင်းရယ်၊ ကိုစိုးလွင်ရယ်၊ အဘရယ် သုံးယောက် တခန်းတည်းနေဖို့ လူခွဲတယ်။ ဒီမှာတင် အဘနဲ့ ဦးဇင်း မြေးအဖိုးပမာ ရင်းနှီးခဲ့ရတာဖြစ်တယ်။
အဘကို နိုင်ငံရေးလောကသားတွေက မြို့မ ဦးတင်အေး လို့ ခေါ်ကြတယ်။ ဦးဇင်းတို့နဲ့ အတူပြောင်းတဲ့အထဲမှာ နောက် ဦးတင်အေး တယောက်လည်း ပါသေးတယ်။ နာမည်တူတွေများနေလို့ မြို့မဆိုတဲ့ ဝိသေသကိုတပ်ပြီး ခေါ်ကြဟန် ရှိတယ်။ အဘဟာ သူ့ခေတ် သူ့အခါက ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့သူ။ အဘထောင်ကျခဲ့ပုံကလည်း တော်တော် ထူးထူးဆန်းဆန်း ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဖြစ်ခဲ့စဉ်က အဖြစ်အပျက် အကြောင်းအရာများကို ပြန်လည်ပြောပြမှု၊ မိမိ ဖြတ်သန်းခဲ့ရတာကို အမှန်ကို အမှန်အတိုင်းပြောလို့ ထောင်ကျခဲ့ရသူတွေထဲမှာ အဘလည်း တယောက် အပါအဝင် ဖြစ်ပါတယ်။
အဘတို့ခေတ်က ဗကသ ဥက္ကဋ္ဌနေရာကို မဲနဲ့ယှဉ်ပြိုင်ရွေးကြရတာ။ အဘက ပြောတယ်။ အဘတို့ခေတ်က ကျောင်းသားတွေထဲမှာပဲ ညီညွတ်တယ်။ ကျောင်းကထွက်သွားပြီး သက်ဆိုင်ရာ ပါတီတွေထဲရောက်တော့ ကွဲကုန်ကြရော တဲ့။ အဘပြောစကားအရ အဲဒီခေတ်က BCP အလံတွေ ပမညတ ဘယ်လိုကွဲပေမမယ့် ကျောင်းသားတွေတွဲပြီး လုပ်နိုင်တာကို သိခဲ့ရတယ်။ အဘတို့တပ်ဦးမှာ ဥက္ကဋ္ဌနေရာကို အလှည့်နဲ့ ယူကြတာလို့ ပြောတယ်။ အဘတို့ ပမညတ က ဥက္ကဋ္ဌ ယူရမယ့်အလှည့်မှာ အဘက အပြင်ရောက်နေပြီ။ အိမ်ထောင်တောင်ကျနေပြီ။ တဖန်ကျောင်းကို တာဝန်နဲ့ ပြန်ရောက်လာတယ်လို့ ဆိုရမယ်။ အဘက ဦးဇင်းတို့မြို့က သူတို့ပါတီရဲ့ ရဲဘော်ကြီး ဦးထွန်းအောင်အကြောင်းကို မကြာခဏ မေးတယ်။ သူ့ကျောင်းသားဘဝက တရုတ်ပြည်နဲ့ အရှေ့ဥရောပနိုင်ငံတွေကို သွားရောက်ခဲ့ရတဲ့ အတွေ့အကြုံတွေကိုလည်း မကြာခဏ ပြောပြတယ်။ အဲဒီအချိန်ကတည်းက အရိုးကျီးပေါင်းတက်တဲ့ရောဂါ သူ့ထံကို ဝင်ရောက်နေပြီ။ အခုတော့ ဒီရောဂါရဲ့ အမြင့်ဆုံး အနေအထားကို အဘ ခံစားနေရတယ်။ အဘနဲ့ အတူနေရတုန်း မှတ်သားစရာတွေရခဲ့သလို သူနေရစဉ် မမေ့ပျောက်နိုင်စရာ ဖြစ်ရပ်တွေကလည်း အများကြီးပဲ။ မနက်ခင်းတိုင်း တရုတ် ကစားနည်းတခုဖြစ်တဲ့ ဝူခုန်း ခေါ်မလား၊ ထိုက်ကျိ ခေါ်မလားမသိတဲ့ ကစားနည်းကို အဘက ဝတ္တရားမပျက် ကစားတယ်။ အဘသမီး ဆရာဝန်မကလည်း အဘအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို မပြတ်ပို့ပေးတယ်။ အဓိကကတော့ ကိုစိုးလွင်၊ အဘကို ခြေဆုပ်လက်နက် ပြုပေးရတယ်။ ပုံမှန်ဆေးသောက်ဖို့ ပုံမှန်အစာစားဖို့ တိတိကျကျကို လုပ်ပေးတယ်။ တတိုက်လုံကလည်း အဘကို ချစ်ကြတယ်။ အသက်အငယ်ဆုံးဖြစ်တဲ့ စောမြင့်နိုင်ကို (အဘက သူ့မြေးတွေကို သတိရတယ်ထင်ရဲ့) လက်ကလေးကို ဆုပ်ကိုင်လို့ “အစောလေး စိတ်ဓာတ်မကျနဲ့နော်” ဒီလိုအားပေးစကားကို အသက်အကြီးဆုံး အဘိုးအိုက ရှစ်တန်း ကျောင်းသားလေး (အသက်မပြည့်ဘဲ အဖမ်းခံရသူ) ကို အားပေးစကားပြောနေတဲ့မြင်ကွင်းက စစ်အာဏာရှင်ခေတ်ရဲ့သရုပ်ကို ပေါ်လွင်စေတယ်။ အာဏာရှင်ဆိုတာကတော့ သူ့ကို ဆန့်ကျင်လာရင် မွေးကင်းစပဲဖြစ်ဖြစ် ရှစ်ဆယ်ကျော်၊ ကိုးဆယ်တွင်း အဘိုးအိုပဲဖြစ်ဖြစ် ရန်သူလို သဘောထားမှာပဲ။
တခါက အဘက ထိုက်ကျိကစားနေရင်း မူးပြီးလဲတယ်။ ၅ (ည) တွေအားလုံး အဘကို ပွေ့ချီပြီး ဆေးရုံကိုတင်ကြ တယ်။ ထောင်အာဏာပိုင်တွေထဲမှာ ဆိုးသွမ်းယုတ်မာတဲ့ ဝင်းမြင့်(သာယာဝတီ)၊ လူလှ(အင်းစိန်)၊ ဝင်းလွင်(တောင်ငူ) တို့လို စိတ်ရော၊လူရော ညစ်ပတ်တဲ့ အရာရှိဆိုး၊ အာဏာရှင် လက်ကိုင်တုတ်တွေရှိသလို သူတို့နဲ့ လုံးဝပြောင်းပြန်ဖြစ်တဲ့ ကြင်နာတတ်တဲ့ လူသားဆန်တဲ့ ထောင်ပိုင်တွေလည်း ရှိတယ်။ အဲဒီထောင်ပိုင်ကတော့ တောင်ငူထောင်ပိုင်ကြီး ဦးငွေစံပဲ ဖြစ်တယ်။ အကျဉ်းသားတွေအပေါ် လူလိုဆက်ဆံတတ်တဲ့ ဦးငွေစံလို ထောင်ပိုင်လက်ထက်မှာ ဦးဇင်းတို့ တောင်ငူရောက် သွားရတာ ကံကောင်းတယ်။ အဘလို သက်ကြီးရွယ်အိုတယောက်ရဲ့ ကျန်းမာရေးဟာ ဦးငွေစံလို ထောင်ပိုင်လက်ထက်မို့ ဂရုစိုက်ခြင်းကို ခံရတယ်။ တာဝန်ခံဖြစ်တဲ့ထောင်ပိုင်ကသာ တာဝန်ခံပေးရင် အားလုံးလွတ်လွတ်လပ်လပ် အခွင့်အရေးတွေ ရတယ်ဆိုတာ ဦးငွေစံလက်ထက်က အဖြစ်တွေက သက်သေခံတယ်။ (ထောင်ထဲက ဆိုးတဲ့ ထောင်ပိုင်တွေ၊ ကောင်းတဲ့ ထောင်ပိုင်တွေအကြောင်းကိုလည်း သီးသန့် ရေးသားချင်ပါသေးတယ်)
ဦးငွေစံလို ထောင်ပိုင်ဟာ သာမန်လူကောင်းတွေလို ထိုင်နိုင်ထနိုင်ခြင်းမရှိတဲ့ အဘလို သက်ကြီးရွယ်အို တယောက်အတွက် နောက်မှီတခုကို သေသေချာချာ ပြုလုပ်ပေးတယ်။ အရိုးကျီးပေါင်းတက်ပြီးတော့ ပုံမှန်ခန္ဓာကိုယ် ရွေ့လျားနိုင်ခြင်းမရှိတဲ့ စာရေးဆရာ မောင်သောကတို့လိုမျိုးပဲ အဘ ဦးတင်အေးဟာလည်း ခံစားနေရသူပါ။ သူ့ကို ကူညီသူ တဦးတယောက်သာမရှိရင် ဘယ်လိုမှ ရပ်တည်လို့မရတဲ့ အနေအထားမျိုးပါ။ သူ့ရဲ့ အရိုးတွေဟာ ရှည်ကြာနေပြီ ဖြစ်တဲ့ ကျီးပေါင်းတက်မှုရဲ့ဒဏ်ကို ခံနေရတယ်။ သာမန်လူတယောက်ရဲ့ အရိုးလို မဟုတ်တော့ဘူး။ ဦးငွေစံမရှိတော့ တဲ့နောက် အဘကြုံလိုက်ရတဲ့ လဲကျသွားမှုကတော့ သူ့ရဲ့အနေအထားတွေအားလုံးကို ပြောင်းလဲသွားစေတယ်။
အဲဒီနေ့က အဘထောင်ဝင်စာလာတဲ့နေ့ ...။ ရေချိုးပြီး အင်္ကျီအဝတ်မှာ ပုံမှန်ကွေးနိုင်ခြင်း၊ ဆန့်နိုင်ခြင်းမရှိတဲ့ လက်တွေကြောင့် လဲကျသွားတယ်။ ပုံမှန်မဟုတ်တော့တဲ့ ကြွတ်ဆပ်နေတဲ့ သူ့အရိုးတခုခုတော့ ထိခိုက်သွားတယ်။ ဘယ်လိုမှ မထိုင်နိုင်တော့ဘူး။ ချက်ခြင်း ပွေ့ထူပြီး ဆေးရုံပေါ်တင်ရတယ်။ ထောင်ဝင်စာတွေ့မယ့် သမီးတွေလည်း ထောင်ဝင်စာအခန်းထဲကနေ ဆေးရုံပေါ်အထိ လာတက်တွေ့ရတယ်။ ဘယ်လိုမှ လှုပ်ရှားနိုင်ခြင်းမရှိတော့တဲ့ အဘရဲ့ အနေအထားကို သူ့မိသားစုက ချက်ခြင်းသိသွားတာ ကံကောင်းတယ်လို့ ဆိုရမယ်။ သက်ဆိုင်ရာအားလုံးကို အချိန်မီ ပြောနိုင်တာပေါ့။
တရက် အဘ မသက်သာဘူး။ နှစ်ရက် အဘ ပိုဆိုးလာတယ်။ သုံးရက် ထောက်လှမ်းရေးက လာကြည့်တယ်။ ထောက်လှမ်းရေး နာမည်ကို မှတ်မိတယ်။ တင်လှဝင်း(သူတို့က ဝဋ်လည်ပြီး အထဲကိုပြန်ရောက်လာကြတော့ နာမည်ကို မှတ်မိတာပေါ့) သူတို့သနားအောင်ပဲ ကိုယ်က နေပေးရတော့မယ့်ပုံစံ မာရေကြောရေနဲ့ လူမမာလာကြည့်တဲ့ပုံစံက မယုံသင်္ကာနဲ့ တမင်အကြံအဖန်လုပ်ပြီး ဆေးရုံတက်နေတဲ့သူလို့ သံသယမျက်လုံးတွေနဲ့ ကြည့်တယ်။ ဒီအချိန်မှာ တာဝန်ခံ ဆရာဝန်ကြီးရဲ့မှတ်ချက်စကားကြောင့် အဘအတွက် ကံကောင်းသွားတယ်။ ၇ ရက်မြောက်ရောက်တဲ့နေ့မှာ အဘကို လာခေါ်ထုတ်သွားတယ်။ ဆေးရုံတင် ကုပေးမလို၊ ထောင်က လွှတ်ပေးမလို၊ ရေရာမှုမပါတဲ့ပုံစံနဲ့ ခေါ်ထုတ်သွားတာပါ။
အဘကို သူတို့လွှတ်ပေးလိုက်တယ်။ ထောင်ကလွှတ်ပြီး နှစ်လအကြာမှာ အဘ ဆုံးတယ်။ အထူးကုဆေးခန်းမှာ ဆေးကုလိုက်ရသေးတယ်လို့ ကြားတယ်။ အခြားသူတွေထက်စာရင် အဘကံကောင်းတယ်လို့ ဆိုရမယ်။ မသေခင် သူ့မိသားစုကိုပြောတဲ့စကားက ငါ နေကောင်းရင် ငါ့ရဲဘော်တွေဆီ သွားရမယ်။ ငါ့ရဲဘော်တွေက ငါ့ကို ဂရုစိုက်တယ်။ လူသားမို့လို့ မိသားစုနဲ့ ပြန်တွေ့လိုစိတ် ပြင်းပြင်းပြပြရှိပေမယ့် အပြင်မှာ ကိုယ့်အလုပ်နဲ့ကိုယ်မို့ ထောင်ထဲက ရဲဘော်တွေ လောက် သူ့ကို ဂရုစိုက်နိုင်မယ် မထင်ဘူး။ အဘစိတ်ထဲမှာ မိသားစုထက် ရဲဘော်တွေကိုပိုပြီး တမ်းတမ်းတတ စကား မသေခင် တလျှောက်လုံး ပြောသွားခဲ့တာတွေက သူ့စိတ်ကို တံခါးဖွင့်ပြနေသလိုပဲ။ နဂိုရောဂါနဲ့ အာဏာရှင်ပေးတဲ့ ဝေဒနာ နှစ်ရပ်ရဲ့ကြားမှာ အဘတယောက် အလူးအလိမ့် ခံသွားရရှာတယ်။ နေ့စဉ်ရှုမှတ်နေတဲ့ အဘရဲ့တရားတွေက သေခြင်းတရားကို အဘ ရဲရဲကြီးရင်ဆိုင်ရဲအောင် လုပ်ပေးသွားတယ်။ နိုင်ငံကိုချစ်တဲ့ အဘစိတ်ဓာတ်ကတော့ ပြည်သူတွေအပေါ် နေ့စဉ်ပို့သနေတဲ့မေတ္တာတွေက သက်သေပြနေတယ်။
“အဘိုးကြီးအို ခါးကုန်းကုန်း
မသေပါနဲ့အုန်း (ဦး)။
နောင်နှစ်ခါ တန်ဆောင်မုန်း
ပွဲကြည့်ပါအုန်း (ဦး)။”
ဒီကဗျာလေးကို ကျွန်တော် မရွတ်ဆိုချင်ပါ။ အဘကို မသေပါနဲ့ဦးလို့တော့ တားချင်စိတ် ပြင်းပြင်းထန်ထန် ရှိပါတယ်။ ဒါပေမယ့် အဘ ကြည့်ချင်တဲ့ ဒီမိုကရေစီပွဲတော်ကြီးကို အဘ ကြည့်ခွင့်မရသွားခဲ့ပါ။
အဘ ကောင်းရာသုဂတိလားပါစေ … …။

သရုပ်ဖော် - အောင်ထက်
No comments:
Post a Comment