07 October 2010

Shwebothar – Although I love

ရွှေချစ်ပေမယ့် နေရစ်ခဲ့မြနန္ဒာ
ရွှေဘိုသား
အောက်တိုဘာ ၈၊ ၂၀၁၀

သင်္ကြန်ရောက်တော့မယ်၊ တခြားအချိန်မှာထက် ဒီအချိန်မှာ ကျုပ်ဗမာပြည်ကို ပိုသတိရတယ်၊ ဒီအချိန်မှာမှ ဘာကြောင့် ပိုပြီးသတိရရတာလဲ အကြောင်းရှိတယ်၊ ကဲ ခင်ဗျားတို့နားလည်အောင် ကျုပ် ရှင်းပြမယ်၊ ခင်ဗျားတို့သိတဲ့အတိုင်း သင်္ကြန်အကြောင်းပြောရင် မန္တလေးအကြောင်းကိုလည်း ပြောမှဖြစ်မယ်၊ မန္တလေးအကြောင်းကိုပြောရင်လည်း မန္တလေးကျုံး၊ မန္တလေးက မြို့မတူရိယာအဖွဲ့၊ မန္တလေးတောင်၊ မန္တလေးဘုရာကြီး ဒါတွေက ပါမှဖြစ်မှာ၊ ခု ဒီမှာသင်္ကြန် အကြောင်းပြောမယ်ဆိုတော့ ချန်လှပ်မရနိုင်တာ တခုလည်း ထပ်ထည့်ရလိမ့်မယ်၊ အဲဒါက မြနန္ဒာ သီချင်းလေ။

ကျုပ်တို့မန္တလေးမှာက (ကျုပ်က မန္တလေးသားတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ကျုပ်ရဲ့အတက်ကြွဆုံးအရွယ်ကို မန္တလေးမှာ ကုန်လွန်ခဲ့တယ်၊ နောက်ပြီးမန္တလေးမှာနေခဲ့ရတဲ့ အချိန်များဟာ ကျုပ်ဘဝအတွက် အဓိပ္ပာယ်အရှိဆုံးအချိန်လို့လည်း သတ်မှတ်ထားတယ်၊ ဒါကြောင့် ကျုပ်တို့မန္တလေးလို့ပြောရတာကို ကျုပ်က မြတ်နိုးတန်ဖိုးထားတယ်) သင်္ကြန်နီးရင် လဘက်ရည်ဆိုင်၊ ကွမ်းယာဆိုင်၊ မန်ကျီးဖျော်ရည်ဆိုင်၊ စက်ဘီးနဲ့ လှည့်လည်ရောင်းချကြတဲ့ ထီဆိုင်များပါမကျန် သင်္ကြန် သီချင်းတွေကို ကျယ်ကျယ်လောင်လောင် ဖွင့်လေ့ရှိတယ်၊ နှစ်စဉ်နှစ်တိုင်း အသစ်အသစ် သင်္ကြန်သီချင်းတွေထွက်လို့ အသစ်အသစ်တွေ ကြားရတတ်ပေမယ့် ကြားပြီးမေ့ပျောက်ပါပဲ၊ တာရှည်မခံကြပါဘူး၊ အဲဒီအသစ်အသစ်တွေနဲ့အတူ အမြဲပြန်လည်ကြားရလေ့ရှိတာက မြနန္ဒာပေါ့၊ မြနန္ဒာ သီချင်းကတော့ ရေစိမ်ခံသီချင်း၊ သင်္ကြန်ရေဘယ်လောက် ရွှဲရွှဲ နည်းနည်းမှ အရောင်မပျယ်တဲ့သီချင်း၊ သံင်္ကြန်ရေ စိုစိုရွှဲလေ မြနန္ဒာက ပိုပိုစွဲလေပဲ။

ကျုပ်နဲ့မြနန္ဒာသီချင်းကလည်း ဘယ်လိုရေစက်ရှိတယ်တော့မသိဘူး၊ မြနန္ဒာသီချင်းသံကြားရင် ထိုင်နေရင် ဒူးလှုပ်လာတယ်၊ သွားနေရင် ခြေထောက်တွေက ပိုမြောက်လာသလို ထင်ရတယ်၊ ရပ်နေပြန်တော့ ယိမ်းချင်သလိုလို နွဲ့ချင်သလိုလို။ ခုလို မန္တလေးက ဝေးနေတဲ့အချိန်မျိုးမှာ မြနန္ဒသီချင်း ကြားမိရင် မှိုင်းပြပြ မန္တလေးတောင်၊ နီညိုညို မန္တလေးကျုံး၊ ဝင်းပပ ဘုရားကြီးနဲ့ ဟိုးအရှေ့ဘက်ဆီက ပြာစိုစိုရှမ်းရိုးမ၊ အနောက်ဖက်က ရီတီတီ စစ်ကိုင်းနဲ့ မင်းဝန်တောင်တန်းတွေရဲ့ စွဲမက်ဖွယ်အလှကို လွမ်းတမ်းတမိရတယ်၊ ကုန်ကုန်ပြောရရင် ရွှေဆိုတဲ့နာမည်နဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ အနံ့မကောင်း၊ အဆင်းကမလှ၊ ရွံရှာဖွယ်လို့ဆိုလောက်တဲ့ ရွှေတစ်ချောင်းလို မြောင်းပုတ်ကိုတောင်မှပဲ စိတ်ထဲမှာ စွဲသလိုလိုဖြစ်နေမိတယ်။

ခေတ်တွေပြောင်းလို့ မန္တလေးသင်္ကြန် ဘယ်လိုရှိမယ် ကျုပ် မခန့်မှန်းနိုင်ဘူး၊ ဒါပေမယ့် ကျုပ်ငယ်ငယ်က မန္တ လေးသင်္ကြန်ကတော့ ပျော်ဖို့အင်မတန် ကောင်းတယ်၊ နေ့အချိန်မှာ နေ့အလျောက်၊ ညမှာညအလျောက် တမျိုးစီ ထူးထူးခြားခြား ရှိလှတယ်၊ ကျုပ်ကတော့ နေ့လယ်ခင်းသင်္ကြန်ထက် ညပိုင်းသင်္ကြန်ကို ပိုကြိုက်တယ်၊ ရှင်တပါးဖြစ်တဲ့ ကျုပ်အတွက် နေ့လည်ခင်းရေပက်ကစားတာက ကျုပ်နဲ့ လုံးဝမသက်ဆိုင်သလို ဖြစ်နေတယ်၊ ဒါဆို ညသင်္ကြန်ကတော့ သက်ဆိုင်လို့လားလို့ မေးစရာရှိတယ်၊ တကယ်တော့ ညသင်္ကြန်လည်းပဲ မဆိုင်လှပါဘူး၊ ဒါပေမယ့် ကျုပ်ဟာ သာမန်ရဟန်းငယ် တပါးမျှသာ ဖြစ်တယ်။

လောကီလူ့ဘောင်က အပျော်အားလုံးကို ပယ်စွန့်နိုင်လောက်အောင် ရင့်ကျက်တဲ့သူတဦး မဟုတ်သေးပါဘူး၊ နောက်ပြီး အဲဒီအချိန်က ကျုပ်က စာသင်သားလူငယ်၊ ဒီတော့ အတိုင်းအတာတွင်းက အပျော်တို့ကို ခံစားနှစ်သက်တဲ့သူတဦးပီပီ ညပိုင်းမှာဖြေဖျော်တဲ့ သင်္ကြန်မဏ္ဍပ်များဆီကို သွားရောက်လေ့ရှိခဲ့တယ်။ သတိရလို့ ပြောရဦးမယ်၊ ဘယ်မဏ္ဍပ်က ဘယ်လို၊ ဘယ်အဖွဲ့က ဘယ်နယ်စတဲ့ သတင်းစကားမျိုးကို တခါတရံ ကျုပ်ဆွမ်း ခံကြွတဲ့ အိမ်တချို့ကနေ ကြားရတယ်။ ကိုရင် ဘယ်ဏ္ဍပ်ကို သွားဖြစ်အောင်သွားနော်၊ အဲဒီမှာ ဒီညဘယ်အဖွဲ့ လာလိမ့်မယ်၊ နောက်ပြီးအဆိုတော် ဘယ်သူ၊ ရုပ်ရှင်မင်းသားဘယ်သူလည်း ဖျော်ဖြေလိမ့်မယ်ဆိုပြီး သူတို့ကပဲ နတ်လမ်းညွှန်တတ်သေးတယ်။ ကျုပ် မန္တလေးကိုချစ်တာက မန္တလေးသူ မန္တလေးသားတွေရဲ့ ကျုပ်တို့လို ရှင်ရဟန်းငယ်တော်တွေအပေါ် နားလည်နိုင်တဲ့ သဘောထားကြောင့်လည်းပဲ ဖြစ်တယ်။ သံဃာတော်တွေပေါ်ကြည့်တဲ့ သူတို့အကြည့်က တကယ့်ကို နားလည်မှုရှိတဲ့ အကြည့်။ ခွင့်လွှတ်မှုအပြည့်။

အဲဒီမှာ ဘယ်မဏ္ဍပ်ကိုသွားသွား သေချာပေါက် ကြားရမြင်ရမှာကတော့ မြနန္ဒာနဲ့ ယိမ်းအကပါပဲ၊ ကျုပ်ကမြနန္ဒာကို သဘောကျပေမယ့် ယိမ်းအကကိုတော့ အရသာ မခံစားတတ်ပါဘူး၊ ကျုပ် သင်္ကြန်မဏ္ဍပ်တွေကိုသွားခဲ့တာကတော့ အလှည့်ကြ လာရောက်ဖြေဖျော်ကြတဲ့ သံချပ်ကားတွေကို စိတ်ဝင်စားတာရယ်၊ မြနန္ဒာသီချင်းနားကို သဘောကျတာရယ်ကြောင့်ပဲဖြစ်တယ်။ ကျုပ် ထပ်ပြီး ပြန်ပြောဦးမယ်၊ ကျုပ် ဗမာပြည်ကိုချစ်တယ်၊ မန္တလေးကို လွမ်းတယ်၊ မြနန္ဒာသီချင်းကို အောက်မေ့တယ်။
ကျုပ် မညာချင်ဘူး၊ နောက်ပြီး ဟန်ဆောင်လှည့်ဖြားပြီးလည်း မနေချင်ဘူး၊ လိုက်နာနိုင်တာကို လိုက်နာနိုင်တယ်၊ မလိုက်နာနိုင်တာကို မလိုက်နာနိုင်ဘူးရယ်လို့ ရှင်းရှင်းလင်းလင်း ပြောချင်သူ တဦးလည်းဖြစ်တယ်၊ စောင့်ရှောက်ထိန်းသိမ်းရမည့် သိက္ခာပုဒ်တွေကို တတ်နိုင်သလောက် စောင့်ရှောက် ထိန်းသိမ်းနေတဲ့ ရဟန်းတပါးမျှ သာဖြစ်တယ်၊ ကိုယ့်ကြောင့် ကိုယ့်သာသနာ ကိုယ့်လူမျိုး ဂုဏ်သိက္ခာ ညှိုးနွမ်းထိခိုက်မှာကို အလွန်စိုးရိမ်တတ်တဲ့ သူတဦးလည်းဖြစ်တယ်၊ နောက်ပြီး ကိုယ့်သာသနာ ကိုယ့်လူမျိုးတွေ အောက်ကျနောက်ကျဖြစ်မှာကို မလိုလားတဲ့သူတဦးလည်း ဖြစ်တယ်။ ကုန်ကုန်ပြောရရင် အရာရာမှာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာဟာ သူများတွေရဲ့ရှေ့မှာပဲ အစဉ်ထာဝရ ရှိနေစေချင်တဲ့သူလည်း ဖြစ်တယ်။

ဆိုတော့ ကိုယ့်အချင်ချင်း ရိုင်းပင်းတာ ကိုယ့်လူမျိုးအချင်းချင်း ချီးမြှောက်တာကို သဘောကျတယ်။ ကျုပ်က အဲဒီလိုသူဆိုတော့ ကိုယ့်လူမျိုးအချင်းချင်း အထင်သေးတာ၊ ကိုယ့်အချင်းချင်း ချိုးနှိမ်တာ၊ ကိုယ့်တိုင်းပြည် အောက်ကျနောက်ကျ လူလုံးမလှအောင် လုပ်ကြတာ၊ ပြောကြတာမျိုးဆိုရင် ကျုပ်က အင်မတန်ရွံမုန်းတာ၊ ရဟန်းဖြစ်စေ၊ လူဖြစ်စေ၊ ရှင်ဘုရင်ဖြစ်စေ၊ သူတောင်းစားဖြစ်စေ၊ အဲဒီသူမျိုးဟာ ကျုပ်ရဲ့ရန်သူပဲ၊ ရန်သူဆိုလို့ အဲဒီသူမျိုးကို ကျုပ်က အကြောင်းမဲ့ရန်ရှာ တိုက်ခိုက်မယ်လို့ ဆိုလိုတာ မဟုတ်ဘူး၊ အဲဒီလိုသူတွေနဲ့ အယူအဆ မတူတာ၊ အဲဒီလိုသူတွေရဲ့ အယူအဆကို ကျုပ် လက်သင့်မခံနိုင်တာ၊ အဲဒီသူတွေနဲ့ ရင်ဆိုင်ဆွေးနွေး ဖြေရှင်းချင်တယ်လို့ ဆိုလိုတာဖြစ်တယ်။

ကဲ ကျုပ်ပြောချင်တာကို ခုကစလို့ပြောတော့မယ်၊ ကျုပ်အမေရိကကိုရောက်တာ (၅)နှစ်ကျော်ပြီ၊ ဗမာပြည်က ကျုပ် ထွက်လာတုန်းက ကျုပ်ပတ်စပို့သက်တမ်းကို တစ်နှစ်ပဲပေးလိုက်တယ်၊ ဒါကြောင့် တစ်နှစ်မပြည့်မီမှာ ကျုပ်ပတ်စပို့ သက်တမ်းတိုးဖို့ ဝါရှင်တန်ဒီစီက မြန်မာသံရုံးကို ကျုပ် ပတ်စပို့ ပို့ရတယ်၊ အဲဒီနှစ်မှာ သက်တမ်းတိုးကြေးဆိုပြီး အမေရိကန်ဒေါ်လာ(၄ဝ)၊ စာပို့ခ ဒေါ်လာ(၁ဝ)၊ စုစုပေါင်း ဒေါ်လာ(၅ဝ) သံရုံးကို တပါတည်း ပို့ပေးရတယ်။ ကျုပ်ပစ်စပို့ပြန်ရဖို့ (၄)လကျော်ကျော် စောင့်ရတယ်၊ သံရုံးကို ဖုန်းသုံးခါ ဆက်ရတယ်။
ဘာဖြစ်လို့ ပတ်စပို့သက်တမ်းလေးတိုးတာ ဒီလောက်ကြာရတာလဲလို့ ကျုပ်က မေးခဲ့တယ်၊ မြန်မာပြည်ကို ပြန်ပို့ရတယ်၊ ခွင့်ပြုချက်ရမှ ပတ်စပို့သက်တမ်း တိုးလို့ရတယ်လို့ ပြန်ဖြေတယ်၊ ခုလို ပတ်စပို့သက်တမ်းတိုးတဲ့ အသေးအဖွဲကိစ္စမျိုးလေးကိုတောင် သံအမတ်တယောက်အနေနဲ့ ဆုံးဖြတ်ခွင့် မရှိရင် ဘာဖြစ်လို့ သံအမတ်ဆိုတာ ခန့်အပ်ထားရတာလဲ၊ သံအမတ်နဲ့ သံရုံးဝန်ထမ်းတွေအတွက် တိုင်းပြည်ဘဏ္ဍာငွေကို ဖြုန်းတီးနေရတာလဲလို့ အရမ်းမေးချင်ခဲ့တယ်။ ကျုပ်ဘယ်လိုမှ နားမလည်ဘူး။ ဒီလိုနဲ့ တစ်နှစ်ပြီးသွားတယ်။

နောက်တစ်နှစ်မှာလည်း တစ်ခါသက်တမ်းတိုးဖို့ ပို့ရပြန်တယ်၊ ဒီတချီမှာတော့ ပစ်စပို့ သက်တမ်းတိုးကြေးက (၁၆၇) ဒေါ်လာအထိ တိုးသွားတယ်၊ စာပို့ခကလည်း (၁၃)ဒေါ်လာဖြစ်သွားတယ်၊ နောက်ပြီး ကိုယ်ပိုင်ချက်လက်မှတ်နဲ့ ပေးလို့မရဘူးဆိုလို့ မန်နီအော်ဒါ ဝယ်ပို့ရတယ်၊ မန်နီအော်ဒါကိုလည်း ပတ်စပို့သက်တမ်းတိုးကြေးနဲ့ တခုတည်းပေါင်းပြီးပို့လို့ မရဘူးဆိုလို့ မန်နီအော်ဒါ နှစ်ခု ဝယ်လိုက်ရတယ်၊ သိတဲ့အတိုင်း ကျုပ်တို့က ဗမာပြည်မှာ ကြီးလာတာဆိုတော့ အကျင့်ကပါနေပြီးသား၊ သက်ဆိုင်ရာက ဒါဆိုရင် သူတို့ပြောတဲ့အတိုင်း ဘာမှပြန်လည်ငြင်းခုံမနေပဲ လိုက်လုပ်ပေးလိုက်တာပဲ၊ ကျုပ်လည်း သူတို့ပြောသလို ပတ်စပို့သက်တမ်းကြေး (၁၆၇)ဒေါ်လာဆို ပေးလိုက်တယ်၊ စာပို့ခ(၁၃) ဒေါ်လာ ဆိုပေးလိုက်တယ်၊ မန်နီအော်ဒါနှစ်ခုဆိုပြန်တော့ နှစ်ခုဝယ်ပို့လိုက်တယ်၊ ကျုပ်ပတ်စပို့လက်ထဲပြန်ရောက်ဖို့ (၄)လကျော်ကျော်စောင့်ရတယ်၊ ဒါကိုလည်း ပျော်ပျော်ပဲ၊ ဘာမှ အတွန့်မတက်ပဲ စောင့်လိုက်တယ်။ သိတဲ့အတိုင်း စောင့်ရတာ အသားကျနေတဲ့၊ ပြန်လည် ငြင်းခုံရတာ အလေ့မရှိတဲ့ ကျုပ်တို့ဓလေ့အတိုင်း ပြုသမျှ နုနေခဲ့တယ်။

ခင်ဗျားတွက်ကြည့်၊ ခုချိန်မှာ တဒေါ်လာ(၉ဝဝ) ကျပ်နီးပါး၊ အဓိပ္ပာယ်က ကျုပ်လို ဗမာလူမျိုးစစ်စစ် ရဟန်းတပါးက ကျုပ်တို့ရဲ့ သာသနာပြုမင်းများ၊ သာသနာ့ဒါယကာ အမည်ခံနေကြတဲ့ အစိုးရမင်းများကို နှစ်စဉ်နှစ်တိုင်း ဒေါ်လာ (၁၆၇)၊ မြန်မာကျပ်ငွေ(၂)သိန်းလောက် အခွန်ပေးဆောင်နေရတယ်ဆိုတဲ့ သဘောပေါ့။ ဘုရားကြီးတွေတည်၊ ကျောင်းကြီးတွေဆောက်၊ သိန်းပေါင်းများစွာ အကုန်အကျခံ လှူဒါန်းနေတဲ့သူတွေက ကျုပ်လို မထင်မရှား ပမွှား၊ နိုင်ငံရပ်ခြားမှာ ကိုယ့်အားကိုယ်ကိုး ပညာရှာနေတဲ့ ရဟန်းတပါးဆီက ယူစားရက်တာမျိုးကို ကျုပ်ဖြင့် အံ့လည်းသြမိပါရဲ့။ ဘုရားတည်၊ ကျောင်းဆောက်၊ ဗျောက်ချိတ်၊ ပိတ်စည်း၊ ဖင်ဦး ခေါင်းထောင်ပြီး သာသနာကို အချီးမြှောက်ကြီး ချီးမြှောက်နေတဲ့ ပုဂ္ဂိုလ်ကြီးများ အခြေနေမှန်ကို ကောင်းကောင်းသိဖို့ လိုပါလိမ့်မယ်။

တတိယအကြိမ် ပတ်စပို့သက်တမ်းတိုးလိုက်တယ်၊ ကုန်ကျစရိတ်၊ အချိန်ကြာမြင့်တာ အစီအစဉ်အားလုံး အရင်နှစ်က အတိုင်းထပ်တူပါပဲ၊ ဒီတချီမှာကျုပ်က မြန်မာသံရုံးကို ဖုန်းဆက်တယ်၊ ခုလို နှစ်စဉ်နှစ်တိုင်း သက်တမ်းတိုးဖို့ လုပ်နေရတာ၊ ကျုပ်လည်း အလုပ်ရှုပ်တယ်၊ စာပို့ခလည်း အပိုကုန်တယ်၊ သံရုံးလည်း ခုလိုဘာမှမဖြစ်လောက်တာလေးတွေကို နှစ်စဉ်နှစ်တိုင်းလုပ်နေရတော့ အချိန်ကုန်တယ်၊ နောက်ပြီး ဒီအတွက်ဝန်ထမ်းစရိတ်စကလည်း အပိုကုန်တယ်၊ ဒါကြောင့် သက်တမ်းတိုးကြေး တစ်နှစ် (၁၆၇)ဒေါ်လာနဲ့ (သုံး)နှစ်စာ ပို့ပေးပါမယ်၊ ပတ်စပို့သက်တမ်း သုံးနှစ်ပေးပါဆိုတော့ သူတို့မှာ လုပ်ပိုင်ခွင့် မရှိပါဘူးလို့ ပြန်ဖြေတယ်၊ ဒါပေမယ့် အကျိုးအကြောင်းကို သံအမတ်ကြီးဆီ စာရေးပါဆိုလို့ ကျုပ်ရဲ့ မေတ္တာရပ်ခံစာ၊ ကျုပ်တို့အဖွဲ့အစည်းရဲ့ အတွင်းရေးမှူး မေတ္တာရပ်ခံစာကို သံအမတ်ကြီးဆီ လိပ်စာမူပြီး ပို့ပေးခဲ့တယ်၊ ဘာမှမထူးခြားခဲ့ပါဘူး။ ကျုပ် ပတ်စပို့သက်တမ်းက တစ်နှစ်ပါပဲ။

(၄)ကြိမ်မြောက် သက်တမ်းတိုးဖို့ ပို့ပေးရလိုက်တယ်၊ ကျုပ်ပတ်စပို့ မပို့မီမှာ အရင်က တစ်နှစ် သက်တမ်းပေးထားတဲ့ ရဟန်းတော်တွေကို ခုသုံးနှစ်အထိပေးတယ်ကြားရလို့ ကျုပ်နဲ့ လက်လှမ်းမီရာ အချို့ကို မေးကြည့်တယ်၊ ဟုတ်တယ်၊ ကြားရတဲ့အတိုင်း တချို့ကို သုံးနှစ်တိုးပေးတယ်၊ ကိုယ်လို ဘဝတူတွေ ပိုမိုအဆင်ပြေသွားတာ သိရလို့ ကျုပ်ဝမ်းသာတယ်၊ ဒီလိုပဲဖြစ်ရမှာပေါ့၊ ဒါကြောင့် ကျုပ်ကလဲ မျှော်လင့်ချက်အပြည့်နဲ့ သံရုံးကိုဖုန်းဆက်တယ်၊ ကျုပ်ကိုလည်း သုံးနှစ် တိုးပေးဖို့ပေါ့၊ သံရုံးကပြန်ဖြေတယ်၊ ဒါမြန်မာပြည်က ဆုံးဖြတ်တာပါတဲ့၊ သူတို့ သံရုံးကဆုံးဖြတ်တာ မဟုတ်ပါဘူးတဲ့၊ ဒါပေမယ့် သုံးနှစ် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်တဲ့၊ ကျုပ် ပတ်စပို့ပြန်ရတော့ အားတက်သရော ကြည့်မိတယ်၊ ထူးမခြားနား ပတ်ပျိုးနဲ့ တိုးခဲ့တယ်၊ ကျုပ် တော်တော်စိတ်ပျက်သွားတယ်၊ နောက်ပြီး ဒေါသလည်း အတော်ထွက်မိတယ်၊ ဒါပေမယ့် သေချာပါတယ်၊ ကျုပ်ဒေါသက သံရုံးကလူတွေကိုချည်းသာ မဟုတ်ပါဘူး၊ လွယ်တာကို ခက်အောင်လုပ်တဲ့ သူအားလုံး၊ ရှင်းတာကိုရှုပ်အောင်လုပ်တဲ့ သူအားလုံးကိုပါ။ လွယ်ရှင်းနေတာကို ဒင်းတို့တတွေ ရှုပ်ခက်အောင် လုပ်ကြတာကြောင့် ကျုပ်တို့နိုင်ငံ ကျုပ်တို့လူမျိုးတွေ လူစဉ်မမီ သူစဉ်မမျှ ဖြစ်နေကြရတာ၊ ကျုပ်တွေးမိတိုင်း ရင်နာမိတယ်။

ခင်ဗျားစဉ်းစားကြည့်၊ ကမ္ဘာကြီးက ရွာကြီးတရွာလို ဖြစ်နေပြီတဲ့၊ ပြောကြတယ်၊ ဆက်သွယ်ရေး စနစ်တွေ၊ လုပ်ငန်းကိုင်ငန်းတွေ၊ ရှေးကထက်မတူ၊ အလွန်လျင်မြန် ချောမွေ့အဆင်ပြေလာတယ်တဲ့၊ ကျုပ်တို့မှာတော့ ပတ်စပို့လေးသက်တမ်းတိုးတာကိုပဲ (၄)လ ကျော်(၅)လ စောင့်ရတုန်း၊ မြန်မာပြည်ကြီးကို ကမ္ဘာ့အဆင့်မီ နိုင်ငံတနိုင်ငံဖြစ်ဖို့ ကြိုးစားနေကြပါတယ်တဲ့၊ ဟစ်ကြွေးနေကြတယ်၊ ကျုပ်ငယ်ငယ်က ကျုပ်ဘကြီးက သူ့သားတွေကိုပြောလေ့ရှိတဲ့ စကားတခွန်းကို ကျုပ်သတိရတယ်၊ ရိုင်းတယ်တော့ မထင်နဲ့၊ “မင်းတို့ကောင်တွေ ဒီလထစ်နဲ့တော့ ဘယ်တော့မှ ရှင်ဖြစ်မည့်ကောင်တွေ မဟုတ်ဘူး” တဲ့။

ကျုပ် ဒေါသပိုထွက်ရတာက သူတို့တွေ လုပ်ပုံကိုင်ပုံ သောက်ပုံမကြတာကိုပါ၊ ခင်ဗျား စဉ်းစားကြည့်၊ နိုင်ငံတိုင်းနိုင်ငံတိုင်းဟာ တခြားနိုင်ငံခြားသားတွေနဲ့ယှဉ်ရင် ကိုယ့်နိုင်ငံသားဆို ပိုဦးစားပေးကြတာ ခင်ဗျားအသိပဲ မဟုတ်လား၊ ဒါပေမယ့် ကျုပ်တိုရဲ့ “အမျိုးချစ်ပုဂ္ဂိုလ်”များကတော့ တမူခင်ဗျ၊ နိုင်ငံခြားသားရဟန်းတော်တွေ ဗမာပြည်ကို လာရောက်နေထိုင်ရင် အထူးအခွင့်အရေးအနေနဲ့ သူတို့ဗီဇာသက်တမ်းကြေးကို မြန်မာကျပ်ငွေနဲ့ပေး ဆောင်ဖို့ခွင့်ပြုတယ်၊ နောက်ပြီး အနည်းအကျဉ်း စတိလောက်ပဲ ပေးရတယ်၊ ထေရဝါဒတက္ကသိုလ်လို နေရာမျိုး၊ သာနာ့တက္ကသိုလ်လို နေရာမျိုးမှာတောင် အခမဲ့နေဖို့ စားဖို့ပေးထားတယ်၊ သာသနာကို ချီးမြှောက်ထောက် ပံ့တာမျိုးမို့ ကျုပ်က သာဓု ခေါ်ပါတယ်။ လုပ်ပါ၊ အားပေးပါ။

ဒါပေမယ့် ခင်ဗျားစဉ်းစားကြည့်၊ အဲဒီနိုင်ငံခြားသားတွေ အဲဒီတက္ကသိုလ်တွေက ကျောင်းတွေပြီးတဲ့အခါ ထေရဝါဒ သာသနာတော်အတွက် ဘယ်လောက်များပိုပြီး ကျုပ်တို့ထက် အကျိုးပြုနိုင်ကြမှာလဲ၊ တိုင်းပြည်နဲ့လူမျိုးအတွက်ရော ဘယ်ပိုကောင်းကျိုးတွေ သူတို့က ကျုပ်တို့ထက်ပိုပြီး ဆောင်ကြဉ်းပေးကြမှလဲ၊ ကျုပ်တို့လိုပြည်ပမှာ ကိုယ့်အားကိုယ်ကိုးပြီး ဘာသာစကား၊ ပြည်ပ အတွေ့အကြုံရလာတဲ့ ပုဂ္ဂိုလ်များဆီကရော အမျိုးဘာသာသနာအတွက် ဘာကောင်းကျိုးမှ မရနိုင်ဘူးတဲ့ လား၊ ကျုပ်ကလည်း အစိုးရက ကျုပ်တို့ကို ထောက်ပံ့ဖို့ပြောတာ မဟုတ်ပါဘူး၊ သူတို့ အထောက်အပံ့ကို လည်း ကျုပ်က နည်းနည်းမှ မလိုချင်ပါဘူး။ ဒါပေမယ့် နိုင်ငံခြားသား ရဟန်းများ အတွက်တော့ ခုလို ဦးစားပေး၊ ကျုပ်တို့လို အချင်းချင်းကြတော့ လွယ်ရမှာကိုခက်အောင်လုပ်၊ နိုင်ငံခြားတိုင်းပြည်များမှာ နေထိုင်ဖို့ ပတ်စပို့လေး ပိုမိုအဆင်ပြေရေးလောက်တောင် အားမပေးတာကို အသည်းနာလွန်းလို့ပါ၊ ဒါလား သာသနာပြုကြတာ၊ ဒါလား ကိုယ့်လူမျိုးအချင်းချင်း ချစ်ခင်တာ၊ ဒါလား မျိုးချစ်စိတ် ရှင်သန် ထက်မြက်စေရေး လုပ်နေကြတာ၊ “မအေကျော် ဒွေးတော်လွမ်းတာ မဟုတ်ပဲ၊ ဖအေကျော် ပထွေးလွမ်း” ကြတဲ့သူတွေ၊ “ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား ကားယား” ဆိုတဲ့လူစားတွေ၊ “သူတို့နှမ အားရကျေနပ်စေဖို့ ကုတင်အနားကရပ်ပြီး ယောက်ဖကို ရေခပ်တိုက်မယ်” ဆိုတဲ့လူစားတွေ၊ ဟုတ်တယ်၊ ကျုပ် အတော်ဒေါသထွက်မိတယ်။

နောက်ပြီး ကျုပ်ကလည်း ကျုပ်နိုင်ငံအတွက်၊ ကျုပ်ပေးရတာ နှမြောလွန်းလို့မဟုတ်ပါဘူး၊၊ ပြောခဲ့သလို ကျုပ်က ကျုပ်ပြည်ကို ချစ်တဲ့သူ၊ ကိုယ့်လူမျိုးအချင်းချင်း ရိုင်းပင်းကူညီရတာ ပျော်တဲ့သူ၊ ဒါကြောင့် ကျုပ်ပြည်ကို ကျုပ် ပေးရတာအတွက် ပေးရတယ်လို့ မမြင်ပါဘူး၊ ခင်ဗျားက ထင်ကောင်းထင်မယ်၊ ကျုပ်မှာ နဝကမ္မတွေ ပိုလျံပေါ များနေလို့ ပေးရတယ်လို့ မထင်တာရယ်လို့၊ ဘယ်ဟုတ်လိမ့်မလဲ၊ ကျုပ်က အမေရိကမှာ ကျောင်းတက်နေတဲ့ ရဟန်းတပါး၊ ဒီတော့ ကျောင်းလခစရိတ်၊ စာအုပ်ဖိုး၊ ဘပ်စကားခ၊ နောက်ပြီး ဟိုဟာဒီဟာ အသေးသုံးနဲ့ဆို ကုန်ကျစရိတ်က မသေးလှပါဘူး၊ နောက်ပြီး အမေရိကမှာ မရှိမဖြစ်တဲ့ ကျန်းမာရေးအာမခံစရိတ်ကလည်း ရှိသေး၊ ဒါတင်လား ကျုပ်နေတဲ့နေရာက နေရာသစ်ဆိုတော့ ရတဲ့နဝကမ္မလေးထဲကနေ ခွဲဝေပံ့ပိုးဖို့လည်း တာ ဝန်ရှိတယ် မဟုတ်လား၊ ပြီးတော့ ကျုပ်လောက်မှ အဆင်မပြေတဲ့ ဗမာပြည်တွင်းက အပေါင်းအသင်း သူငယ် ချင်းများကို ကျုပ်တတ်နိုင်သလောက် ခွဲဝေလှူဒါန်းနေတဲ့သူပါ။ ဒီတော့ ဆွမ်းစားကွမ်းစား သာရေးနာရေးက လှူဒါန်းကြတာလေးတွေဆိုတာ ဘယ်မှာ ပိုနိုင်ပါ့မလဲ၊ တွက်ချက်ရတာ ဝါသနာ မပါပေမယ့် ကျုပ်မှာမျှတ အောင် ဝေဘန်သုံးစွဲနေရသူသာဖြစ်ပါတယ်။

ဒါတင်ဘယ်ကလိမ့်မလဲ၊ ခင်ဗျားနော် သာမန်လူသား၊ အမေရိကန်ပတ်စပို့ကိုင်ပြီး ဗမာပြည်သွား၊ တနှစ်ကို ဒေါ်လာ (၉ဝ)ပေး၊ အေးအေးဆေးဆေး နေလို့ရတယ်၊ ကျုပ်နော် ဗမာနိုင်ငံသား၊ နောက်ပြီး ပုံမှန်ဝင်ငွေမရှိတဲ့ ရဟန်းတပါး၊ အမေရိကမှာနေတယ်၊ ကျုပ် ဗမာနိုင်ငံသားဆိုတာလေး မပျောက်ဖို့၊ ပတ်စပို့သက်တမ်းလေး ရှိနေစေဖို့၊ နှစ်စဉ်(၁၆၇) ဒေါ်လာပေးနေရတယ်။ ကဲ ဘယ်လောက် မဆီလျော်လိုက်သလဲ။ ဘယ်လောက် ဆင်ခြင်ဥာဏ်ကင်းမဲ့တဲ့ လုပ်ဆောင်ချက်မျိုးလဲ၊ ဒီတော့ ကျုပ် သဘောထားတွေ ပြောင်းလာတယ်၊ (၁၆၇) ဒေါ်လာ ပေးနေရတာကို မသထာသလိုလည်း ဖြစ်လာတယ်၊ ပတ်စပို့သက်တမ်း တနှစ်တည်းသာပေးတဲ့အတွက်လည်း အမေ နှမ ကိုင်တုတ်ချင်လာတယ်။

ကျုပ်တို့မြန်မာတွေက ရွှေကို သိပ်သဘောကျတယ်၊ အချို့နိုင်ငံခြားတိုင်းပြည်ရောက် ပုဂ္ဂိုလ်များက ကိုယ့်ကိုယ်ကို ရွေရယ်လို့ တင်စားသုံးနှုန်းကျတယ်၊ ပြည်တွင်းမှာလည်း ဗမာပြည်ကို (Golden Land) ရွှေနိုင်ငံလို့ တင်စားသုံးနှုန်းတယ်၊ ရွှေတိဂုံ၊ ရွှေစည်းခုံ၊ ရွှေအုတ်၊ ရွှေဗမာ၊ ရွှေမန္တလေး၊ ရွှေမြို့တော်၊ ရွှေနန်းတော်၊ ရွှေချည်ထိုး၊ ရွှေထီး၊ ရွှေပုဆိုး၊ ရွှေသမက်၊ ရွှေထမင်း၊ ရွှေလှေ၊ ရွှေ . ရွှေ . ရွှေ . . . . .။

ကျုပ်ဗမာပြည်ကို ချစ်တယ်၊ ရွှေကို ချစ်တယ်၊ မြနန္ဒာသီချင်းကို လွမ်းတယ်၊ ဗမာနိုင်ငံသားရယ်လို့ ပြောခွင့်ရတာကို ဂုဏ်ယူကျေနပ်တယ်၊ ဒါကြောင့်သာပ၊ နို့မဟုတ်ရင် ဒီခွေးသားတွေ လုပ်ပုံမျိုးနဲ့ဆို၊ ကျုပ်လေ “ရွှေချစ်ပေမယ့်၊ နေရစ်ခဲ့မြနန္ဒာ” ရယ်လို့ ပြောဖြစ်ခဲ့တာ ကြာလောက်ပြီ။ ကျုပ်ရဲ့ဗမာပတ်စပို့ မီးတင်ရှို့ပစ်ခဲ့တာ ကြာလောက်ပြီ။ အဟုတ်ကို။

မှတ်ချက်။ ။ သီရိလင်္ကာရောက် မြန်မာရဟန်းတပါးရဲ့ လောလောဆယ် တွေ့ကြုံနေရတဲ့ သူ့ကိုယ်တွေ့ အတွေ့အကြုံကို မိုးမခသို့ပေးပို့ထားတဲ့ စာကိုဖတ်ပြီး ကိုယ်တွေ့အကြောင်း အရင်က ရေးခဲ့ဖူးတဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြလိုက်တာပါ။ ခုလောလောဆယ်မှာတော့ ဝါရှင်တန်ရှိ မြန်မာသံရုံးက မြန်မာသံဃာတော်တွေကို ပတ်စပို့သက်တမ်း သုံးနှစ်ပေးပါတယ်။

No comments:

Post a Comment