23 November 2010

Dr Maung Ba Chit – Light

အလင်းရောင်
ဒေါက်တာ မောင်ဘချစ်
နိုဝင်ဘာ ၂၄၊ ၂၀၁၀

“ဆက်သွယ်ရေးအားဖြင့် ကျွန်မတို့အချင်းချင်းမှာ နားလည်မှုရအောင် ကျွန်မတို့အချင်းချင်း ညီညွတ်မှုရအောင် သုံးကြပါ”

ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာ ၁၄၊ ၂ဝ၁ဝ)

အထက်ပါ လက်ကိုင်ဖုန်းလေးတွေနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားသော မိန့်ခွန်းကို နားထောင်နေစဉ် မောင်ဘချစ် တပည့်တယောက်နှင့် တွေ့သည်။

သူက မောင်ဘချစ်အကြောင်းကို သိသည်။

“ဆရာ သရော်စာတွေပဲ ဘာလို့ရေးနေလဲ ဆုံးမစကားတွေ ဘာတွေလည်း ရေးပါလား”

မောင်ဘချစ်သည် ဆုံးမစကား ခဏခဏ ပြောရသည်။

ထိုသို့ပြောသည်မှာလည်း လူငယ်တွေက ပြောဆိုစေသောကြောင့် ဖြစ်သည်။

အသက်ကြီးသူများထံမှ စကားကိုကြားနာရခြင်းသည် အရှေ့တိုင်းထုံးစံ ဖြစ်သည်။ လူကြီးများကိုရိုသေရမည် ဆိုသည်ကို အရှေ့တိုင်းစာပေများတွင် အတိအကျ ရေးထားသည်။

မြန်မာဗုဒ္ဓဘာသာတွေကတော့ တနေ့တရက် ကြီးသူကိုပင် ရိုသေရမည်ဟု ဆိုဆုံးမထားသည်။

ဗုဒ္ဓကတော့ သက်အရွယ်ကို အဓိကထား ရိုသေခိုင်းခြင်း မရှိပါ။

သာသနာ့ဘောင်ဝင်သောနေ့ရက် (ရဟန်းဖြစ်သောနေ့ရက်) ဝါစဉ်အလိုက် အကြီးအငယ် သတ်မှတ်သည်။
မောင်ဘချစ်က သူ့ကိုရှင်းပြရသည်။


“တခါတခါ ဆုံးမစကားပြောတာ ကောင်းပါတယ်။ ဒါပေမယ့် မကြိုက်တာ များတယ်ကွ”

“ကျွန်တော်တို့နိုင်ငံမှာ လူငယ်တွေအတွက် ပညာရေးပုံစံ မမှန်ကန်ဘူး။ ဆရာတို့ လမ်းကြောင်းပေးရင် ပိုကောင်းတာပေါ့”

“အေး။ ငါလည်း ပြောတာပါပဲကွ၊ ဥပမာ အမှောင်ထဲမှာ ကြောင်ဖြူ ကြောင်မည်း အတူတူပဲလို့။ ရွေးကောက်ပွဲဝင်ရင် အမှောင်ထဲ ရောက်သွားတာပဲလေ။ ဖြူတဲ့ကောင်တွေလည်း မည်းတယ်ဆိုပြီး အရိုက်ခံရနိုင်တာကို ပြောတာပေါ့”

“ခု အလင်းလေးတစတော့ ရလာပြီပေါ့”

“အင်း၊ ဒီတစသောမီးကို ဝိုင်းထွန်းညှိကြမှ လင်းလာမှာကို သဘောပေါက်ပါတယ်။ အားလုံး သဘောပေါက်ဖို့ လိုတာပဲ”

“အမေစုက အလင်းကွန်ယက်ကြီး ဖြစ်စေချင်တာပဲ။ ခေတ်မီ တိုးတက်တက်တဲ့ နည်းပညာတွေ တွီတာ (Twitter)တွေ၊ (Face Book)တွေနဲ့ဆိုရင် ဘယ်သူမှ အမှောင်ချထားလို့မရဘူးလို့ အမေက ဆိုလိုတယ် ထင်တယ်”

“ဒီလိုရှိတယ်ကွ၊ တရုတ်ပြည်အမျိုးသမီးတဦး (Twitter) သုံးပြီး အခြားသူတွေရဲ့အမြင်ကို ထင်ဟပ်စေတာနဲ့ ထောင် တနှစ်ချတာမျိုး ရှိတယ်ကွ”

“ဒီသတင်း ဘယ်ကရလဲ။ ဘယ်တုန်းကလဲ”

“စီအင်အင်က သတင်းပါ။ တီဗွီသတင်းပါ။ အင်တာနက်မှာ ဆရာဖတ်ရတာက နိုဝင်ဘာလ ၁၈ ရက်နေ့ကပါ”

“ဆရာ နည်းနည်းပြောပြပါလား”

“ဒီမှာ ငါ ဖတ်ပြမယ်။ တရုတ်အမျိုးသမီးတယောက်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တနှစ်ကျခံစေတယ်။ အကြောင်းကတော့ သူမဟာ တရုတ်ဆန္ဒပြသူများက ဂျပန်ပစ္စည်းတွေကို ဆန္ဒပြတဲ့အနေနဲ့ ဖျက်ဆီးပစ်တယ်ဆိုတာကိုသယော်ထားတဲ့ (Twitter)ထဲက စာတခုကိုပဲ့တင်ထပ် re-tweet လုပ်လို့ပါပဲ”

“re-tweet လုပ်တယ်ဆိုတာ ဘာလဲဆရာ”

“ရေးထားတဲ့အကြောင်းအရာတွေကို ထပ်ပြီးတဆင့်ပို့တာမျိုးပေါ့။ ဥပမာ ငါ မင်းကိုပြောမယ်။ မင်းက မင်းသူငယ်ချင်းနှစ်ယောက်ကို ပြောမယ်။ နောက်သူငယ်ချင်းတွေကလည်း ထပ်ပြောမယ်။ ဒီကနေ တစ တစ ကျယ်ပြန့်လာတာမျိုးပေါ့။

ဥပမာ ဒို့ငယ်ငယ်က အိမ်မှာ ကြက်တွေမွေးကြတာတွေ ရှိတယ်။ ကြက်မကြီးက သူရဲ့သားကလေးတွေကို အစာယက်တွေကို ရှာကျွေးတာမျိုးပေါ့။

ကြက်မကြီးက သူယက်အပြီးမှာ တွီခနဲ အသံလေးပြုတယ်။ သူ့အနားက ကြက်ကလေးတွေကလည်း ပြေးလာရင်း အသံပြုတာပေါ့။ သူ့အဝေးက ကြက်တွေလည်း အသံကြားရာကို ပြေးလာကာ အသံပြုတယ်။

ဒီအခါ ကြက်အုပ်ရဲ့အသံဟာ ဆူဆူညံသွားတော့တာပေါ့။

အလုအယက် အစလာကောက်ကြတာကိုး။

ဒီအသံတွေကို ကြက်လေးတွေ တွိလုပ်တယ် လို့ ဆိုတယ်။

အမေ တွီလုပ်တဲ့အသံတွေကြောင့် ကြက်ကလေးအချို့ ကြားတယ်။ ဒီကြားတဲ့ ကြက်ကလေး ကိုယ်တိုင်က သတင်းထပ်ပို့ (တွီလုပ်တော့) ကြက်ကလေးတွေအားလုံး သတင်းရရှိတယ်။

ဒီအတိုင်းပါပဲ။ ယနေ့ခေတ် အင်တာနက်ပေါ်မှာရှိတဲ့ Twitter ဆိုတာ ဒီသဘောကိုဆောင်တယ်”

“ဒါဆိုရင် ဆရာရယ် သတင်းတွေ အရမ်းပြန့်တာပေါ့။ ဒေါ်စုပြောတဲ့ ခေတ်မီနည်းပညာဆိုတာ ဒါမျိုးပဲပေါ့နော်။ ဆရာရှင်းပြတာ သဘောပေါက်တယ်။ ဒီလိုနည်းပညာတွေ အစပြုတာကို ပြောပြပါလား”

“အင်တာနက်တွေမှာ Web Site တွေ ရှိတယ်။ သတင်းဌာနတွေ၊ အဖွဲ့အစည်းတွေဟာ မိမိတို့ရဲ့ အမည်တွေနဲ့ Web Site တွေ တည်ရှိလာတယ်။ ဒါတွေကို dot com တွေ၊ dot org တွေလို့ ခေါ်လာပါတယ်။ ဒီနေရာမှာ လူတွေဟာ မိမိတို့ရဲ့ ကိုယ်ပိုင် Web Site တွေ ထူထောင်လာတယ်။ ဒါကို blog-spot တွေလို့ ခေါ်တယ်”

“ဟုတ်ကဲ့ ဒါကိုတော့ သဘောပေါက်ပါတယ် ဆရာ”

blog-spot တွေ အများကြီးကွ။ ဒါနဲ့ လူတိုင်း သတင်းစာဆရာ ဖြစ်လာတာပေါ့။ ဒီအခါ သတင်းဌာနတွေကလည်း အများကြီးဆိုတော့ သတင်းတွေက အများကြီး ဖြစ်လာတယ်။ ဒီအတွက် တွီတာဟာ အင်မတန် အသုံးဝင်လာတယ်။

ဘာကြောင့်လဲဆိုတော့ တွီတာတွေဟာ blog-spot တွေနဲ့ ချိတ်ဆက်ထားလို့ရတယ်။ သတင်းဌာနတွေကိုလည်း ဆက်သွယ်ထားနိုင်တယ်။ အနည်းဆုံး သတင်းခေါင်းစဉ်လေးတွေ တွီတာမှာ လာပေါ်တယ်။ ဒါကြောင့် သူဟာ သတင်းတွေကို ဖြန့်ပေးတာ မြန်ဆန်တာပေါ့”

“ကောင်းတယ် ဆရာ blog-spot တွေ၊ တွီတာတွေဟာ နက်ဝပ်တွေပေါ့နော်”

“တကယ်တော့ ဒါမျိုးကို Social Network လို့လည်း ခေါ်တယ်။ Social Network တွေဟာ အင်မတန် ခေတ်စားတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ Social Animals တွေ ဖြစ်လို့ပါပဲ။ လူတွေဟာ စုပေါင်းနေထိုင်ကြတယ်။ တယောက်နဲ့တယောက် သတင်းစကားတွေ ဖလှယ်ကြတယ်”

“မြန်မာပြည်မှာ လက်ဘက်ရည်ဆိုင်သွားကြတာဟာ သတင်းစကားဖလှယ်ဖို့လား ဆရာ”

“သတင်းစကားဖလှယ်ဖို့ အဓိကကျသလို မိတ်ဆွေတွေနဲ့ ထွေရာလေးပါး ပြောရတာကို သဘောကျလို့ပါပဲ”

“ဘာသဘောကျစရာတွေရှိလို့လဲ ဆရာ”

“လူတွေဟာ Social Animals တွေဖြစ်တယ်လေ။ ဒီလို တွေ့ကြ ဆုံကြတာ ကျေနပ်မှု ရတယ်။ ရှေးက ဥပုသ်စောင့်သွားရင်း တွေ့ကြတာလည်း Social Network တွေနဲ့ တူတာပါပဲ”

“ခုခေတ်တော့ အင်တာနက်ပေါ့ဆရာ ဟုတ်လား”

“ဒီခေတ်မှာ တယောက်နဲ့တယောက် အနေဝေးလာကြတယ်။ လူတွေဟာ မိမိအလုပ်ရှိရာကို သွားရတယ်။ ယောင်နောက် ဆံထုံးပါသလို ဆံထုံးနောက် ယောင်ပါရတာ ရှိတယ်။ အထူးသဖြင့် အနောက်တိုင်းမှာ လူတွေ အနေဝေးလာတယ်။ ဒီတော့ Socialize လုပ်တဲ့အခါ အကောင်ဆုံးလက်နက်တွေကို ရှာလာကြတယ်။ Social Network တွေထဲမှာ ခေတ်အစားဆုံးကတော့ Face Book နဲ့ Twitter တို့ ဖြစ်နေတာကို တွေ့ရတယ်”

အမေစု အကျယ်ချုပ်က လွတ်မြောက်လာတဲ့နောက် မိန့်ခွန်းတွေ အင်တာဗျူးတွေထဲမှာ ခေတ်မီနည်း ပညာတွေကိုသုံးပြီး ဆိုရှယ်နက်ဝပ်တွေ လုပ်ရမယ်လို့ ပြောသွားပါတယ် ဆရာ”

“ခေတ်မီနည်းပညာတွေကိုသုံးဖို့ ဒေါ်စုက သူ အကျယ်ချုပ်က မထွက်လာမီကပဲ ပြောခဲ့ပါသေးတယ်ကွ”

“ဒါပေမယ့် တရုတ်ပေါက်ဖော် အမျိုးသမီးကတော့ re-tweeting လုပ်တာနဲ့ ထောင် တနှစ်ကျတာတော့ လွန်တာပါပဲ”

“ပိုဆိုးတာက ဒီအမျိုးသမီးက လက်ထပ်ဆဲဆဲကွ”

“သေတာပဲ။ အသက် ဘယ်လောက်ရှိပြီလဲ”

“၄၆ နှစ်”

“ဆိုးတယ် ဆရာ၊ ထောင်ထွက်လာရင် အသက် တနှစ်ကြီးသွားပြီ၊ သူ့ဘဲက ယူဦးမှာလား”

“တကယ်တော့ သူ့ဘဲကစတဲ့ ပြဿနာကွ။ သူ့ဘဲ အမည်က Hua Chunhui လို့ ခေါ်တယ်။ သူက Twitter ထဲမှာ ထည့်လိုက်တာကို သူ့အမျိုးသမီး Cheng က re-tweet လုပ်တာတဲ့”

“နှစ်ယောက်လုံး မဖမ်းဘူးလား”

“ဖမ်းတယ်။ အမျိုးသားကို ၅ ရက်နေတော့ ပြန်လွှတ်ပေးလိုက်တယ်။ re-tweet လုပ်တဲ့ Cheng ကိုတော့ တနှစ် ချတယ်”

“ဒါတော့ ဘယ်တရားမလဲ ဆရာ”

“နောက်ကွယ်က အကြောင်းတရား တခုရှိသေးတယ်။ Cheng ဟာ တရုတ်နိုဘယ်ဆုရှင် Liu Xiaobo ကို ထောက်ခံကြောင်း တွီတာကနေ သတင်းပို့တာကိုး”

“တွီတာဟာ အင်မတန် ထိရောက်တယ်ထင်တယ်နော်”

“ဟုတ်ပါတယ်။ အာဏာရှင်တွေက ဒီလိုအလင်းပေးတဲ့ ကိရိယာတွေကို စနစ်တကျ ဖျက်ပစ်တတ်တယ်”

“အင်း … ကျွန်တော်တို့နိုင်ငံကတော့ လျှပ်စစ်မီးတွေကို ဖျက်ထားတာကြာပြီပဲ”

“မီးတွေပျက်တော့ တိုးတက်တဲ့ကမ္ဘာကြီးနဲ့ အဆက်အသွယ်တွေ ပျက်ကုန်ပြီး နောက်ကျကျန်ရတာတွေ အများကြီးပေါ့”

“မီးတွေ၊ ရေတွေ၊ ဖုန်းတွေ ဘယ်ဟာမှ စိတ်မချရဘူး”

“ဟုတ်တယ်လေ။ ဆိုရှယ်နက်ဝပ်တွေကို မသုံးနိုင်တော့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး နိုင်ငံရေးတွေ အားလုံး နောက်ကျကျန်ခဲ့တာပေါ့”

“အင်း … ဆရာပြောတော့မှ တွီတာက ဒီလောက် အရေးကြီးတယ်ဆိုတာ သဘောပေါက်လာတယ်”

“ဒေါ်စုပြောတာပါကွာ၊ ဒီတော့မှ ဒို့လည်း သတိထားမိတာကွ”

“အမေစုတော့ တော်ပါပေတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ လေးစားကြတာပေါ့နော်”

“အေး … သူတော်တာကို နောက်ကလိုက်လုပ်တာ ကောင်းပါတယ်။ အနာဂတ်ကျတော့ မင်းတို့လို လူငယ်တွေပဲ ဦးဆောင်ရမှာ”

“ကျွန်တော်တို့က အလင်းရောင်ကို မျှော်နေတာပါ။ လမ်းပြတဲ့ အလင်းရောင်ကို လိုချင်တာပါ”

“အေး။ အားလုံး ဝိုင်းကူကြတာပေါ့”

အလင်းရောင် … အလင်းရောင် … အလင်းရောင်။

No comments:

Post a Comment