13 May 2009

Brokenhearted writer

ရင်ကွဲနာ
ခွန်ပန်းစိန်
မေ ၁၃၊ ၂၀၀၉

ဒီတခေါက်သူ မြို့လေးဆီပြန်ရောက်လာခြင်းသည် ၁၂ နှစ် အကြာတွင်ဖြစ်လေသည်။

သူသည် ဒီမြို့သားဖြစ်၏။ ဒီမြို့ကိုချစ်သည်။သူ့ ဖေဖေရော မေမေပါ ဒီမြို့မှာ ခေါင်းချခဲ့သည်။ ရုံတော်ကြီး ဟိုတယ်လေ သိတယ် မဟုတ်လား။ မြို့လယ် လမ်းမကြီးမှာလေ။

သူအိမ်နှင့် ကပ်ရက်မှာ ဒိုင်အိုကျောင်းက အင်္ဂလိပ်စာ ဆရာကြီး ဦးဝေဠု နေသည်။ သူ့ငယ်ဆရာကြီး။ ဆရာကြီးက အင်္ဂလိပ်စာ အပြင် ဘုရားရှစ်ခိုးပါ သင်ပေးသည်။ သို့သော် ဆရာကြီး သောက်ဖို့ အရက်ကိုတော့ ညနေတိုင်ကျရင် ဆရာကြီး၏မြေး ကိုမျိုးသန့်နှင့် အတူ သူက ရုံတော်ကြီး ဟိုတယ်မှာ တပိုင်းတပိုင်း သွားသွား ဝယ်ပေးရသည်။ ဘဲကင်လေး၊ အသားကင်လေး၊ အခေါက်ကင်လေး ပါသည်။

ထွန်းဦး ဘယ်ရှိဦးမှာလဲ။ ထွန်းဦးစာပေ ဆိုတာ ရုံတော်ကြီးထိပ် ဘေးကပ်ရက်မှာ ကွမ်းယာဆိုင်လို မြူနီစပယ်က ပေးထားသော ဆိုင်လေးဖြင့် စခဲ့ရသည်။ အင်းဝ အအေးဆိုင်နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်စိန်ကဖေး ရှိသည်။ အဲဒီတုန်းကဆို အရူးဘိုချဉ်ပေါင် ရှိသည်။ ထိုင်စိန်က ဝက်သားပေါက်ဆီ စားကောင်းသည်။ ဆိုင်ရှင်က ဘိုချဉ်ပေါင်အား နို့ဆီခွက်ဖြင့် လက်ဖက်ရည် တခွက် ထည့်ပေးသည်ကို ထိုင်စိန်မှာ မြင်ဖူးသည်။

လမ်းထဲက သူငယ်ချင်းတွေ အသေစောကြသည်။ လမ်းထိပ်ထွက်ထွက် ရိုက်ခဲ့ကြသော သူငယ်ချင်းတွေထဲမှာ သူတယောက်သာ ကျန်ရစ်သည်။ သူ့သူငယ်ချင်းတွေ အတော်များများမှာ နံပါတ်လေးဖြင့် အသေစောကြလေသည်။ နံပါတ်လေးကြောင့် သူတို့လမ်းထိပ်မှာ သူဌေးဖြစ်တဲ့သူ ဖြစ်နေကြသည်။ ဒါကို အခုလူတွေ မသိကြတော့။ သူဌေးကြီး အာပနား ပေါ့လေ။ အဲဒီတုန်းက ပေါလိုက်တဲ့ နံပါတ်လေး။ ကွမ်းယာဆိုင်က စီးကရက်ထဲ အကန့်လိုက် ထည့်ရောင်းသည်။ သုံးကန့် ယူမလား၊ ငါးကန့် ယူမလား။ ရသည်။ သူ့အကို မင်္ဂလာဆောင်မှာတောင် အကန့်လိုက် ထည့်ပေးထားသော ဖိုက်ဖိုက်ဖိုက် စီးကရက် ဗူးလေးတွေ ကမ်းသည်။ အဖိုးကြီးတွေ မင်္ဂလာဆောင်မှာ ငြိမ့်နေကြသည်။

သူဒီမြို့လေးမှာ နေတုန်းက ဘုန်းမီးနေလ တောက်ပနေချိန်။ သူ့မှာ ချစ်တဲ့ ကောင်မလေးတွေ ရှိသည်။ အားလုံးက စိနမလေးတွေ ဖြစ်နေသည်။ သူ စိနမလေးတွေကို ချစ်သည်။ ယူနန်၊ ဖူးကျန့်၊ လက်တိုရော လက်ရှည်ရော ချစ်၏။ အခုတော့ သူချစ်ရသော စိနမလေးတွေ မတွေ့ရ။ အိုင်ရင်း၊ ချစ်သော ရှိုးမေကော ဘယ်မှာလဲ။ ဟောင်ကောင်မှာလား။ ထိုင်ဝမ်မှာလား။ဘေကျင်းမှာ မဟုတ်တာတော့ သေချာသည်။ ကချင်ပြည်က ချစ်သော မလီလီ ကြီးလို့ မှီရသည်။ လင်းလင်း၊ အေးအေး၊ ဆွိ၊ မအညှော့။

ငယ်ငယ်က ချစ်တယ်လို့ မပြောခဲ့ရသော စိနမလေးမှာ စိန အာဂျီးမား အဒေါ်ကြီး ဖြစ်နေလေပြီ။ နှာတန်ချွန်မြမြလေးရှိတာ ဇူးလူးမလေးလို အာဖရီကန်းနားမ ဖြူဖြူလေးလိုပဲ သူ့မှာ ငယ်မူငယ်သွေး ကျန်တော့သည်။ သူကတော့ ဒီ နှာတန်ချွန်ချွန်လေးကိုပဲ ချစ်စွဲစွဲနေခဲ့မိလေသည်။ အခုများမှာတော့ နင့်ကောင်မလေး လက်ဆယ်ချောင်းထဲမှာ ငါမပါဖူး ပြောသော စိနမလေး မှာ ဝဝ အိအိ ဖိုင့်ဖိုင့်ဖြစ်နေလေပြီ။ သူ့လည်တိုင် ဖြူဖယောင်းဖော့မှာ ရွှေတွေသီးထ ရွှန်းမြ ဝင်းလက်နေတော့သည်။ ရွှေခြေခြင်းတော့ မတွေ့ရ။

စိနမလေးနှင့် မတူမူပဲ အပါချီ လူရိုင်းမလေးလို မက်ဆီကန်မလေးလို ဒတ်ရှ်မလေးလိုလှသော မဖြူကို ချစ်သည်။ ရုံတော်ကြီးထိပ်က ကျောပေါ် ဆံစဝဲဝဲ ရှည်ရှည် ဂျူးလိယက်လို ယူနန်မလေးက ညညဆို တိုဟူးပျော့ ဆန်ခေါက်ဆွဲ ရောင်းသည်။ အဲဒီတုန်းက လမ်းမကြီးပေါ်မှာ ညဈေးတန်း ရှိသည်။ ဗဟိုစည်ကြီးကို မှီပြီး ညည စည်လေသည်။

သူချစ်သော ရှိုးမေက ၅၃ ဘီစကွတ်မုန့်တိုက်မှာ ညရှစ်နာရီဆိုလျှင် စိနစာ သင်ပြီးလို့မို့ ဆိုင်ရှေ့ ထွက်ထွက်ထိုင်သည်။ ချစ်လွန်လွန်းလို့မို့ ဆိုးပေမ ဟု ခေါ်သည်။ သူ့မှာ ညစ်ပေညစ်ထေ ညီအမတွေ ရှိသည်။ ညီမတွေအားလုံး လှကြသည်။ အခုတော့ ဝေးလေပြီ။

ထိုင်စိန်ဘေးက ဖက်ထုပ်ကြော်ရောင်းသော ကောင်မလေးတွေ မရှိကြတော့။ ကိုမောင်မောင်ရဲ့ ဒေါ်စင်းယုန် ခေါက်ဆွဲဆိုင်ကတော့ ဆိုင်ကြီးကနားကြီး ဖြစ်နေပြီ။ သူ ညည စာကျက်ပြီး ထွက်ထွက်စားတုန်းက ခေါက်ဆွဲ တပွဲ နှစ်ကျပ်သည် ယခုအခါ တပွဲ ၅ဝဝ ဖြစ်နေချေလေပြီ။
နယူးဟောင်ကောင်က ရွှေဆိုင်ကြီး ဖြစ်နေလေပြီ။

တခုတော့ရှိပါသည်။ နဂါးစာပေမှာ တိုက်ကြီး တာကြီးဖြင့် မြို့လေးမှာ ဝင့်ဝင့်ထည်ထည် ရှိနေလေသည်။ တို့ပိုင်တဲ့မြေတည်း။

ကားလေးသည် ဆရာဝန်အသင်းတိုက်အတွင်း ဝင်ချသွားလေသည်။ တိတ်ဆိတ် အေးငြိမ်နေသည်မှာ ဘုန်းကြီးကျောင်းအလား ထင်ရလေသည်။ သည်တော့မှ သူ့အတွေးရပ်တော့၏။ ဧည့်ရိပ်သာရှေ့က သီးပင်ကြီးမှာ သီးသီးတွေ ပြွတ် သိတ် သီးနေကြလေသည်။ သူ့အဖို့ ထူးသစ်နေသည်။ ရနံ့သစ် ရသည်။ အခန်းရှိသေးလား မေးတော့ ဘယ်နှစ်ယောက်လဲ တဲ့။ တယောက်တည်းဆိုတော့ ဆံစဖြူဖြူ အဖိုးကြီးက ခပ်တွေတွေ ဆဆ လုပ်ပြီးမှ ရပါတယ် ဟု ဖြေသည်။ အခန်းလွတ် မရှိသည့် အိုက်တင်မျိုး။ ဝင်လိုက်တော့ တခန်းမှာမှ လူမရှိ။

သူတို့တွေ ဘုန်းမီးနေလ တောက်စဉ်က ဒီဘီအမ်အေသည် ဝါးကဒ်တဲ သာသာလေး ရှိသေးသည်။ ညနေဆိုသူတို့ ဆေးရုံက ဂျူတီ အသီးသီး ပြီးလာတဲ့ လူတွေရယ် ညမဝင်သေးတဲ့ လူတွေရယ် နဲ့ စည်တယ်လေလေ့ စည်တယ်လေ ရှိလေသည်။ သည်တုန်းက ရမ်တပက်မှ နှစ်ကျပ်ခွဲ။ အမြည်းကလည်း ဆတ်သားခြောက်ကြော်၊ ကြက်ဥကြော်၊ ငါးမုန့်ကြော်၊ ကြက်ကြော်။ ဘီယာကျတော့ ရှားလေ၏။ သည်မြို့သားများ သည်မြို့ထုတ် ဘီယာကို ဝဝလင်လင် မမှီဝဲနိုင်။ ကျုံးဘေးက ဟိုတယ်မှာ သူ့အချိန်နှင့်သူ ရောင်းသည်။ အံမယ် ဘီယာသောက်ရဖို့များ သွားပြီးတောင် နေရာ ဦးရသေးသဗျ။ စည်ဘီယာ။ ပုလင်းညိုပုပုလေးနဲ့ ပြည်ပပို့ ဘီယာတွေကို စောင့်သောက်ကြရလေသည်။

အခုမတော့ အမ်အမ်အေက ဈေးချိုသူ ဣနြေ္ဒနှင့်။ တည်ငြိမ် အေးချမ်းစွာ။ သောက်တော်သုံးသူ မလာ။ သဟာယခန်းမ ဟုသာ အမည်လှလှ မည်သူက တပ်သည်မသိ မိတ်သဟာဆွေကား နိမ်းလေသည်။ ဆေးကျောင်းကြီးမှာ သူတို့ရှိစဉ်က တဲအိုပျက်နှင့် ကျောင်းတော်အို။ အခုတော့ ရန်ကုန် စက်မှုတက္ကသိုလ်ကြီးလို ဟည်းဟည်း ထယ်ထယ် သန့်သန့် ခန့်နေပုံက သူပင် ကျောင်းရှေ့ ဖြတ်တော့ ခေါင်းငုံသွားရတော့ မလို ခံစားရသည်။

မင်္ဂလာဈေးထောင့်က စိန်ဝင်းစားသောက်ဆိုင်က မရှိတော့ပြီ။ သူ့နေရာမှာ စတိုးဆိုင် ဟည်းဟည်း ရှိသည်။ သူချစ်တဲ့ ရှိုးမေနဲ့ တူလို့မို့ ရှိုးမေလေးလို့ ခေါ်တဲ့ စိနမလေး ဘယ်ရောက်သွားပြီလဲဟေ့။ စိန်ဝင်း မရှိတော့ သူမလေးလည်း ခြေရာပျောက်လေပြီ။

ဘယ့်နှယ့်လုပ် ရောက်နေမှန်းမသိသော ဝက်သားတုတ်ထိုး ယဉ်ကျေးမှုကား မင်္ဂလာဈေးတန်း ပလက်ဖောင်းမှာ စည်နေလေ၏။ ဟိုးအရင်က ဝက်သားတုတ်ထိုး ဆိုလျှင် ရန်ကုန်မှာသာ မြင်ရ စားရတာ ဖြစ်သည်။ လသာ မောင်ခိုင် ၁၉လမ်းမှာသာ စပယ်ရှယ် ဝက်သားတုတ်ထိုးသည်တွေ ရှိသည်။ ရုပ်ရှင်ရုံအောက်တွေမှာ ရှိသည်။ ဟော အခု ဒီမြို့လေး ယဉ်ကျေးမှုထဲတွင် ဝက်သားတုတ်ထိုး ပါလာပြီ။ စားကြ။စားကြ။

အဲသည် ဝက်သားတုတ်ထိုး အစားကောင်းလို့ တီဗွီထဲတောင် ပါသေး တွေ့လိုက်ကြရဲ့လား။ ' ကျွန်တော် ဝက်သားတုတ်ထိုးတွေ စားပြီး ဝမ်းတွေလျောရာက ဒီကူးစက်ဆေးရုံရောက်လာတာပါပဲဗျာ ' ဟု မက်ခွက်နဲ့ အင်တာဗျူးခံနေတဲ့ ပွတတ မျက်နှာပြဲနဲ့လူက အစ်ညှစ်ညှစ် အသံနဲ့ ပြောတာလေ။ အဲသည် ဝက်သားတုတ်ထိုးကနေ သံကောင်ဖြစ်တာ အသည်း အူ ကြွက်သားတွေထဲ အိမ်ဖွဲ့နေကြတာ။

အခု မြို့လေးလိုပေါ့။ ဒီ တုတ်ပြားကောင်တွေက မြို့လေးရဲ့ အသားအဆီ အသည်းမှာ စနစ်တကျ ဖွဲ့စည်း တည်ဆောက် အထည်ကျ အနေကျ သွားကြပြီ။ ဒါ တုတ်ပြားကောင်တွေရဲ့ အပြစ် မဟုတ်ဖူးတဲ့။ ဒီဝက်သားတုတ်ထိုးကို ပါးစပ်ထဲ အဝင်ခံသူရဲ့ အပြစ်။ တုတ်ပြားကောင်ကတော့ ဝင်လို့ရရင် ဝင်မှာပဲ။ ပါးစပ်ပိတ်ထား မစားနဲ့။ စားပါများတော့ သန်ကောင်တွေက မြို့သားတွေရဲ့ ဗိုက်ထဲမှာ ပြည့်လို့။

အခုဆိုမြို့ထဲမှာ မနေနိုင်ကြတော့ဖူး။ မြို့သစ်ဆိုတာ ပေါ်လာပြီ။ အလိုလေးလေ့ မနော်ယမံ ဆိုတဲ့ အရပ်ကတောင် သာမောဖွယ်ရာ အေးချမ်း လှပနေပါလား။ ဥယျာဉ်နဲ့ ပန်းနဲ့ ရေနဲ့။ တခါတုန်းက မြို့လေးရဲ့ အထင်ကရ ရှေ့နေအိုကြီး တယောက် ပြောသလိုဆိုရင် ဘယ်ခေတ်ရောက်ရောက် ကိုယ့် သားမယား ကောင်းစားဖို့ တခုတည်း ကြည့်တတ်သူဟာ ဝက်သားတုတ်ထိုး ရောင်းနေသလိုပါပဲလား ဟု သူ တွေဝေ ငေးငူ မှိုင်ငိုင်နေမိလေသည်။

ဒီမြို့က လူတွေကတော့ အီကြာကွေး ဟု ခေါ်သော်လည်း သူကတော့ ဝက်သားတုတ်ထိုး ဟုသာ ခေါ်ချင်တော့၏။ ဟော အခုပဲ လူတေလူတွေ ဝမ်းယောင် ဗိုက်ပူနံကား သန်တွေနဲ့ ပြည့်လို့။ မြို့သစ်လေးလေ။

သြော် ... အခုမှ အမှတ်တရ ဖုန်တထောင်းထောင်းထ ချိုင့်ခွက်တွေနဲ့ လမိုက်ညလို မှောင်နဲ့မည်းမည်း ထဲက မြို့အသစ်လေး။ ဂျက်တိုက်လေယာဉ်တွေလို တဝီဝီ ထိုးစစ်ဆင်ကြသော ကာမီကာဇေ ခြင်တပ်ကြီးက ညရောညပါ တရစပ် တိုက်တိုက်လေသည်။ ရေရှားလို့ ပွေး ဝဲ ဂျွတ်က မြို့သစ်သားတွေ၏ အမှတ်လက္ခဏာ တခု ဖြစ်နေလေသေး၏။ သည်အချိန်၌တွင်တော့မကား ဝက်သားတုတ်ထိုးများက မြို့လေးကို အပြီး အပိုင် ဝါးမြိုခြင်းကို ခံလိုက်ရပြီ ဖြစ်လေသည်။

တခါက မျက်နှာဖြူ ကုလားများသည် သီပေါဘုရင်နှင့် စုဖုရားလတ်အရှင်နှစ်ပါးကို ကြက်ကလေး ငှက်ကလေး ဖမ်းသလို ခေါ်ဆောင်သွားခဲ့ပြီး နှုတ်ခေါင်းချွန်တို့၏ ကျွန်သဘောက် ဖြစ်ခဲ့ဖူးသလို ... ယခုအခါ ရွှေနန်းတော်ကြီးကား ဝက်သားတုတ်ထိုးသည်များဖြင့် ပြည့်နက်နေတော့လေသည်။ စားလို့တော့ ကောင်းသား။ ထို့အပြင် ယူနန်အကင်များကလည်း မဆိုးပါဖူး။ သူကလည်း ကင်ဆာ ဖြစ်တတ်သတဲ့။ ဒါအိပ်မက် မက်နေတာ မဟုတ်။

သူသည် သူ့သူငယ်ချင်း ခင်မောင်တိုး၏ ဒရင်း ဟွန်ဒါ ဆိုင်ကယ်လေးကို စီးနေသည်။ မြို့လေးက ချိုင့်ခွက်ကျင်းပေါင်းများစွာကို လှည့်ပတ် ကွေ့ရှောင် ဝေ့ဝိုက်ရင်း စီးလေသည်။ သူ့ကို ဆိုင်ကယ်တွေ တဝှီးဝှီး ဖြတ်ကျော်တက်သွားကြသည်။ ဆိုင်ကယ်ပေါ်က စိနမလေးတွေက ဖြူဝင်းနုစို ပျိုမြစ် လှနေကြသည်။ ဆံစလေးတွေ နီကျင်ကျင် ရွှေရည်လုလုက နေခြည်မှာ ဝင်းနေသည်။ လေမှာ ဇာခြည်ပါးပါး ထိုင်းထမီလေးတွေ လွင့်လွင့် လွင့်လွင့်။ ဆိုင်ကယ်တွေကို သူလိုက်ရှာသည်။ ဟေး ဘယ်မလဲ ရှိုးမေ ... မော်လီ .. အိုင်ရင်း ..လီလီ .. ဆွီရေ..။

ဆိုင်ကယ်တွေနှင့် စိနမလေးတွေ သူ့ကို ဝိုင်းလိုက်လာကြသည်။ အမေရိကန်ကားတွေထဲကလိုလား။ သူ့ကို ဝိုင်းလိုက်ကြသည်။ သူတို့တွေ ပြောနေကြတာတွေကို သူ လုံးဝ နားမလည်။ ဒီမြို့သူလေးတွေ ပြောသလို ကျွန်တော် ကျွန်တော်တော့ ပါသား။ သူတို့တွေက ရှိုးမေတို့ မော်လီတို့ လီလီတို့ ဖြူဖြူ တို့ ဆွီတို့လို နုဝင်း စိုလွင်သော အသားရည်များ မဟုတ်ကြမူပဲ ကြမ်းရှ နီလျနေကြလေသည်။ သူတို့ စရိုက်လေးတွေကလည်း အနည်းငယ်မျှ အရိုင်း ဆန်နေကြပြန်လေသည်။ အရိုင်းမလေးတွေပေါ့နော်။ တောနှင်းဆီလေးတွေလိုပဲလေ။ ကြမ်းကြမ်း လှလှလေးတွေ။ သူကဒီလို ကြမ်းရှရှ အသားတွေကို နှစ်သက်သူမှ မဟုတ်တာပဲ။ နုမွတ်ချောမွေ့နေတဲ့ အသားဖွေးဖွေးလေးမှာ ပန်းနုရောင် သွေးကြောမွမွလေးတွေ ယှက်ထနေတဲ့ ရှိုးမေ လိုမှ ချစ်တာ။

'ဗျို့ အန်ကယ်ကြီး' သူ့ကို ခေါ်လိုက်သော ဂျင်းပင်ပွပွ ခွာမြင့်ကြိုးကွင်းထိုး ဒေါက်ဖိနပ်စီး တီရှပ်ပွပွ နီရဲရဲဆင် ရွှေခြေချင်း ပန်းပွင့်လက်ကောက်လေးတွေနှင့် စိနကောင်မလေးက ပြုံးမေးသည်။ သူမလေးက နုပြီး ပျိုနေ၏။ အသားလေးတွေက စိုနေသည်။ ဆံစကို စုပြီး နောက်မှာ ပိုနီတေးလေးလို စည်း၏။ ဆံစ နက်မှောင်မှောင်က သူမကျောမှာ ရွရွတင်၏။ သူ မပြုံးပြတော့ ' အန်ကယ်က ဧည့်သည်လား' သူ ခေါင်းငြိမ့်သည်။ သူမလေးအပြုံးက ဖြူတော့ ဖြူသား။ နုဖြူချိုဧလှ၏။ သူမ၏ အသံသြသြလေးသည် ရှိုးမေနှင့် ဆင်နေပြန်လေပြီ။ လွမ်းရ သတိရပြန်လေသည်။

'ဟိုဘက်မှာ ကေအမ်ဒီက ကွန်ပြူတာ ဟောပြောပွဲ ရှိတယ်။ ကျနော်တို့ တက်ဖို့လာတာ အန်ကယ်ကော မတက်ဖူးလား' ကောင်မလေးက ပြောရင်း သီးသီးပင်ကို ငေးကြည့်နေသည်။ သူ မဖြေမိ။ ခုနကမှ အိပ်ယာထ မျက်နှာသစ်ပြီးစ။ ကော်ဖီမစ်ဖျော်ဖို့ရာ ရေနွေးတည်လို့ မပြီးနိုင်။ သူမ ဘာစိတ်ကူးပေါက်ပြီး သည်ဧည့်ရိပ်သာဘက် ကူးလာခဲ့ရသလဲလေ။ သူမ မျက်နှာလေးကို သူ စေ့စေ့ကြည့်တော့ သူ့ရင်ထဲ တနေရာရာမှာ တွေ့ဖူးသလိုလို။ သူမက ငယ်လွန်းသည်။ အေးအေးနှင့် ဆင်သည်။ အေးအေး၏ ညီမပေပဲလား။ ဒါမှ မဟုတ် တူမပေပဲလား။ သူမသည် သူ့ဘေးက ကတ္တီပါ ကျောပိုးအိတ်လေးကို လွယ်၍ လှမ်းသွားလေသည်။

ဟောပြောပွဲက စနေပြီ။ သူကော်ဖီဖျော် အကျီင်္ိလဲပြီး ခန်းမဘက်သွားတော့ လက်ထဲမှာ ကော်ဖီခွက်ကြီးကို ကိုင်လျက်သား။ ဘာရယ်မဟုတ်ပါဖူး။ သွားပြီး ဘေးကရပ် စူးစမ်းတဲ့သဘော။ စပ်စုတဲ့ သဘော။ သို့သော်၌ကား အပေါက်ဝရှိလူက သူ့ကိုလက်ဆွဲနှုတ်ဆက်ကာ ရှေ့ဆုံးတန်း ဒုတိယခုံတွင် နေရာချထားပေးလိုက်လေတော့သည်။ သူ့မှာ ထူထူပူပူဖြင့် ရောယောင် ဝင်ထိုင်ချလိုက်ရပေတော့သည်။ သူရှိန်းတိန်း ရှက်အမ်းနေစဉ်မှာတော့ သူ့နံဘေးခုံက ကောင်မလေးသည် အခုနက တီရှပ်နီနီ ဂျင်းပင်ပွပွဝတ် စိနမလေးတည်း။

သူမက ကျနော် ကျနော် နှင့်ပြော။ ဆယ်တန်းအောင်ပြီး ကွန်ပြူတာ သင်တန်းတက်တာ၊ အခု မိန်းမှာ ရူပဗေဒ ပထမနှစ်။ အန်ကယ်မေးချင်တာ မေးလို့ရတယ် ဟု သြသြလေး တိုးတိုးလေး သူ့နားမှာ ကပ်၍ တိုး၍ ပြောလေသည်။ သင်းသင်းသာသာ မွှေးသော ရနံ့နုလေးကို ရသည်။ သူ့မှာ ကွန်ပြူတာ ဆိုတာ လက်နှိပ်စက်နှင့် တီဗွီတွဲထားတာ ဟုသာ နားလည်တော့ ခုမှ သူ့ကိုယ်သူ တရားရှာနေမိတော့သည်။ ခန်းမဆောင်တခုလုံး ဝေ့ကြည့်လိုက်ပြန်တော့လည်း ဖြူဖြူလေးတွေချည်း၊ ဆိုင်ကယ်တွေ ပြည့်လို့၊ ကားတွေညပ်လို့။ အဲသည် စိနမ ဖြူဖြူချောချောလေးသည် အက်အီး လီမီတက်ကို ကိုယ်တိုင် မောင်းပြန်သွားသော အခါ၌ သူ့ကို ပြုံးပြ နှုတ်ဆက်ခဲ့လေသည်။ ဆိုင်ကယ်လေးတွေဖြင့် စိနမလေးတွေ ကြားမှာ သူ ငူငူကြီး တွေရပ်ငေးနေမိလေသည်။

xxxx

တောင်အာဖရိကနိုင်ငံ၌ နယ်လ်ဆင်မန်ဒဲလား သမတ မဖြစ်မှီအချိန် ထောင်ထဲတွင် ၂၈ နှစ်လုံးလုံး နေနေရစဉ်က လူဖြူ အစိုးရသည် လူဖြူ လူမည်း အသားအရောင် ခွဲခြားမှုကို ပြင်းပြင်း ထန်ထန် လုပ်ခဲ့ဖူးလေသည်။ ဘားနှင့် စနိတ်ကာဖီဆိုင်များတွင် အမည်းနှင့် ခွေးမဝင်ရ ဟု စာကပ်ထားသည်။ ဘတ်စကားမှတ်တိုင်တွေက ရေတိုင်တွင် လူဖြူသောက်ရန် လူမည်းသောက်ရန်ဟု စာကပ်ထားသည်။ ဂျိုဟန်နက်စဘတ်လို၊ ပရီတိုးရီးယားလိုမြို့ကြီးများမှာ လူဖြူတွေသာ နေကြသည်။

လူမည်းများမှာ မနက် အလုပ်လာလုပ်ပြီး ညနေ ၆နာရီထိုးလျှင် မြို့ပြင်ရှိ လူမည်းများနေရသော စုတ်ပြတ် ညစ်ပေ တူးတူး မှောင်မည်းမိုက်သော မြို့သစ်ဟု ခေါ်သော နေရာလေးဆီသို့ ပြန်သွားကြရလေသည်။ လူဖြူများက လက်မှတ် ထုတ်ပေးထားသော အလုပ်သမားများသာ မြို့တွင်း၌ ညအိပ်ညနေ နေထိုင်ခွင့် ရကြသည်ကို သွားအမှတ်ရမိလေသည်။

သူ ညနေတိုင်ဆို ရုံတော်ကြီးထိပ်က လက်ဖက်ရည်ဆိုင်မှာ စောင့်ငေးကြည့်သည်။ မြို့သစ်ပြန်မည့် ကားတွေ တန်းစီလို့ စောင့်လို့ မြို့ကလေးက လူတွေ မြို့သစ်ကားတွေပေါ်မှာ ပြွတ်သိပ် သီးထပ်လျက် စင်္ကာပူ ရောက်နေသလိုလို နှစ်ထပ်ကားတွေစီးလို့။ မြို့သားတွေ မြို့သစ်ဆီသို့ နွမ်းလျအိမ်ပြန်ခရီး ထွက်ခွာကြတော့ နေရီရီ ညနေခင်းမြို့လေး၏ ဆည်းဆာ ချိန်မှာ သူ့ရင်ထဲ ဆို့ကြပ် နာကြင်လာလေသည်။

ဒါမြို့လေးလား။ ဂျိုဟန်နက်စဘတ်လား၊ ပရီတိုးရီးယားလား။ လူမည်းတွေ သူတို့ မြို့ပြင် ရပ်ကွက်လေးဆီ အမှောင်ထုထဲ ပြန်ကြရသလို သူတို့ မြို့သစ်သားတွေလည်း ဖုန်တွေ ခြင်တွေ မှက်တွေမြွေတွေ ရှိရာ မီးမရှိရာ မှောင်မည်းမည်း အရပ်ဆီသို့ တရွေ့ရွေ့ ဝင်ရောက် ပျောက်ကွယ်သွားကြရလေတော့သည်။ စက်ဘီးအုပ် လူအုပ် ဆိုင်ကယ်အုပ် နှင့် ဘတ်စ်ကားတန်းများသည် ဖုန်လှိုင်း တလိပ်လိပ် တထောင်းထောင်းကြားတွင် ဝေး၍ ဝေး၍သွားပေပြီ။

xxxx

လပ်စ်တဒါဇင်၊စပါယ်တဒါဇင် ပေးမယ်။ မျောက်စိမ်းက ၁၃၅။ မနေ့ကပဲ ကျနော်တို့လည်း ဈေးတက်ဝယ်ရတယ်။ မကိုက်ဖူး။ မျောက်ဖြူရှိတယ်။ ဟဲ့ကောင်မလေး မိုးမိုး ပန်းယူမလို့လား။ ပန်းကန်အောက်မှာ ရှိတယ်။ ဟေ့ယုန်လတ် ဘယ်လောက်ရောင်းမှလဲ တဲ့ ဟု မဝေက ဆိုင်အောက်ခုံမှာ ထိုင်ရင်း ဆိုင်ပေါ်ထိုင်နေသော ခင်မောင်တိုးထံ လှမ်းမေးသည်။ သူတို့က ဈေးရုံ ဂျီရုံမှာ။ ဆိုင်တွေ ပွနေသည်။

ယုန်လတ်က ၁၆၅ ရောင်းမှာပေါ့။ အဲတာက တဒါဇင် ၄၃၅။ ပရုပ်လုံး ခဏနေရောက်မယ်။ အသေးရော အကြီးရော ခဏနေ ရောက်မယ်။ အာချီထုပ် ထည့်မလား။ ဘယ်နှစ်ထုပ်လဲ ခြောက်ထုပ်ပေါင်းထား အရေးကြီးနေတယ်။ တရာကျော်တယ် ငွေဈေး တက်နေတယ်။ ဒေါ်လာဈေး တက်တယ်။ ရူပီး တက်တယ်။ ယွမ်လည်း တက်တယ်။ ကျပ်လည်း အဲ မတက်ဖူး။ ဘာလဲ ဗီယက်နမ် အားကျနေပြီပေါ့။ အာမယ် ဗီယက်နမ် အခု ကောင်းသွားပြီ။

ဈေးရုံထဲ အောက်ထပ်မှာ စည်တဲ့နေရာ စည်၏။ ခြောက်တဲ့နေရာ ခြောက်၏။ အပေါ်ရွှေဆိုင်တန်းမတော့ ပုတီးစိပ် ဂုဏ်တော်ရွတ် ချဲတွက် ကျားထိုးသော အလုပ်များ ဖြစ်လေသည်။

လန်ဒန်တဗူး၊ ငါးသုံးလုံးတဗူး၊ ရော့ သေချာ အမ်း။ ဒေါင်းတဖာ။ အိုမို အသေးကတဖာ။ ဘယ်နေရာ ပို့ပို့ ရတယ်။ ဒါပေမဲ့ ဈေးပြုတ်သွားရင် မကောင်းဖူး။ မင်းက သွားပို့တော့ ငါက ဘာလုပ်ရမှာတုန်း။ ထမင်းချိုင့်ပေး။ ဆင်းတော့။ ထမင်းချိုင့်။ ကျန်တာ အောက်သွင်းပါ။ သွားတိုက်ဆေး၊ ဆပ်ပြာ၊ စက္ကူလိပ်၊ ဘီယာ၊ အချိုရည်၊ အရက်၊ ဆေးလိပ်၊ ဓါတ်မီး၊ ဓါတ်ခဲ၊ မီးသီး၊ ကော်ဖီမစ်ထုပ်တွေကြား သူ မွမ်းကြပ် ပိတ်လှောင်လာသည်။

သူ့သူငယ်ချင်း ခင်မောင်တိုးမှာ ချွေးများ သီးထနေသော နဖူးပြင်ကို လက်ဝါးဖြင့် သပ်ချ၊ လက်တဘက်က ဘောလပင်ဖြင့် ဘောက်ချာဖွင့်၊ တဘက်က ကယ်ကူလေတာနှိပ်၊ ငွေရေ။ စက္ကူပုံးထဲ ငွေတွေ ပစ်ချ။

မြို့ကလေး၏ ဈေးကြီးဖြစ်လေ၏။ လူတွေ လူးလာ ရှုပ်ခပ် ပြေးလွှားနေကြသည်။

မီးမီး၊ ရွှေမြိုင်သွား။ ပရုပ်လုံး၊ ခေါင်းလျှော်ရည်၊ စပယ်ရှယ်ထုတ်။ ဟိုဟာ ခြောက်ဆယ်ကျော်။ လိုချင်လည်း ထပ်ယူပေါ့။ ရေသန့်ဗူးရှိတယ်။ ခြောက်လုံးဖာ ၅ တွဲ။ ၁ဝ တွဲ။ တတွဲ ဘယ်လောက်လဲ။ ၉ဝ လား ၈၅ ပဲယူလိုက်။ အောက်ထဲမှာ ရှိတယ်။ တံဆိတ်တွေပဲကွာတာ။ ဘာမှ မဟုတ်ပါဖူး။ ဒါရတနာပုံ တူတူပဲ။ အရက်မယူဖူးလား။ ရတနာပုံရမ်ရှိတယ်နော် စစ်စစ်။ မကျီးတော်ဖီ နို့တော်ဖီရှိတယ်။ စားလို့ အရမ်း ကောင်းတယ်။ ၅၆ ဟုတ်ပြီ ၅၆။ လူတွေက တံဆိတ်ကြည့်ဝယ်တာ။ စင်ကိုက ၁ဝ နော်။ နင်တို့ လာစပ်တော့လည်း ဝယ်ရတာပဲ။ ၅၇ ဝယ်ရတယ် ၆ဝ ရောင်း။ ပုလင်းကဖျော်ရည်ပဲ ရှိတယ်နော်။ မိုးမိုးရေ အိတ်လေးထည့်တော့။ သွားတိုက်ဆေး ၁၅ဝ။ ၁၅ အမ်းပေးပါ။ ခြင်ဆေး အဖြူက ဆေးပိုတယ်။ အစိမ်းက ၂၅ဝ။ အာလာဒင်က ၁ဝလုံး ရပြီလား။

xxxxx

ရုံတော်ကြီးမှာ သူ ရပ်တွေငေးနေသည်။ ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊ တွန်းလှည်းတွေ တိုးဝှေ့ တွန်းထိုး အော်ဟစ်ညံစီနေကြသည်။ နေက ပြင်းပြင်းပူသည်။ မြို့ကလေးနွေ။ မြို့ကလေးသားတွေ အသားက နွေနေမှာ မည်းပြောင် လက်နေသည်။

အာဖရိကန်ဇူးလူး တောင်ပေါ်သားတွေ အသားနှင့် တောင်မြို့ကလေးသားတွေ၏ အသားရည်က ဆင်ချင်သည်။ မြို့ကလေးသားတွေ အသားက မွဲတဲ့ဘက် ခြောက်တဲ့ဘက် လုသည်။ ဇူးလူးသားတွေ အသားက စို၍ နုအိညက် ညိုနက်မှောင် လေသည်။ မဟူရာအသား ဖြစ်လေသည်။ မြို့ကလေးသားတွေကတော့ ကွမ်းတပြစ်ပြစ်၊ နှပ်တညှစ်ညှစ်၊ ဖုန်တညစ်ညစ်၊ ပေထုံထုံတွေက များသည်။ ဖုန်နှင့် လူးနေသည်။

ကားတွေကစုံသည်။ ဟိုင်းလတ်ကားများ။ ခြင်္သေ့ဦး၊ အောင်စစ်သူ၊ အောင်စစ်သည်၊ အာင်စစ်မန်း၊ ဧရာမန်း၊ စစ်မန်းဧရာ.....။

ကားခယူပုံကလည်း တကားနှင့် တကားမတူ။ မနက်ချင်းမတူ။ မနက်နှင့် ညနေလည်း ကွဲပြန်သည်။

မြို့ကလေးသားနှင့် ဟိုင်းလတ်ကားစီးပုံ အသားကျဟန်မရ။ ရန်ကုန်သားတွေကတော့ ကားပေါ်ရောက်တာနဲ့ ငါးသေတ္တာထဲက ငါးတွေလို စီကပ်ပူးညပ် တန်းညှိ ညီလို့။ မြို့ကလေးသား မြို့ကလေးသူတွေကတော့ စောင်းထိုင် ငုတ်တုတ်ထိုင် ကားထိုင် ထိုင်နည်းစုံသည်။ ဆီမရလို့ ၇ကျပ်ကနေ ၁၅ကျပ်၊၂ဝဖြစ်။ ခရီးသည်နှင့် စပယ်ယာ ရန်တွေဖြစ်ကြ။ ပြီးတော့လည်း မြို့ကလေးသားတွေပဲ ပြောရတာ အဖတ်တင်ပေးလိုက်ရတာပါပဲ ဖြစ်လေသည်။ သည်လိုင်းကားပေါ်မှာတော့ စိနမလေးတွေ မရှိ။ အိုင်ရင်းမရှိ။ ရှိုးမေ မရှိ။ လီလီ မရှိ။

xxxxx

သူအခန်းလေးထဲမှာ နှစ်ပတ်ကျော်ကျော် နေရတာ ကြာလာတော့ မြို့ကလေးကို ငြီးငွေ့လာသည်။ သူ့မှာ သူငယ်ချင်း မရှိ။ ဘယ်ရောက်ကုန်မှန်းလည်း မသိ။မြရိပ်ညိုကပဲ ထမင်း၊ ကြက်သားဒန်ပေါက်၊ အုန်းထမင်း။ နေခြည်က ဆီကျက်ထမင်းပေါင်း၊ ဝက်နံကင်၊ အခေါက်ကင်၊ နားရွက်သုတ်၊ လျှာသုတ်၊ အသားသုတ်တွေ စားရတာ ကြာတော့ အီ။

မပြောင်းလဲသေးတဲ့ တင်းခံ တောင့်ထားတဲ့ စံအေးဘရားသားမှာ မဂ္ဂဇင်းတွေ တနေ့ ၂အုပ် ငှားဖတ်ရင်း တနေကုန် အိပ်လေသည်။ မြို့ကလေး၏ ရနံ့ကို သူ မခံစားနိုင်တော့။ မြို့ကလေးသည် သူ့အပေါ် အချစ်တွေ လျော့နေခဲ့လေပြီ။

ညနေခင်းနေစောင်းမှ သူထွက်သည်။ နေခြည်မှာ မစားတော့ဘူး။ ဇာဝါမှာ မစားဘူး။ ခိုင်ရွှေဝါမှာ မစားဘူး။ လားရှိုးသူ ရှမ်းထမင်းသူမစားချင်။ ဗမာထမင်းစားမည်။ လျှာကတောင်းလေပြီ။

ကလေးဆေးရုံကြီးရှေ့မှာ ဘောစ့်ဟိုတယ်ကြီး ရောက်နေသည်။ ဟိုတယ်ကြီးက မီး လင်းလင်းထိန်ထိန်။ လမ်းမီးက မှိန်။ အင်ဒိုနီးရှား ဒန်ပေါက်ဆိုင်က တရုပ်ကြီးဆုံးရှာလေပြီ။ ဘူတာနားရောက်လေ ဘန်ကောက်နှင့်တူလေ။ စတိုးဆိုင်များမှာ လင်းလက် ထိန်ဟည်းနေသည်။ ပစိဖိတ်ဟိုတယ်။

ဟိုးဘက်က ဗမာထမင်းဆိုင်လေးတွေက ဝမ်းပျက်လေမလား။ ပြန်လျှောက်။ အရေးပေါ် ပြင်ပလူနာဌာနရှေ့က မြတ်မြန်မာ ထမင်းဆိုင်ကိုပဲ ဝင်လိုက်သည်။ သားသားနားနား။ သန့်သန့်ပြန့်ပြန့်။ ဆိတ်သား ဆီပြန်မှာတော့ ငါးပိရည်တို့စရာ အရွက်စုံ တခြင်း၊ ဒညင်းသီးပြုပ်၊ ကဇွန်းရွက်ကြော်၊ ငရုတ်သီးကြော်၊ မြစ်ကြော်၊ ဖရုံသီးဟင်း၊ ကုလားဟင်း၊ စုံလှချည်လား။ သာမညဘုရားဖူးသွားတဲ့ လမ်းက သက်သတ်လွတ် ထမင်းဆိုင်တွေလို တူလှ၏။ စားလို့တော့ ကောင်းသည်။ ပြီးတော့ တရာထဲကျ၏။

ဗိုက်လေးလေးနှင့်မို့ သူဖြည်းဖြည်းချင်းလှမ်းသည်။ လမ်းမီး နိတ္ထိတံလေပြီ။ လမိုက်ည။ မှောက်မည်းသောည။ မဟူရာည။ အနက်ရောင်ည။

ဝင်းသီတာ လဘက်ရည်ဆိုင်ရှေ့မှာ ဆိုင်ကယ်နှင့် စက်ဘီး တိုက်ကြသည်။ ဆိုင်ကယ်သမားက သူ့ဆိုင်ကယ်ကို တွန်းပြီး ထွက်ပြေးသည်။ ကာကီဝတ်နှင့် လူက ဟေ့လူ မပြေးနဲ့ ရပ်။ ရပ်။ရပ်။ ဟု စက်ဘီးပေါ်မှ အော်နေသည်။ မြို့ကလေးသားတွေ အုံဝိုင်း ရပ်ကြည့်နေကြသ့ည်။ မျက်လှည့်ပွဲတခုလိုကို ကြည့်ကြသည်။ ဆိုင်ကယ်သမားက ဘာရယ်မသိ။ စက်မနှိုးဘဲ တွန်းပြေး ပြေးနေတော့သည်။ ကာကီဝတ်လူက နောက်ကနေ စက်ဘီးဖြင့် လိုက်သည်။ ဘောစ်ဟိုတယ်ဘေး လမ်းကြားလေးထဲ ဆိုင်ကယ်က ပြေးဝင်သွားသည်။ ဝေးသွားပြီ။ မှောင်နေသည်။ ရပ်ကြည့်နေသူများလည်း ပျင်းသွားပြီး ပြုံးလျက် ဆက်လျှောက်သွားကြလေသည်။ သူလည်း ရပ်ကြည့်နေသူများထဲကနေ ဆက်လျှောက်သည်။

အမှောင်ထဲမှာ ပလက်ဖောင်း အပေါက်အပြဲတွေပေါ်မှာ စမ်းစမ်းစမ်းစမ်း အကန်းလို လျှောက်ရသည်။ လူခြေတိတ်နေသည်။ လမ်းပေါ်မှာ ကားတောင်နည်းသွားပြီ။ မင်္ဂလာဈေးရှေ့ရောက်တော့ လင်းထိန်စွာဖြင့် ဘိုးဘိုးကြီး ထီလှည်းကို တွေ့လိုက်ရသည်။

သူ့ဆီက ဘိုးဘိုးအောင်တန်ခိုးနဲ့ ဗမာတွေ သူဌေးဖြစ်တော့မည် နဂါးနီ သီချင်းက ကျယ်လောင်လောင် ထိုးထွက်နေသည်။ မေဆွိအသံက ဧမြ ချိုလွင် စိမ့်မြူးနေ၏။ ဗမာတွေ စိတ်ဓါတ်တက်ကြွစေသော ဇာတိမာန်၊ ထန်၊ မာန်၊ အား၊ မရ။ မပါ။ ပျော်ပျော်လေး လွင်လွင်လေး ရွှင်ရွှင်လေး ညနေခင်းမှာ အပန်းဖြေနေသလိုရှိသည်။ သို့သော် မနက်ဖန် ထီဖွင့်တော့မည်။ ဘိုးဘိုးကြီး ထီဆိုင်မှ ဘိုးဘိုးအောင်တန်ခိုးနှင့် ဗမာတွေ သူဌေးဖြစ်တော့မည်။ အိပ်မက် မက်ဖို့ ဗမာတွေ ဘိုးဘိုးကြီး ထီဆိုင်လေးကို ဝိုင်းအုံနေကြလေသည်။ သူကတော့ လူတွေကို ဖြတ်ကျော်ခဲ့သည်။ မထိုးဖူးကွာ။ ကိုင်း။

နာနတ်သီးစိတ်သည်၊ ဝက်သားတုတ်ထိုးသည်၊ ပန်းသီးသည်၊ မုန့်ပြားသလက်သည်၊ ဆိုင်ကားဆရာ၊ သုံးဘီးသမား၊ လက်သုတ်ချဉ်သည်များက ထီလှည်းကို ဝိုင်းထားလိုက်ကြသည်။

သူ့ရင်ထဲ၌ မြို့ကလေးသည် သူနှင့် တစိမ်းပြင်ပြင် ဖြစ်နေသလို ခံစားနေခဲ့တာ ကြာပြီ။ အခုတော့ သူသိပြီ။ သူ၏ထင်မြင်မှုသည် ရှင်းရှင်းလင်းလင်းဖြင့် သေချာမှု တခုကို ရလိုက်ပြီဖြစ်သည်။ သူ့နှလုံးသိက ဟိုး ငယ်ငယ်တုန်းက မြို့ကလေး၊ မြနန္ဒာရဲ့ မြို့ကလေး၊ ရွှဲ့ကုန်သည်ရဲ့ မြို့ကလေး၊ ပန်တျာဌေးဌေးမြင့်ရဲ့ မြို့ကလေး၊ မြို့ကလေးရဲ့ ကထိန်၊ မြို့ကလေးရဲ့ သင်္ကြန်မိုး၊ မြို့ကလေးရဲ့ သီတင်းကျွတ်ပွဲ၊ ဘုရားပွဲ ...မြို့ကလေးရဲ့ .... တွေကို လွမ်းနေမိလေသည်။

သို့ရာတွင် မြို့ကလေး၏ မြို့လယ်ကောင်မှာ လင်းထိန်နေသော မာကျူရီ ရောင်ဖြင့် အပြောင်းလဲကြီး ပြောင်းလဲနေသည်။ မြို့ကလေးသားတွေ ဘယ်ရောက်နေသည်မသိ။ တိတ်နေသည်။ အနည်းဆုံး ဈေးခွေးတကောင်တောင်မှ မတွေ့ရ။ ခွေးတွေလည်း မြို့ပြင် ရောက်ကုန်ပြီ ထင်သည်။ သူထွက်လာစဉ်က ရင်ထဲ၌ ပေါက်ကွဲ နာကျည်း ခံပြင်းတောက်ခေါက် ဒေါသ အမြက် ပူလောင်နေခဲ့သော နှလုံးအိမ်မှာ နာလာသည်။ အောင့်လာသည်။ စူးလာသည်။

သူ စိနမလေးတွေကို ချစ်သည်။ သူ့ကို ချစ်သော စိနမလေးတွေ မြို့ကလေးထဲမှာ မရှိကြတော့ပြီ။ ရှိုးမေ၊ အိုင်ရင်း၊ လင်းလင်း၊ အေးအေး၊ ဖြူဖြူ၊ ဆွိ၊ မော်လီ ဘယ်မှာလဲ ....။

သူမြို့ကလေးမှ ပြန်လျှင် ရင်ကွဲနာကျမည် ထင်၏။ လမ်းမပေါ်မှာ မှောင်မည်း ပိတ်သည်းနေလေသည်။

(၁၉၉၆ စက်တင်ဘာက ရောက်ခဲ့သော မြို့ကလေးအမှတ်တရ)

No comments:

Post a Comment