13 May 2009

stamps for 150th anniversary of Mandalay city

နှစ် ၁၅၀ ပြည့် မန္တလေး (တံဆိပ်ခေါင်းများ)
ဦးအုန်းကျော်
မေ ၁၃၊ ၂၀၀၉
̏ဟ ဒီလတော့ ငါ့တူတို့ သူငယ်ချင်းတွေ တယ်အဖွဲ့တောင့်ပါလားဟေ့။ လာကြ လာကြ˝

“သင်္ကြန်အပြီးဆိုတော့ ကျနော်တို့ သူငယ်ချင်းတွေလည်း ဦးလေးကို ကန်တော့ရအောင် တမင်တကာ လူစုပြီး လာခဲ့ကြတာပဲ။ ပြီးခဲ့တဲ့လ တုန်းက ဦးလေးက မန္တလေးမြို့ နှစ် ၁၅၀ ပြည့်တဲ့အကြောင်း စကားဝိုင်းဖွဲ့ကြမယ်ဆို။ မန္တလေးနဲ့ ပတ်သက်တဲ့ သီချင်းတွေ ဆိုကြမယ်ဆို။ အဲဒါကြောင့် အခုလို ရသလောက် လူစုခဲ့တာပဲ။ ဦးလေး ငှားလိုက်တဲ့ ဆရာတော် ဦးသောဘိတ (ရွှေကိုင်းသား)ရဲ့ အနှစ် ၁၀၀ ပြည့် မန္တလေး စာအုပ်ကိုလည်း ကျနော်တို့ ဖတ်ပြီးကြပါပြီ။ သမိုင်း ရှုထောင့်ကနေ ကြည့်ရင် တော်တော်တန်ဖိုးရှိတဲ့ စာအုပ်ပဲနော်”

“အေးပေါ့ကွာ။ အဲဒီလို စာအုပ်မျိုးကို တစိမ့်စိမ့် အရသာခံ ဖတ်တော့ တချိန်က တို့ပြည်ကြီးရဲ့ မြို့တော်ကို ဘယ်လို တည်ဆောက်ခဲ့ကြတယ်ဆိုတာ မင်းတို့ရဲ့ မျက်စိထဲမှာ ပေါ်လာပြီမဟုတ်လား။ စာကြည့်တိုက်တိုင်းမှာ ရှိထိုက်တဲ့ စာအုပ်ကောင်း တစ်အုပ်ပေါ့ကွာ။ ကဲ ကဲ မင်းတို့ကြည့်ချင်နေတဲ့ မန္တလေး ရာပြည့်တံဆိပ်ခေါင်းတွေ အရင်ဆုံး ပြရမယ်ကွ။ ဟောဒီမှာ ကြည့်ကြ။”



မန္တလေး နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် တံဆိပ်ခေါင်း (၃) လုံး


၁၃၂၁ တန်ဆောင်မုန်းလဆန်း ၈ ရက် (၁၉၅၉ နိုဝင်ဘာ ၇ ရက်) စနေနေ့တွင် ထုတ်ဝေခဲ့သည်။

“တကယ်တော့ အဲဒီ နှစ် ၁၀၀ ပြည့်တဲ့အချိန်မှာ တံဆိပ်ခေါင်းအသစ်၊ ဒီဇိုင်းအသစ်နဲ့ ခန့်ခန့်ညားညား ထုတ်ဝေခဲ့တာ မဟုတ်ပါဘူးကွာ။ ၁၉၄၉ ခုနှစ်ကတည်းက ရှိပြီးသား သုံးပြီးသား တံဆိပ်ခေါင်း အဟောင်းပေါ်မှာ အခု မင်းတို့ မြင်တွေ့ရသလို ‘မြို့မန္တလာ နှစ်တရာ ၁၂၂၁-၁၃၂၁’ ဆိုတဲ့ စာတန်း အပေါ်က ထပ်ရိုက်ပြီး ၀တ်ကြေတန်းကြေ ကရော်ကမည် ထုတ်ဝေလိုက်တဲ့ တံဆိပ်ခေါင်းကလေးပါကွာ”

“ဟင် ဟုတ်လား။ သမိုင်းမှာ အရေးပါတဲ့ မြို့တော်ကြီးရဲ့ အနှစ် ၁၀၀ ပြည့်ကို အလေးမထားသလိုကြီး ဖြစ်နေတာပေါ့နော်”

“အေးပေါ့ကွ”

“ဒါပေမယ့် ရာပြည့်အခမ်းအနား ပွဲတော်ကြီးကိုတော့ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ကျင်းပခဲ့ကြတာပဲ မဟုတ်လား ဦးလေးရဲ့။ ‘မန်းရာပြည့်ကွင်း’ ဆိုပြီးတော့တောင် နာမည် ကျန်နေရစ်သေးတာပဲ”

“အေးလေကွာ။ အဲဒါတော့ မှန်ပါတယ်။ ဦးလေးက တံဆိပ်ခေါင်းလေ့လာတဲ့ ရှုထောင့်က ကြည့်ပြီး ပြောတာပါ။ အမှတ်တရ ထည်ထည်ဝါ၀ါကလေး ထုတ်တာကို မြင်ချင်တာပေါ့ကွာ။ အဲဒီလို မထုတ်ခဲ့လေခြင်း ဆိုပြီး အားမလို အားမရ ဖြစ်မိတာပါကွာ။ ဒီနေရာမှာ အကြောင်းသင့်လို့ နှိုင်းယှဉ် ပြောရမယ်ဆိုရင် ထိုင်းနိုင်ငံက ဘန်ကောက်မြို့တော်ကြီး နှစ် ၂၀၀ ပြည့်တဲ့ ၁၉၈၂ ခုနှစ်မှာ အထိမ်းအမှတ် တံဆိပ်ခေါင်း ၁၀ ခုတောင် တသီတတန်းကြီး ထုတ်ဝေခဲ့ကြတယ်”

“မန္တလေးမြို့ကို ‘အုတ်ကျစ်ကျော်ဧ မန္တလေး’

‘အောင်ကျော်ချမ်းအေး မန္တလေး’

‘အင်ကြင်းကြာအုံ ရတနာပုံ’ ဆိုတဲ့ စကားအရ မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်မှာ တည်ခဲ့တာဆိုတော့ ၁၃၂၁ ခုနှစ်မှာ နှစ် ၁၀၀ ပြည့်ခဲ့တယ်။ အခု ၁၃၇၁ ခုနှစ်မှာ နှစ် ၁၅၀ ပြည့်သွားပြီလို့ ကျနော်တို့ မှတ်ထားပါတယ် ဦးလေး”

“ငါ့တူတို့ မှတ်ထားတာမှာ နည်းနည်းကလေး တိုးပြီးတော့ ရက် လ အတိအကျကလေးနဲ့ ဆိုရင် ပိုမကောင်းဘူးလား”

“ဟုတ်တယ်နော်။ ပါတော်မူနေ့တို့ အမျိုးသားအောင်ပွဲနေ့တို့ကို ဗမာဆန်ဆန် (မျိုးချစ်စိတ်အပြည့်နဲ့) မြန်မာ့ရက်စွဲနဲ့ မှတ်ထားတာ ပိုကောင်းတယ်လို့ ဦးလေး အထပ်ထပ်အခါခါ ပြောဖူးပြီးသားမို့ ကျနော်တို့ တမင်တကာ ရေးမှတ်ထားပါတယ် ဦးလေးရာ။ ဟောဒီမှာ ကြည့်၊ နှစ် ၁၅၀ တင်းတင်းပြည့်တဲ့ ရက်စွဲ အတိအကျကတော့ ‘၁၃၇၁ ခုနှစ် ကဆုန်လပြည့်ကျော် ၇ ရက် ၄ နာရီ ၃၁ မိနစ် ၃၉ စက္ကန့်’ပါပဲ။ ခရစ်နှစ် အရဆိုရင်တော့ ‘၂၀၀၉ မေလ ၁၅ ရက်’ ဖြစ်ပါတယ်။ ဒါ ‘မော်ကွန်းတိုင်’မှာ ရေးထိုးထားတဲ့အတိုင်း အတိအကျပဲနော် ဦးလေး”

“အေးကွာ။ တယ်ကောင်းပါလား။ ကဲ မော်ကွန်းတိုင်က မော်ကွန်းစာကို ဖတ်ပြစမ်းပါဦး။ စာကြောင်း ၆ ကြောင်းနဲ့ ရေးထိုးထားတာလေ”

“သက္ကရာဇ် ၁၂၂၁ ကဆုန်လပြည့်ကျော် ၆ ရက်နေ့ ညဥ့် ၃ ချက်တီးကျော် ၇ ရက် တနင်းလာနေ့အ၀င် ၄ နာရီ ၂ ပါဒ် အချိန်တည် ရတနာပုံမ် ရွှေမြို့တော် လေးသိန်းတံခါး (မူရင်းသတ်ပုံအတိုင်း)”

မော်ကွန်းစာ


မော်ကွန်းတိုင်

(လူ ၂ ဖက်ခန့်ရှိ ကျွန်းတိုင်နီနီကြီးများ၏ ထိပ်မှ အနီခံ မော်ကွန်းရွက်ပေါ်တွင် ရွှေစာလုံးကြီးများဖြင့် ရေးထိုးထားသည်။)

“‘မြို့မန္တလာ - နှစ်တရာ’ ဆိုတဲ့ ဒီတံဆိပ်ခေါင်းပေါ်က ပုံဟာ မန္တလေး နန်းတော်ပုံ ဆိုတော့ တံဆိပ်ခေါင်းမှာ စပြီးသုံးတာ အဲဒီ ၁၉၄၉ ခုနှစ်က စတယ်လို့ ဆိုရတော့မှာပေါ့နော် ဦးလေး”


၁၉၄၉ ဇန်န၀ါရီ ၄ ရက် ၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တံဆိပ်ခေါင်း

အင်္ဂလိပ်များ သီပေါဘုရင်အား နန်းချအပြီး တွေ့ရသော မန္တလေး နန်းတော်ဆောင်


“အေး - - အဲဒီလို ပြောလို့ရပါတယ်ကွာ။ အဲဒါအပြင် မန္တလေး ကျုံးနဲ့ မြို့ရိုး၊ နန်းမြင့်၊ သီဟာသနပလ္လင်နဲ့ ကရ၀ိက်ရွှေဖောင်တော် စတဲ့ မန္တလေး နန်းတော်ရွှေပြည်နဲ့ ဆိုင်တဲ့ ကျက်သရေဆောင် နေရာဌာနတွေကိုလည်း တံဆိပ်ခေါင်းတွေမှာ ဒီဇိုင်းဆွဲပြီး ထုတ်ပါသေးတယ်။ ဥပမာကွာ - - မင်းတို့သိတဲ့ ၁၉၉၆ မှာ Visit Myanmar Yearအဖြစ် ထုတ်တော့ မန္တလေးမြို့ရိုး၊ ကျုံးနဲ့ ဖိုးဝရုပ်ပုံနဲ့။ နောက်တခါ ၂၀၀၀ ပြည့်နှစ်မှာ တရုတ်-မြန်မာ သံတမန်ဆက်သွယ်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်းမှာလည်း တရုတ်ပြည်ကို ကိုယ်စားပြုထားတဲ့ Great Wall၊ တို့ မြန်မာပြည်ကို ကိုယ်စားပြုထားတဲ့ မန္တလေး ကျုံးနဲ့ မြို့ရိုးကို သုံးခဲ့ပါသေးတယ်”

မန္တလေး နှင့် မဟာတံတိုင်း

(၂၀၀၀ ပြည့် ဇွန်လ ၈ ရက်နေ့တွင် ထုတ်ဝေသည်)

“ပြီးခဲ့တဲ့ မတ်လလောက်က ထုတ်တဲ့ ဂျာနယ်တစ်စောင်မှာလည်း ‘မန္တလေး မြို့တည် နှစ် ၁၅၀ ပြည့် အမှတ်တရ’ ဆိုပြီးတော့ ခုနက ဦးလေးပြောခဲ့တဲ့ မန္တလေးနဲ့သက်ဆိုင်တဲ့ အထင်ကရ သင်္ကေတ၊ နေရာဌာနတွေပါတဲ့ တံဆိပ်ခေါင်းတွေကို စုစည်း ဖော်ပြထားတာတွေ့ရတယ်။ အတော်လေး ပြည့်စုံသားပဲကွ။ ဟောဒီမှာ ကြည့်”

7 Day News Journal (၂၀၀၉ မတ် ၁၉) တွင် ဖော်ပြထားသော မန္တလေးပုံရိပ် တံဆိပ်ခေါင်းများ

“အဲဒီတော့ မန္တလေးနန်းတော်ကို ၁၉၄၉ ခုနှစ်က စပြီး တံဆိပ်ခေါင်းမှာ သုံးတာပေါ့နော် ဦးလေး”

“အေး -- အဲဒါကို ဟုတ်တယ်လို့ မပြောခင် မြန်မာပြည်မှာ ပထမဆုံး တံဆိပ်ခေါင်း စထုတ်တဲ့ ရက်ဟာ ဘယ်ရက်လဲလို့ ငါ့တူကို အရင်ဆုံး မေးရမယ်။ ဖြေနိုင်ပါ့မလား။ ဦးလေးပြောတာ ဖန်တရာ တေနေပြီဆိုတော့ ငါ့တူ မှတ်မိမယ် ထင်ပါတယ်။ အထူးသဖြင့် မင်းတို့လို တံဆိပ်ခေါင်း လေလာနေတဲ့သူတွေအဖို့ အဲဒီရက်စွဲကို တရေးနိုး မေးလည်း မှတ်မိနေရမယ်ကွ။ ကဲ -- ဘယ်လိုလဲ လုပ်စမ်းပါဦး”

“ဟဲ ဟဲ -- ဒီလောက်တော့ အပျော့ပေါ့ ဦးလေးရာ။ ၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ပါ။ အဲဒီနေ့ဟာ အိန္ဒိယပြည်ရဲ့ အုပ်ချုပ်ခံ နယ်ပယ်တစ်ခုအဖြစ်ကနေ မြန်မာပြည်ကို ခွဲထုတ်ပြီး သီးခြားအုပ်ချုပ်ရေး ပေးတဲ့နေ့။ အိန္ဒိယပြည်ရဲ့ တံဆိပ်ခေါင်းတွေပေါ်မှာ Burma ဆိုတဲ့ စာလုံး ထပ်ရိုက်ပြီး စ သုံးတဲ့နေ့။ နောက်ပြီး အင်္ဂလိပ်တွေရဲ့ April Foolနေ့ - - - - ဟဲ ဟဲ”

“အေး မှန်တယ်ကွ။ Burma ဆိုတဲ့ စာလုံးကို တံဆိပ်ခေါင်းမှာ စပြီး မြင်ရတဲ့နေ့ပဲ။ မြန်မာ့ တံဆိပ်ခေါင်း သမိုင်းကြောင်းမှာ ပထမဆုံး စာမျက်နှာဖွင့်တဲ့နေ့ပဲ။ ဒါပေမယ့် အဲဒီမတိုင်ခင်ကတည်းက အိန္ဒိယပြည်မှာ မန္တလေးတောင်က ခြင်္သေ့ကြီး ၂ ကောင်ပုံနဲ့ တံဆိပ်ခေါင်း ထုတ်ဖူးသေးတယ်ကွ။ အဲဒီအချက်ကို ငါ့တူတို့ကို ဦးလေး ပြောပြချင်နေတာ”

“ဟာ - - ဟုတ်လား ဦးလေး။ ဒါဆိုရင် မြန်မာပြည်အကြောင်းကို ပထမဆုံး ဖော်ပြတဲ့ တံဆိပ်ခေါင်းပေါ့နော်”

“ဟုတ်တယ်ကွ။ အင်္ဂလိပ်အုပ်စိုးနေတဲ့ အိန္ဒိယပြည်မှာ သုံးဖို့အတွက် အင်္ဂလန်ဘုရင်ရဲ့ နန်းသက် ၂၅ နှစ်မြောက် အထိမ်းအမှတ် တံဆိပ်ခေါင်း ၇ မျိုး ထုတ်ဝေတဲ့အခါ အိန္ဒိယပြည်တလွှားမှာ ကျော်ကြား ထင်ရှားတဲ့ နေရာဌာန အဆောက်အဦကြီးတွေကို ဒီဇိုင်းလုပ် ဖော်ပြတယ်။ ဘုံဘေမှာရှိတဲ့ Gateway of India အဆောက်အဦ၊ ဆစ်လူမျိုးတွေရဲ့ ဘုရားကျောင်းဖြစ်တဲ့ Golden Temple နဲ့ ကမ္ဘာကျော် တာ့ခ်ျမဟာ အဆောက်အဦတွေ ပါတာပေါ့။ အဲဒီ တံဆိပ်ခေါင်း ၇ လုံးထဲမှာ မန္တလေးတောင်ရဲ့ ခြင်္သေ့ကြီး ၂ ကောင်ကိုလည်း တံဆိပ်ခေါင်း လုပ်ထားတယ်ကွ။ အဲဒါတင်မက ၇ လုံးထဲမှာ တန်ဖိုးအကြီးဆုံး တံဆိပ်ခေါင်းအဖြစ်နဲ့ သုံးထားတယ်။

၁၉၃၅ မေလ ၆ ရက်တွင် အိန္ဒိယပြည်၌ ထုတ်ဝေသော တံဆိပ်ခေါင်း ၇ မျိုးအနက် (Pagoda in Mandalay) စာတန်းနှင့် ခြင်္သေ့ကြီး ၂ ကောင်

“အဲဒါဆိုရင် ဒီတံဆိပ်ခေါင်းဟာ မြန်မာပြည်မှာ တံဆိပ်ခေါင်း စ သုံးတဲ့ ၁၉၃၇ ဧပြီ ၁ ရက် မတိုင်ခင် ၂ နှစ်လောက်ကတည်းက အိန္ဒိယပြည်မှာ သုံးနေပြီပေါ့နော်”

“အေးလေကွာ။ ဒါကြောင့်လည်း ဒီတံဆိပ်ခေါင်းလေးကို မြန်မာ့တံဆိပ်ခေါင်း သမိုင်းမှာ ထည့်ပြီး ဖော်ပြရတော့မှာပဲ။ မဟုတ်ဘူးလား။ ကဲ - - တံဆိပ်ခေါင်းအကြောင်းကို ဒီမှာရပ်ပြီး ‘ပါတော်မူ ကျောက်စာတိုင်’ အကြောင်း ဆက်ကြစို့။ ‘ရွှေကိုင်းသား’ရဲ့ စာအုပ်ထဲမှာ အင်္ဂလိပ်တွေ စိုက်ထူခဲ့တဲ့ အဲဒီ ကျောက်စာတိုင်ကို တို့တိုင်းပြည် လွတ်လပ်ရေး ရပြီးတဲ့နောက် ဖြိုဖျက်ခဲ့တဲ့အကြောင်း မင်းတို့ ဖတ်ရတယ်မဟုတ်လား။ အဲဒါနဲ့ ပတ်သက်လို့ မင်းတို့ရဲ့ အမြင်လေးတွေ ကြားစမ်းပါရစေဦးကွာ”

“ကျနော်တို့ကတော့ အဲဒီ ဆရာတော် ရွှေကိုင်းသားနဲ့ သဘောတူတယ် ဦးလေး။ မျိုးချစ်စိတ်အရ ကိုလိုနီ အမွေအနှစ် ဘာညာဆိုပြီး ဖြိုဖျက်ခဲ့ပေမယ့် သမိုင်းတန်ဖိုးအနေနဲ့ဆိုရင် ထိန်းသိမ်းသင့်တာပေါ့။ ကျနော်တို့တတွေ အင်္ဂလိပ်လက်အောက်ကို ဒီနေ့ ဒီရက်မှာ ရောက်ခဲ့ပါတယ်၊ ဒီနေ့ ဒီရက်မှာ ကျနော်တို့ရဲ့ ဘုရင်သီပေါဟာ အဖမ်းခံခဲ့ရပါတယ် ဆိုတဲ့ ကျောက်တိုင်ကြီးကို ခိုင်ခိုင်မာမာ တွေ့ရတော့မှ ‘သြော် - - တို့တတွေလက်ထက်မှာ အဲဒီလိုအဖြစ်မျိုး ပြန်မကြုံရလေအောင် ထိန်းသိမ်းကြိုးစားဖို့ လိုပါလား” ဆိုတဲ့ အတွေး စိတ်ထားတွေနဲ့ အားသစ်လောင်းရာ ကျတော့မပေါ့။ နောက်ပြီး သမိုင်းအချက်အလက် သာဓကတွေ ဆိုတာကလည်း ဘယ်လောက်ပဲ ခါးသီး ခါးသီး၊ ဘယ်လောက်ပဲ ကျနော်တို့တတွေက ကြိုက်ကြိုက် မကြိုက်ကြိုက်၊ လက်ခံရတော့မှာပဲ မဟုတ်လား။ အင်္ဂလိပ်တွေပဲ ထူခဲ့ ထူခဲ့၊ ဂျပန်တွေပဲ စိုက်ခဲ့ စိုက်ခဲ့ သမိုင်းအချက်အနေနဲ့ ကျနော်တို့တတွေ (နာကြည်းပေမယ့်) ‘ရင်ဝယ်ပိုက်ထား’ရမှာပဲ မဟုတ်ဘူးလား ဦးလေးရဲ့”

“မှန်တယ်ကွ”

“သြော် - - အဲဒီအချိန်က တို့တတွေ၊ တို့မိဘ အဘိုးအဘွားတွေ သူ့ကျွန်ဘ၀မှာ နေခဲ့ကြရပေမယ့် အဲဒီဘ၀ကနေ ထကြွ တော်လှန်ခဲ့ကြလို့ အခု ကျနော်တို့တတွေ လွတ်လပ်တဲ့လူမျိုးအဖြစ်ကို ရတာလို့ အားတက် ဂုဏ်ယူနိုင်တာပေါ့ ဦးလေးရာ”

“ဟုတ်တာပေါ့ကွာ”

“နောက်ပြီး အဲဒီကျောက်တိုင်ကြီးသာ ရှိနေသေးရင် Tourists တွေကို တစ်ယောက် ဒေါ်လာ ၂၀ လောက် ၀င်ကြေးကောက်ပြီး ‘ရိုက်စား’ လုပ်လို့လည်း ရသေးတယ်လေ”

“ကောင်းပါလေ့ကွာ - - မင်းအကြံကတော့။ ကဲ ကဲ မင်းတို့မပြန်ခင် လက်ဖက်လည်း စားဦး။ နောက်ပြီး မန္တလေးအမှတ်တရအဖြစ် ‘မန်းတောင်လက်ျာ ယိုးဒယား’ သီချင်းလည်း နားထောင်သွားကြပါဦးလား။ သင်္ကြန်တွင်းမှာ ဟစ်ပ်ဟော့တွေ၊ ရောသမမွှေတွေနဲ့ မင်းတို့ရဲ့ ပျက်စီးနေတဲ့ နားတွေကို ခ၀ါချရအောင်လေ”

“ဟဲ ဟဲ - - နေပါစေ ဦးလေးရာ”

“ဘယ့်နှယ် နေပါစေလဲ။ လာပါကွ။ ဒီမှာ နားထောင်ကြည့်စမ်းပါဦး။ ဘာတဲ့ - - -

x x x x အိုလေ စံကာမြန်းသည် x x x x မန်းလေ ရွှေပြည် တိုင်းလေဌာနီ ပုံမဝေးဘု ရောက်လုပါပြီ - - x x x x”

“ကဲ - - သူငယ်ချင်းတို့ရေ - - မြန်မြန် လစ်ကြစို့။ ဦးလေးတစ်ယောက်တော့ မန္တလေးကို လွမ်းတဲ့စိတ်ကြောင့် ဂေါက်သွားပြီထင်တယ်”

(မုတ်သုန်ရဲ့ မန္တလေး) တီရှပ်ဒီဇိုင်း

No comments:

Post a Comment