05 June 2009

A glimpse on Da Noke temple

ဝိုးတ၀ါး ဓနုတ်ပုံရိပ်
ဝင်းပေါ်မောင်
ဇွန် ၆၊ ၂၀၀၉

၂၀၀၉ မေ ၃၀ ရက်နေ့က ပြိုကျသည့် ဓနုတ်စေတီ

ဓနုတ်စေတီ ပြိုကျသည့် သတင်း ထွက်ပေါ်လာသောအခါ ကြားရသူတိုင်း လှုပ်လှုပ် ရှားရှား ဖြစ်သွားခဲ့ကြပါသည်။

စေတီက ထီးတော်တင်တာ ရက်ပိုင်းမျှသာ ရှိသေးပြီး၊ ပြုပြင် တည်ဆောက်နေဆဲ ရုတ်တရက် ပြိုကျသွားတာမို့ အထူးအဆန်း တအံ့တသြ ဖြစ်ကြရသည်။ လူ အထိအခိုက်လည်း အတော်များတာကြောင့် ၀မ်းနည်းမှု၊ စိုးရိမ်မှုတွေ လူတိုင်းလိုလို ဖြစ်ခဲ့ရပါသည်။ ထိုခံစားမှုများ နှင့်အတူ သို့လောသို့လော တွေးထင်မှုတွေလည်း ဖြစ်ပေါ်လာခဲ့ကြသည်။

ကျနော်ကတော့ ဓနုတ်စေတီ ပြိုကျသည့် ဓာတ်ပုံ နှင့် သတင်းကို ကြည့်ရင်း အတိတ်တခုက မပီဝိုးဝါး တွေးမြင် ပုံရိပ်များကို ပြန်လည် မြင်ယောင်လာမိသည်။

+ + +

ကျနော်အဖို့ `ဓနုတ်ဘုရားပွဲ´ ဆိုသည့် စကားကို ငယ်စဉ် ကလေးဘ၀ မှာကတည်းက မှတ်မှတ်သားသား ရှိနေခဲ့ပါသည်။ အကြောင်းမှာ အမေက သူ့ဘ၀ အတွေ့အကြုံများကို ပုံပြင်သဖွယ် ပြန်ပြောပြသည့် အထဲတွင် အမြဲလိုလို ပါနေတတ်သောကြောင့် ဖြစ်ပါသည်။ ကျနော် မကြာခဏ ကြားနာခဲ့ရသည့် အမေ့ဘ၀ အတွေ့အကြုံများအနက် ဓနုတ်ဘုရားပွဲ အကြောင်းသည် ပျော်စရာ လွမ်းစရာတို့နှင့် ပြည့်နေသည်။ အမေပြောပြသည့် ဓနုတ်ဘုရားပွဲ ဆိုသည်မှာ လွန်ခဲ့သည့် အနှစ် ၇၀ ကျော် ၈၀ ၀န်းကျင်က အခြေအနေ ဖြစ်ပါသည်။

ထိုကာလများ မတိုင်မီကပင် ဓနုတ်စေတီ ရှိရာ ဒလ၊ ကွမ်းခြံကုန်း ဒေသမှ ရွာများနှင့် ငမိုးရိပ် ချောင်းမ ချောင်းရိုး တလျှောက်မှ ရွာများသည် ရေလမ်းဖြင့် အကူးအသန်း အသွားအလာ အမြဲရှိခဲ့သည် ဆိုပါသည်။ လှည်းကူး၊ စစ်ပင်၊ မဒ၊ ဆင်ဖုံ၊ ထားဝယ်ချောင်၊ ပေါက်တလောက်၊ သိမ်ချောင်း စသည့် ငမိုးရိပ်ချောင်း တလျှောက် ရွာများနှင့် ရခိုင်ချောင်၊ ပျော်ဘွယ်၊ ဓနုတ်၊ ၀ါးဘလောက်သောက်၊ အနောက်ချောင်းကလေး စသည့် ဒလ ကွမ်းခြံကုန်းဖက်မှ ရွာများမှာ စုန်ချည်ဆန်ချည် ကူးလူးဆက်ဆံခဲ့ကြသော ရွာများ ဖြစ်ကြပါသည်။ ရွာတိုင်းလိုလိုတွင် ဆွေမကင်း မျိုးမကင်းများလည်း ရှိနေတတ်ကြပါသည်။

အမေ့ဇာတိ စစ်ပင်ရွာမှ အဖိုးလေး တဦးက ရခိုင်ချောင်ရွာသူနှင့် အိမ်ထောင်ကျပြီး၊ ထိုရွာမှာ နေထိုင်ခဲ့သည်။ ယနေ့တိုင် ဆွေရိပ်မျိုးရိပ် မကင်းသူများ ရှိကြပါသေးသည်။ ဓနုတ်စေတီ ရှိရာ ဓနုတ်ရွာက ရခိုင်ချောင်နှင့် ပျော်ဘွယ်ရွာ အနီးတွင် ရှိပါသည်။ ဓနုတ်ဘုရားပွဲ ကျင်းပသည့် အခါ အနီးဝန်းကျင်မှ ရွာများကလည်း စုပေါင်း ပါဝင်ကြပါသည်။ သို့နှင့် အဖိုးလေးတို့ ရှိစဉ်ကာလ အမေတို့ ဆယ်ကျော်သက်ဘ၀က ဓနုတ်ဘုရားပွဲကို ကောင်းကောင်းကြီး ၀င်နွှဲခဲ့ကြသည်ဟု ဆိုပါသည်။

ပွဲခင်းထဲက ဖျာကြမ်းပေါ်မှာ သင်ဖြူး တထပ်၊ ကော်ဇော တထပ် အကျအနခင်း၊ လက်ဖက် ဂျင်းသုတ် အစုံအလင်နှင့် ပွဲကြည့်ခဲ့ကြပုံ၊ ညီအမ တတွေ ဘုရားပွဲ လျှောက်လည်ကြပုံများကို အမေက ပြောပြတတ်သည်။ ဓနုတ်ဘုရားပွဲသည် ထိုဒေသအတွင်း ထင်ရှားသော ပွဲတော်တခု ဖြစ်ခဲ့ပြီး၊ စည်စည်ကားကား ရှိခဲ့သည်ဟု ဆိုပါသည်။ ဇာတ်၊ ရုပ်သေး၊ ပွဲဈေး သာမက ဗုဒ္ဓ၀င် ရုပ်စုံ မဏ္ဍပ်များပါ ပါဝင်သည်ဟု ဆိုပါသည်။

ထိုခေတ်၏ အေးချမ်း သာယာမှု ပုံရိပ်များဟု မှတ်ယူနိုင်ပါသည်။ ယင်းကာလကို ဓနုတ်စေတီ ထင်ရှားခဲ့သော ခေတ်တခုဟု ဆိုရမည် ထင်ပါသည်။

သို့ရာတွင် ထိုစဉ်က စည်ကားခဲ့သော ဓနုတ်ဘုရားပွဲမှာ နောင် အနှစ် သုံးလေးဆယ် အကြာတွင် မှေးမှိန်သွားခဲ့ပါသည်။ မည်သည့် အကြောင်းကြောင့် မှေးမှိန်သွားသည်ကို တပ်အပ် မဆိုနိုင်သော်လည်း ကျနော်တို့ လူမှန်းသိသည့် ကာလတွင် ဓနုတ်စေတီသို့ အသွားအလာ မရှိသလောက် ကျဲသွားပါသည်။

စေတီနှင့် အနီးဆုံး နေသူများကပင် ဓနုတ်စေတီ အကြောင်း သိပ် စိတ်မ၀င်စားကြတော့ပါ။ ဓနုတ်ဘုရားပွဲ အကြောင်း မကြားရတော့ပါ။ သွားလာရေးကလည်း တကူးတက သွားမှ ရသလို ဖြစ်သွားပါသည်။ ကားနှင့် သွားလျှင် ဒလ-ကော့မှူး-ကွမ်းခြံကုန်း ကားလမ်း၏ လမ်းတ၀က်မှ နေ၍ ဓနုတ်ရွာဖက် လမ်းခွဲသို့ ချိုးသွားရသည်။ ရေလမ်းကိုတော့ မသုံးသလောက် ဖြစ်သွားပါသည်။

ထင်ရှားမှု မှေးမှိန်မှုတွေ မည်သို့ပင်ရှိစေ ဓနုတ်စေတီကတော့ တည်ရှိမြဲ ရှိနေပြီး၊ အစဉ်အလာ ပွဲသဘင်များလည်း သူ့အတိုင်းအတာနှင့်သူ ရှိနေခဲ့မည် ထင်ပါသည်။

+ + +

ဓနုတ်စေတီကို လူတွေသိအောင် တဖန် ပြန်ကြုံလာစေသည့် အကြောင်းမှာ ၂၀၀၆ ဇွန် ၂၇ တွင် စေတီနှစ်ခြမ်းကွဲ၍ ပြိုကျခဲ့ခြင်းပင် ဖြစ်ပါသည်။

စေတီပြိုသည့် အကြောင်းကို တစတစနှင့် လူတွေ သိလာပြီးနောက် ပြုပြင်ရန် အလှူငွေ ကောက်ခံ ခဲ့ကြပါသည်။ တည်ဆောက် ပြုပြင်ရေးများ အစပျိုး လုပ်ကိုင်နေဆဲ ၂၀၀၈ မေ ၂-၃ မှာ တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ထပ်မံ ပျက်စီးခဲ့ရသည်ဟု သိရပါသည်။ ထိုနှစ် အောက်တိုဘာ ၁၄ မှ စတင်၍ စေတီ ပြန်လည် တည်ဆောက်ရေးကို လုပ်ကိုင်ခဲ့ကြပါသည်။ ရွှေသံလွင် ကုမ္ပဏီက ကိုးလနှင့် အပြီး တည်ဆောက်ရန် လျာထား လုပ်ကိုင်ခဲ့သည်။ ယခုနှစ် မေ ၇ ရက်နေ့က ထီးတော် တင်ခဲ့ပြီး အချောသတ်နေစဉ် ပြိုကျခဲ့ခြင်း ဖြစ်သည်။ လူ ၁၀ ဦး ထက်မနည်း သေဆုံးပြီး ၈၀ ခန့် ဒဏ်ရာရခဲ့သည်။

ဓနုတ်စေတီ ထီးတော်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ ဇနီး ဒေါ်ကြိုင်ကြိုင် နှင့် မိသားစုဝင်များ၊ ဗိုလ်ချုပ်ကတော်များက တင်လှူခဲ့ပြီး ၂၃ ရက်အကြာတွင် စေတီပြိုကျခြင်း ဖြစ်သောကြောင့် စိတ်ဝင်တစား ပြောဆိုဝေဖန်မှု များခဲ့သည်။ တည်ဆောက်နေဆဲ ပြိုကျသဖြင့် အံ့သြထိတ်လန့် ကြရသည်။ လေမတိုက်၊ ငလျင်မလှုပ်ဘဲ ဘာကြောင့် ပြိုသလဲဟု ဆန်းစစ်ကြသည်။ ထူးဆန်းသည်ဟု ထင်မြင်ကြသည်။ အတိတ် နိမိတ် မကောင်းဟု ယူဆကြသည်။ အခြားသော အယူသည်းသည့် အပြောအဆိုများလည်း ပေါ်လာသည်။

+ + +

မြန်မာပြည် တလွှားရှိ စေတီများမှာ ပြိုတတ်ပါသည်။ ရှေးဟောင်း စေတီ မှန်လျှင် မပြိုဘူးသည့် စေတီ ဟူ၍ မရှိပါ။ ဒါသည်ပင် အမှန်တရား တခု ဖြစ်ပါသည်။ တည်ဆောက်ထားသော အရာတခုသည် ဘယ်သောအခါမှ မပျက်စီးဟူ၍ မရှိနိုင်ပါ။ သက်ရှိ သက်မဲ့ အရာအားလုံး သင်္ခါရတရားချည်း ဖြစ်ပါသည်။

လူအများစုက စေတီ ပြိုပျက်လျှင် မုန်တိုင်းကြောင့်၊ ငလျင်ကြောင့်ဟုသာ မှတ်ယူလေ့ ရှိကြပါသည်။ စေတီပြိုမှုမှာ ငလျင်တို့ လေတို့ ဆိုသည့် အကြောင်း တခုတည်းကြောင့် မဟုတ်ပါ။ စေတီ၏ ခိုင်ခံ့မှု လျော့နည်းလာခြင်းက ပဓာန အကြောင်းတခု အဖြစ် ပါဝင်နေပါသည်။ တကယ်တော့ လေတိုက်တာ၊ ငလျင်လှုပ်တာက `ပြင်ပအကြောင်းတရား´ ဖြစ်ပါသည်။ စေတီ၏ ခိုင်ခံ့မှု ယိုယွင်းခြင်းက `မူလအကြောင်းတရား´ ဖြစ်ပါသည်။

မြန်မာပြည်ရှိ စေတီများမှာ နေဒဏ် လေဒဏ် ရေဒဏ်ကို တိုက်ရိုက်ခံကြရသည့် သဘော ရှိပါသည်။ လိုဏ်ဂူပါသော ပုထိုးများတွင် ဘုရားအတွင်းပိုင်းသို့ ၀င်ရောက်နိုင်သဖြင့် ပျက်စီးယိုယွင်းမှုကို သတိထားမိနိုင်သည်။ မြေစိုက်စေတီများတွင် ပြင်ပ ကိုယ်လုံးတော်ကိုသာ မြင်ကြရသဖြင့် ယိုယွင်းမှုကို သတိမထားမိနိုင်ပါ။ အတွင်းပိုင်း အခြေအနေကို အလွယ်တကူ မသိနိုင်ပါ။ အတွင်းပိုင်းက တော်တော်ယိုယွင်းပြီး အပြင်တွင် အက်ကြောင်း ထင်လာမှသာ သိကြရပါသည်။ ထို့ကြောင့် အတွင်းပိုင်း ခိုင်ခံ့မှု အားနည်းနေသော စေတီများသည် ငလျင်ဒဏ် မုန်တိုင်းဒဏ်တို့နှင့် ကြုံရသည့်အခါ ပြိုကျရခြင်း ဖြစ်ပါသည်။ ထို့ပြင် မြေစိုက်စေတီများ၏ တည်ဆောက်ပုံအရ အပေါ်ဖျားပိုင်းသည် ပြင်းထန်သည့် ငလျင်ဒဏ် ခံရလျှင် ပျက်စီးတတ်ပါသည်။

ဓနုတ်စေတီသည် ၂၀၀၆ ခုနှစ်က လေပြင်း မတိုက်၊ ငလျင် မလှုပ်ဘဲ ထက်ခြမ်းကွဲ၍ ပြိုကျခဲ့သည်။ ခေါင်းလောင်းပုံ အပါအ၀င် ကိုယ်လုံး တခုလုံး ပြိုကျခြင်း ဖြစ်သည်။ `ထက်ခြမ်းကွဲ´ ပြီ ဆိုကတည်းက စေတီ၏ အောက်ခြေပိုင်း မခိုင်တော့ဟု ကောက်ချက် ချနိုင်ပါသည်။ အောက်ခြေ ပစ္စယံသာ ကျန်ခဲ့ပြီး ခေါင်းလောင်းပုံ အထိ ပြိုသည် ဆိုလျှင် စေတီ၏ ထက်ဝက် သို့မဟုတ် ထက်ဝက်ကျော် ပြိုကျခြင်း ဖြစ်ပါသည်။ တနည်းပြောလျှင် စေတီတခုလုံး ပြိုသွားသည့် သဘောလည်း ဖြစ်ပါသည်။

မိုးသည်းထန်စွာ ရွာ၍ ပြိုသည်ဟု သတင်းများက ဖော်ပြပါသည်မှာ အပေါ်ယံ လျှပ်၍ ထန်းလက်ကာခြင်းသာ ဖြစ်ပါသည်။

+ + +

ဓနုတ်စေတီ သမိုင်းမှာ မြန်မာပြည်ရှိ ရှေးဟောင်းစေတီ သမိုင်းများကဲ့သို့ပင် ဖြစ်ပါသည်။ ထို အကြောင်းခြင်းရာတို့အပေါ် ကျနော် ဘာမျှ မပြောလိုပါ။ သေချာသည်မှာ ဓနုတ်စေတီသည် ရှေးဟောင်းစေတီ တဆူ ဖြစ်သည်ဟု ယူဆနိုင်ခြင်းသာ ဖြစ်ပါသည်။

၂၀၀၆ ခုနှစ် ပြိုမကျခင်ထိ ရှိခဲ့သည့် ဉာဏ်တော်အမြင့် ၁၈၆ ပေရှိ စေတီကို မည်သည့်ကာလက တည်ခဲ့ကြောင်း မသိရပါ။ ဓနုတ်စေတီ သမိုင်း အဆိုအရ ၁၈၁၁ တွင် ဗဒုံမင်း (ဘိုးတော်ဘုရား) ပြုပြင်ခဲ့သည်ဟု ဆိုပါသည်။ ယင်းနောက်ပိုင်း ပြုပြင်ခဲ့သည်ဟု မှတ်တမ်း မတွေ့ရပါ။ ထို့ကြောင့် နောက်ဆုံး စေတီကို ဗဒုံမင်း တည်ခဲ့သည်ဟု ယူဆရန် ရှိပါသည်။ ထိုအချက် မှန်သည် ဆိုလျှင် ယခုစေတီသည် နှစ်ပေါင်း ၂၀၀ ခန့် ရှိနေပြီဟု ဆိုနိုင်ပါသည်။

ဤတွင် အထင်ကရ ဖြစ်သော ရွှေတိဂုံစေတီ သမိုင်းနှင့် အနည်းငယ် ယှဉ်ကြည့်သင့်ပါသည်။ -
ရွှေတိဂုံစေတီကို
- ၁၃၇၂ တွင် ဗညာဦး ပြင်ဆင်သည်။
- ၁၄၃၆ တွင် ငလျင်လှုပ်၍ ခေါင်းလောင်းအထိ ပြိုသည်။ (ရှင်စောပု ပြုပြင်)
- ၁၅၆၄ တွင် ငလျင်လှုပ်၍ ပြိုသည်။ (ဘုရင့်နောင် ပြုပြင်)
- ၁၆၂၀ တွင် ငလျင်လှုပ်၍ ပြိုသည်။ (အနောက်ဖက်လွန်မင်း ပြုပြင်)
- ၁၆၇၉ တွင် ငလျင်လှုပ်၍ ပြိုသည်။ (အများဝိုင်းဝန်း ပြုပြင်)
- ၁၇၆၈ တွင် ငလျင်လှုပ်၍ ပြိုသည်။ (ဆင်ဖြူရှင် ပြုပြင်)
- ၁၈၇၁ တွင် ပြုပြင်၍ ထီးတော်အသစ် တင်သည်။ (မင်းတုန်းမင်း)
- ၁၉၃၀ ငလျင်လှုပ်၍ ငှက်မြတ်နားတိုင် ကျိုးကျသည်။
- ၁၉၇၀ ငလျင်များလှုပ်၍ ပန်းလည်တိုင် စောင်းသည်။

ဤ စာရင်းမှာ ထင်ရှားသည့် အချက်အချို့သာ ဖြစ်ပါသည်။ ထိုစာရင်းကို ကြည့်လျှင် အနှစ် ၆၀၀ အတွင်း ကိုးကြိမ်မျှ အကြီးစား ပြုပြင်ခဲ့ရသည်ကို တွေ့နိုင်ပါသည်။ အကြမ်းဖျင်းအားဖြင့် စေတီတဆူသည် အနှစ် ၅၀ တွင် တကြိမ် ကျကျနန ပြုပြင်ဖို့ လိုအပ်ကြောင်း သို့မဟုတ် ထိခိုက် ပျက်စီးရတတ်ကြောင်း ပြောနိုင်ပါသည်။
အနှစ် ၂၀၀ ကို ခဏထား၍၊ အမေတို့ ကြုံခဲ့ရသည့် ဓနုတ်ဘုရားပွဲ ကာလက ပြုပြင်မှုများ ရှိခဲ့မည်ဟု ခန့်မှန်းလျှင်သော်မှ ယခုအခါ အနှစ် ၇၀ ကျော်နေပေပြီ။ ထို့ကြောင့် ဓနုတ်စေတီ၏ အတွင်းပိုင်း ခိုင်ခံ့မှုမှာ များစွာ အားနည်းနေပြီဟု စိတ်ချလက်ချ ပြောနိုင်ပါသည်။

ကံမကောင်းသည့် အချက်တခုမှာ နအဖခေတ် `ဘက်စုံမွမ်းမံ´ ရောဂါ ထသည့် အထဲတွင် ဓနုတ်စေတီက ကွက်ကျော် ဖြစ်ခဲ့ပုံရသည်။

+ + +

၂၀၀၆ က ပြိုသည်ကို ၂၀၀၈ တွင် အသစ် ပြန်တည်ဆောက်ပါသည်။ တည်ဆောက်ပုံမှာ ပြိုသွားသည့် အပိုင်းကို မူလအတိုင်း ပြန်လည် တည်ဆောက်သည်ဟု ဆိုပါသည်။ ဤသို့ လုပ်ဆောင်ပုံမှာ ရှေးက ဘိုးဘွားများ လုပ်ဆောင်ပုံနှင့် လုံးဝ ကွဲလွဲနေပါသည်။

ရှေးက ဘိုးဘွားများက စိန်ဖူးတော်၊ ထီးတော် ပျက်စီးလျှင် မူလအတိုင်း ပြန်လည် ပြုပြင်သည်။ အပေါ်ပိုင်း ငှက်ပျောဖူး လောက်အထိ ပျက်လျှင် အပေါ်ပိုင်းကို ငုံ၍ ဉာဏ်တော်မြှင့်ကာ ပြုပြင်သည်။ ထို့ထက်ပို၍ စေတီအထက်ပိုင်း သပိတ်မှောက်အထိ ပြိုလျှင် စေတီတခုလုံးကို ငုံ၍ ဉာဏ်တော်မြှင့်ကာ ပြန်လည်တည်သည်။
ရွှေတိဂုံစေတီတွင် ၁၄၃၆ မှ ၁၄၇၆ အထိ ဗညားရန်၊ ဗညားဗရူး၊ ဗညားကင်းဒေါ၊ ရှင်စောပု နှင့် ဓမ္မစေတီမင်းတို့ ပြုပြင်ပုံမှာ စေတီတခုလုံးကို ငုံ၍ တည်ဆောက်ခြင်း ဖြစ်သည်။ ဉာဏ်တော် ၃၀၂ ပေ မြင့်ခဲ့သည်။ ၁၇၆၈ ဆင်ဖြူရှင်မင်း ပြုပြင်ပုံမှာ သပိတ်မှောက် အထက်ပိုင်းမှစ၍ အပေါ်ပိုင်းကို ငုံ၍ တည်ဆောက်ခြင်း ဖြစ်သည်။ ကျန် ပြုပြင်မှုများက ငှက်ပျောဖူး အပါအ၀င် အထက်ပိုင်းကို ပြုပြင်ခြင်း ဖြစ်သည်။ ထိုသို့ အကြိမ်ကြိမ် တိုးမြင့် ပြုပြင်ခဲ့ခြင်းကြောင့် ယခုအခါ ဉာဏ်တော် ၃၂၆ ပေ ရှိလာခြင်း ဖြစ်သည်။

ဓနုတ်စေတီ ထက်ခြမ်းကွဲ၍ ခေါင်းလောင်းနားအထိ ပြိုသည်ကို ပြုပြင်လိုလျှင် ဘိုးဘွားတို့၏ အစဉ်အလာအရ ဆိုပါက စေတီတခုလုံးကို ငုံ၍ ပြန်လည် တည်ဆောက်ရမည် ဖြစ်ပါသည်။ ဉာဏ်တော်ကိုလည်း မြှင့်ရမည် ဖြစ်သည်။ ယင်းလုပ်ငန်းမှာ စေတီ အသစ် တည်ဆောက်ခြင်းပင် ဖြစ်သည်။ ရွှေတိဂုံစေတီသည် ၇ ထပ် ငုံ၍ တည်ထားသော စေတီ ဖြစ်ပြီး၊ အတွင်းစေတီကို အပြင်စေတီက မှီထား ဖိထားခြင်း မရှိစေဘဲ တည်ထားသည်ဟု မှတ်တမ်းများက ဆိုပါသည်။

ယခု ဓနုတ် စေတီ တည်ဆောက်ပုံမှာ မူလ စေတီဟောင်း၏ ပစ္စယံပေါ်တွင် စေတီအသစ်ကို တည်ခြင်း ဖြစ်နေပါသည်။ ထို့ကြောင့် ခိုင်ခံ့မှု အားနည်းနေပြီ ဖြစ်သော မူလ စေတီဟောင်းက အသစ် တည်ဆောက်မှု ဒဏ်ကို မခံနိုင်ဘဲ ရက်ပိုင်းအတွင်း ပြိုကျသွားရသည်ဟု ကောက်ချက် ချနိုင်ပါသည်။

အသက်လု ထွက်ပြေးလာရသူတို့၏ ပြောစကားများက ထိုအချက်ကို သက်သေခံနေပါသည်။ စေတီက လှုပ်ခါလာပြီး ငှက်ပျောဖူး အထက်ပိုင်းနှင့် ထီးတော်က ပထမဆုံး ကျိုးကျသည်။ ထို့နောက် ဆက်လက် လှုပ်ခါကာ ကိုယ်ထည်ပိုင်းက နိမ့်ကျ ပြိုလဲသွားသည်ဟု ဆိုပါသည်။

နောက်ထပ် အချက်တခုမှာ ၂၀၀၆ ကရော ယခုရော နှစ်ကြိမ်စလုံးတွင် စေတီ အရှေ့မြောက်ထောင့်မှ စတင် ပြိုလဲခြင်း ဖြစ်သည်။ မတော်တဆ တိုက်ဆိုင်မှုဟု မဆိုနိုင်ပါ။ အောက်ခြေတွင် ပျက်ယွင်း နေကြောင်း သက်သေခံနေသည့် အချက် ဖြစ်ပါသည်။

+ + +

``ဟောင်းနွမ်းသည် ကျိုးပဲ့ပျက်စီးသည်ကို ပြင်ဆင်သည့် လုပ်ငန်းအား ဘုရားအဆူဆူ ချီးမွမ်းတော်မူ၏´´ ဟု င်္သဂါယနာတင်ကျမ်းက ဆိုကြောင်း မှတ်သားဖူးပါသည်။

စေတီများ ဟောင်းနွမ်းခဲ့ ပြိုပျက်ခဲ့လျှင် ပြန်လည် ပြုပြင် တည်ဆောက် ရမည်သာ ဖြစ်ပါသည်။ ရှေးအဆက်ဆက်လည်း ကျနော်တို့ ဘိုးဘွားများသည် ပြိုပျက်သော စေတီတို့ကို ပြန်လည် တည်ဆောက်ခြင်းဖြင့် တည်တံ့မှုကို အဓွန့်ရှည်စေခဲ့ကြပါသည်။

သို့ရာတွင် ပြုပြင်သည့် အလုပ်အတွက် အချိန် အကန့်အသတ်တော့ ရှိရပါလိမ့်မည်။ ပြုပြင်၍ ရနိုင်သည့် အချိန်အတွင်း ပြုပြင်မှသာ ပြုပြင်မှုက အကျိုး ထင်ကျန် ပါလိမ့်မည်။ အချိန်အခါ လွန်လေပြီးမှ ဆိုပါမူ ပြုပြင်ပါသော်လည်း ဆိုးကျိုးများသာ ဖြစ်လာနိုင်တော့သည်။

မြန်မာပြည် မြို့ရွာအနှံ့၌ တုံးတိငုတ်တို ဖြစ်နေသော ဘုရားပြို ဘုရားပျက်တို့ အများအပြား ရှိနေသည်ကို သတိပြုအပ်ပါသည်။ ထို ဘုရားစေတီတို့မှာ အကြောင်း အမျိုးမျိုးကြောင့် မပြုပြင် ဖြစ်ခဲ့ကြဟု ဆိုသော် ရနိုင်ပါသည်။ ထိုအမျိုးမျိုးအနက် အချိန်အခါ လွန်သွားခြင်းကလည်း အကြောင်းတကြောင်း ဖြစ်မည် ထင်ပါသည်။

ဟောင်းနွမ်းမှ ပျက်စီးမှ ပြုပြင်ဖို့ စိုင်းပြင်းခြင်းထက် မဟောင်းနွမ်းခင် မပျက်စီးခင် ပြုပြင် ထိန်းသိမ်း စောင့်ရှောက်ခြင်းက ပို၍ အကျိုးများသည် မဟုတ်ပါလား။

ပြိုကျသွားသော ဓနုတ်စေတီ နှင့်အတူ ကြားသိ ခံစားခဲ့ရဖူးသည့် ပုံရိပ်တို့က ဝေေ၀၀ါးဝါး လွင့်ပါးသွားခဲ့ပြီ။ ကြေကွဲဖွယ်ကောင်းသည့် ဖြစ်ရပ်တို့ကြားတွင် တွေးမြင်ဆင်ခြင်မှုတွေကလည်းေ၀၀ါးနေကြဦးမည် ထင်သည်။

ဝင်းပေါ်မောင်
၂၀၀၉ ဇွန် ၅

No comments:

Post a Comment