06 October 2009

Ashin Nanika - Pa Htan Pwe in LA

ပဌာန်းတရား မြတ်စကားမို့  အမြတ်နားသို့  ကြားစေချင်

အရှင်ဉာဏိက

အောက်တိုဘာလ ၆ ရက် ၊ ၂ဝဝ၉

အမေရိကန်နိုင်ငံ၊ အနောက်ဖက်ခြမ်း၊ ကာလီဖိုးနီးယားပြည်နယ်၊ လော့စ်အင်ဂျလိစ်မြို့တော်ရဲ့အစိတ် အပိုင်း၊ အဇူဇာမြို့မှာတည်ရှိတဲ့ သုန္ဒရာရာမ ဗြဟ္မာ့ဝိဟာရ (အဇူဇာ) ကျောင်းကို ရောက်ရှိနေခဲ့တာ ၂ ရက်ရှိပြီ။ မနေ့ကပဲ သီတင်းကျွတ်လပြည့်နေ့ဖြစ်လို့ အဇူဇာကျောင်းမှာပဲ သံဃာတော် ၅၃ ပါး စုပေါင်း ကာ သံဃပဝါရဏာပွဲတော်ကြီးကို ကျင်းပခဲ့ကြတယ်။ ပဝါရဏာပွဲတော်အပြီး ကြွရောက်တော်မူလာတဲ့ သံဃာတော်များကို သံဃဒါန အသုံးအဆောင်ပစ္စည်းများနဲ့ နဝကမ္မများ လောင်းလှူပူဇော်ပွဲကိုလည်း မနေ့ကပဲ မြိုင်ဆိုင်စည်ကားစွာ ကျင်းပခဲ့ကြတယ်။

စောစောအိပ်ရာဝင်ခဲ့လို့ စောစောပဲအိပ်ရာကနေ နိုးနေခဲ့တာ ဒီညပါဆို နှစ်ညရှိပြီ။ ပြန်အိပ်မယ်ဆိုလျင် နှစ်နာရီကျော်ကျော် သုံးနာရီနီးပါး အချိန်ရသေးပေမယ့် အိပ်ရေးဝကာ လန်းဆန်းနေလို့ ပြန်အိပ်လို စိတ် မရှိတော့။ ဒါကြောင့် ဓမ္မာရုံကျောင်းဆောင်ထဲကထွက်ပြီး ကျောင်းဝင်းထဲမှာ ထလမ်းလျောက်ဖြစ် တယ်။ အေးချမ်းလိုက်တာ။ သင်ခဲ့ရတဲ့ စာတွေထဲက သူတော်ကောင်းတွေ စဉ်းစားမိသလိုမျိုး စဉ်းစားမိတယ်။

‘ခုလို ကြယ်တာရာတွေ စုံလင်စွာနဲ့ လှချင်တိုင်းလှနေတဲ့ ညမျိုးမှာ အိပ်ပျော်ခြင်းဖြင့် အလွန်တ ရာလှပလွန်းတဲ့ ညမျိုးကို အချည်းနှီးဘယ်လိုကျော်လွန်လို့ ဖြစ်မှာလဲ’ တဲ့။ ညအလှကို ခွန်အားတစ်ရပ် ပြုလို့ ဘဝလွတ်မြောက်ရေးရှာခဲ့ကြသူတွေက အမြောက်အများပါပဲ။ ကိုယ်တိုင်လည်းပဲ ညတွေလှပ လွန်းလျင် အိပ်ချင်ခြင်းက ညအလှကို ယူဆောင်ဆွဲငင်သိမ်းသွင်းဖို့ ခွန်အားမရှိဖြစ်တတ်တာတွေကို တွေ့ခဲ့ပေါင်း များခဲ့ပြီပဲလေ။ ဒါပေမယ့် ရှေးသူတော်ကောင်းတွေလို အဆုံးစွန်ဘဝ လွတ်မြောက်ရေး တရားကို ရှာဖွေနိုင်တဲ့အထိတော့ စွမ်းအားမရှိသေး။

ဝန်းကျင်တခွင် အိပ်မောကျနေတဲ့ ဒီအချိန်လေး။ နုနုမွမွလေး တိုက်ခတ်လာတဲ့ လေပြေလေးကလည်း စိမ့်စိမ့်လေး အေးတယ်ဆိုရုံမျှ။ နေ့လယ်ပိုင်းတွေ၊ ညဦးပိုင်းတွေမှာ လူတွေနဲ့ စည်ကားနေခဲ့တဲ့ နေရာ က ခုတော့လည်း ငြိမ်သက်တိတ်ဆိတ်လို့။ တောင်တန်းကြီးကပင်လျင် ပိုမိုပြီး တိတ်ဆိတ်ငြိမ်သက်နေ သယောင်ထင်မိတယ်။ ညဦးပိုင်းဆီကတော့ လပြည့်ညရဲ့ ထိန်ထိန်သာနေတဲ့ လမင်းကြီးက တောင် ထိပ်ကို မေးတင်လို့။ ခုတော့လည်း လနဲ့တောင်က ဆန့်ကျင်ဖက် အရပ်စီမှာ။ လမင်းကြီးက သူဖြတ် ကျော်ခဲ့တဲ့ တောင်တန်းကြီးကို ပြန်လည်ငဲ့စောင်း ငုံ့ကြည့်နေသယောင်။ တောင်နဲ့လကြားမှာ မကြာ ခဏ ဖြတ်သန်းသွားတဲ့ တိမ်တိုက်တွေက တောင်နဲ့လကို စည်းခြားလိုက်သယောင်လည်း ထင်မိတယ်။ ဒီအချိန်မျိုးမှာ တောင်ပျောက်လို့ လ ရှာနေမလား၊ လ ပျောက်လို့ တောင်ကပဲရှာနေမလားလို့ အတွေး ပွားမိခဲ့တယ်။ ကိုယ့်ရင်ထဲမှာလည်း ပျောက်နေတဲ့တစ်စုံတစ်ရာကို ပြန်လည်ရှာဖွေနေလိုမိတယ်။ တွေ့ နိုင်တန်ကောင်းပါရဲ့။

နံနက် ၉ နာရီတိတိမှာတော့ တောင်ခြေကုန်းမြင့်မြင့်ပေါ်မှာ တည်ရှိတဲ့ သတ္တဌာနဘုရားများနဲ့ သံဝေ ဇနိယ ဗုဒ္ဓရုပ်ပွားများကို အနေကဇာတင်တော်မူကြတယ်။ ဒီနံနက်ခင်းရဲ့ အဇူဇာရာသီက မပူမအေး သင့်တင့်မျှတရုံ။ ဆန်ဂါဘရီရယ် တောင်တန်းကြီးကို ဖြတ်ကျော်လာတဲ့ နေမင်းကြီးက သတ္တဌာနဗုဒ္ဓ ရုပ်ပွားတော်များကို ရောင်ခြည်တစ်ထောင် အလင်းဆောင်တဲ့ သူ့ရဲ့ကိုယ်ပိုင်အလင်းများနဲ့ ထွန်းလင်းလို့ ပူဇော်နေသယောင်ပါပဲ။ ဗောဓိပင်ပျိုတွေ၊ မဟော်ဂနီပင်ပျိုတွေ၊ စိန်ပန်းပြာပင်ပျိုတွေနဲ့ စိမ်းလန်းစိုပြေ နေတဲ့ တောင်ခြေတခွင်လုံး ခုမနက်တော့ ဝါရွှေရောင်သင်္ကန်းတို့နဲ့ ဖုံးလွှမ်းနေလေရဲ့။

အနယ်နယ်အရပ်ရပ်က ကြွရောက်တော်မူလာကြတဲ့ သံဃာတော်ပေါင်း ၄ဝ ကျော်။ သတ္တဌာနဘုရား အသီးသီးရဲ့ ဒကာများ၊ လာရောက်ကြည်ညိုကြတဲ့ ဧည့်သည်များနဲ့ တောင်ခြေတစ်ခုလုံးလည်း ဖွေးဖွေး လှုပ်လို့။ ၉ ကြိမ်မြောက် ပဌာန်းပွဲကို ကြွရောက်လာတဲ့ သံဃာတော်တွေစုံညီခိုက် သတ္တဌာနနဲ့ သံဝေ ဇနိယရုပ်ပွားတော်များကို အနေကဇာတင်ပွဲ ပြုလုပ်တယ်လေ။ မြန်မာပြည်ကသယ်ဆောင်လာတဲ့ ကျောက်ဆင်းတု ရုပ်ပွားတော်များက တောင်ခြေတလျော ပလ္လင်များပေါ်မှာ စံပယ်လျက်။ ရုပ်ပွားအ သီးသီးရှေ့မှာတော့ ဘုရားဖူးသူတွေ ဆုတောင်းဝတ်ပြုလုပ်ဖို့ နေရာလေးတွေကို သပ်သပ်ရပ်ရပ် စီမံ ထားတယ်။ အချို့ရုပ်ပွားတော်များ စံရာနေရာများကတော့ ဆက်လက်ဆောက်လုပ်နေဆဲ။

မဟာဗောဓိပင်ခြေရင်း ဗုဒ္ဓဖြစ်တော်မူရာ ရုပ်ပွားတော်ကိုတော့ သံဃာတော်အားလုံး စုပေါင်းကာ အနေ ကဇာတင်မှု ပြုလုပ်ကြတယ်။ ကျန်တဲ့ရုပ်ပွားတော်များကိုတော့ ၁ဝ ပါးတစ်စုစီ အသီးသီး အနေကဇာ တင်တော်မူကြတယ်။ တပုဿနဲ့ ဘလ္လိကညီနောင်တို့ကို ဆံတော်ချီးမြှင့်တော်မူဟန်ရုပ်တု၊ မုစလိန္ဒာအိုင်မှာ မြတ်ဗုဒ္ဓသီတင်းသုံးနေဟန်နဲ့ ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပုံရပ်တုတော်များကို အနေကဇာတင်ကြတယ်။

ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်တော်မူတဲ့ ရုပ်ပွားတော်ရှေ့ရောက်တော့ အိန္ဒိယကို ဘုရားဖူးရောက်တဲ့သူများ ကုသိနာရုံရောက်တဲ့အခါများမှာ ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပုံရုပ်ပွားကြည့်ပြီး ငိုကြွေးကြရ၊ မျက်ရေမဆည် နိုင်အောင် ဖြစ်ကြရတယ်ဆိုတဲ့ စကားက စိတ်ထဲဝင်ရောက်လာတယ်။ နေရောင်အလင်းအောက်မှာ လဲလျောင်းနေတဲ့ ဖြူလွလွ စကျင်ကျောက်သား ရုပ်တုတော်ကိုကြည့်ပြီး စိတ်ထဲဝမ်းနည်းသလိုလို ခံစားမိရတယ်။ အိန္ဒိယဘုရားဖူးရောက်သူတွေ ပူဆွေးဝမ်းနည်းမှုဖြစ်ကြရတယ်ဆိုတဲ့စကားကို သတိရ မိလို့လေလား၊ သံသရာဝဋ်ဆင်းရဲ နွံအတွင်းက မလွတ်ကင်းနိုင်ကြရှာပဲ တဝဲလည်လည် ကျင်လည်ကာ ပြေးလွှားပြီး လှုပ်ရှားကာ ရုန်းကန်နေရစ်ခဲ့ကြရှာမဲ့ တပည့်အမိုက်သားတွေကို ချန်ထားခဲ့ရလို့ ဗုဒ္ဓခမျာ မချင့်မရဲနိုင် အားမရနိုင်ပဲ ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ရှာလေမလားရယ်လို့ ကြံကြံဖန်ဖန်အတွေး ရောက်မိ ခဲ့တဲ့ စိတ်ကြောင့်လေလား မသိဘူးပေါ့။

တကယ်တော့လည်း အာသဝေါကင်းကွာ မြတ်ဗုဒ္ဓရဲ့ သန္တာန် တော်မှာ ကိုယ်တွေးမိသလို ဘယ်မှာလာလို့ မချင့်မရဲနိုင်၊ အားမရနိုင်ဖြစ်ရတဲ့ စိတ်မျိုးရှိနိုင်ပါ့မလဲ။ လူနတ်ဗြဟ္မာ ကုဋေကုဋာမကကို ဝဋ်ဆင်းရဲအချုပ်အနှောင်က ထုတ်နှောင်ကယ်တင်တော်မူခဲ့တဲ့ မြတ် ဗုဒ္ဓရဲ့ စွမ်းဆောင်တော်မူခဲ့မှုက မချင့်မရဲ အားမရနိုင်ဖြစ်စရာမျိုးဆိုလို့ မြူတစ်မှုန်စာမျှပင် ထင်ကျန် မနေခဲ့ဘူးလေ။

လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း တုနှိုင်းမရနိုင်တဲ့ ပါရမီတော်တွေကို ဖြည့်ဆည်းတော်မူခဲ့တဲ့ မြတ်ဗုဒ္ဓအ တွက် ပြန်လည်ရခဲ့တဲ့ ဘုရားဖြစ်ခွင့်ရက်က ၄၅ ဝါ ၄၅ နှစ်တာမျှသာ။ ပါရမီဖြည့်ကျင့်တော်မူခဲ့တဲ့ နှစ် အသင်္ချေတွေနဲ့ နှိုင်းစာလျင်ဖြင့် ပြန်လည်ရရှိတော်မူခဲ့တဲ့ အကျိုးနှစ်ပမာဏက အလွန်မှပဲ နည်းလွန်းလှတယ်။လောကသာမာန်လူသားတွေ မြင်တတ်ကြတဲ့ အကျိုးအမြတ်ရလဒ် ရှုထောင့်သက်သက်ဖက်က ကြည့်လျင် မမျှတ သလိုလို။ သို့ပေမယ့် ဗုဒ္ဓပါရမီတော်တွေကို ဆင်းရဲအမျိုးမျိုးခံကာ ဖြည့်ကျင့်တော်မူခဲ့ တာကပင်လျင် သူ့အတွက် အကျိုးရလဒ်ဆိုတာကို မျှော်ကိုးခဲ့လို့မှ မဟုတ်တာ။ ဒီတော့လည်း ဘယ်မှာ လာလို့ မျှတခြင်း မမျှတခြင်းဆိုတဲ့ အတွေးမျိုးလည်း ရှိနိုင်ပါ့မလဲ။ ဘယ်လောက်များ ကြည်ညိုအားကျ ဖွယ်၊ အတုယူဖွယ်ကောင်းလိုက်ပါသလဲ။ ဒါမှ ဒို့ဗုဒ္ဓရယ်လို့ စံပြုကာဂုဏ်ယူဖွယ် ကောင်းလိုက်ပါသလဲ။

နောက်ပြီး ၄၅ ဝါကာလအတွင်း မြတ်ဗုဒ္ဓပြုလုပ်တော်မူခဲ့တဲ့ လုပ်ရပ်တွေဆိုတာကလဲ တန်ဖိုးသတ်မှတ် ရေ တွက်လို့ ကုန်နိုင်တာမျိုးမှ မဟုတ်တာတွေပဲဟာ။ အချိန်ကိုတန်ဖိုးရှိရှိ အကျိုးပြည့်ပြည့် အသုံးပြု သွားတော်မူခဲ့တဲ့ မြတ်ဗုဒ္ဓအဖို့ ၄၅ ဝါဆိုတဲ့ဗုဒ္ဓဖြစ်နှစ်က လုံလောက်တဲ့ အချိန်ပဲလေ။

အချိန်ကို အကျိုး ရှိရှိ အသုံးမပြုတတ်သူတို့ အတွက်သာ လေးငါးရက်မျှ အချိန်ကပင်လျင် အချည်းနှီး ဖြစ်နေတတ်တာ မျိုးပါ။အကျိုးရလဒ်မဲ့စွာ အချိန်တွေဖြုန်းတီးခြင်းမျိုး မဖြစ်စေဖို့ အရေးကြီးလှတယ်ဆိုတဲ့ အတွေးစိတ်လဲ အနေကဇာတိ သံသာရံ ဂါထာကို ရွတ်ပွားရင်း ဆင်ခြင်နေမိခဲ့သေးတယ်။ အတုယူဖွယ် နည်းယူလိုက် နာကျင့်ကြံဖွယ်တွေ အနန္တနဲ့ စံပြခေါင်းဆောင်ဖြစ်တော်မူတဲ့ ဗုဒ္ဓရဲ့ကျေးဇူးဂုဏ်တွေ အတိုင်းအတာ (ပမာဏ)ကတော့ ရေတွက်လို့မရနိုင် (အသင်္ချေ၊အနန္တ) ပါပဲလေ။

နေ့လယ်တစ်နာရီခွဲမှာတော့ အဇူဇာကျောင်း ဗြဟ္မာ့ဝိဟာ ရဓမ္မာရုံကြီးထဲမှာ ၉ ကြိမ်မြောက် အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပကျတယ်။ ပန်းပေါင်းစုံ၊ မီးရောင်စုံ၊ တန်ခွန် ကုက္ကား၊ မလေးပန်းပွားတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားတဲ့ ဓမ္မာရုံကြီးအတွင်း သံ ဃာတော်တွေ၊ ဧည့်သည်တွေက အပြည့်အလျံ။ ရာချီသော ပရိတ်သတ်တွေရဲ့ ပဌာန်းပစ္စယနိဒ္ဒေသကို သံပြိုင်ညီညာ ရွတ်ဆိုမှုက ကြက်သီးထမျှ ပီတိလှိုင်းထစေခဲ့တယ်။

ဗုဒ္ဓ ဘုရားရှင်ဟာ အဘိဓမ္မာမြတ်တရားနဲ့ မယ်တော်မိနတ်ကို ကျေးဇူးဆပ်ဆပ်တော်မူခဲ့တယ်။ ပဌာန်းတရားတော် ဆို တာက အဘိဓမ္မာ ခုနစ်ကျမ်းထဲမှာ ပါဝင်တဲ့ ကျမ်းတစ် ကျမ်း။ အခက်ခဲဆုံး အနက်အနဲဆုံးကျမ်း။ တုနှိုင်းဖွယ် မရှိ တဲ့ မြတ်မိခင်ရဲ့ကျေးဇူးတရားကို အနန္တနယ အဆုံးအပိုင်း အခြားမရှိ နည်းစုံပြွမ်းတဲ့ မြတ်ပဌာန်းကျမ်းကို ဟောပြောလို့ကျေးဇူးဆပ်ခဲ့လေသလားလို့ အတွေးပွား မိခဲ့တယ်။

အင်းဝခေတ်မှာ ဘကြီးတော်နဲ့ မိဘုရား ခေါင်ကြီး နန်းမတော်မယ်နုတို့က မြန်မာ့ သာသနာမှာ ထင်ရှားကျော်ကြားတဲ့ ကျမ်းတတ်အကျော် ဆရာတော်ဦးဗုဓ်ကို မဟာအောင်မြေဘုံစံ ကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းခဲ့တယ်။ ရှင်ဘုရင် နဲ့ မိဘုရားခေါင်ကြီးတို့ရဲ့ ကြီးကျယ်ခမ်း နားတဲ့ ကျောင်းအလှူတော်ပွဲကြီးမှာ ကျမ်းတတ်အကျော် ဆရာတော်ကြီးက ဘယ်လိုတရားတော်များ ချီးမြှင့်တော်မူ လေမလဲလို့ အခမ်းအနားကြွရောက်လာ တဲ့ ရဟန်းရှင်လူ ပရိတ်သတ်ပေါင်းစုံက စောင့်စားမျှော်လင့်ခဲ့ကြတယ်။ ကျောင်းရေစက်ချအလှူတော် မှာ ဆရာတော် ဦးဗုဓ်က 'ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော' အစချီတဲ့ ပဌာန်းပစ္စယုဒ္ဒေသပါဠိတော် ကို ရွတ်ဆိုပြီး ပြန်ကြွသွားခဲ့တယ်တဲ့။ ဒီအခါမှာ မျှော်လင့်ကြီးစွာ စောင့်စားနေခဲ့တဲ့ ရဟန်းရှင်လူ ပရိတ်သတ်မှာ မချင့်မရဲ အားမရနိုင်ဖြစ်ကြတယ်ပေါ့။ ကြွရောက်လာတဲ့အထဲက ဆရာတော်ကြီးတစ် ပါးက မောင်ဗုဓ်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ။ ခုလိုရှင်ဘုရင်နဲ့မိဘုရားခေါင်ကြီးတို့ရဲ့ မဟာအောင်မြေ ဘုံစံ ကျောင်းတော်ကြီး ရေစက်ချပွဲမှာ ဟောသွားတဲ့တရားက ‘ဟေတုပစ္စယောတဲ့ဗျား’လို့ ကဲ့ရဲ့စကား ဆိုတော့ ဆရာတော် ဦးဗုဓ်က ‘ဟုတ်တယ်လေ ရှင်ဘုရင်နဲ့မိဘုရားခေါင်ကြီးတို့ရဲ့ အလွန်ခမ်းနားကြီး ကျယ်တဲ့အလှူတော်ကြီးမှာ အလွန်ခမ်းနားကြီးကျယ်တဲ့ မြတ်ဗုဒ္ဓဒေသနာတော် ပဌာန်းတရားတော် ကြီးကို ဟောခဲ့တာ ဘယ်လောက်လိုက်ဖက်ညီပါသလဲ’လို့ မိန့်တော်မူခဲ့တယ်ဆိုတဲ့အကြောင်းကို ဖတ် ခဲ့ဖူးတာကိုလည်း ပြန်လည်သတိရမိတယ်။

ခုလည်း သံဃာတော်တွေ အပါးလေးဆယ်ကျော်၊ အဇူဇာကျောင်းက ဗြဟ္မာ့ဝိဟာရဓမ္မာရုံကျောင်းတော် ကြီးထဲမှာ မြတ်ဗုဒ္ဓရဲ့ အနန္တနယ နည်းစုံပြွမ်းတဲ့ မဟာပဌာန်း ကျမ်းတော်ကြီးကို ခုနစ်ရက်တိုင်တိုင် အသံမစဲ ရွတ်ဖတ်ပူဇော် နေကြပြီ။ ခမ်းနားထည်ဝါတဲ့ ဓမ္မာရုံကျောင်းတော်ကြီးအတွင်း ခမ်းနားကြီးကျယ်တဲ့ ပဌာန်းတရားတော်ကြီးကို ရွတ်ပွားနေကြ ပြီလေ။ ဒီကျောင်းတော်ကြီးအတွက် စေတနာထက်သန်စွာ လှူဒါန်းတော်မူခဲ့ကြသူတွေလည်း တူမျှသော ကုသိုလ်အကျိုးတရားတွေ ရစေနိုင်မှာ မလွဲပါဘူး။ ပဌာန်းပွဲတော်အတွက် အားတက်သရော လုပ်အားဒါနပြုကြသူတွေ၊ ထောက်ပံ့လှူဒါန်းကြ သူတွေလည်း မြတ်သောအလှူဒါနကို ဆည်းပူးပြုလုပ်ကြပဲ သူတွေပဲပေါ့။ ကုသိုလ်ဆိုတာ တူမျှသောအကျိုးကို ဖြစ်ပေါ်စေ တတ်တာမျိုးလေ။

အထူးသဖြင့်တော့ ကိုယ့်စိတ်ထဲမှာ ဗုဒ္ဓဘုရားရှင် မယ်တော်မိနတ်ကျေးဇူးဆပ်ဖို့ အဘိဓမ္မာတရား၊ မြတ်ပဌာန်းဒေသနာ တရားတော်ကြီး ဟောတော်မူခဲ့တာကို သတိရမိတယ်။ ခု ၉ ကြိမ်မြောက် မဟာပဌာန်းတရားရွတ်ပွား တော်မူကြမည့် သံဃာတော် အရှင်မြတ်များထဲမှာလည်း အချို့က မယ်တော်တွေ အသက်ထင်ရှား ရှိ ချင်မှ ရှိကြတော့မှာ။ ခန္ဓာကြွေကာ ဘဝတစ်ပါးပြောင်းသွားပြီး နတ်ဘုံအသီးသီးမှာ ခံစားစံတည်နေ မယ့် သူတို့အသီးသီးရဲ့မယ်တော်များ ကျေးဇူးတရားကို မြတ်ပဌာန်းကျမ်းကြီးနဲ့ ဗုဒ္ဓနည်းတူ ကျေးဇူး ဆပ်ခွင့်ရနေပြီလို့ ရည်ရယ်ကာ ရွတ်ပွားကြမည့် ဆရာတော်တွေလည်း ပါဝင်မှာပဲရယ်လို့ ယုံကြည်နေမိတယ်။

ဝတိံဘုံ ဟိုထိပ်ဖျားဆီက ခမည်းတော် မယ်တော်ဟောင်း နတ်သားနတ်သမီးတွေ သူတို့ သားရဟန်းတော်များ ရွတ်ပွားမည့် ပဌာန်းတရားတော်ကြီးကို အားပါးတရ နာကြားနိုင်ပါစေကြောင်း သူတို့ကိုယ်စား ဆုတောင်းပေးမိပါတယ်။

သက်တော်ထင်ထင် ရှိနေသေးတဲ့ ကိုယ့် ကျေးဇူးရှင် မယ်တော်ကြီးအတွက်တော့ သူ့ချစ်သားတော် ရဟန်းတစ်ပါးရွတ်ပွား နေမည့် ပဌာန်းတရားတော်ကြီးကို ဝေး နေလို့ နာကြားခွင့် မရလျင်တောင် ပဌာန်းတရား ရွတ်ပွားပူဇော်ခြင်းကြောင့် ရရှိနိုင်တဲ့ ကုသိုလ်အကျိုးတရားကို ကြည်နူးဝမ်းမြောက်စွာ သာဓုနုမော် ခေါ် ဆိုနိုင်အောင် အသိပေး အမျှဝေစကား တစ်ခွန်းတော့ လှန်းလို့ပြောဖြစ်ဦးမှာ အသေအချာပါပဲ။ ဒါဟာဖြင့် အနှိုင်းမဲ့ကျေးဇူးကြီးမားတဲ့ အမိမေတ္တာကို အလွန်ကြီးမားတဲ့ မြတ်ပဌာန်း တရားနဲ့ တစ်စိတ်တစ်ပိုင်းမျှလောက်တော့ဖြင့် ကျေးဇူးတုံ့ပြန်ခြင်း ဖြစ်နိုင်မှာပါပဲလို့ ယုံကြည်မိပါရဲ့လေ။

No comments:

Post a Comment