14 October 2009

Tun Win Nyane - Remeberance Poem

ပင်လယ်ဟောင်းရဲ့ နောက်ဆုံးလွမ်းချင်း

ထွန်းဝင်းငြိမ်း

အောက်တိုဘာ ၁၅၊ ၂၀၀၉

(တစ်)

တခါ

တခါ

လေနီကြမ်းတွေက

အညာကို လွမ်းစရာပေ ပ။

ရှားစောင်းပြဿဒ်

ထန်းပင်တွေ မတ်တပ်နဲ့

ဗီတာမင်ပြတ်နေတဲ့

ရွာတွေဟာ

အခုချိန်ဆို

တိမ်ညိုတွေကို မျှော်နေရှာပေါ့။

“မိုးရွာရင်နော်ဗျာ

ပျိုးတွေကိုလဲ ကျဲကြပြန်သေးတာ”

အဲဒီသီချင်းထဲကလို

ရွှေမိုးညို စိုစေချင်ပြီ။

နေ၀င်ရိုးရီ

ဝင်ရိုးသံ တအီအီနဲ့

ရွာဆီပြန်လာတဲ့ လှည်းသံ

ကျနော့်ရင်ကို လာမှန်တဲ့ ပန်းချီကားပေါ့။

တချိန်က

အဲဒီလို
ကျေးလက်ကို ဖွဲ့ဆိုခဲ့သူလေ။

ကျေးလက်ရေ …

ငါ့ကို ဘယ်လိုများ ဖွဲ့ဆိုလေမလဲ။

ဒဏ်ရာတွေသာ များပြီး

မြားချက်တွေ မတားဆီးနိုင်သူလို့

ဆိုချင်လဲ ဆိုပါလေတော့။

မကျည်းရိပ် ညိုညိုမှာ

ဧရာဝတီကို ချွေးသိပ်ဖို့

နှစ်မချို့သေးတဲ့ အိပ်မက်တွေနဲ့

အညာလွမ်းချင်း တစ

သီခဲ့ရပေါ့။

(နှစ်)

လေနီကြမ်းရေ …

လွမ်းမယ့်လွမ်းတော့လည်း

ခေတ်တခေတ်လုံး တမ်တမဆုံးသူ

ရာဇ၀င်ကို ထမ်းပြီး

ဝေဒနာတွေ လောင်ကျွမ်းခဲ့သူ

ယုံကြည်ချက် တွင်းနက်ကြီးထဲမှာ

ဘ၀ကို စီးဝင်ခဲ့သူ

အိပ်မက်ကို ဖွင့်ပြီး

အမာရွတ်တွေ ရွက်လွှင့်ဖို့

ထီးဟန် နန်းဟန်နဲ့

အကြီးမြန်တဲ့ မြို့ကို ပြန်ရမယ်ပေါ့။

ကမ်းကနေ ခွာခဲ့တဲ့ ခရီးတခုပါ

ဆယ်စုနှစ် တခု ကြာခဲ့

(ဒါ့ထက် ကြာချင်လဲ ကြာမယ်)

ဘ၀တကွေ့လို့ ဆိုပေမယ့်

ခဏမေ့သွားရင်တောင်မှ

ထာဝရတွေ့ခဲ့သူတွေကို အားနာရမှာ။

မှတ်မှတ်ရရ နေ့တွေမှာ ဆို

ရင်ခုန်သံ အပိုတခုနဲ့

ဘ၀ကို ထုဆစ်နေဖြစ်မှာ။

တခါက ဆိုတဲ့ ပင်လယ်မှာ

စိတ်ကူးလေးတွေ ဆယ်ဖြစ်တိုင်း

မျက်ရည်ဝိုင်းလာတတ်သူကို

သူတို့ သိမှာ မဟုတ်ဘူး။

ရေရိုင်း မြေရိုင်းရဲ့

ပန်းရိုင်း အပွင့် ပွင့် ရေ …

အပြန်ခက်သူရဲ့

အဆန်တက်မယ့် ခရီးမှာ

ကျန်ရစ်ခဲ့သူလို့ နားလည်ပစ်ရတာလဲ ဝေဒနာ။

ခေတ်တခေတ်ရဲ့

အစွန့်ပစ်ခံတွေ မဟုတ်ကြဘူး။

ရာစုသစ်ရဲ့ ဗိသုကာတွေ

ကာလကို ဘ၀နဲ့ ဆေးသားတင်ကြရင်း

ဆိတ်ဖလူးလွင်ပြင်မှာ …

ယုံကြည်နေတုန်းပဲ

လတ်လတ်ဆတ်ဆတ်

သက်ရှိဒိုင်ယာရီတွေပါ

အနာဂတ် မပါဘဲ သွေးမခုန်ခဲ့ဘူး ဆိုတာ

ခင်ဗျားတို့ ကြုံဖူးမှာ မဟုတ်ဘူး။

(သုံး)

အို …

လေနီကြမ်း ရဲ့

တ၀ဲဝဲဖွဲ့

ခနောင်း၊ ကြလဲတွေနဲ့

ခပ်ယဲ့ယဲ့ ဖြတ်သန်းခြင်း

နေ့နေ့ ညည မှာ

“ဘယ်တော့များမှ” တွေ တဖွဲဖွဲကြွေခဲ့ပေါ့။

ငွေနှင်းဝေတဲ့ တမနက်ခင်းမှာ

မိတ်ဆွေတယောက်က နောက်တယ်

သိက္ခာထပ်ကြသူတွေနဲ့

ဝါဆိုခဲ့ဖူးသူတို့အတွက်

ကောင်းကင်ရဲ့ ဈာပနဟာ

တယ်ပြီး စည်ကားလှပါလား တဲ့။

ပေါ့ပေါ့ပါးပါးပဲ ပြောရရင်

အင်းစိန်တောရနဲ့ မင်းကြီးညိုမွေးတဲ့ အရပ်မှာ

ကျနော်က ၀ါဆိုခဲ့ဖူးသူပါ။

အက်ဒ၀ပ်မန့်ခ်ျ ရဲ့

“အော်သံ” ထက် ပြင်းထန်တဲ့ လှိုင်းတွေ

နံရံမှာ အကြိမ်ကြိမ် ရိုက်ခတ်နေတာ

ကျနော် ကြားခဲ့ဖူးတယ်။

အဲဒီလိုကျိန်စာတွေနဲ့

ကျနော် ဖျားနာခဲ့ဖူးတယ်။

နာမကျန်းတဲ့ နှင်းဆီတို့ရေ

တောင်ပံအစုံစုံရဲ့

ရွှေရောင်လွှမ်းတဲ့ အရပ်မှာ

ကျနော်ဟာ ဖြတ်သွားဖြတ်လာမျှသာ။

ဝေးဝေးကွာကွာ နီးကပ်သူများနဲ့

နီးနီးကပ်ကပ် ဝေးကွာသူတို့ကြားမှာ

အမှားပြင်ဆက်ချက် ခပ်များများနဲ့

မင်နီ ခဏခဏ တားခံရသူ။

တဘ၀လုံး ပေးသွားသူတွေနဲ့

တဘ၀စာ ရရှိသွားသူတွေရဲ့

လမ်းဆုံတခုကို

ရုပ်ရှင်လို ထိုင်ကြည့်ခဲ့သူ။

အဲဒီလို လူရဲ့

အပြန်လမ်းဟာ

တငွေ့ငွေ့ခမ်းသွားတဲ့ မှတ်တမ်းတခုလို

ငြီးငွေ့ဖွယ်ဇာတ်ဝင်ခန်း ဖြစ်ချင်ဖြစ်နေမှာပေါ့။

ရာဇ၀င်သစ်ကို ရေးလိုသူတွေရဲ့

ချောင်ကျကျစားပွဲမှာ

ကျနော့်ကို လာရှာခဲ့ရင်

မျက်နှာများတဲ့ သိုးမည်းတကောင်အဖြစ်

ကြယ်တွေကို ချစ်နေတာ တွေ့ရလိမ့်မယ်။

(လေး)

အခုဆို

လေနီကြမ်းရေ

သမုဒယတွေ ပိုးထိုးခံရတဲ့

အမေ့ရဲ့ ဒုက္ခအိုးလေး

ကိုယ်နိုင်သမျှကို ထမ်းပြီး

ကိုယ့်လမ်းကိုယ် ဆန်ရဦ်းမယ်။

ဘသာပြန်ရခက်သူ အဖြစ်

လောကကြီးရေ ကြိုနှင့်ပေတော့။

ညီအကို မသိတသိ ကောင်းကင်ရဲ့

ကြိုးညှိခံထားရတဲ့ ရာသီမှာ

ငါ့ကို

လက်ကျန် စာရွက်တရွက် အဖြစ်

ဆုတ်ဖြဲပစ်လိုက်ပါ။

ဈေးတွက် တွက်နေတဲ့

ယဉ်ကျေးမှုဈေးကွက်ကြီးထဲမှာ

ဖောင်ဖျက်ခဲ့သူတို့ ဦးညွတ်ပါရစေ။

ဗိုင်းငင်ဖို့ရာ

လ သာ မှ တဲ့လား။

မိုးခါးရေသောက်ပြီး

အမောက်ထောင်ကြသူတွေ

နန်းတက်လေမလား

ငြမ်းဖျက်လေမလား

ကမ်းလက်တွေရဲ့ မှာခြွေစကားကို

မနက်ဖြန်အထိ အထားခံရင်

တော်လှပြီပေါ့။

ခပ်လွမ်းလွမ်း ရှိခဲ့ရင်

လွင်ပြင်တွေ

ဆိပ်ကမ်းတွေ

ချိုင့်ဝှမ်းတွေ

(ပန်းခြံတွေ ဖြစ်ချင်လဲ ဖြစ်မယ်)

မြို့ကြီးရဲ့ မြူဆွယ်ခံလိုက်ရတဲ့ လမ်းမတွေ

အဟောင်းပုံထဲက အဖိုးတန်တဲ့ လက်ခုပ်သံတွေ

ကာဖီဆိုင်ထဲ နစ်နေတဲ့

ရွှေဖြစ် ငွေဖြစ် အသံတွေကြားမှာ

အမည်မသိတဲ့ ပီတိလေးများ

ရှိလေမလား ရယ်လို့

မြွေစွယ်ကျိုး စိတ်မျိုးနဲ့

တောတိုးကြည့်မယ်။

(ငါး)

တကယ်ဖြစ်ခဲ့တာ

လေနီကြမ်းရေ

လရောင်ရဲ့ အရိပ်

အိပ်ယာပေါ် ဖိတ်ကျ

ဒါ - ည

ည - တဲ့လား မို့

ဆိုခဲ့ရတဲ့ ဘာသာဗေဒ

ဘာနဲ့မှ သင်လို့ရမှာ မဟုတ်ဘူး။

ဝတ်မှုံကူးခဲ့သူကတော့

“လမင်းခုန်ချ

ဒီလိုည

ဘယ်လိုမေ့ရပါ့” တဲ့။

“အဲဒီညက

ငွေလဟာ

နဂါးငွေ့တန်း တုတ်တချောင်းနဲ့

ကြယ်ကျောင်း ထွက်နေရဲ့” တဲ့

နူးညံ့စွာ ဆိုခဲ့ကြ။

“ရေညှိတက် နံရံကို ခွာ

သမိုင်းစာမျက်နှာကို

လှန်ကြည့်ရင်

ရဲဘော်အသီးသီးရဲ့

သူရဲကောင်းကဗ္ဗည်းကို တွေ့ရလိမ့်မယ်”။

“သံဇကာစမှာ

ကျ ကျန်ရစ်ခဲ့တဲ့

မိခင်တို့ရဲ့ မျက်ရည်စတွေ အကြောင်း”

“မုန်တိုင်းထဲမှာ

ရဲရဲနီ ပွင့်ခဲ့တဲ့

ကျနော်ရဲ့ နှင်းဆီတပွင့်အကြောင်း”

စတဲ့ …

အကြောင်း …

အကြောင်းတွေ ထဲထဲထူထူ။

“တူ … တူ … တူ .. ဆိုတဲ့

အမှတ် ၁ အဆန်ရဲ့

ရင်ကွဲနာ ကျသံဟာ

ငွေနှင်းမှုန်တွေ

တသုန်သုန် ပေလူးနေမယ့်

သစ်ခေါက်ပွေး အရောင်နဲ့

နှင်းကျောင်းတေလေကို

သတိရမိသေးတယ်” ဆိုပြီးတော့လည်း

ဝေဒနာ ဖြစ်သမျှဟာ

ရင်ခုန်သံမှာ လှပခဲ့တာ။

သူဟာ

အစားအစာ အစား

ဂုဏ်သိက္ခာကို မျိုချသွားသူအတွက်

“မျက်ရည်နဲ့ အိပ်မက်အကြား

တံတား ထိုးပေးခဲ့သူ

… … … … … …

… … … … … … သူ

… … … … … …

… … … … … … သူ

… … … … … …

… … … … … … သူ

သင်ဟာ

ဂုဏ်သိက္ခာ ကြီးမားစွာ

ထာဝရ လွတ်မြောက်သွားပါပြီ။”

ဧရာဝတီရဲ့ ရေတစက်လေ

ဂန္ထ၀င်လက်နဲ့

အနာဂတ်ကို ပွေ့ဖက်သွားတယ်။

အဲဒီလို

အက္ခရာတွေနဲ့

ကျနော်တို့ရဲ့

စက္ကန့်တံတွေကို

အလှည့်ကျ ပျံသန်းစေခဲ့ရပေါ့။

(ခြောက်)

အို …

လေနီကြမ်းရေ

ခဲသားရောင် စိုနေတဲ့

တိမ်ညိုတွေ ယှက်ပြန်တော့

ဆောင်းခို ငှက်တွေ အပြန်မှာ

နှင်းရည်စက်တွေကို ချိန်ထားရစ်ကြပြီ။

ကြယ်မစုံတဲ့ ညနက်နက်တွေနဲ့

နေ့ရက်များစွာရဲ့ ဆည်းဆာတွေ

ကွာ - ကွာ ကျခဲ့ပေါ့။

ခမ်းသွားစ မြောက်ပြန်လေမှာ

ချစ်သူပေးသွားတဲ့ အထီးကျန်တိမ်ရိုင်းတွေ

တယုတယ ဖယ်မိချိန်မှာတော့

ပိတောက်နဲ့ ဆယ်ကြိမ် လွဲခဲ့ပြီးပြီ။

အိပ်မက်တွေကို အတွေးထဲစိမ်ပြီး

အမေ့အိမ်ကို ရောက်တဲ့အခါ

တချိန်ချိန်ဆိုတာ

မှန်ဆမရသေးခင်

ရောင်းရင်းတို့ရေ

အမြင်တွေက မြင်ကွင်းတွေထက်

လက် ပ ခဲ့တာ လွမ်းမယ်။

ဓာတုကလျာရဲ့ နန်းမြို့ဟောင်းဟာ

ကျနော့်ဘ၀ရဲ့

အဖြောင့်တန်းဆုံး လမ်းအကွေ့ဖြစ်ကြောင်း

လွမ်းမယ်။

ဝေဒနာသည်ဘ၀နဲ့

ဒဏ်ရာတွေ အပြန်အလှန်

ဆယ်မခဲ့တာတွေ လွမ်းမယ်။

လဘက်ရည်ကျကျနဲ့

ဘ၀တွေ တခုတ်တရ

ရင်ခုန်ညတွေကို

လွမ်းမယ်။

လရောင်တွေ ငတ်ရင်း

လေညှင်းတွေကို လွမ်းဖူးတာ

လွမ်းမယ်။

ပန်းတွေ တပြိုင်နက်ပွင့်ဖို့

တရားထူးရတာမျိုး

ခေါင်းလောင်းထိုးခဲ့

အရှင် …

နှုတ်မဆက်ချင်သူ အတွက်

နှုတ်ဆက် ခက်ခက်

နှုတ်မထွက်သူမို့

နှုတ်မဆက်သူကို နားလည်ရစ်တော့။

နှုတ်မဆက်သူကို နားလည်ရစ်တော့။

(၂၆ ဖေဖော်ဝါရီ ၂၀၀၁။ တောင်ငူမှာ အတူနေခဲ့ရတဲ့ မိတ်ဆွေတွေ အတွက်)

No comments:

Post a Comment