ဇေမှိုင်း
ဒီဇင်ဘာ ၂၈၊ ၂၀၀၉
‘ပုံစံ ထိုင်ထားမယ်’
ကမန်းကတမ်းထထိုင်, စောင်ကို ပုခုံးအထိခြုံ တင်ပျဉ်ခွေ ထိုင်ထား၊
စကားပြောသံအချို့နှင့် အတူ တိုင်ဝင်းတာဝန်ခံ စိန်ဘွား ဖြတ်လျှောက်သွား၊
အခန်းဖေါ် ကောင်လေးကတော့ စောင်ခြုံလျှက်ပင် ကွေးကွေးလေး ပြန်အိပ်ပျော်သွားပြီ၊၊
ရောင်နီမလာသေး အနည်းငယ်စောသေးသည်ထင့်၊၊ ကိုယ်က သံဇကာ ဆနွင်းမကင်းကွက်ကလေးများကြားက တောင်ယာစိမ်းစိမ်းလေးကို လှမ်းငေးကြည့်နေသည်၊၊
‘ဟေး ရဲဘော်လေး မောနေပြီလား? ပေး ပေါက်တူး ကိုယ်ဆက်ပေါက်မယ်’
ပြောပြောဆိုဆို ရေနံမြေအလုပ်သမားကြီးက ပေါက်တူးကိုဆွဲယူ၍ မြှောက်တင်လိုက်သည်။ ပေါက်တူး မြေအကျမှာ မြေသားညိုမဲတို့ထဲ စူးကနဲနစ်ဝင်သွားသည်။ ပေါက်တူးအကြွမှာ မြေသားတွေ အထွေးလိုက် ပါလာသည်၊၊ တချက် နှစ်ချက် … ကိုယ် အချက် သုံး လေးဆယ် ပေါက်ရသည့် မြေသားမှာ သူ့ ဆယ်ချက်လောက်တွင် ဖွာထွက်လာသည်။ ဘောင်အနားသတ်သည်။ မြေသားညှိသည်။
“ ကိုယ့်ရဲဘော်က ဇွဲတော့ရှိတယ်။ ဒါပေမဲ့ ပေါက်တူး မကိုင်တတ်သေးဘူး။ ကိုယ်ပြပေးမယ် ဒီလို …”
ဒီတောင်ယာလေးတွေ ကိုယ်ပိုင်စိုက်ခွင့်၊ ပျိုးခွင့်၊ စားသောက်ခွင့်ရရေးအတွက် ကိုယ်တို့ အစာငတ်တိုက်ပွဲ လုပ်ခဲ့ရသည်၊၊ တကယ်တော့ ရဲဘော်ကိုအောင်ကျော်မိုး ကျဆုံးခံခဲ့ရသော အစာငတ်ခံတိုက်ပွဲမှ ကိုယ်တို့အောင်ပွဲထံ စီးဆင်းလာခဲ့သည် မဟုတ်ပါလား၊၊ ရဲဘော်အော်ကျော်မိုး ကျဆုံးခဲ့ရပုံနှင့် ထောင်တွင်း တိုက်ပွဲများအကြောင်းကို နောင် ပြောပြချင်ပါသေးသည်၊၊
ဒီလိုနှင့် မြေသားနှင့် ကိုယ်တသားတည်း၊ မြေကိုချစ်သော ရဲဘော်များနှင့် တသားတည်း၊ မြေကိုချစ်၍ မိမိချွေးကို မိမိချစ်တတ်သော မိမိမြေမြတ်နိုးတတ်သော ရဲဘော်များနှင့် တသားတည်း။ တခုတော့ရှိသည် ကြောင်ကြောင်ကျားကျားအခွင့်ထူးခံများနှင့် ရန်ဖြစ်တတ်သည်။ ကိုယ်များ သူငယ်နာမစင်လေရော့သလား၊ ဖြစ်နိုင်ပါသည်၊၊
လူကဖြူ ပုပု ပိန်သေးသေး၊ စိတ်ကတော့ အလွန်ထက်သည်၊ ပြတ်သည်၊ ကျောနှင့်လည်း ရင်းနိုင်သည်၊ ဗိုက်နှင့်လည်း ရင်းနိုင်သည် ဆိုသည့် အမျိုးအစား။ လူပုံက နွဲ့သလို အသံက အတော်ကောင်းသည်။ သူ့သီချင်းသံကို စကြားရသည့်အချိန်မှ ယခုထိ အမှတ်ရနေမိသည်၊၊
ကိုစောညိန်းသီချင်း ‘ဆည်းဆာကျော့ ညနေဆီဝယ်…’
ထုထောင်းဒဏ်တွေကြောင့် ခွေနေရာမှ နားစွင့်မိသည်၊ ခပ်တိုးတိုး သီချင်းညီးသံ။ သေချာသည် ကိုစောညိန်း၏ ဝဏ္ဏာပဘာသီချင်း၊၊
‘ဟေ့ကောင် … ထစမ်း။ မင်းအမေ့အိမ်မှတ်လို့ သီချင်းဆိုနေတာလား? ဒီနေရာကို မင်းသိရဲ့လားဟင်၊ ပြောစမ်း …’
‘သိတာပေါ့ဗျာ ဒါ ရေကြည်အိုင်လေဗျာ’ တဲ့။
စကားသံအဆုံး တံခါးပွင့်သံ၊ ရိုက်နှက် တွန်းထိုးသံများ ကြားရသည်။ နောက် အားလုံး ငြိမ်သက် …
သီချင်းသံ တိုးတိုးလေး ပြန်ကြားရ ။ ‘စပယ် စပယ် စပယ်ပန်းရယ်’ … တဲ့
ခနကြာတော့ တံခါးပွင့်သံ။ လူတယောက်ကို တွန်းထိုးထည့်လိုက်သည့်အသံ။ ‘ရေတခွက်တော့ သောက်ချင်တယ်ဗျာ’ တဲ့။
ဒီအသံ သိပ်ကိုရင်းနှီးနေတဲ့အသံ။ စိတ်ထဲမှာ ထင့်ကနဲ ဖြစ်သွားသည်၊၊ အို ကွာ … ဘာပဲပဲ ဖြစ်ဖြစ်ပေါ့။ စိတ်ကို လျှော့ချ ၊၊ တဖြည်းဖြည်း ခွန်အားတချို့ ရလာသလိုလို။ သီချင်းဆိုကြည့်မိသည်။ မရ။ ရောင်နေသော နှုတ်ခမ်းကို ခပ်ဟဟ စေ့လျှက် သွားကြားမှ တိုးထွက်လာသော လေချွန်သံ … ။ ကိုယ့်ကိုကိုယ်ကျေနပ်သွားသည်။ အိုကေ …
‘ရပ်ကြီးသူမို့ ဟန်မူပိုမို … နေညိုညချမ်း …’
တဖက်ခန်းမှ ခပ်တိုးတိုး ခေါက်သံ။ မိမိလှမ်းမေးသည်။
‘အပုလေးလား’
တဖက်ခန်းမှ ဖြေသံ။ တွေ့မိကြပြီ။ ရဲဘော်တွေ မတွေ့သင့်တဲ့ နေရာမှာမှာ …
‘ဘာ ငေးနေတာလဲ … ရဲဘော်လေးရဲ့’
ငိုင်နေရာမှ မိမိ အသက်ပြန်ဝင်လာသည်။
‘မဟုတ်ပါဘူးဗျာ၊ ကျနော်တို့ စ တွေ့ခဲ့တဲ့ ရေကြည်အိုင် ညနေခင်းလေးကို ပြန်သတိရသွားတာပါ၊၊ ဦးငြိမ်း ဒီည ဝဏ္ဏာပဘာ ဖြစ်ဖြစ် စပယ်ဖြစ်ဖြစ် တပုဒ်လောက် ဆိုပါဦးဗျာ။’
‘ အေးဗျ။ ညဖက်ဆို သီချင်းကလည်း ဆိုချင်၊ ခပ်တိုးတိုး ဆိုရတော့ ကိုယ့်အသံကို ဖီလင်မဝင်၊ စိတ်ချဗျာ ဘာဖြစ်ဖြစ် ဒီညတော့ နည်းနည်း ဆိုလိုက်ဦးမယ်။ ကဲ … အောင်မင်းတို့ တောင်ယာဖက် သွားကူလိုက်ဦးမယ်’
အော် ဒီရဲဘော်ကြီးနှယ် လူလေးသေးသလောက် အလုပ်နဲ့ လက် မပြတ်။ ရေနံမြေရဲဘော် ပီသပါပေ့၊၊
နှင်းမှုံများထဲမှ တောင်ယာစိမ်းစိမ်းကလေးများကို ငေးကြည့်မိသည်၊၊ ဒီအချိန်ဆို ပြကောင်မဲမဲ လေးတွေက ပဲပင်များ၊ ဆောင်းသီးနှံများအပေါ်တွင် မဲလျှက်။ ပိုးမကင်းလျှင် မိမိတို့အချင်းချင်း စုဆောင်းလျှက် ပိုးသတ်ဆေးဖျန်းရသည်၊၊ လူအတွက် အဆိပ်အန္တရာယ်ရော၊ ရှာဖွေရေးအန္တရာယ်ရော ကြီးမားသည်။ ငွေကြေးတတ်နိုင်သူများက ဘာယာအား ပိုက်ဆံပေး၍ ဆေးဖျန်းခိုင်းရုံသာ။ မြေတချက် မပေါက်။ လဘက်ရည်အချို အသောက်မပျက်။ သွေးခွဲ မပျက်၊ လူမွေးမပျက်၊ ပင်ထွက်သီးနှံ အညွန့်အဖူးလေးများ အစားမပျက် …၊၊
ဆရာဝန်က ပြောသည်၊ အသားဓါတ်များများ စားပါတဲ့။ ကျေးဇူးရှင်ရယ် … အိမ်က အထုတ်လည်းမရှိ ခင်ဗျားတို့ကရော အသားကို ပုံစံပြည့်ပေးလို့လား။ တပါတ်တခါ ရသည့် အသား ပုံစံပြည့် ပေးဖို့ ပြောလျှင် အနူသည်ကို ခွေးလှေးလျားသီးမှုန့် ပက်သလို ဖြစ်တတ်တာကြီးကို။ ဒဲ့ကြီးပြောပြီး ဆေးရုံဆိုသော အဆောက်အဦမှ ပြန်လာခဲ့ရသည့် အကြိမ်က မရေတွက်နိုင်။ ရဲဘော်များကသာ မကူညီကြလျှင် ငရဲပဲ ရောက်မလား၊ သိကြားမင်းနှင့် သခွတ်ပင် ဇာတ်လမ်းကို ကိုးရီးယားကားလို သခွတ်ရှည်ဇာတ်လမ်းတွဲကြီးများတောင် ရိုက်နေရမလားမသိ၊၊
‘ဒေါင် ဂလုံ ဂလွမ် ဒုံးဒုံး’
သွားပြီ။ အပေါ်ထပ်က လိုင်စင်ရ ဘိန်းစားတွေ ဘာဖြစ်ကုန်ကြပြီ မသိ။ ကိုယ့်ဘဝလေးနဲ့ကိုယ် နေပျော်အောင် နေနေရတာလေးကို … ဒင်းတို့ နိုင်ငံတော် လိုင်စင်ရ ဘိန်းစားတွေက တမျိုး။ ပြူတင်းပေါက်အပြင်က ပြဒါးတိုင်က အနုတ် ၂၆။ ဒီ ဘုရားသခင်ဆိုတာကြီးက ဘာလို့များ ဒီတိုင်းပြည်မျိုး ဖန်ဆင်းပြီးတော့ ငါ့ကို လှမ်းပို့လိုက်ပါလိမ့်။
အင်း … သူလည်း ကိုပင်ဟေဂင် ညီလာခံ မတက်ဖူးလို့နေမှာပေါ့။ ချမ်းချမ်းစီးစီးထဲ ဆန္ဒပြနေကြသူတွေမှာလည်း ဒုက္ခ၊ မပိုတို့လည်း အလံတွေ ပိုစတာတွေ ကိုင်ပြီး ဆန္ဒပြနေကြမှာပဲ။ ဟို မအိုသေးတဲ့ ဘားမားကလည်း ငါတို့ စီးပွါးရေး မထိခိုက်ရင်ပြီးရော၊ မုန့်ဖိုးများများပေးမယ်၊ ဘရုတ်ဘရုတ်လုပ်ရင် အကြမ်းဖက်သမားဆိုပြီး ကိုင်ပေါက်လိမ့်မယ်။ အဲဒီလို ဆိုသလားပါပဲ၊၊
တံခါးခေါက်သံကြားလို့ ပြေးဖွင့်လိုက်တော့ ဟိုဘက်အိမ်က ဆိုရှယ်ဝဲဖဲယားကောင်းတဲ့ အမကြီး။
‘ ငါ တီးဖျော်လာတယ်။ နင်ပေါင်မုန့်နဲ့ ဆွဲပေတော့။ ငါ ကျောင်းသွားတော့မယ်’
ဆိုပြီး ခြေမျက်စိကျော်နေသော နှင်းတောထဲ ရုန်းထွက်သွားလေ၏၊၊
အော် … ငါးဆယ်ကျော် ကျောင်းသူကြီးခမျာ …
ဒီရောက်စက တွံတေးသိန်းတန် သီချင်းကို ဖျက်ဆိုမိသည်၊၊
‘ လေးဆယ်ကျော် ငါးနှစ်တွင်းမှ ပြန်သင်ရပြီး ဒီစာများရယ် …’
အခုတော့ အလုပ်ရသူတွေ နှစ်အစိတ်၊ သုံးဆယ် စာချုပ်တွေနဲ့ အိမ်ပိုင် ယာပိုင် ကားပိုင်တွေ။ အဟဲ … ကိုယ်လို အပေါင်ဆိုင်မှာ ရွေးသူမရှိ၊ ပြန်ရောင်းတော့လည်း ဝယ်သူမရှိ၊ ဖုံအလိမ်းလိမ်းနဲ့ ချောင်ထဲက အထုတ်စုတ်သဖွယ် မျက်နှာငယ် စုတ်တီးစုတ်ပဲ့ အပေါင်ဆုံးတွေက တော့ …
ဆေးရုံလေးတက်လိုက်၊ အိမ်ပြန်ငုတ်တုတ် ထိုင်မှိုင်နေလိုက်၊ အမှန်အကန် အစားထိုးခွဲစိတ်ကုသဖို့ အဆင်သင့်ဖြစ်ပြီးကာမှ စားဆေးနဲ့တင် တဖြည်းဖြည်းပြန်နေကောင်းလာ။ ဖက်တွေ အဆီတွေ မစားရ၊ အရည် ခါးခါးလေးတွေ မသောက်ရ၊ ဒါတောင်မှ မင်းက ဟတ်ထိနေပြန်ပြီဆိုပဲ။ သွေးတိုး နှလုံး အသဲ ကျောက်ကပ် တရာ့ရှစ်ပါး စုံအောင် နာမည်တပ်ပြီး ဆေးတွေ စစ် ၊သွေးတွေစစ်၊ အီးတွေစစ်၊ ဆီးတွေစစ်၊ သွေးက တခါစစ် ရင် ( ဆေး ပညာ အခေါ်အဝေါ် မသိလို့နော် ဆောရီး) ငါးပက်စာလောက် စုပ်ထုပ်။ တပတ် နှစ်ကြိမ် သုံးကြိမ်။
မေးသေးတယ် ဆရာဝန်က …
‘မင်းမိဘကို လွမ်းလား၊ မင်းညီအကို မောင်နှမ (ဒါများ Family လို့ ပြောလိုက် ရတာပဲဟာကို) လွမ်းသလား…’ တဲ့
‘ငါ လွမ်းတဲ့ တနေရာ ရှိတယ်’
‘ အိုကေ သူငယ်ချင်းတွေလား … ဘယ်မှာလဲ?’
‘ဟုတ်တယ် သူငယ်ချင်းတွေထက် ချစ်စရာကောင်းတဲ့ ရဲဘော်တွေ’
‘ဘယ်မှာလဲ?’
‘သူတို့က ထောင်ထဲမှာ၊ ဗမာပြည်က ထောင်ထဲမှာ၊ ဘယ်မှာမှ မရှိတဲ့ စွန့်လွှတ် အနုစ်နာခံမှုတွေ၊ အပြန်အလှန် ထိမ်းညှိဖေးမမှုတွေ၊ သူတို့ဆီမှာ ရှိတယ်၊ ငါ ပြန်လွတ်ချိန်မှာ ငေးရီကျန်ရစ်ခဲ့ကြတယ။် ငါ့ ရဲဘော်တွေ …’
ဆရာဝန်က ခေါင်းကို ဖြည်းဖြည်း ရမ်းသည်၊၊ ဒီဇိုင်းက ပြည်ထောင်စုကျော်နိုင်လိုလို၊ ရှမ်းပြည် ဦးစောနိုင် လိုလို။ ပြီးတော့ စာရွက်တရွက် ရေးပေးသည်၊၊
‘ မင်းစိတ်ကို ငြိမ်ငြိမ်ထား၊ အတွေးတွေ လျှော့၊ အသက်ရှူ လေ့ကျင့်ခန်းမှန်မှန်လုပ်။ ဒီစာကို ရီစက်ရှင်းမှာ သွားပေးလိုက် ’
‘ဟာဒယ်ဘရာ လစ်ကယ်တင်းလ် ’
ဆဲတာတော့ မဟုတ်ပါ။ ဂွတ်ဘိုင် … ဂွစ်လပ် … သဘော၊၊
ကောင်တာမှာ တွေ့သည့် မှုံနံသာ ချယ်ကာသထားသည့် ခြောက်ဆယ်နီးပါး မမကြီးကို ဟိုင်း တခွန်းတည်း နှုတ်ဆက်ပြီး စာရွက်ကလေး ချပေးခဲ့သည်၊၊
ဆရာဝန် အကြံပေးသည့်အတိုင်းဆိုလျှင် အစိမ်းရောင် အနီရောင် အဝါရောင် အစရှိသည့် အသီးအနှံများ၊ သဘာဝဖျော်ရည်များ၊ ကီလိုဝက် ဆိုလျှင် ကရိုနာ ၂ဝ ကျော်လောက်ရှိသည့် ဟင်းသီးဟင်းရွက်များ၊ နည်းနည်းချင်းသောက်ရန် အကြံပြုထားသော ၂ဝဝ ကျော်တန် ဝိုင်အနီများ …
မျက်ခွံများ လေးစပြုလာပြီ။ အင်း … အရင်နှစ်က ပြောသလိုပဲ ပြောလိုက်ရဦးမယ်။ ဒီနှစ် အချမ်းပိုတယ်။ ကိုပင်ဟေဂင် ကလွဲလို့ပေါ့။
‘ဒေါက် ဒေါက် ဒေါက် ဒေါက်။ ဟိုင်း စန်း … ဟဲလို’
“ပုံစံ …” ဟု ကြားလိုက်သလို ဖြစ်ပြီး လန့်နိုးသွားသည်။
‘ယား ယိုင်ကွန်မားရ်’ (ငါလာပြီ)
တံခါးချပ်ကို ဆွဲဖွင့်လိုက်သည်၊၊ မိမိထက် တဆခွဲခန့် ထွားမားသည့် အားကိုးချင်စရာ နာ့စ်မကြီး။
‘အာ ဒူး ဆို ဗဲရ် အွန်ရှီးလ်၊ (မင်းအိပ်နေတာလား?) ဆော်ရီး’
‘ ကန် ဒူး ထား မက်ဒီဇင်’
‘ အိုကေ ယိုင်အာ ခလား’
(မင်းဆေးသောက်မလား ? အိုကေ ငါ အဆင်သင့်ပဲ’)
ဘွားဒေါ်က အိမ်ထဲ ခုန်ပေါက်ဝင်သွားပြီး ရေတခွက်ငှဲ့သည်၊၊ ဟို ကဒ်ပြား ဒီကဒ်ပြားတွေထဲမှ ဆေးလုံး ဆေးပြား ဆေးထောင့် ဆေးစတုရန်း ဆေးတြိဂံတွေ လက်ထဲထည့်ပေးသည်၊၊ ဘာမှ မမေးတော့၊ မပြောတော့၊ အကုန်လုံး ရေနှင့် မျော်ချလိုက်သည်၊၊
‘အိုကေ ဒဲ့အာဘရား၊ (ဒါကောင်းတယ်)’ တဲ့။
မဘရာလို့မှ မရပဲ။ ကိုယ်ကလည်း မပဒါလည်း မဖြစ်ချင်။ ကိုဒါသ ဆိုရင်တော့ ဝေးသေး၊ အဖွါးကြီးက နံကြားကို ထောက်သည်၊ နံအောက်ကို ဖိစမ်းသည်၊ နားကြပ်ဖြင့် နားထောင်သည်၊၊
‘ အာ ဒူး ဘာရယ် ဘရား စစ်ကား’ (မင်းနေကောင်းတာ သေချာရဲ့လား)။
တခွန်းတည်းပြောလိုက်သည်။
“စစ်ကား” (သေချာတယ်) ဟု။
အမှန်ကတော့ ဗိုက်ကို စမ်းသည့် အချိန်မှာပဲ ရှစ်လုံးလေးက စစ်ကားတွေကို သတိရနေပြီ။
‘အိုကေ ဗိဆဲ အိမော ဟားဒဲရ်’
‘ တူဇင်တပ်ခ် ဟာဒယ်ရ်’
တူတွေ တံဇင်တွေက တပ်သတ်လျှင် အလုပ်ဖြစ်သည်လား မသိ။ တံခါးဂျက် ကိုသေသေချာချာ ပိတ်သည်။ ပြီးတော့ ဖြည်းလေးစွာ အိပ်ရာထဲ ဝင်လှဲလိုက်သည်၊၊ ဒီရောက်ကတည်းက တူဇင်တွေ တပ်နေလိုက်ကြတာ၊ ကြာတော့ ကိုယ်လည်း တပ်တတ် နေပြီ။ အဓိပ္ပါယ်ကတော့ ကျေးဇူး တထောင် တင်ပါတယ် တဲ့၊၊
မျက်ခွံများ အိကျ လာသည်။
“ပုံစံ”
( ဆရာစိုး၊ ကိုအောင်မင်း၊ ဦးငြိမ်းတို့နှင့် ထောင်ထဲရှိ ရဲဘော်များသို့ ဂါရဝ)
No comments:
Post a Comment