04 January 2010

Dr Lun Swe - Dr Lun Swe & His Friends in entagled web of blog


 ဘလော့ကျော့ကွင်းအတွင်း သက်ဆင်းခဲ့မိလေသော ဒေါက်တာလွဏ်းဆွေနှင့် သူ၏ မိတ်ဆွေများ
ဒေါက်တာလွဏ်းဆွေ
ဇန်န၀ါရီ ၅၊ ၂၀၁၀
          ရွှေဝါရောင်တော်လှန်ရေးအပြီးမှစ၍ ဘလော့နေ၊ ဘလော့စား၊ ဘလော့သွား၊ ဘလော့လာ၊ ဘလော့အိပ်၊ ဘ လော့စိတ်နှင့် နေထိုင်တော်မူခဲ့မိသော ကျနော်၏ နေမှုထိုင်မှုပုံစံနှင့် ပတ်သက်၍ ကျနော်နေထိုင်ရာ တိုက်ခန်း သို့ အလည်အပတ်ရောက်တော်မူလေ့ရှိကြသော အရင်းအချာ မိတ်ဆွေတချို့ထံမှ ဝေဖန်ပြောဆိုသံများကို ယခုတလော ပို၍ ပို၍ ခပ်စိပ်စိပ် ကြားလာရလေ၏။
          ထိုမိတ်ဆွေများထဲတွင် ကျနော်၏ အိမ်သို့ မကြာမကြာ ဗိုက်နာပျောက်ဆေး လာယူလေ့ရှိသည့် ခေတ်ပြိုင်သတင်းထောက် မန်းမျိုးမြင့်၏ အသံသည် အဆူညံဆုံးနှင့် အကျယ်လောင်ဆုံးဖြစ်လေ၏။ အနှီ မန်းမျိုးမြင့်သည် အိမ်ထဲသို့ မ၀င်မီ တံခါးဝ၌ ခေါင်းပြူစဉ်ကပင် ကျနော်နေသည့် အခန်းအတွင်းသို့ မျက်စိစကြာလှည့်ကာ မြင် မြင်သမျှကို စက်သေနတ်ပစ်သည့်အလား တရစပ် ဝေဖန်လေတော့၏။
          “ဟာ ... ဆရာ့အခန်းကလည်း တယ်ပြီး ရှုပ်ပွနေပါလား၊ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနေဦးမှပေါ့ ဆရာ ရယ်၊ ဆရာ ရောက်စက ဒီလိုမဟုတ်ပါဘူး။ သန့်လို့ပြန့်လို့ ကိုရီးယားမင်းသားကျနေတာပဲ အဟဲ။ မဖြစ်သေးပါ ဘူး၊ ရောက်တုန်း ဆရာ့အခန်းကို ရှင်းပေးသွားဦးမှ ဖြစ်မယ်” ဟုဆိုကာ သူ၏ တရက်လျှင် ဆယ်ကြိမ်မျှ တိုက် ချွတ်ဆေးကြောထားတော်မူသော ဝေါကနဲရှူး အဖြူဆွတ်ဆွတ်ကို ချွတ်ပြီးသကာလ အိမ်ထဲသို့ ၀င်လာလေ ၏။ ထို့နောက် အင်္ကျီလက်ကို ဆွဲတင်ဟန်ပြုကာ အိမ်ရှေ့ခန်းအတွင်း ဗြုတ်စဗျင်းတောင်းဖြစ်နေသည့် ပစ္စည်း ပစ္စယများကို ရှင်းလင်းမည့်ဟန် ပြုလေတော့၏။
          ကျနော်က အားနာသမှုနှင့် “ဟာ ... ဆရာမန်းကလည်း မလုပ်ပါနဲ့၊ ကျနော့်ဘာသာ ရှင်းပါ့မယ်။ ထားလိုက်ပါ၊ ဆရာမန်းလုပ်ကာမှ ပိုရှုပ်သွားဦးမယ်၊ နေ နေ နေ ဆရာမန်း၊ နောက်မှ ကျနော် ရှင်းလိုက်မယ်” ဟု ပြောကာ အတင်းဆွဲရလေ၏။
          ထိုသို့ အတင်းကာရော လိုက်လံဆွဲလွဲလေမှ “အဲဒါဆိုလည်း ဆရာ အားတဲ့အခါ မြန်မြန် ရှင်းလိုက်ဦး၊ ဘယ် ဒီလိုနေလို့ဖြစ်မလဲ” ဟု ရှုပ်ပွမှုဒဏ်ကို သည်းမခံနိုင်သည့် အမူအရာနှင့် ရှုတည်တည် ပြော ဆိုလေ၏။ ထို့နောက် သူ၏ မျက်လုံးအစုံက အငြိမ်မနေဘဲ အိမ်ရှေ့မျက်နှာစာရှိ တရုတ်ကတ်မှန်တွေဆီသို့ ရောက်သွားပြန်၏။ သူက မှန်တွေပေါ်တွင် မေးတင်အိပ်မောကျနေသော ဖုန်တွေကို လက်နှင့် သွားတို့ကြည့် ကာ တပျစ်တောက်တောက် ပြောဆိုပြန်လေ၏။
          “ဟာ ... ဒီမှာလည်း ကြည့်ပါဦး ဖုန်တွေချည်းပါပဲလား၊ ဘယ်လိုနေ ဘယ်လိုထိုင်နေတာလဲ ဆရာရယ်၊ ကျနော့် အိမ်မှာသာ အဲလိုဖုန်တင်နေရင် အိမ်က မိန်းမနဲ့တော့ အကွဲပဲ၊ ဒါမျိုးဘယ်ရမလဲ” ဟု ကြိမ်းဝါးပြီးသကာလ “ဒုက္ခပါပဲ၊ မဖြစ်သေးပါဘူး ဖုန်သုတ်ပေးဦးမှဖြစ်မယ်၊ ပေး ပေး အ၀တ်စုတ်ပေး ဆရာ” ဟုဆိုကာ အင်္ကျီလက် မောင်းကို ဒုတိယမ္ပိ ဆွဲတင်ပြန်လေ၏။
          ကျနော်က “ဆရာမန်းကလည်း ကျနော်က ကွဲစရာ မိန်းမမှမရှိတာပဲ။ ပြဿနာမရှိပါဘူး။ ဖုန်က သူ့ဟာသူ တင် နေတာပဲဥစ္စာ သွားမထိနဲ့ပေါ့။ ကိုယ်က သွားမကိုင်ရင် ဖုန်က ကိုယ့်ကို ပေစရာအကြောင်းမှမရှိတာ၊ ဆရာမန်း က မနေနိုင် မထိုင်နိုင် သွားကိုင်တော့ ပေမှာပေါ့။ နေ နေ နေ ကျနော့်ဘာသာ နောက်မှ သုတ်လိုက်မယ်” ဟု ဆိုကာ ဒုတိယမ္ပိ ဆွဲလားလွဲလား လုပ်ရပြန်လေ၏။
          ထို့နောက် မျက်နှာတော် မရွှင်မပျဖြစ်နေသည့် မန်းမျိုးမြင့်က ကျနော် ကမ်းလင့်လိုက်သော ဗိုက်နာပျောက် ဆေးကို မယူချင့်ယူချင်ဟန်နှင့် လှမ်းယူပြီးနောက် အိတ်ကပ်ထဲသို့ အလျင်အမြန် ထိုးထည့်ကာ “ကဲ ... ဒါဆို လည်း ကျနော်ပြန်မယ်၊ အိမ်ကို သေချာရှင်းလိုက်ဦးနော်၊ သန့်သန့်ရှင်းရှင်းနေပါ ဆရာရယ်” ဟု စိတ်ပျက် လက်ပျက်လေသံနှင့် ပြောဆိုပြီးသကာလ သူ၏ ဝေါကနဲရှူးကို ပြန်ကောက်စွပ်တော်မူလေ၏။ သို့သော် အနှီ မန်းမျိုးမြင့်ကား ချက်ချင်းပြန်တော်မမူသေးဘဲ အိမ်ရှေ့တွင်ရပ်ထားသည့် ကျနော်၏ ဆိုင်ကယ်အစုတ်ပေါ်သို့ တက်ခွကာ ပူညံပူညံ ပြောနေပြန်လေ၏။
          “ဟာ ... ဆရာ့ဆိုင်ကယ်ကလည်း ညစ်ပတ်ပေကျံနေတာပဲ။ ရေလေးဘာလေး ဆေးဦးမှပေါ့ ဆရာရယ်။ တခါ ဆေး ဘတ် (၃၀) ပဲဥစ္စာ၊ ဘာလို့ ဒီလောက်ချွေတာနေရလဲ၊ မိန်းမယူမလို့ ကြံနေလို့လား၊ မဖြစ်သေးပါဘူး အခု ပဲ သွားဆေးမှဖြစ်မယ်၊ ပေး ပေး ကျနော့်ကို သော့ပေး၊ အခုသွားဆေးလိုက်မယ်” ဟု ပြောကာ ရေဆေးဆီထိုး သည့်ဆိုင်သို့ သွားမည့်ဟန် လုပ်နေပြန်လေ၏။
          ကျနော်က “ဆရာမန်းကလည်းဗျာ၊ ဆိုင်ကယ်ဆိုတာ ရွေ့နေဖို့က အရေးကြီးတာပဲ။ ဘာဖြစ်လဲ ပေတော့၊ ဆိုင် ကယ်ပေတာ ကိုယ်ပေတာမှ မဟုတ်တာ။ အရေးမကြီးတဲ့ဟာကိုဗျာ။ ပြန်မှာသာ ပြန်စမ်းပါ၊ နောက်မှ ကျနော့် ဘာသာ သွားဆေးလိုက်ပါ့မယ်” ဟု မြန်မြန်ပြန် အေးရောဟူသည့် လေသံနှင့် ပြောဆိုလိုက်မှ “ဒါဆိုလည်း ရေ ဆေးဖြစ်အောင် ဆေးလိုက်ဦး ဆရာ၊ ကျနော် သွားတော့မယ်၊ တို့ဆရာတယောက်နဲ့လည်း ခက်ပါတယ်” ဟု ပွစိပွစိပြောဆိုလျက် သူ၏ တနေ့ ရေဆယ်ကြိမ် ဆေးထားတော်မူသည့် ပြောင်လက်တောက်ပနေသော အနက်ရောင် ဆိုင်ကယ်အသစ်ဆီသို့ လှမ်းလျှောက်သွားလေတော့၏။
          ထို့နောက် ဆိုင်ကယ်စက်နှိုးပြီး ထွက်တော့မည်ဆဲဆဲတွင် “ဟဲ ဟဲ ဟဲ ကျေးဇူးပဲဆရာ ဗိုက်နာပျောက်ဆေးပေး တာ၊ ကျနော် သွားတော့မယ် ဟဲ ဟဲ ဟဲ” ဟု လာရင်းကိစ္စ အဆင်ပြေချောမွေ့သည့်အပေါ် ကျေနပ်သည့် မျက်နှာပေးနှင့် ပြုံးဖြီးဖြီး နှုတ်ဆက်ကာ မောင်းထွက်သွားလေတော့၏။ ဤသည်ကား ကျနော်၏ အိမ်ခန်းသို့ အနှီ မန်းမျိုးမြင့်တယောက် ပေါက်ချလာလေတိုင်း ဟန်ရေးပြနေကျ အမူအရာများပင်တည်း။
          မန်းမျိုးမြင့်နည်းတူ အားမနာလျှာမကျိုး ဝေဖန်ပြစ်တင်လေ့ရှိသူ မိတ်ဆွေနောက်တဦး ရှိသေး၏။ သူသည် လည်း သတင်းထောက်တယောက်ပင် ဖြစ်လေ၏။ အနှီတယောက်မူကား မဲဆောက်တွင်နေစဉ်က ဒီဗွီဘီသ တင်းထောက်အဖြစ် အင်မတန် မျက်စိနောက်ရသော်လည်း ယခုမူ အမေရိကားတွင် ဆူချီများကို ဖိဖိစီးစီးလိပ် ကာ ခြေငြိမ်တော်မူနေသည်ဟု ၀မ်းမြောက်ဖွယ် ကြားသိရသည့် သတင်းထောက်ဟောင်း ထက်ရာဇာပင်ဖြစ် လေ၏။
          ထက်ရာဇာသည်လည်း မန်းမျိုးမြင့်နည်းတူပင်ဖြစ်၏။ အိမ်ထဲဝင်လာသည်နှင့် ဂဏှာမငြိမ်ဘဲ အိမ်နောက်ဖေး နှင့် အိမ်ရှေ့ခန်းကို ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ “ဟာ ဆရာ့အခန်းကလည်း လှောင်လိုက်တာ၊ တံ ခါးတွေ ဘာတွေ ဖွင့်ပါဦး၊ အောက်သိုးသိုးအနံ့ ရနေတယ်၊ ဟေ့ ... မိုးကျော်၊ ဆရာ့ကို ကြည့်ပြောဦး” ဟု အိမ် လည်လာခိုက် အမနာပ ဝေဖန်ပြောဆိုကာ နှာခေါင်းကို ရှုံ့တွရှုံ့တွ လုပ်နေလေ၏။ ထို့နောက် အိမ်ရှေ့မျက်နှာ စာတွင် ချထားသည့် လိုက်ကာကို သူကိုယ်တိုင် မတင်ကာ တရုတ်ကတ်မှန်တွေကို ဆွဲဖွင့်နေလေ၏။
          ကျနော်က “ဟုတ်လို့လား ထက်ရာဇာ၊ ငါဖြင့် ဘာအနံ့မှ မရပါလားကွာ၊ မင်းနှာခေါင်းကပဲ အနံ့ခံကောင်းလွန်း နေတာလား၊ ငါ့နှာခေါင်းကပဲ အနံ့ပြီးနေတာလား တခုခုဖြစ်မယ်၊ ငါတော့ နေလာတာကြာပြီ၊ ဘာအနံ့မှ မရမိ ပါဘူးကွာ” ဟု ဒဲ့ဒိုးဝေဖန်သည့် လေသံကို ဂရုမစိုက်လေဟန်ဖြင့် (စိတ်ထဲကတော့ ကျွဲမြီးလည်းတိုလျက်) ပြန် ပြောလိုက်၏။
          အသန့်အပြန့်ကြိုက်ပြီး ထက်ရာဇာ၏ ဆိုးဒဏ်မှန်သမျှကို ခံရရှာသော အာရ်အက်ဖ်အေသတင်းထောက် ကိုမိုးကျော်ကမူ ကျနော့်အား တိုက်ရိုက်ဝေဖန်ပြောဆိုသည့်အမှုကို ပြုလေ့ပြုထနည်းလေ၏။ ကိုမိုးကျော်သည် အိမ်ထောင်မကျမီ လူပျိုဘ၀က ကျနော်နှင့် အတွဲများပြီး တပတ်လျှင် (၂) ရက်ခန့် ကျနော်၏ အခန်း၌ လိုက် အိပ်တော်မူတတ်၏။ အိပ်သည့်အခါတိုင်း ကျနော်၏ ပစ်စလက်ခတ် နေထိုင်မှုအပေါ် ဝေဖန်ပြောကြားသမှု အနည်းငယ်လောက်သာပြုတတ်ပြီး အမြင်မတော်သည်များကို အပြောနှင့်မဟုတ် အလုပ်နှင့်သက်သေပြကာ သူကိုယ်တိုင် ရှင်းလင်းပေးသွားတတ်လေ၏ (မန်းမျိုးမြင့်နှင့်တော့ ကွာပါ့)။
          တညသားတွင်မူ ဝေဖန်သမှု ပြုလေ့ပြုထနည်းသည့် ကိုမိုးကျော်ထံမှ အပြင်းထန်ဆုံး ဝေဖန်သံကို ကျနော် ကြားလိုက်ရသဖြင့် လန့်ဖျပ်သွားမိ၏။ သို့သော် သူပြောဆိုသည့် ဝေဖန်သံက သူ၏ မူပိုင်စကားလုံးများမဟုတ်ဘဲ သူ၏ဘော်ဒါ ထက်ရာဇာ ကျနော်၏ ကွယ်ရာတွင် မညှာမတာ ပြောကြားထားရစ်ခဲ့သော စကားလုံးများကို တဆင့်ဖောက်သည်ချခြင်းသာဖြစ်၍ တော်ပေသေး၏။
          ထိုနေ့က အိမ်ထောင်ကျပြီးနောက် အတွေ့ရနည်းသွားသည့် ကိုမိုးကျော်တယောက် ကျနော့်အခန်းသို့ပေါက်ချလာ၏။ ကျနော်က ဘလော့လုပ်နေရင်းတန်းလန်း အတွင်းခန်းမှထွက်ကာ ကိုမိုးကျော်နှင့် ဟိုဟိုဒီဒီ ရောက်တတ်ရာရာ ထိုင်ပြောနေမိ၏။
          နှစ်ဦးသားပြောဆိုနေစဉ် ကိုမိုးကျော်၏ အကြည့်များက ချေးအထပ်ထပ် ကပ်ငြိနေသော ကျနော်၏ မွေ့ရာပေါ် သို့ ရောက်သွားလေ၏။ ကျနော်က မွေ့ရာကို စိုက်ကြည့်ပြီး စိတ်ပျက်နေပုံပေါ်သည့် ကိုမိုးကျော်၏ နှုတ်မှ တစုံတရာ မပြောဆိုမီ
          “ကျနော်လည်း ဘလော့ပဲလုပ်နေပြီး ဖြစ်သလိုအိပ် ဖြစ်သလိုစားနေတာ အိပ်ရာလည်း ကို မိုးကျော် မြင်တဲ့အတိုင်း မဲညစ်နေပြီ ဟဲ ဟဲ။ မွေ့ရာဆိုတော့ လျှော်လို့ကလည်းမဖြစ်တော့ ဘယ်လိုလုပ်ရမလဲ မသိ။ အပေါ်ကပဲ အခင်းတထပ်ခင်းပြီး အိပ်ရမလိုဖြစ်နေတယ်။ ဒါမှ လူမြင်ကောင်းမယ်ထင်တယ်။ ခုနေက တော့ ညဆို အရမ်းအိပ်ချင်တဲ့အချိန်မှ လှဲချလိုက်တော့ အိပ်ရာခင်း ခင်းရကောင်းမှန်းလည်း မသိတော့ဘူးဖြစ် နေတယ် ဟဲ ဟဲ”
          ဟု အရှက်ပြေ ကြို ကာလိုက်မိ၏။
          ထိုအခါကျမှ ကိုမိုးကျော်၏ မျက်နှာက ပြန်လည်ဝင်းပလာကာ “ဟာ ဆရာကလည်း ဒါ လွယ်တယ်လေ။ နေပူ လှန်းပြီး မွေ့ယာဆိုင်က အခင်းတထည် ၀ယ်စွပ်လိုက်ပေါ့။ ကွက်တိပဲ” ဟု အကြံပြုလေ၏။
          ကျနော်လည်း “အို ကေ ကိုမိုးကျော်၊ ဒါဆိုသွားဝယ်ပြီး လုပ်ရဦးမယ်” ဟု ခေါင်းညိတ်လိုက်မိ၏။
          ထိုအခိုက် ကိုမိုးကျော်က
          “ဆရာ့မွေ့ရာမြင်မှ ထက်ရာဇာ ပြောတာကို သွားသတိရတယ်။ ဆရာဝန်ထဲမှာတော့ တော်တော်ညစ်ပတ်တဲ့ ဆရာဝန်ပဲလို့ ဆရာ့ကို ထက်ရာဇာက မှတ်ချက်ပြုတယ် ဟဲ ဟဲ”          
          ဟု ပြောရာ ကျနော့် မှာ (ထက်ရာဇာကို စိတ်ထဲမှ ကျိန်ဆဲရင်း) ချော်လဲရောထိုင်သည့်အနေနှင့် ပြည်တွင်းမှာရှိစဉ်က ကျနော် မကြာ မကြာ အလည်အပတ်ရောက်ဖူးသော တကိုယ်တည်း နေထိုင်သည့် စာရေးဆရာကြီး ပါရဂူအိမ်က စာအုပ်ပုံ တွေ ဖုန်တက်နေပုံအကြောင်း၊ စာရေးသည့် အလုပ်ကိုသာ အဓိက အာရုံပြုနေသည့်အတွက် အိမ်သန့်ရှင်းရေး ကို မလုပ်နိုင်ပုံတွေအကြောင်း (ဆရာကြီး ပါရဂူကို အဖော်ညှိသည့်အလား) မဆီမဆိုင် လျှောက်ပြောနေမိ၏။
          တခါသားတွင်လည်း ကျနော်၏ အခန်းသို့ ဂျေအေစီဘီအေ အလုပ်သမားအဖွဲ့ဥက္ကဌ ရဲဘော်မိုးကြိုးနှင့် သူ၏ ချစ်ဇနီး မယုဇနတို့ စုံတွဲလိုက် တကြိမ်တခါမျှ လာရောက်ခဲ့လေ၏။ အိမ်ရှေ့ခန်းတွင် စကားပြောနေကြစဉ် မ ယုဇနထံမှ
          “ဆရာ့အခန်းလည်း နည်းနည်းလှောင်တယ်နော်”
          ဟူသည့် ချိုချိုသာသာ ဝေဖန်မှု (ထက်ရာဇာနှင့် တော့ ကွာပါ့) ကို ကြားလိုက်ရသကဲ့သို့ ခင်ပွန်းသည် ကိုမိုးကြိုးကလည်း စကားပြောရင်း နှာခေါင်းဝကို လက်မ၊ လက်ညှိုးနှစ်ချောင်းနှင့် ပိတ်လိုက်ဖွင့်လိုက် လုပ်နေလေသဖြင့် အခြေအနေကို ကျနော်ရိပ်စားမိသော ကျနော်က
          “ဟုတ်တယ် မယုဇနရေ၊ ကျနော်လည်း တယောက်တည်းနေတာဆိုတော့ အိမ်မှာနေချိန်နည်းပြီး တံခါး အမြဲပိတ်ထားသလို ဖြစ်နေတယ်။ လူရှိရင်လည်း အတွင်းခန်းမှာ ဘလော့လုပ်နေပြီး အပြင်တံခါးမကို အမြဲ လိုလို ပိတ်ထားတော့ လေ၀င်လေထွက် နည်းပြီး လှောင်နေတာဖြစ်မယ်”
          ဟု မလုံမလဲစိတ်ဖြင့် ရှည်ရှည်ဝေး ဝေး လျှောက်လှဲလိုက်မိလေ၏။

          ကျနော့်အခန်းကို အချိန်အခိုက်အတန့် ပုန်းခိုကျင်းလုပ်နေထိုင်သွားသော၊ ကျနော်အပြင်ထွက်ခိုက် အလုံပိတ် အခန်းထဲတွင် တယောက်တည်း ရက်အချို့နေထိုင်ခဲ့ရသော ကဗျာဆရာကိုအောင်ဝေးကတော့ ကျနော်ကဲ့သို့ အနံ့ပြီး၍ပဲလား သို့တည်းမဟုတ် အမေရိကန်မြန်မြန်ရောက်ရေး ဒို့အရေးဟု အဓိဌာန်ပြုကာ တရားရှုမှတ်ပြီး နေထိုင်သွားခဲ့၍ပဲလား မပြောတတ်၊ ကျနော့်အခန်းတွင်း အခြေအနေနှင့် ပတ်သက်၍ မန်မျိုးမြင့်၊ ထက်ရာဇာ တို့ကဲ့သို့ တစုံတရာ ဝေဖန်ပြောဆိုသမှုမပြုဘဲ စာရေးစာဖတ်ခြင်းအမှုကိုသာ ပုံမှန်ပြုလုပ်ကာ ပုန်းခိုသွားခဲ့ လေ၏။
          ကျနော်နှင့် အနှစ် (၂၀) ကြာ ဝေးကွာနေခဲ့ပြီး ဘလော့၊ အင်တာနက်တို့၏ ကောင်းမှုကြောင့် ရွှေဝါရောင်အပြီး ပြန်လည်ဆုံတွေ့ခွင့်ရခဲ့သည့် ကျနော်၏ ဗီအိုင်ပီမိတ်ဆွေကလည်း တရက်တွင် ကျနော် ဘယ်လိုနေ ဘယ်လို ထိုင်နေသလဲ သိချင်စမ်းပါဘိဟု ချက်တင်မှတဆင့် အမိန့်တော်ရှိလာသဖြင့် သန့်ရှင်းရေးမလုပ်ဖြစ်သည်မှာ ကြာပြီဖြစ်သော ကျနော်၏ အခန်းကို အလျင်အမြန် မှတ်တမ်းတင်ကာ ပေးပို့ပြသတော်မူခဲ့ရ၏။ သို့သော် ကြည့်ရှုသူကို အားနာသည့်အနေနှင့် နှာခေါင်းပိတ်၍ ကြည့်ရှုပါရန်ဟု တပါတည်း မှတ်ချက်ရေးပေးလိုက်မိ၏။ သူမကား ကျနော့်အပေါ် အော်တိုမစ်တစ် စာနာနားလည်သူဖြစ်သည့်အတွက် နှာခေါင်းမပိတ်ဘဲနှင့် သည်းခံ ကြည့်ရှုလိုက်ပါသည်ဟု ချက်တင်တွင် ပြန်ရိုက်ကာ တဟဲဟဲ ဖြစ်နေလေတော့၏။
          ကိုမိုးကျော်နည်းတူ ကျနော်၏အခန်းသို့ မကြာမကြာ လာရောက်အိပ်စက်လေ့ရှိသည့် အေဘီအက်စ်ဒီအက်ဖ် တပ်ရင်း (၈) မှ ရဲဘော် ကိုပေါက်၊ ကွယ်လွန်သူ ရဲဘော် မြင့်အောင် (ဂုရု)၊ အလုပ်ကိစ္စနှင့် ပတ်သက်ပြီး လာ ရောက်တော်မူခဲ့ဖူးသည့် SAW အဖွဲ့မှ မအေးအေးမာ၊ မရီရီဝင်းနှင့် မလင်းဒါ၊ နိုက်တင်ဂေးလ်ဂျာနယ်မှ စာမူခ ချီးမြှင့်ငွေ လာယူလေ့ရှိသည့် စာရေးဆရာ ဂါမဏိ၊ အင်တာလာဗျူးလေ့ရှိသော ဒီဗွီဘီ ရုပ်သံသတင်းထောက် ကိုဖိုးစီတို့ကတော့ အားနာတတ်သူများ ဖြစ်ကြ၍လား သို့တည်းမဟုတ် အသက်အောင့်တာ တော်လွန်းသည့် ရေငုပ်ချန်ပီယံများ ဖြစ်ကြ၍လား မပြောတတ်၊ ကျနော်၏ အခန်းထဲမှ အနံ့အသက်နှင့် ပတ်သက်၍ မည်သို့မျှ ဝေဖန်ပြောဆိုသွားကြခြင်းမရှိဘဲ အေးအေးလူလူ ပြန်သွားကြသည်ကိုတွေ့ရသဖြင့် ၀မ်းသာပီတိဖြစ်မိလေ၏။
          သို့သော် ကဗျာဆရာ မောင်လွမ်းဏီတယောက်ကား ထိုသို့မဟုတ်ပါလေ။ သူ ကျနော်၏အခန်းသို့ လာရောက် လည်ပတ်စဉ် ကျနော်၏ နေမှုထိုင်မှုပုံစံများကို တိတ်တဆိတ် ခိုးယူမှတ်သားသွားပြီး အိမ်အရောက်တွင် သူ၏ ချစ်လှစွာသော သားတော်မောင် အောင်ကျော်ဇာဏီအား ပြန်လည်ဖောက်သည်ချပုံရလေ၏။
          ကျနော့်အိမ်သို့ သူ လာလည်ပြီးနောက်ပိုင်း သူ့အိမ်သို့ ကျနော်ရောက်သွားသည့်အခါများတွင် အောင်ကျော်ဇာဏီက ကျနော့် ကို ကြည့်ကာ “ဦးဦးဒေါက်တာလွဏ်း ရေမချိုးဘူး၊ ညစ်ပတ်တယ်” ဟု ဖအေတူသားပီပီ လမ်းမယူဘဲ အော်ဟစ်နေတော့၏။
          ကျနော်လည်း “ဟေ့ကောင် အောင်ကျော်၊ ရေမချိုးလို့ သေတဲ့မသာ မရှိဘူးကွ၊ ရေချိုးမှားပြီး သေတဲ့ မသာပဲရှိတယ်၊ မင်းမှတ်ထားကွ” ဟု ရှက်ရှက်နှင့် ပြန်ပြောရလေ၏။
          အမှန်တကယ်တွင်မူကား အောင်ကျော်ဇာဏီ၏ အော်ဟစ်မှုသည် သွေးရိုးသားရိုးမဟုတ်ဘဲ ကျနော်၏ ဥပဓိ ရုပ် မွေးရာပါ ခံ့ညားနေမှုနှင့် ရေမွှေးဘူး မှောက်ကျသကဲ့သို့ မွေးကြိုင်နေတတ်သည့် ကျနော်၏ ကိုယ်သင်းနံ့ များကို မယှဉ်နိုင်သည့်အဆုံး မနာလိုတိုရှည်ဖြစ်ကာ ပရောက်စီခံ ပစ်ခတ်လိုက်သည့် (အောင်ကျော်ဇာဏီ၏ ဖခမည်းတော်) ကဗျာဆရာ မောင်လွမ်းဏီ၏ လက်ချက်ဖြစ်နိုင်သည်ဟု ယူဆမိလေ၏။
          ဆရာမောင်လွမ်းဏီ သည် ကလောင်ရေးရာနှင့် ပတ်သက်လျှင်လည်း ထိုသို့ ပရောက်စီခံကာ ပစ်ခတ်တတ်သည့် အလေ့အထရှိ သည်ဟု အကျော်ဇောဆုံးပုဂ္ဂိုလ်ဖြစ်သည့်အလျောက် ထိုသို့သော ဂုဏ်ပုဒ်ဖြင့် ကျော်ဇောသည့် သူ့အပေါ် ကျ နော်၏ စွပ်စွဲရေးသားမှုသည် “နည်းတောင်နည်းသေးဟေ့ xxx နည်းတောင်နည်းသေးတယ် xxx” ဟု သီချင်း လုပ်ဆိုရမလို ဖြစ်နေတော့၏။
          တခါကလည်း ကျနော့်အခန်းနှင့် ကပ်ရက်အခန်းတွင် နေထိုင်သည့် အာဆီယံမိသားစုမှ အစ်မကြီးတဦး အခန်းတံခါးကို လာခေါက်၏ (သူတို့မိသားစုသည် လူဦးရေများပြီး ကျနော်ဘလော့ကိုက်၍ အိပ်မောကျနေချိန် မနက်ခင်းတွင် အိပ်နေရာမှ လန့်နိုးလောက်အောင် အာပေါင်အာရင်းသန်သန်ပြောဆိုကာ စီညံနေတတ်သည့် အတွက် အာဆီယံမိသားစုဟု ကျနော်၏ စိတ်ထဲမှ တိတ်တခိုး အမည်ပေးထားခြင်းဖြစ်ပါ၏)။
          ထိုအစ်မက “ဆရာ ရေမြောင်းပိတ်နေလို့ ဆရာ့နောက်ဖေးရေမြောင်းကို ခဏ၀င်ကြည့်ပါရစေ” ဟု ပြောရာ ကျနော်က ၀င်ခွင့် ပြုလိုက်လေ၏။
          သူ နောက်ဖေးရေမြောင်း ၀င်ကြည့်နေချိန်တွင် ကျနော်လည်း လုပ်မြဲဘလော့ကို ဆက်လုပ်နေလေ၏။ တအောင့်လောက်အကြာတွင် ကျနော်၏ နောက်ဖေးခန်းမှ ပန်းကန်ဆေးသံများကို ကြားရသဖြင့် အပြေးအလွှား သွားကြည့်မိရာ သုံးလေးလခန့် မဆေးကြောဘဲပစ်ထားသည့်၊ ရေဇလုံထဲတွင် အညှိအထပ်ထပ်တက်နေသည့် (ကိုယ်တိုင်ပင် ဆေးကြောချင်စိတ်မရှိသည့်) ပန်းကန်ခွက်ယောက်များကို ထိုအစ်မကြီးက မရွံမရှာ ဆေးကြော ပေးနေသည်ကို တွေ့ရလေ၏။
          ကျနော် အလွန်အမင်း အားနာစိတ်ဖြစ်ပေါ်မိပြီး “ဟာ မလုပ်ပါနဲ့ အစ်မရယ်၊ အားနာစရာကြီး၊ ထားခဲ့ပါ ထားခဲ့ပါ မလုပ်ပါနဲ့” ဟု အတင်းအကျပ် ပြောဆိုသော်လည်း ထိုအစ်မက လက်မခံ ဘဲ “ရပါတယ်ဆရာ၊ တွေ့လို့ တခါတည်း ဆေးပေးလိုက်တာ။ ဆရာက တယောက်တည်းနေတော့ ဒီလိုပဲပေါ့။ နောက်လည်း အိမ်သန့်ရှင်းရေးတွေ ဘာတွေအတွက် အကူအညီလိုရင် ကျမတို့ကို ပြောပါဆရာ။ အားမနာပါ နဲ့” ဟု ပြောဆိုပြီးသကာလ ဆက်လက်ဆေးကြောနေလေ၏။
          ကျနော်လည်း ပြောမရသည့်အဆုံး အားနာနာနှင့်ပင် လက်ပိုက်ကြည့်နေလိုက်ရတော့၏။ ထိုအစ်မကြီး ပြန်သွားချိန်တွင် ယခင်က အာဆီယံမိသားစုနှင့် သံတမန်ဆက်ဆံရေးမရှိခဲ့ဘဲ တံခါးပိတ်ဝါဒကို ကျင့်သုံးနေထိုင်ခဲ့ သော ကျနော်၏ တသီးတခြား နေထိုင်မှုပုံစံကို ပြုပြင်ရန် ဆုံးဖြတ်လိုက်လေ၏။
          ထိုနေ့မှစ၍ အပြင်က ပြန်လာ သည့် တချို့တချို့သော နေ့များတွင် ထိုအစ်မကြီးအိမ်မှ ကလေးပုစိကွေးများအတွက် စားစရာမုန့်လေးများ ၀ယ်လာပြီး ကျနော် ပေးမိတော့၏။ ယခုတွင်မူ ကလေးငယ်များနှင့်ဆုံတိုင်း “ချရာ မုန့်ပါရား၊ ချရာ မုန့်ပါရား” ဟူသည့် အော်ဟစ်နှုတ်ဆက်သံများကို ကြားရသဖြင့် ကျနော်နှင့် အာဆီယံမိသားစုဆက်ဆံရေးသည် ယခင် ကထက် အနည်းငယ် ပိုလာသည်ဟု ပြောရမည်ဖြစ်၏။
          ပြီးခဲ့သည့် ဇန်န၀ါရီ (၁) ရက်နေ့ကလည်း ကျနော်၏ အခန်းသို့ နိုက်တင်ဂေးလ် ဒီဇိုင်းဆရာ စောလင်းကျော် ဗြုန်းစားကြီး ပေါက်ချလာလေ၏။ ကိုလင်းကျော်က အခန်းအတွင်းသို့ ၀င်ဝင်လာချင်း ရေအိမ်ဆီသို့ အသွား တွင် အာမေဋိတ်သံတခုကို ကျယ်ကျယ်လောင်လောင် ပြုလိုက်လေ၏။
          သူက ရေအိမ်ထဲမ၀င်မီ ထမင်းစားခန်း ထောင့်တွင် တွေ့လိုက်ရသည့် ပုလင်းခွံ၊ ဘူးခွံများနှင့် အမှိုက်များ၊ စားကြွင်းစားကျန်များ ထည့်ထားသည့် ကြွပ် ကြွပ်အိတ်အပုံကြီးကိုကြည့်ကာ “အား ... ပါး ... ဆရာ့အမှိုက်ပုံက အခြေအနေတယ်ဆိုးနေပါလား” ဟု အော် ဟစ်လိုက်ခြင်းဖြစ်လေ၏။
          ကျနော်လည်း “ဟုတ်တယ် ကိုလင်းကျော်ရေ့၊ ကျနော်လည်း ဒီနေ့ပဲ အခန်းသန့် ရှင်းရေးလုပ်မလို့ ဆုံးဖြတ်ထားတာ၊ ကိုလင်းကျော် သတိပေးတာနဲ့ တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ပဲ ဟဲ ဟဲ” ဟု အော်ပြောကာ အလျင်အမြန် ချော်လဲရောထိုင်လိုက်ရလေ၏။
          ရေအိမ်မှ ပြန်အထွက်လာတွင်လည်း သူက အမှိုက်ပုံကို ထပ်မံကြည့်ရှုပြီး “ဟီ ဟိ ဟုတ်တယ်၊ ရှင်းမှဖြစ်တော့မယ်” ဟု ရယ်ရယ်မောမော မှတ်ချက်ပြုကာ ကျနော်နှင့် စကားစမြည် အနည်းငယ်ပြောဆိုပြီး ပြန်လစ်သွားလေ၏။
          ကိုလင်းကျော် ပြန်သွားပြီးချိန်မှစ၍ တနေ့တခြား လူပြောများနေသည့် ကျနော်၏ အခန်းကို သန့်ရှင်းရေးလုပ် ရန် စိတ်ဒုံးဒုံးချလိုက်ပေတော့၏။ ကျနော်၏အသက် (၄၀) တင်းတင်းပြည့်မြောက်မည်ဖြစ်သည့် ဇန်န၀ါရီလ (၄) ရက် လွတ်လပ်ရေးနေ့မတိုင်မီ နှစ်နှစ်ကျော် ပစ်စလက်ခတ်နေခဲ့သော ကျနော်၏အခန်းကို အပြီးအပြတ် ရှင်းလင်းရေးလုပ်တော့မည်ဟု သန္နိဌာန်ပြုလိုက်မိတော့၏။
          ထိုထိုသော မလုပ်စဖူး အလုပ်ထူးနေသည့် သန့် ရှင်းရေးကိစ္စရပ်များကြောင့် ယခုရက်ပိုင်းအတွင်း ဘလော့ပို့စ်များ အတက်နှေးနေခြင်းကို ဖတ်ရှုအားပေးသူ ပရိသတ်အပေါင်း ခွင့်လွှတ်ကြစေလိုကြောင်းနှင့် ကျနော်၏ နေမှုထိုင်မှုပုံစံကို အားမလိုအားမရဖြစ်ကာ စိတ် ဆင်းရဲနေကြကုန်သော မန်းမျိုးမြင့်၊ ထက်ရာဇာ အပါအ၀င် ကျနော်၏ မိတ်ဆွေအပေါင်းအသင်း ရောင်းရင်း များအားလည်း ကျနော်၏ မူလဘူတ နေထိုင်မှုဘ၀ဖြစ်သည့် မောင်သန့်ရှင်းအဖြစ်သို့ ပြန်လည်ရောက်ရှိကာ ဘ၀ကို သန့်သန့်ပြန့်ပြန့် စတင်ဖြတ်သန်းနေပြီဖြစ်ပါကြောင်း ကြေညာမောင်းခတ်လိုက်ရပါသတည်း။
(၄၀-ပြည့်မွေးနေ့သို့ အမှတ်တရ ရေးဖွဲ့ပါသည်)


No comments:

Post a Comment