24 July 2010

view in Moe-Yin-Gyi Wet Land

မရဏ ကျောပိုးဖြင့် အသက်မွေးသူများ
ဝင်းမြတ်၊ ရန်ကုန်
ဇူလိုင် ၂၅၊ ၂၀၁၀

မိုးယင်းကြီးအင်းတွင် လျှပ်စစ် ရှော့ခ်တိုက်ပြီး ငါးဖမ်းနေသည့် တံငါသည်

သားကြီး (၂၄ နှစ်)က လျှပ်စစ်ခလုပ်ကို ဖွင့်လိုက်ပြီး ၀ါးတုတ်တံနှစ်ချောင်းထိပ်မှာ တပ်ဆင်ထားတဲ့ သံချောင်းနှစ်ချောင်းကို ရေစပ်စပ်ထဲကို ထိုးချလိုက်တဲ့အခါ မကြာခင်မှာပဲ ငါးခူတစ်ကောင် ရေပေါ် ပေါ်လာတယ်။ ပေါ်လာတဲ့ ငါးခူကိုရေထဲကဆယ်ပြီး ပလိုင်းထဲ ကောက်ထည့်လိုက်တယ်။

သူ့ကျောပေါ်မှာ ပလတ်စတစ်ပုံးထဲ ထည့်ထားတဲ့ ၁၂ ဗို့ ဘက်ထရီအိုး တစ်လုံး ရှိပြီး ရင်ဘတ်မှာ ပလိုင်းကို လွယ်ထားပါတယ်။ ဘက်ထရီအိုးနဲ့ တွဲထားတဲ့ လျှပ်စစ်ဝါယာ ရှော့ခ် တိုက်တဲ့ စက်ခလုတ်ခုံက တဒီးဒီး အသံ မြည်နေပါတယ်။

`သေမင်းတမန်ကို ကျောမှာ လွယ်ထားရတာ။ အခန့်မသင့်ရင် လူပါ သေသွားနိုင်တယ်´ လို့ ၀ါယာလျှော့တိုက်နေရင်း သားကြီးက ပြောပါတယ်။

ရေထဲကိုချထားတဲ့ သံချောင်းနှစ်ချောင်းရဲ့ ပတ်ပတ်လည်မှာ လျှပ်စစ် စီးနေပြီး ၎င်းစက်ကွင်း အတွင်းကိုဝင်လာတဲ့ ရေနေသတ္တ၀ါမှန်သမျှဟာ ဓာတ်လိုက်ခံရပါတယ်။ တစ်ချို့ငါးတွေ ပက်လက်လန်ပြီး ရေပေါ် ပေါ်လာတယ်။

သားကြီး ငါးဖမ်းအသက်မွေးတဲ့ မိုးယင်းကြီး ရေတိမ်ဒေသမှာ လျှပ်စစ်ဝါယာ ရှော့ခ် တိုက် ငါးဖမ်းနည်းကို တံငါအများစုက အသုံးပြုကြပါတယ်။ ရေနေသတ္တ၀ါတွေနဲ့ ရေတိမ်ဒေသရဲ့ ဂေဟဗေဒစနစ်ကို ပျက်စီးစေနိုင်တာကြောင့် တားမြစ်ထားတဲ့ ငါးဖမ်းနည်း ဖြစ်ပေမယ့် ပိုက်နဲ့ ဖမ်းရတာထက် ပိုလွယ်တဲ့အတွက် အသုံးပြုလာကြတာ တဲ့။

မိုးယင်းကြီး ရေတိမ်ဒေသ

မိုးယင်းကြီးရေတိမ်ဒေသဟာ မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော် ရန်ကုန်ရဲ့ မြောက်ဘက် ၇၀ မိုင် အကွာမှာ တည်ရှိပြီး စတုရန်းဧရိယာ ၄၀ မိုင် ကျယ်ဝန်းပါတယ်။ ၁၈၇၈ ခုနှစ်မှာ ရေလှောင်တမံ အဖြစ် တည်ဆောက်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ပါတယ်။
၎င်းရေတိမ်ဒေသဟာ ဘဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖြစ်တဲ့ ငှက်ကြည့်ခရီးစဉ် အဖြစ်ထင်ရှားတဲ့ဒေသ ဖြစ်ပါတယ်။ ငှက်မျိုးစိတ်ပေါင်း ၁၂၅ ကျော်တွေ့ရှိနိုင်ပြီး မျိုးစိတ် ၇၀ ခန့်ဟာ ဆောင်းခိုငှက်တွေ ဖြစ်ပါတယ်။ ငါးမျိုးစိတ်ပေါင်း ၄၀ ကျော် ရှိတယ်လို့ သစ်တောဦးစီးဌာန၊ သဘာဝနှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာနရဲ့ လေ့လာချက်တွေက ဆိုပါတယ်။

မိုးယင်းကြီးအင်းကို အမှီပြုနေထိုင်တဲ့ ကျေးရွာပေါင်း ၁၇ ရွာ၊ လူဦးရေ ၃၀,၀၀၀ ကျော် ရှိတယ်လို့ခန့်မှန်းပါတယ်။ ၎င်းတို့ထဲက ၇၀ % ဟာ တံငါသည်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ရေတိမ်ဒေသဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ ၎င်းဒေသကို မှီခိုနေတဲ့သူတွေကို သုံးခွင့်ပေးရမယ် ဆိုတာ ပါတယ်။ ဒါပေမယ့် စီးပွားဖြစ် အသုံးပြုခွင့် ပေးတာမဟုတ်ဘဲ တစ်ပိုင်တစ်နိုင်သုံးစွဲခွင့်ပေးတာကိုဆိုလိုတယ် လို့ ၎င်းဒေသမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ သစ်တောထိန်းသိမ်းရေး ပညာရှင်တစ်ဦးက ရှင်းပြပါတယ်။

`မိုးယင်းကြီးကို ဘေးမဲ့တောအဖြစ် သတ်မှတ်ထားတာကြောင့် အင်းထဲမှာ ငါးဖမ်းခွင့်တော့ တရားဝင် ခွင့်ပြုမထားပါဘူး။ ဒါပေမယ့် မိသားစု စားဝတ်နေရေး အတွက် တစ်ပိုင်တစ်နိုင် အသုံးပြုခွင့်တော့ နားလည်မှုနဲ့ ပေးထားတယ်။ အဲဒီအထဲမှာ လျှပ်စစ်ဝါယာ ရှော့ခ့် တိုက် ငါးဖမ်းနည်းကို လုံးဝ ခွင့်မပြုပါဘူး´ လို့ ၎င်းက ပြောပါတယ်။

လျှပ်စစ်ဝါယာ ရှော့ခ် တိုက်နည်းကို ရင်တွန်းပိုက်တွေမှာလည်း သုံးကြပါတယ်။ ရင်တွန်းပိုက် ဆိုတာ လူက ရေထဲ ဆင်းပြီး ၀ါးလုံးနှစ်ချောင်းမှာ ချည်ထားတဲ့ ပိုက်ကို တွန်းရင်း ငါးဖမ်းတဲ့နည်း ဖြစ်ပါတယ်။ ပိုက်အစွန်းထိပ်နှစ်ဖက်မှာ ၀ါယာကြိုးနှစ်ချောင်း ချည်ထားပြီး ရှော့ခ် တိုက်တဲ့နည်းပါ။

အများစုကတော့ ၀ါးတုတ်တံထိပ်မှာ သံချောင်း တပ်ပြီး လမ်းလျှောက် ရှော့ခ် တိုက်နည်းကို အသုံးပြုကြတာ တွေ့ရပါတယ်။ သည်နည်းက အရင်းအနှီးနည်းပြီး အလွယ်တကူ လုပ်နိုင်တဲ့နည်း ဖြစ်တာကြောင့်ပါ။

၎င်းငါးဖမ်းနည်းဟာ လွန်ခဲ့တဲ့ ၆ နှစ်ကျော်လောက်က မိုးယင်းကြီးဒေသကို စတင် ရောက်ရှိလာခဲ့ပြီး တစ်စတစ်စနဲ့ တွင်တွင် ကျယ်ကျယ် သုံးလာကြတာ ဖြစ်တယ်လို့ တံငါသည်တွေက ပြောကြပါတယ်။

မိုးယင်းကြီးအုပ်ချုပ်ရေးဌာနမှာ ၀န်ထမ်းအင်အားနဲ့ ဘတ်ဂျက်အင်အား နည်းတာကြောင့် ၀ါယာလျှော့တိုက် ငါးဖမ်းနည်း အသုံးပြုသူ အရေအတွက် အတိအကျ သိဖို့ခက်တယ်လို့ အမည်မဖော်လိုတဲ့ သစ်တောပညာရှင်က ပြောပါတယ်။

ရေတိမ်ဒေသနှင့် အစာကွင်းဆက်
ဝါယာ ရှော့ခ် တိုက်တဲ့အခါ လျှပ်စစ်စီးကြောင်းထဲ ရှိသမျှ ငါးအပါအ၀င် အခြား ရေနေသတ္တ၀ါတွေကိုပါ ထိခိုက်ပါတယ်။ ၎င်းလျှပ်စစ်စီးကြောင်းနဲ့ ထိတွေ့မိတဲ့ ငါးမှန်သမျှရဲ့ မျိုးပွားမှုအင်္ဂါတွေ ပျက်စီးစေနိုင်တယ်လို့ ဆိုပါတယ်။

`၀ါယာလျှော့တိုက်ခံလိုက်ရတဲ့ ငါးတွေမှာ ငါးအထီးတွေတောင် အထီးစစ်စစ် မဟုတ်တော့ဘဲ “ဂျီပုန်း”တွေ ဖြစ်ကုန်တယ်´ လို့ ၎င်းပညာရှင်က ပြောပါတယ်။

ငါးအပါအ၀င် ရေပိုးရေမွှားလေးတွေကိုပါ သေစေနိုင်တာကြောင့် ၎င်းတို့ကို အစားအစာအဖြစ် မှီခိုနေတဲ့ ငါးငယ်တွေ၊ ငါးငယ်တွေကို မှီခိုနေထိုင်တဲ့ ငါးကြီးတွေ စသဖြင့် အစာကွင်းဆက်ကို အဆင့်ဆင့် ထိခိုက်စေနိုင်ပါတယ်။
ဘက်ထရီ ၊ ပလပ်စတစ်ပုံးအခွံဖြင့် လက်လုပ် ရှော့ခ်တိုက်ကိရိယာ

မိုးယင်းကြီးအင်း အုပ်ချုပ်ရေးဌာနမှ ငါးလုပ်ငန်းဦးစီးဌာနနဲ့ ပူးပေါင်းပြီး ၀ါယာ ရှော့ခ် တိုက် ငါးဖမ်းသူတွေကို အရေးယူလေ့ ရှိပါတယ်။ အထူးသဖြင့် ငါးရစ်တက်ချိန်တွေမှာ ဘယ်ငါးမျိုးကိုမှ ဖမ်းဆီးခွင့်မပေးဘဲ လိုက်လံ အရေးယူဆောင်ရွက်ပါတယ်။

အဲသည်လို အချိန်မျိုးတွေမှာ မိသားစု စားဝတ်နေရေး အခက်အခဲ ဖြစ်ကြတယ်လို့ တံငါသည် မိသားစုတွေက ဆိုပါတယ်။

`အိမ်ကလူ ငါးဖမ်းတာ အခြေအနေ မကောင်းတော့ ကျွန်မက ဆေးလိပ်လိပ်တယ်။ အိမ်စားစရိတ် မလောက်ပေမယ့် အကြွေးတွေ မများလာအောင်တော့ ထိန်းထားရတာပေါ့´ လို့ မိုးယင်းကြီးအင်းကို မှီခိုနေရတဲ့ တံငါသည်မိသားစု တစ်စုမှ အသက် ၃၇ နှစ်အရွယ် အိမ်ရှင်မတစ်ဦးက မိသားစု စားဝတ်နေရေး ဖြေရှင်းပုံကို ပြောပြတယ်။

ငါးရစ်တက်ချိန်မှာ အဖမ်းအဆီး များတာကြောင့် သူ့ခင်ပွန်း ငါးဖမ်း မထွက်နိုင်တာ ငါးရက်လောက် ရှိပြီး တစ်ဖက်တစ်လမ်းက ၀င်ငွေရှာရတာလို့ ဆိုပါတယ်။ ဆေးပေါ့လိပ်တစ်လိပ် လိပ်ခအဖြစ် ငွေတစ်ကျပ်ရရှိပြီး ကျွမ်းကျင်တဲ့ အမျိုးသမီးတစ်ဦး တစ်ရက်ကို ဆေးလိပ် ၁၂၀၀ ၀န်းကျင်ခန့် လိပ်နိုင်တယ်လို့ သိရပါတယ်။

သူတို့မိသားစုဝင်ငွေဟာ ပုံမှန်မရှိဘဲ တစ်ရက်ကို ကျပ် ၃၀၀၀ ကနေ ၅၀၀၀ ၀န်းကျင်ရရှိပြီး ငါးအမိများတဲ့နေ့တွေမှာတော့ အဲဒိထက် ၀င်ငွေပိုတယ်လို့ ဆိုပါတယ်။

ယခုချိန်ဟာ ကလေးတွေ ကျောင်းဖွင့်ချိန်ဖြစ်တာကြောင့် ကလေး ကျောင်းစရိတ် အခက်ခဲကိုဖြေရှင်းဖို့ လက်ရှိသုံးနေတဲ့ ငါးဖမ်းလှေကို ရောင်းပြီး သူ့ထက် နည်းနည်း သေးတဲ့ လှေကိုပြန်ဝယ်မယ် လို့ ဆိုပါတယ်။ ပိုတဲ့ငွေနဲ့ ကလေးကျောင်းထားဖို့ စီစဉ်ရမယ်လို့ တံငါသည် မိသားစုတစ်စုမှ အိမ်ရှင်မက ပြောပြတယ်။

ထိန်းသိမ်းရေးအတွက် အချက်သုံးချက်
မြန်မာ့ကျေးလက်ဒေသတွေမှာ အလုပ်အကိုင် ရှားပါးမှုနဲ့ ပညာ ကောင်းစွာ မသင်ကြားနိုင်မှုတွေက ဒေသဖွံ့ဖြိုး တိုးတက်ရေးကို နှောင့်နှေးစေပြီး သည်ကိစ္စကို တာဝန်ရှိ အာဏာပိုင်တွေက မဖြေရှင်းပေးနိုင်သရွေ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ခက်ခဲနေဦးမယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အန်ဂျီအို ပညာရှင်တစ်ဦးက မှတ်ချက်ပေးပါတယ်။

ပတ်ဝန်းကျင် ထိန်းသိမ်ရေး လုပ်ငန်းတွေ လုပ်တဲ့အခါ ၎င်းဒေသကို မှီခိုနေထိုင်သူတွေရဲ့ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားမှုက လွန်စွာ အရေးကြီးပါတယ်။

`ပထမအချက်က Listining။ နားထောင်ပြီးတော့မှ Understanding။ အဲဒါတွေ သဘောပေါက်ပြီဆိုမှ Participating။ ဒါပေမယ့် ကျွန်တော်တို့ ဆီမှာက လောလောဆယ် စားဖို့ အတွက်ပဲ လုပ်နေရတော့ Listining နဲ့တင် ပြီးသွားတဲ့သူတွေ အများကြီး´ လို့ ၎င်းက ရှင်းပြပါတယ်။

`စားစရာမရှိတဲ့သူက နားထောင်ဖို့လည်း အချိန်ပေးနိုင်မှာ မဟုတ်ဘူး။ သူတို့ကို အရင်ဆုံး စားစရာရှိအောင် လုပ်ပေးနိုင်မှ ကျန်တာတွေ ဆက်လုပ်လို့ရမှာ။ အသက်ရှင် ရပ်တည်ရေးအတွက် ရုန်းကန်ရတာကို တစ်ဖက်သတ် အပြစ်တင်နေလို့ မရပါဘူး´ လို့ သူက ဆက်ပြောတယ်။

အကျင့်ပျက်ချစားတဲ့ အစိုးရ ၀န်ထမ်းတွေနဲ့ အဏာပိုင်တွေနဲ့နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့လောဘကြောင့် မြန်မာနိုင်ငံရဲ့ သဘာဝ သယံဇာတတွေ တော်တော်များများဟာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ အလျင်အမြန် ပြုန်းတီးလာခဲ့ပါတယ်။

သဘာဝတောတွေ ခုတ်ထွင်ပြီး ဆီအုန်းနဲ့ရာဘာ စိုက်ပျိုးခြင်း၊ သစ်တောတွေ ထုတ်ပေးနိုင်စွမ်းထက် အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း နဲ့ ရွှေတွင်းတွေ အကြီး အကျယ် လုပ်ခွင့်ပေးတာကြောင့် မြေပြိုမှုတွေ၊ မြစ်ရေကြီးမှုတွေနဲ့ ရေညစ်ညမ်းမှုတွေ ဖြစ်လာတာကို ထောက်ပြ ပြောဆိုပါတယ်။

၎င်းလုပ်ငန်းတွေဟာ ဒေသ ပတ်ဝန်းကျင်ကို အမှီပြု နေထိုင်ကြရတဲ့အခြေခံ လူထု အပါအ၀င် နိုင်ငံတော်ကို အကျိုးစီးပွား ဖြစ်ထွန်းစေတဲ့ လုပ်ငန်းတွေ မဟုတ်ဘဲ ရေပေါ်ဆီ လူတန်းစားတစ်စုနဲ့ အာဏာပိုင်တွေရဲ့ အကျိုးစီးပွား အတွက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

`အန်ဂျီအိုတွေက ပညာပေးတာ၊ မေတ္တာရပ်ခံတာပဲ လုပ်လို့ရမယ်။ ဒေသခံတွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ သဘာဝ ပတ်ဝန်းကျင်ကို အလွန်အကျွံ စီးပွားဖြစ် သုံးနေတဲ့သူတွေကို ဥပဒေအရ စီမံနိုင်ဖို့ကျတော့ အာဏာပိုင် အဖွဲ့ အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုပါတယ်´ လို့ အဆိုပါ ပညာရှင်က ပြောပါတယ်။

မိုးယင်းကြီး ရေတိမ်ဒေသမှာ ငှက်နဲ့ ငါးအပြင် လိပ်တွေကိုပါ တွေ့ရှိနိုင်ပါတယ်။ ဒါပေမယ့် ဈေးကောင်းပေးဝယ်တဲ့သူတွေ ရှိတာကြောင့် အင်းထဲမှာ လိပ်တွေ အတော် ရှားပါးလာပြီလို့ တံငါသည်တွေက ဆိုပါတယ်။

`ဟိုးအရင်က လိပ်ဥတွေပါ ရတတ်တယ်။ ကျွန်တော် လိပ်မမြင်ရတာ နှစ်နဲ့ချီနေပြီ´ လို့ သားကြီးက ပြောပါတယ်။ ၀ါယာ ရှော့ခ် တိုက်နည်းကို သူ အသုံးပြုလာတာလည်း လေးနှစ်ကျော် ရှိပါပြီ။

ရှော့ခ် တိုက်နည်းကြောင့် ငါးမျိုးတွေ ရှားပါးလာနိုင်တယ် ဆိုတာကိုလည်း သားကြီးက သိနေသူပါ။ ကိုယ်တိုင်လည်း အကြိမ်ကြိမ် ဓာတ်လိုက်ခံဖူးပေမယ့် တစ်နှစ်အရွယ် သားကလေး တစ်ယောက် ရှိတဲ့ သူ့မိသားစု စားဝတ်နေရေးအတွက် သည်အလုပ်ကို မလုပ်ရင် ရွာမှာ တခြား ၀င်ငွေရစရာလမ်း မရှိတော့ဘူးလို့ သူက ပြောတယ်။

`ကျွန်တော်တို့ကလေးတွေ ခေတ်ကျရင် ငါးတွေရှိတာ မရှိတာထက် ဒီသေမင်းတမန်ကို ကျောပိုးပြီး ငါးတွေကို ဓာတ်လိုက်အောင် မလုပ်ရင် လောလောဆယ် ကျွန်တော်တို့ ထမင်းငတ်သွားလိမ့်မယ်´ လို့ ဘက်ထရီအိုးနဲ့ တွဲထားတဲ့ စက်ခလုပ်ခုံကို ပုတ်ပြရင်း သူက ပြောလိုက်တယ်။

No comments:

Post a Comment