ကံထွန်းသစ်
စက်တင်ဘာလ ၂၁၊ ၂၀၁၀
စက်တင်ဘာလ ၂၁၊ ၂၀၁၀
(၁)
နံနက်တွင်ထွက်မည့် ပြည် ကူးတို့သင်္ဘော၊ ဒါမှမဟုတ် လိုင်းတိုခေါ် သင်္ဘောတစင်း ရှိမရှိသေချာစေရန် စုံစမ်းပြီး ဂေါဝန် ဆိပ်ကမ်းမှ အပြန်၊ လမ်းလျှောက်၍ပြန်ခဲ့မိသည်မှာ မှားပြီဟု တွေးမိလာသည်။ မှတ်မိဖူးသော ရုပ်ရှင်ရုံလွန်လျှင် ဒေဝန်းရပ်ကို ရောက်ကိုရောက်ရမည် ခုရောက်နေတာဒေဝန်းရပ်မှ ဟုတ်ရဲ့လားမသိ၊ ဒီအရပ်ကဖြတ်ထွက်လိုက်လျှင် နီးသည်ဟုသိထားသည်၊ ခုတော့မူ ...။
မစိမ်းတဲ့ခရီးပဲဟု အဖော်မခေါ်ခဲ့မိခြင်းက ပိုလိုမှားသည်ဟု နောင်တရမိပြန်သည်။ တဦးဦးကိုခေါ်လာလျှင် ရလျက်သားနဲ့... ငါ့နှယ်...။ ရွာသို့ပြန်ရန် ကုန်းလမ်း ရေလမ်း နှစ်မျိုးရှိရာတွင် သက်သောင့်သက်သာရှိသည့် ရေလမ်းကို ရွေးခဲ့ပြီး နက်ဖြန်နံနက် ၆ နာရီမှာ ထွက်မည့်သင်္ဘောမိအောင် အစောကြီးထကာလာရမည်မို့ ယခုလိုသွားရောက်စုံစမ်းခဲ့ခြင်းပင်။ ဟုတ်တယ်လေ ... မတော်လို့ သင်္ဘောမရှိလျှင် ကုန်းလမ်းကိုပြောင်းရမည်။
သင်္ဘောဆိပ်ကို ရောက်ပြီးမှဆိုမလွယ် ဝန်စည်စလယ်တွေနှင့် ကားဝင်းကိုပြန်လှည့်ရမည်၊ ကူးဟယ် သန်းဟယ်နှင့် စိတ်မော လူမောဖြစ်ရမည်၊ နောက်ပြီး အခုအခေါက်မှာက စက်ပစ္စည်းများအပြင် ဇနီးသည်နှင့် သူ့ကုန်ပစ္စည်းများပါဆို ဝန်က ပိုလေးမည်။ ထို့ကြောင့် ခုလိုညနေကထဲက ဝီရိယပိုမိခြင်းလေ။ အင်း ... ဝီရိယပိုမိကာမှ ... ဟူး၊ ချွေးတို့ကို ပွတ်ပစ်လိုက်သည်။ ပြီး ... လေကို တဝရှုရှိုက်ရင်း ဝဲယာကြည့်မိပြန်သည်။ အတော်တောင် မှောင်စပျိုးနေပါပကော နက်ဖြန်သင်္ဘောရှိသည်ဆို၍ ဝမ်းသာခဲ့ရသည်။
ယခု ထိုဝမ်းသာမှုက ပျောက်လုပျောက်ခင် လိုင်းကားတွေသိမ်းသွားပေမယ့် ဆိုက်ကားဖြစ်ဖြစ် စီးခဲ့ဖို့ကောင်းတာ၊ ငါကိုက ငွေလေးသုံးလေးရာ မြော်မြင်တယ်၊ ဟင်း ... ခုတော့ ..၊ သုံးရာ ...တဲ့၊ ဒီခရီးနှင့်ဒီခရီး သုံးရာတော့ ပေးမစီးဘူး၊ သွားနေကြပဲဟာ အလွန်းဆုံး တနာရီပျော့ပျော့ပေါ့၊ အင်း ... တနာရီပျော့ပျော့တဲ့ ခု... ငါလာနေတာ တနာရီတောင်ကရဲ့လား ... မှန်း ... ။ လက်ကနာရီကို အလင်းရောင် မှိန်ပြပြတွင် မြှောက်၍ ကြည့်လိုက်မိသည်။
ဝိုးတိုးဝါးတား ...၊ ခုနှစ်နာရီလား၊ ရှစ်နာရီလား မသဲကွဲ။ ဟူး ... ရှစ်နာရီတော့ ရှိလောက်ရော့မယ်၊ ဓာတ်တိုင်တွေက မီးမလာသေးပါလား၊ မီးပျက်တယ် ထင်တယ်၊ ဒုက္ခပဲ။ ဘတ္ထီရီနဲ့လား၊ အင်ဗတ်တာနဲ့လား မသိ၊ ထွန်းညှိကြသည့် မီးရောင်တချို့သာ အိမ်များမှတဆင့် လမ်းပေါ် တခါတခါ ကျလာတတ်သော အလင်းရောင်ကို အားကိုးကာ တည်းခိုရာဆီမှန်းပြီး ပြန်နေရသည်။ သို့သော် ဦးတည်ရာဟုတ်မဟုတ်ကား မရေရာ၊ အရင်က ဒါလောက်မသွားရပါဘူး၊ ခု ဘယ်အတွက်ကြောင့် ကြာနေပါလိမ့်၊ မျက်စိလည် လမ်းမှားနေပြီထင့်။
(၂)
အို ... ပါးစပ်ပါ ရွာတွေ့ပဲ၊ တယောက်ယောက်ကို မေးရုံပေါ့။ သို့နှယ် အားပေးကာဆက်လျှောက်နေမိပေမင့် မေးရမည့်သူက တဦးတယောက်မျှ လမ်းမှာမတွေ့။ ခက်လေပြီ၊ မမှောင်ခင် လမ်းမကြီးပေါ်မှာတုန်းကတော့ ကားတွေ ဥဒဟို၊ ဆိုက်ကားတွေ အလျှိုလျှို၊ စက်ဘီးတွေ လူတွေ အများကြီး၊ ခုဟာက ရပ်ကွက်အတွင်း လမ်းမှာ ဖြစ်ပြန်၊ မီးကလည်း မလာပြန်ဆိုတော့ လူတွေ အထွက်အပြု အသွားအလာ ကျဲဟန်တူရဲ့၊ နောက်ပြီး ဒီမြို့ကြီးက ဧရာမ ဝင်းကြီးတွေနဲ့ နေကြတာတဲ့။
ပုလင်းဝင်း တဲ့၊ စတီးဝင်း၊ ထင်းဝင်း တဲ့၊ ရွာကလူတွေတောင် ထင်းဝင်း၊ ပိုက်ကျုံးဘက်မှာ အလုပ်လုပ်နေကြတာရှိတယ်။ မြတ်စွာဘုရား .. ငါ .. ငါ .. ဘယ်လို ဝင်းကြီးတခုခုထဲ မှားဝင်မိပြီ။ ကွမ်းယာဆိုင်လို တဆိုင်တဆိုင် ဝင်မေးရအောင်လည်း လမ်းမတန်းပဲ မဟုတ်လို့လားမသိ။ တဆိုင်မှ ဖွင့်တာမတွေ့။ စို့နေသောချွေးတို့ သွေ့စေရန် ရင်မှကြယ်သီးများကိုဖြုတ်ကာ ရင်ဘတ်ကို ခဏဟထားလိုက်ပြီး တွေဝေကာ ရပ်နေမိပြန်သည်။
ထိုစဉ် မီးရောင် ဝင်းခနဲဖြာသွားကာ တဒုတ်ဒုတ်နှင့် မောင်းနှင့်လာသော ဆိုင်ကယ်တစီးကို တွေ့လိုက်ရသည်။ ဝမ်းသာအားရပင် လက်တားလိုက်မိသည်။ အလင်းရောင်က စူးလှသည်မို့ လက်တဖက်နှင့် ကာရင်းတားနေမိစဉ် ချက်ချင်းဆိုသလို ဆိုင်ကယ်က အနားရောက်လာသည်။ သို့သော် အရှိန်ကမလျော့သည်မို့ လွတ်ရန် ကပျာကယာ လမ်းဘေးကပ်ရသည်။ ဆိုင်ကယ်ကတော့ ဝေါခနဲ ဖြတ်သန်းသွားလေပြီ။
တောက် ... ကံသီပေလို့၊ ဒီလူနှယ် ... ဒီလောက်လမ်းကျဉ်းလေးကို ဘယ်လိုဖြစ်တာပါလိမ့်၊ အရင်က ဒီမြို့ကြီးက လူတွေဟာ အလွန်ယဉ်ကျေးကြတာ၊ သူတထူးကို သိပ်ကူညီတတ်ကြတာ၊ လမ်းမသိရင်တောင် အိမ်တိုင်ရာရောက် လိုက်ပို့တတ်ကြတာ၊ ခု လူကဖြင့် ရပ်တောင်မပေးဘူး၊ အေးလေ.. သူလည်း အရေကြီးတဲ့ ကိုယ်ရေးကိုယ်တာတွေ ရှိလို့နေမှာပေါ့၊ တတ်နိုင်ဘူး၊ ကိုယ့်လမ်းကိုယ်ပဲ၊ ရောက်ရန်မသေချာသောလမ်းကိုပဲ ဆက်လျှောက်လိုက်သည်၊ ဆိုရိုးရှိတာပဲ၊ လမ်းဆုံးရင် ရွာတွေ့သတဲ့၊ အဲ .. လမ်းမဆုံးရင်ကော .. ဟူး။
(၃)
အရင်တုန်းက လမ်းတလျှောက်မှာ ဘုန်းကြီးကျောင်းတွေရယ် ကိုးလုံးဒကာဆိုတဲ့ ဘုရားရယ် ဦးတိုက်ရမြဲပါ၊ အိုး .. အဲဒါက သံလမ်းကနေ လမ်းမကြီးအတိုင်း သွားမှလေ၊ ခုဟာက အတွင်းလမ်းဆိုတော့ ...။ မြန်မြန်ရောက်မလားလို့ ဖြတ်လမ်းက ဝင်မိပါမှ ငါကိုက မိုက်မဲတာပါ၊ လမ်းမကျွမ်းဘဲနဲ့များ 'အရင်လို လမ်းအိုလိုက်' ဆိုတဲ့ စကားတောင်ရှိသေးတာ။
'ကိုကျော်ဝင်း ဂရုစိုက် ... အဖော်တယောက်ယောက် ခေါ်သွားပါလား' လို့ စိတ်မချစွာ လှမ်းမှာလိုက်သော ဇနီးသည်၏ အသံကိုပြန်ကြားယောင်လာသည်၊ ခု သူစိတ်မချသည့်အတိုင်း ဖြစ်နေချေပြီ။ ဒီပုံအတိုင်းဆိုတော်တော်နှင့် ရောက်နိုင်မည်ပုံမပေါ်။ နောက်ပြီး .. 'မနက်လည်း အစောကြီး ထရဦးမှနော် ..၊ ဟိုဝင်ဒီထွက်တွေ များမနေနဲ့တဲ့၊ ခုလောက်ဆို သူတော့ ငါ့ကို မျှော်နေမှာပဲ။ ဟုတ်တယ် .. မနက်လည်း အစောကြီးထပြီး ဂေါဝိန်ဆိပ်ကိုဆင်းရဦးမှာ ..၊ အရောက်နောက်ကျလို့ အိပ်ရေးမဝဖြစ်ပြီး မနိုးရင်၊ အို .. အဲဒါတော့ ပူစရာမလိုပါဘူ၊ မနက်စောစောဆို ကျောင်းတိုက်ကြီးတွေက အုန်းမောင်ခေါက်တာပဲ၊ နောက်ပြီး ... အိမ်တော်ရာ ဘုရားက နံနက်အရုဏ်ဦးဆို ရေခင်းသံ အမြဲဖွင့်တာ သိပ်ကြည်နူးဖွယ်ကောင်းတာ။ ရောက်စညကတောင် သူရောကိုယ်ပါ နှစ်ယောက်စလုံး နိုးကြသေးတာ၊ စကားစပ်မိလို့ ဦးပဉ္စင်းတွေကတောင် ဒီဘုရားက အသံချဲ့စက်က နံနက်တကြိမ်၊ ညကိုးနာရီ တကြိမ် ရေခင်း အမြဲဖွင့်တယ်လို့ မိန့်သေးတယ်။
သြော် .. ငါ့နှယ် .. လမ်းရှာတွေ့ဖို့ မပူဘူး၊ မနက်မနိုးမှာ လှမ်းပူနေတယ်၊ သောက်ကျိုးနည်းဗျာ ...၊ လူတွေကလည်း ဘာလို့များ အိမ်ထဲအောင်းနေကြပါလိမ့်၊ တယောက်တလေတောင် မတွေ့ရဘူး။ ဧကန္တတော့ ကိုးရီးယားကားရှေ့ ရောက်ကုန်ကြပြီ ထင်တယ်၊ ဟူး ... ဒုက္ခပါပဲ။
ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်သေးပါဘူး၊ တအိမ်အိမ်ဝင်ပြီး မေးမြန်ဦးမှပါ။ ဒီအိမ်က ခြံတံခါးက ပိတ်ထားတာလား၊ စေ့ထားတာလား၊ အင်း .. စွတ်ရွတ်ဝင်သွာလို့ မဖြစ်သေးပါဘူး၊ အို့ ... ဘာအရေးတုန်း၊ ယောက်ျားပဲ၊ လမ်းမတွေ့လှအဆုံး ကား ဒါမှမဟုတ် ဆိုက်ကားတစင်းစင်း ငှာပြန်ရုံပေါ့၊ ဘယ်မှာလဲ ကား၊ ဆိုက်ကားက။ အဲ ... လမ်းမကြီးပြန်ထွက်မှ ငှားလို့ရမှာ၊ လာလမ်းအတိုင်း ပြန်ထွက်ဖို့ဆို ..ဘုရား .. ဘုရား ..။
နောက်ပြီး ဈေးကလည်းနည်းမှာ မဟုတ်ဘူး၊ ညနေတောင် သုံးလေးရာ ယူသေးတာ၊ ခုလိုညဆို တစ်ထောင်၊ အမလေး .. လေး .. ရွာဆိပ်ကမ်းအရောက် သင်္ဘောခတောင် နှစ်ရာကျော်လေးရယ်၊ တစ်ထောင်ဆိုရင် ... အဲ ..ဘာတတ်နိုင်မှာလဲ၊ မတတ်သာတဲ့အဆုံးတော့ ...။ အိမ်ပြတင်းပေါက်များမှ လျှံထွက်လာသော မီးရောင်များကို အားကိုးပြု၍ ရှေ့ကိုသာ ဆက်တိုးနေမိသည်၊ ရောက်ရန် နီးပြီလား၊ မနီးသေးဘူလား မခန့်မှန်းသာ။
(၄)
မိန်းမကတော့ တမျှော်မျှော်နဲ့ နေရှာမှာပဲ၊ ရောက်ချိန်လို့မှ မပေါက်လာရင် ခမျာထွက်စောင့်နေမှာ၊ စိတ်ကလည်း ပူတတ်ပါဘိ သနဲ့၊ ဟင်း ... ငါကိုယ်တိုင်လည်း ပူနေတာပါပဲလေ၊ ငါ့ကိုက 'ဖင့်မနိုင်ဘဲ ပဲကြီးဟင်းစားသူ' ဆိုတာလို ဖြစ်နေပြီ၊ ကိုယ်မကျွမ်းဘဲ လမ်းထွင်တော့ လမ်းထွင်တာတော့မဟုတ်ပါဘူး။ ခရီးတိုပြီး အမြန်ရောက်မလားလို့ပါ၊ ကြိုးစားကြည့်မိတာ မိန်းမသိရင်တော့ 'တော်ကိုက ခြေရှည်တယ်'ဘာညာနဲ့ ဆူဦးမှာပဲ။ တတ်နိုင်ဘူး၊ အားထုတ်ကြည့်တတ်တာ ဝါသနာပဲ၊ ဟုတ်တယ်လေ ..။ လမ်းရိုးကပဲ သွားသွား လမ်းသစ်ကပဲ လျှောက်လျှောက် လိုရာကို အမြန်ဆုံးရောက်ဖို့ လိုရင်းမဟုတ်လား၊ နောက်ဆုံး မိုးလင်းရင်တော့ တည်းခိုရာပြန်ရောက်မှာပဲ။
ဒီညာဘက်အိမ်ကို ဝင်မေးရင် ကောင်မယ်၊ အား သံတခါးကြီးက ပိတ်လို့၊ ဟိုဘက်အိမ်ကတော့ ... အင်း .. ခုနေ လမ်းမီးတွေလာလိုက်ရင် သိပ်ကောင်းမှာ။ ဟော ... ကားသံ၊ ဟုတ်တယ်၊ ကားငယ်တစင်း မီးထိုးကာ လမ်းသွယ်ထဲ ဝင်လာတာ တွေ့ရသည်။ ဝမ်းသာအားရ လမ်းဘေးမှာကပ်ရင်း စောင့်နေလိုက်သည်။ သို့ပေမယ် ကားက လမ်းထဲဝင်လာသော်လည်း လမ်းထိပ်က အိမ်မှာပင် ခရီးဆုံးသွားချေပြီ။ ဒီဘက်မရောက်လာတော့ စိတ်ပျက်လက်ပျက်နှင့် ကိုယ်ခရီးကို ဆက်ခဲ့ရသည်။ ဒါပေမယ့် အမြတ်ရလိုက်သည်။ ခုနက ကားမီးရောင်တွေ ညာဘက်သို့ ချိုးကွေ့သွားသည့် လမ်းကလေးကို တွေ့လိုက်ရခြင်းပင်။
ဒီလမ်းအတိုင်း ဆက်သွားနေ၍ ထူးအံ့မထင်၊ ဒီတော့ ခုနက တွေ့လိုက်ရသော လမ်းသွယ်လေးထဲသို့ ဝင်လိုက်လျှင် ..၊ စောစောက ကားလာရာလမ်းနှင့်မျဉ်း ပြိုင်ဖြစ်နိုင်သည်၊ ဒါဆို ...။ တကယ်လို့ လမ်းမကြီးပေါ် ပြန်ရောက်သွားလျှင်လည်း စိုးရိမ်စရာ မရှိတော့၊ ပြောနေကြာတယ်၊ ဆုံးဖြတ်ချက်နှင့် တပြိုင်နက် သွက်သွက်ချိုးဝင်လိုက်သည်။
(၅)
'ဝေါင်း ...ဝေါင်း ...'
'ဝုန်း ...'
'ဝုတ် ...ဝုတ်... ဝုတ် ...'
ဘုရား ...ခေါင်းနပန်းကြီးသွားသည်၊ မြည်သံ၊ ဟိန်းသံများနှင့်အတူ တလွှားလွှား ပြေးလာနေကြသည့် ခွေးတွေ .. ခွေးတွေ။ ဘုရား ... ဘုရား ... ဒါ .. ဒါ ... လမ်း .. လမ်းမဟုတ်ဘူး ထင်တယ်။
‘ဝုတ် ... ဝုတ် ...’
‘ဝေါင်း ... ဝေါင်း ...’
ဟာ ... ဟုတ်ပါ့ ၊ ဟိုမှာ တိုက်အိမ်၊ မီးရောင်တွေ့ရတယ်။
‘ဝုတ် .. ဝေါင်း .. ဝေါင်း ...’
ဒါ ... ဒါ ခြံကျယ်ကြီးပါလား၊ ငါ .. ငါတော့လမ်းမှားပြီ။
‘ဝေါင်း ...’
‘အိမ်ရှင်တို့ ... ဟဲ့ ... ခွေး၊ ဟဲ့ ... ခွေး’
‘ဝုတ် ... ဝုတ် ...’
“အိမ်ရှင်တို့ ခွေးကြည့်ပါဦးဗျို့”
“အိမ်ရှင်တို့ ... အိမ်ရှင်တို့ ...”
ခွေးတွေက တဝုန်းဝုန်းဟောင်ကာ အတင်းဝင်ဆွဲတော့မည်မို့ အသံကုန်အော်ကာ အကူအညီတောင်းဆိုလိုက်မိသည်။ တိုက်ထဲ မီးရောင်တွင် လူရိပ်လူယောင်ကို တွေ့လိုက်ရ၍ အားတက်ကာ ...
“အိမ်ရှင်တို့ ...အိမ်ရှင်တို့ ... ခွေးကြည့်ကြပါဦးဗျို့”
ပတ်ပတ်လည် တဟဲဟဲဖြစ်နေသော ခွေးသုံးကောင်းကိုကြည့်ကာ ဘာလုပ်ရမှန်းမသိ။ ရင်က ဒိတ်ဒိတ်တိုးနေသည်။ ချွေးတို့က ပေါက်ပေါက်ကျလာသည်။ နောက်ပြန်လှည့်ပြေးလို့ကလည်း လွတ်မည်မထင်။ ဘုရား ... ဘုရား ... ဘယ်လိုလုပ်ရပါ့။
‘ဝုတ် ... ဝုတ် ... ဝေါင်း ....’
‘ဟဲ့ ... ခွေး ... ဟဲ့ ... ခွေး’
အတင်းခုန်ဆွဲပါလား၊ ကံကောင်းပေလို့နို့မဟုတ်ရင် ငါ့မျက်နှာ၊ ဘုရား ... ဘုရား ...။
“အိမ်ရှင်တို့ ... ခွေး ... ခွေး ...”
ခွေးတွေကို အလစ်မပေးရဲ၊ တဖက်ကလည်း တိုက်အိမ်ကြီးဆီ တကြော်ကြော် လှမ်းအကူအညီတောင်းနေမိသည်။ သို့သော် တိုက်ဆီကအချည်းနှီး၊ လူရိပ်လူယောင်ပင် မတွေ့တော့၊ ခုနက တွေ့လိုက်ပါတယ်၊ တမင်များ ...။
‘ဝုန်း ...’
အကြီးဆုံးခွေးကြီးက အစွယ်တဖွေးဖွေးနှင့် ရှေ့ကိုအတင်းတိုးဟပ်ရန် ကပ်လာပြန်သည်။ ဘယ်လိုလုပ်ရပါ့။ ဘယ်လို ... လုပ် ..။ အင်း .. ငါ့မှာ ဘာလက်နက်မှ မပါလာတော့ နောက်ပြီး ခွေးက သုံးကောင်။ တကောင်ကောင်က အတင်းဝင်ကိုက်လို့ လုံးလားထွေးလားဖြစ်ရင်တော့ ဟူး ...။
ရင်ဆိုင်ရန် လက်နက်ကိုစဉ်းစားရင်း ပါစပ်ဖြင့်သာ တဟဲ့ဟဲ့ အော်နေမိသည်။ တခါတခါ ချော့သည့်အနေဖြင့် လျှာဖျားနှင့် အာစောက်ထိရုံ တောက်တောက် ... ဟု အသံပြုမိသည်။ သို့သော် မထိရောက်။
‘ဝုတ် ... ဝုတ် .. ဝေါင်း ... ဝေါင်း ...’
ခွေးတွေကို မစည်းရုံးနိုင်။ နောက်ဆုံး လက်နက်အဖြစ် ဖိနပ်နှစ်ဖက်ကို ချွတ်ကိုင်လိုက်သည်။ သွေးဆာနေဟန် ခွေးတအုပ်ကို ဒီဖိနပ်လေးနဲ့တော့ ကာကွယ်ဖို့ရာမမြင် ...။
“ဟဲ့ .. ခွေး ... ကဲဟာ”
အတင်းဝင်ဆွဲလာပြန်သော တကောင်ကို ဖိနပ်တဖက်နှင့် အားကုန်ပေါက်လိုက်သည်။ ခွေးကိုကား မထိ။ ဖိနပ်ကသာ ခွေးတွေနောက် ကျသွားပြီ။ အဲဒါမှ ဒုက္ခပေါ် ဒုက္ခဆင့်ပကော။ ဖိနပ်ကို ဘယ်လိုကောက်ရပါ့။ အကူအညီရလိုရငြား တိုက်ကြီးဆီ လှမ်းကြည့်နေမိပြန်သည်၊ စောစောက မီးရောင်ပင် ကွယ်ချေပေါ့။ ဒီလူတွေတော်တော်နေနိုင်တဲ့လူတွေပဲ၊ တဖက်သား ဒုက္ခရောက်နေတာကို။ အရင်က ဒီမြို့ကြီးက လူတွေဟာ တကယ်ယဉ်ကျေးကြတာပါ၊ ခု ...ဘယ်နှယ့် ...။
‘ဝေါင်း ...’
‘အား ...’
ငါ့ရဲ့ ခြေသလုံးတော့ အသားတစ်ထွက်သွားပြီထင်တယ်။ ကျွတ် ...ကျွတ် ...နာလိုက်တာ၊ လက်ထဲက ကျန်ဖိနပ် တဖက်ကလည်း ကာကွယ်ရန် မထိရောက်ခဲ့။ ကြာရင် ဒီထက်ဆိုးလိမ့်မယ်၊ ငါ ... ငါ ... ဘယ်လိုလုပ်ရပါ့၊ ခွေးကြီးတွေက အကောင်ကြီးတွေကလည်း ထွား၊ သွားစွယ်တွေကလည်း တဖွေးဖွေးနဲ့ ခွေးခြင်္သေ့ဆိုတာတွေများလား ... ဟူး ...။
(၆)
ခွေးတွေကို မျက်ခြည်မပြတ်သေချာစူစိုက်ကြည့်ရင်း မသိမသာ နောက်ဆုတ်နေမိသည်၊ နောက်ဆုတ် ... နောက်ဆုတ်နှင့် သွားလျှင် သူတို့ ပိုင်နက်က လွတ်မည်၊ ဒါဆို ဒီခွေးတွေ ဆက်လိုက်တော့မည် မဟုတ်။ ဒါက ကိုယ့်အထင်၊ ဒါပေမယ့် ...။
‘ဝေါင်း ... ဝေါင်း ...’
အတင်းတိုး လိုက်လာပါလား၊ နောက်ထပ်ဘယ်နေရာများ အဟပ်ခံရဦးမယ် မသိဘူး၊ ကျွတ် ... ခုနက ကိုက်မိတာ နာလိုက်တာ၊ သွေးတွေ ထွက်။
‘ဝုတ် ... ဝုတ် ...’
‘ခွေးဆိုတာ ကိုယ့်ထက် မဲန်တယ်လတီ (Mentality) နိမ့်တဲ့ သတ္တဝါတွေပဲဗျာ ...၊ ဘာမှ ကြောက်စရာမလိုဘူး။ မှတ်ထားဗျာ ... ခွေးဆိုတဲ့သတ္တဝါက ကြောက်လို့ပြေးရင် လိုက်ကိုက်မှာပဲ၊ မပြေးတဲ့သူကို ဘယ်တော့မှ မကိုက်ဘူးဗျ’ ဆိုသည့် ရွာကကျောင်းဆရာ ပြောသည့် စကားတို့ကို ပြန်ကြားယောင်လာကာ ကိုယ့်အားကို ကိုယ်ပြန်တင်းလိုက်မိသည်၊ ထို့အတူ .. ။
‘ဝုန်း ... ဝေါင်း ...’
ခွေးကြီးကလည်း အတင်းဝင်ဆွဲပြန်သည်၊ သတိမပေါ့၊ တိမ်းနိုင်၍သာ တော်တော့သည်။ ဒါတောင် နောက်အဆုတ်မှာ ဖင်ထိုင်ကျတော့မလို့။ ဝင်းအကာကိုကျောကပ်မိသွားသောကြောင့်သာ၊ ဟူး ... တော်ပါသေးရဲ့၊ လဲသွားလို့တော့ အရိုးတခြား၊ အသားတခြား ...။
ဟာ ... ဟုတ်ပြီ။ ငါလက်ထောက်ထားတာ ဝင်းခြံပဲ။ နှစ်တစ်လက်မတွေကို ကာထားတာပဲ။ မှန်း ... တစ်ချောင်း၊ နှစ်ချောင်း။ ဒီကောင်တွေကတော့ အတော်ခိုင်ပါလား။ ရှေ့ဘက် စမ်းကြည့်မယ်။ သုံးချောင်း။ လေး ... ငါး ... ငါး ... ဟုတ်ပြီ။ ဒီအချောင်း နဲ့နေတယ်။ အားစိုက်ပြီး ခွာကြည့်ရမယ်။
ကိုင်း ... အီ ... ဟီ ..။
‘ဝေါင်း...ဝေါင်း ...’
‘ဖျောင်း ...’
ဟာဟုတ်ပြီ။ နှစ်တစ်လက်မပိုင်း ကျွန်းသားဖြစ်မည် ထင်သည်။ အသားက အချိန်စီးသည်။ လက်နှင့် ‘ဆ’ ကာ ခွေးရှင်းဖို့ ပြင်လိုက်သည်။ လက်နက်အားကိုးရလာတော့ ရဲစိတ်ဝင်လာတာအမှန်။ ရှေ့ကိုတလှမ်းတိုးလိုက်သည်။ ကိုယ့်ထွက်ပေါက်ကို ကိုယ်ဖောက်ရတော့မည်။ လက်ထဲက နှစ်တစ်လက်မပိုင်းကို သေချာကိုင်အဆ ...။
‘ဝုန်း ... ဝေါင်း ...’
‘ကဲကွာ ...’
‘ဖုန်း’
‘ဂိန်.. အိုင့် .. အိုင် ...’
‘ကဲကွာ ... ကဲကွာ ..’
‘ဖျောင်း .. ဖျောင်း ..’
‘အိုင့် .. အိုင့် ... အိုင့် .. အိုင့် ...’
အသံတွေ ပိုပွတ်သွားသည်။ ခုန်ဆွဲလာသော ခေါင်းဆောင်ခွေးကြီးကို အားကုန်လွှဲရိုက်ပစ်လိုက်သည်။ ချက်ကောင်းကို ထိသွားသည်။ ခွေးခုန်လာသော အဟုန်နှင့် တုတ်လွှဲချက်၏အရှိန်တို့ ဆုံရာက ခွေးကြီး၏နှာရောင်ပေါ်တွင် ကျသွားသည်မို့ တကယ်ချက်ကောင်းထိ၍ ခွေးချာချာလည်သွားသည်၊ ထိုစဉ် ‘ရှူး ... ရှူး ...’ ဟူသော ခပ်အုပ်အုပ်အသံကို ကြားလိုက်၍ ဒေါသသည် ထောင်းခနဲထသွားကာ။
‘ကွဲကွာ ... ကဲကွာ ...’
‘ဖျောင်း ... ဖျောင်း ..’
ခွေးတွေကို တရကြမ်းလိုက်ရိုက်နေမိသည်။ နာသောခွေးကိုလည်း မညှာမိ။ ခွေးတွေက အော်ရင်းဟောင်ရင်း ရုန်းရင်းဆံခတ်၊ လူမဆန်သော ခွေးရှင်နှင့် ရှူးတိုက်တိုင်းကိုက်ချင်သည့် ခွေးတွေကို ရင်ဆိုင်ရန် ဒီနည်းမှာတပါး အခြားနည်းမရှိတော့။ ထိုကြောင့် ဖြူဖြူမြင်ရာ တဖြောင်းဖြောင်းလိုက်ရိုက်ပစ်လိုက်သည်။
“ဟေ့ ... ဘယ်သူလဲခွေးတွေကို လိုက်ရိုက်နေတာ ...”
“ငါကွ”
“ဘယ်လိုလဲ၊ သူများခြံထဲလဲ ဝင်သေး၊ ရဲတိုင်လိုက်ရမလား”
“တိုင်ချင်ရာတိုင် ... ကျုပ် လမ်းမှားလာတာ၊ ခင်ဗျားခြံထဲ တမင်ဝင်တာ မဟုတ်ဘူး၊ နောက်ပြီး ခွေးကြည့်ပါအုံး အော်တာတောင် ရှူးတိုက်သေးတယ်၊ ဘယ်သူလွန်တယ်ဆိုတာ ခွေးတောင် သိမယ်”
ပြောပြောဆိုဆို ချာခနဲလှည့်ထွက်လိုက်သည်။ ဖိနပ်လေးကိုကောက်စီးရန်လည်း မမေ့ခဲ့။ တော်တော် တရားကျဖို့ ကောင်းတဲ့လူ၊ သူ့ခွေးတွေက ဝိုင်းကိုက်ချိန်တော့ ငြိမ်ပြီးကြည်နေတယ်၊။ ရှူးတောင်တိုက်လိုက်သေး ...။ သူ့ခွေးတွေလည်း ထိရော ရဲတိုင်မလေး၊ ဘာလေးနဲ့၊ ဟင်း ...။
(၇)
ဒေါသလေပူတွေကို မှုတ်ထုတ်လိုက်ပြီး လေသန့်ကို တဝရူသွင်းလိုက်သည်။ လမ်းကို ဆက်ရှာရဦးမည်၊ ခရီးက မည်မျှရှိဦးမည် မသိ။ ထိုစဉ် ... ရေခင်းသံကို ကြားလိုက်ရသည်။
ဟာ ... ဒါ ... ဒါ ... အိမ်တော်ရာဘုရားက ဖွင့်တာပဲ။ ဟုတ်တာပေါ့၊ ည ကိုးနာရီလောက်ရှိပြီဆိုတော့ ပုံမှန်ဘုရားပရဝုဏ် ပိတ်ချိန်၊ ဟန်ကျလိုက်လေ။ ဒီအသံလာရာကိုလိုက်သွားရင် ဘုရားကိုတွေ့မယ်၊ ဘုရားကိုတွေ့ရင် ငါ ... ငါ ... နေရာ ... အား ... ဟား ...။ ။
(ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊ ၂ဝဝ၅)
သရုပ်ဖော် - အောင်ထက်
သရုပ်ဖော် - အောင်ထက်
No comments:
Post a Comment